မာတိကာသို့ ခုန်သွားရန်

အနော်ရထာ

ဝီကီပီးဒီးယား မှ
အနော်ရထာမင်း
ပုဂံဘုရင်
နန်းသက်၁၀၄၄ - ၁၀၇၇
နန်းတက်ချိန်၁၆ ဒီဇင်ဘာ ၁၀၄၄
ရှေ့မင်းဆက်စုက္ကတေး (ပုဂံမင်းသားအဖြစ်)
နောက်မင်းဆက်စောလူးမင်း
မွေးဖွား၁၁ -၃- ၁၀၁၄
ပုဂံ
ကွယ်လွန်၂၃ မတ် ၁၀၇၇ (၆၃ နှစ်)
ပုဂံ
သားသမီးများစောလူးမင်း ကျန်စစ်သား
အမည် အပြည့်အစုံ
မဟာရာဇာ သီရိ အနုရုဒ္ဓဒေဝ
မင်းဆက်ပုဂံခေတ်
ခမည်းတော်ကွမ်းဆော်ကြောင်ဖြူမင်း
မယ်တော်မြောက်ပြင်သည်

အနော်ရထာမင်းစော သည် ပုဂံပြည်အား တည်ထောင်သူနှင့် ပထမဆုံးဘုရင်ဖြစ်သည်။ ပုဂံမင်းသားကွမ်းဆော်ကြောင်ဖြူမင်း ၏ သားတော်ဖြစ်သည်။မြန်မာဒဏ္ဍာရီအရ စတုတ္ထပုဂံခေတ်တွင်မင်းဖြစ်၍ရေတွက်သော၄၂ဆက်မြောက်မင်းဖြစ်လေသည်။[ပုဂံရာဇဝင်နဲ့နောက်ပိုင်းတွေ့ရှိအထောက်ထားများ ၁]

ထီးနန်းရရှိပုံ

[ပြင်ဆင်ရန်]

အနော်ရထာမင်းသည် ပထမ ဧကရာဇ်မြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ပုဂံမင်း ၅၅ ဆက်အနက် ၄၂ ဆက်မြောက် မင်းဖြစ်သည်။ အနော်ရထာကား ပုဂံပြည့်ရှင် ကွမ်းဆော်မင်းဟုလည်းတွင်သော ကြောင်ဖြူမင်းနှင့် မိဖုရားမြောက်ပြင်သည်တို့မှ သက္ကရာဇ် ၃၇၆ ခုနှစ်တွင် ဖွားမြင်သောသားတော်တစ်ဦး ဖြစ်သည်။

ခမည်းတော်အား နန်းချ၍ ထီးနန်းစိုးစံနေသော နောင်တော် စုက္ကတေး နှင့် အနော်ရထာသည် မြင်းစီးချင်းတိုက်၍ အနိုင်ရသောအခါ ခမည်းတော်ရှိရာ ကျောင်းတော်သို့သွား၍ ခမည်းတော်အား မင်းပြုရန် တောင်းပန်လေသည်။ ခမည်းတော်သည် ငါအသက်အရွယ်ကြီးပြီ၊ အမောင်သာ မင်းပြုတော့ဟု မိန့်တော်မူမှ သက္ကရာဇ် ၄၀၆ ခုနှစ်တွင် ရာဇာဘိသေက ခံ၍ နန်းတက်သည်။ ခမည်းတော်အားလည်း မင်းမြှောက်တန်ဆာငါးပါးနှင့်တကွ မင်းဆောင်မင်းယောင် မင်းခမ်းမင်းနားအကုန် ကျင်းပစေ၍ ရဟန်းမင်းပြုစေသည်။ အနော်ရထာမင်း နန်းတက်သက္ကရာဇ်ကို မှန်နန်းရာဇဝင်၌ ၃၇၉ ခုနှစ်ဟုဆို၍ ဦးကုလားမဟာရာဇဝင်၌ ၃၄၆ ခုနှစ်ဟုဆိုသည်။ သို့ရာတွင် ဇာတာတော်ပုံ ရာဇဝင် အရလည်းကောင်း၊ ကျောက်စာ များနှင့် လည်းကောင်း ညှိနှိုင်းကြည့်သောအခါ ၄၀၆ ခုနှစ်ဟု တွေ့ရသည်။

