သာလွန်မင်းလက်ထက် အမိန့်ပြန်တမ်းများ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သာလွန်မင်းသည် ညောင်ရမ်းခေတ်တွင် အလွန်ထင်ရှားသည့် ဘုရင်တစ်ပါးဖြစ်ပေသည်။ သတိုးဓမ္မရာဇာဘွဲ့ဖြင့် နန်းတက်သည်တိုင် သာလွန်မင်း(၁၆၃၂-၁၆၄၈)ဟုခေါ်ကြခြင်းမှာ “တိုင်းကားပြည်ရွာ အသာလွန်သောကြောင့်လည်းကောင်း၊ ရွှေနန်းတော်ထက်တွင် သာယာစွာ လွန်ရသောကြောင့်လည်းကောင်း သာလွန်မင်း ဟုခေါ်ခြင်းဖြစ်သည်”ဟု ဆိုသည်။ နန်းရလျှင်ရချင်း နန်းတက်ဘိသက်မခံသေးဘဲ ၄နှစ်တိတိ တိုင်းပြည်စည်းရုံးရေး၊ တည်ငြိမ်ရေး လုပ်ငန်းစဉ်များနှင့်သာ အချိန်ကုန်ခဲ့သည်။ နောင်တော် အနောက်ဖက်လွန်မင်းနန်းစိုက်ခဲ့ရာ ဟံသာဝတီမှ အင်းဝသို့ ပြန်လည်နန်းစံခဲ့သည်။

ပြန်လည်ထူထောင်ရေး[ပြင်ဆင်ရန်]

သာလွန်မင်းလက်ထက် ၁၆၃၇တွင် ပထမဆုံးသော သမိုင်းဝင် လူဦးရေ နှင့် မြေယာစစ်တမ်းများကို စတင်ကောက်ယူခဲ့သည်။ ထို့ပြင် အမှုထမ်းအရာထမ်းများ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို အမိန့်ပြန်တမ်းများဖြင့် တိကျစွာ ထုတ်ပြန်ကြေညာပေးခဲ့သည်။ ထို့ပြင်စစ်သည်စုစောင်းရေးနှင့် ပတ်သက်၍လည်း တိကျသည့် အချိုးအစားနှင့် လက်နက်အမျိုးအစားတို့ကို သတ်မှတ်ပြဋ္ဌာန်းပေးသည်။ ထင်ရှားသည့် ပြန်တမ်းပါ အမိန့်များမှာ

  • “ငှက်သည် အသီးရှိကာသာအပင်တွင် နားသကဲ့သို့ အခွန်ခံသောရွာကိုသွား၍ ပြန်မကြည့် ငှက်ကဲ့သို့ မရှိစေနှင့်။ စားဟန်သာတတ်စေ။ ရွာပြည်ကိုမပြု၊ စားရသောက်ရအောင်သာ စီရင်သော် ကွပ်မည်။” ဟူ၍လည်းကောင်း
  • “ပြည်တွင်းတိုင်းရေးစသော ဆင်းရဲသားတို့ကို ညှဉ်းပန်းနှိပ်စက်၍ မြို့ရွာတွင် မနေဝံ့ ထွက်သွားသည်များကို ရွှေနားတော်ကြားလျှင် ဝန်တို့နှစ်ခွန်းချေရမည်မမှတ်နှင့်။ ကြီးစွာသော ရာဇဝတ်တော်ကို ခံရလိမ့်မည်။”ဟူ၍လည်းကောင်း ပါရှိခဲ့သည်ကိုတွေ့ကြရသည်။

အင်း၀ကို ရိက္ခာထောက်ပံ့ပေးနိုင်သည်ဟု ယူဆသော ကျောက်ဆည်ဒေသတွင် လယ်ယာလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် အားထုတ်ဆောင်ရွက်ပေးသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း စစ်တမ်းများကောက်ယူပြီး ကျောက်ဆည်နယ်ကို ဗဟိုပြုကာ လုပ်ကိုင်စားသောက်ရန် နေရာချထားပေးသည်။ ထိုမျှမက ေဝးလံသည့် ဒေသများမှ လူအများကို အင်းဝနှင့် ကျောက်ဆည်ဒေသတစ်ဝိုက်တွင် အတည်တကျနေထိုင်စေသည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

