မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထိမ်းအမှတ်တံဆိပ် | |
အမှတ်တံဆိပ် | |
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အလံတော် | |
| ရဲတပ်ဖွဲ့ အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း | ၁၉၆၄ ခုနှစ် |
| ယခင်အဖွဲ့အစည်း | ပြည်သူ့ရဲတပ်ဖွဲ့ |
| အဖွဲ့အစည်းအမျိုးအစား | တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်း |
| ဌာနချုပ် | ရဲချုပ်ရုံး၊ နေပြည်တော် |
| ဝန်ထမ်းဦးရေ | ၉၃,၀၀၀ |
| ဌာနအကြီးအမှူးများ | ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး [၁]၊ ရဲချုပ် ရဲဗိုလ်ချုပ် ဝင်းဗိုလ်၊ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် မျိုးမင်းထိုက်၊ ဒုတိယရဲချုပ်(၂) |
| မိခင်အဖွဲ့အစည်း | ပြည်ထဲရေး ဝန်ကြီးဌာန |
| ဝက်ဘ်ဆိုက် | policeforce.gov.mm |
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (အင်္ဂလိပ် : Myanmar Police Force; အတိုကောက် MPF) ကို ၁၉၆၄ ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်တွင် ပြည်သူ့ရဲတပ်ဖွဲ့ အမည်ဖြင့် လွတ်လပ်သော အဖွဲ့တစ်ခုအနေဖြင့် စတင်တည်ထောင်ခဲ့သည်။ ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံပြင်ဆင်ခဲ့ပြီး မြန်မာနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့ တပ်မတော်၏ အစိတ်အပိုင်း ဖြစ်လာခဲ့သည်။ ယူနီဖောင်းမှာ ယခင်က ကာကီရောင်ဖြစ်သော်လည်း ၂၀၀၄ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့မှစ၍ နက်ပြာရောင်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။
သမိုင်းကြောင်း
ဗြိတိသျှတို့သည် ၁၈၈၇ အောက်တိုဘာလ ၂၈ တွင် ကျေးရွာအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ကျေးရွာပုလိပ်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ ၁၈၈၉ တွင် ရန်ကုန်ပုလိပ်အက်ဥပဒေကိုပြဋ္ဌာန်းပြီး ရန်ကုန်ပုလိပ်အဖွဲ့ (Rangoon City Police)ကိုခွဲထုတ်ဖွဲ့စည်းခဲ့ရာ ပုလိပ်အဖွဲ့ ၊ မြို့ပြပုလိပ်အဖွဲ့၊ ရန်ကုန်မြို့တော်ပုလိပ်အဖွဲ့တို့ ပေါ်ပေါက်လာသည်။ ၁၉၃၇ တွင် Home Rule(ကိုယ်ပိုင်အုပ်ချုပ်ရေး)ကာလတွင် ပုလိပ်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပုလိပ်မင်းကြီးတစ်ဦးမှအုပ်ချုပ်သော သာမန်ပုလိပ်နှင့် စစ်ဘက်အရာရှိကြီးတစ်ဦးမှ အုပ်ချုပ်သော စစ်ပုလိပ် ဟူ၍၂မျိုး