ကွမ်းဆော်ကြောင်ဖြူမင်း ထီးနန်းကျပြီးနောက် သားတော် စုက္ကတေး ထီးနန်းပြုနေခဲ့သည်။ စုက္ကတေး သည် အဖေတူ အမေကွဲ ဖြစ်သော အနော်ရထာ၏ မယ်တော်ကို မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။ အနော်ရထာသည် စုက္ကတေးအား မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး စစ်တိုက်ရန် စစ်အင်အား စုဆောင်းခဲ့သည်။ ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကြေပျက်စီးမည် ကို မလိုလားသဖြင့် နောင်တော် စုက္ကတေး နှင့် မြင်းကပါ အရပ်တွင် တစ်ဦးချင်း စီးချင်းထိုးခဲ့သည်။ နောက်ဆုံးတွင် အနော်ရထာ အနိုင်ရရှိပြီး ပုဂံတွင်မင်းဖြစ်လာခဲ့သည်။

တိုင်းပြည်အတွက် ကြိုးပမ်းပုံ

[ပြင်ဆင်ရန်]

အနော်ရထာမင်း နန်းတက်သောအခါ ပုဂံပြည် ဩဇာ ပြန့်နှံ့ရာအရပ်မှာ ယခု မန္တလေးမိတ္ထီလာမြင်းခြံကျောက်ဆည်ရမည်းသင်းမကွေးစစ်ကိုင်းကသာပခုက္ကူမင်းဘူးတဝိုက်မျှသာ ကျယ်ဝန်းဟန် တူသည်။

အနော်ရထာမင်းကြီးသည် နန်းတက်သည်နှင့် တပြိုင်နက် နိုင်ငံစီးပွားရေးနှင့် စစ်အင်အားကို စည်းရုံးခဲ့သည်။ စီးပွားရေးအင်အား တောင့်တင်းရန်အတွက် ကျောက်ဆည်နယ်၌ တူးမြောင်းများကို စနစ်တကျ ဆည်ဖို့စေလျက် မြစ်ငယ်မြစ်ပန်းလောင်မြစ်နှင့် စမုန်မြစ်တို့မှ စီးဆင်းလာသော ရေအားဖြင့် စပါးကောက်ပဲသီးနှံ အများအပြား ထွက်အောင် စီမံခန့်ခွဲခဲ့သည်။ ဤသို့ လယ်ယာစိုက်ပျိုးမှုကို ကောင်းစွာ အားပေးပြုစုသဖြင့် ကျောက်ဆည်နယ်သည် ပုဂံပြည်၏ စားရေရိက္ခာ သိုမှီးရာ စပါးကျီသဖွယ် ဖြစ်လာလေသည်။

စားရေရိက္ခာ လုံလောက်ပေါများ လာသောအခါ အနော်ရထာမင်းသည် စစ်သည်ရဲမက်တို့ကို အရေးပေါ်လျှင် ပေါ်သည့်အားလျော်စွာ စုရုံး ဖွဲ့စည်းနိုင်ခဲ့သည်။ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော သူရဲကောင်းများကိုလည်း မြတ်နိုးစွာ မြှောက်စားချီးမြှင့်ခဲ့၏။ ထို့ကြောင့်လည်း အမတ်သူရဲကောင်းများ ပေါများလေသည်။ အမတ်သူရဲကောင်းများအနက် ကျန်စစ်သားသည် အမြော်အမြင်နှင့်ပြည့်စုံ၍ လက်ရုံးတဆူ အားကိုးရသူဖြစ်သည်။ ကျန်အမတ် သူရဲကောင်းများမှာ ငထွေရူးငလုံးလက်ဖယ်ညောင်ဦးဖီးဗျတ္တနှင့် ရွှေဖျဉ်းညီနောင် စသည်တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံကြီးကို စည်းရုံး ဖွဲ့နှောင်လျက် ပြုစုပျိုးထောင်ရာ၌ ဤသူရဲကောင်းများသည် ကြီးစွာသော အကူအညီပေးခဲ့သည်။