သာလွန်မင်းသည် အုပ်ချုပ်ရေးကို ပြုပြင်ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သည်။ စစ်ရေးအတွက် စစ်သည်စုစည်းရေးတွင် သေနတ် ၁၀၀,၀၀၀၊ အမြောက် ၁၀,၀၀၀၊ လေး၅၀၀၀၀၊ ရဲလှေ ၁၀၀၀၊ ကင်းလောင်း ၅၀၀၀၀၊ လွှား ၅၀၀၀၀ တို့ကို ရအောင်စုဆောင်းစေရန် မိန့်သည်ကို ထောက်၍ ထိုခေတ်စစ်သည်အင်အားမှာ ၄၀၀၀၀၀ ခန့်ရှိပေမည်။

အရာထမ်းအမှုထမ်းများ၊ စစ်သည်ရဲမက်များ၊ ရွာမြေအကြီးအကဲများ ဆောင်ရွက်ရန် တာဝန်ဝတ္တရားများနှင့် လုပ်ပိုင်ခွင့်များအပြင် ပြည်သူလူထု ဆင်းရဲသားများအပေါ် ထားရှိရမည့် သဘောထားများကို အမိန့်ပြန်တမ်းများတွင် ပြည့်စုံစွာ ထည့်သွင်းထုတ်ပြန်ခဲ့သည်။ဥမပာအားဖြင့်

မိုးဝန်းမြို့သို့ စစ်အင်္ဂါလေးပါးနှင့် ချီတော်မူရာတွင် ပါဝင်သည့် မင်းသား၊ ဗိုလ်မှူး၊ တပ်မှူး၊ ဝန်၊ ဝင်းမှူး တို့မှစ၍ အုပ်စုတပ်ပါ စစ်ကဲ၊ နာခံ၊ တပ်ရေးရာ အကြပ်အကွပ်တို့၊ အုပ်စုသူရဲသူခက်တို့သည် လမ်းခရီးဆိုင်သင့်ရာ မြို့ရွာတောနေများတွင် ကြက်၊ ဝက်၊ နွား၊ ကျွဲ၊ ဆိတ်တိုးမှစ၍ သူ့အသက်တို့ကို သတ်စားခြင်းမှ ကြဉ်ရှောင်ရမည်။ အရှင်မပေးသော ဥစ္စာကို မလု၊မယူ မဖျက်စီးစေနှင့်။ သားပျို၊ သမီးပျိုတို့ကို အညှင်းအပန်း မရှိစေနှင့်။ ဥစ္စာငွေကြေး အဆောင်အရွက်တို့ကို မဖျက်စီးစေနှင့်။ အိမ်ထောင်ခန်းနား ယောကျာ်း မိန်းမတို့ကို မသိမ်းယူစေနှင့်။ လူလူချင်း အထိုးအခုတ် အပုတ်အခတ်မရှိစေနှင့်။ ခိုက်ရန် ဒေါသ မောဟ မာန်မာနတို့ကို ချုပ်တည်းစေ။ မင်းရှိန်စိုးရှိန် ကပ်ခို၍ အာဏာထုတ်ပြ ဆင်းရဲသားတို့က တောင်းဆိုသမျှကို ဆင်းရဲသားတို့က မပေးစေနှင့်။ တပ်တော်နှင့် အနီးအေဝး မသွားစေနှင့်။ ဆင်မြင်း ကျောင်းစားသည့် အရာများကိုလည်း တပ်တော်နှင့် မနီးမေ၀း အပါးတွင်သာ ကျောင်းစားစေ။ လူအစောင့်အနေ အကြည့်အရှု မလစ်ဟင်းစေနှင့်။ နောက်တော်လိုက် အစုစု ကျွန်တော်မျိုးတို့တွင် အချင်းချင်း ခိုက်ပွားရန်စစ် မရှိစေနှင့်။ အလော်အလည်ပြိုင်၍ မဆိုစေနှင့်။ အလောင်းအကြမ်း မပြုစေနှင့်။ အပ်ထားသော ဘဏ္ဍာတော် မယိုယွင်းစေနှင့်။ လက်နက် ကိရိယာ အပ်တော်မူသမျှ အပျက်အစီး အကျိုးအပဲ့ မရှိစေနှင့်။ ပေါက်ပြတ်ရာ အနာမလွတ်ကင်းရှိသည့် ဘဏ္ဍတော်များကို ပြ၍ အစီရင်ခံစေ။ အကောင်းလျှင် ပြင်လုပ်၍ အပ်မြဲအပ်။

