မြန်မာစာပေ
မြန်မာစာပေ
[ပြင်ဆင်ရန်]ပုဂံခေတ်စာပေ
[ပြင်ဆင်ရန်]မြန်မာစာပေ၏ အစမူလသည် ပုဂံခေတ်စာပေဖြစ်၍ ကျောက်စာ အရေးအသား ထွန်းကားသည်ကို တွေ့ရ၏။
ကျောက်စာကို လေ့လာခြင်းဖြင့် မြန်မာစာပေပေါက်ဖွားစ အချိန်က အခြင်းအရာများကို သိနိုင်၏။ ကျောက်စာများသည် လွန်ခဲ့သော နှစ်ပေါင်း ၈ဝဝ ကျော်ပုဂံကောင်းစားသည့် ခေတ်က ထွန်းကားခဲ့လေသည်။ ဘုရားကျောင်းကန် စေတီပုထိုး စသော ကောင်းမှုကုသိုလ်များပြုတိုင်း လှူဒါန်းခဲ့သည့် အကြောင်းအရာနှင့် သက်ဆိုင်သမျှကို ကျောက်စာများတွင် ရေးထိုးလေ့ ရှိကြ၏။ ထိုပုဂံခေတ် ကုသိုလ်ရှင်တို့သည် ကုသိုလ်ကောင်းမှုကို ပြုပြီးသောအခါ လှူသောပစ္စည်း အကြောင်းနှင့်တကွ အမျှဝေခြင်း၊ ဆုတောင်းခြင်း၊ ဖျက်ဆီးသူကို ကျိန်စာတိုက်ခြင်းတို့ကို ကျောက်တိုင်ကျောက်ပြားများပေါ်တွင် မှတ်တမ်းတင်ခဲ့ကြသည်။ တွေ့ရသမျှသော ပုဂံခေတ် ကျောက်စာများထဲတွင် ရှေးအကျဆုံးဟု ယူဆခန့်မှန်းရသော ကျောက်စာသည် မြစေတီ ကျောက်စာခေါ် ဂူပြောက်ကြီးဘုရား ကျောက်စာဖြစ်၍ အရေးအသား စကားအထားအသိုမှာ ပြေပြစ်ခြင်း မရှိလှချေ။ စာလုံးပေါင်းတို့မှာလည်း အဦးအဖျား ဖြစ်သည်နှင့်အညီ တသမတ်တည်း ရေးထိုးထားသည်ကို မတွေ့ရချေ။ ကျောက်စာ တစ်ချပ်တည်း၌ပင် စာလုံးပေါင်းချင်းမတူ ကွဲပြားခြားနားသည်ကို တွေ့ရ၏။ မြေစမ်းခရမ်းပျိုး ဆိုသကဲ့သို့ ကနဦးတီထွင် ရေးသားခြင်းကြောင့် ဤသို့သော အပြစ်များကို တွေ့ရသည်ဟု ဆိုရပေမည်။ ထိုအပြစ်များကို ဖယ်ရှားကြည့်လျှင် အဖိုးတန်သော အချက်များကို တွေ့မြင်ရမည် ဖြစ်ပေသည်။
မြစေတီကျောက်စာ၏ မျက်နှာလေးဘက်တွင် ပါဠိ၊ မြန်မာ၊ မွန်၊ ပျူ ဟူသော ဘာသာလေးမျိုးနှင့် တစ်မျက်နှာစီ ကျောက်စာအသီးသီး ရေးထိုးခဲ့သည်ကို တွေ့ရ၏။ ထိုကြောင့် ပုဂံခေတ်တွင် မြန်မာစာပေသာမဟုတ်၊ ပါဠိ၊ မွန်၊ ပျူ စသော စာပေကြီးများ ထွန်းကားလျက် ရှိကြောင်းကို သက်သေအထောက်အထားကောင်း ရရှိလေသည်။
ဘာသာခြားစာပေနှင့် အယူဝါဒများသည် အကလေးအရွယ် မြန်မာစာပေ၌ မည်မျှ လွှမ်းမိုးနေသနည်းဟူမှု 'ၐြီ' (ရှရီ ဟုဖတ်ပါ) ဟူသော ဟိန္ဒူလူမျိုးတို့၏ မင်္ဂလာစကား၊ နမော ဗုဒ္ဓါယ ဟူသော မြန်မာလူမျိုးတို့၏ မင်္ဂလာစကားတို့ဖြင့် နှစ်ခု ပေါင်းစပ်ကာ ဆုမွန်ကောင်းတောင်း၍ ကျောက်စာကို အစချီ ရေးသားထားသည်ကို ကြည့်ခြင်းဖြင့် သိနိုင်လေသည်။ ကျောက်စာရေးထိုးရာတွင် သာသနာရေးကိစ္စ ဖြစ်သည့်အလျောက် သာသနာနှစ်ကို အသုံးပြုထားသည်ကို တွေ့ရလေရာ သာသနာတော်ကို မည်မျှ လေးစားကြောင်း သိသာနိုင်၏။
မြန်မာနိုင်ငံတွင် ကျောက်စာအများ တွေ့ရှိရသောကြောင့် နိုင်ငံသမိုင်းကို ရေးသားရာ၌ စိတ်ချ ယုံကြည် လောက်သော အထောက်အထား များစွာကို ရနိုင်ခဲ့လေသည်။ မြစေတီကျောက်စာတွင် ကျန်စစ်သားမင်း၏ နန်းတက် သက္ကရာဇ်နှင့် နတ်ရွာစံ သက္ကရာဇ်တို့ကို ဖော်ပြထားသဖြင့် အချို့ချို့သော ရာဇဝင်မှတ်တမ်းများကို ပြုပြင်ယူနိုင်စွမ်းခဲ့၏။ မြစေတီကျောက်စာသည် မြန်မာ စာပေ၏ အစပျိုးစလက်ရာဖြင့်သဖြင့် ယင်းကျောက်စာ၏ အရေးအသားကို လေ့လာလျှင် မြန်မာစာပေ၏ မြေစမ်းခရမ်းပျိုးချိန်က အခြေအနေကို သိရှိနိုင်လေသည်။ စာအရေးအသား၌ ဝါကျတို အများကို သုံးကြ ၏။ လိုရင်းအဓိပ္ပာယ်ပေါ်လွင်ရုံသာ ဖြစ်၍ စာလုံးပေါင်းနှင့် စကားအသုံးအနှုန်းမှာ မတိကျသေးချေ။ အခြား ဘာသာစာပေ များလည်း ထွန်းကားလျက်ရှိသောကြောင့် မြန်မာစာပေသည် တိုးတက်သင့်သလောက် မတိုးတက်ဘဲရှိခဲ့ရာ ပုဂံခေတ် ပညာ ရှင်များ၏ မဆုတ်မနစ်သော လုံ့လ ဇွဲသတ္တိကြောင့် လေ့ကျင့်ဖန်များသဖြင့်သာ တစ်စထက်တစ်စ စည်ပင်ပြန့်ပွား လာလေ သည်။
ပုဂံခေတ် စာပေသမိုင်း၌ မဖော်ပြလျှင် မဖြစ်သည့် စာပေမှတ်တမ်းဝင် ကျောက်စာတစ်ခုကား သျှင်ဒိသာ ပါမောက္ခ ကျောက်စာဖြစ်၏။ ယင်းကို မြစေတီကျောက်စာ ရေးထိုးပြီး၍ အနှစ်နှစ်ရာနီးပါးကြာမှ ပုဂံမြို့ မင်္ဂလာစေတီတော်အနီး၌ ရေးထိုး၏။ ထိုကျောက်စာသည် စာပေအရေးအသားအတွက်သာ ထင်ရှားသည် မဟုတ်၊ ထိုခေတ်က ပြည်တွင်းရေး အနှောင့်အယှက်များရှိပုံ၊ မြန်မာရဟန်းတော်များ တိုင်းပြည်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ကြ ပုံတို့ကို မှတ်တမ်း တင်ထား သော ကျောက်စာ ဖြစ်၏။
ပုဂံ ကျောက်စာခေတ် စာပေအရေးအသားများ၌ လင်္ကာထက် စကားပြေ အရေးအသားက ပိုများကြောင်း တွေ့ရ၏။ ဤသို့ လင်္ကာကိုမရေးဘဲ စကားပြေကိုသာ ရေးခြင်းမှာ လင်္ကာ မရေးတတ်၍ကား မဟုတ်တန်ရာ။ ရေးတတ်သူများ ရှိပေ မည်။ အဘယ်ကြောင့် ဆိုသော် ပရိမ္မ ထီးလှိုင်ရှင်ဘုရား ကျောက်စာ၌ ကာရန်ကို ယူ၍ ရေးသားသော စာကြောင်းကို တွေ့ရ၏။ 'ဥဿလမည်တန်လိုင်ပြည်ကိုဝ် နည်နည်ညက်ညက် ဖျက်ချေပြီရုယ်' ဟူ၍လည်းကောင်း၊ နားတောင်းတပ် ဘုရားကျောက်စာ၌ 'အမျိုဝ်ခုနစ်ဆက် ညက်ညက်ပြုန်တီ ပျက်စီစေသော' ဟူ၍လည်းကောင်း တွေ့ရှိရ၏။ သို့သော် ရှေးကျသော မြန်မာများသည် မြန်မာစာအရေးအသား အစို့အညှောက် ပေါက်စအခါဖြစ်၍ စကားပြေကိုသာ ကျင်ကျင်လျင်လျင်ရှိအောင် ရေးသားလိုသည်က တကြောင်း၊ လင်္ကာမှာ ဂီတသဘော နှောနေသဖြင့် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်နေမည် စိုးသည်က တကြောင်းတို့ကြောင့် ကာရန်များ မကွန့်ခဲ့ခြင်း ဖြစ်တန်ရာ၏။
ကဗျာလင်္ကာတို့ကို ကျောက်စာများတွင် သီးခြား ရေးထိုးထားခြင်း မရှိသည် မှန်သော်လည်း 'သိုးကလေ။ ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်ဖျား၊ စုံတောပြား၌' အစချီသော လင်္ကာသည်လည်းကောင်း၊ အနန္တသူရိယ အမတ်၏ 'သူတည်းတစ်ယောက်' အမျက်ဖြေ လင်္ကာသည် လည်းကောင်း၊ ကျစွာမင်းလက်ထက်တွင် ပေးဟန်တူသော မြကန်သာ လင်္ကာသည် လည်းကောင်း ထင်ရှားလျက်ရှိ၏။
မည်သို့ပင် ဖြစ်စေ ကျောက်စာခေတ်ကား အဆင့် အတန်း မနိမ့်လှချေ။ ကျောက်စာအရေးအသားများ ရှိခဲ့သောကြောင့်သာ ကျွန်ုပ်တို့ ယခုခေတ်မြန်မာစာ အရေး အသားသည် တည်တံ့ခိုင်မြဲခဲ့သည်ဟု ဆိုရပေမည်။ တစ်ခေတ်မှ တစ်ခေတ်သို့ တစ်ဆင့်ထက် တစ်ဆင့် တိုးတက်အောင် ပြုပြ ကြရသည်မှာ ဓမ္မတာပေတည်း။
ပင်းယခေတ်စာပေ
[ပြင်ဆင်ရန်]သက္ကရာဇ် ၆၆ဝ ပြည့်နှစ်လောက်မှစ၍ ပုဂံပြည်ကြီး၌ ပြည်တွင်းရေး အရှုပ်အထွေးများ တဖြည်းဖြည်း ပေါ်ပေါက်လာလေရာ နောက်ဆုံး၌ ပုဂံပြည်ကြီး တိမ်းယိမ်းကာ ရှမ်းညီနောင် သုံးဦးတို့သည် မြင်စိုင်း၊ ပင်းယနှင့် စစ်ကိုင်း၊ ဤသုံးမြို့၌ ထီးနန်း စိုက်ထူကြလေသည်။ ယင်းသို့ ပုဂံပြည်ကြီးပျက်စီးသည်မှ အင်းဝခေတ်ကြီး မထွန်းကားမီ ကာလကို ပင်းယခေတ်ဟု စာပေသမိုင်းတွင်သတ်မှတ်ကြ၏။ အချိန်ကာလအားဖြင့် နှစ်ပေါင်း ၆ဝ ကျော်မျှဖြစ်၏။ ပင်းယခေတ် စာပေအဆင့်အတန်းသည် ပုဂံခေတ် အဆင့်အတန်းထက် တိုးတက်လာသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ပုဂံခေတ်တွင် မတွေ့ရသော စာမျိုးများကို ဤပင်းယခေတ်တွင် တွေ့ရခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့် ပင်းယခေတ်၌ပေါ်သော ဆန်းသစ်သည့် စာပေများမှာ တျာဖွဲ့များ၊ ကာချင်းများနှင့် ရတုများဖြစ်၏။
ထိုသို့ ကာရန်အစပ်အဟပ်နှင့် ဆွဲငင်ရွတ်ဆိုရသော စာမျိုးကို တွေ့ရခြင်းဖြင့် ဂီတဘက်၌ လိုက်စားလာကြောင်း ထင်ရှားလေသည်။ ကာချင်းမှာ ကာ ကရာတွင် သီဆိုရသော သီချင်းတစ်မျိုးဖြစ်သည်။ ကာ ကသည် ဆိုသည်မှာ ဗန်းခုံးငယ်ကဲ့သို့ ခပ်ဝိုင်းဝိုင်း ပုံသဏ္ဌာန်ရှိသော ကာကို မြှောက်ထောင် ပင့်တင် ကခြင်းတစ်မျိုးဖြစ်၏။ ကရာတွင် အတူကသူတို့က သစ်သားဓား၊ သစ်သားလှံတို့ဖြင့် ထိုးခုတ်သည်ကို မထိမခိုက်ရအောင် ကာကွယ်၍ ကရသော အက ဖြစ်ရကား စစ်ရေးစစ်ရာ လေ့ကျင့်မှု တရပ်ပင် ဖြစ်လေသည်။ ဤကာကမှုသည် အလွန်နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းသော လေ့လာမှုဖြစ်၍ သက္ကရာဇ် ၆၇၄ ခုနှစ်တွင် ပင်းယ၌ နန်းတက်သော သီဟသူမင်း ခေတ်က ဝတ်ပုံစားပုံ အပြုအမူ အနေအထားတို့ကို 'ခါးပတ်တော်မှာ ရွှေချည်စုံ၊ မှိုင်းလုံး ရွှေဝတ်လုံ၊ မလုံသာချမ်းဧ' အစရှိသဖြင့် ကာချင်းတွင် ဖွဲ့နွဲ့ရေးသားသည်ကို တွေ့ရသည်။ မြင်စိုင်း ငါးစီးရှင် ကိုယ်တော်တိုင် ကာချင်းများကို ရေးသားခဲ့သည်ဟု အဆိုရှိလေသည်။
