မာတိကာသို့ ခုန်သွားရန်

မြောက်ဦးဘုရင့်နိုင်ငံတော်

ဝီကီပီးဒီးယား မှ
(မြောက်ဦးနေပြည်တော် မှ ပြန်ညွှန်းထားသည်)
မြောက်ဦးဘုရင့်နိုင်ငံတော်
အစောပိုင်း ဒတ်ခ်ျမြေပုံ (ယခုခေတ် ရခိုင်ပြည်နယ်နှင့် စစ်တကောင်းတိုင်း
အစောပိုင်း ဒတ်ခ်ျမြေပုံ (ယခုခေတ် ရခိုင်ပြည်နယ်နှင့် စစ်တကောင်းတိုင်း
မြို့တော်လောင်းကြက်မြို့ (၁၄၂၉-၁၄၃၀)
မြောက်ဦးမြို့ (၁၄၃၀-၁၇၈၅)
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများရခိုင်ဘာသာစကား
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
အစ္စလာမ်ဘာသာ(လေးသည်တော်တပ်,ကုလား)
ခရစ်ယာန်ဘာသာ
နတ်ကိုးကွယ်ယုံကြည်မှု
အစိုးရပဒေသရာဇ်စနစ်
• ဘုရင်
မင်းစောမွန် (၁၄၂၉-၁၄၃၃)
• 
မင်းခရီ (၁၄၃၃-၁၄၅၉)
• 
မင်းဘင် (၁၄၉၃-၁၅၅၄)
• 
မင်းရာဇာကြီး (၁၅၉၃-၁၆၁၂)
• 
မဟာသမ္မတ (၁၇၈၂-၁၇၈၅)
တည်ထောင်၁၄၃၀


မြောက်ဦးဘုရင့်နိုင်ငံတော်သည် ရခိုင်သမိုင်းတွင် ၁၄၃၀ ခုနှစ်မှ ၁၇၈၅ ခုနှစ်အထိ တည်ရှိခဲ့သော ဘုရင့်နိုင်ငံတော်ဖြစ်သည်။ မြောက်ဦးနေပြည်တော်သည် ဘင်္ဂလားပင်လယ်အော် အရှေ့ဘက်ကမ်းရိုးတန်းတွင် တည်ရှိပြီး မျက်မှောက်ခေတ် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ် ချင်းပြည်နယ် တောင်ပိုင်း ဧရာဝတီတိုင်းဒေသကြီးအနောက်ဘက်ကမ်းရိုးတန်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ဒေသ စစ်တကောင်းတိုင်းတို့ပါဝင်သည့် ကျယ်ပြန့်သည့် နယ်မြေနယ်နိမိတ်ကို ပိုင်စိုးအုပ်ချုပ်နိုင်ခဲ့သည်။ မြောက်ဦးကို ၁၄၃၀ခုနှစ်တွင် နရမိတ်လှ(ခေါ်) လောင်းကြက်ဘုရင် မင်းစောမွန် နှင့် ညီဖြစ်သူ နရနု (ခေါ်) မင်းခရီတို့က စတင်တည်ထောင်ခဲ့သည်။မြောက်ဦးသည် အစောပိုင်းတွင် စစ်ရေးအကူအညီပေးခဲ့သောဘင်္ဂလားစူလတန်နိတ်နိုင်ငံ၏ အစောင့်ရှောက်ခံနိုင်ငံအဖြစ် ၁၄၂၉ မှ ၁၄၃၇ အထိ နေခဲ့ရဟန်တူသော်လည်း မင်းခရီလက်ထက်သို့ရောက်သည့်အခါ သြဇာခံအနေထားကိုဆန့်ကျင်ပြီး ၁၄၃၇တွင် ပန်းဝါ(ရာမူး) နှင့် ဘစောဖြူလက်ထက် ၁၄၅၉ ခုနှစ်တွင် စစ်တကောင်းကို သိမ်းပိုက်ပြီး စတင်နယ်မြေချဲ့ထွင်နိုင်ခဲ့သည်။ တောင်ငူသည် ၁၅၄၆-၁၅၄၇၊ ၁၅၄၆-၁၅၄၇ နှင့် ၁၅၈၀-၁၅၈၁ တို့တွင် မြောက်ဦးကို သိမ်းပိုက်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း မြောက်ဦးသည် အောင်မြင်စွာခုခံနိုင်ခဲ့သည်။ မြောက်ဦးသည် ၎င်း၏အင်အားအတောင့်တင်းဆုံးအချိန်တွင် ဘင်္ဂလားပင်လယ်အော် Sundarbansဒေသမှ မှ မုတ္တမပင်လယ်ကွေ့အထိ ၁၅၉၉ ခုနှစ်မှ ၁၆၀၃ ခုနှစ်အထိ ထိန်းချုပ်န်ုင်ခဲ့သည်။ ၁၆၆၆ တွင် မဂိုလ်အင်ပါယာနှင့် စစ်ပွဲအပြီးတွင် စစ်တကောင်းကို ဆုံးရှုံးခဲ့သည်။ ၁၇၈၅ခုနှစ်သို့ရောက်သည့်အခါ အရှေ့ဘက်ကုန်းဘောင်မင်းဆက်ဘုရင့်နိုင်ငံက ကျူးကျော်သိမ်းပိုက်လိုက်မှုကြောင့် မြောက်ဦးဘုရင့်နိုင်ငံသည် အဆုံးသတ်ခဲ့ရသည်။ [၁]