ဤဥပမာအားဖြင့် သာလွန်မင်းသည် သူလူများနစ်နာမည်ကို များစွာ စိုးရိမ်တော်သည်ကို နားလည်နိုင်ပေသည်။ သာလွန်မင်း လက်ထက် ၁၆၃၅တွင် မီးဘေးအန္တရာယ်ကြီးကျယ်စွာ တွေ့ကြုံရသည်။ ထိုကဲ့သို့ နောင်တွင် မကြုံတွေ့ရစေရန် အမိန့်တော်ပြန်ခဲ့သည်။

`ခိုးသေးမီးပွား မပေါ်မထွက်ရအောင် ညဥ့်နက်နှိုးဆော်၍ တစ်အိမ်ကို တစ်ချိတ်သောဝါး ၁၀စင်းတန်သည်၊ ၅စင်းတန်သည် စိုက်ထောင်၍ အိမ်မိုးမှာလည်း ရေးအိုးရေပြည်တင်စေ။ ထမင်းဟင်း ချက်ပြုတ်သည်မှာလည်း ကျင်းကိုစောက်သုံးတောင် တူး၍ ချက်ချိန်ကိုသာစေ။ နံနက် လေးချက်တီးကျော် သုံးမောင်းမှ စတင်ချက်ပြုတ်၍ မီးသေမီးငြိမ်းစေ။ ညနေ သုံးချက်တီးကျော် နှစ်မောင်းတွင် လက်မထောင်မှူးတို့က မောင်းသံပေးလျှင် ထမင်းချက်စေ။ ညနေသုံးချက်တီးကျော် ခုနှစ်မောင်းကို မီးသေငြိမ်းစေ။ ချက်ပြုတ်ချိန်မောင်းသံပေးသည့် အချိန်အတွင်းက လွန်သည့်အချိန်တွင် တစ်အိမ်မှ မီးပေါက်မီးပွား မီးပွင့်မရှိစေနှင့်။ မီးကျင်းတွင်း မီးဆော်တို့ အမှိုက် ကြက်မွေးနှင့် တို့၍စမ်းသပ်စေ။ သေငြိမ်းကာလဖြစ်လျက်နှင့် မသေမငြိမ်း စမ်းသပ်သည့် အမှိုက်ကြက်မွေးကို စွဲကပ်လောင်လျှင် မီးရှိသည့် အိမ်ရှင်ကို ရှေ့ရုံးမှာအပ်စေ။လမ်းခရီး လမ်းကူး၊ လမ်းကြား လမ်းကွေ့ပြင် အတွင်း အိမ်များမှာလည်း ဆေးအိုးဆေးတံကို လူယူသိမ်းထား၍ အချက် ၁၀၀ရိုက်၊ မီးဆော်ကို တစ်နေ့ငါးကြိမ် လှည့်ပတ်စမ်းသပ် စစ်ကြောစေ။´ ဟူ၍ဖြစ်သည်။

ခိုးသေးမှုခင်းများ ထိန်းသိမ်းရန်လည်း အမိန့်ထုတ်ပြန်ခဲ့သေးသည်။ ထိုအမိန့်မှာ

`ညဥ့်မှုညဥ့်ခင်းမှာလည်း ညဥ့်တစ်ချက်တီးကျော် (ညကိုးနာရီကျော်) လျှင်မသွားမလာစေနှင့်။ အမှုအခင်းရှိ၍ သွားလျှင် မီးအိမ်မီးအိုးတို့နှင့် သွားလာစေ။ သူခိုးသူဝှက် ဖေက်ယူတက်ခိုးသည်ကို သိ၍ ဟစ်ကြွေးလျှင် ကြားသမျှ ဝန်းရံဖမ်းဆီးစေ။ ကြားထောက်သိထောက်သင့်လျက် မလာမရောက် မညီမညာ နေလျှင် နေသူတို့ကို အချက်၅၀ ရိုက်။´ ဟူ၍ဖြစ်သည်။

ထိုနောက် စိတ်ဝင်စားဖွယ်ကောင်းသော အမိန့်တစ်ခုကို ခရစ်နှစ် ၁၆၄၃တွင် ထုတ်ပြန်ခဲ့သေးသည်။ အုပ်ချုပ်ရေး အခြေတကျရှိစေရန် အစုအမှုထမ်းများနှင့် ပတ်သတ်၍ ထုတ်ပြန်ခြင်းဖြစ်သည်။ အကျဉ်းအားဖြင့် ပါဝင်သည့် အချက်များမှာ-

