လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံ

ဝီကီပီးဒီးယား မှ
ပြည်ထောင်စုမြန်မာနိုင်ငံတော်
Union of Burma

ဆောင်ပုဒ်: သမဂ္ဂါနံ တပေါ သုခေါ
(စည်းလုံးညီညွတ်ခြင်းသည် ချမ်းသာခြင်းကို ဆောင်ရာ၏)
နိုင်ငံတော် သီချင်း: 
မြန်မာနိုင်ငံတော်၏ တည်နေရာ
မြို့တော်ရန်ကုန်မြို့
ကိုးကွယ်မှုဗုဒ္ဓဘာသာ[၁]
အစိုးရဖက်ဒရယ် ပါလီမန် သမ္မတစနစ်
ဥပဒေပြုလွှတ်တော်ပြည်ထောင်စုလွှတ်တော်
လူမျိုးစုလွှတ်တော်
ပြည်သူ့လွှတ်တော်
ဖြစ်ရပ်များ
၁၀ ဒီဇင်ဘာ ၁၉၄၇
၄ ဇန်နဝါရီ ၁၉၄၈
၂ မတ် ၁၉၆၂
ဧရိယာ
• စုစုပေါင်း
၆၇၆,၅၇၈ km2 (၂၆၁,၂၂၈ sq mi)
ငွေကြေးမြန်မာကျပ်ငွေ (MMK)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+06:30)
ISO 3166 ကုဒ်MM

ပြည်ထောင်စုမြန်မာနိုင်ငံတော် (အင်္ဂလိပ်: Union of Burma) သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးကို ရရှိခဲ့သည်။ ၁၉၄၈ မှ ၁၉၅၈ အထိလည်းကောင်း၊ ၁၉၆၀ မှ ၁၉၆၂ အထိလည်းကောင်း မြန်မာနိုင်ငံသည် ဒီမိုကရက်တစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံသည် အစ္စရေးနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကို ပထမဆုံး အသိအမှတ်ပြုခဲ့သော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်လေသည်။ ၁၉၅၄ မှ ၁၉၅၆ အထိ ဝန်ကြီးချုပ်ဦးနုမှ ဦးဆောင်၍ ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခဲ့သည်။[၂]

၁၉၄၈ ဖဆပလပါတီအာဏာရလာပြီးနောက် ဝန်ကြီးချုပ်အဖြစ် ဦးနုက ဆောင်ရွက်ခဲ့၍ မကြာမီပင် ဖဆပလအတွင်း၌ ကွဲပြားမှုများစွာဖြစ်ပေါ်ခြင်း၊ တိုင်းပြည်အနှံ့ ကွန်မြူနစ်၊ တိုင်းရင်းသား ပဋိပက္ခများစွာကို ရင်ဆိုင်ခဲ့ရသည်။ ၁၉၄၉ တွင် အစိုးရအစိုးရ၏ အပြည့်အဝထိန်းချုပ်နိုင်သည်မှာ ရန်ကုန်မြို့နှင့်အနီးတဝိုက်သာဖြစ်သည်။ ထို့ကြောင့် အင်အားချည့်နဲ့သောအစိုးရသည် စစ်တပ်၏အင်အားကို မှီခိုလာခဲ့ရကာ ဗိုလ်ချုပ်နေဝင်းသည် အာဏာထက်မြက်လာခဲ့လေသည်။ ၁၉၅၈ ၌ ကြီးမားသည့် စိန်ခေါ်မှုများကို အစိုးရအဖွဲ့က မထိန်းချုပ်နိုင်သည့် အခြေအနေအပြင် အချို့သော နယ်ဘက်၊ စစ်ဘက်မှသူများက စစ်တပ်ခေါင်းဆောင် ဦးနေဝင်းထံ အာဏာလွှဲပြောင်းပေးရန် တောင်းဆိုမှုများ၊ နိုင်ငံရေးမတည်ငြိမ်မှုများလည်းရှိခဲ့၏။ ဤသို့ဖြင့် ဒီမိုကရေစီစနစ်မှ ဦးနေဝင်းက အိမ်စောင့်အစိုးရ ဖွဲ့စည်း၍ ၁၉၅၈ မှ ၁၉၆၀ အထိ အုပ်ချုပ်ခဲ့သည်။[၃] ၁၉၆၀ ဖေဖော်ဝါရီတွင် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ကြပြီး ဦးနုအာဏာပြန်လည်ရရှိလာသော်လည်း ၁၉၆၂ မတ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။

နယ်နမိတ်[ပြင်ဆင်ရန်]