သမိုင်း[ပြင်ဆင်ရန်]

မြောက်ဦးဘုရင့်နိုင်ငံသည် ရခိုင်သမိုင်းတွင် အေဒီ ၁၄၃၀ ခုနှစ်မှ ၁၇၈၅ ခုနှစ်အထိ တည်ရှိခဲ့သောနိုင်ငံဖြစ်သည်။ နရမိတ်လှ(ခ)မင်းစောမွန်သည်‌ မြောက်ဦးနေပြည်တော်ကိုစတင်တည်ထောင်ခဲ့သောဘုရင်ဖြစ်သည်။ လေးမြို့ခေတ် လောင်းကြက်ထီးနန်းဘုရင်မင်း‌စောမွန်လက်ထက် အေဒီ၁၄၀၆ ခုနှစ်တွင် အရှေ့ဘက် အင်းဝဘုရင့်နိုင်ငံမှ အင်းဝဘုရင်မင်းခေါင်သည် လောင်းကြက်ထီးနန်းကိုသိမ်းယူရန်အတွက် သားတော်မင်းရဲကျော်စွာဦးဆောင်သည့် တပ်ကို စေလွှတ်တိုက်ခိုက်စေရာ မင်းစောမွန် အရေးနိမ့်ခဲ့ပြီး အနောက်ဘက် ဘင်္ဂလားစူလတန်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ သို့သော် ရခိုင်တောင်ပိုင်းနယ်များမှာ အင်းဝဘုရင်လက်အောက်သို့ ချက်ချင်းမကျရောက်ခဲ့ဘဲ မင်းစောမွန်၏ညီတော် မင်းခရီ(ခ)နရနုက ထိန်းထားနိုင်ခဲ့သည်။ မင်းစောမွန်သည် ရခိုင်ထီးနန်းကို ဘင်္ဂလားဘုရင်စူလတန်နှင့် ညီတော်မင်းခရီ၏ အကူအညီဖြင့် ၁၈ ဧပြီ ၁၄၂၉ ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ အေဒီ၁၄၃၀ ခုနှစ်တွင် မင်းစောမွန်သည် ရခိုင်ထီးနန်းကို လောင်းကြက်မြို့မှ အချက်အခြာကျ ပိုမိုလုံခြုံသည့် မြောက်ဦးမြို့နေရာသို့ ရွှေ့ပြောင်းပြီး မြောက်ဦးမင်းနေပြည်တော်ကို တည်ထောင်ခဲ့သည်။ မြို့တော်ကိုအစွဲပြု၍ ရခိုင်မြောက်ဦးခေတ်ဟုခေါ်တွင်သော ရခိုင်မြောက်ဦးထီးနန်းခေတ်သည် ထိုအချိန်မှစတင်ခဲ့သည်။ မြောက်ဦးသည် အစာပိုင်းတွင် စစ်ကူပေးခဲ့သော ဘင်္ဂလားဘုရင်စူလတန်၏ ဩဇာခံအဖြစ် အေဒီ၁၄၂၉ မှ မင်းစောမွန်ကွယ်လွန်သည့် ၁၄၃၃ အထိရှိခဲ့ဟန်တူသည်။ မင်းစောမွန်နောက် အေဒီ၁၄၃၃တွင် ထီးနန်း ဆက်ခံသည့် ညီဖြစ်သူမင်းခရီလက်ထက်သို့ရောက်သည့်အခါ ဩဇာဆက်မခံဘဲ မြောက်ဦးထီးနန်း နယ်ပယ်ကို မြောက်ဘက် ပန်းဝါရာမူးအထိ ထိုးချဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ တောင်ပိုင်း ဒွါရဝတီသံတွဲနယ်များနှင့်လည်းပြန်လည်ပေါင်းစည်းခဲ့သည်။ မင်းခရီကိုဆက်ခံသည့် သားဖြစ်သူ ဘစောဖြူမင်းလက်ထက် အေဒီ၁၄၅၉တွင် မြောက်ဘက်တွင် စစ်တကောင်းဒေသအထိ ဆက်လက်နယ်မြေချဲ့ထွင်ခဲ့သည်။

