မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ၏ သမ္မတ

ဝီကီပီးဒီးယား မှ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ နိုင်ငံတော်သမ္မတ
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်
မင်းအောင်လှိုင်

၁၀ ဧပြီ ၂၀၂၆ မှစ၍
အဆိုပြုသူပြည်ထောင်စုလွှတ်တော်
ခန့်အပ်သူသမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့
သက်တမ်းငါးနှစ်၊ သက်တမ်းတစ်ကြိမ် ထပ်မံထမ်းဆောင်နိုင်သည်
စတင်ထမ်းဆောင်သူစဝ်ရွှေသိုက်
ဖွဲ့စည်းခြင်း၄ ဇန်နဝါရီ ၁၉၄၈
လစာကျပ်သိန်း ၅၀[]
ဝက်ဘ်ဆိုဒ်president-office.gov.mm
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၁၈ ခုနှစ်) အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင်နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၁၈ ခုနှစ်) ပုဒ်မ ၁၆ အရ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်။

နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးချယ်တင်မြှောက်သည်။ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ ကော်မတီ သုံးခုမှ တဆင့် သမ္မတလောင်းများကို ရွေးချယ်သည်။[]

အမျိုးသားလွှတ်တော်ပြည်သူ့လွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်များမှ သမ္မတလောင်း တစ်ဦးစီ တင်သွင်းသည်။[] သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ မဲပေးရွေးချယ်စေကာ မဲအများဆုံးရရှိသည့် သမ္မတလောင်းကို နိုင်ငံတော် သမ္မတအဖြစ် တင်မြှောက်ပြီး ကျန်နှစ်ဦးကို ဒုတိယ သမ္မတများ အဖြစ် ခန့်အပ်သည်။[]

၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့တွင် ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီး ၂၀၂၆ခုနှစ် ဧပြီ၁၀ရက်တွင် စတင်တာဝန်ထမ်းဆောင်သည်။ []

သမိုင်းကြောင်း

မြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိန်တို့ထံမှ လွတ်လပ်ရေးရရှိပြီးသည့်နောက်တွင် နိုင်ငံအုပ်ချုပ်ရေးနှင့် နိုင်ငံအကြီးအကဲအဖြစ် သမ္မတရာထူးအဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။ ရာထူးအားဖြင့် သမ္မတသည် နိုင်ငံအကြီးအကဲဖြစ်သော်လည်း အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် အစိုးရအဖွဲ့အကြီးအကဲမှာမူ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သည်။ တစ်နည်းအားဖြင့် ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားချက်များအရ သမ္မတသည် ဂုဏ်ထူးဆောင်သမ္မတဖြစ်ပြီး အုပ်ချုပ်ရေးအာဏာ အနည်းငယ်သာရှိပေသည်။ လွှတ်တော် ဖျက်သိမ်းထားချိန်များနှင့် ရွေးကောက်ပွဲကြားကာလများ အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လစ်ဟင်းမှုများမဖြစ်ပေါ်စေရန် သမ္မတမှ ယာယီတာဝန်ယူ အုပ်ချုပ်ပေးခြင်းမျိုးသာ ရှိပေသည်။ ထို ပါလီမန် ဒီမိုကရေစီခေတ် တစ်လျောက်တွင် သမ္မတအဖြစ် တာဝန်ယူခဲ့ကြသူများမှာ-

  1. စဝ်ရွှေသိုက်
  2. ဦးဘဦး နှင့်
  3. ဦးမန်းဝင်းမောင် တို့ဖြစ်ကြသည်။

သို့ရာတွင် ၁၉၆၂ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် တပ်မတော်မှ အာဏာသိမ်းယူမှုဖြစ်ပွားပြီးသည့်နောက်တွင် အထက်ပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဖျက်သိမ်းလိုက်သဖြင့် ပါလီမန်ဒီမိုကရေစီ စနစ် နှင့်အတူ သမ္မတရာထူးလည်း တစ်ပါတည်း ဖျက်သိမ်းခံရပြီးဖြစ်သည်။ ထိုနောက် ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တစ်ပါတီ စနစ်ကို ကျင့်သုံးပြီး အစိုးရအဖွဲ့အကြီးအကဲသည် သမ္မတ ဖြစ်ကြောင်း ပြဋ္ဌာန်းသဖြင့် သမ္မတသည် အာဏာပိုင်ဖြစ်လာသည်။ ထို ဖွဲ့စည်းပုံအရ တာဝန်ယူခဲ့ကြသည့် သမ္မတများမှာ-