မင်းတရားကြီးသည် စစ်တပ်ကို ဖွဲ့စည်းရာ၌ လက်အောက်ခံ ရွာမြို့ခရိုင်တို့၏ အင်အားကိုလိုက်၍ အချိုးကျ ပါဝင်စေခဲ့သည်။ စစ်သည်များကို အချိုးကျ နည်းစနစ်နှင့် အရဖြည့်တင်းပြီး အနော်ရထာမင်းကြီးသည် တကွဲတပြားစီ ဖြစ်နေသော ပြည်နယ်များကို တိုက်ခိုက်သိမ်းသွင်းခဲ့သည်။ အထက်တခွင်၌ နန်ချောင်မင်းတို့၏ ရန်ကို တားဆီးနိုင်၍ ဗန်းမော်မြစ်ကြီးနားဒေသတဝိုက်အထိ မိမိ၏ အာဏာကို သက်ရောက်ပြန့်နှံ့စေလေသည်။ နန်ချောင်မှ အပြန် မောမည်သော ရှမ်းပြည်ကို အုပ်စိုးသည့် မင်းက သမီးတော်စောမွန်လှအား ဆက်သလိုက်သည်ကို ထောက်၍လည်း မြန်မာတို့ မည်မျှ အင်အားကြီးမား၍ နေကြောင်း သိသာသည်။

သာသနာပြုခြင်း

[ပြင်ဆင်ရန်]

အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို လည်းကောင်း၊ လောကနာထကို လည်းကောင်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရမေသွာတို့ကိုလည်းကောင်း၊ နတ်နဂါး နှင့် အရညဝါသီ‌ တောရပ်‌စောင့်တည်မှုများကိုလည်းကောင်း အလုံးစုံကို ရောနှော၍ ကိုးကွယ်နေကြလေသည်။ထိုအချိန်သည်ထေရဝါဒဗုဒ္ဓသာသနာသည်မြန်မာတွင်မဆိုထားနဲ့နိုင်ငံတိုင်းတွင်းလည်းအတက်အကျဖြစ်နေသောအချိန်လည်းဖြစ်ပြန်သည်။

အနော်ရထာမင်းသည် ထိုကဲ့သို့ အယူဝါဒများရောထွေးယှက်တင်လျက် သူတလူငါတစ်မင်း​​ပြောဟောနေသည်တို့အား ကိုးကွယ်နေရခြင်းကို မနှစ်သက်သဖြင့် ရှင်းလင်းတိကျပြီး နာယူကျင့်ကြံဖို့ သင့်တော်‌လျောက်ပတ်သောတရားကို ညွန်ပြကာ မည်သည်က ဓမ္မ မည်သည်က အဓမ္မ၊ မည်သည်က ဝိနယ၊ မည်သည်က အဝိနယ အဆုံးအဖြတ်ပေးနိုင်မည့် သူမျိုးနှင့် ထိုသူ၏ အဆုံးအမမျိုးကိုသာ တောင့်တနေခိုက် အောက်ပြည်သထုံကို ကြွမ်(ဂျွမ်း၊ ခမာ)တို့ စစ်ပြုလာသောကြောင့် စစ်ရှောင်ရန် ပုဂံဘက်သို့ ထွက်ကြွလာသော ဓမ္မဒဿီမည်သော ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ ရောက်လာစဉ် မထေရ်၏ အပြုအမူ အနေအထိုင် အပြောအဆိုတို့ကိုကြည့်ကာ သဘောကျသဖြင့် သူ၏ အဆုံးအမတိုင်းသာ လိုက်ရန် ဆုံးဖြတ်‌လေသည်။

ထိုသို့ ဆုံးဖြတ်ပြီးနောက် ပုဂံတွင် အရောရောအနှောနှော ဖြစ်လျက်ရှိသည့် အယူဝါဒပေါင်းစုံနှင့်တကွ တခြားတန္တရဝါဒများ ထေရဝါဒရဟန်းများကို ရှင်အရဟံမထေရ်၏ အကူအညီ ယူလျက် စစ်ဆေးကာ ခွဲထုတ်ပြီး အသောကမင်းလက်ထက်တွင် ပြုမူသကဲ့သို့ သာသနာတော်သန့်ရှင်းရေး ပြုပြီး မင်းနှင့် တကွ တပြည်လုံး ထေရဝါဒဗုဒ္ဓဘာသာအဖြစ်သို့ ပြန်တည်ကြသည်။