ကာချင်းအပြင် သက္ကရာဇ် ၇ဝဝ ကျော်လောက်တွင် 'ရတု'ဟူသည် လေးလုံးစပ်အဖွဲကို စတုရင်္ဂဗလ အမတ်ကြီး ရေးသားထားသည်ကို တွေ့ရ၏။ အမတ်ကြီး၏ ရတုသည် လောကအကြောင်းနှင့် မသက်ဆိုင် ဓမ္မကြောင်း သက်သက်ဖြစ်၍၊ မိမိ သိလိုသော မြတ်စွာဘုရား တရားတော်နှင့် သက်ဆိုင်သည့် အမေးပုစ္ဆာများကို ဆူးတွင်းပစ် ဆရာတော်ထံ ရေးဆက် မေးမြန်းခြင်းဖြစ်၏။
'ရွှေဘဝါးတော်အောက်၊ ကျွန်ုပ်၏ လျှေက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ ကြောက်ရွံ့လျက်ပင်၊ စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်စံပယ်လျက်၊ နိကာယ်လုံးစုံ၊ ကျမ်းသုံးပုံဝယ်' အစချီကာ ရတုသုံးပိုဒ်စလုံးတွင် နက်နဲလှသော အဘိဓမ္မာတရားဆိုင်ရာ ပါဠိပါဌ်သားများကို ခက်ရာခက်ဆစ် စကားလုံးများဖြင့် ရေးသား မေးမြန်းခြင်းကို ထောက်က ပင်းယခေတ် မြန်မာစာပေသည် ပုဂံခေတ် မြန်မာစာပေထက် အဆင့်အတန်း တိုးတက်မြင့်မားလာကြောင်း သိရ၏။ ဤသို့ဖြင့် ပင်းယခေတ်တွင် တျာချင်း၊ ကာချင်း၊ ရတု စသော စာပေ အဖွဲ့အနွဲ့မျိုး ထွန်းကားသည့်ပြင် ကျောက်စာ အရေးအသားများလည်း မတိမ်ကောသေးချေ။ သက္ကရာဇ် ၇ဝ၂ ခုနှစ် ဥဇနာမင်း လက်ထက်တွင် ဂူတည်၍ မြေလှူကြောင်းကို ကျောက်ထက်အက္ခရာ တင်ထားခဲ့၏။ တစ်ဖန် ၇၂၁ ခုနှစ် ကျော်စွာငယ် လက်ထက်တွင် ဘုရား ကျောင်းများကို တည်ထားဆောက်လုပ်၍ လယ်မြေများ လှူကြောင်း ကျောက်စာ ရေးထိုးခဲ့လေသည်။ ပင်းယခေတ် ကျောက်စာများသည် ပုဂံခေတ်ကျောက်စာများကဲ့သို့ စေတီပုထိုးများ၌ မြေလှူကြောင်း၊ ကျေးကျွန်လှူကြောင်း စသည်တို့မှာ အကြောင်းအရာအားဖြင့် တူညီနေသော်လည်း ဝါကျအထားအသို ကောင်းခြင်း၊ နာမဝိသေသနပုဒ်များ ဆင့်ကဲ သုံးထားခြင်းတို့မှာ ပုဂံခေတ်ထက် များစွာ တိုးတက်သည်ကို တွေ့ရပေသည်။
လင်္ကာဟူသော အရေးအသားသည်လည်း ဤပင်းယ ခေတ်တွင် ပေါ်ပေါက်ကောင်း ပေါ်ပေါက်ပေလိမ့်မည်။ ရတု လောက် ခက်ခဲသော စာမျိုးကို ဖွဲ့ဆိုနိုင်ပါလျှင် လင်္ကာကိုဖွဲ့ခဲ့မည်မှာ ယုံမှားဖွယ်ရာ မရှိချေ။ သို့သော် ထိုခေတ် ထိုအချိန်က မြန်မာစာကို အရေးတယူ ဂရုတစိုက် သိမ်းဆည်းမှုနည်းပါးသောကြောင့် လင်္ကာအရေးအသား စာတမ်းမှတ်စုဟောင်းများ ရှာဖွေမရ ဖြစ်ခဲ့ရသည်ဟု ခန့်မှန်းရ၏။ ခေတ်တစ်ခုလုံးကို ခြုံကြည့်ပါက တိုတောင်းလှစွာသော အချိန်အတွင်း မြန်မာစာပေ အရေးအသားသည် ပုဂံခေတ်ကထက် များစွာ တိုးတက်လာသည်ဟု ဆိုရပေမည်။
အင်းဝခေတ် စာပေ
[ပြင်ဆင်ရန်]ပင်းယခေတ် လွန်မြောက်ပြီးနောက် သက္ကရာဇ် ၇၂၆ ခုနှစ်တွင် သတိုးမင်းဖျားသည် အင်းဝရွှေနန်းတော်ကို တည်ထောင်မူလေသည်။ ထိုသို့ တည်ထောင်သည့် အချိန်မှစ၍ အင်းဝပြည်ကြီးပျက်သည့်အချိန် သက္ကရာဇ် ၉ဝဝ ခန့်အတွင်းကို အင်းဝခေတ်ဟု စာပေလောကတွင် သတ်မှတ်ထား၏။ ထိုအင်းဝခေတ် ရဟန်းပညာရှိ လူပညာရှိပါဝင်သော စာဆိုပညာရှင်များသည် ပျို့၊ လင်္ကာ၊ ဧချင်း၊ မော်ကွန်း၊ ရတု၊ မေတ္တာစာ တို့ကို ပြုစုပျိုးထောင်ခဲ့ကြ၏။
မြန်မာစာပေ စည်ပင် ပြန့်ပွားရန်အတွက် ပုဂံခေတ်က ချုံနွယ်ပိတ်ပေါင်း တို့ကို ခုတ်ထွင်ခဲ့၍ ပင်းယခေတ်၌ လမ်းကြောင်းထွင်ခဲ့ရာတွင် အင်းဝခေတ်၌ သဲဖြူခင်း ရာဇမတ်ကာသော အခြေသို့ မြန်မာစာပေ၏ အဆင့်အတန်းသည် ရောက်ခဲ့လေပြီ။ ဤသို့ တိုးတက်ခဲ့ရသည်မှာ အင်းဝခေတ် ရဟန်းစာဆိုများ၏ ကျေးဇူးနှင့် မကင်းခဲ့ချေ။ ရဟန်းစာဆိုများသည် ဘုရားဟော ဇာတ်နိပါတ်များကိုမှီ၍ ပျို့အများအပြား ရေးသားခဲ့ကြ၏။ ထိုကြောင့် အင်းဝခေတ်ကို ပျို့ခေတ်ဟု နှောင်းလူတို့ အသိအမှတ်ပြုကြသည်။
ရဟန်းတော်များသည် ဗုဒ္ဓအယူဝါဒ၏ အသက်သွေးခဲ ဖြစ်သော ပါဠိကျမ်းဂန် ဒေသနာတော်များကို အချိန်ရှိသရွှေ့ မွေ့လျော်စွာ ဆည်းပူးလေ့လာခဲ့၍ မိမိတို့ သိရှိသမျှသော တရားအဆီအနှစ်တို့ကို အမျိုးလေးပါးတို့ လွယ်ကူစွာ သိစိမ့်သောငှာ ပျို့အစောင်စောင်ကို ရေးသားစီကုံးခြင်းဖြင့် ပေးဝေဖြန့်ချိခဲ့၏။
ထိုခေတ်က ပေါ်ထွန်း ခဲ့သော ပျို့ကဗျာ များသည် စာပေအဆင့်အတန်းတွင် ပထမတန်းစာများအဖြစ် ယခုတိုင်တည်ရှိနေကား နှောင်းပညာရှင်တို့သည် ထိုခေတ်က စာပေ အဆင့်အတန်းကို ကျော်လွန်၍ ရေးသားစီကုံးခြင်းငှာ မစွမ်းနိုင်ကြချေ။ ဤသို့ဖြင့် စာပေလောကတွင် အင်ဝခေတ်၏ ပျို့စာပေသည် အထူးပင် ဖူးပွင့်ဝေစာခဲ့သည်ဟု ဆိုရပေမည်။ ထိုခေတ်က စာပေသည် စံတင်လောက်အောင် ထူးခြားကောင်းမွန်ခဲ့ရခြင်း၏ အကြောင်းရင်းမှာ မြန်မာဘုရင်မင်းမြတ်တို့ ကိုယ်တော်တိုင်ကပင် စာဆိုများကို အားပေးချီးမြှောက်ခြင်း၊ ဉာဏ်ရည်ချင်း ယှဉ်ပြိုင်သာအောင် အခြေအနေကို ဖန်တီးပေးခြင်း၊ နန်းတွင်း အမျိုးသမီးစာဆိုများ ထွန်းကားလာအောင် အခွင့်အရေးပေးခြင်းတို့ကြောင့် ဖြစ်ပေသည်။
သက္ကရာဇ် ၈ဝဝ ပြည့်နှစ်တွင် တောင်တွင်းကြီးမြို့၌ ထူးခြားစွာ ပေါ်ပေါက်လာသော တဘောင်အရ 'ပေလေးပင်၊ ရှင်လေးပါး' အပါအဝင် ရှင်ဥတ္တမကျော်နှင့် ရှင်မဟာသီလဝံသ တို့သည် အင်းဝခေတ်၏ ရဟန်းစာဆိုများတွင် ထိပ်သီးစာဆို ပုဂ္ဂိုလ်ကျော်များ ဖြစ်ကြ၏။
ထိုပုဂ္ဂိုလ်ကျော် နှစ်ပါးအပြင် ဒုတိယမင်းခေါင်လက်ထက်တော်၌ စာဆိုကျော် ရှင်မဟာရဋ္ဌသာရ ဆရာတော်လည်း ရှိပေသေး၏။ ရှင်မဟာသီလဝံသနှင့် ရှင်မဟာရဋ္ဌသာ စာဆိုကျော် နှစ်ပါးသည် နေပြည်တော် ရွှေနန်းထက်၌ အပြိုင်စာဆိုသူများ ဖြစ်ကြ၏။ ဘုရင်မင်းမြတ် ကိုယ်တော်တိုင်ကပင် ချီးမြှောက်တော် မူရကား ထိုရဟန်း စာဆိုကျော်နှစ်ပါး၏ ပြုစုပျိုးထောင်မှုကြောင့် မြန်မာ စာပေသည် သိသိသာသာ တိုးတက် ကြီးပွားလာလေသည်။ ပါရမီ တော်ခန်းပျို့၊ ဆုတောင်းခန်းပျို့၊ စတုဓမ္မသာရ ကိုးခန်းပျို့၊ သံဝရပျို့တို့သည် ထိုစာဆိုကျော်ကြီးများ၏ မှတ်ကျောက်ခံ လက်ရာများပေတည်း။ ထိုစာဆိုကြော်ကြီးများအပြင် ဂါထာခြောက်ဆယ်စာဆိုအရှင် ရှင်အုံးညို၊ လောကသာရ ဆုံးမစာ ပျို့စာဆို အရှင် ကန်တော်မင်ကျောင်း ဆရာတော်၊ ဘုံခန်း၊ ငရဲခန်း၊ မဃစိုးခန်း ပျို့စာဆိုရှင် ရှင်အဂ္ဂသမာဓိစသော ကျေးဇူးရှင် စာဆိုကျော် များလည်း ရှိသေး၏။ ( အုံးညို၊ ရှင်။) ( ကန်တော်မင်းကျောင်း ဆရာတော်။) ( အဂ္ဂသမာဓိ၊ရှင်-။)
ထိုရဟန်း ပုဂ္ဂိုလ်တို့နှင့် ခေတ်ပြိုင် ပေါ်ထွက်လာသော လူပုဂ္ဂိုလ်တို့မှာ ရှင်သူရဲနှင့် ရှင်ထွေးညိုတို့ ဖြစ်ကြ၏။ ထိုစာဆိုရှင်တို့၏ ကဗျာ အဖွဲ့အနွဲ့များသည် ရဟန်းပုဂ္ဂိုလ်များ၏ အဆင့်အတန်းကို မမှီမကမ်း နိုင်သော်ငြားလည်း၊ လူပုဂ္ဂိုလ် ထဲမှ ရှေးဦးစွာ အားပေးပြုစုသူများ ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်ကြီးများက ရှေ့ဆောင်လမ်းပြ ပြုသောကြောင့် နှောင်းခေတ် များတွင် ထိုသူတို့ကဲ့သို့ စာပေလိုက်စား ပြုစုသူအများ ပေါ်ပေါက်ခြင်း ဖြစ်ပေသည်။ အင်းဝခေတ်တွင် မြန်မာစာပေသည် တရှိန်ထိုး စည်ပင်ပြန့်ပွားလာ၏။ ရဟန်း စာဆိုများ၊ လူစာဆိုများအပြင် နန်းတွင်းအမျိုးသမီး စာဆိုများလည်း ထွန်းကားခဲ့၏။ စာဆိုမိဖြူနှင့် စာဆိုမိညိုတို့သည် ကိုယ်ရည်သွေးရတုများကို ရေးကာ မြန်မာစာပေလောကကို မြှင့်တင်ခဲ့ကြ၏။
