ထိုးကွင်းထိုးခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကမ္ဘာအရပ်ရပ်ရှိ ယဉ်ကျေးသည့် လူမျိုးများ၌ဖြစ်စေ၊ မယဉ် ကျေးသေးသည့် လူမျိုးများ၌ဖြစ်စေ ထိုးကွင်းထိုးခြင်း အလေ့ အထ အနည်းနှင့်အများရှိသည်ကို တွေ့ရသည်။ အထူးသဖြင့် ထိုးကွင်းထိုး ခြင်းအလေ့အထသည် ရှေးရိုးဆန်သော လူမျိုးများတွင် စွဲမြဲနေလေသည်။ ထိုးကွင်းထိုးခြင်းသည် အသားရေပေါ်တွင် အနီအနက်စသည့် ဆေးရောင်များကို ချွန် ထက်သော ဆေးထိုးစုတ်တံဖြင့် ထိုးနှံခြင်းဖြစ်သည်။ ယခု အခါ ထိုးကွင်းထိုးခြင်း အလေ့အထသည် တစ်နေ့တစ်ခြား နည်းပါးသွားပေပြီ။

ထိုးကွင်းထိုးခြင်း အလေ့အထသည် ရှေးအခါက အလွန် ခေတ်စားခဲ့သည်။ တစ်ကြိမ်တစ်ခါက ဂျပန်နိုင်ငံတွင် များစွာ ခေတ်စားခဲ့သည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အလွန်ခေတ် စားခဲ့သော ဓလေ့တစ်ခုဖြစ်သည်။ ရှေးခေတ် ဂျပန်လူမျိုးများ နှင့် ရှေးခေတ် မြန်မာလူမျိုးများသည် ကိုယ်ပေါ်တွင် ထိုးကွင်း ဆေးရုပ်များကို ထိုးနှံခဲ့ကြလေသည်။ ထိုနည်းတူစွာ ပေါ်လီနီး ရှင်းလူမျိုး၊ မာအိုရီလူမျိုးနှင့် မာကေဆကျွန်းသားများသည် လည်း ထိုကွင်းထိုးခြင်း အလေ့အထကို အထူးသဖြင့် ပြုလုပ်ခဲ့ ကြသူများဖြစ်သည်။ ယခုခေတ်တွင် အင်္ဂလိပ် အမေရိကန် စသော အနောက်တိုင်းသားလူမျိုးများ၌ပင် ဆေးရုပ်ထိုးနှံခြင်း အလေ့အထသည် လုံးဝပျောက်ကွယ်သွား ခြင်းမရှိသေးပေ။ အထူးသဖြင့် စစ်သားများတွင် ယင်းအလေ့အထကို အများ အပြားတွေ့ရသည်။

ထိုးကွင်းထိုးခြင်းကို စစ်ပွဲတွင် သတ္တိရှိခြင်း အမှတ်အသား အဖြစ်ဖြင့်၎င်း၊ ရန်သူများ ကြောက်လန့်သွားစေရန်၎င်း၊ အလှ အပအဖြစ်ဖြင့်၎င်း ရည်ရွယ်၍ ပြုလုပ်ကြသည်။ တစ်ခါတစ်ရံ ဘာသာရေးကြောင့် ထိုးကွင်း ထိုးကြ၏။ အချို့လူမျိုးများသည် ကား ဝမ်းနည်းသည့် အထိမ်းအမှတ်အဖြစ်ဖြင့် တသက်တွင် မမေ့နိုင်အောင် ထိုးကွင်းထိုးကြသည်။