တောင်ငူဘုရင်တပင်ရွေထီးလက်ထက်တွင် အေဒီ ၁၅၄၆-၁၅၄၇ နှင့် ဘုရင့်နောင်လက်ထက် အေဒီ၁၅၈၀-၁၅၈၁ တို့တွင် မြောက်ဦးဘုရင့်နိုင်ငံကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော်လည်း မြောက်ဦးထီးနန်းဘုရင် မင်းဘင် နှင့် သားဖြစ်သူ မင်းဖလောင်းတို့က အသီးသီး ခုခံကာကွယ်တိုက်ခိုက်နိုင်ခဲ့သည်။ မင်းဖလောင်းကို ဆက်ခံခဲ့သူ ရခိုင်ဘုရင် မင်းရာဇာကြီး လက်ထက်တွင် မြောက်ဦးထီးနန်းဘုရင့်နိုင်ငံနယ်နိမိတ်သည် အနောက်မြောက်ဘက် ဘင်္ဂလားဒေသ ဆန်ဒရာဘင်မြစ်ဝကျွန်းပေါ်မှသည် အရှ့တောင်ဘက် မုတ္တမပင်လယ်ကွေ့ အထိ ကျယ်ပြန့်ထိန်းချုပ်နိုင်လာခဲ့သည်သည်။ မြောက်ဦးသည် အေဒီ ၁၆ရာစုအလယ်ပိုင်းမှ ၁၇ရာစုအလယ်ပိုင်းအထိ ရာစုနှစ်တစ်ခုကျော်ကြာကာလများတွင် ဘင်္ဂလားပင်လယ်အော်ဒေသ ခေတ်ပြိုင်နိုင်ငံများအတွင်းတွင် ကုန်သွယ်ရေး စီးပွားရေး စစ်ရေးစစ်‌‌ရာများတွင် ပြိုင်ဘက်ကင်းလောက်အောင် တိုးတက်ကောင်းမွန်ပြီး အထွတ်အထိပ်သို့ရောက်ခဲ့သည်။[၂]