အင်းဝခေတ်ကို ပျို့ခေတ်ဟု ခေါ်ကြသည့် နည်းတူ မော်ကွန်းအများ ထွန်းကားသောခေတ်ဖြစ်သောကြောင့်လည်း မော်ကွန်းတံခွန်စိုက်ခေတ်ဟု မှတ်တမ်း တင်ထိုက်လေသည်။ ရှင်မဟာရဋ္ဌသာရ စီကုံးခဲ့သော ပုံတောင်နိုင်မော်ကွန်း၊ မိတ္ထီလာကန်တော်ဘွဲ့မော်ကွန်း၊ တန်းတားဦးတည် မင်္ဂလာစေတီ မော်ကွန်းတို့သည်လည်းကောင်း၊ ရှင်မဟာသီလဝံသ ပြုစုခဲ့သော သျှိသျှားကန်တော်ဘွဲ့ မော်ကွန်း၊ ရွှေနန်းတည်မော်ကွန်း၊ တန်တားဦးတည်း မင်္ဂလာစေတီမော်ကွန်းတိုသည်လည်းကောင်း အင်းဝခေတ်တွင် တံခွန်စိုက် မော်ကွန်းကြီးများ ဖြစ်လေသည်။ ပျို့နှင့် မော်ကွန်းအပြင် တောလားရတု၊ မောင်ဘွဲ့ မယ်ဘွဲ့ ရတု။ ဧချင်းစသော အဖွဲ့အနွဲ့များလည်း ထင်ရှား ပေါ်ထွက်ခဲ့သေး၏။ သို့ဖြင့် အင်းဝခေတ်သည် စာပေတွင် ပြောင်မြောက်သော ရဟန်း ပုဂ္ဂိုလ် လူပုဂ္ဂိုလ်တို့ ထွန်းကား၍ ပထမတန်းစား စာကြီး ပေကြီးများ ထွန်းကားသောခေတ်ဖြစ်သည်။
ထို့ပြင် ဘုရင့် ရင်သွေးတော်များကို ပုခက်တင် မင်္ဂလာရင်ရာ၌ ဘုရင်၏ ဘုန်းတော်ကို ချီးကျူးဖွဲ့ဆို၍ အေးဆေး သိမ်မွေ့စွာ သီကျူးရသည့် ဧချင်းဟူသော ကဗျာတစ်မျိုးလည်း ထိုခေတ်တွင် ပေါ်ထွန်းခဲ့သည် ရခိုင်အမတ် အဒူမင်းညို၏ ရခိုင်မင်းသမီး ဧချင်းနှင့် ရှင်သူရဲ၏ သခင်ထွေး ဧချင်းတို့သည် ဧချင်းစု၏ ရှေ့ပြေး သာဓကများ ဖြစ်သည်။ ထိုမှတစ်ပါး ရှင်မဟာ သီလဝံသ၏ ပါရာယနဝတ္ထု၊ ရာဇဝင်ကျော်နှင့် သူ့တပည့် ရှင်က္ကုန္ဒဂုတ္တ၏ နဝရတ် ပျို့တို့လည်း ထွန်းကားခဲ့ ပေသည်။"ဆုတောင်းခန်းပျို့"၊ "ပါရမီတော်ခန်းပျို့"၊ "တောင်တွင်းရွှေပြည်ရတု"တို့မှာ လည်းထင်ရှားသည်။ "ဆုတောင်ခန်းပျို့"မှာ ဒီပင်္ကရာဘုရားထံမှောက်တွင် သုမေဓာရသေ့ဘဝတွင် ဘုရားဆုတောင်းသော အကြောင်းဖြစ်သည်။ ပါရမီတော်ခန်းပျို့မှာ ဂေါတမမြတ်စွာဘုရားအလောင်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီဖြည့်ဆည်းခဲ့ရပုံများကို ရေးဖွဲ့ထားခြင်းဖြစ်သည်။ "တောင်တွင်းရွှေပြည်ရတု" မှာ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဇာတိချစ်စိတ်ကို ဖြစ်စေသောရတုဖြစ်သည်။
တောင်ငူခေတ် စာပေ
[ပြင်ဆင်ရန်]ရတုနှင့် ဧချင်း တံခွန်စိုက်ခေတ်ဟု ခေါ်ဆိုထိုက်သော တောင်ငူခေတ်သည် သက္ကရာဇ် ၈၅ဝ မှ ၉၅ဝ အထိ အနှစ် ၁ဝဝ နီးပါးခန့် အဓွန့်ရှည်လေသည်။ ထိုခေတ် တစ်လျှောက် လုံး၌ တိုင်းပြည် ငြိမ်သက်ပိပြား သည်ဟူ၍ မရှိ၊ မကြာခဏ စစ်ရေးမက်ရေးများ ဖြစ်ပွားနေခဲ့ရာ တိုင်းသူပြည်သားတို့သည် အဘယ်မှာလျှင် ရဲစိတ် ရဲမာန် ရဲသွေးများ မတက်ကြွဘဲ နေနိုင်တော့အံ့နည်း။ တိုင်းပြည်ကို ချစ်သောစိတ်၊ ဘုရင်ကို မြတ်နိုးသောစိတ်တို့သည် ထိုခေတ် ထိုအခါက လူတို့၏ စိတ်တွင်မည်မျှ ကိန်းအောင်းနေသည်ကို သူတို့ ထားရစ်ခဲ့သော စာပေများက သက်သေထူလျက် ရှိပေသည်။
ထို့ကြောင့် အယူ ဝါဒရေးကို အရေးပေးဖွဲ့ဆိုခဲ့သော ပျို့နှင့် မော်ကွန်းကဗျာ ခေတ်သည် မှေးမှိန်ခဲ့၍ ဇာတိမာန် တက်ကြွစေမည့် ဧချင်းများ အစဉ်တစိုက် ထွက်ပေါ်လာခြင်းဖြစ်၏။ ဧချင်းစာဆိုများသည် ဧချင်းဘွဲ့ခံ မင်းသားငယ် မင်းသမီးငယ် တို့ကို ဇာတိမာန် တဖွားဖွား တက်ကြွစေပြီလျှင် မိမိတို့ တိုင်းပြည်ကို ချစ်စေရန် လည်းကောင်း၊ အမျိုးကို ခင်စေရန် လည်းကောင်း အထောက်အပံ့ ဖြစ်စေ၏။ ထို့ကြောင့် အင်းဝပြည်ကြီး ပျက်စီး၍ အကွဲကွဲအပြားပြား ဖြစ်ရသော်လည်း တောင်ငူဘက်မှ ဇာတိသွေးကို ဝံ့ဝံ့စာစားပြကာ တောင်ငူခေတ်ကို နှစ်ပေါင်း တစ်ရာခန့် တာရှည်အောင် တည်ဆောက်နိုင်ခဲ့သည်ဟု ယူဆဖွယ်ရာဖြစ်သည်။
အင်းဝခေတ်၌ တိုင်းပြည်အေးချမ်းသာယာသောကြောင့် ဘုရားတရားနှင့် ပျော်မွေ့နိုင်ကြသဖြင့် တစ်ကြောင်း၊ စာဆို တို့သည်လည်း အထူးသဖြင့် ရဟန်းပုဂ္ဂိုလ်များ ဖြစ်သည်ကတစ်ကြောင်းတို့ကြောင့် ဓမ္မကြောင်းနွယ်သော ပျို့ကဗျာ လင်္ကာ မော်ကွန်းများ ပေါ်ထွန်းပြီးလျှင် တရားနှင့် မမွေ့နိုင်ဘဲ ဓားနှင့် တွေ့နေ့သော တောင်ငူခေတ်၌ကား ဧချင်းတည်းဟူသော ဇာတိမာန် လှုံ့ဆော်ပေးသော စာများသာအလျောက် ဘာသာ ပေါ်ပေါက်လာရပေသည်။ အခါအားလျော်စွာ ထွန်းကား လာရသော စာမျိုးဖြစ်သဖြင့်လည်း များစွာ အကျိုးထူးပေးစွမ်း နိုင်ပေသည်။ မြန်မာဘုရင်များ ဘုန်းမီး တန်ဆောင်း တောက်ပြောင်စဉ်အခါက တန်ခိုးတေဇာတော် မည်မျှ ထွန်းတောက်ခဲ့သည်များကို ယခုခေတ်လူများ ဂုဏ်ယူဖွယ်ရာ ကျန်ခဲ့သည်မှာ ထိုဧချင်းစာဆိုများ၏ ကျေးဇူးပင်ဖြစ်၏။
မင်းတရားရွှေထီး; ဧချင်း၊ မင်းတရား မယ်တော်ဧချင်း၊ ယိုးဒယားမိဖုရား၊ ဧချင်း၊ မင်းရဲနရာ ဧချင်း၊ မင်းရဲဒိဗ္ဗဧချင်းစသော ဧချင်းကြီးများသည် တောင်ငူခေတ်၏ မှတ်ကျောက်ခံ ဧချင်းကြီးများ ဖြစ်ပေသည်။ တောင်ငူခေတ်စာပေ၏ အထူးမှတ်သားဖွယ် ထူးခြာချက် တစ်ခုကား ထိုခေတ်စာဆိုတို့သည် မိမိတို့၏ ဧချင်းများတွင် တောင်ငူမြို့ဘွဲ့ကို များစွာ ချီးကျူး၍ ဖွဲ့နွဲ့ကြသည်ကိုတွေ့ရ၏။ မြို့ဘွဲ့များတွင်လည်း မြို့တော်၏ သာယာပုံ၊ ခမ်းနားပုံ၊ ဆဲ့နှစ်ရာသီပွဲတော်များ ကျင်းပပုံတို့ကို ထည့်သွင်းစပ်ဆိုလေ့ ရှိကြသည်မှာ တောင်ငူခေတ် စာပေ၏ ထူးခြားချက်တစ်ခုပင် ဖြစ်၏။
ဧချင်း အဖွဲ့အနွဲ့သာ မကသေး၊ ရတုအရေးအသား သည်လည်း တောင်ငူခေတ်က အထူးထွန်းကားလေသည်။ တောင်ငူခေတ်ပေါ် ရတုများကို ဖတ်ရလျှင် ရတုတံခွန်စိုက် တောင်ငူဘုရင် နတ်သျှင်နောင် မင်းနှင့်တကွ သူ့ရှေ့ပြေး နောက်လိုက်စာဆို ပုဂ္ဂိုလ်များကို မဖော်ပြဘဲ မနေနိုင်ချေ။ နဝဒေးကြီး၏ မတုပနိုင်သော ဘုရားတိုင်ရတုများ၊ နတ်သျှင် ကိုယ်တော်၏ စံတင်လောက်သည့် မောင်ဘွဲ့မယ်ဘွဲ့ ရတုများ၊ စစ်ချီရတုများနှင့် ရှင်သံခို၏ အလွမ်းဖွဲ့ ရတုများသည် တောင်ငူခေတ် စာပေကို အမွှမ်းတင် တန်ဆာဆင်ကြ၏။
စာဖွဲ့သည့် ပုဂ္ဂိုလ်များသည် လူငယ်လတ်များ ဖြစ်သဖြင့် တကြောင်း၊ နန်းတွင်း ကြီးပြင်းရသူများ ဖြစ်သည်ကတ ကြောင်းတို့ကြောင် ့သုံးနှုန်းထားသည့် စကားလုံးများမှာ မဟာဆန်၏။ နုစရာရှိလျှင် လဲဝါတမျှနုနိုင်၍ ယဉ်စရာရှိလျှင် မဒီခင်တမျှ ယဉ်နိုင်ကြပေသည်။ ပုဂ္ဂိုလ်များမှာ ဗီဇသတ္တိကပင် ပါရမီထူးလာသူများ ဖြစ်သည့်အပေါ်တွင ်နတ်သျှင်နောင် ကဲ့သို့သော အချစ်စိတ် ထက်သန်သည့် မင်းသားအဖို့ဆိုလျှင် ရတုစာပေမျိုးဖွဲ့ရန် အလွန်အဆင်ပြေလျက် ရှိပေ၏။ ဘုရားတိုင်၊ စစ်ချီ၊ မယ်ဘွဲ့ မောင်ဘွဲ့ ရတုများ၌ နတ်သျှင်နောင်၏ စိတ်ကူးစိတ်သန်း အသုံးအနှုန်း စကားလုံး တို့မှာ သူ၏အတွင်းဎ္0x046တ္တ မေတ္တာဓာတ်က လှုံ့ဆော်မှုကြောင့် ပေါ်ထွက်လာရခြင်းဖြစ်၍ အခြားရတုဆရာများကဲ့သို့ လွမ်းယောင်ဆွေးယောင် ချစ်ယောင် ကြိုက်ယောင် အယောင်ဆောင်သော စကားလုံးများ မဟုတ်ချေ။
နတ်သျှင်နောင်၏ စာသားများမှာ အူထဲအသဲထဲ နှလုံးထဲမှ လှိုက်လှဲစွာ ဖြစ်ပေါ်လာသဖြင့် အောင့်အည်းသည်းခံခြင်းငှာ မတတ်နိုင်မှုကြောင့် အဎ္0x046တ္တရင်တွင်းမှ ဗဟိဒ္ဓနှုတ်ပြင်ပသို့ တရွေ့ရွေ့ တိုးဝှေ့ထွက်ဆင်း လာရသော စကားလုံးများဖြစ်၏။ ထိုစကားလုံးတို့ဖြင့် အစွမ်းကုန် ဖွဲ့နွဲ့ထားလေရာ နတ်သျှင်နောင်၏ အဖွဲ့အနွဲ့များမှာ သူမတူအောင် ကောင်းမွန် ခန့်ညားလေတော့သည်။ ပင်တိုင်စံ ဓာတုကလျာကလည်း စာအနုကဗျာ ဖွဲ့လောက်အောင် ယမင်းအလှ ဖြစ်နေပြန်၊ နတ်သျှင်နောင်ကလည်း ကြင်ပိုင်ရန် ဗျာထုကြွယ်နေရသူ ဖြစ်ပြန်၊ ဤသို့ နှစ်ဦးနှစ်ဝ အကြောင်းကံက ရတုကောင်း ရတုမှန် စာစောင်တစ်ဖွဲ့ဖြစ်အောင် ဖန်တီးပေးသကဲ့သို့ ဖြစ်ရကား တောင်ငူခေတ်၏ စာပေသည် မြေတောင် မြေ|ာက်ပေးခြင်း ခံရသည်နှင့် များစွာတူနေတော့၏။ တောင်ငူခေတ်တွင် နတ်သျှင်နောင်၏ အချစ်ရတု အလွမ်းရတုများသာ ခေတ်စားသည် မဟုတ်၊ နဝဒေးကြီး၏ ဘုရားတိုင် စစ်ချီရတုများလည်း ခေတ်မှီပထမတန်းစား အဖွဲ့အနွဲ့မှာ ဘုရားတိုင် ရတုများတွင် ဘုရား၏ သမိုင်းကို ထည့်သွင်း ဖွဲ့နွဲ့လေ့ရှိခြင်းပင်ဖြစ်သည်။