၁၉၄၈ တွင် မြန်မာနိုင်ငံသည် အနောက်ဘက်၌ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ) နှင့် အိန္ဒိယနိုင်ငံ၊ မြောက်ဘက်၌ ကိုယ်တိုင်လွတ်လပ်ရေး ကြေညာထားသော တိဗက်ပြည်[မှတ်စု ၂]၊ အရှေ့မြောက်ဘက်၌ ပြည်တွင်းစစ်ဖြစ်ပွားခဲ့သော တရုတ်သမ္မတနိုင်ငံ (၁၉၄၉ ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ)၊ အရှေ့ဘက်၌ ပြင်သစ်အင်ဒိုချုင်းနားဒေသ[မှတ်စု ၃] နှင့် အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံတို့နှင့်ထိစပ်ခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်မြေသတ်မှတ်သည့်စာချုပ်ကို ၁၉၆၀ တွင် ချုပ်ဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ပြည်နယ်များမှာ ကချင်ပြည်နယ်ချင်းဝိဒေသတိုင်းရှမ်းပြည်နယ်ကရင်နီပြည်နယ်ဟူ၍သာရှိခဲ့သည်။ ၁၉၅၁ တွင် ကရင်များအတွက် ကော်သူးလေဒေသကို ဖွဲ့စည်းပေးခဲ့သည်။ တိုင်းဒေသကြီးများမှာ စစ်ကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းဧရာဝတီတိုင်းပဲခူးတိုင်းရခိုင်တိုင်းနှင့် တနင်္သာရီတိုင်းဟူ၍သာရှိခဲ့သည်။[၄] မြို့တော်မှာရန်ကုန်မြို့ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အခြားကြည့်ရန်။ မြန်မာ့သမိုင်း

မြန်မာနိုင်ငံသည် ၁၉၄၃ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သော်လည်း ဂျပန်တို့၏လက်အောက်ခံတိုင်းပြည်အဖြစ်သာ ရှိခဲ့ရသည်။ ၁၉၄၅တွင် ဂျပန်တို့ကို တိုက်ထုတ်ခဲ့ပြီးဖြစ်သော်လည်း အင်္ဂလိပ်တို့က ဆက်လက်အုပ်ချုပ်ခဲ့သည်။ ၁၉၄၈ ခုနှစ် ရောက်မှသာ စစ်မှန်သောလွတ်လပ်ရေးကို ရရှိခဲ့သည်။ ထိုလွတ်လပ်သည့်ကာလ၌ သက်တမ်းအရှည်ကြာဆုံး အုပ်ချုပ်ခဲ့သူမှာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ဖြစ်သည်။ ထို့ကြောင့် ၁၉၄၈ မှ ၁၉၅၈ အထိကာလကို "ဖဆပလခေတ်" ဟုလည်းခေါ်ဆိုကြသည်။

မြန်မာနိုင်ငံသည် လွတ်လပ်သည်နှင့်တစ်ပြိုင်နက် ပြည်တွင်းပဋိပက္ခများနှင့် ကြုံတွေ့ခဲ့ရသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အလံဖြူကွန်မြူနစ်ပါတီ (CPB)၊ အလံနီ ကွန်မြူနစ်ပါတီပြည်သူ့ရဲဘော် အဖွဲ့ (PVO) စသည်တို့ ထကြွခဲ့ကြသည်။

ပြည်တွင်းပဋိပက္ခများ[ပြင်ဆင်ရန်]

ကွန်မြူနစ်တို့ထကြွခြင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ ပထမဆုံးထကြွခဲ့ကြသူများမှာ ကွန်မြူနစ်ပါတီဖြစ်သည်။ ၁၉၄၆ တွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် ဂိုဏ်းဂဏစိတ်ပြင်းထန်လာခြင်း၊ ဖဆပလ၏စည်းကမ်းများကို ကျူးလွန်ဖောက်ဖျက်ခြင်းစသည်တို့ကြောင့် ကွန်မြူနစ်ပါတီကို ဖဆပလအဖွဲ့ချုပ်မှ ထုတ်ပယ်လိုက်ရသည်။ ထို့နောက် ထိုကွန်မြူနစ်ပါတီမှာ ကိုယ်တိုင်တိုက်ပွဲဝင်၍ လွတ်လပ်ရေးရယူလိုသော သခင်စိုးဦးဆောင်သည့် အလံနီကွန်မြူနစ်ပါတီနှင့် ဖဆပလနှင့်ပူးပေါင်းလိုသော သခင်သန်းထွန်းဦးဆောင်သည့် အလံဖြူကွန်မြူနစ်ပါတီဟူ၍ နှစ်ခြမ်းကွဲခဲ့သည်။ အလံနီများက ၁၉၄၆ တွင် စတင်သောင်းကျန်းခဲ့ကြသည်။

အလံဖြူများသည် ဖဆပလနှင့် ပူးပေါင်းဆောင်ရွက်လိုရာမှ ၁၉၄၈ တွင် ကျင်းပသော ကွန်မြူနစ်ညီလာခံကြီးသို့ တက်ရောက်ခဲ့ရာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လက်ခံခဲ့ကြသည်။ ထို့ကြောင့် အလံဖြူများသည် မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို အယုံအကြည်မရှိဖြစ်ခဲ့ကြရာ စတင်ထကြွခဲ့ကြသည်။