အေဒီ ၁၆၆၆ခုနှစ်တွင် အနောက်ဘက်မဂိုအင်ပါယာနှင့် ဖြစ်ပွားသည့်စစ်ပွဲများကြောင့် အနောက်မြောက်ဒေသ အဓိကစီးပွားရေးနယ်မြေဖြစ်သည့် စစ်တကောင်းဒေသကို လက်လွှတ်ဆုံးရှုံးခဲ့ရမှစပြီး မြောက်ဦးခေတ်သည် စတင်အင်အားနည်းကျဆင်းလာခဲ့သည်။ မြောက်ဦးဘုရင်စန္ဒသုဓမ္မရာဇာနောက်ပိုင်း အေဒီ ၁၆၈၄ မှ အေဒီ ၁၇၁၀ ခုနှစ် စန္ဒဝိဇယရာဇာမင်းကြားကာလများတွင် ထီးနန်းစိုးစံသည့် မြောက်ဦးဘုရင်များလက်ထက်တွင် မြောက်ဦးနန်း၏အာဏာကို ဘုရင့်ကိုယ်ရံတော်တော်တပ်များကသာ အဓိကကြီးစိုးချယ်လယ်ပြီး ဘုရင်များကို ၎င်းတို့စိတ်ကြိုက် လိုသလို နန်းတင်နန်းချခဲ့ကြသည်။ စန္ဒဝိဇယရာဇာမင်း နောက်ပိုင်း အေဒီ ၁၇၃၁ မှ စပြီး ဆက်ခံသည့် ရခိုင်ဘုရင်များလက်ထက်တွင် မြောက်ဦးထီးနန်းသည် ပိုမိုယိုယွင်းလာခဲ့သည်။ အေဒီ၁၇၈၅ခုနှစ် မဟာသမ္မတရာရာဇာမင်းလက်ထက်သို့ရောက်သည့်အခါ အရှေ့ဘက်ကုန်းဘောင်ထီးနန်း အင်းဝအမရပူရဘုရင်ဘိုးတော်ဘုရားဗဒုံမင်းမှ သားဖြစ်သူအိမ်ရှေ့မင်းမောင်ပိုနှင့်စစ်တပ်ကို စေလွှတ်ပြီး မြောက်ဦးနေပြည်တော်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြင့် ရခိုင်မြောက်ဦးထီးနန်းနှင့် မြောက်ဦးဘုရင့်နိုင်ငံတော်၏ခေတ်သည် အဆုံးသတ်နိဂုံးချုပ်ခဲ့ရသည်။[၃]

လောင်းကြက်ခေတ်(လေမြို့ခေတ်)[ပြင်ဆင်ရန်]

ရခိုင်ဘုရင်များသည် ပုဂံမင်းဆက်အား ဂုဏ်ပြုကြသော်လည်း တောင်ပိုင်းဒေသအများစုမှာ ပုဂံမင်း၏ အုပ်စိုးမှုမှ ကင်းစင်ပြီး ကျန်မြန်မာပြည်မှ အများအပြားသိမ်းပိုက်ခြင်းခံခဲ့ရသည်။ ရခိုင်တောင်တန်းများဖြင့် ပုဂံမှ ခွဲထွက်ပြီး ရခိုင်ပြည်သည် အခြားဗမာဒေသများအထိ အမှီအခိုကင်းစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ၁၁ ရာစုမတိုင်မီ မြို့တော်ကို ဓညဝတီမြို့မှ ဝေသာလီမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၂ ရာစုတွင် ပျဉ်းမမြို့၊ ပါရင်နှင့် ခရစ်မြို့သို့ ပြောင်းရွှေ့ကာ မြို့တော်ကို ၁၁၈၀ ခုနှစ်တွင် ပျဉ်းဆာသို့ တစ်ဖန် ပြောင်းရွှေ့ခဲ့ပြီး ၁၂၃၇ ခုနှစ်တွင် လောင်ဂျီသို့ ပြောင်းရွှေ့ခဲ့သည်။

ရည်ညွှန်းချက်များ[ပြင်ဆင်ရန်]

  1. Rakhine Razawin Gyi။ U Htun Shwe။ p. 93 to 99 Phase။
  2. The Rise and Decline of the Mrauk U Kingdom Vol 1 (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Stephan E.A. van Galen။ p. 14 to 31။
  3. Rakhine Razawin Thit Vol 2။ Ashin. Sandamala Likãra။ p. 95 to 162 Phase 6 157။