ဤသို့မဖွဲ့စဘူး ထူးကဲသည့် စိတ်ကူးတို့ဖြင့် တန်ဆာဆင်ထားသော တောင်ငူခေတ် ရတုများကြောင့် ထိုခေတ်သည် ရတုခေတ်ဟုပင် မှတ်တမ်းတင်ခြင်း ခံရလေသည်။ နတ်သျှင်နောင်၊ နဝဒေး၊ ရှင်သူရဲတို့အပြင် အခြားကျော်ကြားသော စာဆိုပုဂ္ဂိုလ်များမှာ မင်းတရားရွှေxD; ဧချင်းစာဆို လှော်ကား ၃ဝဝဝ မှူး၊ ဆံထုံးထုံးနည်း ၅၅ မျိုးအကြောင်း အန်ချင်းစာဆို ရဝေရှင်ထွေး၊ မင်းရဲနေရာ ဧချင်းစာဆို မင်းဇေယျရန္တမိတ်၊ ဗညားဒလ၊ မဟာပညာကျော် စသော ပုဂ္ဂိုလ်များပင် ဖြစ်ကြ လေသည်။
ညောင်ရမ်းခေတ်
[ပြင်ဆင်ရန်]သက္ကရာဇ် ၈၈၈ ခုနှစ်တွင် အင်းဝပြည်ကြီး ပျက်စီးခဲ့ ရသဖြင့် အင်းဝခေတ် စာဆိုပုဂ္ဂိုလ်ကျော် ထေရ်အရှင်များနှင့် တကွ မှူးမတ်ပြည်သူတို့ပါ ပြေးမိပြေးရာ ခိုမိခိုရာ ပြေးခိုနေ ကြရ၏။ ထိုအခါမှစ၍ မြန်မာစာပေသည် တိမ်မြုပ် လုလု ဖြစ်နေလေသည်။ တစ်ဖန် သက္ကရာဇ် ၉၅၉ ခုနှစ်လောက် ရောက်သောအခါ လူမျိုးနှင့် စာပေကို မြှင့်တင်ကယ်မမည့် ညောင်ရမ်းမင်းတရားကြီးသည် အကွဲကွဲအပြားပြား ဖြစ်နေသော မြန်မာနိုင်ငံတော်ကို စုရုံးသိမ်းဆည်း၍ အင်းဝပြည်ကြီးကို အသစ်တစ်ဖန် ထပ်မံဖန်ဆင်းတော်မူပြန်၏။ ထိုသို့ ညောင်ရမ်း မင်းတရားကြီး ပြန်လည်တည်ထောင်သော ဒုတိယ အင်းဝခေတ် ကြီးကို ညောင်းရမ်းမင်းတရားကြီး၏ အဆက်အနွယ်များသာ ဆက်ခံစိုးစံကြသောကြောင့် ညောင်ရမ်းခေတ်ဟု ခေါ်တွင် လေသည်။ စာဆိုလောကကြီနှင့်တကွ တိုင်းပြည်ကြီးပါ အစစအရာရာ ပြန်လည်ထူထောင်နေရသောအချိန် ဖြစ်သော ကြောင့် မြန်မာစာပေသည် အစို့အညှောက် စိမ်းဖတ်ဖတ်နှင့်သာ ထွက်ပြူလာနိုင်၏။
အခက်အခဲပေါင်း အမျိုးစုံကြားမှ စာပေအစို့အညှောက် ကလေး မထွက်ဝံ့ဝံ့ ထွက်ဝံ့ဝံ့နှင့် ဇွတ်ရုန်းကန်လျှက် ထွက်လာရသော ညောင်ရမ်းခေတ် စာပေသည် စကားပြေ ထွန်းကားသောခေတ် ဖြစ်လာလေသည်။ ညောင်ရမ်းခေတ် စာပေကို လေ့လာလျှင် အင်းဝခေတ်က ကဲ့သို့ ရဟန်းစာဆို ပုဂ္ဂိုလ်အများ ပြန်လည်ထွန်းကားလာ သည်ကို တွေ့ရ၏။ အင်းဝခေတ်အတွင်း သာသနာတော်ကြီး ထိန်ဝါလင်းစဉ် မထေရ်ရှင်များ၏ ဉာဏ်ရောင်ကလည်း ရှိန်ဝါ ကွန့်မြူးခဲ့၏။ သို့သော် တောင်ငူခေတ်သို့ ရောက်သောအခါ စစ်ရေး ရှုပ်ထွေးလွန်းသဖြင့် ရဟန်းတော်များ အသာဆိတ်ဆိတ် နေခဲ့၍ စစ်သားဆာဆို လူပုဂ္ဂိုလ်များ တစ်ခေတ်ထကြ၏။
သို့ဖြင့် ညောင်ရမ်းခေတ်သို့ တစ်ဖန်ပြန်သော် ရဟန်းစာဆိုများ ထွန်းကားပြန်လေသည်။ အင်းဝခေတ်တွင် ' ပေလေးပင် ရှင်လေးပါး ' ပေါ်ပေါက်သကဲ့သို့ မြန်မာစာပေသမိုင်း တစ်လျှောက်တွင် ညောင်ရမ်းခေတ်တွင်လည်း ကျော်ကြီးလေးဆူ ရှိခဲ့လေသည်။ ကျော်ကြီးလေးဆူတို့ကား-
- ပုဂံ သဒ္ဒနီတိ ဆရာတော် ရှင်အဂ္ဂဝံသ
- စစ်ကိုင်း ရှင်အရိယဝံသ ဆရာတော်
- အင်းဝ ရှင်ဝရာဘိသဃသ္မနာထ ဆရာတော်
- တောင်ဖီလာ ဆရာတော် ရှင်မုနိန္ဒဃောသ
တို့ဖြစ်လေသည်။
ထိုကျော်ကြီးလေးဆူတွင် ပါဝင်သော ဝရာဘိသဃသ္မနာထ ဆရာတော်သည် ပါဠိသသသ္မကရိုက်ကျမ်းများတွင် နှံ့စပ်၍ မ တလုံးကျေသော ပုဂ္ဂိုလ်ကျော်ဟု ထင်ရှားလင့်ကစား ကျမ်းများစွာ မပြုစုခဲ့ချေ။ အသီတိနိပါတ်တော်လာ မဟာသုတသော မဇာတ်ကိုသာ အိမ်ဖွဲ့၍ မဏိကုဏ္ဍလဝတ္ထုကျမ်းကို ရေးသားခဲ့၏။ ထိုကျမ်းသည် အစီအစဉ် အလွန်ကျ၍ ခမ်းနားလှသဖြင့် စကားပြောကျမ်းများတွင် ပထမတန်းစား ကျမ်းကြီးဖြစ်ရာ ဆရာတော်၏ ဉာဏ်ကို ဤကျမ်းတစ်စောင်ဖြင့်ပင် သိဒ္ဓိတင် အကဲခတ်နိုင်လေသည်။ တောင်ဖီလာ ဆရာတော်ကား ဝေဿန္တရာပျို့ဟောင်း၊ ယသဝဎ္0x046နကျမ်း စသည်တို့ကိုရေးသားတော်မူ၏။ မနုသာရ ဓမ္မသတ်ကို မနုရာဇာ အမတ်နှင့် ညှိနှိုင်းပြင်ဆင်တော်မူသည်။ ထိုခေတ်က စာပေ အရေးအသားကို လေ့လာသော် ဝါကျရှည် ကြီးများ အသုံးပြုသည်ကို တွေ့ရ၏။ သို့သော် စကားမှာ ရှင်းလင်းပြတ်သည်း၍ အဓိပ္ပာယ် ရှင်းလင်းပြတ်သားသည်။ ရှေးကျသော အသုံးအနှုန်းများကို ပယ်၍ ခေတ်သုံးစကား များကိုသာ သုံးသဖြင့် နားလည်လွယ်လေသည်။
ထိုရဟန်း ပုဂ္ဂိုလ်များအပြင် ရှင်ကရဝိက၊ ဦးကုလား၊ ဝန်ကြီးပဒေသရာဇာ စသော စာဆိုများသည် ဤညောင်ရမ်း ခေတ်တွင် ကျော်ကြားသည့် စာဆိုတော်များ ဖြစ်၏။ ဦးကုလား ရေးသားသော မဟာရာဇဝင်ကြီးသည် ယနေ့တိုင် ရာဇဝင် ဆရာတို့ လက်မလွှတ်နိုင်သော ကျမ်းကြီးဖြစ်၍ ပဒေသရာဇာ၏ ပျို့များ၊ တျာချင်းများ၊ ပြဇာတ်များသည်လည်း မတိမ်ကော နိုင်သည့် စာပေတို့ဖြစ်သည်။
ညောင်ရမ်းခေတ် စာပေအဆင့်အတန်းသည် အင်းဝခေတ်ကို မမီဟု ဆိုရပေမည်။ အင်းဝခေတ်တွင် ထွန်းကားခဲ့သော ပျို့ အရေးအသားသည် တောင်ငူခေတ်တွင် အတန်ပင် တိမ်ငုပ်သွား သော်လည်း ညောင်ရမ်းခေတ်တွင် အနည်းငယ်ပြန်၍ ရေးကြ သည်ကို တွေ့ရ၏။ သို့ရာတွင် အင်းဝခေတ်က အရေး အသားကို မမီချေ။ ညောင်ရမ်းခေတ်တွင် ထူးခြားသော စာပေမှာ စကားပြေ၊ ပြဇာတ်၊ လူတားကဗျာများနှင့် အမေးတော်ပုံကျမ်း၊ တျာချင်းတို့ဖြစ်၏။ ဤစာပေမျိုးသည် လင်္ကာရတုတို့လောက် ကျော်ကြားခြင်းမရှိချေ။ စာဆို ပုဂ္ဂိုလ်များသည် တိုင်းရေးပြည်ရေး၊ ရှုပ်ထွေးမှု ကြောင့် စိတ်မအေးနိုင်ဘဲ စာဖွဲ့လိုစိတ် ကုန်နေရာ အားသစ်ကာ ကြိုးကြိုးစားစား စာပေအားပေးသည့် သဘောဖြင့် ရေးလိုက် ရသဖြင့် ဤမျှအဆင့်အတန်းသာ ရောက်ခြင်းဖြစ်၏။ ညောင်ရမ်းခေတ် စာပေကို ပြန်လည်ပျိုးထောင်သူတို့ထဲတွင် ဝန်ကြီးပဒေသရာဇာကို အထူးချီးကျူးထိုက်၏။ ဝန်ကြီး ပဒေသရာဇာသည် ညောင်ရမ်းခေတ်၏ အခက်အခဲမျိုးစုံကို ကျော်ကာနင်းကာ တပ်ပျက်ဗိုလ်သဖွယ် စာဆို ခေတ်ပျက်ကြီး ကို တည်ဆောက်ခဲ့ရလေသည်။ ပျို့မြောက်မြားစွာကိုလည်း ရေးသားခဲ့၏။ အခြားသူများ မရေးသားခဲ့သော ပြဇာတ် မျိုးကိုလည်း ပြုစုရေးသားခဲ့၏။ သီချင်းကြီး၊ သီချင်းခံ၊ နတ်သံ၊ ဇာတ်ချင်းတို့ဖြင့်လည်း ဂီတကဗျာကို အားပေး ခဲ့လေသည်။
ဤသို့ အင်းဝစာဆို လောကကြီးကို ညောင်ရမ်းခေတ် စာဆိုများက မဆုတ်မနစ်သော ဇွဲသတ္တိဖြင့် အသစ်တစ်ဖန် အသက်သွင်းလာခဲ့ရာမှ သက္ကရာဇ် ၁၁၁၃ ခုနှစ် ဟံသာဝတီ ရောက် မင်းတရားကြီးလက်ထက်တွင် ညောင်ရမ်းစာပေခေတ် သည် ပျက်စီးရပြန်လေ၏။ သို့ရာတွင် အင်းဝစာပေခေတ်ကြီး ပျက်စီးစဉ်ကကဲ့သို့ ဆယ်မရနိုင်လောက်အောင် မပျက်စီးလှ သဖြင့် နောက်တစ်ဖန် ပြန်လည်ထူထောင်သည့် ကုန်းဘောင် ခေတ်စာပေကို ဤညောင်ရမ်းခေတ် စာပေသည် လွန်စွာ အထောက်အပံ့ ဖြစ်စေခဲ့လေသည်။
ကုန်းဘောင်ခေတ် ပထမပိုင်း
[ပြင်ဆင်ရန်]သက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် ညောင်ရမ်းဆက်၏ အင်းဝပြည်ကြီး ပျက်စီးတိမ်းယိမ်း သွားပြီးနောက် မကြာမီပင် မုဆိုးဘိုရွာမှ ဦးအောင်ဇေယျသည် သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် အလောင်းမင်းတရားကြီး ဟူသော ဘွဲ့ကိုခံယူကာ ရတနာသိင်္ဃကုန်းဘောင်ရွှေမြို့တော်၌ ကြငှန်းသစ် ဖွင့်တော်မူလေသည်။ ထိုသက္ကရာဇ် ၁၁၁၅ ခုနှစ်မှစ၍ ငစဉ့်ကူးမင်း နတ်ရွာစံတော်မူသော သက္ကရာဇ် ၁၁၄၃ ခုနှစ်အထိ အချိန်ကာလကို ကုန်းဘောင်ခေတ် ပထမပိုင်းဟု ပိုင်းခြားနိုင်ပေသည်။ ညောင်ရမ်းခေတ်တွင် ပြန်လည်ပြုစုပျိုးထောင်ခဲ့ရသော မြန်မာစာပေ ပင်မကြီးသည် အလောင်းမင်းတရားကြီး လက်ထက်သို့ ရောက်သောအခါ ပွင့်သီးဝေဆာ ခက်လက်ဖြာ၍ တင့်တယ်လာသည်ကို တွေ့ရလေသည်။ ဤအခြေသို့ ရောက်လာအောင် အလောင်းမင်းတရားကြီးသည် စာဆိုပုဂ္ဂိုလ်များကို အမြဲတစေ နှိုးဆော်ချီးမြှင့် မြှောက်စားခဲ့၏။