ပြည်သူ့ရဲဘော်အဖွဲ့[ပြင်ဆင်ရန်]

ပြည်သူ့ရဲဘော်အဖွဲ့တွင်လည်း သဘောထားကွဲလွဲမှုကြောင့် ရဲဘော်ဖြူ၊ ရဲဘော်ဝါဟူ၍ နှစ်ခြမ်းကွဲခဲ့သည်။ ရဲဘော်ဝါများသည် ဝန်ကြီးချုပ်ဦးနုအဆိုပြုသော လက်ဝဲညီညွတ်ရေးမူ ၁၅ ချက်အနက် ၁၄ ချက်ကို လက်ခံခဲ့ကြသည်။ ရဲဘော်ဖြူများကမူ တောခိုကွန်မြူနစ်များကို ပြန်လည်စေ့စပ်ပြီးမှသာ လက်ဝဲညီညွတ်ရေးမူကို ရရှိနိုင်မည်ဟုယုံကြည်ခဲ့ကြသည်။ ရဲဘော်ဖြူများကို ဗိုလ်လရောင်နှသင့် ဗိုလ်ဖိုးကွန်းတို့ခေါင်းဆောင်ခဲ့ပြီး၊ ရဲဘော်ဝါကို ဗိုလ်မှူးအောင်နှင့် ဗိုလ်စိန်မှန်တို့က ခေါင်းဆောင်ခဲ့သည်။ ရဲဘော်ဖြူတို့သည် ၁၉၄၈ ဇူလိုင် ၂၉ တွင် စတင်ထကြွခဲ့ကြသည်။

ကရင်ပဋိပက္ခ[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကရင်တိုင်းရင်းသားလေးသိန်းတို့သည် ကရင်ပြည်နယ်ကိုဖွဲ့စည်းပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ကွန်မြူနစ်များထကြွလာသည်နှင့် အချို့သောကရင်များသည် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ကိုဖွဲ့စည်းခဲ့သည်။ KNDO အဖွဲ့ကိုဖွဲ့စည်းခြင်း၊ ဖဆပလအစိုးရမှ ကရင်တို့အား အယုံအကြည်နည်းခြင်းတို့ကြောင့် ကရင်နှင့်ဗမာတိုင်းရင်းသားတို့၏ ဆက်ဆံရေးမှာ တင်းမာလာခဲ့သည်။ ထိုတင်းမာမှုများကို လျော့ကျစေရန်အတွက် ဝန်ကြီးချုပ်ဦးနုကိုယ်တိုင်ဦးစီး၍ ကရင်–ဗမာ ချစ်ကြည်ရေးပွဲများ ပြုလုပ်ပေးခဲ့သည်။

ကရင်တိုင်းရင်းသားတို့သည် ပြည်တွင်သောင်းကျန်းမှုများကို နှိမ်နှင်းရာ၌အစိုးရအား ကူညီပေးခဲ့ကြသည်။ ၁၉၄၈ ဇန်နဝါရီတွင် ဦးနုနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင် စောဘဦးကြီးတို့သည် ပြည်တွင်း၌ဖြစ်လျက်ရှိသော သောင်းကျန်းမှုများကိုရပ်‌ဆိုင်းရန် ဧရာဝတီဒေသ၌ ဆွေးနွှေးခဲ့ကြသည်။ ဝန်ကြီးချုပ်ဦးနု၏ခွင့်ပြုချက်ဖြင့် စစ်ဦးစီးချုပ်ဗိုလ်ချုပ်စမစ်ဒွန်းသည် ကွန်မြူနစ်များအားတိုက်ထုတ်ရန် တွံတွေးတူးမြောင်းဒေသအား သိမ်းပိုက်‌စေခဲ့သည်။ လူမျိုးရေးတင်းမာမှုများကြောင့် မြန်မာ့သတင်းများသည်ထိုဖြစ်ရပ်ကို ကရင်တို့ထကြွကြသည် ဟူ၍မှတ်ယူခဲ့ကြသဖြင့် ကရင်-ဗမာဆက်ဆံရေးမှာ ယိုယွင်းလာခဲ့သည်။

KNDO သည် အင်းစိန်မြို့ကို သိမ်းပိုက်ခဲ့သည်။ ဗမာတို့ကမကျေနပ်သဖြင့် ကိုယ်တိုင်လက်နက်စွဲကိုင်၍ ကရင်တို့အား တိုက်ခိုက်ခဲ့သည်။ ကရင်ဗိုလ်မှူးကြီးမင်းမောင်သည် စောဘဦးကြီးအား KNU နှင့် ဦးနုအစိုးရတို့အကြား ငြိမ်းချမ်းရေးကို ရပ်ဆိုင်းစေခဲ့သည်။ ၁၉၄၉ ဇန်နဝါရီ ၂၇ တွင် တောင်ငူမြို့ကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် ပုသိမ်မြို့ဖြူးမြို့ စသောဒေသများကို သိမ်းပိုက်ခဲ့သည်။ ထိုအကြောင်းကြောင့် ဝန်ကြီးချုပ်ဦးနုသည် တပ်မတော်ရှိ ကရင်လူမျိုးများအား ဖြုတ်ချခဲ့သည်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းနေရာတွင် ဗိုလ်ချုပ်နေဝင်းအား ခန့်အပ်ခဲ့သည်။ ရာထူးမှအနားယူခံရသော ကရင်စစ်သားတို့သည် KNDO သို့ဝင်ရောက်ခဲ့ကြသည်။ ၁၉၄၉ ဇန်နဝါရီ ၃၁ တွင် ကရင်အမျိုးသားအစည်းအရုံးသည် မြန်မာအစိုးရအား စစ်ကြေညာခဲ့သည်။