  1. အစုသားတို့အတွက် စားမြေနှင့် နေမြေ ချထားခြင်း။
  2. တစ်စုက တစ်စုသို့ ယှက်တင်ကူးပြောင်းကာ အမှုထမ်းခွင့်မရခြင်း။
  3. နှိမ့်ရာအစုမှ မြင့်ရာအစုသို့ တက်ခွင့်မရခြင်း။
  4. တစ်ရွာမှ တစ်ရွာသို့ ပြောင်းရွှေ့မနေရခြင်း။(နေခွင့်မပြုခြင်း။)
  5. အမှုတော်မရှိလျှင် လယ်ယာလုပ်ရခြင်း။ ရောင်းဝယ်ဖောက်ကားရခြင်း။
  6. လုပ်ဆောင်ချိန်မပြီးမချင်း ရွာမှထွက်ခွာမသွားရခြင်း။
  7. မိမိထမ်းဆောင်ရာအမှုတွင် မကျွမ်းကျင်သေးလျှင် ကျွမ်းကျင်အောင် လေ့ကျင့်စေခြင်း။
  8. နှစ်တိုင်း ကျား၊မ အတိုးအပွား သေပျက်၊ ရှောင်၊ ရဟန်းပြု၊ အိုမစွမ်း တို့ကိုစာရင်းပြုစုရခြင်း စသည်တို့ဖြစ်သည်။


ခရစ်နှစ် ၁၆၄၅တွင် ထုတ်ပြန်သော အမိန့်တော်တွင် `ရွာသူကြီး အသည်ကြီးတို့သည် ရွာတွင် မင်းကျေး၊မင်းကျွန် မင်းသားမင်းမြေး အမှူးအမတ်ကျွန် ကျောင်းလူ၊ဘုရားလူ အပေါက်အကျ နေလာသည်ကို မည်သူလူမျိုး၊မည်သူ့လူဟူ၍ သိမြင်စေ။ ကောင်းမကောင်းကို ဆုံးမပိုင်စေ။ မင်းမှုပြည်ရွာမှုကိုလည်း အမှုရှိလျှင် ရုံးစုစီရင်ပိုင်စေ။ ရွာတွင်တစ်ရွာနှင့် တစ်ရွာအကြားတွင်လူပျက် လူသွမ်း လူညစ်တို့သည် သိသော်သာ တွေ့သော်သာတစ်မုံ့၊ မသိမတွေ့သော်တို့ကို ဘဇာပြုရမည်နည်းဟူ၍ မုဒိမ်း၊ ဓားပြ၊ အလုအယက် တောစွန်အုံနား မရှိစေနှင့်။ သိလျှင်ကြားလျှင် တစ်ရွာလုံးအုံ၍ ရွာစည်းရွာစပ်ကို ရုံးရုံးရှာစေ။ မရှာ မလိုက် မရသော် ရွာနေကြသူကို တိုင်ကြီးအမြဲထည့်မည်။ ရွာသူကြီး အကြီးပြုသူကို အက္ခရာထိုး၍ ဆင်စရိတ်ထည့်မည်။´ ဟုပါဝင်သည်။

ထို့ပြင် ဒေသ၏ လူအဝင်အထွက်ကို ကြည့်ရှုစေရန် `မြို့တွင် မြို့လက်ကျေးရွာတွင် အိမ်ခြေတွင်းစိုက်နေသရွှေ့ကို တစ်ယောက်မကြွင်းတို့တွင် အသည်အလာမည်သို့ မည်သည့်လူမျိုးနေသည် ဟူ၍နေသမျှကို မြို့သူကြီး၊ ရွာသူကြီး မြို့ကွပ်မြို့ကိုင်တို့သည် စာရင်းမှတ်သား၍ သိမြင်စေ။ တစ်ရွာက သည်တစ်ရွာ မထွက်မသွားစေနှင့်။ ထွက်သွားခင်းရှိ၍ ထွက်သွားလျှင် မည်သည့်ရွာမှာ နေလိမ့်မည်ဟူ၍ သိစေ။ ရွာထွက်ပေးမှ အခွင့်ရှိလျှင် ထွက်စေ။ အိမ်ခြေတွင် စိုက်မနေဘဲ အရောက်အပေါက် တည်းလာသူကိုလည်း မည်သည့်လူမျိုးဟူ၍ သိစေ။ အရုပ်အရည်ကိုမှတ်။ သည်အမိန့်တော်အတိုင်း မတည်သော် ပြည်သူကြီး၊ ရွာသူကြီး၊ မြို့ကွပ် မြို့ကိုင်တို့ကို ကြီးစွာသောအကွပ်တော်တို့ကို ကွပ်မည်။´ အစရှိသည့် တင်းကျပ်သည့် အမိန့်များပါဝင်သည့် အမိန့်တော်ကိုလည်း ထုတ်ပြန်ခဲ့သည်။