ခွဲထုတ်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း လက်နက်ကိုင်ပုလိပ်တပ်ဖွဲ့များအား ပြည်ထောင်စုစစ်ရဲတပ်(Union Military Police - UMP) အဖြစ်ပေါင်းစည်းဖွဲ့ခဲ့သည်။ တပ်ရင်းပေါင်း ၂၁ရင်းရှိပြီး နယ်ခြားစောင့်နှင့် ပြည်တွင်းလုံခြုံရေးတပ် ဟု ဖွဲ့စည်းခဲ့သည်။ ၁၉၅၄တွင် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပိုလ်)သို့ ဝင်ရောက်ခဲ့သည်။ ၁၉၆၀ ဧပြီလ ၁၇က်နေ့တွင် ပြည်ထောင်စုစစ်ရဲကို ပြည်စောင့်ရဲ (Union Constabulary)ဟု ပြင်ဆင်ခဲ့သည်။ ၁၉၆၄ အောက်တိုဘာ ၁ တွင် ပြည်သူ့ရဲတပ်ဖွဲ့(People's Police Force) အမည်ဖြင့် အောက်ပါအတိုင်းပြန်လည်ဖွဲ့စည်းခဲ့သည်။
- ပြည်သူ့ရဲတပ်ဖွဲ့ဌာနချုပ်
- ပြည်နယ်/တိုင်း ပြည်သူ့ရဲတပ်ဖွဲ့များ
- ခရိုင်ရဲတပ်ဖွဲ့များ
- ပြည်သူ့ရဲတပ်ဖွဲ့စခန်းများနှင့် ကင်းစခန်းများ
- အထူးသတင်းထောက်လှမ်းရေးတပ်ဖွဲ့ခွဲ(သတင်းတပ်ဖွဲ့)
- မှုခင်းစုံစမ်းရေးတပ်ဖွဲ့ခွဲ(မှုခင်းတပ်ဖွဲ့)
- မီးရထား ရဲတပ်ဖွဲ့(ရထားတပ်ဖွဲ့)
- အထူးတပ်ဖွဲ့များ
- သက်သာ တို့ဖြစ်သည်။
၁၉၉၅ စက်တင်ဘာ ၁၃ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ အမိန့်အမှတ် ၁/၉၅ ကိုထုတ်ပြန်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (Myanmar Police Force) ဟု အမည်ပြောင်းလဲခဲ့ပြီး နှစ်စဉ် အောက်တိုဘာလ ၁ရက်နေ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့သည်။
ရာထူးအဆင့်များ
အောက်ပါတို့သည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရာထူးအလိုက် အဆင့်များဖြစ်သည်။ အမြင့်ဆုံးရာထူးမှာ ရဲဗိုလ်ချုပ်ကြီး (Police General)ဖြစ်သည်။
ပြန်တမ်းဝင်အရာရှိများ
ပြန်တမ်းဝင်မဟုတ်သောအရာရှိများ
အောက်တွင် ဖော်ပြထားသော ဒုရဲတပ်ကြပ်၊ ရဲတပ်ကြပ် နှင့် ရဲတပ်ကြပ်ကြီး ရာထူးတို့မှာ စစ်တပ်၏ ဒုတပ်ကြပ်၊တပ်ကြပ် နှင့် တပ်ကြပ်ကြီး တို့တွင် သုံးသော အနီရောင် ဘောင်ခတ်ထားသည့် အနက်ရောင် အရစ်များ ဖြစ်သည်။ လက်တွေ့တွင် ရဲများက အဖြူရောင်ဘောင်ခတ်ထားသည့် အပြာရောင် အရစ် များကို အသုံးပြုကြသည်။