အခြားသောင်းကျန်းမှုများ[ပြင်ဆင်ရန်]

တနင်္သာရီတိုင်းဒေသ (ယခု မွန်ပြည်နယ် နယ်မြေ) တွင်လည်း မွန်အမျိုးသားကာကွယ်ရေးအဖွဲ့ (MNDO) ပေါ်ပေါက်လာ၍ ထကြွခဲ့ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း ထကြွခဲ့ကြသည်။ ရခိုင်ဒေသတွင် "မူဂျာဟစ်" သူပုန်များထကြွခဲ့ကြသည်။ ထိုမူဂျာဟစ်အဖွဲ့သည် ရခိုင်၏မယူကျွန်းဆွယ်ဒေသကို အရှေ့ပါကစ္စတန်ဒေသအဖြစ် သွတ်သွင်းလိုခဲ့ကြသည်။ မြန်မာ့တပ်မတော်မှလည်း တပ်သားအချို့ လက်နက်များယူ၍ တောခိုခဲ့ကြသည်လည်းရှိခဲ့သည်။ သောင်းကျန်းသူများကို စုပေါင်း၍ "ရောင်စုံသူပုန်များ" ဟူ၍ခေါ်ဆိုကြသည်။ သို့သော် ထိုအင်အားစုတို့မှာ တစ်သီးတစ်ခြားပုန်ကန်ကြခြင်း၊ တောင်တန်းဒေသမှ တိုင်းရင်းသားအချို့ အစိုးရဘက်မှ ပါဝင်ကူညီပေးခြင်းတို့ကြောင့် ပဋိပက္ခအရှိန်အဟုန်များ လျော့ကျခဲ့သည်။

ကူမင်တန်ကျူးကျော်မှု[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှု

တရုတ်သမ္မတနိုင်ငံကွန်မြူနစ်နှင့် ကူမင်တန်တို့သည် ပြည်တွင်းစစ်တိုက်ခိုက်ခဲ့ကြသည်။ ၁၉၄၉ ခုနှစ်တွင် ကွန်မြူနစ်တို့မှ အနိုင်ရခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့ကြသည်။ သို့ဖြစ်ရာ ကူမင်တန်အစိုးရသည် ထိုင်ဝမ်ကျွန်းသို့ အဆင့်ဆင့်တိမ်းရှောင်ခဲ့ရသည်။ ၁၉၅၀ တွင် ယူနန်နယ်ရှိကူမင်တန်တပ်များသည် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့သည်။ ကူမင်တန်တပ်များသည်ဦးစွာ ကျိုင်းတုံ၌အခြေချခဲ့ပြီး အင်အားစုစောင်းခဲ့သည်။ ၁၉၅၀ မတ်လတွင် ကျိုင်းတုံနှင့် တာချီလိတ်မြို့များကို သိမ်းပိုက်ခဲ့သည်။

မြန်မာအစိုးရမှကူမင်တန်တို့အား လက်နက်ချရန်သို့မဟုတ် မြန်မာ့နယ်မြေမှထွက်ခွာရန် ရာဇသံ‌ပေးခဲ့သည်။ ကူမင်တန်တို့သည် ထိုရာဇသံကိုလက်မခံဘဲ ဆက်လက်တိုက်ခိုက်ခဲ့ကြရာ မြန်မာ့တပ်မတော်သည် စတင်ထိုးစစ်ဆင်ခဲ့သည်။ ‌အမေရိကန်နိုင်ငံများမှ ကူမင်တန်တို့ကို ထောက်ပံ့ထားမှုကြောင့် မြန်မာနိုင်ငံသည် အနောက်တိုင်းနိုင်ငံများ၏ အကူအညီများကို ငြင်းဆန်သည်အထိ ဖြစ်ခဲ့ရသည်။ ၁၉၅၃ မတ်လတွင် မြန်မာနိုင်ငံသည်ကုလသမဂ္ဂ၌ ကူမင်တန်ကျူးကျော်မှုပြဿနာကို အထောက်အထားများဖြင့် တင်ပြခဲ့သည်။ လပေါင်းများစွာ ဆွေးနွှေးမှုများအပြီးတွင် ကူမင်တန်တပ်များသည် မြန်မာနိုင်ငံမှတပ်ဆုတ်ပေးရန် သဘောတူခဲ့သည်။ ၁၉၅၄ တွင် မြန်မာနိုင်ငံ၌ ကူမင်တန် ၆၀၀၀ မျှသာကျန်ရှိခဲ့သည်။