ရှေးဗမာများ ထိုးကွင်း အထိုးခံနေပုံ

ရှေးအခါက မြန်မာလူမျိုးများသည် ခါးမှစ၍ ဒူးဆစ်အထိ ထိုးကွင်းထိုးသည့် အလေ့အထရှိခဲ့သည်။ ဆေး၏အရောင်မှာ အနက် သို့မဟုတ် နက်ပြာဖြစ်သည်။ ထိုသို့ ထိုးကွင်းထိုးရာ တွင် မြန်မာလူမျိုးများသည် ကြောင်ရုပ်များကိုလည်း ထိုးလေ့ ရှိခဲ့ကြသဖြင့် မင်ကြောင်ဟုလည်း ခေါ်ကြသည်။ ဘယ်ပေါင်တွင်ကြောင်အတက်၊ ညာပေါင်တွင်ကြောင်အဆင်းထိုးလေ့ရှိကြသည်။ သို့မဟုတ်အိမ်မြှောင်အတက်အဆင်းထိုးလေ့ရှိကြသည်။ ရှေးမြန်မာ လူမျိုးများသည် အကြမ်းပတမ်း လုပ်ကိုင်ရာတွင်၎င်း၊ စစ်ထွက် သည့်အခါတွင်၎င်း အောက်ပိုးကျိုက်ခြင်း ပြုလုပ်လေ့ရှိကြ သည်။ ယင်းသို့ အောက်ပိုးကျိုက် လုပ်သည့်အခါတွင် အမြင် လှပတင့်တယ်စေရန်၎င်း၊ ယောကျာ်းပီသခြင်းကို ပြသလို၍၎င်း ခါးမှ ဒူးဆစ်အထိ ထိုးကွင်းထိုးနှံကြလေသည်။

ရှေးခေတ်က ထိုးကွင်းမရှိသော ယောကျာ်းသည် ယောကျာ်း မပီသဟု ယူဆခဲ့ကြသည်။ တောင်ငူမင်းနတ် သျှင်နောင်၏ ညီတော် မင်းရဲကျော်စွာသည် ထိုးကွင်းထိုးနှံခြင်း မရှိသဖြင့် နောင်တော်နတ်သျှင်နောင်က သူ၏ ရတုစာတော်အချို့တွင် ညီတော်မင်းရဲကျော်စွာအား ရည်ငံရင်းရှိသည့် မင်းသမီးက ပြက်ရယ်ပြုလေဟန် အောက်ပါအတိုင်း ရေးစပ်ဖွဲ့ဆိုခဲ့ဘူးသည်။ 'ဖြိုးမောက်မသင့်၊ ပတ်မမြင့်တည့်၊ ရှေ့နှင့်နောက်သာ၊ နံမှာ ဖြူရောင်၊ သလင်းတောင်ကို၊ မည်းအောင်ဖြည့်လေ၊ ပြည့်မှစေ လော့၊ မြင်ချေသည်မူ၊ ခြောက်ပြည်သခင်၊ နေလုလင်လည်း၊ သို့စင်လွန်ကဲ၊ တင့်မည်ခဲစွ၊ မင်းရဲကျော်စွာ၊ မည်သာလွှင့်ပေါ်၊ မင်သေ့သော်မူ၊ နံတော်နှစ်ဘက်၊ စွန်းမစက်သည်၊ မရှက် ပတ်လည် ဝေးသေးသည်။

လူပျိုဝင်စ ကလေးဘဝ ထဲက ထိုးကွင်းထိုးကြသည်။

အချို့သောသူများသည် ပေါင်တွင် ကြောင်ရုပ် ငှက်ရုပ်၊ လက်ဖျံ၊ ပခုံးနှင့် လည်ကုပ်ပေါ်တွင် အိမ်မြေ|ာင်ရုပ်၊ လူရုပ်နှင့် ဝလုံး၊ ရင်ညွန့်တွင် နငယ်ကွင်းပိတ်၊ လက်ခုံတွင် ပင့်ကူရုပ် အစရှိသည်တို့ကို အဆောင် အဖြစ်ဖြင့် ထိုးနှံလေ့ရှိကြသည်။ ယင်းသို့ ဆေးရုပ်များ ထိုးနှံခြင်းကို မင်ကြောင်ထိုးခြင်းဟုခေါ် သည်။ အဆောင်အဖြစ်ဖြင့် မင်ကြောင်ထိုးခြင်းကို ကုန်းဘောင် ခေတ်ပေါ် ပြဇာတ်ဆရာကြီး ဦးကြင်ဥ၏ ပါပဟိန်ပြဇာတ်တွင် 'ရောသည်တစ်ခါ၊ ခိုင်မာစေ့စပ်၊ မြို့သစ်တပ်ကို၊ ကြပ်ကြပ်ခြေ စုံ၊ ရပ်တဲ့လို့ ခုန်တော့မည်။ စက်စုံ အပ်မြှုပ်၊ လည်ကုပ်ကငုံး၊ ပခုံးဆံစပ်၊ ပိုးဟပ်တသွယ်၊ ဒေါင်းလည်ပြန်ပေါင်၊ ကြောင်ရင်း ဒါလီ၊ ဇော်ဂျီလက်ယာ၊ ဝိဇ္ဇာလက်တွဲ၊ ဖရုံဆွဲကျား၊ တင်ပါးက မျောက်၊ ခါးကောက်ဘီလူး၊ နဖူးပင့်ကူ၊ တက်တူ လက်ည|ိုး၊ ပါးရိုးအိမ်မြေ|ာင်၊ ဆိုခဲ့ပြီးဂုဏ်ဟိတ်၊ ဆေးကျားကြောင်အအိပ် နှင့် ရိုးရိပ်မျှ မမြင်အောင်၊ ဝိုင်းဆိုတိုင်း ချပ်ပိတ်က လူခြေ တိတ်သန်းခေါင်၊ ပတ်မိုးမှောင် ချတော်မူစမ်း။'ဟု ရေးသားဖော် ပြထားသည်။