မြန်မာနိုင်ငံတွင် ဗမာမင်းနှင့် ပြည်သူတို့သည် သရေခေတ္တရာခေတ်ကတည်းက ထေရဝါဒ ဗုဒ္ဓသာသနာကို ကိုးကွယ်ခဲ့ကြသူများ မှန်သော်လည်း တခြားတန္တရဝါဒများ ရောက်မလာသေး၍လည်းကောင်း၊ ရောက်လာသော်လည်း အားမကောင်းသေး၍လည်းကောင်း၊ ဘာသာရေးကို ရှေ့တန်းမတင်လွန်းသေး၍လည်းကောင်း သာသနာသန့်ရှင်းရေး စသည့်အလုပ်များ လုပ်ဆောင်မှု မရှိခဲ့ကြဘဲ မိမိတို့ ယုံကြည်ရာကိုသာ အဆင်ပြေသလို ကိုးကွယ်ကြရင်း အခြားသော အယူဝါဒရှိသူများကိုလည်း လက်ခံထားရင်း ရောနှောကိုးကွယ်လာခဲ့ကြရာက သာသနာတော်သန့်ရှင်းရေး ပြုလုပ်ကာ တသီးတသန့် နိုင်ငံတော်ဘာသာသဘောမျိုး သတ်မှတ်ပြီး ကိုးကွယ်မှုကို ပြုလုပ်မှုမှာ အနော်ရထာမင်းသည် အစောဆုံးဟု ယူဆနိုင်သည်။ တနိုင်ငံလုံးနီးနီး ဗုဒ္ဓဘာသာဖြစ်လာအောင် ကြိုးစားအားထုတ်ခဲ့သူမှာလည်း အနော်ရထာမင်းပင် ဖြစ်လေသည်။

ထို့ကြောင့် မြန်မာနိုင်ငံ နိုင်ငံတော်ဘာသာ အစ- အနော်ရထာမင်းက ဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်သည်။ ဗုဒ္ဓဘာသာ သာသနာကို နိုင်ငံတော်ဘာသာ၊ သာသနာအဖြစ် အနော်ရထာမင်းက စတင် သတ်မှတ်ခဲ့သည်။ နိုင်ငံတော် ဗုဒ္ဓဘာသာ(နိုင်ငံတော်ဘာသာ ) သည် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သူ ဗမာဘုရင် အနော်ရထာမင်း နန်းတက်ခဲ့သည့် ခရစ်နှစ် ၁၀၄၄ က စပြီး ရေတွက်သောကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၉၇၆ ( ခရစ်နှစ်၂၀၂၀ - ၁၀၄၄= ၉၇၆ ) က ပထမ စတင် သတ်မှတ်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်သည်။

ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူပြန်သည်။ အနော်ရထာမင်းသည် ၄၉၁ ခုနှစ်တွင် စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့်ချီ၍ နိုင်ငံတော်အနှံ့ရှိ ပိဋကတ်တော်မူ မျိုးအစုံတို့ကို ပင့်ဆောင်လေသည်။ အနုပညာသည်၊ လက်မှုပညာသည်စသည်တို့ကိုလည်း ပုဂံနေပြည်တော်သို့ ‌‌ခေါ်ယူလေသည်။