ဖဆပလနှစ်ခြမ်းကွဲခြင်း[ပြင်ဆင်ရန်]

၁၉၅၈ တွင် ဝန်ကြီးချူပ်ဦးနုသည် သောင်းကျန်းသူများအား လက်နက်ချစေနိုင်ခဲ့သော်လည်း ဖဆပလအတွင်း၌ မပြေလည်မှုများ ပေါ်ပေါက်လာခဲ့သည်။ ၁၉၅၈ ဇူလိုင်လတွင် ဦးနုနှင့် ဦးတင်တို့ခေါင်းဆောင်သော သန့်ရှင်းဖဆပလနှင့် ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့ ခေါင်းဆောင်သော တည်မြဲဖဆပလဟူ၍ နှစ်ဖွဲ့ကွဲခဲ့သည်။ အစိုးရကိုကြိုးကိုင်နိုင်ရန် ထိုနှစ်ဖွဲ့လုံးကယှဉ်ပြိုင်ခဲ့ကြသည်။ သန့်ရှင်းဖဆပလသည် လိုက်လျောမှုတစ်ရပ်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးချုပ်ဦးနုအား "no confidence" ခေါ် နိုင်ငံတော်ကိုအုပ်ချုပ်ရန် အယုံအကြည်မရှိကြောင်းအဆိုကို တည်မြဲဖဆပလမှ အဆိုတင်သွင်းခဲ့သည်။ ပါလီမန်အထူးအစည်းအဝေးပွဲ၌ မဲပေးဆုံးဖြတ်ခဲ့ကြရာ သန့်ရှင်းဖဆပလသည် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (ပမညတ) ၏ ထောက်ခံမှုဖြင့် ဆက်လက်အနိုင်ရရှိခဲ့သည်။ ဦးနုအစိုးရနှင့် ပမညတတို့၏ သဘောတူညီမှုကိုအသုံးချ၍ ကွန်မြူနစ်သောင်းကျန်းသူများသည် အလင်းဝင်ဟန်ပြု၍ နိုင်ငံရေးလောကအတွင်းသို့ ဝင်ရောက်လာမည်ကို တည်မြဲဖဆပလ အမတ်များနှင့် တပ်မတော်သမားများက စိုးရိမ်ခဲ့ကြသည်။

၁၉၅၈ ဩဂုတ်တွင်ဦးနုသည် ထိုသို့နိုင်ငံရေးတင်းမာမှုများကြောင့် ရသုံးခန့်မှန်းခြေစာရင်းကို လွှတ်တော်မခေါ်ယူတော့ဘဲ အရေးပေါ်အာဏာဖြင့် အတည်ပြုလိုက်သည်။ ထိုအကြောင်းကြောင့် တည်မြဲအမတ်များက ဖွဲ့စည်းပုံဥပဒေကို ဆန့်ကျင်သည်ဟုဆိုကာ ထိုသို့အတည်ပြုခြင်းကို ဆန့်ကျင်ရုံသာမက တပ်မတော်ကိုပါ အာဏာသိမ်းယူရန်တိုက်တွန်းခဲ့သည်။ ဦးနုသည် နိုင်ငံတော်အာဏာကို သိမ်းယူရန် အစီအစဉ်ကို သိရှိခဲ့ရသောအခါ ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ဗိုလ်မှူးချုပ်မောင်မောင်တို့ လာရောက်တွေ့ဆုံကြသောအခါတွင် ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့သည်။ ထိုကမ်းလှမ်းမှုမှာ နိုင်ငံတော်အာဏာကို မသိမ်းယူသင့်‌ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်အဖြစ်ခန့်‌ပေးမည်ဖြစ်‌ကြောင်းနှင့် အစိုးရအသစ်ကို သန့်ရှင်းဖဆပလ အဖွဲ့ဝင်များမပါဝင်ဘဲ ဖွဲ့စည်းနိုင်ကြောင်းတို့ဖြစ်ကြသည်။ ဗိုလ်နေဝင်းသည်လည်း ထိုကမ်းလှမ်းမှုကို လက်ခံခဲ့သည့်အလျှောက် ဝန်ကြီးချုပ်ဦးနုသည် ပါလီမန်အထူးအစည်းအဝေးပွဲ ခေါ်ယူခဲ့၍ ဗိုလ်ချုပ်နေဝင်းအား အာဏာလွှဲပြောင်းခဲ့ရသည်။[၅]

အိမ်စောင့်အစိုးရ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အိမ်စောင့်အစိုးရ (၁၉၅၈)