ဖွဲ့စည်းပုံ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးက ဦးဆောင်ပြီး ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် ၁ နှင့် ၂ တို့ ထားရှိသည်။ ဦး/ရေး/ထောက် ဆိုင်ရာ လုပ်ငန်းများအား ရဲမှူးချုပ်အဆင့်များက တာဝန်ယူကြီးကြပ်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုလုံးအား ကြီးကြပ်ကွပ်ကဲထိန်းချုပ်သည်။ ဦးစီးဌာနကြီးများတွင် ရဲမှူးချုပ် တစ်ဦးစီမှ ဦးစီး၍ နိုင်ငံအတွင်းလုံခြုံရေး၊ ထောက်လှမ်းရေး၊ မှုခင်းများ၊ သင်တန်းများ၊ ဖွဲ့စည်းမှု၊ ကြီးကြပ်ကန့်သတ်ပစ္စည်း များ ထုတ်ပေးအပ်နှံခြင်း၊ စစ်ဆေးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးများကို ကြီးကြပ်ဆောင်ရွက်သည်။ ရဲရာထူးခန့်ချုပ်သည် ရဲအရာရှိများ၏ ရာထူးတိုးခြင်း၊ ပြောင်းရွှေ့နေရာချထားခြင်းများဆောင်ရွက်သည်။ ရေးဌာနတွင် ရဲမှူးချုပ်တစ်ဦးမှကွပ်ကဲပြီး အခြားအဆင့်တပ်ဖွဲ့ဝင်များ၏ ရာထူးခန့်ထားရေး၊ ပြောင်းရွှေ့နေရာချထားရေး၊ ရဲစည်းကမ်း၊ လစာစရိတ်၊ သက်သာချောင်ချိမှုနှင့် အငြိမ်းစားခံစားခွင့်များ ဆောင်ရွက်သည်။ ထောက်ဌာနတွင် ရဲမှူးချုပ် တစ်ဦးမှကွပ်ကဲပြီး ထောက်ပံ့ပို့ဆောင်ရေး၊ ပြင်ဆင်ရေး၊ ဝယ်ယူဖြည့်တင်းရေး၊ ဘဏ္ဍာရေးများဆောင်ရွက်သည်။ ဓာတုဗေဒစစ်ဆေးရေးဌာနကို ညွှန်ကြားရေးမှူးအဆင့်မှ ကြီးကြပ် ကွပ်ကဲ၍ အစွန်းအထင်း/ အဆိပ်အတောက် ဓာတ်ခွဲစစ်ဆေးပေးခြင်း၊ မူးယစ်ဆေးဝါးနှင့် အထွေထွေ ဓာတ်ခွဲစစ်ဆေးပေးခြင်းများ ဆောင်ရွက်သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲများ
၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီ နယ်ချဲ့ လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် ဗြိတိသျှကိုလိုနီ၏ ရဲလုပ်ငန်းစနစ်ကို မြန်မာနိုင်ငံတွင် စတင်ခဲ့ကြသည်။ ထိုအချိန်တွင် ရဲတပ်ဖွဲ့ကို ဗမာရဲအဖြစ် သိခဲ့ကြသည်။ ဗြိတိသျှတို့သည် ၁၈၈၇ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် ကျေးရွာအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ကျေးရွာပုလိပ်အဖွဲ့ကို စတင် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ထိုခေတ်ကာလမှစ၍ ယနေ့ခေတ်အထိ ခေတ်အဆက်ဆက် အကြီးအကဲများအဖြစ် တာဝန် ယူခဲ့ကြသူများမှာ အောက်ပါအတိုင်းဖြစ်သည်။ [၂]
| စဉ် | အမည် | ရာထူး | တာဝန် | ပြန်တမ်းဝင်အမှတ် | ကာလ | |
|---|---|---|---|---|---|---|
| မှ | ထိ | |||||
| ၁ | ဟယ်မီလ်တန် | ဒုဗိုလ်မှူးကြီး | လွတ်လပ်ရေးမရမီကာလ ဗြိတိသျှလက်အောက်ခံ မြန်မာနိုင်ငံ၏ ရဲလုပ်ငန်း၊ပုလိပ် အကြီးအကဲများ (ယနေ့ခေတ် ရဲချုပ် တာဝန်နှင့် အဆင့်တူသည်) | ၁၈၇၄ | ၁၈၇၄ | |
| ၂ | သောမတ်စ်လောင်းဒတ် | ဗိုလ်မှူးကြီး | ၂ ဇူလိုင် ၁၈၇၅ | ၈ ဒီဇင်ဘာ ၁၈၈၅ | ||