ထိုအခါမှစ၍ အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ်ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို သရေခေတ္တရာသုံး ဗမာအက္ခရာများနှင့် ရေးထားသည့် ရှေးပိဋကတ်ကျမ်းများနှင့်လည်းကောင်း၊ သထုံမှ ရလာသည့် တလိုင်းအက္ခရာသုံး ပိဋကတ်ကျမ်းများနှင့်လည်းကောင်း ရှင်အရဟံဦးဆောင်သော ရဟန်းတော်များအား စစ်ဆေးအတည်ပြုစေပြီး ရှေးဟောင်း သရေခေတ္တရာသုံး ဗမာအက္ခရာကိုပင် ပြုပြင်ထားသော ပုဂံခေတ်သုံး ဗမာအက္ခရာဖြင့် ပေထက် တင်စေပြီးလျှင် ပုဂံမြို့တွင် ပိဋကတ်တိုက် ဆောက်၍ လှူဒါန်းလေသည်။ ထိုသို့ ပိဋကတ်တို့ကို သုဓ်သင်၍ ပေထက်တင်မှုမှာ သီဟိုဠ်တွင် စတုတ္ထသင်္ဂါယနာတင်သကဲ့သို့ပင် ဖြစ်လေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ဟောင်း၌ ရှိလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံဟု လည်းကောင်း၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဟုလည်းကောင်း ခေါ်နိုင်သော ပုဂံပြည်နှင့် ပုဂံယဉ်ကျေးမှုတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံ တို့၏ ဉာဏ်ပညာ လုံ့လတို့ကြောင့် ပြည်ထောင်စုသမိုင်းတွင် ပထမဆုံး အကြိမ် ကျယ်ပြန့်၍ စည်းလုံးသော ဘဝကို ရလာလေသည်။

ထိုအခါက ရခိုင်ပြည်၏မြို့တော်မှာ စစ်တွေနယ်ရှိ ပဉ္စာမြို့ ဖြစ်လေသည်။ မူလရခိုင်ဒေသအမည်တွင်သော ရခိုင်ပြည် မြောက်ပိုင်း စစ်ပွဲတွင် ဗမာတို့က အနိုင်ရသဖြင့် ရခိုင်ပြည် မြောက်ပိုင်းသည် ပုဂံခေတ်တလျှောက်လုံး ဗမာ့လက်အောက်ခံ တိုင်းပြည်တစ်ခု ဖြစ်လာခဲ့သည်။ ရခိုင်ပြည် ရာဇဝင်၌ ရခိုင်ပြည် မြောက်ပိုင်းကို အနော်ရထာစော တိုက်ခိုက်သိမ်းယူကြောင်းကို ဆိုရာတွင် “ ပျူကိုးသောင်းနှင့် ပျူမင်းလာသည် ” ဟု ဖြစ်သည်။

မင်းတရားကြီး ပြုတော်မူခဲ့သော ကောင်းမှုတော်တို့ကား များပြားလှစွာ၏။ ရွှေစည်းခုံဘုရား၊ ရွှေရင်မြော်ဘုရား၊ ရှမ်းပြည် ညောင်ရွှေမြို့ရှိ ပေါရိသတ်ဘုရား၊ တန့်ကြည်တောင်ဘုရား၊ မန္တလေးတောင်၊ ရွှေကြက်ယက် ရွှေကြက်ကျ တောင်များပေါ်ရှိ ဘုရားများ၊ တောင်ပြုံးမှ ဆုတောင်းပြည့်ဘုရား၊ မြင်ကပါဘုရား စသည်တို့ဖြစ်သည်။

ပုဂံရွှေစည်းခုံဘုရားကြီး
အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သော ပုဂံရွှေစည်းခုံဘုရား


ပုဂံ အနော်ရထာနှင့် သထုံ စစ်ပွဲ

[ပြင်ဆင်ရန်]