  1. ဦးနေဝင်း
  2. ဦးစန်းယု
  3. ဦးစိန်လွင်
  4. ဦးအေးကို နှင့်
  5. ဒေါက်တာမောင်မောင် တို့ဖြစ်ကြသည်။

၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံ အပြီးတွင် တပ်မတော်မှ တစ်ဖန်အာဏာသိမ်းယူလိုက်ခြင်းဖြင့် ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ ပယ်ဖျက်ခံလိုက်ရသည့်နောက်တွင် စစ်အုပ်ချုပ်ရေးကာလများတွင် စစ်ဦးစီးချုပ်များဖြစ်သည့် ဗိုလ်ချုပ်ကြီးစောမောင် နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကသာ တိုင်းပြည်ကို တိုက်ရိုက်အုပ်ချုပ်ခဲ့ကြသဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား လိုက်နာကျင့်သုံးခြင်း မရှိသည့် ကာလဖြစ်သည်။ အစိုးရအဖွဲ့အကြီးအကဲ အဖြစ်သော်လည်း၊ နိုင်ငံအကြီးအကဲ အဖြစ်သော်လည်းကောင်း သမ္မတအုပ်ချုပ်ရေးပုံစံ မဖြစ်ခဲ့ပေ။ သို့သော် အစိုးရအဖွဲ့ကို ဦးဆောင်ရန်အတွက် ဝန်ကြီးချုပ် တစ်ဦးကို ခန့်အပ်ခဲ့သည်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် သမ္မတသည် နိုင်ငံအကြီးအကဲဖြစ်သည် သာမက အစိုးရအဖွဲ့အကြီးအကဲပါ ဖြစ်သည်ဟု ဆိုသည်။ ထို့ဖြင့် ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ၊ ၄ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် စစ်ဘက်မှ ကိုယ်စားလှယ်များ ပါဝင်သည့် သမ္မတရွေးချယ်တင်မြောက်ရေးအဖွဲ့၏ မဲပေးဆုံးဖြတ်ချက်များအရ ဦးသိန်းစိန်သည် သမ္မတဖြစ်လာသည်။