ကုန်းဘောင်ခေတ် ပထမပိုင်း၌ ပေါ်ပေါက်ထွန်းကားကြသည့် စာဆိုတော်များတွင် ရဟန်းပုဂ္ဂိုလ်နည်းပါး၍ လူပုဂ္ဂိုလ်က များလေသည်။ ရဟန်းပုဂ္ဂိုလ် တစ်ပါးနှစ်ပါးလောက်သာ ထွန်းကား၍ ထိုပုဂ္ဂိုလ်တို့ ပြုစုသော စာပေများသည်လည်း အထူးတလည် မှတ်တမ်းတင်ရလောက်အောင် ကောင်းမွန်သည်ဟု မဆိုနိုင်ချေ။ အတုလဆရာတော်သည် အလောင်းမင်းတရားကြီး လက်ထက်တွင် ပေါ်ထွန်းသော စာဆိုပုဂ္ဂိုလ်ဖြစ်သည်။ ဆရာတော်သည် မုဆိုးဘိုရွာက မြင်းရည်တက်အဖွဲ့ဝင် လူရည်ချွန် ခြောက်ကျိပ်ရှစ်ယောက် တို့၏ စွမ်းရည်သတ္တိကို ဥဒါန်းတွင်ရစ်အောင် ရဲတင်းဟူသော ကဗျာအဖွဲ့တစ်မျိုးကို တီထွင်ဖွဲ့ဆိုခဲ့၏။ ထိုရဲတင်းအဖွဲ့သည် ဝီရရသနှင့် ပြည့်စုံသော်လည်း ပျို့၊ မော်ကွန်း၊ ဧချင်း၊ အဖွဲ့ကဲ့သို့ လေးနက်ခမ်းနားခြင်း မရှိချေ။ လောကုတ္တရာအကြောင်းနှင့်လည်း မဆိုင်ချေ။ သို့ဖြင့် မြန်မာစာပေလောကတွင် အထူးတလည် မှတ်တမ်းတင်ရလောက်အောင် ကောင်းသည်ဟုမဆိုနိုင်။ ထို့ကြောင့် ကုန်းဘောင်ခေတ် ပထမပိုင်း၌ ရဟန်းပညာရှိ ပုဂ္ဂိုလ်တစ်ပါးနှစ်ပါး ပေါ်လာ ငြားလည်း အင်းဝခေတ် ရဟန်းစာဆိုများလောက် မထူးချွန် ကြချေ။ လူစာဆိုများသာ ကျော်ကြားခဲ့လေသည်။ မနုဝဏ္ဏနာ ဓမ္မသတ်ကျမ်းကို စီရင်သော ဝဏ္ဏဓမ္မကျော်ထင်နှင့် ငစဉ့်ကူးမင်း ရွှေနားတော်သွင်း ဧချင်းဆရာ ဦးဖျော်တို့သည် ကုန်းဘောင်ခေတ် ပထမပိုင်း၌ ထင်ရှားသော လူပုဂ္ဂိုလ်များ ဖြစ်ကြ၏။
အခြားထင်ရှားသော စာဆိုများမှာ စိန္တကျော်သူ ဦးဩ၊ လက်ဝဲနော်ရထာ ဦးမြတ်သာနေ၊ လက်ဝဲသုန္ဒရ ဦးမြတ်စံ၊ ရွှေတောင်နန္ဒသူ၊ ရွှေတောင်နန္ဒမိတ်၊ အတွင်းဝန် ဦးညိုနှင့် အမျိုးသမီး နန်းတွင်းစာဆို ငစဉ့်ကူးမင်း၏ မိဖုရားကြီး ရှင်မင်း တို့ ဖြစ်ကြ၏။
သက္ကရာဇ် ၁၁၃၈ ခုနှစ်၌ နန်းတက်သော ငစဉ့်ကူးမင်း ကိုယ်တော်တိုင်ပင် တေးထပ်များကို စပ်ဆိုခဲ့သည် ဟုဆိုလေသည်။ စိန္တကျော်သူ ဦးဩစီရင်သော ကဝိလက္ခဏာ သတ်ပုံသစ်မှာ ကုန်းဘောင်ခေတ်၏ စာပေမှတ်ကျောက်သဖွယ် အလွန် အဖိုးတန်လှလေသည်။ ထိုသတ်ပုံကျမ်းကို ယခုတိုင် စာပေလိုက်စားသူတိုင်း လက်မလွှတ်နိုင်ကြချေ။ ကုန်းဘောင်ခေတ်တွင် ပေါ်ပေါက်လာသော စာပေများမှာ အရေးအသား ပျို့အဖွဲ့အနွဲ့များလည်း ပြန်လည် အသက် ဝင်လာသည်ကို တွေ့ရသည်။ သို့ရာတွင် ထိုပျို့များကို ခြုံကြည့်သော် ပထမအင်းဝခေတ်က ပေါ်ပေါက်ခဲ့သော ပျို့များ၏ အဆင့်အတန်းကို မမီဘဲ ဒုတိယတန်းစား လောက်သာ ရှိသည်ကို တွေ့ရသည်။ စိန္တကျော်သူဦးဩ ရေးသားဖွဲ့ဆိုသော ဩဝါဒထူးပျို့သည် အင်းဝခေတ် ရှင်မဟာရဋ္ဌသာရ ရေးသားသော လောကသာရပျို့တို့ကို မမီချေ။ လက်ဝဲသုန္ဒရ ဦးမြတ်စံ၊ တွင်းသင်းတိုက်ဝန် မဟာစည်သူတို့ ရေးသားသော ပျို့တို့သည်လည်း ပျို့အရေးအသားတွင် တံခွန်စိုက်သော အင်းဝခေတ်က ပျို့များကို မမီချေ။
ဧချင်း အဖွဲ့အနွဲ့တွင်ကား ဧချင်းအရေးအသား ခေတ်စားခဲ့သော တောင်ငူခေတ်၊ ညောင်ရမ်းခေတ် ဧချင်းတို့ထက် ကုန်းဘောင်ခေတ် ဧချင်းက အဆင့်အတန်းမြင့်သည်ဟု ဆိုနိုင်သည်။ ပလိပ်ရွာစား ဦးဖျော်ဖွဲ့ဆိုသော ငစဉ့်ကူးမင်း ရွှေနားတော်သွင်းသည့် ရာဇဝင်ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ သတ်ပုံကျမ်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ဤမျှလောက် ကောင်းမွန် ခမ်းနားသည် အထင်အရှားတွေ့မြင် မှတ်သားရသော ဧချင်းပေါင်း လေးဆယ်ကျော် ငါးဆယ်နီးပါး အနက်တွင် ဤငစဉ့်ကူးမင်းရွှေနားတော်သွင်းဟုလည်း ခေါ်သော ပလိပ်စား ဧချင်းသည် ပထမတန်းစားဧချင်းဖြစ်လေသည်။ ကုန်းဘောင်ခေတ်တွင် ပေါ်ပေါက်သော ထိုဧချင်းတစ်စောင်တည်းကိုပင် မည်သည့်ခေတ်ပေါ် ဧချင်းကမျှ မပြိုင်နိုင်အောင် ရှိလေသည်။ ထို့ကြောင့် ဤဧချင်းကို ကုန်းဘောင်ခေတ်၏ ထူးခြားသော မှတ်တိုင်ကြီးအဖြစ် အသိအမှတ်ပြုကြလေသည်။ ထို့ပြင်တစ်ဝ ညောင်ရမ်းခေတ်က မျိုးစေ့ချရုံသာ ချခဲ့သော ရကန်အဖွဲ့အနွဲ့သည် ကုန်းဘောင်ခေတ်တွင် အပင်ပေါက်အညှောက်ထွက်စ ပြုသည်ဟု ဆိုရပေမည်။
ညောင်ရမ်းခေတ်က ရကန်အရေးအသား စသည်ဟု ခန့်မှန်းရသော်လည်း ရကန်ဟောင်းများကို အထင်အရှား မတွေ့သေးချေ။ ကုန်းဘောင်ခေတ်တွင်သာ ရွှေတောင်နန္ဒသူ ဖွဲ့ဆိုသော ငွေတောင်ရကန်ကို ပထမဆုံး အထင်အရှား နန္ဒသူပင် ရေးသားခဲ့လေသည်။ ထိုရကန် နှစ်စောင်သည် ပထမတန်းစား ရကန်ကြီးများ မဟုတ်သော်ငြားလည်း သစ်ဆန်းသော အဖွဲ့အနွဲ့နှင့် ဟာသဉာဏ်ကွန့်မြူးထားသဖြင့် ကုန်းဘောင်ခေတ် ပထမပိုင်းတွင် တသီးတခြား မှတ်တမ်းတင်ထားလိုက်လှပေသည်။
တေးထပ်နှင့် လေးဆစ်တို့သည်လည်း ကုန်းဘောင် ခေတ်တွင်ပင်
စတင်ပေါ်ပေါက်သည်ဟု ဆိုရပေမည်။ ထိုအဖွဲ့အဆိုမျိုးမှာ
ညောင်ရမ်းခေတ်က အနည်းအကျဉ်းရေးသားခဲ့သည် ဆိုသော်လည်း
မျိုးစေ့ချရုံလောက်သာ ဖြစ်ပေမည်။ ကုန်းဘောင်ခေတ် ပထမပိုင်းကျမှ
အပွင့်ဝေဆာလာသည်ကို တွေ့ရသည်။ ဤခေတ်၌ တေးထပ်နှင့်
လေးဆစ်ကို ရေးသားခဲ့ သူမှာ မိဖုရားကြီး ရှင်မင်းဖြစ်လေသည်။
တိုင်းသစ်ပြည်သစ် တည်ထောင်ရာ၌ တရားအဆုံးအဖြတ် ဓမ္မသတ်ကျမ်းများ လက်ဝယ်ထားရှိရမည်ဖြစ်ရာ ကုန်းဘောင် မင်းများ၏ လုံ့လဥဿဟကြောင့် ဓမ္မသတ်ကျမ်းကြီးများ ပေါ်ထွက်လာခဲ့ရလေသည်။ ထိုဓမ္မသတ်ကျမ်းကြီးများသည် မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့အုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေများကို ဖော်ပြသည့်အလျှောက် ကုန်းဘောင်ခေတ်၏ အဖိုးတန် အမွေ စုကြီးများ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ကုန်းဘောင်ခေတ်၏ ထူးခြားစွာ ပေါ်ထွက်လာသော စာပေတစ်ရပ်ကား ရတနာ့ကြေးမုံ နန်းတွင်းဝတ္ထုကြီး ဖြစ် သည်။
အင်းဝခေတ်၌ ရှင်မဟာသီလဝံသ ရေးသားသော ပါရာယန ဝတ္ထုကဲ့သို့ ဓမ္မကြောင်းလည်း မနွှယ်၊ ဇာတ်သဘင် ကပြရန်လည်း မရည်ရွယ်၊ ဖတ်ရှုဖွယ်ရာ သက်သက်ရေးသားသော ဝတ္ထုဖြစ်သဖြင့် ဤဝတ္ထုမျိုးမှာ ထိုခေတ်ကမှ စတင်ပေါ်ပေါက်သည်ဟု ဆိုရပေမည်။ ယခုကာလပေါ်ဝတ္ထုတို့၏ မျိုးစေ့ချရာ ခေတ်ဟူ၍ လည်း ကုန်းဘောင်ခေတ် ပထမပိုင်းကို ခေါ်ဆိုရပေမည်။ ယင်းသို့ တေးထပ်၊ ရကန်၊ သတ်ပုံကျမ်း၊ ဓမ္မသတ်ကျမ်း၊ ဝတ္ထုစသည်ဖြင့် ဆန်းသစ်သော အဖွဲ့အနွဲ့ အရေးအသားများ ပေါ်ပေါက်ထွန်းကားလာရခြင်းမှာ ဘုရင်မင်းမြတ်များ ကိုယ်တိုင်က စာပေကို လိုက်စား၍ ကျမ်းတတ်ပုဂ္ဂိုလ်များအားလည်း ချီးမြှင့်ထောက်ပံ့ အားပေးမှုကြောင့်ပင် ဖြစ်လေသည်။
ကုန်းဘောင်ခေတ် ဒုတိယပိုင်း
[ပြင်ဆင်ရန်]အမရပူရ မြို့တည်နန်းတည် ဘိုးတော်မင်းကြီး လက်ထက် သက္ကရာဇ် ၁၁၄၄ ခုနှစ်မှ စ၍ သီပေါမင်းတရား ပါတော်မူ သည့် သက္ကရာဇ် ၁၂၄၇ ခုနှစ်အထိ အနှစ်တစ်ရာခန့် အချိန်ကာလကို ကုန်းဘောင်ခေတ် ဒုတိယပိုင်းဟု ပိုင်းခြားသင့်ပေသည်။ ဤခေတ်ကာလမှာ အင်းဝခေတ်ကဲ့သို့ ပျို့သက်သက် ထွန်းကားသော ခေတ်လည်း မဟုတ်၊ တောင်ငူခေတ်ကဲ့သို့ ရတုတံခွန်စိုက်ခေတ်လည်း မဟုတ်၊ ပျို့ရတုနှင့်တကွ ဗေဒင်၊ ဆေးကျမ်း၊ ဘွဲ့၊ ကြိုး၊ ပတ်ပျိုး၊ ယိုးဒယား၊ ပြဇာတ်၊ တရားစာ စသည်တို့ဖြင့် ရောပြွမ်း ထွန်းကားသောခေတ် ဖြစ်လေရကား စာပေအသီးအပွင့်တို့ စွင့်စွင့်ကြွားကြွား ထင်ရှားစွာ သီးပွင့်ကြသော စာပေပဒေသာ ခေတ်ကြီးဟု ခေါ်ဆိုနိုင်ပေသည်။ စာပေပြုစုပျိုးထောင်ကြ ကုန်သော ရဟန်းပညာရှိ၊ လူပညာရှိတို့ကလည်း မိမိတို့၏ လက်စွမ်း ဉာဏ်စကို အထူးပြကြသဖြင့် ပထမတန်းစား ပျို့ကဗျာများဟု မဆိုနိုင်စေကာမူ အင်းဝခေတ် စာဆိုကျော် ပုဂ္ဂိုလ်များ၏ ကဗျာအဆင့်အတန်း နီးပါး ရောက်ရှိနေ သည်ကိုမူ လက်ခံနိုင်ဖွယ်ရာ ရှိပေသည်။
ဤခေတ်တွင် ယိုးဒယား၊ တရုတ်၊ အိန္ဒိယ၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီစသော နိုင်ငံခြားများနှင့် ပိုမိုရင်နှီး ဆက်ဆံ ခဲ့ရသဖြင့် မျက်စိပွင့်လင်းလာ၍ ကမ္ဘာ့ယဉ်ကျေးမှုများကို နည်းယူကာ တိုးတက်ကြံဆောင်နိုင်ခဲ့လေသည်။ ယိုးဒယား နိုင်ငံနှင့် အဆက်အသွယ် ရှိခဲ့ခြင်းဖြင့် ယိုးဒယားသီချင်းများ မြန်မာနိုင်ငံ၌ ပြန့်ပွားလာလေသည်။ ထို့ကြောင့် မြန်မာစာပေ ပင်မကြီးတွင် အကိုင်းကို စည်ပင်ဖွံ့ဖြိုးအောင် မြဝတီဝန်ကြီး အစရှိသော ဂီတစာဆို ပုဂ္ဂိုလ်များက အထူး ကြိုးပမ်း ဆောင်ရွက်ကြ၏။ မြဝတီဝန်ကြီး ဦးစသည် ယိုးဒယားသံဖြင့် ရှိသော တေးသွားများကိုလည်းကောင်း၊ ပသျှူးတေးသွား များကိုလည်းကောင်း မြန်မာမှု ပြုခဲ့လေသည်။