မင်းမှုထမ်းတို့က ပြည်သူလူထုပေါ်တွင် မတရားငွေညှစ်တောင်းခံခြင်း မပြုစေရန်`ကောက်စိုးဟူသမျှ အစဉ်လက်စွဲစာ ရွှေပြည်စိုးတွင် ရှိသည့်စာရင်းအတိုင်းသာ ကောက်စေ။ လက်စွဲစာရင်းအစဉ်ကို လွန်၍ လက်စားကြီးလျှင် မည်သူဟူသရွှေ့ မဆိုနှင့်။ အေပါင်အလက် ဖျက်၍ပစ်´ ဟုပင်မိန့်ခဲ့သည်။

စစ်ကိုင်းကောင်းမှုတော် ကျောက်စာ[ပြင်ဆင်ရန်]

ခရစ်နှစ် ၁၆၃၆တွင် ရေးထိုးခဲ့သော စစ်ကိုင်းကောင်းမှုတော် ကျောက်စာတွင် မင်းတို့ပြည့်စုံအပ်သည့် အရည်အချင်းများကို ပြည့်စုံစွာဖော်ပြခဲ့သည်။

“တစ်ပါးသောအင်္ဂါရှိသော စာမရီသားမြတ်ကဲ့သို့ မင်းကျင့်တရားတည်းဟူသော စာရိတ္တသီလ၊ ပဉ္စသီ အဋ္ဌသီတည်းဟူသော စာရိတ္တသီလကို မြတ်နိုးခြင်းတည်းဟူသော တစ်ပါးသောအင်္ဂါနှင့် ပြည့်စုံတော်မူထသော။ နှစ်ပါးသော အင်္ဂါရှိသော တုရိုင်တိုင်ကဲ့သို့ နက်နဲခိုင်ခန့်သော အဖြစ်၊ ခပ်သိမ်းသောသူတို့သည် မလှုပ်ရှားနိုင်သော အဖြစ်တည်း ဟူသော နှစ်ပါးသောအင်္ဂါနှင့် ပြည့်စုံတော်မူထသော။ သုံးပါးသောအင်္ဂါရှိသော ပတ္တမြားကဲ့သို့ အမျိုးတော် အကျင့်တော်တို့ စင်ကြယ်သောအဖြစ်၊ မကောင်းမှုနှင့် မလိမ်းကျံသောအဖြစ်၊ မြတ်သောသူတို့နှင့် နှီးနှောသော အဖြစ်တည်းဟူသော သုံးပါးသော အင်္ဂါတို့နှင့် ပြည့်စုံတော်မူထသော။ လေးပါးသောအင်္ဂါတို့နှင့် ပြည့်စုံတော်မူထသော စကြာမင်းကဲ့သို့ ခပ်သိမ်းသောသူတို့ကို လေးပါးသော သင်္ဂဟဝတ္တုဖြင့် ချီးပင့်ခြင်း၊ မုဒိမ်းတဏ္ဍတို့မရှိစေခြင်း၊ တိုင်းကားနိုင်ငံတို့ကို နေ့တိုင်းမပြတ် ဆုံးမစီရင်တော်မူခြင်း၊ အတွင်းအပ၌ အစောင့်အရှောက်ထားခြင်းဟူသော လေးပါးသောအင်္ဂါတို့နှင့် ပြည့်စုံတော်မူထသော။ ငါးပါးသောအင်္ဂါရှိသော မိုးကဲ့သို့ အတွင်းအပ၍ ဖြစ်သောရန်မြူကို တရားနှင့် ညီစွာ နှိမ်နှင်းခြင်း၊ ပူပန်စေတတ်သော ဒေါမနဿဥပါယာသ အကုသစိုလ်ဝိတတ်တို့ကို ပယ်ခြင်း၊ မျိုးစေ့နှင့်တူသော ဖြစ်ရောက်ထိုက်သောသူတို့ကို ပြုစုခြင်း၊ ထိုသို့ပြုစုပြီးသောသူတို့ကို အဖန်တလဲလဲ အောက်မေ့စောင်မခြင်း၊ ရေတွင်းရေကန်နှင့်တူသော ပညာရှိတို့ကို ပေးကမ်းချီးမြှင့်ခြင်းတည်းဟူသော ငါးပါးသော အင်္ဂါတို့ဖြင့် ပြည့်စုံတော်မူထသော။ ခြောက်ပါးသော အင်္ဂါရှိသော မဟာနာမမင်းကဲ့သို့ ဘုရား၌ ရိုသေခြင်း၊ တရား၌ ရိုသေခြင်း၊ သံဃာ၌ ရိုသေခြင်း၊ သီလ၌ ရိုသေခြင်း၊ ဟိရီဩတ္တပ္ပတည်းဟူသော ခြောက်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံတောမူထသော။ ခုနှစ်ပါးသော အင်္ဂါရှိသော ေဝသာလီမင်းတို့ကဲ့သို့ မပြတ်စည်းေ၀းတိုင်ပင်ခြင်း၊ ပြုအပ်သော အမူအရာတို့၌ အညီအညွတ်စီရင်ခြင်း၊ တရားနှင့် ညီစွာစီရင်လေ့ရှိသော ရှေးမင်းတို့အကျင့်ကို မယုတ်မလွန်ခြင်း၊ မင်းစဉ်စိုးဆက်မီသော မင်းဆွေမင်းမျိုး မှူးကြီးမတ်ကြီးတို့ကို မြတ်နိုးပေးကမ်းခြင်း၊ ပြည်သူတို့ကို အနိုင်မနှိပ်သက်ခြင်း၊ ပြည်တွင်းပြည်ပ တို့၌ ရှေးမင်းတို့ ပူဇော်သော နတ်တို့အား တရားနှင့်ညီစွာပူဇော်သက္ကာရပြုခြင်း၊ သီလဝန် ဂုဏဝန်ဖြစ်သော ရဟန်းသံဃာတို့ကို တရားနှင့်ညီစွာ စောင့်ရှောက်ထောက်ပံ့ခြင်းတည်းဟူသော အပရိဟာနိယ တရားခုနှစ်ပါးတို့နှင့် ပြည့်စုံတော်မူထသော သုစိပံဏီတကာလေန၊ ကပ္ပီယံပါဏာဘောဇနံ အစရှိသောအားဖြင့်လာသော ရှစ်ပါးသော သပ္ပုရိသဒါနတို့နှင့် ပြည့်စုံတော်မူထသောမင်း” စသည်ဖြင့် မင်းတို့ လိုက်နာကျင့်ကြံရန် အကျင့်သီလများ တာဝန်ဝတ္တရားများကို စုံစေ့အောင် ဖော်ပြခဲ့ပေသည်။

တရားစီရင်ရေး[ပြင်ဆင်ရန်]