နိုင်ငံတော် သမ္မတ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၂၀၀၈ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ၂၀၂။ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်
    • (က) ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနများကို ပြင်ဆင်သတ်မှတ်ခြင်း ဖြည့်စွက်ခြင်း ပြုနိုင်သည်။
    • (ခ) ပြည်ထောင်စုဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကို တိုးခြင်း၊ လျှော့ခြင်း ပြုနိုင်သည်။
  • ၂၀၃။ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်။ ဒုတိယ သမ္မတများသည် နိုင်ငံတော် သမ္မတအားလည်းကောင်း၊ နိုင်ငံတော် သမ္မတမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်အားလည်းကောင်း တာဝန်ခံရမည်။
  • ၂၀၄။ နိုင်ငံတော်သမ္မတသည်
    • (က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။
    • (ခ) အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။
  • ၂၀၅။ နိုင်ငံတော် သမ္မတသည် ဥပဒေနှင့်အညီ
    • (က) ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းပြုနိုင်သည်။
    • (ခ) ချီးမြှင့်အပ်နှင်းထားသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ပြန်လည်ရုပ်သိမ်းခြင်းပြုနိုင်သည်။
  • ၂၀၆။ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ သံတမန်အဆက်အသွယ်ဖြတ်တောက်ခြင်းပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေမျိုး၌ နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် နိုင်ငံခြားတိုင်းပြည်တစ်ခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ နိုင်ငံတော်သမ္မတသည် မိမိ၏အရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရမည်။
  • ၂၀၈။ နိုင်ငံတော် သမ္မတသည် ဥပဒေနှင့်အညီ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။
  • ၂၀၉။ နိုင်ငံတော် သမ္မတသည် ဥပဒေနှင့်အညီ
    • (က) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ (သို့မဟုတ်) နိုင်ငံအချင်းချင်းဆိုင်ရာစာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နုတ်ထွက်ခြင်း ပြုရမည်။
    • (ခ) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူရန်မလိုအပ်ဘဲ ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ (သို့မဟုတ်) နိုင်ငံအချင်းချင်းဆိုင်ရာစာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နုတ်ထွက်ခြင်း ပြုနိုင်သည်။
  • ၂၁၀။ နိုင်ငံတော် သမ္မတသည် နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ်တို့ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေး‌‌တွင် ဖြစ်စေ၊ ပြည်သူ့လွှတ်တော် (သို့မဟုတ်) အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ၊ နိုင်ငံတစ်ဝန်းလုံးသို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခွင့်၊ သဝဏ်လွှာပေးပို့ခွင့်ရှိသည်။
  • ၂၁၁။ နိုင်ငံတော်သမ္မတသည် လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေးကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော်နာယကအား အကြောင်းကြားနိုင်သည်။
  • ၂၁၂။**(က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတစ်ခုနှင့် တစ်ခုအကြား ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ကိစ္စရပ်များမှအပ ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် ဥပဒေ ကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ပြန်ခွင့်ရှိသည်။
    • (ခ) နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ(က)အရ ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ရုပ်သိမ်းခြင်းမရှိလျှင် ယင်းအမိန့်ထုတ်ပြန်သည့်နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ကျင်းပသော အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပရန် မရှိလျင် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ခေါ်ယူကျင်းပစေ၍ အတည်ပြုချက်ရယူရမည်။
    • (ဂ) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်မရရှိလျှင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်သည် အတည်မပြုသည့်နေ့မှစ၍ အာဏာတည်ခြင်းမှ ရပ်စဲရမည်။
    • (ဃ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတော်၏ သဘောတူညီချက်ဖြင့် ထိုဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို လိုအပ်သောကာလအပိုင်းအခြားအထိ ဆက်လက်အတည်ဖြစ်စေနိုင်သည်။
    • (င) ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ရုပ်သိမ်းပြီးဖြစ်စေကာမူ ထိုဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို အနီးကပ်ဆုံးကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့တင်ပြရမည်။
    • (စ) ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပိုင်ခွင့်မရှိသော ပြဋ္ဌာန်းချက်ပါရှိလျှင် ယင်းပြဋ္ဌာန်းချက်သည် ပျက်ပြယ်ရမည်။
  • ၂၁၄။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းသည့်ဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ပြီး လက်မှတ်ရေးထိုးရမည်။ ယင်းသို့ လက်မှတ်ရေးထိုးပြီးသောဥပဒေများကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန် ကြေညာရမည်။
  • ၂၁၅။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ မိမိအားအပ် နှင်း ထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သောပြုလုပ်မှု အတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့ တာဝန်မရှိစေခြင်းသည် နိုင်ငံတော် သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

နိုင်ငံတော်သမ္မတ၏ ခံစားခွင့်

အိမ်တော်

နိုင်ငံတော်သမ္မတသည် နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် နေထိုင်ပိုင်ခွင့်ရှိသည်။

လစာ

၁၉၄၈ခုနှစ် နိုင်ငံတော်သမ္မတ လစာနှင့် စရိတ်ငွေများ အက်ဥပဒေအရ နိုင်ငံတော်သမ္မတအား လစာငွေကျပ် ၅၀၀၀ ပေးအပ်သည်။ ထိုလစာအပေါ် အခွန်ကောက်ခံခြင်း မရှိစေရပေ။ ထို့အပြင် သမ္မတအိမ်တော်နှင့် ယာဉ်ရထားများသုံးစွဲခွင့်ရှိသည်။ လစာအပြင် တစ်နှစ်လျှင် ဧည့်ခံစရိတ် ငွေကျပ် ၂၄၀၀၀၊တိုင်းခန်းလှည့်လည်စရိတ် ငွေကျပ် ၇၅၀၀၀တို့ထက်မပိုစေ၍ သုံးစွဲခွင့်ရှိသည်။[]

၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်သမ္မတ၏လစာသည် တစ်လလျှင် ကျပ်သိန်း ၅၀ဖြစ်သည်။ဦးသိန်းစိန်လက်ထက်တွင် တိုင်းပြည်ဘဏ္ဍာရေးကြောင့် တစ်လလျှင် ကျပ် ၁၅သိန်းသာ ရယူခဲ့ပြီး ၂၀၁၄ခုနှစ် ဧပြီလတွင်မှသာ ကျပ်သိန်း ၅၀ စတင်ခံစားခဲ့သည်။[]သမ္မတအနေဖြင့် ဥပဒေပါ လစာ မယူခြင်းမှာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ထိုစဉ်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားခဲ့သေးသည်။[]

သမ္မတများ စာရင်း (၂၀၁၁-လက်ရှိ)

ပုံ အမည်
(မွေးဖွား-သေဆုံး)
သက်တမ်း နိုင်ငံရေးပါတီ အစိုးရအဖွဲ့ ပြည်ထောင်စုလွှတ်တော်
စတင် ပြီးဆုံး ရက်ပေါင်း
၁။ ဦးသိန်းစိန်
(၁၉၄၅-)
၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆  နှစ်၊  ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ I USDP-တပ်မတော် (၂၀၁၀)
၂၀၀၈ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေအရ ခန့်အပ်​သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ပထမဦးဆုံး သမ္မတ
၂။ ဦးထင်ကျော်
(၁၉၄၆–)
၃၀ မတ် ၂၀၁၆ ၂၁ မတ် ၂၀၁၈[]  နှစ်၊ ၃၅၆ ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် II NLD-တပ်မတော် (၂၀၁၅)
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ပထမဦး​ဆုံး​အရပ်သားသမ္မတ
- ဦးမြင့်ဆွေ
(၁၉၅၁–)
ယာယီသမ္မတ
၂၁ မတ် ၂၀၁၈ ၃၀ မတ် ၂၀၁၈  ရက် တပ်မတော်သားကိုယ်စားလှယ်များမှရွေးကောက်တင်မြှောက်ခြင်း II NLDတပ်မတော်
ဦးထင်ကျော် နုတ်ထွက်ခဲ့ပြီးနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယာယီသမ္မတအဖြစ် ဆောင်ရွက်ခဲ့သည်။
၃။ ဦးဝင်းမြင့်
(၁၉၅၁–)
၃၀ မတ် ၂၀၁၈ ၁ ဖေဖော်ဝါရီ ၂၀၂၁  နှစ်၊ ၃၀၈ ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် II NLD-တပ်မတော် (၂၀၁၈)
ဦးထင်ကျော် နုတ်ထွက်ပြီးနောက် နိုင်ငံတော် သမ္မတသစ်အဖြစ် ရွေးကောက်ခံရသူဖြစ်သည်။
- ဦးမြင့်ဆွေ
(၁၉၅၁–)
ယာယီသမ္မတ
၁ ဖေဖော်ဝါရီ ၂၀၂၁ ၂၂ ဇူလိုင် ၂၀၂၄  နှစ်၊ ၁၇၂ ရက် တပ်မတော်သားကိုယ်စားလှယ်များမှရွေးကောက်တင်မြှောက်ခြင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ဦးမြင့်ဆွေသည် ယာယီသမ္မတ ရာထူးကို ရယူခဲ့သည်။
- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
(၁၉၅၆–)
ယာယီသမ္မတ
၂၂ ဇူလိုင် ၂၀၂၄ ၃ ဧပြီ ၂၀၂၆  နှစ်၊ ၂၅၅ ရက် တပ်မတော် ပြည်ထောင်စုအစိုးရအဖွဲ့ (၂၀၂၁-လက်ရှိ) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ယာယီသမ္မတ၏ ကျန်းမာရေးကြောင့် ယာယီသမ္မတ(တာဝန်) ရာထူးကို ကာကွယ်ရေးဦးစီးချုပ်က ရယူခဲ့သည်။
၄။ မင်းအောင်လှိုင်
(၁၉၅၆–)
သမ္မတ
၁၀ ဧပြီ ၂၀၂၆ လက်ရှိ  ရက် တပ်မတော် I USDP-တပ်မတော် (၂၀၂၆)
၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲပြီးနောက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှ တင်မြှောက်သည့် နိုင်ငံတော်သမ္မတ