ထို့ပြင် ဆင်ဖြူရှင်မင်းတရားကြီး သည် ယိုးဒယားနိုင်ငံသို့ စစ်ချီတက်၍ အောင်မြင်ခဲ့စဉ်က ယိုးဒယား ကခြေသည်များကို ခေါ်ဆောင်လာခဲ့၏။ ထိုမှရရှိသော ယိုးဒယား ဂီတမျိုးစေ့ကို ဥယျာဉ်မှူးကောင်း များဖြစ်သည့် မြဝတီဝန်ကြီး အစရှိသော ဂီတစာဆိုကြီးများက မလျှော့သော လုံ့လဖြင့် စိုက်ပျိုးခဲ့ကြ၏။ ထိုကြောင့် ဂီတ သဘင်ဘက်တွင် မြန်မာများ ခေတ်သစ် ထူထောင်နိုင်ကြ ပေသည်။ ဂီတကဗျာ သီချင်းများသည် မြဝတီဝန်ကြီး ကဲ့သို့သော ကျွမ်းကျင်သည့် ဂီတဥယျာဉ်မှူးများ ညောင်ရမ်းခေတ်၌ မပေါ်ပေါက်ခဲ့သဖြင့် အသီးအပွင့် ကောင်းများဖြင့် မဝေဆာ နိုင်ခဲ့ချေ။ ဘိုးတော်ဘုရားနှင့် ဘကြီး တော်ဘုရားတို့ လက်ထက် ကုန်းဘောင်ခေတ် ဒုတိယပိုင်းသို့ ရောက်မှသာ ဂီတသီချင်းများ ထူးထူးခြားခြား သားနား ကောင်းမွန်လာလေသည်။
စာပဒေသာခေတ်ဟု ခေါ်ဆိုထိုက်သော ဤကုန်းဘောင်ခေတ် ဒုတိယပိုင်းသည် ဂီတသဘင် ပညာသာ ထွန်းကား သည် မဟုတ်၊ မော်ကွန်းများ အစီအကုံး အနှုန်းအဖွဲ့သည်လည်း များစွာထွန်းကားလေသည်။ ဝက်မစွတ်မြို့စား နဝဒေး တစ်ဦးတည်းကပင် မော်ကွန်း စောင်ရေ အများအပြား ရေသားပြုစုခဲ့လေသည်။
ကင်းဝန်မင်းကြီး၊ စလေဦးပုည စသော စာဆိုကျော်တို့ကလည်း မော်ကွန်းများကို ရေးသားကြလေသည်။ ဤကုန်းဘောင်ခေတ်၏ မော်ကွန်း အရေးအသားများသည် အင်းဝခေတ် အဖွဲ့အနွဲ့များ၏ အဆင့်အတန်းသို့ မရောက်တတ်သေး ဟုဆိုရစေကာမူ မနိမ့်ကျလှချေ။ ထို့ပြင် မှတ်တမ်းတင် မော်ကွန်း အရေအတွက်မှာ အခြားခေတ် များထက် သာလွန်လေသည်။ ထိုကြောင့် ထိုခေတ်ကာလကို မော်ကွန်းခေတ်ကြီးဟူ၍လည်း ခေါ်ဆိုထိုက်ပေသည်။
ဤခေတ်ကြီးသည် ရဟန်း ပညာရှိ၊ လူပညာရှိတို့ အသီးအသီး
လက်စွမ်းပြရာ ခေတ်ကြီးလည်း ဖြစ်၏။ ရာမရကန်ဦးတိုး၊ [[ဝက်မစွတ်မြို့စား
နဝဒေး]]၊ မြဝတီ ဝန်ကြီး ဦးစ၊ ပြဇာတ် ဆရာ ဦးကြင်ဥ၊ စလေ ဦးပုည၊
ကင်းဝန် မင်းကြီး၊ ယောမင်းကြီး ဦးဘိုးလှိုင် စသော ပုဂ္ဂိုလ်ကြီး
များသည် လူပုဂ္ဂိုလ်များ ဘက်တွင် ဦးစီးခေါင်းဆောင် ဖြစ်သကဲ့သို့
မောင်းထောင် သာသနာပိုင်၊ မင်းပူးဆရာတော် ဦးဩဘာသ၊
မုံရွေးဆရာတော်၊ မန်လည် ဆရာတော်နှင့် လယ်တီဆရာတော်
အစရှိသည်တို့လည်း ရဟန်းပုဂ္ဂိုလ် စာဆိုကျော်များ၏ ဦးစီးခေါင်းဆောင်များ
ဖြစ်ကြသည်။
ဆရာတော်ဘုရား ကြီးများ စီရင်ရေးသားခဲ့သော ဆုံးမစာ၊ မေတ္တာစာ၊ပျို့ လင်္ကာကျမ်းစာများသည် အမျိုးလေးပါးတို့ နည်းယူဖွယ် လိုက်နာဖွယ် ကောင်းလှသော စာအမြုတေများဖြစ်လေသည်။ မောင်းထောင် သာသနာပိုင် ဆရာတော်သည် ဂန္တရနှံ့စပ်သည်။ သက္ကတ သာဘာလည်း တတ်ကျွမ်း တော်မူသည်။ နဝဒီပ၊ သီဟဠဒီပအစရှိသော အရပ်များက ဆောင်ယူလာသည့် သဒ္ဒါကျမ်း၊ ဗျာကရိုဏ်းကျမ်း၊ ဓာတ်ကျမ်း၊ အလင်္ကာကျမ်း၊ အဘိဓာ၌ကျမ်း၊ ဗေဒင်ကျမ်း၊ ဆေးကျမ်း အစရှိသည့် ကျမ်းပေါင်း ၁၁ မျိုး စောင်ရေ ၂၅၃ အနက် သာသနာပိုင် ဆရာတော်သည် ကျမ်းပေါင်း ၂၃ ကို အနက် မြန်မာပြန်သည်။ မင်းပူး ဆရာတော် ဦးဩဘာသကား လင်္ကာ စကားပြေ နှစ်ထွေ ရော၍ ရေးသားအပ်သော ဇာတ်တော်ကြီး များနှင့်ပင် ထူးချွန် ကျော်ကြားခဲ့လေသည်။ မုံရွေး ဆရာတော်ဘုရားကြီးက လည်း ထုံးဟောင်းသာဓကများနှင့် တကွ ၅၅ဝ ဇာတ်နိပါတ် တော်များမှ ကောက်နုတ်ချက် ထုံးတမ်း သက်သေများ၊ ရာဇဝင်မှ နည်းယူမှတ်သားလောက်သော သာဓကများကို ထည့်သွင်း၍ အမျိုး လေးပါးတို့အား ဆုံးမဩဝါဒပေးရန် 'ရာဇောဝါဒ' ခေါ်သော မုံရွေး မေတ္တာစာ တစ်စောင် ရေးခဲ့လေသည်။ ယင်းကား အလွန်နက်နဲသော ဆုံးမစာ မေတ္တာစာ ကြီးပင် ဖြစ်လေသည်။ မန်လည် ဆရာတော်ဘုရား ကြီးကလည်း မာဃဒေဝလင်္ကာသစ်ကြီး တစ်စောင်တည်းဖြင့် မဟာသုတကာရီ အမည်နှင့် လိုက်လျောအောင် လူတို့အား ဗဟု သုတပေး၍ ဆုံးမခဲ့လေသည်။ လယ်တီ ဆာရာတော် ဘုရားကြီးသည် သေရည်သေရက် မသောက်စားရန်၊ သတ္တဝါ များအပေါ် ည|ာတာ သနားရန်၊ အကုသိုလ်တို့ကို ရှောင်ကြဉ် ရန် မေတ္တာစာမြောက်မြားစွာရေး၍ ဩဝါဒပေးခဲ့သည်။
ထိုရဟန်း ပုဂ္ဂိုလ် စာဆိုကျော်တို့သည် ဂန္တရ ဗဟုသုတ၊ ဘာသန္တရ ဗဟုသုတ စသည်တို့ဖြင့် လွန်စွာပြည့်စုံတော်မူလှ သဖြင့် ဆရာတော် ဘုရားတို့ စီရင်ရေးသားခဲ့သော ကဗျာ လင်္ကာ ကျမ်းစာ စသည်တို့သည် လောကီ ကောကုတ္တရာ နှစ်ဖြာအတွက် အဖိုးတန် စာအမြုတေကြီးများဟု ခေါ်ဆို ရပေမည်။ ထိုခေတ်တွင် အမျိုးအမီး စာဆိုတော် အမြောက်အမြား ပေါ်ထွက်သည်ကိုလည်း တွေ့ရလေသည်။ အနောက် နန်းမိဖုရား မမြကလေးနှင့် သမီးတော် လှိုင်ထိပ်ခေါင်တင် တို့သည် အမျိုးသမီး စာဆိုများဘက်တွင် ပထမတန်းစား စာဆို များဖြစ်၍ ယောက်ျားစာဆိုများနှင့် ယင်ပေါင်တန်း လိုက်နိုင်ခဲ့ ကြ၏။
အမျိုးသမီးစာဆိုများ၏ အဖွဲ့အနွဲ့များသည် ယဉ်လှ နုလှ၏။ ဇာတိအားဖြင့် မိန်းမသားများ ဖြစ်ကြသည့် အပြင် နန်းတွင်းသူများလည်း ဖြစ်ကြသောကြောင့် အနု အယဉ်တွင် တုမယှဉ်နိုင်အောင် ကောင်းမွန်လှ၏။ ထိုမျှပင်မကသေး အမျိုးသား စာဆိုများ ဖွဲ့နွဲ့ခြင်းမရှိခဲ့သေးသော အဲ၊ အန်၊ ဘောလယ် စသော အဖွဲ့ဆန်းများကို အမျိုးသမီး စာဆိုများက စတင်တီထွင် ဖွဲ့နွဲ့ခဲ့သဖြင့် ပိုမို ချီးကျူး ထိုက်လှ၏။ နန်းတွင်းသူ စာဆိုများသည် အပျော်ဖတ်ရန် သက်သက် ရည်ရွယ်ချက်ဖြင့် နန်းတွင်းဇာတ်တော်ကြီးများကို လည်း ပြုစုခဲ့ကြ၏။ အနောက်နန်း မိဖုရားနှင့် သမီးတော် တို့သည် ဣန္ဒာဝံသ စသော နန်းတွင်းဇာတ်တော်ကြီးများကို တခမ်းတနား ဖတ်ရှု၍ မငြီးနိုင်အောင် ရေးသားနိုင်ခဲ့လေသည်။
ဤသို့ အမျိုးသမီးစာဆိုများဘက်မှ ဆန်းသစ်သော စာနုစာယဉ် မြောက်မြားစွာ ပေါ်ထွက်လာနိုင်သဖြင့် ကုန်းဘောင်ခေတ် ဒုတိယပိုင်းသည် အထူးတင့်တယ် ဂုဏ်ယူဖွယ်ကောင်းလှသည်။ ကုန်းဘောင်ခေတ် ဒုတိယပိုင်းတွင် နန်းတွင်း ဇာတ်တော် ကြီးများသာမက ရိုးရိုး ဇာတ်သဘင်များလည်း ထွန်းကား လာသည်ကို တွေ့ရ၏။ ဤသို့ သဘင်ပွဲလမ်းများ ထွန်းကား ပေါ်ပေါက်လာခြင်းသည် တေးဂီတ သီချင်းများထွန်းကားမှု အပေါ်၌ များစွာတည်နေ၏။ ကုန်းဘောင်ခေတ်မှာ ဂီတ သီချင်းများ အထွန်းကားဆုံးသော အချိန်ဖြစ်၍ ထိုဂီတကို မှီးကာ ဇာတ်ပွဲများ တပါတည်းပေါ်ပေါက်လာလေသည်။ ရုပ်စုံ စင်တော်ကြီးများလည်း ထိုခေတ်တွင် ပေါ်ပေါက်ခဲ့လေသည်။ ယင်းသို့ စင်တင်၍ ကပြရန် ရုပ်သေး သဘင်များ၊ ဇာတ်ပွဲများ ပေါ်ပေါက်လာသည်နှင့်အတူ ပြဇာတ်အရေးအသားများ ထွန်းကား ခေတ်စားလာလေသည်။
ပြဇာတ်များမှာ ညဉ့်လုံး ပေါက် ကပြရန် ဖြစ်၍ ပြဇာတ်တိုကလေးများကို စတင် ရေးသားကြလေသည်။ ရှေးခေတ်များက အီနောင်၊ ရာမ စသော နန်းတွင်းပြဇာတ်ကြီးများ ပေါ်ပေါက်ခဲ့သော်လည်း လွန်စွာ ရှည်လျား ငြီးငွေ့ဖွယ် ကောင်းသေားကြောင့် ဇာတ်ပွဲကပြ ခင်းကျင်းရန် မသင့်လျော်လှချေ။ ထိုကြောင့် တညဉ့်တွင်းနှင့် ဇာတ်ကွက် လည်၍ ဇာတ်ခန်းဆုံးသည်အထိ ကပြနိုင်ရန် ဒေဝကုမ္ဘန်၊ ပါပဟိန်း စသောဒဏ္ဍာရီ ပြဇာတ်တိုကလေးများကို ဦးကြင်ဥက တီထွင်ရေးသားခဲ့လေသည်။ ထိုပြဇာတ်များမှာ ဆရာကြီးဦးကြင်ဥ၏ ထင်ရှားသော ပြဇာတ်များဖြစ်၏။ စလေဦးပုညကလည်း ဇာတ်နိပါတ် မဟာဝင်တို့ကို မှီး၍ ဝေဿန္တရာ၊ ရေသည်၊ ဝိဇယ စသော ပြဇာတ်များကို ညဉ့်လုံးပေါက် ကပြရန် ရေးသား ခဲ့သည်။ ယင်းသို့ဖြစ်၍ ကုန်းဘောင်ခေတ် ဒုတိယပိုင်းကို ပြဇာတ်ခေတ်ဟုလည်း ခေါ်ဆိုနိုင်ပေသည်။