အချို့ကလည်း လက်မောင်း၊ ရင်ပတ်၊ ကျောပြင်၊ ပေါင်တံ နှင့် တကိုယ်လုံး နေရာအနှံ့အပြားတွင် ဆေးနီ ဆေးနက် မင် ကြောင်ရုပ်များ၊ စာနီ၊ စာနက် စမအက္ခရာများ၊ အင်းများကို ကာယသိဒ္ဓိအလို့ငှာ၎င်း၊ ပီယ သိဒ္ဓိအလို့ငှာ၎င်း၊ အလှအပသက် သက် အလို့ငှာ၎င်း၊ ထိုးနှံလေ့ရှိကြသည်။ ယင်းသို့ ထိုးနှံခြင်း ကို ကျည်းကန် ရှင်ကြီး မေတ္တာစာတွင် 'မင်နက်မင်နီ၊ မဟာ ဆီတို့ဖြင့်၊ ပလီပြီပြင်စွာ၊ သာမဏေကျော် သီရိစက်၊ ကပတ် ကွက် သရေကြာ၊ ကတ္တရာနှင့် စမ္ပာနဝဘီလူးခက်၊ အက္ခရာ လေးလုံး၊ ဝါကြိတ်လိမ်အမျက်၊ ဂဏန်းတွေ အဆင်းအတက်၊ ဂါထာမန္တာန်တွေရံလျက်၊ အင်းကွက်ပုံ အသေအခွေတွင်၊ ဆင် သွား မြင်းသွား၊ ဗိုလ်သွား ရထားတိုက်၊ အလိုက်သင့်အနေ အစုံတွင် ဘက်လက်၍၊ လက်ဝဲဘက်ကား ကျားညီနောင်၊ လကျာ်ပေါင်မှာ အိမ်မြေ|ာင်တွေ အဆင်းအတက်၊ နားရွက်မှာ လိပ်ပြာတောင်၊ ထိပ်ပြောင်မှာ ကြက်ခြေရစ်၊ အဆစ်ဟူသမျှမှာ သုညတွေအလုံးလုံး၊ ပခုံးနှင့်လည်ကုပ်မှာ၊ အဋ္ဌမုတ် ဆယ့်နှစ် ခွင်၊ ကျောပြင်မှာ စမ္ပာနဝပြာသာဒ်၊ အာစပ်နှင့် နှုတ်ရေးမှာ ဧသာဥတ္တိအပြန်အလှန်၊ ဆံစပ်မှာ တိလောမာလောဇာ၊ မြင် ကောင်းရာဟူသမျှ တစ်ခါင်မှာ၊ အင်းစီးကျား တဟုန်းဟုန်း၊ သားလုံးနှစ်ဘက်က တက်ကြဟန် သက်ကြဟန်၊ မျောက် ကလေးတွေစီရရီ၊ လက်ဖျံမှာ ဆေးနီနင့် စာကြောင်းတွေ့၊ နေ ဝင်ကြောင် မှိုင်းကြောင်၊ ခိုးကြောင် တိုးကြောင်၊ သဲကြောင် ဗားမဲ့ကြောင်၊ ခါးပတ်ကြောင် ခါးပြတ်ကြောင်၊ မိုးမှောင်ကျ ကြောင်ပက်လက်၊ စားခွက်နှိုက် သံလျက်ကိုက်၊ မြီးချင်းဆိုက် ခေါင်းချင်းတိုက်၊ အရွေလိုက် ကြောင်အလွန်၊ ဂဝံပုတီး၊ ကျား ဘီလူးကြီး၊ အင်းစီးပြည်လုံးမွှေ၊ ကေသရာဇာ တံခွန်စိုက်၊ ထိုက်ဖလို့ကြောင်၊ သူကောင်ချီ ကြောင်ဒါလီ၊ ညောင်ဘီလာ ယဝ၊ ကိုးလုံးဝ အထွေထွေ၊ အခြည်အကွင်းတို့ကို ကိုယ်တွင်း ပြည့် အထပ်ထပ်၊ ဒရစပ် တင်းကျမ်း၊ အလျှမ်းသား စိတ်ရှိနှံ၍'ဟု ရေးသားထားသည်။