| ၃ | ဘက်ဒွတ်စတက်မင်း | ဗိုလ်ချုပ် | ၂၂ မေ ၁၈၈၇ | ၃၁ မတ် ၁၈၉၁ | ||
| ၄ | ဘော်လမွန်ချားလ်စ်ပရက်စရင်ပီလေး | ဗိုလ်မှူး | ၁ မတ် ၁၈၉၁ | ၁၇ အောက်တိုဘာ ၁၉၀၄ | ||
| ၅ | ဟင်နရီပါကင်း | ဒု ဗိုလ်မှူးကြီး | ၁၇ ဧပြီ ၁၉ဝဝ | ၁ ဖေဖော်ဝါရီ ၁၉၁၃ | ||
| ၆ | ဟားဘတ်ဒီဗွီဇောက် | ဒုဗိုလ်မှူးကြီး | ၁၀ မတ် ၁၉၁၃ | ၁၀ ဒီဇင်ဘာ ၁၉၁၃ | ||
| ၇ | အက်ဒွတ်ချီစတော လေးရှင်းတဲဝပ် | ၃၀ ဩဂုတ် ၁၉၁၉ | ၂၂ ဒီဇင်ဘာ ၁၉၂၁ | |||
| ၈ | ရိုးဒါရစ်ဝီလီယံမက်ဒေါနယ် | ဒုဗိုလ်မှူးကြီး | ၁၆ ဩဂုတ် ၁၉၂၁ | ၁၉ ဒီဇင်ဘာ ၁၉၂၈ | ||
| ၉ | စီးရီးလ်ဒီဟောင်ဖို့ဝယ်လ်ဘုန်း | ဗိုလ်မှူး | ၂၈ မတ် ၁၉၂၈ | ၁၁ ဖေဖော်ဝါရီ ၁၉၃၇ | ||
| ၁၀ | ရပ်ဖ်ကလဲရင့်ဟောရစ် | ၁၁ ဖေဖော်ဝါရီ ၁၉၃၇ | ၁၁ ဇွန် ၁၉၃၉ | |||
| ၁၁ | ရစ်ချဒ်ဂေါဒန်ဆေ့ဂါတ်ပရက်စတော့ | ၂၅ မေ ၁၉၄၂ | ၁၇ အောက်တိုဘာ ၁၉၄၅ | |||
| ၁၂ | ဂျော့ချက်တဲလ် | ၁၇ အောက်တိုဘာ ၁၉၄၅ | ၁၇ အောက်တိုဘာ ၁၉၄၆ | |||
| ၁၃ | ဦးဘမောင် | ၁၈ မတ် ၁၉၄၇ | ၂၃ ဒီဇင်ဘာ ၁၉၄၇ | |||
| ၁၄ | ဦးထွန်းလှအောင် | ၂၄ ဒီဇင်ဘာ ၁၉၄၇ | ၁၀ အောက်တိုဘာ ၁၉၄၈ | |||
| ၁၅ | ဦးဘမောင် (၁) | ရဲချုပ် | ၁၁ အောက်တိုဘာ ၁၉၄၈ | ၁၄ ဇန်နဝါရီ ၁၉၅၁ | ||
| ၁၆ | မစ္စတာ ဂျီကလစ် | ၁၅ ဇန်နဝါရီ ၁၉၅၁ | ၁၇ ဇန်နဝါရီ ၁၉၅၄ | |||
| ၁၇ | ဦးဘမောင် (၅) | ၁၈ ဇန်နဝါရီ ၁၉၅၄ | ၃၀ စက်တင်ဘာ ၁၉၅၇ | |||
| ၁၈ | ဦးဘို | ၁ အောက်တိုဘာ ၁၉၅၇ | ၁ မတ် ၁၉၆၂ | |||
| ၁၉ | သန်းစိန် | ဗိုလ်မှူးကြီး | ၁၂ မတ် ၁၉၆၂ | - | ||
| ၂၀ | အုန်းဖေ | ဗိုလ်မှူးကြီး | - | - | ||
| ၂၁ | ဦးသန်း | - | - | |||
| ၂၂ | အုန်းကြည် | ဗိုလ်မှူးကြီး | - | - | ||
| ၂၃ | ရွှေသန်း | ဗိုလ်မှူးကြီး | ၂၅ နိုဝင်ဘာ ၁၉၇၅ | ၄ ဩဂုတ် ၁၉၇၈ | ||
| ၂၄ | ဦးသိမ်းအောင် | ၅ ဩဂုတ် ၁၉၇၈ | ၁၈ ဇူလိုင် ၁၉၈၈ | |||
| ၂၅ | ဦးထင်ကျော် | ၂၆ ဩဂုတ် ၁၉၈၈ | ၂၄ စက်တင်ဘာ ၁၉၈၈ | |||
| ၂၆ | သူရဖေအောင် | ဗိုလ်မှူးကြီး | လ ၁၅၁၉ | ၁၈ မတ် ၁၉၈၉ | ၃၀ အောက်တိုဘာ ၁၉၉၀ | |
| ၂၇ | စံသိန်း | ဗိုလ်မှူးကြီး | လ ၁၅၃၀ | ၃၁ အောက်တိုဘာ ၁၉၉၀ | ၁၉ ဇန်နဝါရီ ၁၉၉၅ | |
| ၂၈ | စိုးဝင်း | ဗိုလ်မှူးကြီး | လ ၁၅၇၈ | ၂၀ ဇန်နဝါရီ ၁၉၉၅ | ၂ မေ ၂၀၀၂ | |
| ၂၉ | ခင်ရီ | ဗိုလ်မှူးချုပ် | ကြည်း ၁၃၉၀၁ | ၃ အောက်တိုဘာ ၂၀၀၂ | ၂၉ မတ် ၂၀၁၁ | |