၁၉၅၈ အောက်တိုဘာ ၂၈ မှစ၍ ဗိုလ်ချုပ်နေဝင်းသည် အာဏာရရှိခဲ့၍ အိမ်စောင့်အစိုးရကိုဖွဲ့စည်းပြီး စတင်အုပ်ချုပ်ခဲ့သည်။ ထိုအစိုးရအဖွဲ့တွင် ဗိုလ်ချုပ်နေဝင်းသည် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး တပ်မတော်မှ အနားယူပြီးဖြစ်သော အရာရှိ ၁၄ ဦးပါဝင်သည်။ အိမ်စောင့်အစိုးရသည် နိုင်ငံကိုအတင်းအကျပ် အုပ်ချုပ်ခဲ့သည်။ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ရုပ်သိမ်းခဲ့သည်။ ပမညတနှင့် သန့်ရှင်းဖဆပလတို့ကို ဖိနှိပ်မှုများပြုလုပ်ခဲ့သည်။ ကွန်မြူနစ်တို့အား ထောက်ခံသူဟုဆိုသူ လူအယောက် ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၁၅၃ ယောက်တို့ ကိုကိုးကျွန်းနှင့် ကပ္ပလီပင်လယ်များသို့ နှင်ထုတ်ခဲ့သည်။ ဗိုလ်တထောင်ကြေးမုံနှင့် ရန်ကုန်နေ့စဉ် သတင်းစာတိုက်များကို ပိတ်ချခဲ့သည်။ ထိုသို့ဖိနှိပ်မှုများကြောင့် ၁၉၅၈ စက်တင်ဘာ ၃၀ တွင် တက္ကသိုလ်ကျောင်းသားများသည် အိမ့်စောင့်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန်အမတ် မဟုတ်သောသူများသည် ဝန်ကြီးချုပ်တာဝန်ကို ၆ လ အထိသာထမ်းဆောင်နိုင်သည်။ ထို့ကြောင့် ၁၉၅၉ ဖေဖော်ဝါရီတွင် အိမ်စောင့်အစိုးရသည် ဥပဒေပုဒ်မ ၁၁၆ ကို ပြင်ဆင်လိုခဲ့သည်။ ထိုအဆိုကို အများပြည်သူများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော်လည်း ပါလီမန်အတွင်း၌ တည်မြဲဖဆပလမှ အမတ်ဦး‌ရေများသဖြင့် ထိုပုဒ်မ ၁၁၆ ကို ပြင်ဆင်နိုင်ခဲ့၍ အိမ်စောင့်အစိုးရ၏ သက်တမ်းကိုတိုးမြှင့်ခဲ့သည်။ ၁၉၅၉ ဧပြီလတွင် ဒီမိုကရေစီဝါဒနှင့် ညီညွတ်စေရေးကိုအကြောင်းပြု၍ ရှမ်းစော်ဘွားများအား ငွေကြေးပေး၍ အာဏာစွန့်စေခြင့်ဖြင့် ရှမ်းပြည်နယ်ဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးကို လျှော့ချခဲ့သည်။ ရှမ်းပြည်နယ်ကို ပြည်မ၏အုပ်ချုပ်မှုပုံစံအတိုင်း ပြောင်းလဲခဲ့သည်။ ၁၉၆၀ တွင် အိမ်စောင့်အစိုးရသည် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ရာ ဦးနုဦးဆောင်သော သန့်ရှင်းဖဆပလမှာ အနိုင်ရရှိခဲ့သည်။ တရားမျှတသောရွေးကောက်ပွဲ ဟုဆိုသော်လည်း တပ်မတော်သည် တည်မြဲဖဆပလဘက်မှ မဲဆွယ်မှုများရှိခဲ့သည်။

ပထစအစိုးရ[ပြင်ဆင်ရန်]

၁၉၆၀ ရွေးကောက်ပွဲတွင် သန့်ရှင်းဖဆပလမှ အနိုင်ရရှိခဲ့ပြီး ပါတီအမည်ကို "ပြည်ထောင်စုပါတီ" (ပထစ) ဟူ၍ အမည်ပြောင်းခဲ့သည်။ ရွေးကောက်ပွဲကာလ၌ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ပထစအစိုးရသည် နိုင်ငံရေးလမ်းစဉ်သစ်များကို ချမှတ်ခဲ့သည်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခဲ့သည့်အတွက် ဘာသာခြားများက ကန့်ကွက်ခဲ့ကြသည်။ ထိုအကြောင်းကြောင့်လည်း ကချင်လွတ်လပ်ရေးအဖွဲ့က စတင်ထကြွခဲ့သည်။