ခရစ်နှစ် ၁၆၂၉တွင် သာလွန်မင်း၏ အမိန့်ဖြင့် တောင်ဘီလာပုဂ္ဂိုလ်ကျော်သည် တရားမကျင့်ထုံးကို ရေးသားစီရင်သည်။ ကိုင်းစားရွာစား မနုရာဇာကလည်း တစ်ချိန်တည်းလိုပင် မဟာရာဇသတ် ဖြတ်ထုံးကို တင်လျှောက်သည်။ ထိုစီရင်ထုံးများကို သာလွန်မင်းလက်ထက် တရားစီရင်ရေးတွင် ခုံသူမတ် တို့က စံအဖြစ် အသုံးပြုကြသည်။ တရားစရိတ်သတ်မှတ်ပုံမှာလည်း အမှုတန်ဖိုးထက်မပိုရဟု သတ်မှတ်သည်။ တရားသူကြီးများအနေဖြင့်လည်း အမှုလက်ခံရာတွင် အပြစ်ပေးလိုခြင်းထက် တရားလို၊ တရားခံ နှစ်ဖက်ပြေလည်မှုရရန်သာ ရည်ရွယ်၍ လက်ခံရန် သတ်မှတ်သည်။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ရှေ့နေများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ သတ်မှတ်ပေးထားခြင်းဖြစ်သည်။ အကယ်၍ တရားရင်ဆိုင်သူတို့သည် မိမိတို့ အဖြစ်အပျက်ကို ရေလည်အောင် ရှင်းပြနိုင်စွမ်းမရှိလျှင် ရှေ့နေ(သို့) ခေါင်ရပ်တို့ကို ငှားရမ်းနိုင်သည်။ ရှေ့နေခကိုလည်း အလွန်နည်းပါးသော တန်ဖိုးဖြင့် သတ်မှတ်ပေးထားသည်။ ရှေ့နေများအနေဖြင့် တရားလမ်းကျသာ စကားပြေဆိုခွင့်၊လျှောက်ထားခွင့်ရှိပြီး တရားနည်းလမ်းမကျဟု တရားသူကြီးက ယူဆလျှင် တားမြစ်ခွင့်ရှိသည်။ မဟုတ်မမှန် လျှောက်ထားပါက သျှောင်မှဆွဲကာ ရုံးတော်မှနှင်ချနိုင်ကြောင်း အမိန့်ထုတ်ထားခဲ့သည်။ ရှေ့နေများသည် ခေါင်းပေါင်းအချွန်ပေါင်းကာ လွယ်အိတ်လွယ်ကြရသည်။ မြေခွက်နှင့် အရိုးတပ်ယပ်တောင်ကို ကိုင်စွဲကြရသည်။ စကားအရာတွင် တတ်မြောက်ကျွမ်းကျင်လွန်းလှသဖြင့် လူအများကို လှည့်စားနိုင်သူများအဖြစ် သတ်မှတ်သည်။ ထိုခေတ်ကတည်းကပင် ရှေ့နေတို့ကို လူတို့က အားကိုးသကဲ့သို့ ကြောက်လည်းကြောက်ကြသည်ဟုဆိုသည်။ ထိုသူတို့၏ နေအိမ်များကိုပင် သီးသန့်ထားလေ့ရှိသည် ဟုလည်းဆိုသည်။

အမှုစစ်ဆေးသော် အမှုသည်တို့ကိုသာမက သက်သေခံများကိုလည်း ခေါ်ယူစစ်ဆေးသည်။ အမှုသည်၊သက်သေ တို့ကို တရားသူကြီးက ချိန်းဆိုသည့် ရက်ချိန်းတွင် မလာရောက်ခဲ့ပါက“နာကျင်လှအောင်ကွပ်”ဟု အမိန့်ထုတ်ခဲ့သည်။

အမှုအခင်းခွဲခြားပုံအနေဖြင့် နှစ်မျိုးရှိသည်။ မင်းအာဏာနှင့် ပတ်သက်သည့်အမှုများကို ရာဇဝတ်မှု၊ ပြည်သူများအကြားအချင်းချင်း ဖြစ်ပွားသောအမှုကို တရားမမှု ဟူ၍သတ်မှတ်သည်။

ကုန်သွယ်ရေး[ပြင်ဆင်ရန်]

သာလွန်မင်းလက်ထက်တွင် နိုင်ငံခြားမှ ကုန်သည်များနှင့် ကူးသန်းရောင်းဝယ်မှုများ ယခင်ကာလများထက်ပို၍ တိုးတက်လာခဲ့သည်ဟု ယူဆကြသည်။ ၁၆ရာစုကတည်းကပင် အာရှမှ ဟိန္ဒူနှင့် အာရဗ်ကုန်သည်များ လာရောက်ဖောက်ကားခဲ့သည့် သာဓကများ တွေ့ရသည်။ ၁၇ရာစုအရောက်တွင် ဥရောပမှ ဒတ်ခ်ျ၊အင်္ဂလိပ်တို့ အပါအဝင် နိုင်ငံခြားသားကုန်သည်များ ဆက်လက်ဝင်ရောက်လာခဲ့သည်။

၁၆၃၅တွင် သာလွန်မင်းကြီးသည် အင်းဝသို့ ဒတ်ခ်ျကုန်သည်နှစ်ဦးကို ခေါ်ယူတွေ့ဆုံကြောင်း၊ ရင်းနှီးလာသည့်နောက် ဒတ်ခ်ျအကျဉ်းသားများကိုပါ လွတ်ပေးခဲ့ကြောင်း၊ သန်လျင်ရှိ ကုန်တိုက်ကို ဆက်လက်ဖွင့်လှစ်ခွင့်ပေးခဲ့ကြောင်း မှတ်တမ်းများတွေ့ရှိရသည်။ သန်လျင်ရှိ ဒတ်ခ်ျကုန်တိုက်မှာ စီးပွားဖြစ်ထွန်းလှခြင်းမရှိသော်လည်း ၁၆၇၉ခုနှစ်အထိ ဖွင့်လှစ်သွားခဲ့သည်။

နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်၍ အချို့မှာ ဘုရင့်ခွင့်ပြုချက်ဖြင့်သာ ရောင်းဝယ်ခွင့်ရှိသည်။ ဥပမာအားဖြင့်- ချိပ်အကောင်းစားနှင့် လောဟာသတ္တုတို့ဖြစ်သည်။ အမြတ်အများဆုံးရရှိသည့် ရွှေဆင်စွယ်သံဖြူနှင့် ပတ္တမြားတို့ကိုလည်း ရောင်းဝယ်ခွင့်ပေးသည်။ ကျွန်းသစ်ကို ဝယ်ယူခွင့်မပေးဟု ဆိုသော်လည်း ဝယ်ယူနိုင်သည့် နည်းလမ်းများရှိသည်ဟု ဆိုသည်။ ဆန်ကိုမူသင်္ဘောသားများ စာလောက်ရုံသာ ရောင်းချပေးသည်။

သာသနာရေး[ပြင်ဆင်ရန်]

သာလွန်မင်း နန်းတက်စက ရဟန်းပြုခွင့်မပေးဆိုသည့် အမိန့်ကို ထုတ်ပြန်ခဲ့ဘူးသည်။ အကြောင်းမှာ ၎င်းမတိုင်မှီက ဆက်တိုက်ဆိုသကဲ့သို့ စစ်မက်များ ဖြစ်ပွားနေသဖြင့် မြို့ရွာများတွင် လူသူအင်အားနည်းပါးနေပြီး ကူးသန်းရောင်းဝယ်ရေးမှာလည်း ဆုတ်ယုတ်လျှက်ရှိပေသည်။ သာလွန်းမင်းလက်ထက် လေးနှစ်နောက်ပိုင်းမှ စကာစစ်မက်ဖြစ်ပွားခြင်းမရှိတော့ဘဲ ထူထောင်ရေးလုပ်ငန်းများကို အားကြိုးမာန်တက်လုပ်ကိုင်လာခဲ့ရာ လူဦးရေတိုးပွားလာရေးကိုလည်း အထူးသတိထားဆောင်ရွက်ခဲ့လေသည်။ အသွားအလာခက်ခဲသည့် ဒေသများမှ လူများကို မြေနေရာပေးခြင်းဖြင့် မြို့ရွာများတွင် နေရာချပေးပြီး လာရောက်နေထိုင်စေသည်။ အပျိုကြီး ၊ လူပျိုကြီးများ မရှိစေရန်အတွက် အိမ်ထောင်ပြုပေးသည်။

သာလွန်မင်းလက်ထက်တွင် အခြားသော ညောင်ရမ်းမင်းဆက်မှ မင်းများကဲ့သို့ပင် သာသနာမြေကို မင်းမြေအဖြစ် သိမ်းယူသတ်မှတ်ခြင်းမရှိခဲ့ပေ။ သို့သော် သာသနာမြေ၊မင်းမြေနှင့်အရပ်သားပိုင်မြေများကို စနစ်တကျစစ်ဆေး၍ ပိုင်းခြားသတ်မှတ်ပေးသည်။

သာလွန်မင်းက-

  • ဆရာတော်ကြီးဖြစ်လို၍ ရဟန်းပြုခြင်း၊
  • ရဟန်းဘဝတွင် ရအပ်သောအကျိုးကိုမျှော်ကိုး၍ ရဟန်းပြုခြင်း၊
  • ကျွန်ဘဝမှ လွတ်မြောက်လို၍ ရဟန်းပြုခြင်း
  • မိဘဆွေမျိုးကို ထောက်ပံ့လို၍ ရဟန်းပြုခြင်း တို့ကို မလိုလားဘဲ

“သဒ္ဒါ၊သီလ ဖြင့် မဂ်ဖိုလ်နိဗ္ဗာန် ဟူသောအကျိုးကိုလိုလား၍ ရဟန်းပြုခြင်းမျိုးကိုသာ လိုလားသည်”ဟု အမိန့်တော်တွင် ထည့်သွင်းဖေါ်ပြခဲ့သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]