ရှင်အရဟံ၏ ပြောကြားချက်အရ အနော်ရထာမင်းသည် သထုံပြည်၌ ဗုဒ္ဓ၏ အဆုံးအမများကို မှတ်တမ်းတင်ထား‌ သော ပိဋကတ် ၃ ပုံ ရှိကြောင်းသိလေ၏။ ထို့ကြောင့် လိမ္မာသော အမတ်တစ်ယောက်ကို လက်ဆောင်ပဏ္ဏာ များ ဖြစ်ဖြင့် သယာချေငံစွာပြောဆို တောင်းယူစေ၏။ သို့သော် သထုံ မင်းသည် မချေငံသောစကားဖြင့် ဆိုလိုက်၏။ အနော်ရထာမင်းစောလည်း ထိုစကားကိုကြားရလတ်သော် အမျက်ရှ၍ စစ်သည်ဗိုလ်ပါများ သူရဲ သူခတ် များဖြင့် ကြည်းကြောင်း၊ ရေကြောင်းဖြင့် ချီလေ၏။ သူရဲကောင်း လေးဦး ဖြစ်သော ကျန်စစ်သား,ငထွေးရူး,ငလုံးလက်ဖက်,ညောင်ဦးဖီး တို့ ကို ရှေ့ဖျားချီစေ၍ အနော်ရထားကား နောက်တပ်မ ပြု၍လိုက်လေ၏။ မနူဟာမင်းလည်း အနော်ရထာမင်းစော သူရဲကောင်းလေးဦးနှင့် စစ်ချီလာသည်ကို သိလေသော် ကြောက်ရွံ့ပြင်းစွာဖြစ်လေ၏။ မြို့တံခါးကို လုံစွာပိတ်၍ ခုခံလေ၏။ စစ်သည်ကြီးလေးဦး သည် မြို့ကို ဖောက်လေ၏။ သို့သော် မြို့တွင်းသို့ပင် ဝင်မရချေ။ ပယောဂ စီရင်သဖြင့်ဟုဆို၏။ ဇော်ဂျီဖိုဝင်သားစားခဲ့ဖူးသော ကုလားညီနောင် နှစ်ဦးအနက် အစ်ကိုဖြစ်သူကိုသတ်၍ မြို့လေးဖက်လေးလံတွင် မြုပ်၍စီမံထားသည်ဟု ညီဖြစ်သူက ပြောလေ၏။ ထို့ကြောင့် မြုပ်ထားသည်ကို ဆောင်ယူစေ၍ သထုံပြည်ကို သိမ်းလေ၏ဟူ၍ ပြောစမှတ်ဆိုရိုးရှိကြသည်။

အနော်ရထာမင်း သထုံကို တိုက်ခိုက်ချိန်သည် ခရစ်နှစ် ၁၀၅၇-၅၈ ခုနှစ်တွင်ဖြစ်ကြောင်း ကလျာဏီကျောက်စာက အတိအလင်းဆို၏။ ။ ရာမာဓိပတိ၏ ကလျာဏီကျောက်စာကို အေဒီ (၁၄၈၀)တွင်ရေးထိုး၍ သထုံကို အနော်ရထာ တိုက်ခိုက်ခြင်းအကြောင်း အစောဆုံးမှတ်တမ်းဖြစ်သည်။ သို့ရာတွင် အခြားခေတ်ပြိုင်မှတ်တမ်းများမတွေ့ရှိရသောကြောင့် ခိုင်မာစွာကိုးကားရန် ခဲယဉ်းသည်။ တိုက်ခိုက်ခဲ့လျှင်လည်း ရာဇဝင်တို့၌ ဖော်ပြထားသော သာသနာရေးအကြောင်းပြချက် တစ်ခုတည်းအတွက် တိုက်ခိုက်စစ်ဖြစ်ခြင်းသည် အမှန်ယူဆရန်ခက်ခဲပေသည်။ အခြားသောအခြေအနေများဖြစ်သည့် ဥပမာအားဖြင့် ကြွမ်(ဂျွမ်း၊ ခမာ) တို့ရန်ရှာမှုဖြင့် အောက်အရပ်၌ ဒုက္ခရောက်စဉ် အခွင့်ယူ၍ တိုက်ခြင်းမျိုးလည်းဖြစ်နိုင်သည်။ [] မြစ်ဝကျွန်းပေါ်ဒေသရှိ စည်ကားသော ကုန်သွယ်မြို့တို့ကို သိမ်းယူရန်ဆိုသည့် ရည်ရည်ချက်လည်းဖြစ်နိုင်သည်။ အခြားဖြစ်နိုင်သည့် ယူဆချက်တစ်ခုမှာ ရှမ်းယွန်းများနှင် မွန်တို့မသင့်မြတ်သောကြောင့် မွန်တို့က ဝင်ရောက်ဖျန်ဖြေညှိနှိုင်းရန် အကူညီတောင်းခံရာ အခွင့်ကောင်းယူ၍ အောက်မြန်မာနိုင်ငံကို သိမ်းယူခြင်းမျိုးလည်း ဖြစ်နိုင်ဖွယ်ရှိသည်။[]