| ၃၀ | ကျော်ကျော်ထွန်း [၃] | ဗိုလ်မှူးချုပ် | ရဲချုပ် (ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး-ပူးတွဲ တာဝန်) | ကြည်း ၁၆၇၃၈ (လ ၁၈၅၉ ) | ၃၀ မတ် ၂၀၁၁ | ၂၅ ဇူလိုင် ၂၀၁၃ |
| ၃၁ | ဇော်ဝင်း | ရဲချုပ် | ရဲချုပ် | ရဲ ၁၆၆၅ | ၂၅ ဇူလိုင် ၂၀၁၃ | ၃၀ ဧပြီ ၂၀၁၇ |
| ၃၂ | အောင်ဝင်းဦး | ရဲမှူးချုပ် | ခေတ္တ ရဲချုပ် | ရဲ ၁၈၀၃ | ၁ မေ ၂၀၁၇ | ၂၀ စက်တင်ဘာ ၂၀၁၇ |
| ၃၃ | အောင်ဝင်းဦး | ဒုတိယရဲဗိုလ်ချုပ်ကြီး | ရဲချုပ် | ရဲ ၁၈၀၃ | ၂၁ စက်တင်ဘာ ၂၀၁၇ | ၁ ဖေဖော်ဝါရီ ၂၀၂၁ |
| ၃၄ | သန်းလှိုင် [၄] | ဒုတိယဗိုလ်ချုပ်ကြီး | ရဲချုပ် (ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး-ပူးတွဲ တာဝန်) | ကြည်း ၂၀၇၀၁ | ၂ ဖေဖော်ဝါရီ ၂၀၂၁ | ၂ မေ ၂၀၂၂ |
| ၃၅ | ဇင်မင်းထက် [၅] | ဗိုလ်ချုပ် | ရဲချုပ် (ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး-ပူးတွဲ တာဝန်) | ကြည်း ၂၂၆၀၁ | ၂ မေ ၂၀၂၂ | ၂၁ ဇူလိုင် ၂၀၂၃ |
| ၃၆ | နီလင်းအောင် [၆] | ဒုတိယဗိုလ်ချုပ်ကြီး | ရဲချုပ် (ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး-ပူးတွဲ တာဝန်) | ၂၁ ဇူလိုင် ၂၀၂၃ | ၃ ဩဂုတ် ၂၀၂၄ [၇] | |
| ၃၇ | ဝင်းဇော်မိုး | ဒုတိယရဲဗိုလ်ချုပ်ကြီး [၈] | ရဲချုပ် | ကြည်း ၂၅၀၈၂(ယခင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး နှင့် ဒုတိယရဲချုပ်(၁)) ရဲ ၈၆၉၄ | ၅ ဩဂုတ် ၂၀၂၄ [၉] | လက်ရှိ |
ပြည်နယ်နှင့်တိုင်းဒေသကြီးရဲတပ်ဖွဲ့များ
တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့ ၁၅ခု ဖွဲ့စည်းထားသည်။ ၎င်းတို့အုပ်ချုပ်ပိုင်ခွင့်နယ်မြေ အပိုင်းအခြားမှာ နယ်ဘက် အုပ်ချုပ်ရေးအတိုင်းဖြစ်သည်။ တိုင်းဒေသကြီး/ ပြည်နယ်နှင့် တွဲဖက်တိုင်း ဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များမှာ အဆင့်အတန်း တူညီမှုရှိကာ ၎င်းတို့တွင် အောက်ပါအတိုင်း တပ်ဖွဲ့ရုံးများနှင့် ရဲစခန်းများပါဝင်သည်။
- တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး။
- ခရိုင်ရဲတပ်ဖွဲ့မှူးရုံး။
- မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး။
- ရဲစခန်းများ။
နယ်မြေဒေသလူဦးရေနှင့် ဖွံ့ဖြိုးမှုတို့အပေါ် မူတည်လျက် ခရိုင်ရဲတပ်ဖွဲ့ များကို နှစ်ပိုင်းခွဲခြား သတ်မှတ်ထားသည်။ က အဆင့်နှင့် ခ အဆင့် ခရိုင်ရဲတပ်ဖွဲ့များဟု သတ်မှတ်၍ ဒုတိယရဲမှူးကြီးအဆင့်ရှိ အရာရှိကြီးများမှ ကြီးကြပ်ကွပ်ကဲသည်။ မြို့နယ်ရဲတပ်ဖွဲ့မှူးများမှာ ရဲမှူးအဆင့်ဖြစ်ပြီး ရဲစခန်းမှူးများကိုမူ ဒုရဲမှူးအဆင့် သတ်မှတ်ထားရှိသည်။[၁၀]