ကုန်းဘောင်ခေတ် ဒုတိယပိုင်း၌ မေတ္တာစာ အရေးအသား သည်လည်း တမူထူးခြားကာ မျာစွာခေတ်စား၍ လာလေ သည်။ ရှေးအခါက မေတ္တာစာများကို များသောအားဖြင့် ဘုရင်မင်းမြတ်တို့သို့ တင်သွင်းခဲ့ကြသော်လည်း ကုန်းဘောင် ခေတ်သို့ ရောက်သောအခါ မေတ္တာစာ အရေးအသားကို ဆွေမျိုးမိတ်ဆွေတို့ အချင်းချင်း ကမ်းလှမ်းပေးပို့သော စာအဖြစ် အသုံးပြုလာကြလေသည်။ စလေ ဦးပုညသည် မေတ္တာစာရေးရာတွင် ခေါင်ကနာမည်ထွက်ခဲ့သူဖြစ်သည်။ မုံရွေး ဆရာတော်၊ ကျည်းကန် ရှင်ကြီး၊ ရှင်ဥက္ကံသမာလာ၊ ကင်းဝန် မင်းကြီး၊ လယ်တီ ဆရာတော်တို့သည်လည်း မေတ္တာစာ အမြောက်အမြား ရေးသားခဲ့ကြ၏။ ယင်းသို့ ပင်ကိုဉာဏ် ထုတ်၍ ရေးသားသော ပျို့ကဗျာများသာ ထွန်းကားသည် မဟုတ်။ ပိဋကတ်တော်လာ ပါဠိကျမ်းဂန်များနှင့် သက္ကတ ဘာသာရေး ဗေဒင်ကျမ်း စသည်တို့ကို ဆရာတော်များက မြန်မာပြန်ဆို ရေးသားမှုမှ များစွာအားရဖွယ်ရာ ရှိလှလေသည်။ ထို့ကြောင့် ဤကုန်းဘောင်ခေတ် ဒုတိယပိုင်းကို မြန်မာပြန် ခေတ်ဟူ၍လည်း ခေါ်ဆိုထိ်ုက် ပေသည်။ ယင်းသို့လျှင် လင်္ကာ၊ စကားပြေ စသော အဖွဲ့အမျိုးမျိုး တို့ဖြင့် တန်ဆာဆင်အပ်သော စာပေပဒေသာ ကုန်းဘောင် ခေတ်ကြီးသည် ကျွမ်းကျင်သူ ပညာရှင် စာဆိုကျော်တို့၏ ဂုဏ်ကျေးဇူးကြောင့် မြန်မာ စာပေသမိုင်းတွင် ကြွားကြွားဝင့်ဝင့် လန်းလန်းတင့်လျက် တည်ရှိနိုင်ခဲ့လေသည်။
မျိုးခြားခေတ်နှင့် လွတ်လပ်ပြီးခေတ်စာပေ
[ပြင်ဆင်ရန်]ကောဇာသက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက်နေ့တွင် မြန်မာနိုင်ငံတဝန်းလုံး အင်္ဂလိပ် နယ်ချဲ့တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်မှ အစ၊ ယနေ့ အထိ တည်ရှိသော စာပေနှင့် လွတ်လပ်ရေးရပြီး နောက်တွင် လွတ်လပ်ပြီးခေတ် စာပေဟု အမည်ပေးသင့် ပေသည်။ ယင်းသို့ ထီးကျိုး စည်ပေါက်ရသည့် ခေတ်တွင် မြန်မာ စာပေ လောကသည် ရှေး ယခင်ခေတ်များကဲ့သို့ အရှိန်အဝါ တိုးတက်နေမည်ကား မဟုတ်ချေ။ ခေတ်အဆက်ဆက်က စာဆိုပညာရှိကြီးများ၏ မလျှော့သော လုံ့လ၊ စွဲမြဲသော ဝိရိယဖြင့် ပြုစုပျိုးထောင်းခဲ့သော စာပေပင်မကြီးသည် အသီးအပွင့်တို့ဖြင့် ဝေဆာ မြိုင်ဆိုင် တင့်တယ်လာရာမှ မျိုးခြားလက်အောက်သို့ အရောက်တွင် သွေ့ခြောက်ညှိုးနွမ်း သွားဖွယ်ရာရှိ၏။ သို့ရာတွင် စာပေလောက၌ မှတ်တမ်းတင် ချီးကျူးထိုက်သော ပညာရှိ ကြီးများ၏ ကြိုးပမ်းမှုကြောင့် သွေ့ခြောက်လုဆဲဆဲ မြန်မာစာပေ ပင်မကြီးသည် အသွင်သစ် အဆင်ဆန်းဖြင့် ဝေဆာ ရွှင်လန်းလာပြန်လေသည်။ နှစ်ပေါင်း အစိတ်ကျော် သုံးဆယ်နီပါး အင်္ဂလိပ်စာသည် ရေပန်းစားလျက် မြန်မာစာသည် တိမ်ကော ပျောက်ကွယ် လုမတတ် ရှိနေရာမှ ဝိုင်၊ အမ်၊ ဘီ၊ အေ ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီးကြောင့် မြန်မာစာပေ ပင်မကြီးသည် ပြန်လည် အသက်ဝင်လာ လေသည်။ ဝိုင်၊ အမ်၊ ဘီ၊ အေ အသင်းကြီးကို ၁၉၁၆ ခုနှစ်တွင် ဦးဘဘေ၊ ဦးလှဖေ၊ ဦးမောင်ကြီး၊ ဦးလှအောင်၊ ဒေါက်တာ ဘရင် အစရှိသော ပုဂ္ဂိုလ်ကြီးများက ဦးစီး၍ တည်ထောင်ခဲ့လေသည်။
ထိုအသင်းကြီးသည် ၁၉၁၁ ခုနှစ်ဇူလိုင်လ ၄ ရက်နေ့ညတွင်တည်ထောင်ခဲ့သော သူရိယ သတင်းစာကို ကြွေးကြော်သံအဖြစ် ပြည်သူလူထု၏ ဟစ်တိုင်အဖြစ် အသုံးပြုလေသည်။ ယခင် ခေတ်ဟောင်း မြန်မာစာပေ အရေးအသားမှာ များသောအားဖြင့် ကဗျာ လင်္ကာတို့ဖြင့် တန်ဆာဆင်လျက် ရှိ၏။ စကားပြေ အရေးအသားကား အလွန်အားနည်း နေသည်ကို တွေရသည်။ တောတောင် ရေမြေ သဘာဝ အလှအပ တို့ကိုလည်းကောင်း၊ မယ်ဖွဲ့ မောင်ဖွဲ့ အလွမ်းဖွဲ့ အရှိုက်ဖွဲ့တို့ကိုလည်းကောင်း၊ ဇာတ်နိပါတ်တော်များလာ ပျို့လင်္ကာတို့ကိုလည်းကောင်း၊ သာယာငြိမ့် ညောင်းစွာ ဖွဲ့ဆိုခဲ့ ကြသော်လည်း၊ မျိုးခြားလက်အောက်တွင်မူ ထိုပျော်ရွှင်မှု သာယာမှုတို့ကို ဂရုမထားနိုင်တော့ချေ။ လွတ်လပ်ရေး ရရှိရန် ကိုသာ လှောင်ချိုင့်ငှက်ပမာ အာသာပြင်းပြနေသည့် ဝိုင်၊ အမ်၊ ဘီ၊ အေ ခေတ် စာပေသမားမျာသည် အနု အယဉ် စာပေ များကို လက်လွှတ်လျက် ညီညွတ်ရေး၊ ဇာတိသွေး ဇာတိမာန် တက်ကြွရေးတို့ကို အရေးပေးသော စာများကို သူရိယ သတင်းစာမှတစ်ဆင့် တိုင်းပြည်လူထုသို့ တွင်တွင်ကြီး ဖြန့်ချိလျက် ရှိနေကြ၏။ အမျိုးကို စာပေဖြင့် မြှင့်တင်ပေးသော ပုဂ္ဂိုလ်တို့အထဲတွင် မစ္စတာမောင်မှိုင်း အမည်ခံ လွတ်လပ်ပြီး ခေတ်တွင် အလင်္ကာကျော်စွာ ဘွဲ့ရဆရာကြီး ဦးလွန်းသည် အထူး မှတ်တမ်းတင်ထိုက်သော ပုဂ္ဂိုလ်ကြီးဖြစ်ပေသည်။
၁၉၂ဝ ပြည့်နှစ်တွင် ဝိုင်၊ အမ်၊ ဘီ၊ အေ အသင်းများကို စုစည်းလျက်
ဂျီ၊ စီ၊ ဘီ၊ အေ(ဗုဒ္ဓဘာသာ မြန်မာအသင်းချုပ်) အဖြစ် ဖွဲ့စည်းကာ
ပညာရေး၊ စီးပွားရေး၊ ကြီပွားရေး၊ စာရိတ္တ မြှင့်တင်ရေး စသည်တို့ကို
ဆောင်ရွက် ကြလေသည်။
သူရိယ သတင်းစာကိုလည်း စာပေမြှင့်တင်ရာ ဌာနကြီး
တစ်ခုအဖြစ်အသုံးပြုကြ၏။ ထို ၁၉၂ဝ ပြည့်နှစ်၊ ကောဇာသက္ကရာဇ်
၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်နေ့တွင် အင်္ဂလိပ်
အစိုးရတို့ အဓမ္မပြဋ္ဌာန်းလိုက်သော ရန်ကုန် ယူနီဗာစတီ အက်ဥပဒေကို
ကန့်ကွက်သည့် အနေနှင့် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်
ကျောင်းသားကြီးများသည် တက္ကသိုလ် ကျွန်ပညာကို
သပိတ်မှောက်ကြလေသည်။ ဤသပိတ်မှောက် မှုကြီးသည် မြန်မာပြည်
ပညာရေးအဆင့်အတန်းနှင့် မြန်မာစာပေ အဆင့်အတန်းကို မြှင့်တင်ပေးခဲ့၏။
မြန်မာပြည်တဝန်းလုံးတွင် မြန်မာစာကို အားပေးသော အမျိုးသား
ကျောင်းကြီးများ ပေါ်ပေါက်စေခဲ့သည်သာမက ရန်ကုန်မြို့ ဗဟန်းရပ်ကွက်တွင်
အမျိုးသား ကောလိပ်ကြီးတစ်ခု တည်ထောင်နိုင်ခဲ့လေသည်။
ထိုနောက် မျိုးချစ်စိတ်ထက်သန်လှသော သခင်အမည်ခံ လူငယ်လူရွယ်များသည်
၁၉၃ဝ ပြည့်နှစ်တွင် တို့ဗမာ အစည်းအရုံးကြီးကို တည်ထောင်ရာ
မျိုးချစ်စိတ်ထက်သန်ရေး၊ စာပေမြှင့်တင်ရေးတို့ကို အင်တိုက်
အားတိုက်ဆောင်ရွက် လေသည်။
စာပေ မြှင့်တင်ရေး၌ အထူးသဖြင့် ဘာသာခြားစာပေမှ မြန်မာပြန်ဆို
ရေးသားမှုကို ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်ကြ လေသည်။
မြန်မာပြန်ဆိုရေးသားခြင်းမှာ ယခုမှသာ ပေါ်ပေါက် လာသည်မဟုတ်၊
ကုန်းဘောင်ခေတ် ဒုတိယပိုင်း အစဦး လောက်ကပင် အင်ရှိ အားရှိ
ပေါ်ပေါက်ခဲ့ပြီး ဖြစ်လေသည်။ ထိုစဉ်က အိမ်နီးချင်း နိုင်ငံများက စာပေကို
မြန်မာပြန်ဆို ခြင်းဖြစ်သော်လည်း တို့ဗမာအစည်းအရုံး ခေတ်တွင်မူ
ကမ္ဘာ့စာပေအများ ပါဝင်သော အင်္ဂလိပ်ဘာသာမှ မြန်မာ ပြန်ဆိုခြင်းဖြစ်၏။
သခင်ဘသောင်း၊ သခင်သိန်းမောင် အစရှိသော တို့ဗမာ အစည်းအရုံး
ခေါင်းဆောင်များသည် မြန်မာပြန်ဆို ရေးသားမှု၌ ဦးတည်ခေါင်းဆောင်သော
လူငယ် လူရွယ်များအဖြစ် မှတ်တမ်း တင်ရပေမည်။ ယင်းသို့
ကမ္ဘာ့စာပေများကို မြန်မာ ပြန်ဆိုခြင်းဖြင့် မြန်မာစာပေလောကကို
တစ်ဘက်တစ်လမ်းမှ မြှင့်တင်ပေးနေ ကြသည်နည်းတူ ရှေးပညာရှိများ
စီရင်ပြုစုခဲ့သော စာဟောင်း ပေဟောင်းများကို ရှာဖွေစုစောင် ဖြန့်ချိရန်
ကြိုးစားလျက် ရှိသော အသင်းကြီးတစ်ခုကိုလည်း တွေ့ရ၏။
ထိုအသင်းကြီး မှာ ၁၉၁ဝ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံရေး
လုံးဝမဘက် ဝိဇ္ဇာ သိပ္ပံ ပညာရပ်များနှင့် စာပေတိုးတက်မှု သက်သက်ကိုသာ
အဓိက ရည်ရွယ်ချက်ဖြင့် မစ္စတာဖာနီဗယ်၊ ဦးမေအောင် အစရှိသော
ပုဂ္ဂိုလ်ကြီးများ တည်ထောင်ခဲ့သော မြန်မာနိုင်ငံ သုတေသန အသင်းကြီး
ဖြစ်လေသည်။
စာပေနှင့် သက်ဆိုင်သော ဟောပြောပွဲများ၊ ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ကြ၏။
ထိုသုတေသန အသင်းကြီး၏ ကျေးဇူးကြောင့် တိမ်မြုပ်လုဆဲဆဲ ဖြစ်နေသော
ရှေးဟောင်း မြန်မာစာပေသည် တစ်ဖန် ဆန်းသစ်လာပေသည်။
ထိုအသင်းကြီးတွင် နှစ်ပေါင်းများစွာ ရာထူးအမျိုးမျိုး၌ ပါဝင် ဆောင်ရွက်လျက်
မြန်မာစာပေ လောကကို ချီးမြှင့် ထူထောင်သော ပုဂ္ဂိုလ်ကြီး တစ်ဦးကား
ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ပါမောက္ခ ဦးဖေမောင်တင်
ဖြစ်ပေသည်။ မစ္စတာ ဖာနီဗယ်၏ အကြံပေးချက်အရ ၁၉၄၈ ခုနှစ်တွင်