နိုင်ငံတကာဆက်ဆံရေးနှင့် မြို့ ပေါင်း (၄၃) မြို့ကိုတည်ပုံ

[ပြင်ဆင်ရန်]

မစ္စတာဝုဒ် ရေးသားသော ယိုးဒယားရာဇဝင်၌ ပုဂံမင်းအနုရုဒ္ဓ (အနော်ရထာမင်းကို ခေါ်သောအမည်) သည် တရုတ်နိုင်ငံတောင်ပိုင်းနှင့် ခမာနိုင်ငံအပါဖြစ်သော ယိုးဒယားနိုင်ငံကို အောင်မြင်ကြောင်း၊ ယိုးဒယားတစ်နိုင်ငံလုံး၌ အနော်ရထာမင်းစော၏ တန်ခိုးအာဏာ လွှမ်းမိုးသည်ကို ယုံမှားဖွယ်မရှိကြောင်း၊ အနော်ရထာမင်းကို အကြောင်းပြု၍ ဗုဒ္ဓအယူဝါဒ ထွန်းကားစည်ပင်ကြောင်း ဖော်ပြထားသည်။

ယိုးဒယားဘာသာနှင့် ရေးသောစာတမ်းများ၌ အနော်ရထာမင်းကို “မဟာဇေယျဘယမင်း”ဟု ဘွဲ့ပေးလေသည်။ ကိုချင်ချိုင်းနားပြည်အထိ အနော်ရထာမင်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်းလည်း ဆိုသည်။ ထိုပြင် ယိုးဒယားရာဇဝင် တစ်ဆောင်၌ ပုဂံပြည်ဘုရားများသည် ဂျားဗားကျွန်းစေတီနှင့် ပုံတူသဖြင့် အနော်ရထာမင်းသည် ဂျားဗားကျွန်းသို့လည်း စစ်ချီကြွရောက်ကောင်း ကြွရောက်လိမ့်မည်ဟု ရေးသားထားသည်ကို တွေ့ရခြင်းဖြင့် ရာဇဝင်ဆရာတို့သည် အနော်ရထာမင်း၏ ဘုန်းတန်ခိုးအာဏာကို အသိအမှတ်ပြု ယုံစားကြကြောင်း ထင်ရှားသည်။

ယင်းသို့ နိုင်ငံတော်ကို ချဲ့ထွင်ရုံမက မင်းတရားကြီးသည် နိုင်ငံတော်ကိုလည်း စည်ပင်ဝပြောအောင် ပြုစုတော်မူသည်။ မြန်မာနိုင်ငံအလုံး၌ ဆည်မြောင်း ကန်ချောင်းများ ပြုစုတော်မူသည်။ မိတ္ထိလာကန်ကို ဆည်ဖို့သည်။ ကျောက်ဆည်ခရိုင်ရှိ ပြက္ခရွေတောင်ကယွတ်တောင်ထက်မှ ကျသောရေကို အတန့်တန့်ဆည်၍ ရေသောက်ကန် ပြုပြီးလျှင် ပန်းလောင်မြစ်နား၌ ကင်းတား၊ ငနိုင့်သေဉ်၊ ပြောင်းပြ၊ ကူမည်း ပေါင်းလေးဆည်၊ ဇော်ဂျီမြစ်နား၌ နွားတက်၊ ကွမ်းဆေး၊ ဂူတော်၊ (ငပြောင်း) ပေါင်းသုံးဆည် စုစုပေါင်း မင်းပယ်ရှစ်သိန်းကို ပြုတော်မူသည်။