အဖွဲ့အစည်းများနှင့် ဌာနများ
- ရဲဦးစီးဌာန
- ရဲရေးဌာန
- ရဲထောက်ဌာန
- ရဲရာထူးခန့်ဌာန
- နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး
- ရဲလေ့ကျင့်ရေးဌာနကြီး
- ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဌာန
- ဓာတုဗေဒစစ်ဆေးရေးဌာန
- လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့
- နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့
- မှုခင်းရဲတပ်ဖွဲ့
- သတင်းရဲတပ်ဖွဲ့
- လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့
- ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့
- မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့
- ရထားရဲတပ်ဖွဲ့
- ရေကြောင်းရဲတပ်ဖွဲ့
- လေကြောင်းရဲတပ်ဖွဲ့
- ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့
- စည်ပင်သာယာရေးရဲတပ်ဖွဲ့
- ယာဉ်ထိန်းရဲတပ်ဖွဲ့
- အမြန်လမ်းမကြီးရဲတပ်ဖွဲ့
- ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့
- သစ်တောလုံခြုံရေးရဲတပ်ဖွဲ့
လုံခြုံရေးရဲတပ်ဖွဲ့ခွဲများ
လုံခြုံရေးရဲတပ်ဖွဲ့ခွဲပေါင်း ၃၁ ခုရှိသည်။ ထို့အပြင်အခြားလက်အောက်ခံအဖွဲ့များမှာ -
- အထူးရဲတပ်ဖွဲ့ တို့ဖြစ်သည်။
နယ်ခြားစောင့် ရဲ တပ်ဖွဲ့များ
- အမှတ် (၁) နယ်ခြားစောင့် ရဲ ကွပ်ကဲမှု အဖွဲ့မှူး ရုံး[၁၁]
- အမှတ် (၁) နယ်ခြားစောင့် ရဲ တပ်ဖွဲ့ခွဲ[၁၁]
- အမှတ် (၂) နယ်ခြားစောင့် ရဲ တပ်ဖွဲ့ခွဲ[၁၁]
- အမှတ် (၃) နယ်ခြားစောင့် ရဲ တပ်ဖွဲ့ခွဲ[၁၁]
- အမှတ် (၄) နယ်ခြားစောင့် ရဲ တပ်ဖွဲ့ခွဲ[၁၁]
- အမှတ် (၅) နယ်ခြားစောင့် ရဲ တပ်ဖွဲ့ခွဲ[၁၁]
- အမှတ် (၆) နယ်ခြားစောင့် ရဲ တပ်ဖွဲ့ခွဲ[၁၁]
- အမှတ် (၇) နယ်ခြားစောင့် ရဲ တပ်ဖွဲ့ခွဲ[၁၁]
- အမှတ် (၈) နယ်ခြားစောင့် ရဲ တပ်ဖွဲ့ခွဲ[၁၁]
လေ့ကျင့်ရေးကျောင်းများ
- ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး)
- ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး)
- ရဲအကြပ်အတတ်သင်ကျောင်း (လှော်ကား)
- အမှတ် (၁) ရဲလေ့ကျင့်ရေးကျောင်း (ရမည်းသင်း)
- အမှတ် (၂) ရဲလေ့ကျင့်ရေးကျောင်း (ပြည် - ဝက်ထီးကန်)
- အမှတ် (၃) ရဲလေ့ကျင့်ရေးကျောင်း (စစ်ကိုင်း)
- အမှတ် (၄) ရဲလေ့ကျင့်ရေးကျောင်း (တောင်လေးလုံး)