မြန်မာနိုင်ငံ ပညာပြန့်ပွားရေး အသင်းကြီးပေါ် ပေါက်လာ ပြန်သည်။
အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် လစဉ်ထုတ်ဝေသော 'ဂန္ဓလောက'
စာစောင်သည် ထိုအသင်း၏ကြွေးကြော်သံဖြစ်၏။
ထိုစာစောင်တွင် နိုင်ငံရေး၊ ပညာရေး၊ ဘောဂဗေဒပညာနှင့် ခေတ်ဟောင်းစာပေ၊
ခေတ်သစ်စာပေများကို ရေးသားထုတ်ဝေ လိုက်ရာ မြန်မာစာပေလောကသည်
အတန်ပင် တင့်ရွှန်း လာလေသည်။ အထူးသဖြင့် ခေတ်စမ်းကဗျာနှင့်
ခေတ်စမ်း စာပေများကို ဤအသင်းကြီးက မွေးထုတ်ပေးလိုက်သည်ဟု
ဆိုနိုင်ပေသည်။ ခေတ်စမ်း ကဗျာနှင့် ခေတ်စမ်း စာပေများတွင် ဦးဦးဖျားဖျား
ပါဝင်ကြသူများမှာ သိပ္ပံမောင်ဝ (ဦးစိန်တင်)၊ တက္ကသိုလ် မောင်သန့်စင်
(ဦးအေးမောင်)၊ ဇော်ဂျီ (ဦးသိန်းဟန်)၊ မင်းသုဝဏ်(ဦးဝန်)၊
ကုသ(ဦးတိုးအောင်) စသူတို့ ဖြစ်ကြ၏။
ခေတ်စမ်းကဗျာနှင့် စာပေကို စတင်မျိုးစေ့ချရသည်မှာ လွယ်ယောင်နှင့်ခက်
တိမ်ယောင်နှင့်နက်လှ၏။ အချို့သော ပညာရှင်များက ခေတ်စမ်းသမားများကို
မြန်မာစာပေ အဖျက်သမားများဟု အပြင်းအထန် ဝေဖန်ကြသော်လည်း
ခေတ်စမ်းသမားတို့၏ မလျှော့သော လုံ့လကြောင့် ခေတ်စမ်း ကဗျာနှင့်
စာပေမှာ နက်ကျယ်ရှိုင်းဝှမ်းလာပြီးလျှင် လူကြိုက်များလာလေသည်။
ထိုခေတ်စမ်း သမားများ၏ ကောင်းမှုကြောင့်လျှင်ပင် ယခုခေတ် မြန်မာစာသည်
တည်တံ့ခိုင်မြဲလာသည်ဟု ဆိုရပေမည်။ဤသို့ သစ်ဆန်းပွင့်လန်းသော
မြန်မာစာပေခေတ် တစ်ဖန်ထွန်းပေါ်လာအောင် အားပေးမြှင့်တင်
အကြံပေးဆော်ဩသူ တို့တွင် မစ္စတာ ဖာနီဗယ်၊ မစ္စတာ တော်စိန်ခို၊
မစ္စတာ လုစ်၊ ဦးဖေမောင်တင် စသော စာပေပညာရှိကြီများလည်း
ပါဝင်သည်။
မစ္စတာ ဖာနီဗယ်သည် အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်းတစ်ဦးဖြစ်၍ မြန်မာလူငယ်များ အတွက် ပညာရေးထူထောင်ရန် အထူးကြိုးပမ်းသူဖြစ်၏။ မစ္စတာ တော်စိန်ခိုမှာ မြန်မာစာပေကို မြတ်နိုးသော တရုတ် အမျိုးသား တစ်ဦးဖြစ်လျက် သာသနာပိုင် ခန့်ထားရေးကိစ္စ၊ ပထမပြန် စာမေးပွဲ၌ သီလရှင်များ ဝင်ရောက်ဖြေဆိုခွင့်ပြုရန် ကိစ္စ၊ တက္ကသိုလ်၌ မြန်မာစာပေကို သီးခြားဘာသာရပ်တစ်ခု အနေဖြင့် သင်ကြားရန်၊ ကိစ္စ၊ ရှေးဟောင်းစာပေနှင့် သမိုင်းကို ဖော်ရေးကိစ္စတို့ကို ဆောင်ရွက်ခဲ့လေသည်။ မစ္စတာ လုစမှာ ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အရှေ့အဖျား ရာဇဝင် ပါမောက္ခတစ်ဦး ဖြစ်ခဲ့သည့်ပြင် ရှေးဟောင်းမြန်မာ စာပေနှင့် ကျောက်စာများကို အထူးလေ့လာကာ မြန်မာ စာပေလောကကို ထိရောက်စွာ မြှင့်တင်ခဲ့သော ပုဂ္ဂိုလ်ဖြစ်ပေသည်။
ဤသို့ တစ်ဘက်မှ ရှေးဟောင်းမြန်မာစာပေများကို အမြတ်တနိုး ဆည်းပူးပြုစုနေစဉ် တို့ဗမာ အစည်းအရုံးဝင် သခင် လူငယ်များ ပျိုးထောင်ခဲ့သော စာပေလောကသည် အတန်ပင် သန်စွမ်း ကြီးထွားလာသည်ကို တွေ့ရ၏။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားခါနီးတွင် သခင်နု၊ ဗမာ့ခေတ် ဦးအုန်းခင်၊ မြန်မာ့အလင်း ဦးတင်စသော လူငယ်များ စုပေါင်းကာ နဂါးနီ စာအုပ် အသင်းကို တည်ထောင်ကြ၏။ ထိုအသင်းမှ မြန်မာပြန်ဆိုထုတ်ဝေသော အထူးသဖြင့် နိုင်ငံရေးစာအုပ် စာတမ်းများကို မျိုးချစ်လူငယ်များသည် အားပါတရ ဖတ်ရှု လေ့လာကြ၏။ ထိုနဂါးနီ စာပေခေတ်တွင် မြန်မာပြန်ဆိုမှု၌ စကားသစ် စကား ဆန်းများ ကြွယ်ဝတိုးပွား လာလေသည်။
ယင်းသို့ မြန်မာစာပေအရေးအသားသည် ဆန်းသစ်စွာ အရှိန်ယူ၍ ကောင်းနေစဉ် ဒုတိယ ကမ္ဘာစစ်မီးကြီး ဟုန်းဟုန်း တောက်လာသောအခါ မြန်မာစာပေလောကသည် အတန်ငယ် ရပ်တန့်သွားသကဲ့သို့ ရှိနေလေသည်။ သို့ရာတွင် တစ်နိုင်ငံလုံး လွတ်လပ်ရေး စိတ်ဓာတ်များ လျှမ်းလျှမ်းတောက် ဖြစ်ပေါ် နေချိန် ဖြစ်ရကား နိုင်ငံရေးနှင့် တော်လှန်ရေးကို အားပေးသော စာပေများ ပေါ်ပေါက်လာရန် ဖန်တီးပေးသကဲ့သို့ ဖြစ်လာ လေသည်။ မြန်မာစာပေနှင့် စပ်လျဉ်း၍ စစ်အတွင်း မှတ်သားဖွယ်ကောင်းသော မှတ်တိုင် တစ်ခုသည်ကား ကောဇာသက္ကရာဇ် ၁၃ဝ၆ ခုနှစ် နတ်တော်လဆန်း ၁ ရက် နေ့ကို အစိုးရနှင့် ပြည်သူတို့က ပထမဆုံးသော စာဆိုတော် နေ့ကြီးအဖြစ် သတ်မှတ်နိုင်ခြင်းပင် ဖြစ်ပေသည်။ နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ကြသည်မှာ ရှေးမြန်မာဘုရင်များ လက်ထက်ကလည်း နတ်တော်လတွင် စာဆို ပညာရှိကြီးတို့အား ဆုလာဒ် ချီးမြေ|ာက်စမြဲ ဖြစ်သောကြောင့်ပင်။ ထိုနှစ်မှစ၍ မြန်မာနိုင်ငံ စာရေးဆရာ အသင်း၏ လုံ့လ ပယောဂကြောင့် တစ်နှစ် တစ်ကြိမ် စာဆိုပညာရှိကြီးများအား ကန်တော့ပူဇော်သည့် စာဆိုတော်နေ့သည် တည်မြဲလျက် ရှိလေသည်။
သီပေါ မင်းတရာကြီး ပါတော်မူပြီးသည့် နောက်တခေတ်တွင် ကာလပေါ်ဝတ္ထု အရေးအသားများ အထူးပေါ်ထွက်ခဲ့လေသည်။ ခေတ်ဟောင်း မြန်မာစာပေ သမိုင်းကို လေ့လာလျှင် ဇာတ်နိပါတ်များကို မှီငြမ်းမပြုဘဲ စိတ်ကူးဉာဏ် သက်သက်ဖြင့် ရေးသားခဲ့သော ဝတ္ထုမျိုးမှာ ကုန်းဘောင်ခေတ်ဦး၌ ပေါ်ပေါက်လာသော ရတနာ့ကြေးမုံ ဝတ္ထုကို အထီးတည်း တွေ့ရမည် ဖြစ်၏။ ထိုအချိန်မှစ၍ လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝ ခန့်အတွင်း ကာလပေါ်ဝတ္ထု သဘောသက်ရောက်သော ဝတ္ထု အရေးအသားကို မတွေ့ရချေ။ ၁၉ဝ၂ ခုနှစ်တွင် ဦးဘိုးဇော် ပြန်ဆိုသော ရော်ဗင်ဆန် ကရူးဆိုးနှင့် ၁၉ဝ၄ ခုနှစ်တွင် ကောင့်အော့မွန်တီကရစ္စတို ဝတ္ထုကို မှီငြမ်းပြုသော ဂျိမ်းလှကျော်၏ မောင်ရင်မောင် မမယ်မ ဝတ္ထုတို့ ပေါ်ထွန်းခဲ့၏။ ထိုဝတ္ထုနှင့် မရှေး မနှောင်း၌ပင် ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထု၊ မောင်တာနောဝတ္ထု၊ စိန်ကလေး ဝတ္ထု ဘီအေမောင်ဘသန်း ဝတ္ထု၊ စပယ်ပင်ဝတ္ထုနှင့် ရွှေပြည်စိုးဝတ္ထုစသည်တို့ ပေါ်ခဲ့၏။ ( မောင်ရင်မောင် မမယ်မ ဝတ္ထု မောင်မှိုင်းဝတ္ထု၊ ချဉ်ပေါင် ရွက်သည်။) ( မောင်တာနော ဝတ္ထု။) ( မြန်မာ ကာလပေါ် ဝတ္ထုများ။)
ထိုနောက်မစ္စတာ မောင်မှိုင်း၏ မှာတော်ပုံဝတ္ထု၊ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး၏ ရာဇဝင် ဝတ္ထုတော်ကြီးများ၊ ပီမိုးနင်း၏ ကာလပေါ် ဝတ္ထုများ ပေါ်လာလေသည်။ ထိုခေတ် အတွင်း၌ပင် မဂ္ဂဇင်းများ၊ ဂျာနယ်များ စသည်တို့ အဆက်မပြတ် ထွက်ပေါ်လာလေသည်။
ဝတ္ထုများ ထွန်းကားလာသည်နှင့်အမျှ မြန်မာပြန်ဆိုမှုသည် လည်း ခေတ်စားလာလေသည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်၍ နဂါးနီအသင်းကြီး ပျက်စီးခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ပြန်လည်း ထူထောင်ရေး စီမံကိန်းအရ ဘာသာခြား စာပေ များကို မြန်မာဘာသာသို့လည်းကောင်း၊ မြန်မာ စာပေများကို နိုင်ငံခြား ဘာသာသို့လည်းကောင်း ပြန်ဆိုဖြန့်ချိရန် အတွက် ၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းကို တည်ထောင် လိုက်လေသည်။
ထိုအသင်းကြီးသည် မြန်မာ ပြန်ဆိုရေး သက်သက်ကိုသာ အားပေးသည် မဟုတ်ဘဲ၊ တစ်နှစ်အတွင်း ထွက် ပေါ်လာသော မြန်မာစာပေများကို အကောင်းဆုံး ကာလပေါ် ဝတ္ထုဆု၊ သုတပဒေသာဆု စသည်ဖြင့် စာပေဗိမာန်ဆုများ ချီးမြှင့်ကာ မြန်မာစာပေ အရေးအသားကို မြှင့်တင်ခဲ့လေသည်။ ထိုမှတစ်ပါးလည်း မြန်မာစွယ်စုံကျမ်းကြီးကို လည်းကောင်း၊ လူထုသိပ္ပံကျမ်းကြီး များကိုလည်းကောင်း၊ စာစဉ်အမျိုးမျိုးကိုလည်းကောင်း ဖြန့်ချိ လျက်ရှိရာ မြန်မာဘာသာပြန် စာပေ အသင်းဟု ခေါ်တွင် ခဲ့သော စာပေဗိမာန်သည် စာပေရိပ်မြုံကြီးတစ်ခု ဖြစ်ပေသည်။ ဤသို့ဖြင့် မျိုးခြားခေတ်နှင့် လွတ်လပ်ရေး ရပြီးခေတ် မြန်မာ စာပေကို ခြုံ၍ကြည့်လျှင် ရှေးခေတ်ဟောင်းများနှင့်မတူ၊ တမူ ထူးခြားစွာ ဆန်းသစ် ပေါ်ထွန်းနေသည်ဟု ဆိုနိုင်ပေသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)