သမ္မတဟောင်း ညောင်‌ရွှေစော်ဘွား စဝ်ရွှေသိုက်ဦးဆောင်၍ ရှမ်းပြည်ဖက်ဒရယ်မူရရှိရေးအတွက် စတင်လှုပ်ရှားခဲ့ကြသည်။ ၁၉၆၁ ဖေဖော်ဝါရီ ၂၅ တွင် ရှမ်းပြည်နယ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် အဆိုတင်သွင်းခဲ့သည်။ ဇွန်လတွင်လည်း တောင်ကြီးမြို့၌ ညီလာခံတစ်ရပ်ကျင်းပခဲ့ရာ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။ ထိုညီလာခံတွင် လွှတ်တော်နှစ်ရပ် အာဏာတူရေး၊ ပြည်မကို ပြည်နယ်အဖြစ်ဖွဲ့စည်းပေးရေး၊ ပြည်နယ်များအာဏာပိုမိုရရှိရေး စသည်တို့ကိုတောင်းဆိုရန် ဆုံးဖြတ်ခဲ့ကြသည်။[၆] ထို့ကြောင့် ဝန်ကြီးချုပ်ဦးနုသည် ၁၉၆၂ ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ ဖက်ဒရယ်မူအတွက် ဖက်ဒရယ်နှီးနှောဖလှယ်ပွဲကို ကျင်းပပေးခဲ့သည်။ မတ်လ ၁ ရက်နေ့ ထိုနှီးနှောဖလှယ်ပွဲ၌ ဖက်ဒရယ်မူမရပါက ပြည်ထောင်စုမှ နုတ်ထွက်မည်ဖြစ်ကြောင်း သတင်းအမှားများ ပေါ်ထွက်လာခဲ့သည်။

အာဏာသိမ်းပိုက်ခံရခြင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း

ဖက်ဒရယ်မူအကြောင်း ဆွေးနွှေးနေခိုက် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်းဦးစီးသော မြန်မာ့တပ်မတော်သည် နိုင်ငံတော်မတည်ငြိမ်မှုကို အကြောင်းပြုပြီး စစ်အာဏာသိမ်းပိုက်ခဲ့သည်။ ဝန်ကြီးချုပ်ဦးနု၊ သမ္မတဟောင်းစဝ်ရွှေသိုက်စသော နိုင်ငံရေးသမားများကို ဖမ်းဆီးခဲ့သည်။ မြန်မာနိုင်ငံ၏ အခြေအနေဆိုးကို ထိန်းသိမ်းလိုခြင်းကြောင့် တာဝန်ယူရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် တော်လှန်ရေးကောင်စီကိုဖွဲ့စည်းပြီး စစ်အာဏာရှင်စနစ်ဖြင့် စတင်အုပ်ချုပ်ခဲ့သည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံသည် ၁၉၄၈ မှ ၁၉၅၈ ကာလများတွင် အစိုးရယန္တရားစနစ်ကို ဗြိတိသျှခေတ်စနစ်များမှ ရယူကျင့်သုံးခဲ့သည်။[၃] လွှတ်တော်နှစ်ရပ်ပေါင်းစနစ်ကို ကျင့်သုံးသည်။ ပြည်ထောင်စုပါလီမန်ကို အောက်လွှတ်တော်ဖြစ်သော ပြည်သူ့လွှတ်တော်နှင့် အထက်လွှတ်တော်ဖြစ်သော လူမျိုးစုလွှတ်တော်တို့ဖြင့် ဖွဲ့စည်းထားသည်။ ပါလီမန်သမ္မတစနစ် (Parliamentary Republic) ကို ကျင့်သုံးခဲ့ရာ နိုင်ငံတော်၏ ခေါင်းဆောင်အဖြစ် နိုင်ငံတော်သမ္မတအစိုးရအဖွဲ့၏ ခေါင်းဆောင်အဖြစ် နိုင်ငံတော်ဝန်ကြီးချုပ်တို့ကို ထားရှိထားသည်။

ရွေးကောက်ပွဲများကို လေးနှစ်လျှင်တစ်ကြိမ် ကျင်းပသည်။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းမဲပေးနိုင်၍ အသက် ၂၁ နှစ်ပြည့်ပြီးသူတိုင်း အမတ်အဖြစ်ရွေးကောက်ခံခွင့်ရှိသည်။ မြန်မာနိုင်ငံလွတ်လပ်ပြီးလျှင် အုပ်ချုပ်မည့်အစိုးရသစ်ကို တင်မြှောက်ရန်အတွက် ၁၉၄၇ တွင် ရွေးကောက်ပွဲကျင်းပခဲ့သည်။ လွှတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေးပြုလုပ်၍ နိုင်ငံတော်သမ္မတကို ရွေးချယ်ရသည်။ စဝ်ရွှေသိုက်ဒေါက်တာဘဦးနှင့် မန်းဝင်းမောင်တို့သည် နိုင်ငံတော်သမ္မတများဖြစ်ခဲ့ကြသည်။ သမ္မတရာထူးသက်တမ်းမှာ ၅ နှစ်ဖြစ်သည်။ နိုင်ငံတော်ဝန်ကြီးချုပ်ကို ပြည်သူ့လွှတ်တော်က ရွေးချယ်ပြီး သမ္မတကခန့်ရသည်။ ဦးနုသည် ၁၉၄၈ မှ ၁၉၅၈ အထိ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးနုအနားယူခဲ့သော ၁၉၅၆ ဇွန်မှ ၁၉၅၇ မတ်အထိကာလတွင် ဦးဗဆွေက ဆောင်ရွက်ခဲ့သည်။

အိမ်စောင့်အစိုးရသည် ဝန်ကြီးချုပ်အဖွဲ့ဝင်များကို မူရင်းရှိခဲ့သည့် ၃၀ ဦးမှ ၁၄ ဦးအထိလျှော့ချခဲ့သည်။ ဗဟိုလုံခြုံရေးဦးစီးအဖွဲ့၊ ဆုချီးမြှင့်ရေးအကြံပေးအဖွဲ့၊ အုပ်ချုပ်ရေးဆိုင်ရာ ရာထူးတိုးမြှင့်ရေးနှင့် ရွှေ့ပြောင်းရေးဆိုင်ရာ အကြံပေးအဖွဲ့၊ နိုင်ငံတော်ဗဟိုထောက်လှမ်းရေးအဖွဲ့ စသည်တို့ကိုဖွဲ့စည်းခဲ့သည်။ ထို့အပြင် နိုင်ငံရေးအဖွဲ့အစည်းများမဟုတ်သော ကြံ့ခိုင်ရေးအဖွဲ့များကိုလည်း ဖွဲ့စည်းခဲ့သည်။ ပထစအစိုးရသည်လည်း အိမ်စောင့်အစိုးရပုံစံကို နမူနာယူ၍ ဝန်ကြီးတစ်ဦးက ဝန်ကြီးဌာနတစ်ခုထက်ပို၍ တာဝန်ယူစေခဲ့ရာ ဝန်ကြီးချုပ် ၁၃ ဦးသာရှိခဲ့သည်။

၁၉၆၂ တပ်မတော်မှ နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့သောအခါ ပါလီမန်ကိုဖျက်သိမ်းခဲ့ပြီး တော်လှန်ရေးကောင်စီကသာလျှင် အာဏာရပ်အားလုံးကို ချုပ်ကိုင်ခဲ့သည်။

အခြားဖတ်ရှုရန်[ပြင်ဆင်ရန်]

မှတ်စု[ပြင်ဆင်ရန်]

  1. သမတ (သမ္မတ) ဟူသောစကားလုံးပါဝင်သော်လည်း တရားဝင်အသုံးအနှုန်းတွင် ထည့်သုံးလေ့မရှိပေ။
  2. ၁၉၅၁ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အပြီးတိုင်သိမ်းပိုက်ခဲ့သည်။
  3. ၁၉၅၃ တွင် ထိစပ်ရာ နိုင်ငံဒေသသည် လာအိုဘုရင့်နိုင်ငံအဖြစ် လွတ်လပ်ရေးရခဲ့သည်။

ကိုးကားချက်[ပြင်ဆင်ရန်]

  1. ၁၉၆၁ ခုနှစ်၊ နိုင်ငံတော်ဘာသာသာသနာချီးမြှောက်ထောက်ပံ့ရေးအက်ဥပဒေ။ 25 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2022 တွင် ပြန်စစ်ပြီး။
  2. On This Day | 65 Years Since Thousands of Monks Began Sixth Buddhist Council in Yangon (in en-US) (2019-05-17)။ 2021-05-08 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ဆုမွန်သဇင်အောင် နှင့် မက်သရူးအာနိုး (မေ ၂၀၁၈)။ အပြောင်းအလဲကို စီမံခန့်ခွဲခြင်း၊ မြန်မာအစိုးရအဖွဲ့၏ မူဝါဒချမှတ်သည့် လုပ်ငန်းစဉ်။ အာရှဖောင်ဒေးရှင်း။ pp. ၆-၈။CS1 maint: uses authors parameter (link)
  4. ကျောင်းသုံး ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ကမ္ဘာမြေပုံစာအုပ်။ သမာမိတ္တ အပြည်ပြည်ဆိုင်ရာပညာရေးစာအုပ်ဖြန့်ချိရေးဌာန။ ၁၉၅၆။ pp. ၁၈၊ ၁၉။
  5. ဦးနု (၂၀၁၃)။ တာတေစနေသား (တတိယ ed.)။ ရန်ကုန်: ငါတို့စာပေ။ pp. ၃၁၄–၃၁၆။
  6. ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ. "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အခြေခံမူများ" 1 (3). 

ရင်းမြစ်စာအုပ်များ[ပြင်ဆင်ရန်]

  • အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ်ကော်မတီ (၂၀၁၉)။ ဒသမတန်း မြန်မာ့သမိုင်းပညာရေးဝန်ကြီးဌာန
  • Aung-thwin, M. and M. Aung-Thwin, A History of Myanmar since ancient times. Traditions and Transformations. Reaktion Books: London, 2013.
  • Callahan, M., Making Enemies. War and State Building in Burma. United States of America: Cornell University Press, 2003.
  • Martin Smith (1991)။ Burma - Insurgency and the Politics of Ethnicity။ London and New Jersey: Zed Books။