ပြည်ထောင်စု မြန်မာနိုင်ငံအပါအဝင် ချင်းပြည်နယ်မှ တောင်ပိုင်းချင်းအမျိုးသမီးအချို့သည် များသောအားဖြင့် မျက်နှာ တွင် ဆေးမင်များထိုးကြသည်။ ထိုသို့ မျက်နှာတွင် ဆေးမင် ထိုးခြင်းကို ပယဲထိုးခြင်းဟု ခေါ်သည်။

ထိုးကွင်းထိုးခြင်း အလေ့အထသည် ယခုခေတ်မြန်မာလူမျိုး များတွင် လုံးဝမရှိသလောက်ပင် ပျောက်ကွယ် သွားခဲ့ပြီဖြစ် သည်။ အသားအရေပေါ်တွင် တစ်ခါထိုးပြီးသော ထိုးကွင်းရုပ် သည် လှသော်ရှိ မလှသော်ရှိ၊ ပီသော်ရှိ မပီသော်ရှိ ပြန်ဖျက်၍ ကားမရချေ။ ထို့ကြောင့် ဆေးရုပ်လှ မလှ ပီမပီမှာ ထိုးကွင်း ထိုးဆရာ၏ ကျွမ်းကျင်မှုပေါ်တွင် တည်လေသည်။ ရှေးခေတ် စာဆိုကျော်တစ်ဦးသည် ထိုးကွင်းထိုးရာတွင် အချက်မပိုင်က နောင်အခါ ပြန်လည်၍ ပြင်ဆင်ရန် ခက်ခဲသည့်အကြောင်းကို 'တက္ကသိုလ်ဆရာတစ်ဦးက၊ မှာဘူးသည့် နှုတ်ခြည်၊ အိမ်ထောင် ဦး ဘုရာားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ သည်သုံးချက်မပိုင် လျှင်၊ နောင်ပြင်နိုင် ခက်သည့်အမျိုး'ဟုပင် စာစပ်ဆိုထားခဲ့လေ သည်။

မင်ကြောင်နှင့် ဆေးနီ ဆေးနက်များ ထိုးခြင်းအလေ့အထမှာ ကား ယခုခေတ် မြန်မာလူမျိုးများတွင် အနည်းငယ် ကျန်ရှိပေ သေးသည်။ သို့သော် ယင်းသို့ထိုးခြင်းမှာ အလှအပသက်သက် ထိုးခြင်းဖြစ်သည်။ အများအားဖြင့် လက်ဖျံနှင့် မောင်းအိုးတို့ တွင် မင်ကြောင်နှင့် ဆေးရုပ်အမျိုးမျိုးတို့ကို ထိုးလေ့ရှိကြသည်။

ထိုးသည့်ကရိယာမှာလည်း ရှေးကအသုံးပြုခဲ့ကြသည့် နှစ်ခွစုတ်၊ လေးခွစုတ်မျိုး မဟုတ်မူဘဲ၊ ဆေးရုပ်ထိုးစက်ကလေးများ ဖြစ် သည်။ ယင်းသို့သော ဆေးရုပ်ထိုးစက်ကလေးများကို အသုံးပြု ခြင်းဖြင့် ရှေးကထက် အချိန်ကုန်သက်သာစေ၍၊ အထိုးခံသူတွင် လည်း အနာအကျင် များစွာသက်သာစေလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)