နောက်ဆုံး ရွေးကောက်ပွဲ

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံးတွင် ကျင်းပခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲအပြတ်အသတ်အနိုင်ရရှိခဲ့ပြီး အရပ်သားသမ္မတအဖြစ် ဦးထင်ကျော် ကို တင်မြှောက်ခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်၏ ဥပဒေပြုမှုနှင့် နိုင်ငံတော် သမ္မတ၏ခန့်အပ်မှုကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးအား စတင်တာဝန်ထမ်းဆောင်နိုင်ခဲ့သည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် နောက်ဆုံးအကြိမ်ကျင်းပပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲရလဒ်တွင် မဲသမာမှုများရှိသည်ဟု အကြောင်းပြ၍ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး[] နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေါ်ကီတော်ကီ ပိုင်ဆိုင်မှု အပါအဝင် အခြားအမှုများဖြင့် တရားစွဲပြီး နိုင်ငံထိပ်သီး ဝန်ကြီးများကို ဖမ်းဆီး၍ ပုဒ်မှအသီးသီးတပ်ကာ တရားရင်ဆိုင်စေခဲ့သည်။[]

စစ်အာဏာသိမ်းပြီး ၅နှစ်နီးပါးအကြာတွင် အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ ကို အပိုင်း၃ပိုင်းခွဲ၍ ကျင်းပခဲ့သည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အများစု အနိုင်ရခဲ့သည်။၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ခေါ်ကာ မတ်လ ၁၈ ရက်တွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ခေါ်ယူခဲ့သည်။မတ်လ ၂၀ရက် တွင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပခဲ့သည်။ထို့နောက် ဒုသမ္မတများအား လွှတ်တော်အစုအဖွဲ့အလိုက် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ဧပြီ ၃ရက်တွင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တွင် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးကို အမတ် ၅၈၄ ဦး ဖြင့် ပြုလုပ်ခဲ့ကြပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မဲရလဒ် ၄၂၉မဲ နှင့် နိုင်ငံတော်သမ္မတအဖြစ်လည်းကောင်း၊ ဦးညိုစော သည် မဲရလဒ် ၁၂၆ မဲဖြင့် ဒုတိယသမ္မတ (၁) အဖြစ်လည်းကောင်း၊ ဒေါ်နန်းနီနီအေး သည် မဲရလဒ် ၂၉ မဲဖြင့် ဒုတိယသမ္မတ (၂) အဖြစ်လည်းကောင်း အသီးသီး ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။[]

အခြားကြည့်ရန်

ကိုးကား

  1. 1 2 သမ္မတ လစာ သိန်း ၅၀ မှာ နည်းသည်ဟု ဦးရွှေမန်းပြော
  2. 1 2 3 "FACTBOX - Myanmar's new political structure"၊ Reuters၊ 31 January 2011 21 August 2011 တွင် ပြန်စစ်ပြီး Archived from the original on 6 October 2012။
  3. နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယသမ္မတများအဖြစ် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့အား ရွေးချယ်တင်မြှောက် | Ministry Of Information (in en)။ 2026-04-03 တွင် ပြန်စစ်ပြီး။
  4. ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတ(လစာနှင့်စရိတ်ငွေများ) အက်ဥပဒေ 24 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 June 2021 တွင် ပြန်စစ်ပြီး။
  5. နိုင်ငံတော်သမ္မတ လစာငွေသတ်မှတ်ရေး လွှတ်တော်မှာဆွေးနွေး 24 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 June 2021 တွင် ပြန်စစ်ပြီး။
  6. နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် အမှတ်၊ ၁ / ၂၀၁၈ (၂၁ မတ် ၂၀၁၈)။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  7. အရေးပေါ် အခြေအနေ ကြေညာ၊ ဦးမြင့်ဆွေ ယာယီသမ္မတ တာဝန်ယူ (1 ဖေဖော်ဝါရီ 2021)။ ၃၀ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  8. ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ ရွေးကောက်ပွဲ (in my) (2025-12-27)။ 2026-04-03 တွင် ပြန်စစ်ပြီး။
  9. Min Aung Hlaing elected Myanmar president despite international criticism (in en)။ 2026-04-03 တွင် ပြန်စစ်ပြီး။