ထိုနောက် ပင်လယ်၊ မြစ်မနား၊ မြစ်သား၊ မြင်းခုံတိုင်၊ ယမုံး၊ ပနံ၊ မက္ခရာ၊ တပြက်သာ၊ သင်တောင်၊ တမုတ်ဆိုးနှင့် ခံလူးတူသာ လယ်တွင်း ဆယ့်တစ်ရွာကို ပြုစုတော်မူသည်။ ရှမ်းပြည်နှင့် ဗမာပြည် နှစ်ဘက်စပ်ကြား ရှမ်းယွန်းတို့ မရောစိမ့်သောငှာ မြောက်ဘက် အရှေ့ဘက်တို့၌ ကောင်းစင်၊ ကောင်းတန်၊ ရွှေဂူမိုးတား၊ တကောင်း၊ ကြံညှပ်၊ မက္ခရာ၊ မြင်စိုင်း စသော ကင်းမြို့ပေါင်း (၄၃)မြို့ကို တပြိုင်နက်တည်း အမြော်အမြင်ဖြင့် တည်လေသည်။ မြန်မာပြည်အလုံး၌ ဘုရားဂူကျောင်း တန်ဆောင်းဇရပ်တို့ကို အနှံ့အစပ် တည်ထားတော်မူ၍ နေပြည်တော် ပုဂါရာမသို့ ပြန်တော်မူသည်။

အနော်ရထာမင်း ပုဂံသို့ရောက်၍ မြို့တွင်းသို့ သရဘာတံခါးမှ ဝင်မည်အရှိ အောင်သာမြစ်ခြေအရပ်ဝယ် ကျွဲရိုင်းတစ်ကောင်သည် လူသူမသွားလာနိုင်အောင် ရန်ပြုသည်ဟု နားတော်လျှောက်သဖြင့် စီးလာသော ဆင်တော်ကို ပြန်လှည့်ကာ မြစ်ခြေအောင်သာသို့ ချီလေတော်မူ၏။ ရောက်တော်မူ၍ ကျွဲရိုင်းကို မြင်တော်မူလျှင် စီးတော်မူသော ဆင်တော် သန်မြန်စွာကို ချွန်းဖွင့်၍ လွှတ်တော်မူ၏။ သို့ရာတွင် ဆင်တော်ပေါ်ကလိမ့်ကျကာ ကျွဲခတ်မိ၍ နတ်ရွာစံတော်မူသည်။

(လုပ်ကြံခံရခြင်းဖြစ်နိုင်သည်။ ခိုင်မာသောကျောက်စာအထောက်အထားများမတွေ့ရှိရသေးပါ။) သာသနာတော်စီးပွား၊ ကိုယ်တော်မြတ်စီးပွား၊ သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်တို့၏ စီးပွား၊ ပြည်သူတကာတို့၏ စီးပွားကို (၃၃)နှစ်ပတ်လုံး ဆောင်တော်မူခဲ့လေသည်။ အနော်ရထာမင်း ကံကုန်သော် သားတော် စောလူးမင်း နန်းတက်သည်။

မင်းတရားကြီး ပြုစုပျိုးထောင်ခဲ့သော နိုင်ငံအပိုင်းအခြားကား……

  1. အနောက်ဘက်တွင် ပဋိက္ခယားမည် ကုလားပြည်သည် အခြားတည်း။
  2. အနောက်မြောက်ထောင့်တွင် ကတူးငနားကြီး ရေတွင်းမီးလျှင် အခြားတည်း။
  3. မြောက်ဘက်၌ကား ဂန္ဓာလရာဇ်မည် တရုတ်ပြည်လျှင် အခြားတည်း။
  4. အရှေ့ မြောက်ထောင့်၌ ကဝန္တိ လည်းမည် ပန်းသေးပြည်လျှင် အခြားတည်း။
  5. အရှေ့ ဘက်၌ စတိဿမည် ပင်ကာပြည်လျှင် အခြားတည်း။
  6. အရှေ့ တောင်ထောင့်၌ အယောစလည်း မည်ဂျွမ်းတို့ပြည်လျှင် အခြားတည်း။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဒေါက်တာသန်းထွန်း - ခေတ်ဟောင်းမြန်မာရာဇဝင်(တ-အကြိမ်)၊ p.137
  2. ဒေါက်တာသန်းထွန်း - အသစ်မြင် မြန်မာသမိုင်း(ဒု-အကြိမ်)၊ p.48-49၊ စိတ်ကူးချိုချိုစာပေ


ကိုးကား အမှား - <ref> tags exist for a group named "ပုဂံရာဇဝင်နဲ့နောက်ပိုင်းတွေ့ရှိအထောက်ထားများ", but no corresponding <references group="ပုဂံရာဇဝင်နဲ့နောက်ပိုင်းတွေ့ရှိအထောက်ထားများ"/> tag was found