ရည်မှန်းချက်တာဝန်များ
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်–
- ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး။
- တရားဥပဒေစိုးမိုးရေး။
- မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး။
- ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး။
ကိုးကား
- ↑ ဒုတိယဝန်ကြီးခန့်အပ်ပေးခြင်းနှင့် ရဲချုပ်တာဝန် ပူးတွဲတာဝန်ပေးခြင်း။
- ↑ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲချုပ်များ အမည်စာရင်း။ Myanmar Police Force။ 9 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 April 2024 တွင် ပြန်စစ်ပြီး။
- ↑ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကို ရဲချုပ်အဖြစ် ခန့်အပ်။ BNI (၁ ဧပြီ ၂၀၁၁)။ ၁၀ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် ဘာတာဝန်ဆက်ယူမလဲ။ RFA Burmese (၄ မေ ၂၀၂၂)။ ၁၀ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဗိုလ်ချုပ်ဇင်မင်းထက်အား ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေး။ Myanmar Digital News (၃ မေ ၂၀၂၂)။ 9 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီက ရဲချုပ်နေရာ အပြောင်းအလဲလုပ်။ RFA Burmese (၂ ဇူလိုင် ၂၀၂၃)။ ၁၀ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စစ်ဘက်မူလတာဝန်ပြန်လည်ထမ်းဆောင်စေခြင်း။ MOI Myanmar (၃ ဩဂုတ် ၂၀၂၄)။ ၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၇/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်။ MOI Myanmar (၉ ဩဂုတ် ၂၀၂၄)။ ၁၀ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထဲရေးဝန်ကြီးဌာနအမိန့်ကြော်ငြာစာအမှတ်၆၃၃/၂၀၂၄။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၃၈) ပြန်တမ်းစာစောင် (၅ ဩဂုတ် ၂၀၂၄)။ ၄ အောက်တိုဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့။ 5 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၁-၁၃ တွင် ပြန်စစ်ပြီး။
- 1 2 3 4 5 6 7 8 9 ကြေးမုံ အထူး ကဏ္ဍ၊ နိုင်ငံတော် အစိုးရ၏ ပြည်သူ့ အတွက် စတုတ္ထ (၁) နှစ်တာ၊ အချပ်ပို (က)၊ The Mirror Daily, 25.4.2020
ပြင်ပလင့်ခ်များ
- ရဲတပ်ဖွဲ့၏ အင်တာနက် စာမျက်နှာ 6 October 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ









