ကိုလိုနီခေတ်

ဝီကီပီးဒီးယား မှ
(ဗြိတိသျှဘားမား မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မြန်မာကိုလိုနီ
Colony of Burma
British Burma
မြန်မာနိုင်ငံတော်၏ အလံတော်
မြန်မာနိုင်ငံတော်၏ တံဆိပ်တော်
အလံတော် တံဆိပ်တော်
နိုင်ငံတော် သီချင်း: 
လက်ရှိအခြေအနေဘင်္ဂလားနယ်မြေ (၁၈၂၆–၁၈၆၂)
ဗြိတိသျှအိန္ဒိယ၏ပြည်နယ် (၁၈၆၂–၁၉၃၇)
ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ကိုလိုနီ (၁၉၃၇–၁၉၄၈)
မြို့တော်
အခြား ဘာသာစကားများအင်္ဂလိပ်ဘာသာ (တရားဝင်)၊ မြန်မာဘာသာ
ကိုးကွယ်မှုဗုဒ္ဓဘာသာခရစ်ယာန်ဘာသာဟိန္ဒူဘာသာအစ္စလာမ်ဘာသာ
အစိုးရ
ဥပဒေပြုလွှတ်တော်ဥပဒေပြုကောင်စီ (၁၈၉၇–၁၉၄၆)
လွှတ်တော် (၁၉၃၆–၁၉၄၇)
ဆီးနိတ်
ပြည်သူ့လွှတ်တော်
ဖြစ်ရပ်များ
၅ မတ် ၁၈၂၄
၁၈၂၄–၁၈၂၆၊ ၁၈၅၂၊ ၁၈၈၅
၅ ဒီဇင်ဘာ ၁၉၂၀
၂၂ ဒီဇင်ဘာ ၁၉၃၀
• အိန္ဒိယမှ ခွဲထုတ်ခြင်း
၁၉၃၇
၈ ဇန်နဝါရီ ၁၉၃၈
၁၉၄၂–၁၉၄၅
၄ ဇန်နဝါရီ ၁၉၄၈
ဧရိယာ
• စုစုပေါင်း
၆၇၆,၅၇၈ km2 (၂၆၁,၂၂၈ sq mi)
ငွေကြေးမြန်မာရူပီး၊ အိန္ဒိယရူပီး၊ ပေါင်စတာလင်
ISO 3166 ကုဒ်MM

ကိုလိုနီခေတ်သည် ဗြိတိသျှအင်ပါယာမှ မြန်မာနိုင်ငံကို စစ်သုံးကြိမ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြန်မာနိုင်ငံကို အုပ်ချုပ်သောခေတ် ဖြစ်သည်။ ကိုလိုနီခေတ်ကာလ မြန်မာနယ်ကို ဗြိတိသျှဘာမား ဟုခေါ်သည်။ အင်္ဂလိပ်တို့သည် ပထမ အင်္ဂလိပ်–မြန်မာ စစ်ပွဲအပြီးတွင် ရခိုင်နှင့်တနင်္သာရီတို့ကိုရရှိခဲ့ရာ အိန္ဒိယပြည်၏ ပြည်နယ်ငယ် (minor province) အဖြစ်အုပ်ချုပ်ခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးသောအခါတွင် ပြည်နယ်ကြီး (major province) အဖြစ်အုပ်ချုပ်ခဲ့သည်။ ၁၉၃၇ မှစ၍ မြန်မာနိုင်ငံကို သီးခြားကိုလိုနီအဖြစ်ထားရှိခဲ့သည်။

မြန်မာနိုင်ငံသားများသည် ဦးစွာနယ်ချဲ့အင်္ဂလိပ်များကို ရရာလက်နက်စွဲကိုင်၍ တော်လှန်ခဲ့ကြသည်။ ထို့နောက် ဝိုင်အမ်ဘီအေဂျီစီဘီအေ စသော အသင်းအဖွဲ့များဖြင့် နိုင်ငံရေးနည်းဖြင့် လွတ်လပ်ရေးရယူရန် ကြိုးပမ်းခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလတွင် စစ်နည်းဖြင့် အင်္ဂလိပ်တို့ကို တိုက်ထုတ်နိုင်ခဲ့သော်လည်း ဖက်ဆစ်ဂျပန်တို့၏ စနစ်ဆိုးကြောင့် ဆက်လက်တော်လှန်ခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အင်္ဂလိပ်တို့ပြန်ရောက်လာ၍ ဆက်လက်အုပ်ချုပ်ခဲ့သည်။ ၁၉၄၈ ရောက်မှသာ မြန်မာနိုင်ငံသည် လွတ်လပ်ရေးကိုရရှိခဲ့သည်။

မြန်မာကိုလိုနီကို တစ်ခါတစ်ရံ စကော့တလန်ကိုလိုနီဟု ခေါ်ဆိုရည်ညွှန်းကြသည်။ မြန်မာနိုင်ငံကိုသိမ်းပိုက်ရာ၌ အဓိကပါဝင်သူများမှာ စကော့တလန်လူမျိုးများ ဖြစ်သောကြောင့်ဖြစ်သည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်ဖြစ်သော ကုန်းဘောင်မင်းဆက်တွင် အလောင်းဘုရားနှင့် ဆင်ဖြူရှင်မင်းတို့သည် ကျယ်ဝန်း၍ အင်အား တောင့်တင်းသော တတိယ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ခဲ့ကြသည်။ ဘကြီးတော်မင်း လက်ထက်တွင် ဗြိတိသျှများသည် အိန္ဒိယတိုက်ငယ်ကိုနယ်ချဲ့၍ သိမ်းပိုက်ပြီးဖြစ်ရာ နယ်စပ်ဒေသများတွင် မြန်မာတို့ နှင့် ထိတွေ့လာရပြီ ဖြစ်သည်။ သို့နှင့် ၁၈၂၁ ခုနှစ် အာသံအရေးအခင်းတွင် မြန်မာများနှင့် ဗြိတိသျှတို့ သည် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရသည်။ ထိုစဉ်က မဏိပူရပြည်အာသံပြည်နှင့် အက္ကပတ်ပြည်တို့ သည် မြန်မာနိုင်ငံတော်၏လက်အောက်ခံ လက်နက် နိုင်ငံများဖြစ်ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသောနယ်များ ဖြစ်သည်။

၁၈၁၆ ခုနှစ်တွင်တစ်ကြိမ်၊ ၁၈၁၈ ခုနှစ်တွင် တစ်ကြိမ် အာသံတွင် ထောင်ထားပုန်ကန်မှုများ ဖြစ် ပေါ်ခဲ့ရာ မြန်မာတပ်များက ငြိမ်ဝပ်ပိပြားရေးအတွက် တိုက်ခိုက်နှိမ်နင်း ပေးခဲ့ရသည်။ ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာတို့ နန်းတင်ပေးခဲ့သော စန္ဒရကန္တရှိန်ကို လက်နက်များရောင်းချခဲ့သည်သာမက ကုလားစစ်ပါရီ များကို စေလွှတ်ပေးခြင်းဖြင့် ကိုယ်ထိလက်ရောက် ကူညီခဲ့သည်။ မင်းကြီးမဟာဗန္ဓုလသည် အမရပူရမြို့တော်မှ အာသံပြည် ဇူရဟတ်မြို့အထိ မိုင်ပေါင်း ၁၁၀၀ မျှ ချီတက်၍ သူပုန်များကို နှိမ်နင်းတိုက်ခိုက်ခဲ့ရသည်။ စန္ဒရကန္တရှိန် သည် ကုလားစစ်ပါရီများအပါအဝင် စစ်သည်အင်အား သုံးသောင်းကျော်ဖြင့် ခုခံခဲ့သည်။ မဟာဗန္ဓုလ၏ တပ်အင်အားမှာ ဂျိန်ဖော့ရဲမက်တော် ၁၀၀၀ အပါအဝင် စစ်သည် ၅၀၀၀ သာ ပါဝင်သော်လည်း အာသံအရေးအခင်းတွင် စန္ဒရကန္တ ရှိန်၏တပ်ကြီးကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည်။

မြန်မာဘုရင်အား ပုန်ကန်ထကြွသည့် ရခိုင်မှ ချင်းပြန်နှင့် နောက်လိုက်များ ဘင်္ဂလားနယ်ထဲသို့ ထွက်ပြေးခိုလှုံသည်ကစ၍ မြန်မာတပ်များနှင့် ဗြိတိသျှ တို့ မကြာခဏ အချင်းများလာကြရသည်။ ဗြိတိသျှတို့သည် ချင်းပြန်နှင့် နောက်လိုက်များအား ဘင်္ဂလားနယ်ထဲတွင် ခိုလှုံခွင့်ပေး၍ ကူညီထောက်ပံ့နေကြသည်ဟု မြန်မာတို့က မကြာခဏ စွပ်စွဲသည်။ ရှင်မဖြူကျွန်းကို ဗြိတိသျှတို့က ယင်းတို့၏ပိုင်နက်အဖြစ် တပ်စွဲလာခဲ့သောအခါတွင်ကား မြန်မာတပ်များသည် နယ်စပ်ကိုဖြတ်ကျော်၍ တိုက်ခိုက်တော့သည်။ မြန်မာတပ်များသည် ၁၈၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် နယ်စပ်ကို ဖြတ်ကျော်ကြခြင်း ဖြစ်သည်။ ဗြိတိသျှတို့အနေနှင့်ကား စစ်ဖြစ်ရန် အကြောင်းပြချက်များ လုံလောက်သွားပြီဖြစ်သော ကြောင့် ၁၈၂၄ ခုနှစ်၊ မတ်လ ၅ ရက်တွင် စစ်ဖြစ်ပွား ပြီဖြစ်ကြောင်း ကြေညာလိုက်တော့သည်။

ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပထမ အင်္ဂလိပ် - မြန်မာစစ်

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲသည် ၁၈၂၄ ခုနှစ် မှ ၁၈၂၆ ခုနှစ်အထိ နှစ်နှစ်တာကာလမျှ ကြာမြင့်ခဲ့သော ကမ္ဘာ့သမိုင်းဝင် စစ်ပွဲကြီးတစ်ပွဲပင် ဖြစ်သည်။ ထိုစစ်ပွဲကြီးတွင် အင်္ဂလိပ်တို့သည် ခေတ်မီရေနွေးငွေ့ အင်ဂျင်သုံး မီးသင်္ဘောများ၊ အမြောက်များ၊ သေနတ် များကို အသုံးပြု၍ စနစ်တကျ ဖွဲ့စည်းလေ့ကျင့်ထားသည့် စစ်သား ၄၀၀၀၀ ကျော်ဖြင့် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ မြန်မာတို့သည် အမြဲတမ်း တပ်မတော်ကို ကြိုတင်ဖွဲ့စည်းလေ့ကျင့်ထားလေ့မရှိဘဲ အရေးကြုံမှသာ နယ်မြေအလိုက် အချိုးကျ စစ်သားစုဆောင်းသည့် စနစ်ကိုသာ အသုံးပြုလျက်ရှိရာ မြန်မာတပ်သားများသည် သေချာကျနစွာ ဖွဲ့စည်းလေ့ကျင့်ထားသော စစ်သည်တော်များ မဟုတ်ကြပေ။ သို့သော် မြန်မာတို့ သည် ပန်းဝါ(ရာမူး)တိုက်ပွဲတွင် အင်္ဂလိပ်တို့အား အနိုင်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ရန်ကုန်တိုက်ပွဲ၊ ဓနုဖြူ တိုက်ပွဲ၊ဝက်ထီးကန်တိုက်ပွဲစသော တိုက်ပွဲကြီးများတွင် ကျူးကျော်သူနယ်ချဲ့တို့အား သတ္တိပြောင်မြောက်စွာ ခုခံတိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျှနယ်ချဲ့တို့၏ စစ်သား ၁၅၀၀၀ ကျော် ကျဆုံးခဲ့ရသကဲ့သို့ မြန်မာတပ်သားများမှာလည်း မရေမတွက် နိုင်အောင်ပင် သေကျေပျက်စီးခဲ့ကြရသည်။ မဏိပူရ နှင့် အာသံနယ်ကို မြန်မာတို့ လက်လွှတ်လိုက်ရသလို ရခိုင်ကမ်းမြောင်ဒေသနှင့် တနင်္သာရီကမ်းမြောင်ဒေသကို အင်္ဂလိပ်တို့လက်သို့ ပေးအပ်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးတစ်စိတ်တစ်ဒေသ ဆုံးရှုံးသွားရသည်။

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒုတိယအင်္ဂလိပ်မြန်မာစစ်

အင်္ဂလိပ်အစိုးရသည် ၁၈၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ရခိုင်မြို့တော်ကို မြောက်ဦးမှ စစ်ရေးအရ အချက်အချာကျသည့် စစ်တွေသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၈၂၇ ခုနှစ်၊ ၁၈၂၉ ခုနှစ်၊ ၁၈၃၁ ခုနှစ်၊ ၁၈၃၆ ခုနှစ်နှင့် ၁၈၅၃ ခုနှစ်တို့တွင် ရခိုင်ပြည်၌ လက်နက်ကိုင်ပုန်ကန်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သော်လည်း အင်္ဂလိပ်တို့သည် နှိမ်နင်းနိုင်ခဲ့ကြသည်။ ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် အင်္ဂလိပ် စစ်သင်္ဘောများ ပင်လယ်ဝသို့ ရောက်လာကြသည်။ ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်တွင် ရန်ကုန်မြို့ကို ခေတ်မီအမြောက်ကြီးများ၏ ပစ်ကူဖြင့် စတင်တိုက်ခိုက်ကြသည်။ မြန်မာတပ်များသည် နှစ်ရက်တိုင်တိုင် အသက်ပေါင်းများစွာ စတေး၍ ရန်ကုန်မြို့ကို ခုခံကာကွယ်ပြီးနောက် ဧပြီလ ၁၄ ရက်တွင် ဆုတ်ခွာသွားကြရသည်။ သို့နှင့် တစ်နှစ်ခွဲကျော်ကြာမြင့်သော ကမ္ဘာ့သမိုင်းဝင် စစ်ပွဲကြီးတစ်ပွဲ စတင်ရပြန်သည်။ သို့သော် ထိုစစ်ပွဲတွင်လည်း မြန်မာများရှုံးပြီး အောက် မြန်မာနိုင်ငံတစ်ခုလုံး အင်္ဂလိပ် လက်အောက်သို့ ကျဆင်းခဲ့ရပြန်သည်။

တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တတိယ အင်္ဂလိပ် - မြန်မာစစ်

အင်္ဂလိပ် - မြန်မာ တတိယစစ်ပွဲသည် ပထမစစ်ပွဲနှင့် ဒုတိယစစ်ပွဲကာလများကဲ့သို့ မကြာမြင့်ခဲ့ပေ။ အိန္ဒိယ ဘုရင်ခံချုပ်လော့ဒပ်ဖရင် (Lord Dufferin) သည် ၁၈၈၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်တွင် နောက်ဆုံးပိတ် ရာဇသံပေးပြီးနောက် မြန်မာတို့ နန်းတွင်း၌ စစ်ဖြစ်ရေး၊ စစ်မဖြစ်ရေး အငြင်းပွား နေစဉ် အလစ်အငိုက်ယူ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ရာ စစ်ပွဲမှာ နှစ်လခန့်သာကြာမြင့်ခဲ့သည်။ ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် လော့ဒပ်ဖရင်က "ဗမာပြည်ကို ဗြိတိသျှပိုင် အင်ပါယာအတွင်းသို့ သွတ်သွင်းလိုက်ပြီ"ဟု ကြေညာခဲ့သည်။

လက်နက်စွဲကိုင်တော်လှန်မှု[ပြင်ဆင်ရန်]

မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာအတွင်းသို့ သွတ်သွင်းလိုက်ကြောင်း ကြေညာခဲ့သည်နှင့်တစ်ပြိုင်နက် တိုင်းတစ်ပါးကျွန်အဖြစ် လက်မခံလိုကြသော မြန်မာနိုင်ငံ‌‌တစ်ဝှမ်းလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးသည် ရရာလက်နက်စွဲကိုင်၍တော်လှန်ခဲ့ကြသည်။ ပထမနှင့်ဒုတိယကျူးကျော်စစ်များအပြီးတွင် သိမ်းပိုက်ခံရသည့် ဒေသများ၌ တော်လှန်ပုန်ကန်မှုများ ရှိပြီးဖြစ်သော်လည်း တတိယကျူးကျော်စစ်အပြီးတွင် နိုင်ငံအနှံ့တော်လှန်လာခဲ့ကြသည်။

ထိုသို့လက်နက်စွဲကိုင်တော်လှန်ရာတွင် ကချင်ပြည်၌ ဖုံကန်ဒူဝါးနှင့် ဗိုလ်ဖိုးစော၊ ချင်းတောင်တွင် ကြွမ်ဘိခ်နှင့် ရွှေချိုးဖြူမင်းသား၊ ကရင်နီပြည်တွင် စောလဖော်၊ ရှမ်းပြည်တွင် လင်းပင်မင်းသားခေါင်းဆောင်သော ရှမ်းစော်ဘွားများ၊ တောင်တွင်းကြီးနယ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏အဖိုး ဗိုလ်မင်းရောင်၊ အင်းဝနယ်တွင် ထိပ်တင်စောရန်ပိုင်၊ ဆင်ဖြူကျွန်းတွင် ဗိုလ်ဥတ္တမ စသောသူတို့ထင်ရှားခဲ့ကြသည်။

အင်္ဂလိပ်တို့သည်မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ပထဝီအနေအထားမသိမှုကြောင့် အခက်အခဲများကြုံတွေခဲ့ရသည်။ ထို့ကြောင့် အင်္ဂလိပ်တို့သည် အိန္ဒိယမှ စစ်ကူအမြောက်အမြားခေါ်ယူ၍ တော်လှန်သူတို့ကို အဓမ္မနှိမ်နှင်းခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ပုန်ကန်မှုများသည် ၁၈၉၆ တွင် မြေပြန့်ဒေသ၌ ချုပ်ငြိမ်းခဲ့သော်လည်း တောင်တန်းဒေသများတွင် ဆက်လက်ဖြစ်ပွားလျက်ရှိခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှုများ[ပြင်ဆင်ရန်]

၁၉ ရာစုအကုန် ၂၀ ရာစုအစပိုင်းတွင် မြန်မာနိုင်ငံ၌ ခေတ်ပညာတတ်လူငယ်များ ပေါ်ပေါက်လာခဲ့သည်။ တရုတ်ပြည်၌ ဆွန်ယက်ဆင်ဦးဆောင်သော မန်ချူးဘုရင်စနစ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ၊ အိန္ဒိယ၌ နိုင်ငံရေးလှုပ်ရှားမှုများ စသည်တို့သည် မြန်မာ့နယ်အတွင်း၌လည်း နိုင်ငံရေးလှုပ်ရှားမှုများကို စတင်ရန်ဖြစ်ပေါ်စေခဲ့သည်။

ဝိုင်အမ်ဘီအေ[ပြင်ဆင်ရန်]

ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကို ၁၉၀၆ တွင် ရန်ကုန်မြို့၌ ဦးဘဘေဒေါက်တာဘရင်စသော လူငယ်အချို့တို့သည် သီရိလင်္ကာရှိ ဝိုင်အမ်ဘီအေကိုပုံစံယူ၍ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အသင်း၏ရည်ရွက်ချက်မှာ ဘာသာရေး၊ သာသနာရေး၊ ပညာရေးအတွက် ဆောင်ရွက်ရန်ဖြစ်သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးအတွင်ဆောင်ရွက်ခဲ့သည်။ အသင်း၏သတင်းစာအဖြစ် မြန်မာပြည်ဗုဒ္ဓဘာသာသတင်းစာကို ထုတ်ဝေခဲ့သည်။ ဝိုင်အမ်ဘီအေကို စတင်ဖွဲ့စည်းစဉ်က အသင်းဝင်ဦးရေမှာ ၂၀ ပင်မပြည့်ပေ။ နောင်အခါအသင်းဝင်များ လှည့်လည်စည်းရုံးရာမှ အသင်းဝင်ဦးရေမှာ တို့ပွားလာခဲ့သည်။ ၁၉၁၁ မှစ၍ ဝိုင်အမ်ဘီအေ ပြည်လုံးကျွတ်အစည်းအဝေးကို နှစ်စဉ်ကျင်းပခဲ့သည်။

ဝိုင်အမ်ဘီအေသည် ၁၉၁၆ မှစ၍ နိုင်ငံရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။ ၁၉၁၈ တွင် ငလျင်ဒဏ်ကြောင့် ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်ကြီး ပြိုကျကာ စိန်ဖူးတော်မြေခခဲ့သည်။ ဒုတိယဘုရင်ခံ ရက်ဂျီနယ် ကရက်ဒေါက်သည် ဖိနပ်မချွတ်ဘဲ ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်ကြည့်ရှုခဲ့သည်။ ထို့ကြောင့်တစ်နိုင်ငံလုံးအုံကြွလာပြီး ဝိုင်အမ်ဘီအေအသင်းကြီးက ဦးဆောင်၍ ရန်ကုန်မြို့ဂျူဗလီဟော၌ အစည်းအဝေးကြီးကျင်းပကာ ဖိနပ်စီးခြင်းကို ကန့်ကွက်သည့်အဆိုကို တင်သွင်းပြဋ္ဌာန်းခဲ့သည်။

၁၉၁၇ တွင် ဝန်ကြီးမွန်တေဂူသည် အိန္ဒိယသို့လာရောက်၍ အုပ်ချုပ်ရေးအကြောင်းကို စုံစမ်းရာတွင် ဝိုင်အမ်ဘီအေမှ ဦးဘဘေ၊ ဦးမေအောင်စသူတို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသို့သွားရောက်၍ ဝန်ကြီးမွန်တေဂူ၊ ဘုရင်ခံ ချမ်းစဖို့တို့နှင့် တွေဆုံခဲ့ကြပြီး မြန်မာနိုင်ငံကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။ မွန်တေဂူ–ချမ်းစဖို့ အစီရင်ခံစာထွက်လာသောအခါ အုပ်ချုပ်ရေးပြောင်းလဲမည့် အစီအစဉ်တွင် မြန်မာနိုင်ငံကို ချန်လှပ်ထားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံအတွက် ရက်ဂျီနယ် ကရက်ဒေါက်မှ ရေးဆွဲထားသော ကရက်ဒေါက်စီမံကိန်းသည်လည်း မြန်မာပြည်သူလူထု၏ ဆန္ဒနှင့်ကိုက်ညီမှုမရှိသောကြောင့် ၁၉၁၉ တွင် ဦးဘဘေ၊ ဦးပု၊ ဦးထွန်းရှိန်တို့ပါတင်သော ဘေ၊ ပု၊ ရှိန် ကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မြို့သို့ သွားရောက်ခဲ့၍ အုပ်ချုပ်ရေးအဆင့်တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။ မအောင်မြင်သဖြင့် ၁၉၂၀ တွင် ဦးဘဘေ၊ ဦးပု၊ ဦးသိန်းမောင်တို့ပါဝင်သော ဘေ၊ ပု၊ မောင် ကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်တို့ထက်မံသွားရောက်တောင်းဆိုခဲ့သည်။ ထိုအခါမှ မြန်မာနိုင်ငံသည်လည်း ၁၉၁၉ အိန္ဒိယအက်ဥပဒေ၌ အကျုံးဝင်စေရမည်ဟု ကတိပေးခဲ့သည်။

၁၉၂၀ တွင် ဝိုင်အမ်ဘီအေသည် မြန်မာတစ်နိုင်ငံလုံး၌ အသင်းခွဲများ ၂၀၀ဝ ကျော်ရှိခဲ့သည်။ အချို့အသင်းများသည် နိုင်ငံရေးတွင်ပါဝင်လို၍ အချို့မှာမူ နိုင်ငံရေးနှင့် ပက်သက်လိုခြင်းမရှိကြပေ။ သို့ဖြစ်ရာ ပြည်မြို့၌ကျင်းပသော အဋ္ဌမအကြိမ်မြောက် ဝိုင်အမ်ဘီအေပြည်လုံးကျွတ် အစည်းအဝေးပွဲတွင် နိုင်ငံရေးလုပ်လိုသော ဝိုင်အမ်ဘီအေအသင်းခွဲများကိုစုပေါင်း၍ ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီးအဖြစ် ပေါင်းစပ်ဖွဲ့စည်းခဲ့သည်။

ဂျီစီဘီအေ[ပြင်ဆင်ရန်]

ဝိုင်အမ်ဘီအေအသင်းခွဲများကို ပေါင်းစပ်ဖွဲ့စည်းလိုက်ပြီဖြစ်သော ဂျီစီဘီအေအသင်းချုပ်ကို ဦးချစ်လှိုင်မှဦးဆောင်ခဲ့သည်။ ဂျီစီဘီအေ၏ရည်ရွယ်ချက်မှာ ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရရှိရေး၊ အစိုးရဌာနများတွင် မြန်မာတိုင်းရင်းသားများအား ခန့်အပ်ပေးရေး၊ မြန်မာစီးပွားရေးကို မြန်မာနိုင်ငံသားများကသာ လုပ်ပိုင်ခွင့်ရရှိရေးတို့ဖြစ်သည်။ ဂျီစီဘီအေ၏လမ်းစဉ်မှာ အကြမ်းမဖက်အနုနည်းဖြင့် အာဏာဖီဆန်ခြင်းဖြစ်သည်။ ၁၉၂၀ ပထမကျောင်းသားသပိတ်ကို ထောက်ပံ့အားပေးသူမှာ ဂျီစီဘီအေပင်ဖြစ်သည်။

၁၉၂၂ တွင် မြန်မာနိုင်ငံရေးကိုယ်စားလှယ်များ၏ တောင်းဆိုမှုများကြောင့် အင်္ဂလိပ်တို့သည် ဒိုင်အာခီအုပ်ချုပ်ရေးကို ပေးခဲ့သည်။ ထိုအုပ်ချုပ်ရေးစနစ်ကြောင့် ဂျီစီဘီအေသည် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရရှိမှကျေနပ်မည့် ဦးချစ်လှိုင်ခေါင်းဆောင်သော ဂျီစီဘီအေနှင့် ဒိုင်အာခီကိုလက်ခံခဲ့သော ဦးဘဘေဦးဆောင်သည့် ၂၁ ဦးအဖွဲ့ဟူ၍ နှစ်ခြမ်းကွဲခဲ့သည်။ ဦးချစ်လှိုင် ဂျီစီဘီအေသည် ၁၉၂၁ နိုဝင်ဘာလအတွင်း ဒိုင်အာခီအုပ်ချုပ်ရေးကို တို့မြှင့်ရန်အတွက် လာရောက်ခဲ့သော ဝှိုက်ကော်မတီကို သပိတ်မှောက်ခဲ့သည်။ ၁၉၂၂ ဇန္နဝါရီတွင် မြန်မာနိုင်ငံသို့ ဝေလမင်းသား လာရောက်‌‌‌သောအခါတွင်လည်း သပိတ်မှောက်ခဲ့သည်။ ၂၁ ဦးအဖွဲ့သည်မူ အင်္ဂလိပ်အစိုးရအား ပူးသတ်မည်ဟုကြံရွယ်၍ ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံခဲ့ကြသည်။

ဂျီစီဘီအေသည် ဝိုင်အမ်ဘီအေထက် နိုင်ငံရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ခဲ့သော်လည်း နိုင်ငံရေးအမြင်ကွဲပြားမှု၊ အသင်းရန်ပုံငွေသုံးစွဲမှု စသောပြဿနာရပ်များကြောင့် ဦးချစ်လှိုင် ဂျီစီဘီအေ၊ ဦးစိုးသိမ်း ဂျီစီဘီအေ၊ ဦးစု ဂျီဘီအေ စသည်ဖြင့် အစိတ်စိတ်အမြွှာမြွှာကွဲခဲ့ရသည်။ ၁၉၃၀ မှစ၍ ဂျီစီဘီအေသည် နိုင်ငံရေးကို ထိရောက်စွာဆောင်ရွက်နိုင်ခြင်း မရှိတော့ပေ။

တို့‌ဗမာအစည်းအရုံး[ပြင်ဆင်ရန်]

နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေးလှုပ်ရှားမှု (anti-colonial nationalism) ကို အထိရောက်ဆုံး ဆောင်ရွက်နိုင်ခဲ့သော အဖွဲ့အစည်းမှာ တို့ဗမာအစည်းအရုံးပင်ဖြစ်သည်။

၁၉၃၀ မေလတွင် ကုလား–ဗမာ အဓိကရုဏ်းအပြီးတွက် တို့ဗမာအစည်းအရုံးကို ရန်ကုန်မြို့ဗဟန်းအရပ်သခင်ဘသောင်းနှင့် လူငယ်တစ်စုတို့က တည်ထောင်ခဲ့သည်။ တို့ဗမာအစည်းအရုံး၏ ရည်ရွယ်ချက်မှာ အင်္ဂလိပ်တို့မှပေးအပ်သည့် မည်သည့်အုပ်ချုပ်ရေးစနစ်ကိုမျှလက်မခံဘဲ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက်သာ ဆောင်ရွက်ရန်ဖြစ်သည်။ တို့ဗမာအစည်းအရုံး၏ အဖွဲ့ဝင်များသည် သခင်အမည်ကိုတပ်ကြရသည်။ အကြောင်းမှာ မြန်မာနိုင်ငံ၏အရှင်သခင်များမှာ နယ်ချဲ့အင်္ဂလိပ်တို့မဟုတ် မြန်မာပြည်ဖွား မြန်မာတိုင်းရင်းသားများသာ ဖြစ်သောကြောင့်ဖြစ်သည်။ ထို့အပြင် တို့ဗမာအစည်းအရုံးကာလ၌ "ဗမာ" အသုံးအနှုန်းသည်လည်း များပြားလာခဲ့သည်။

တို့ဗမာအစည်းအရုံးသည် ကြွေးကြော်သံများ၊ တိုက်တွန်းချက်များဖြင့် မြန်မာတစ်မျိုးသားလုံး၏ ဇာတိသွေး၊ ဇာတိမာန်တို့ကို တက်ကြွရန်လှုံဆော်ခဲ့ကြသည်။ တို့ဗမာအစည်းအရုံးဝင်လူငယ်များသည် ဝိုင်အမ်ဘီ ဆရာတင်နှင့် ဆက်သွယ်မိကာ တို့ဗမာသီချင်းကို စပ်ဆိုခဲ့ကြသည်။ တို့ဗမာသီချင်းကို အစည်းအဝေးများ၊ ဘောလုံးပွဲများ စသည်တို့၌သီဆိုပြရာမှ တို့ဗမာအစည်းအရုံးအကြောင်းကို လူသိများလာခဲ့သည်။ ၁၉၃၅ နောက်ပိုင်းတွင် တက္ကသိုလ်ကျောင်းသားမျာဖြစ်ကြသော သခင်အောင်ဆန်းသခင်နုစသောသူတို့ ဝင်ရောက်လာခဲ့ကြသည်။ တို့ဗမာအစည်းအရုံးသည် ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ်အလံကို ရေးဆွဲခဲ့ရာ အမျိုးသားရေးလှုပ်ရှားသူများသည် ထိုအလံကိုနိုင်ငံတော်အလံအဖြစ် ဗြိတိသျှအလံအစား သုံးစွဲလာခဲ့ကြသည်။

တို့ဗမာအစည်းအရုံးသည် မြန်မာပြည်သူတို့ကို နိုင်ငံ‌ရေးအသိပညာပေးရန် တို့ဗမာသတင်းစဉ်၊ ဒေါင်းသတင်းစာ စသည်တို့ကို ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံ၏ပထမဆုံး မေဒေးနေ့အခမ်းအနားကို ၁၉၃၈ မေ ၁ တွင် တို့ဗမာအစည်းအရုံးက ဦးဆောင်ကျင်းပပေးခဲ့သည်။ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို အိန္ဒိယမှခွဲထုတ်ပြီး ၉၁ ဌာနအုပ်ချုပ်ရေးကို ပေးခဲ့သောအခါတွင်လည်း တို့ဗမာအစည်းအရုံးသည် အပြင်းအထန်ကန့်ကွက်ခဲ့သည်။ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ရန် လက်ရုံးတပ်ကိုလည်း ဖွဲ့စည်းခဲ့သည်။ ၁၉၃၈ ၁၃၀၀ ပြည့် အရေးတော်ပုံ ဖြစ်ပွားခဲ့သောအခါတွင်လည်း တို့ဗမာအစည်းအရုံးပါဝင်ခဲ့သည်။ နောက်ပိုင်းတွင် သခင်ကိုယ်တော်မှိုင်းဦးဆောင်သော တို့ဗမာအစည်းအရုံးနှင့် သခင်ထွန်းအုပ်သခင်ဗစိန်တို့ ဦးဆောင်သော တို့ဗမာအစည်းအရုံးဟူ၍ နှစ်ဖွဲ့ကွဲခဲ့သည်။ သို့သော် လွတ်လပ်ရေးရရန် ရည်မှန်းချက်တူသောကြောင့် နိုင်ငံရေးကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၄၁ တွင် အင်္ဂလိပ်အစိုးရသည် တို့ဗမာအစည်းအရုံးကို မတရားအသင်းအဖြစ် ကြေညာခဲ့သည်။

ဆန့်ကျင်ဆန္ဒပြမှုများ[ပြင်ဆင်ရန်]

ပထမကျောင်းသားသပိတ်[ပြင်ဆင်ရန်]

အခြားကြည့်ရန်။ အမျိုးသားနေ့

မြန်မာနိုင်ငံကိုအင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် မြန်မာနိုင်ငံ၏ပညာရေးမှာ ရပ်ဆိုင်းသွားခဲ့ရသည်။ ၁၈၇၈ တွင် အင်္ဂလိပ်တို့သည် ကလက္ကတားတက္ကသိုလ် လက်အောက်ခံ ရန်ကုန်ကောလိပ်ကို ဖွင့်လှစ်ခဲ့၍ ကောလိပ်ပညာရေးကိုသာ သင်ကြားပေးခဲ့ကြသည်။ မြန်မာတို့သည် အင်္ဂလိပ်အစိုးရအား တက္ကသိုလ်ပညာရေးကို စတင်ရန်တောင်းဆိုခဲ့ကြသည်။

၁၉၂၀ တွင် အင်္ဂလိပ်တို့သည် တက္ကသိုလ်ဥပဒေကြမ်းတစ်ခုကို ရေးဆွဲခဲ့ပြီး ဥပဒေပြုကောင်စီထံ တင်ပြခဲ့သည်။ ထိုဥပဒေကြမ်းတွင် မြန်မာတစ်နိုင်ငံလုံးတွင်မှ ရန်ကုန်တက္ကသိုလ်ဟူသော တက္ကသိုလ်တစ်ခုတည်းသာရှိရမည်၊ တက္ကသိုလ်သို့ တက်ရောက်လိုသူများသည် ကျောင်းနေကျောင်းစားများသာ ဖြစ်ကြရမည်၊ တက္ကသိုလ်မတက်မီ အကြိုသင်တန်း ၁ နှစ် တက်ရောက်ရမည် စသောအချက်များပါဝင်သည်။ ထိုအချက်များကြောင့် မြန်မာအမတ်များသာမက မြန်မာပြည်သူလူထုသည်လည်း ထိုဥပဒေကြမ်းကို အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ သို့သော်လည်း ဒုတိယဘုရင်ခံ ဆာ ရက်ဂျီနယ် ကရက်ဒေါက်သည် ထိုဥပဒေမူကြမ်းကို ၁၉၂၀ စက်တင်ဘာ ၂၀ တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး အောက်တိုဘာ ၂၄ တွင် အိန္ဒိယဘုရင်ခံချုပ်သည် အတည်ပြုပြဋ္ဌာန်းစေခဲ့သည်။ ၁၉၂၀ ဒီဇင်ဘာ ၁ ရက်နေ့တွင် တက္ကသိုလ်အက်ဥပဒေကို အတည်ပြုလိုက်ကြောင်းနှင့် ရန်ကုန်တက္ကသိုလ်ကို ဒီဇင်ဘာ ၇ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

သို့နှင့် ရန်ကုန်ကောလိပ် ကျောင်းသား ၁၂ ဦးတို့သည် ထိုအက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျောင်းမတက်ရန် ‌ဆွေးနွှေးခဲ့ကြသည်။ ဒီဇင်ဘာ ၄ ရက်နေ့တွင် သပိတ်မှောက်ကောင်စီ ပေါ်ပေါက်လာခဲ့သည်။ ဘုရင်ခံမှ တက္ကသိုလ်ဖွင့်ကြောင်း ကြေညာပြီးလျှင် သပိတ်မှောက်သည်ဟုဆိုပြီး အိမ်သို့ပြန်ရန် အစီအစဉ်ဖြစ်ပေါ်လာခဲ့သည်။ ဒီဇင်ဘာ ၅ ရက်နေ့တွင် ကျောင်းသားများ သပိတ်မှောက်မည့် အစီအစဉ်ကို တက္ကသိုလ်ကျောင်းအုပ်ကြီးမှ သိရှိသွားသဖြင့် ထိုနေ့မှာပင် သပိတ်မှောက်ရန် ဆုံးဖြတ်လိုက်ကြသည်။ ညဖက်၌ သပိတ်မှောက်ကျောင်းသားများသည် အငြိမ့်ကပွဲများသို့သွားရောက်၍ ယနေ့မှစ၍တက္ကသိုလ်အက်ဥပဒေကို မကြိုက်နှစ်သက်သဖြင့် သပိတ်မှောက်ပြီဖြစ်ကြောင်းနှင့် ကျောင်းသားများအနေဖြင့် နောက်နေ့များ၌ ကျောင်းမတက်ဘဲနေသင့်ကြောင်း ပြောဆိုခဲ့ကြသည်။

သပိတ်သည်ရန်ကုန်တစ်မြို့လုံးသို့ ပျံ့နှံ့ခဲ့သောကြောင့် သပိတ်အတွင်း၌ အခြားကျောင်းသားများပါ ပါဝင်လာခဲ့သည်။ ထို့အပြင် မန္တလေးမော်လမြိုင်ပုသိမ်စသော မြို့ကြီးများအထိ ကူးစက်လာခဲ့ရာ တက္ကသိုလ်သပိတ်မှ ကျောင်းသားသပိတ်သို့ ပြောင်းလဲသွားခဲ့သည်။ ဒီဇင်ဘာ ၁၉ တွင် သပိတ်မှောက်ကော်မတီသည် တက္ကသိုလ်အက်ဥပဒေနှင့်ပက်သက်၍ အချက် ၁၆ ချက်ပါ တောင်းဆိုချက်ကို ဒုတိယဘုရင်ခံထံပေးပို့ခဲ့သည်။ သို့သော် ဘုရင်ခံကရက်ဒေါက်သည် လက်မခံဘဲ ကျောင်းပြန်မတက်သော ကျောင်းသားများကို ကျောင်းမှထုတ်ပယ်မည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။ သပိတ်မှောက်ကျောင်းသားများသည်လည်း ကောလိပ်ကျောင်းသားများစာရင်းမှ မိမိတို့၏အမည်များကို ပယ်ဖျက်ပေးရန် အရေးဆိုခဲ့သည်။

၁၉၂၀ ဒီဇင်ဘာ ၂၉ တွင် ဂျီစီဘီအေသည် အစည်းအဝေးပွဲကြီး ကျင်းပခဲ့ပြီး အမျိုးသားပညာရေးအဖွဲ့ကို ဖွဲ့စည်းပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ဂျီစီဘီအေ၏ အမျိုးသားပညာရေးကောင်စီသည် အမျိုးသားကျောင်းများကို မြန်မာတစ်နိုင်ငံတစ်ဝှမ်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။ အမျိုးသားပညာရေးကောင်စီ၏ ဦးဆောင်မှုကြောင့် နိုင်ငံတစ်ဝှမ်း အမျိုးသားကျောင်း ၁၅၀ ခန့်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ထိုအမျိုးသားကျောင်းများတွင် သပိတ်မှောက်ကျောင်းသားများသည် ဆရာအဖြစ် ပညာသင်ကြားပေးခဲ့ကြသည်။ ၁၉၂၁ ဩဂုတ် ၂၀ တွင် ပထမဆုံးသော အမျိုးသားကောလိပ်ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။

၁၉၂၂ ဇွန်လ ၁၇ ရက်တွင်ကျင်ပခဲ့သော ဂျီစီဘီအေအစည်းအဝေးတွင် ပထမကျောင်းသားသပိတ်ကို ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ကျောင်းသားများ စတင်သပိတ်မှောက်ခဲ့သော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်လိုက်ပြီး ယနေ့တိုင် ကျင်းပလျက်ရှိသည်။

တောင်သူလယ်သမားအရေးတော်ပုံ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံလူဦးရေအများစုသည် အစဉ်အလာအားဖြင့် လယ်ယာလုပ်ငန်းများကို လုပ်ကိုင်လျက်နေထိုင်ခဲ့ကြသည်။ အင်္ဂလိပ်တို့သည် အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ဝင်ငွေရရှိရန်အတွက် လယ်ယာမြေများကို တိုးချဲ့စိုက်ပျိုးစေခဲ့သည်။ ၁၈၆၈ တွင် စူးအက်တူးမြောင်းကို ဖောက်လုပ်ပြီးစီးခဲ့သဖြင့် ကမ္ဘာတစ်ဝှမ်း စီးပွားရေးဆိုင်ရာ ဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာခဲ့သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝှမ်း လယ်ယာမြေများကို ပိုမိုတိုးချဲ့စိုက်ပျိုးစေလာခဲ့သည်။

အင်္ဂလိပ်တို့သည် လယ်ယာမြေလုပ်ငန်းများအတွက် ဈေးပေါသောလုပ်အားရနိုင်ရန် အိန္ဒိယမှအလုပ်သမားများကို ခေါ်သွင်းလာခဲ့သည်။ ထိုအိန္ဒိယလုပ်သားတို့သည် စရိတ်ကြေးငွေအတွက် အင်္ဂလိပ်တို့ထံမှ အတိုးနှုန်းသက်သာစွာ ချေးယူကြသော်လည်း မြန်မာလယ်သမားများထံတွင်မူ အတိုးနှုန်းကြီးစွာ ချေးယူခဲ့ကြသည်။ ထိုအကြောင်းများကြောင့် မြန်မာနိုင်ငံအတွင်း၌ လယ်ယာမဲ့ဦ်းရေမှာ တစ်စတစ်စတိုးပွားလာခဲ့သည်။ ၁၉၂၁ တွင် စတီးဘရားသား (Steel Bros Co.)၊ ဘလုပ်ဘရားသား (Bulloch Bros Co.)၊ အင်ဂလိုဘားမား (Anglo Burma Co.) စသော မြန်မာ့ဆန်စပါးရောင်းဝယ်ရေးကို ချုပ်ကိုင်ထားသည့် အင်္ဂလိပ်ကုမ္မဏီကြီးများစုပေါင်း၍ ဘူလင်ဂျာပူးလ် (Bullinger Pool) အသင်းကြီးကို ဖွဲ့စည်းခဲ့သည်။ ထိုအသင်းကြီးသည် မြန်မာနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးကို လက်ဝါးကြီးအုပ်၍ ဈေးကစားခြင်းကို ပြုလုပ်ခဲ့သည်။ ကုန်သည်ပွဲစားများသည်လည်း မြန်မာလယ်သမားများကို အဆင့်ဆင့်ခေါင်းပုံဖြတ်ကြသည်။ သို့ဖြစ်ရာ မြန်မာလယ်သမားတို့၏ အခြေအနေမှာ ပို၍ဆိုးရွားလာခဲ့သည်။

ဦးစိုးသိမ်း ဂျီစီဘီအေ၏ အမှုဆောင်ဖြစ်သူ ဆရာစံသည်တာဝန်အရ အဖွဲ့သို့အစီရင်ခံစာတင်ရန် လယ်သမားတို့၏ဘဝများကို သွားရောက်လေ့လာခဲ့သည်။ ထို့နောက်ဆရာစံသည် အခွန်ကောက်ခံမှုကို ငြင်းဆိုပေးရန်၊ လယ်သမားများအနေဖြင့် သစ်ဝါးများအခမဲ့ခုတ်ခွင့်ပြုရန် စသည်တို့ပါဝင်သည့် အစီရင်ခံစာကို တင်သွင်းခဲ့သော်လည်း ဂျီစီဘီအေအဖွဲ့က လက်မခံခဲ့ပေ။ သို့ဖြစ်ရာ ဆရာစံသည် ဂျီစီဘီအေနှင့် အဆက်အသွယ်ဖျက်၍ တော်လှန်ရေးကိုဆောင်ရွက်ရန် လျှို့ဝှက်စီစဉ်ခဲ့သည်။ ဆရာစံသည် "သုပဏ္ဏကဂရုဠရာဇာ" ဘွဲ့ခံ၍ မိမိ၏ဂဠုန်တပ်သားများအား အင်းအိုင်၊ လက်ဖွဲ့၊ ဂါထာမန္တရားများနှင့် တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီးဆေးများ စီရင်ပေးခဲ့သည်။ ဂဠုန်တပ်များသည် ကျေးရွာဝံသာနုအသင်းများမှတစ်ဆင့် လူထုကိုစည်းရုံးပြီး နယ်ချဲ့အရင်းရှင်နှင့် မြေရှင်ဆန့်ကျင်ရေးများပြုလုပ်ခဲ့သည်။

၁၉၃၀ ဒီဇင်ဘာ ၂၁ တွင် ခေတ္တဘုရင်ခံ ဂျေအေ မောင်ကြီးသည် သာယာဝတီ၌ကျင်းပသော ဆုနှင်းသဘင်ပွဲတွင် လယ်သမားတို့၏ အခွန်ကိစ္စနှင့်ပက်သက်၍ မည်သို့မျှဆောင်ရွက်နိုင်မည် မဟုတ်ကြောင်းကြေညာခဲ့သည်။ ၁၉၃၀ ဒီဇင်ဘာ ၂၂ တွင် ဆရာစံ၏ တောင်သူလယ်သမားတပ်များသည် သာယာဝတီခရိုင် ရေတိုက်ရွာ၊ ဖားရွှေကျော်ရွာတို့မှ စတင်တော်လှန်ခဲ့သည်။ အရေးတော်ပုံစပြီး ၉ ရက်အကြာတွင် ဆရာစံ၏ဌာနချုပ်ကို ဖြိုဖျက်နိုင်ခဲ့သော်လည်း အရေးတော်ပုံမှာ ဖျာပုံ၊ ဟင်္သာတ၊ အင်းစိန် စသောဒေသများအထိ ပျံ့နှံ့သွားခဲ့သည်။ အင်္ဂလန်သို့ခွင့်နှင့်ပြန်သွားခဲ့သော ဘုရင်ခံချားလ်စ် အင်းနစ်သည် မြန်မာနိုင်ငံသို့ အမြန်ပြန်လာခဲ့ရ၍ မြေခွန်လျှော့ချခြင်း၊ အမတော်ကြေးထုတ်ပေးခြင်း၊ အတင်းအကျပ် အခွန်ကောက်ခံမှုကို ရပ်ဆိုင်းပေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ရသည်။ အင်္ဂလိပ်အစိုးရသည် ဆရာစံကို ဆုငွေ ၅၀၀၀ ထုတ်ပြီး တော်လှန်ရေးသမားများကို နှိမ်နင်းခဲ့သည်။ ၁၉၃၁ ဩဂုတ်တွင် ဆရာစံကို ရှမ်းပြည်မြောက်ပိုင်းတွင် ဖမ်းဆီးရပြီး သာယာဝတီတွင် ကြိုးပေးခဲ့သည်။

ဒုတိယကျောင်းသားသပိတ်[ပြင်ဆင်ရန်]

၁၉၂၀ ပထမကျောင်းသားသပိတ်အပြီးတွင် တက္ကသိုလ်အာဏာပိုင်တို့က တက္ကသိုလ်ကျောင်းသားများအနေဖြင့် နိုင်ငံရေးတွင် ပါဝင်နိုင်ခြင်းမရှိအောင် ဆောင်ရွက်ခဲ့ကြသည်။ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) အမှု‌ဆောင်အဖွဲ့တွင် အင်္ဂလိပ်အလိုတော်ရိကျောင်းသားများ များပြားလာခဲ့ရာ တကသအဖွဲ့အနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းမရှိတော့ပေ။

၁၉၃၄–၃၅ ပညာသင်နှစ်တွင် ဥပဒေကျောင်းသား ကိုနုသည် တကသ၏ ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ကိုနုသည် တက္ကသိုလ်ကျောင်းအုပ်မှ ကျောင်းသားများကို ထုတ်ခဲ့သည့်ကိစ္စကို ကိုယ်တိုင်ဖြေရှင်းခဲ့သည်။ အစမ်းစာမေးပွဲကို ဖျက်သိမ်းရန်ကိစ္စတွင်လည်း တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၁၉၃၅–၃၆ ပညာသင်နှစ်တွင် ကိုနုမှာ တကသ၏ဥက္ကဋ္ဌဖြစ်လာခဲ့ရာ တက္ကသိုလ်ကျောင်းအုပ်ကို မိန့်ခွန်းပြောရင်းဝေဖန်ခဲ့သည်။ သို့ဖြစ်ရာ ကျောင်းအုပ်ကြီးသည် ကိုနုကိုနှုတ်ထွက်ရန် အခွင့်အလမ်းကို စောင့်နေခဲ့သည်။ ၁၉၃၆ ဖေဖော်ဝါရီလ တွင် တကသမှထုတ်ဝေခဲ့သော အိုးဝေမဂ္ဂဇင်းတွင် တက္ကသိုလ်အာဏာပိုင်ကိုဝေဖန်သည့် "ငရဲခွေးကြီး လွတ်နေပြီ" (Hell Hound at Large) ဟူသော ဆောင်းပါးကြောင့် တက္ကသိုလ်‌ကျောင်းအုပ်ကြီးသည် ဒေါသတကြီးဖြင့် ဥက္ကဋ္ဌကိုနုနှင့် မဂ္ဂဇင်းအယ်ဒီတာချုပ် ကိုအောင်ဆန်းတို့ကို ကျောင်းမှထုတ်ပယ်ခဲ့သည်။ ၁၉၃၆ ဖေဖော်ဝါရီ ၂၃ တွင် တကသအမှုဆောင်အဖွဲ့ အစည်းအဝေးပွဲတစ်ရပ်ကို ကျင်းပခဲ့၍ တကသဥက္ကဋ္ဌကိုနုကို စာနာသောအားဖြင့် သပိတ်မှောက်ရန်စီစဉ်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကျောင်းသားထု အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး စတင်သပိတ်မှောက်ခဲ့သည်။

သပိတ်မှောက်ကျောင်းသားများသည် ရွှေတိဂုံစေတီတော်၌ သပိတ်စခန်းဖွင့်ခဲ့ကြသည်။ သပိတ်မှောက်ကောင်စီကို ဖွဲ့စည်းခဲ့ပြီး တကသဒုဥက္ကဋ္ဌ ကိုရာရှစ်မှ တာဝန်ယူခဲ့သည်။ သပိတ်မှောက်ကျောင်းသားများကို ပြည်သူလူထုနှင့် တို့ဗမာအစည်းအရုံးဝင် သခင်များကပါ အားပေးကူညီခဲ့သည်။ သပိတ်မှောက်ကောင်စီသည် အချက် ၁၀ ချက်ပါတောင်းဆိုချက်ကို ဒိုင်အာခီအစိုးရ၊ တက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့ စသည်တိုထံပေးပို့ခဲ့သည်။ ဝန်ကြီးများဖြစ်ကြသော ဦးဘဘေနှင့် ‌ဒေါက်တာဘမော်တို့သည် တောင်ဆိုချက်များကို လက်ခံကြသော်လည်း ဥပဒေပြုကောင်စီမှ ဂဠုန်ဦးစောကမူ ကန့်ကွက်ခဲ့သည်။ သပိတ်မှောက် တက္ကသိုလ်ကျောင်းသားများသည် သပိတ်မမှောက်သေးသော အခြားကျောင်းများသို့သွားရာ သပိတ်တွင်ပါဝင်ကြရန် လှုံ့ဆော်ခဲ့ကြသည်။ ထိုသို့လှုံဆော်ကြရာမှ နယ်ကျောင်းများသာမက မန်းဥပစာကောလိပ် ကျောင်းသားများကပါ သပိတ်၌ပါဝင်လာခဲ့ကြသည်။

၁၉၃၆ ဧပြီလတွင် သပိတ်မလှန်ကြသဖြင့် အင်္ဂလိပ်အစိုးရသည် သပိတ်စုံစမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ မေလဆန်းတွင် အစိုးရနှင့်ကျောင်းသားအကြား ညှိနှိုင်းခဲ့ကြရာ ပြေလည်မှုများ ရရှိလာခဲ့သည်။ ၁၉၃၆ မေလ ၁၀ ရက်နေ့တွင် တောင်းဆိုချက်အချို့ကို လိုက်လျောမှုကြောင့် သပိတ်လှန်ခဲ့ကြသည်။ ဒုတိယကျောင်းသားသပိတ်၏ အကျိုးအမြတ်များမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ) ကို ဖွဲ့စည်းနိုင်ခြင်း၊ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် မြန်မာလူမျိုး ပါမောက္ခဦးဖေမောင်တင်ကို ခန့်အပ်လိုက်ခြင်း၊ ၁၉၂၀ ယူနီဗာစတီအက်ဥပဒေကို ပြင်ဆင်ပေးခြင်း စသည်တို့ဖြစ်ကြသည်။

၁၃၀၀ ပြည့်အရေးတော်ပုံ[ပြင်ဆင်ရန်]

၁၉၃၈ ခုနှစ်တွင် အင်္ဂလိပ်အစိုးရကိုဆန့်ကျင်သည့် အပြင်းထန်ဆုံးလှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့သည်။ ခရစ်နှစ် ၁၉၃၈ သည် မြန်မာသက္ကရာဇ်အားဖြင့် ၁၃၀၀ ဖြစ်သောကြောင့် ထို့အရေးတော်ပုံကို ၁၃၀၀ ပြည့် အရေးတော်ပုံဟုခေါ်သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံသည် ချောက်ရေနံမြေ အလုပ်သမားသပိတ်မှ စတင်ခဲ့သည်။

မြန်မာ့ရေနံလုပ်ငန်းကို ဘီအိုစီကုမ္ပဏီက ချုပ်ကိုင်ခဲ့သည်။ ၁၉၃၇ တွင် မြန်မာ့ရေနံလုပ်ငန်းမှ တစ်နှစ်လျှင် ကျပ်သန်းပေါင်း ၁၂၀ ကျော်ကိုရရှိသည်။ သို့သော် ထိုအခါကရှိခဲ့သော မြန်မာရေနံအလုပ်သမား ၂၀၀၀၀ ကျော်၏ လစာအတွက်ကိုမူ ၈ သန်းသာအသုံးပြုခဲ့သည်။ ရေနံမြေလုပ်သားများသည် နေ့စားအဖြစ်သာ လုပ်ကိုင်ရခြင်း၊ လုပ်ငန်းခွင်၌ ကာကွယ်မှုမရရှိခြင်း စသည်တို့ကြောင့် အလုပ်သမားတို့၏ ဘဝအခြေအနေမှာ ဆိုးရွားလျက်ရှိခဲ့သည်။ ၁၉၃၅ ရေနံချောင်းမြို့၌ ကျင်းပခဲ့သော တို့ဗမာအစည်းအရုံးညီလာခံတွင် သခင်လူငယ်များ၏ အသိပညာပေးမှုကြောင့် အလုပ်သမားများ နိုင်ငံရေးအသိများ ကျယ်ပြန့်လာခဲ့ရသည်။ ၁၉၃၈ တွင် ချောက်မြို့ရှိ ဘီအိုစီကုမ္ပဏီသည် အလုပ်သမားအား ပိုမိုဖိနှိပ်လာမှုကြောင့် မခံရပ်နိုင်ကြတော့သော အလုပ်သမားများသည် ဇန်နဝါရီလ ၈ ရက်နေ့တွင် စတင်သပိတ်မှောက်ခဲ့သည်။

သပိတ်မှောက်၍မကြာမီပင် အခြားကုမ္ပဏီများ၊ ထို့နောက် အခြားရေနံမြေများမှ အလုပ်သမားများသည်လည်း ဝင်ရောက်ပါဝင်လာခဲ့ကြသည်။ ဇန်နဝါရီလ ၉ ရက်တွင် အလုပ်သမားထု အစည်းအဝေးကျင်းပ၍ အချက်ငါးချက်ပါ တောင်းဆိုချက်ကို တင်ပြရန်ဆုံးဖြတ်ခဲ့ပြီး ၁၀ ရက်နေ့တွင် ဘီအိုစီကုမ္ပဏီထံ တင်သွင်းခဲ့သည်။ ကြောင်းပြန်ခြင်း မရှိသည့်အတွက် နောက်ထပ် အချက် ၈ ချက်ကို ထက်မံထည့်သွင်းခဲ့သည်။ ဘီအိုစီကုမ္ပဏီမှ အချက်အနည်းငယ်ကိုသာ လိုက်လျောခဲ့သဖြင့် သပိတ်မှာ ဆက်၍ဖြစ်ပွားခဲ့သည်။ ၁၉၃၈ နိုဝင်ဘာ ၂၉ တွင် ရေနံမြေအလုပ်သမားများသည် မိမိတို့တောင်းဆိုချက်များကို အစိုးရထံသို့ တိုက်ရိုက်တင်ပြရန်အတွက် ရန်ကုန်မြို့သို့ ချီတက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ နိုဝင်ဘာ ၃၀ တွင် ကျန်းမာရေးပြည်စုံသော အလုပ်သမား ၁၄၀၀ ခန့်သည် ချောက်မြို့မှ စတင်ထွက်ခွာခဲ့သည်။

ရေနံသပိတ်တပ်ကြီးမကွေးမြို့သို့ ရောက်လာသောအခါ သခင်ဖိုးလှကြီးနှင့် သပိတ်ခေါင်းဆောင်များ၊ ဘေးမဲ့ကျောင်းဆရာတော်များကို ပုလိပ်မှ ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် အင်္ဂလိပ်စစ်ပုလိပ်အဖွဲ့သည် ပုဒ်မ ၁၄၄ အမိန့်စာကို ထုတ်ပြန်ကြေညာခဲ့သည်။ သို့ဖြစ်၍ ရေနံတပ်ကြီးသည် မကွေးမြို့၌ ခေတ္တစောင့်စိုင်းနေခဲ့ရသည်။ တို့ဗမာအစည်းအရုံးမှ စေလွှတ်လိုက်သော သခင်စိုး၊ သခင်ဖေသန်း၊ သခင်ထိန်ဝင်းတို့သည် မကွေးမြို့သို့ ရောက်ရှိလာခဲ့သည်။ ထို့နည်းတူ ရေနံချောင်း၌ ရောက်ရှိနေသော ဗကသနှင့်တကသတို့၏ဥက္ကဋ္ဌ ကိုဗဟိန်းနှင့် ဗကသအတွင်းရေးမှူး ကိုဗဆွေတို့သည်လည်း မကွေးမြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုငါးဦးတို့သည် ပုဒ်မ ၁၄၄ ကို ဖီဆန်၍ တရားဟောခဲ့သည်။ ကိုဗဟိန်းက "မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမယ်။ ရဲဘော်တို့သတ္တိ ကမ္ဘာသိအောင်ပြကြ" ဟူ၍ ဟောပြောခဲ့သဖြင့် ထိုငါးဦးတို့ကိုလည်း ဖမ်းဆီးသွားခဲ့သည်။

တို့ဗမာအစည်းအရုံးသည် ရေနံသပိတ်စစ်ကြောင်းကို ဦးဆောင်ရန် နောက်ထပ်ကိုယ်စားလှယ်များ စေလွှတ်ပေးခဲ့သည်။ တို့ဗမာအစည်းအရုံး ကိုယ်စားလှယ်များသည် ရေနံမြေအလုပ်သမားများအား ချီတက်ရာ၌ ကူညီပေးခဲ့ကြသည်။ သို့နှင့် ရေနံမြေအလုပ်သမားတပ်ကြီးသည် ၁၉၃၉ ဇန်နဝါရီ ၈ ရက်၌ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။

ဥပဒေပြုလွှတ်တော်တွင် ဆင်းရဲသားလယ်သမားများကို သက်သာစေမည့် လယ်ယာဥပဒေကြမ်းများကို အတည်ပြုခြင်းမရှိဘဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားခဲ့သည်။ ထို့ကြောင့် လယ်သမားတို့သည် ထိုဥပဒေကြမ်းများကို အတည်ပြုပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုလာခဲ့ကြသည်။ ရေနံအလုပ်သမားသပိတ်ကြီး၏ လှိုင်းဂယက်ကြောင့် လယ်သမားနှစ်သောင်းတို့သည် အစိုးရထံတိုက်ရိုက်တောင်းဆိုရန် ဒီဇင်ဘာ ၁၄ တွင် ဝေါမြို့မှချီတက်လာခဲ့ကြသည်။ ဒီဇင်ဘာ ၁၉ တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီ‌၌ စုဝေးကြသော ရေနံအလုပ်သမား၊ လယ်သမားနှင့် ကျောင်းသားသပိတ်တပ်များအားလုံးသည် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရကို ဖြုတ်ချရန်ဟူသော ဘုံရည်မှန်းချက်ကို ချမှတ်ခဲ့ကြသည်။

၁၉၃၈ ဇူလိုင်လတွင် ဦးရွှေဖီ၏ မော်လဝီနှင့်ယောဂီ စာအုပ်ကို အစိုးရကထုတ်ဝေခွင့်ပြုလိုက်ရာ ကုလား-ဗမာ အဓိကရုဏ်း ထက်မံဖြစ်ပွားသည်။ ထိုအဓိကရုဏ်းကို ဒေါက်တာဘမော်၏ ညွှန့်ပေါင်းအစိုးရသည် မည်သို့မျှ ဖြေရှင်းခဲ့ခြင်းမရှိသဖြင့် ကျောင်းသားထုများအနေဖြင့် အစိုးရအပေါ်မကျေနပ်ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ရာ ဒေါက်တာဘမော်သည် လူထူထောက်ခံမှုကို ရနိုင်မည်စိုးသဖြင့် ကျောင်းသားများသည် ၁၉၂၀ ယူနီဗာစတီအက်ဥပဒေကို ပြင်ဆင်ခြင်းမှ ကန့်ကွက်ခဲ့ကြရသည်။

၁၉၃၈ ဒီဇင်ဘာ ၁၁ ရက်တွင် တို့ဗမာအစည်းအရုံး ကိုယ်စားလှယ်များနှင့် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးခဲ့ရကြောင်းကို တကသမှသိရှိသွားသောအခါ နောက်နေ့၌ အစည်းအဝေးကျင်းပ၍ ဖမ်းဆီးခံကျောင်းသားများကို ပြန်လွှတ်ပေးရန်နှင့် ပုဒ်မ ၁၄၄ ကို ရုတ်သိမ်းပေးရန်တို့ကို တောင်းဆိုရန်ဆုံးဖြတ်ခဲ့ကြသည်။ ဒီဇင်ဘာ ၁၅ တွင် တကသသည်ဗကသနှင့် ပူးပေါင်း၍ အာဏာဖီဆန်ပွဲများ ပြုလုပ်လာခဲ့ကြသည်။ ဒီဇင်ဘာ ၂၀ တွင် ကျောင်းသားများစွာတို့သည် အတွင်းဝန်များရုံးကို ဝိုင်း၍ဆန္ဒပြခဲ့ကြသည်။ ပုလိပ်တပ်များက မြင်းနှင့်တိုက်၊ တုတ်နှင့်ရိုက်ရာ ယုဒသန်ကျောင်းသား ကိုအောင်ကျော်ကျဆုံးခဲ့ရသည်။ ဗိုလ်အောင်ကျော်ဇာပနကို လူပရိသတ်များစွာ လိုက်ပို့ခဲ့ကြပြီး မိမိတို့၏ဆန္ဒများကို ဖော်ထုတ်ခဲ့ကြသည်။ ရန်ကုန်ကျောင်းသားသပိတ်ကို ထောက်ခံအားပေးသည့်အနေဖြင့် မန္တလေးမြို့သာမက မြန်မာနိုင်ငံတစ်ဝှမ်းရှိကျောင်းသားများပါ သပိတ်မှောက်ခဲ့သည်။

မန္တလေးမြို့ရှိ သပိတ်မှောက်ကျောင်းသားများ၊ တို့ဗမာအစည်းအရုံးဝင်များနှင့် ရဟန်းပျိုအဖွဲ့တို့သည် ပုဒ်မ ၁၄၄ ကို ဖီဆန်ရန် သပိတ်မှောက်လိုခဲ့ကြသည်။ ထိုသပိတ်ကို ကူညီပေးရန် ရန်ကုန်တကသမှ ကိုလှမောင်ကို စေလွှတ်ခဲ့သည်။ ၁၉၃၉ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပုဒ်မ ၁၄၄ ကို ဖီဆန်ရန် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။ ရိုင်ဖယ်သေနတ်တပ်၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ရဟန်းတော် ၇ ပါး၊ ကျောင်းသား ၃ ယောက်နှင့် အရပ်သား ၇ ဦးတို့ ကျဆုံးခဲ့သည်။ မန္တလေးမြို့၏ အခြေအနေကို သိရှိခဲ့ရသောအခါ ဖေဖော်ဝါရီလ ၁‌၂ ရက်တွင် အသေခံဗိုလ် ၃၂ ဦးမှ ဦးဆောင်လျက် အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ နယ်မြို့များတွင်လည်း အလားတူဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

၁၉၃၈ ဒီဇင်ဘာ ၂၃ တွင် တကသအဖွဲ့သည် ကျောင်းသားသပိတ်၏ တောင်ဆိုချက်သုံးရပ်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် လိုက်လျောမှုမရှိသောကြောင့် ၁၉၃၉ ဖေဖော်ဝါရီလ ၇ ရက်တွင် ကျောင်းသား ၁၀၀၀ ကျော် အငတ်ခံဆန္ဒပြခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၅ တွင် ပြည်သူများက ဒေါက်တာဘမော်၏အစိုးရအား မသာချသည့်အခမ်းအနားကို ပြုလုပ်ခဲ့သည်။ ဖေဖော်ဝါရီ ၁၆ တွင် လွှတ်တော်အမတ်အချို့က ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းကြရာ ထောက်ခံမဲ ၇၀ နှင့် ကန့်ကွက်မဲ ၃၇ မဲဖြင့် အစိုးရမှာ လုံးဝပြုတ်ကျသွားခဲ့သည်။

ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရ ပြုတ်ကျပြီးနောက် ဦးပု (ဝတ်လုံ) ၏ အစိုးရသစ်တက်လာခဲ့သည်။ ၁၉၃၉ ဖေဖော်ဝါရီ ၂၀ တွင် ဦးပုအစိုးရ၊ မြို့မိမြို့ဖကိုယ်စားလှယ်များနှင့် ကျောင်းသားခေါင်းဆောင်များပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွှေးပွဲကို ကျင်းပခဲ့သည်။ ဆွေးနွှေးပွဲ၌ သဘောတူညီချက်များ ရရှိခဲ့သဖြင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျောင်းသားများသပိတ်လှန်ကြောင်း ကြေညာခဲ့ရာ ၁၃၀၀ ပြည့်အရေးတော်ပုံမှာ ပြီးဆုံးသွားခဲ့သည်။

ခွဲရေးတွဲရေး[ပြင်ဆင်ရန်]

အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက် အိန္ဒိယကိုလိုနီ၏ နယ်မြေအဖြစ်အုပ်ချုပ်ခဲ့သည်။ မြန်မာတို့ကမြန်မာနိုင်ငံကို သီးခြားအုပ်ချုပ်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း အင်္ဂလိပ်အစိုးရမှ ပယ်ချခဲ့သည်။ နိုင်ငံရေးအကျပ်အတည်းများ ကြုံတွေ့လာရသောအခါ မြန်မာနိုင်ငံကို သီးခြားအုပ်ချုပ်ရန် အကြံများဖြစ်ပေါ်လာခဲ့သည်။ ၁၉၂၅ အကုန်တွင် ၂၁ ဦး ဂျီစီဘီအေသည် မြန်မာနိုင်ငံကို အိန္ဒိယမှခွဲထုတ်ပေးရန်အကြောင်းကို ဗြိတိန်နိုင်ငံ လေဘာပါတီ နှစ်ပတ်လည် အစည်းအဝေးတွင် ဆွေးနွှေးခဲ့ကြသည်။ ၁၉၂၆ ဧပြီလတွင် ဦးစိုးသိမ်း ဂျီစီဘီအေ၏ ညီလာခံတွင် မြန်မာနိုင်ငံကို ခွဲထုတ်မည့်အစား လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။

၁၉၂၇ နိုဝင်ဘာ ၂၆ တွင် ဆာဂျွန်ဆိုင်မွန် ဦးဆောင်သော အဖွဲ့ဝင် ၇ ဦးပါဝင်သည့် ‌ဆိုင်မွန်ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ၁၉၂၉ ဇန်နဝါရီတွင် ဆိုင်မွန်ကော်မရှင်သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာ၍ အုပ်ချုပ်ရေးနှင့်ပက်သက်၍ စတင်စစ်ဆေးခဲ့သည်။ ဦးစိုးသိမ်း ဂျီစီဘီအေသည် ဆိုင်မွန်ကော်မရှင်ကို သပိတ်မှောက်သော်လည်း ၂၁ ဦး ဂျီစီဘီအေသည်မူ မြန်မာနိုင်ငံကိုခွဲထုတ်၍ အုပ်ချုပ်ရေးအသစ်ပေးရန် ဆွေးနွှေးခဲ့ကြသည်။ ၁၉၃၀ တွင် ဆိုင်မွန်ကော်မရှင်အစီရင်ခံစာ ပေါ်ထွက်လာခဲ့၍ မြန်မာနိုင်ငံကို အိန္ဒိယမှခွဲထုတ်၍ သီးသန့်အုပ်ချုပ်ရေးပေးရန် ဖော်ပြထားသည်။

ခွဲရေးကိုလိုလားသောသူများသည် မြန်မာနိုင်ငံအတွင်း အိန္ဒိယနိုင်ငံသားများ ဝင်ရောက်ရောယှက်ခြင်း မရှိစေလိုခြင်း၊ မြန်မာနိုင်ငံရေးလှုပ်ရှားမှုများကို အိန္ဒိယနိုင်ငံရေးလှုပ်ရှားမှုများမှ ကွဲပြားစေလိုခြင်း စတည်တို့ကြောင့် လိုလားခဲ့ကြသည်။ တွဲရေးကိုလိုလားသောသူများသည် အိန္ဒိယနိုင်ငံသားများသည် ဘဝတူအဖိနှိပ်ခံများဖြစ်ကြခြင်း၊ အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးပေးခဲ့ပါလျှင် ခွဲထွက်သွားပြီးဖြစ်သော မြန်မာနိုင်ငံကို ချန်လှပ်ထားနိုင်ခြင်း စသည်တို့ကြောင့် လိုလားခဲ့ကြသည်။

အင်္ဂလိပ်တို့သည် ၁၉၃၀–၁၉၃၁ တွင် ခွဲရေးတွဲရေးကို ဆွေးနွှေးရန် လန်ဒန်မြို့၌ မျက်နှာစုံညီအစည်းအဝေးပွဲများ ကျင်းပခဲ့သည်။ ၁၉၃၂ နိုဝင်လာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် ခွဲရေးတွဲရေးကိုကိစ္စကို အဓိကထားထားသည်။ ထိုရွေးကောက်ပွဲတွင် တွဲရေးဖက်မှ အနိုင်ရရှိခဲ့သော်လည်း အင်္ဂလိပ်တို့သည် မူလကတည်းကခွဲရန် ဆုံးဖြတ်ထားသောကြောင့် ၁၉၃၅ တွင် မြန်မာနိုင်ငံကို ခွဲထုတ်ခဲ့ပြီး အုပ်ချုပ်ရေးအသစ်ပေးခဲ့သည်။

ဒုတိယကမ္ဘာစစ်ကာလ[ပြင်ဆင်ရန်]

၁၉၃၉ စက်တင်ဘာ ၁ တွင် တို့ဗမာအစည်းအရုံးသည် အထူးအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့၍ ဂိုဏ်းဂဏပါတီမရွေး လွတ်လပ်ရေးကိုလိုလားသူတိုင်း ပါဝင်နိုင်သောအဖွဲ့တစ်ဖွဲကို ဖွဲ့စည်းပေးရန်ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၃၉ အောက်တိုဘာ ၁ တွင် တို့ဗမာအစည်းအရုံး၊ ဒေါက်တာဘမော်၏ ဆင်းရဲသားအဖွဲ့၊ ငါးပွင့်ဆိုင်အဖွဲ့တို့နှင့် ပူပေါင်းခဲ့၍ ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းခဲ့ကြသည်။ ဗမာ့ထွက်ရပ်ဂိုဏ်းသည် မြန်မာပြည်သူများအား နယ်ချဲ့ဆန့်ကျင်ရေးနှင့်ပက်သက်၍ ဟောပြောလှုံ့ဆော်ခဲ့သည်။

သခင်အောင်ဆန်းသည် ဂျပန်ဗိုလ်မှူးကြီး ဆူဇူကီးနှင့်တွေ့ဆုံခဲ့ရာ အင်္ဂလိပ်တို့ကိုတိုက်ထုတ်ရန် သဘောတူခဲ့ကြသည်။ သို့ဖြစ်ရာ သခင်အောင်ဆန်းသည် လူငယ်သုံးဆယ်ကို စစ်ပညာသင်ကြားရန် စေလွှတ်ခဲ့သည်။ နောက်ပိုင်းတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့ကြပြီး မြန်မာဖက်သို့ချီတက်လာခဲ့ကြသည်။ ၁၉၄၂ တွင် ဂျပန်တပ်များသည် ဗမာ့လွတ်လပ်ရေးတပ်မတော်ဖြင့် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ရာ ဗြိတိသျှတပ်များသည် မြန်မာ့နယ်မှ ဆုတ်ခွာခဲ့ကြရသည်။

စစ်ပြီးကာလနှင့်လွတ်လပ်ရေးရယူခြင်း[ပြင်ဆင်ရန်]

ဂျပန်တို့ကမြန်မာနိုင်ငံကို ၁၉၄၂ တွင် ဝင်ရောက်သိမ်းပိုက်ခဲ့သောအခါ အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံမှ ဆုတ်ခွာခဲ့ရ၍ အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ကို မြို့တော်အဖြစ်သတ်မှတ်ခဲ့သည်။ စစ်ပြေးဘုရင်ခံ ဒေါ်မန် စမစ်သည် မြန်မာနိုင်ငံကို အုပ်ချုပ်ရန်အတွက် စီမံကိန်းတစ်ခုရေးဆွဲခဲ့သည်။ ၁၉၄၅ မေ ၁၇ တွင် အင်္ဂလိပ်အစိုးရသည် စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်း၌ဖော်ပြပါ အုပ်ချုပ်ရေးစနစ်သည် ဒိုင်အာခီမတိုင်မီ အုပ်ချုပ်ရေးအဆင့်မျှသာရှိသဖြင့် ခေတ်နောက်ပြန်ဆွဲ့သည့် အုပ်ချုပ်ရေးမျိုး ဖြစ်နေခဲ့သည်။ သို့ဖြစ်ရာ မိမိတို့အသက်ကိုစွန့်၍ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရသော ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ (ဖတပလ) သည် ထိုစက္ကူဖြူစာတမ်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။ ၁၉၄၅ ဩဂုတ်လတွင် ဖတပလအဖွဲ့မှဦးစီးလျက် နေသူရိန်ပြဇာတ်ရုံ၌ လူထုအစည်းအဝေးပွဲကြီးကို ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးပွဲ၌ ဗိုလ်ချုပ်အောင်ဆန်းသည် သဘာပတိအဖြစ်ဆောင်ရွက်၍ တပ်မတော်ဖွဲ့စည်း‌ရေး၊ ယာယီအစိုးရဖွဲ့စည်းရေးနှင့် တစ်နိုင်ငံလုံးညီညွတ်ရေးဟူသော အဆိုသုံးရပ်ကို ဟောပြောခဲ့ကြသည်။ ထိုအဆိုသုံးခုလုံးကို ပြည်သူများကတစ်ခဲနက် ထောက်ခံခဲ့ကြသည်။

၁၉၄၅ စက်တင်ဘာတွင် မြန်မာကိုယ်စားလှယ်များသည် သီဟိုဠ်ကျွန်းရှိကန္ဒီမြို့သို့ သွားရောက်ခဲ့၍ တပ်မတော်ဖွဲ့စည်းရေးအတွက် လော့ဒ်မောင့်ဘက်တန်နှင့် ဆွေးနွှေးခဲ့ကြရာ ကန္ဒီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုစာချုပ်တွင် မျိုးချစ်ဗမာ့တပ်မတော်ကို တပ်သား ၅၂၀၀ နှင့် အရာရှိ ၂၀၀ တို့ကို အမြဲတမ်းမြန်မာနိုင်ငံတပ်မတော်အတွင်း ပူးပေါင်းပေးရန် ပါရှိသည်။ တပ်မတော်အသစ်တွင် မပါဝင်နိုင်သည့်သူများအတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ့ရဲဘော်အဖွဲ့ကို အရေးကြုံက တိုက်ပွဲဝင်ပေးနိုင်ရန် ဖွဲ့စည်းပေးခဲ့သည်။

၁၉၄၅ အောက်တိုဘာ ၁၆ တွင် ဘုရင်ခံ ဒေါ်မန်စမစ်သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး အောက်တိုဘာ ၁၇ တွင် ဝန်ကြီး ၁၅ ဦးပါဝင်မည့် အမှုဆောင်ကောင်စီကို ဖွဲ့စည်းမည်ဖြစ်ကြောင်းကြေညာခဲ့သည်။ အောက်တိုဘာ ၁၉ ရက်နေ့တွင် တွေ့ဆုံမည်ဟု‌‌ဆိုသော်လည်း အောက်တိုဘာ ၁၈ ရက်တွင် ဖတပလ ဗဟိုအမှုဆောင်အဖွဲ့ဝင်များနှင့် သီခြားတွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် အစိုးရသည် ဖတပလကို ဝန်ကြီး ၁၁ ဦးအား ရွေးချယ်စေလိုခဲ့သည်။ အောက်တိုဘာ ၂၄ တွင် ဖတပလသည် ဝန်ကြီး ၁၁ ဦးအမည်ကို တင်သွင်းခဲ့သော်လည်း နောက်နေ့၌ ၇ ဦးသာလက်ခံမည်ဖြစ်ကြောင်းနှင့် အရေးကြီးဌာနများကို ဘုရင်ခံ၏အလိုတော်ရိများကိုသာ ထားရှိသွားမည်ဖြစ်ကြောင်း ဘုရင်ခံအကြံပေးမှ ပြောကြားခဲ့သည်။ ထိုကြောင့် ဖတပလသည် တင်ပြထားသော အမည်စာရင်းကို ရုပ်သိမ်းခဲ့လေရာ နိုဝင်ဘာ ၁ ရက်နေ့တွင့် ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့တွင် အင်္ဂလိပ်အလိုတော်ရိများသာ ပါဝင်ခဲ့ကြသည်။

၁၉၄၆ ဇန်နဝါရီလတွင် ‌ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ ဖတပလ ပြည်လုံးကျွတ်ညီလာခံကြီးကို ကျင်းပခဲ့ရာ ဖတပလအဖွဲ့ခွဲများမှ ကိုယ်စားလှယ်ပေါင်း ၁၀၀၀ ကျော်နှင့် လူထုပရိသတ် ၄ သိန်းတက်ရောက်ခဲ့ကြသည်။ ထိုညီလာခံကြီးတွင် တင်သွင်းခဲ့သော အဆို ၁၇ ချက်အနက် အရေးကြီးဆုံးမှာ မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ပယ်၏ ဒိုမီနီယံအဆင့်အတန်းအဖြစ်မဟုတ်ဘဲ လုံးဝလွတ်လပ်ရေးကိုသာ ရရှိရန်ဖြစ်သည်။ ထို့အပြင် ဖတပလအဖွဲ့ကို ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) ဟူ၍ အမည်ပြောင်းလဲခဲ့သည်။

ဘုရင်ခံ ဒေါ်မန်စမစ်သည် ဗိုလ်ချုပ်အောင်ဆန်းအား ဖမ်းဆီးအရေးယူလိုခဲ့သည်။ ၁၉၄၆ ဖေဖော်ဝါရီတွင် ဂဠုန်ဦးစောသည် ဘုရင်ခံနှင့်‌ဆွေးနွှေးခဲ့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၂ တွင် သထုံမြို့ရှိ ကျေးရွာတစ်ရွာ၌ သူကြီးဆိုးတစ်ဦးကိုစစ်ဆေး၍ သေဒဏ်ပေးခဲ့ကြောင်း ပြောဆိုခဲ့သည်။ သို့ဖြစ်ရာ ဘုရင်ခံသည် ထိုကိစ္စကို လူသတ်မှုအဖြစ် ဗိုလ်အောင်ဆန်းအား ဖမ်းဆီးအရေးယူလိုခဲ့သည်။ လော့ဒ်မောင့်ဘက်တန်သည် ဗိုလ်အောင်ဆန်းကို မဖမ်းဆီးရန် ပြောဆိုခဲ့သော်လည်း အတွင်းဝန်ချုပ်က ဖမ်းဆီးခွင့်ပြုသည်။ ထိုသို့ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးအရေးယူရန် ကြံစည်နေကြစဉ်ပင် ၁၉၄၆ ဇွန် ၁၄ တွင် ဘုရင်ခံဒေါ်မန်စမစ်သည် အင်္ဂလန်သို့ ပြန်သွားခဲ့ရသည်။ ယာယီဘုရင်ခံသည် ဇူလိုင်လကုန်တွင် "စစ်အတွင်း ပြစ်မှုကျူးလွန်သူများ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ" ကို ထုတ်ပြန်ကြေညာခဲ့ရာ တရားစွဲဆိုနိုင်ခြင်းမရှိတော့ပေ။

အောင်ဆန်းအက်တလီစာချုပ်[ပြင်ဆင်ရန်]

၁၉၄၆ ဩဂုတ် ၅ တွင် ဟူးဘတ် ရန့်စ်သည် ဘုရင်ခံဖြစ်လာခဲ့သည်။ စက်တင်ဘာ ၅ ရက်တွင် အထွေထွေသပိတ်ကြီး ဖြစ်ပေါ်လာခဲ့ရာ အုပ်ချုပ်ရေးယန္တရားမှာ ရပ်‌ဆိုင်းသွားခဲ့သည်။ ဘုရင်ခံအသစ်သည် သပိတ်ကိုဖြေရှင်းရန် ဖဆပလနှင့်ဆွေးနွှေးခဲ့ရာ စက်တင်ဘာ ၂၆ တွင်ဖွဲ့စည်းခဲ့သော အမှုဆောင်ကောင်စီအသစ်တွင် ဗိုလ်ချုပ်အောင်ဆန်းအား ဒုတိယဥက္ကဋ္ဌအဖြစ် ထားရှိပေးခဲ့ပြီး အစိုးရအဖွဲ့၌ ဖဆပလကိုယ်စားလှယ်များ ပါဝင်လာခဲ့သည်။ ၁၉၄၆ နိုဝင်ဘာတွင် ဖဆပလသည် အင်္ဂလိပ်အစိုးရထံ အချက်သုံးချက်ပါ ရာဇသံကိုပေးပို့ခဲ့သည်။ ဒီဇင်ဘာ ၆ ရက်နေ့တွင် ဘုရင်အစိုးရသည် မြန်မာလွတ်လပ်ရေးကို ဆွေးနွှေးလိုကြောင်း မြန်မာကိုယ်စားလှယ်များအား ဖိတ်ကြားခဲ့သည်။ ၁၉၄၇ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မြို့သို့ ရောက်ရှိလာခဲ့သည်။

ဗြိတိသျှဝန်ကြီး ကလီမင့် အက်တလီနှင့် ဆွေးနွှေးနေကြစဉ် ရှမ်းစော်ဘွားအချို့က ထိုကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်ကိုကိုယ်စားမပြုကြောင်း ကြေးနန်းရိုက်ခဲ့သည်။ ရှမ်းလူငယ်များကဦးစီး၍ လူထုအစည်းအဝေးတစ်ရပ် ပြုလုပ်ပေးခဲ့၍ ထိုကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်ကိုကိုယ်စားပြုကြောင်း ဆုံးဖြတ်ခဲ့၍ ကြေးနန်းပြန်ရိုက်ခဲ့သည်။ ၁၉၄၇ ဇန်နဝါရီ ၂၇ ရက်နေ့တွင် အောင်ဆန်းအက်တလီစာချုပ်ကို အောင်မြင်စွာ ရေးထိုးနိုင်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ မြန်မာပြည်သို့ ပြန်ရောက်လာသောအခါတွင် ဘုရင်ခံသည် အစိုးရအဖွဲ့ကို လွတ်လပ်ခွင့်များ တိုးပေးခဲ့သည်။

ပင်လုံညီလာခံ[ပြင်ဆင်ရန်]

အခြားကြည့်ရန်။ ပြည်ထောင်စုနေ့

အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို အုပ်ချုပ်ရာ၌ တောင်တန်းနှင့်ပြည်မဟူ၍ ခွဲခြားအုပ်ချုပ်ခဲ့သည်။ အောင်ဆန်းတက်တလီစာချုပ်တွင် တောင်တန်းနှင့်ပြည်မ တစ်ပေါင်းတစ်စည်းတည်း လွတ်လပ်ရေးရယူနိုင်ရန်အတွက် တိုင်းရင်းသားတို့၏ သဘောဆန္ဒတို့ကို ဦးစွာရယူရမည်ဟုပါရှိသည်။ သို့ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့သည် တိုင်းရင်းသားဒေသများသို့ ဆန္ဒရယူရန် သွားရောက်ခဲ့သည်။ ၁၉၄၇ ဖေဖော်ဝါရီ တွင် ပင်လုံညီလာခံကို ကျင်းပခဲ့ရာ ချင်းကချင်ရှမ်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် တောင်တန်းနှင့်ပြည်မ တစ်ပေါင်းတည်း လွတ်လပ်ရေးရယူ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တည်ထောင်ရန် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

တိုင်းပြုပြည်ပြုလွှတ်တော်[ပြင်ဆင်ရန်]

၁၉၄၇ ဧပြီတွင် တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ မေလတွင် ဖဆပလပဏာမညီလာခံကို ကျင်းပခဲ့၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရန်ဆွေးနွှေးခဲ့ကြသည်။ ဇွန်လ ၁၀ ရက်နေ့တွင် အခြေခံဥပဒေရေးဆွဲရေး ကော်မတီကိုဖွဲ့စည်းခဲ့ပြီး ဇူလိုင် ၂၉ တွင် အခြေခံဥပဒေမူကြမ်းကို တင်သွင်းခဲ့သည်။ စက်တင်ဘာ ၂၄ တွင် လွှတ်တော်အစည်းအ‌ဝေးက အတည်ပြုပေးခဲ့သည်။

နိုင်ငံတော်လုပ်ကြံမှု[ပြင်ဆင်ရန်]

အခြားကြည့်ရန်။ အာဇာနည်နေ့

ဖဆပလ၏ လွတ်လပ်ရေးကြိုးပမ်းမှုများ အရှိန်အဟုန်မြင့်မားနေချိန်တွင် နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပေါ်လာခဲ့သည်။ ၁၉၄၇ ဇူလိုင် ၁၉ တွင် ဝန်ကြီးများအစည်းအဝေးကို ဂဠုန်ဦးစော၏ ကြိုးကိုင်မှုဖြင့် မသမာသူအချို့တို့သည် ရုတ်တရက် အစည်းအဝေးခန်းထဲသို့ ဝင်ရောက်လာ၍ ခေါင်းဆောင်ကြီးများအား ပစ်သတ်ခဲ့သည်။ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းဒီးဒုတ်ဦးဘချိုမန်းဘခိုင်ဦးဘဝင်းသခင်မြဦးရာဇတ်၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်းဦးအုန်းမောင်နှင့် ရဲဘော် ကိုထွေးတို့ ကိုးဦးကျဆုံးခဲ့ရသည်။ ထိုဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့သည်။

လွတ်လပ်ရေးရရှိခြင်း[ပြင်ဆင်ရန်]

အာဇာနည် ၉ ဦးလုပ်ကြံခံရပြီးသောအခါ လွှတ်တော်ဥက္ကဋ္ဌသခင်နုသည် ဘုရင်ခံ၏အမှုဆောင်ကောင်စီသစ်၏ ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ၁၉၄၉ ဇူလိုင် ၂၄ တွင် သခင်နုသည် အမှုဆောင်ကောင်စီကို "မြန်မာယာယီအစိုးရ" ဟူ၍လည်းကောင်း ဒုတိယဥက္ကဋ္ဌရာထူးကို "ယာယီအစိုးရဝန်ကြီးချုပ်" ဟူ၍လည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များကို "ယာယီအစိုးရဝန်ကြီးများ" ဟူ၍လည်းကောင်း အသီးသီးပြောင်းလဲခဲ့သည်။ ဇူလိုင် ၂၆ တွင် သခင်နုသည် လွှတ်တော်ဥက္ကဋ္ဌရာထူးမှ နှုတ်ထွက်ခဲ့သည်။ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ကို ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

၁၉၄၇ အောက်တိုဘာ ၁၂ တွင် ဦးနုခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မြို့သို့ ‌သွားရောက်ခဲ့သည်။ အောက်တိုဘာ ၁၇ တွင် နု-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ထိုစာချုပ်အရ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို အချုပ်အခြာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် သဘောတူခဲ့သည်။ ၁၉၄၇ ဒီဇင်ဘာ ၁၀ တွင် မြန်မာ့လွတ်လပ်ရေးအက်ဥပဒေကို ဗြိတိသျှဘုရင်မှ အတည်ပြုလက်မှတ် ရေးထိုးခဲ့သည်။ သို့ဖြစ်၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် အချုပ်အခြာအာဏာပိုင် နိုင်ငံတော်အဖြစ် လွတ်လပ်ရေးကိုရရှိခဲ့သည်။ ဗြိတိသျှဓနသဟာန၏ နိုင်ငံအဖြစ် လက်မခံလိုဘဲ လုံးဝလွတ်လပ်ရေးကိုရယူခဲ့သော သမ္မတနိုင်ငံဖြစ်လာခဲ့ပေသည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

အုပ်ချုပ်ရေးဒေသများ[ပြင်ဆင်ရန်]

မြန်မာကိုလိုနီ၏ အုပ်ချုပ်ရေးဒေသများ (၁၉၃၁)

၁၈၈၅ တွင် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် အောက်ပါအတိုင်း ခွဲခြားအုပ်ချုပ်သည်။

  1. မြန်မာပြည်မ (Ministerial Burma သို့မဟုတ် Burma proper)
  2. တနင်္သာရီတိုင်းတောင်ငူခရိုင်သထုံခရိုင်ကျိုက္ခမီခရိုင်သံလွင်ခရိုင်ထားဝယ်ခရိုင်မြိတ်ခရိုင်
  3. ရခိုင်တိုင်းစစ်တွေခရိုင်၊ ရခိုင်မြောက်ပိုင်း (သို့မဟုတ်) ရခိုင်တောတောင်ဒေသ၊ ကျောက်ဖြူခရိုင်သံတွဲခရိုင်
  4. ပဲခူးတိုင်းရန်ကုန်မြို့၊ ဟံသာဝတီခရိုင်၊ ပဲခူးခရိုင်သာယာဝတီခရိုင်ပြည်ခရိုင်
  5. ဧရာဝတီတိုင်းပုသိမ်ခရိုင်ဟင်္သာတခရိုင်သရက်ခရိုင်မအူပင်ခရိုင်မြောင်းမြခရိုင်ဖျာပုံခရိုင်
  6. Scheduled Areas
  7. ရှမ်းပြည်
  8. ပခုက္ကူချင်းတောင်ဒေသ
  9. ကချင်တောတောင်ဒေသ

Frontier Areas သို့မဟုတ် Scheduled Areas များကို ဗြိတိသျှတို့က Burma Frontier Service ဖြင့် သီးခြားအုပ်ချုပ်ခဲ့သည်။ ထိုဒေသများတွင် ချင်းရှမ်းကချင်ကရင်နီစသော တိုင်းရင်သားလူနည်းစုများ နေထိုင်ကြသည်။

၁၉၃၁ တွင် အုပ်ချုပ်ရေးဒေသ ၉ ခု ထားရှိခဲ့သည်။

  1. ရခိုင်တိုင်းစစ်တွေခရိုင်၊ ရခိုင်တောင်ဒေသ၊ ကျောက်ဖြူခရိုင်သံတွဲခရိုင်
  2. မင်းဘူတိုင်းမကွေးခရိုင်မင်းဘူးခရိုင်သရက်ခရိုင်
  3. မန္တလေးတိုင်းကျောက်ဆည်ခရိုင်မန္တလေးခရိုင်မိတ္ထီလာခရိုင်မြင်းခြံခရိုင်
  4. တနင်္သာရီတိုင်းတောင်ငူခရိုင်သထုံခရိုင်ကျိုက္ခမီခရိုင်သံလွင်ခရိုင်ထားဝယ်ခရိုင်မြိတ်ခရိုင်
  5. ပဲခူးတိုင်းရန်ကုန်မြို့၊ ဟံသာဝတီခရိုင်၊ ပဲခူးခရိုင်သာယာဝတီခရိုင်ပြည်ခရိုင်
  6. ဧရာဝတီတိုင်းပုသိမ်ခရိုင်ဟင်္သာတခရိုင်သရက်ခရိုင်မအူပင်ခရိုင်မြောင်းမြခရိုင်ဖျာပုံခရိုင်
  7. စစ်ကိုင်းတိုင်းဗန်းမော်ခရိုင်အောက်ချင်းတွင်းခရိုင်အထက်ချင်းတွင်းခရိုင်ကသာခရိုင်မြစ်ကြီးနားခရိုင်စစ်ကိုင်းခရိုင်ဟူးကောင်းချိုင့်ဝှမ်းဒေသတြိဂံဌာနေမြေယာ
  8. ဖက်ဒရယ်ရှမ်းပြည်နယ် – မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အလယ်ပိုင်း၊ မြေလတ်ကရင်နီပြည်ကျိုင်းတုံညောင်ရွှေ
  9. ပခုက္ကူ‌တောင်တန်းဒေသ – ချင်းတောင်တန်းဒေသမဏိပူရပခုက္ကူခရိုင်ကချာခရိုင်၊ Jaintia တောင်တန်းခရိုင်

အစောပိုင်းကာလအုပ်ချုပ်ရေး[ပြင်ဆင်ရန်]

ပထမ အင်္ဂလိပ်–မြန်မာ စစ်ပွဲအပြီးတွင် ဗြိတိသျှအင်ပါယာသည် ရခိုင်နှင့် တနင်္သာရီဒေသတို့ကို ရရှိခဲ့သည်။ ရခိုင်ဒေသကို ဘင်္ဂလားအစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်ထားရှိပြီး တနင်္သာရီကိုမူ အိန္ဒိယဘုရင်ခံချုပ်က တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ၁၈၅၂ တွင် ပဲခူးတိုင်းကို ရရှိခဲ့၍ ၁၈၆၂ တွင် ရခိုင်၊ တနင်္သာရီတို့နှင့် ပူးပေါင်း၍ ဗြိတိသျှဘားမားအဖြစ် ဖွဲ့စည်းခဲ့ပြီး မဟာဝန်ရှင်တော်မင်းကြီးကို ခန့်အပ်ခဲ့သည်။ ၁၈၈၅ တွင် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ၁၈၈၆ မတ်လအထိ ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ်က မြန်မာ့လွှတ်တော်နှင့် ပူးပေါင်းအုပ်ချုပ်ခဲ့သည်။ လွှတ်တော်ကို ဖျက်သိမ်းပြီးချိန်မှစ၍ အထက်အောက်မြန်မာနိုင်ငံကို ပူးပေါင်း၍ အိန္ဒိယဘုရင်ခံချုပ်ကခန့်သော မဟာဝန်ရှင်တော်မင်းကြီးက အုပ်ချုပ်ခဲ့ရသည်။

ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို အိန္ဒိယ၏နယ်ပယ်အဖြစ် အုပ်ချုပ်ခဲ့သည်။ ၁၈၉၇ တွင် မြန်မာနိုင်ငံကို အိန္ဒိယ၏ပြည်နယ်အဖြစ် တိုးမြှင့်ခဲ့ရာ မဟာဝန်ရှင်တော်မင်းကြီးအစား ဒုတိယဘုရင်ခံအဖြစ် ပြောင်းလဲအုပ်ချုပ်ခဲ့သည်။ ဒုတိယဘုရင်ခံကို အကြံဉာဏ်ပေးရန် ဥပဒေပြုကောင်စီကို ဖွဲ့စည်းခဲ့ပြီး အမတ် ၉ ဦးပါဝင်သည်။ ၁၉၀၉ တွင် အမတ်ဦးရေကို ၁၇ ဦးအထိသော်လည်းကောင်း ၁၉၁၅ တွင် ၃၀ ဦးအထိတို့မြှင့်ခဲ့သည်။ သို့သော်ဤအဖွဲ့သည် ဥပဒေပြုရေးတွင် အမည်ခံမျှဖြစ်ပြီး ဒုတိယဘုရင်ခံကသာ ဩဇာလွှမ်းမိုးထားသည်။ ဒုတိယဘုရင်ခံကိုလည်း အိန္ဒိယနိုင်ငံအစိုးရက ချုပ်ကိုင်ထားသည်။

ဒိုင်အာခီ[ပြင်ဆင်ရန်]

နောက်ထပ် အချက်အလက်များ။ ဒိုင်အာခီ

၁၉၁၉ နှင့် ၁၉၂၀ ခုနှစ်များတွင် ဝိုင်အမ်ဘီအေ ကိုယ်စားလှယ်များမှ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးအဆင့်ကို တိုးမြှင့်ပေးရန် တောင်းဆိုမှုများကြောင့် အင်္ဂလိပ်တို့သည် ၁၉၂၁ တွင် အိန္ဒိယအက်ဥပဒေကို ပြဋ္ဌာန်းပေး၍ မြန်မာနိုင်ငံအား ဒိုင်အာခီအုပ်ချုပ်ရေးကို ပေးအပ်ခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးကို ၁၉၂၃ တွင် စတင်ခဲ့သည်။

ဒိုင်အာခီစနစ်တွင် ဘုရင်ခံမှ ခန့်အပ်သောဝန်ကြီးများကတစ်ဖက်၊ မြန်မာလူထုကရွေးချယ်ထားသော အမတ်များကတစ်ဖက် ပူးတွဲ၍အုပ်ချုပ်ရသည်။ ဒိုင်အာခီစနစ်တွင် ပထမဦးဆုံး အုပ်ချုပ်ခဲ့သော ဘုရင်ခံမှာ ဟာကုတ် ဘတ္တလာဖြစ်သည်။ ပြည်သူလူထူက ရွေးချယ်သော အမတ် ၇၉ ဦး၊ ဘုရင်ခံကခန့်အပ်သော ဝန်ကြီး ၂ ဦး နှင့် အမတ် ၂၂ ဦး၊ စုစုပေါင်း ၁၀၃ ဦးပါဝင်သော ဥပဒေပြုကောင်စီကို ဖွဲ့စည်းခဲ့သည်။ ‌‌ဌာနပေါင်း ၁၀၂ ဌာနရှိသည့်အနက် ၄၇ ဌာနကို အိန္ဒိယအစိုးရက အုပ်ချုပ်သည်။ ဘုရင်ခံကခန့်အပ်သော ဝန်ကြီးနှစ်ဦးသည် အရေးပါသော ဌာန ၃၃ ခုကို တာဝန်ယူပြီး ဥပဒေပြုကောင်စီက ရွေးချယ်သော ဝန်ကြီးနှစ်ဦးသည် ကျန် ၂၂ ဌာနကို အုပ်ချုပ်သည်။

ဒိုင်အာခီစနစ်သည် ဗျူရိုကရေစီစနစ်ကို ပါလီမန်အုပ်ချုပ်ရေးအသွင် ပြောင်းထားခြင်းမျှသာဖြစ်သည်။ ဥပဒေပြုကောင်စီ၊ ပြည်သူများက တင်မြှောက်ထားသော အမတ်များစသည်တို့သည် အဆောင်အယောင်များသာဖြစ်ကြပြီး အာဏာစင်စစ်မှာ အင်္ဂလိပ်အစိုးရက ခန့်အပ်ထားသော ဘုရင်ခံနှင့် အရာရှိကြီးများ၌သာရှိသည်။ ထို့အပြင် ပြည်မနှင့်တောင်တန်းဟူ၍ ခွဲခြားထားပြီး တောင်တန်းဒေသများကို ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ မြန်မာပြည်သူလူထု ကိုယ်စားပြု ဝန်ကြီးများသည် ဌာနပေါင်း ၁၀၂ ဌာနအနက် အရေးမပါသော ဌာနများကိုသာ တာဝန်ယူခဲ့ကြရသည်။ ရွေးကောက်ရသော အမတ် ၇၉ နေရာအနက် ၂၂ နေရာကို အိန္ဒိယတိုင်းရင်းသား၊ အင်္ဂလိပ်၊ ကရင်စသည်ဖြင့် သီးသန့်လျာထားခဲ့သည်။ ဒိုင်အာခီစနစ်ကို အများပြည်သူများက မနှစ်သက်ခဲ့ကြရာ မြန်မာနိုင်ငံ၌ ပထမဆုံးကျင်းပခဲ့သော ၁၉၂၂ ရွေးကောက်ပွဲတွင် မဲပေးနိုင်သူဦးရေ၏ ၆.၉ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြသည်။

၉၁ ဌာန[ပြင်ဆင်ရန်]

အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထုတ်ခဲ့ရာ အုပ်ချုပ်ရေးအသစ်ကို ပေးအပ်ခဲ့သည်။ ဌာနပေါင်း ၉၁ ဌာနကို စီမံခွင့်ရသောကြောင့် ၉၁ ဌာနအုပ်ချုပ်ရေးဟု ခေါ်ဆိုကြသည်။ အုပ်ချုပ်ရေးဖွဲ့စည်းပုံတွင် အင်္ဂလိပ်ဘုရင်ခံ၊ ဥပဒေပြုလွှတ်တော်နှင့် ဝန်ကြီးအ‌‌ဖွဲ့တို့ပါဝင်သည်။ ဘုရင်ခံကိုအကူအညီပေးရန် အတိုင်ပင်ခံဝန်ကြီး ၃ ဦး၊ ဘဏ္ဍာရေး အတိုင်ပင်ခံဝန်ကြီး ၁ ဦးနှင့် ရှေ့နေချုပ် ၁ ဦးတို့ကို ဘုရင်ခံကိုယ်တိုင် ခန့်အပ်ထားသည်။

အောက်လွှတ်တော်၏ သက်တမ်းမှာ ၅ နှစ်ဖြစ်သည်။ လွှတ်တော်နေရာ ၁၃၂ နေရာ ရှိသည့်အနက် ၄၁ နေရာကို တိုင်းရင်းသားကိုယ်စားလှယ်များ၊ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များ၊ ရန်ကုန်တက္ကသိုလ် ကိုယ်စားလှယ်များ စသည်တို့အတွက် သီးသန့်လျာထားခဲ့သည်။ အထက်လွှတ်တော် (ဆီးနိတ်) ၏ သက်တမ်းမှာ ၇ နှစ်ဖြစ်သည်။ အဖွဲ့ဝင် ၃၆ ဦးအနက် တစ်ဝက်ကို ဘုရင်ခံကရွေးချယ်၍ ကျန်တစ်ဝက်ကို ‌အောက်လွှတ်တော်က ရွေးချယ်ရသည်။ ဝန်ကြီးချုပ် (နန်းရင်းဝန်) အပါအဝင် ဝန်ကြီး ၁၀ ဦးရှိသည်။ အစိုးရဖွဲ့နိုင်သော နိုင်ငံရေးပါတီခေါင်းဆောင်သည် မြန်မာကိုလိုနီ၏ ဝန်ကြီးချုပ်ဖြစ်သည်။ ကျန်ဝန်ကြီး ၉ ဦးကို ဘုရင်ခံကဝန်ကြီးချုပ်နှင့် တိုင်ပင်၍ခန့်အပ်သည်။ ၉၁ ဌာနအုပ်ချုပ်ရေးစတင်ရန် ၁၉၃၆ တွင် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ နိုင်ငံရေးပါတီများပြားမှုကြောင့် ညွန့်ပေါင်းအစိုးရကိုသာ ဖွဲ့စည်းနိုင်ခဲ့သည်။ ဒေါက်တာဘမော်ဝတ်လုံဦးပုဂဠုန်ဦးစောနှင့် ဆာပေါ်ထွန်းတို့သည် နန်းရင်းဝန်များဖြစ်ခဲ့ကြသည်။

၉၁ ဌာနအုပ်ချုပ်ရေးတွင်လည်း ဘုရင်ခံသည် အရေးပါဆုံးဌာနများကို ချုပ်ကိုင်ထားသည်။ တိုင်းရင်းသားကိုယ်စားလှယ်များသည် အခြားအရေးပါသည့် ဌာနများကို ချုပ်ကိုင်ခွင့်ရှိသည်။ တောင်းတန်းနှင့်ပြည်မတို့ကို ဆက်လက်ခွဲခြား အုပ်ချုပ်ခဲ့သည်။ ဘုရင်ခံသည် လွှတ်တော်နှစ်ရပ်၏ ဆုံးဖြတ်ချက်များကို ဗီတိုအာဏာဖြင့် ပယ်ဖျက်နိုင်သည်။ ထို့အပြင် ဘုရင်ခံသည်လည်း အင်္ဂလိပ်အစိုးရ၏ လက်အောက်‌‌၌သာ ရှိနေခဲ့ရာ တိုင်းပြည်အာဏာကို အင်္ဂလိပ်အစိုးရကသာ ချုပ်ကိုင်ထားသည်။ သို့ဖြစ်ရာ ၉၁ ဌာနအုပ်ချုပ်ရေး၏ အခြေအနေများသည် ဒိုင်အာခီအုပ်ချုပ်ရေးနှင့် မကွဲမပြားပင်ဖြစ်ခဲ့သောကြောင့် တို့ဗမာအစည်းအရုံးသည် ထိုအုပ်ချုပ်ရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။

စစ်ပြီးခေတ်အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

ဒုတိယကမ္ဘာစစ်တွင်မြန်မာနိုင်ငံသည် ဂျပန်တို့၏လက်အောက်သို့ ကျရောက်ခဲ့သော်လည်း မြန်မာနိုင်ငံ၏အစွန်းအဖျားဒေသ အနည်းငယ်ကို အင်္ဂလိပ်တို့က ဆက်လက်အုပ်ချုပ်နိုင်ခဲ့သည်။ ထိုဒေသများကို အုပ်ချုပ်ရန်အတွက် အိန္ဒိယနိုင်ငံရှိ စစ်သေနာပတိချုပ်လက်အောက်၌ထားရှိ၍ ကက်စ်ဘီ (Civil Affairs Service (Burma)၊CAS (B)) အဖွဲ့ဖြင့်အုပ်ချုပ်ခဲ့သည်။ စစ်အုပ်ချုပ်ရေးကို ၁၉၄၄ ခုနှစ်တွင် ကြေညာခဲ့သော်လည်း ဩဂုတ်လရောက်မှသာ တစ်နိုင်ငံလုံးကိုအုပ်ချုပ်နိုင်ခဲ့သည်။ စစ်ပြေးဘုရင်ခံ ဒေါ်မန် စမစ်၏ တောင်းဆိုမှုကြောင့် မောင့်ဘက်တန်သည် မြို့ပြအုပ်ချုပ်ရေးသို့ ပြောင်းလဲပေးရန်အတွက် မြန်မာပြည်လွှဲပြောင်းရေးကော်မရှင်ကို ၁၉၄၅ ဇူလိုင်တွင် ဖွဲ့စည်းပေးခဲ့သည်။

၁၉၄၅ မေလတွင် အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံကို မည်သို့အုပ်ချုပ်မည်ဟူသော အစီအစဉ်များပါဝင်သည့် စက္ကူဖြူစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုစာတမ်းလာအုပ်ချုပ်ရေးပုံစံမှာ ခေတ်နောက်ပြန်ဆွဲ့သည့် အုပ်ချုပ်ရေးမျိုးဖြစ်နေသဖြင့် ဖတပလအဖွဲ့ကြီးကပင် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ ဘုရင်ခံဒေါ်မန်စမစ်သည် ၁၉၄၅ အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီး မြို့ပြအုပ်ချုပ်ရေးကိုစတင်ခဲ့သည်။ ထိုအုပ်ချုပ်ရေးစနစ်တွင် ဘုရင်ခံကဥက္ကဋ္ဌအဖြစ် ဦးဆောင်သော အမှုဆောင်ကောင်စီဖြင့် အုပ်ချုပ်သည့်စနစ်ဖြစ်သည်။ ဘုရင်ခံသည် အမှုဆောင်ကောင်စီကို ဖွဲ့စည်းရန် ဖတပလကိုခေါ်ယူသော်လည်း ဖွဲ့စည်းသည့်အခါတွင်မူ ဘုရင်ခံ၏အလိုတော်ရိများနှင့်သာ ဖွဲ့စည်းပေးခဲ့သည်။

၁၉၄၆ ဩဂုတ်လကုန်တွင် ဟူးဘတ် ရန့်စ်သည် ဘုရင်ခံဖြစ်လာခဲ့သည်။ ဆာဟူးဘတ်ရန့်စ်သည် အမှုဆောင်ကောင်စီအသစ်ကို ဖဆပလအဖွဲ့ဝင်များနှင့် ဖွဲ့စည်းပေးခဲ့ရုံသာမက အစိုးရအတွက်လည်း လွတ်လပ်မှုများ ပေးလာခဲ့သည်။ ၁၉၄၇ ဇူလိုင် ၁၉ တွင် အာဇာနည် ၉ ဦး လုပ်ကြံခံခဲ့ရသောအခါတွင် ဦးနုသည်ညတွင်းချင်း အမှုဆောင်ကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ဦးနုသည် အမှုဆောင်ကောင်စီကို ယာယီအစိုးရဟူ၍ အမည်ပြောင်းခဲ့သည်။

စီးပွားရေး[ပြင်ဆင်ရန်]

ကိုလိုနီခေတ်စီးပွားရေးမှာ အင်္ဂလိပ်တို့ယူဆောင်လာသော အရင်းရှင်စီးပွားရေးစနစ်သာဖြစ်သည်။ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် တိုင်းပြည်၏သယံဇာတများကို အမြတ်ထုတ်ခဲ့ကြသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများ အားလုံးနီးပါးကို အင်္ဂလိပ်တို့နှင့် နိုင်ငံခြားသားများကသာ ပိုင်ဆိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ဆန်းစပါးစိုက်ပျိုးရေးဖြစ်သည်။ ၁၈၆၉ တွင် စူးအက်တူးမြောင်းကို ဖောက်လုပ်ပြီးသောအခါ လွယ်ကူစွာသယ်ယူနိုင်သည့် အာရှထွက်စပါးများကို ဥရောပနိုင်ငံများက အားကိုးလာခဲ့ကြသည်။ ထို့ကြောင့်အင်္ဂလိပ်တို့သည် ဧရာဝတီမြစ်ဝကျွန်းပေါ်စစ်တောင်းနှင့် သံလွင်မြစ်ဝှမ်းဒေသများတွင် လယ်ယာမြေများကို တိုးချဲ့စိုက်ပျိုးလာခဲ့ကြသည်။ ထို့သို့လယ်ယာမြေများကို တို့ချဲ့စိုက်ပျိုးခဲ့ရာ အင်္ဂလိပ်တို့သည် လုပ်အားခတွင် ဈေး‌ပေါ‌ပေါနှင့်ရလိုသောကြောင့် အိန္ဒိယမှလယ်ကူလီများကို ခေါ်ယူခဲ့လေသည်။ မြန်မာလယ်သမားတို့သည် အရင်းအနှီးလိုအပ်ပါက ချစ်တီးငွေချေးစားသူများထံမှ အတိုးနှုန်းကြီးစွာ ချေးယူခဲ့ကြရသည်။ အရင်းရှင်ကြီးများကလည်း စပါးဈေးကိုကစားခြင်းတို့ကြောင့် လယ်ပိုင်ရှင်ဘဝမှ လယ်ယာမဲ့ဘဝသို့ရောက်ခဲ့ကြရသည်။ ထိုအကြောင်းများကြောင့် ၁၉၃၀ တွင် မြန်မာတောင်သူလယ်သမားများ ထကြွခဲ့ကြရာမှ ‌တောင်သူလယ်သမားအရေးတော်ပုံမှာ ပေါ်ပေါက်လာခဲ့သည်။

အင်္ဂလိပ်တို့သည် အညာဒေသများ၌ ဆန်စပါးအပြင် ကြံ၊ မြေပဲ၊ နှမ်း၊ ဝါစသည်တို့ကို တိုးချဲ့စိုက်ပျိုးစေခဲ့သည်။ စိုက်ပျိုးရေးလုပ်ငန်းအပြင် အခြားအဓိကကျသော လုပ်ငန်းတစ်မျိုးမှာ သစ်တောလုပ်ငန်းဖြစ်သည်။ ၁၉၀၀ အထိ နိုင်ငံခြားပို့ကုန်၏ငါးပုံတစ်ပုံမှာ သစ်သားများဖြစ်ကြသည်။ သတ္တုတူးဖော်ခြင်း၊ ရေနံတူးဖော်ခြင်းတို့ကြောင့် ၁၉၂၃ တွင် ထုတ်ကုန်တင်ပို့မှုတွင် ရေနံသည်အဓိကဖြစ်လာခဲ့သည်။ အင်္ဂလိပ်တို့သည် မိမိတို့၏လုပ်ငန်းများကို ခေတ်မှီနည်းစနစ်ဖြင့် ဆောင်ရွက်ခဲ့သောကြောင့် မြန်မာတိုင်းရင်းသားတို့၏ လက်မှုလုပ်ငန်းများ ကျဆင်းလာခဲ့ရသည်။

အင်္ဂလိပ်တို့သည် စီးပွားရေးစနစ်ကို အထောက်အကူဖြစ်စေရန် လမ်းပန်းဆက်သွယ်ရေးကို တိုးတက်အောင်ဆောင်ရွက်ခဲ့သည်။ မော်တော်ကာလမ်း၊ မီးရထားလမ်း တို့ကိုဖောက်လုပ်ခြင်း ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးကို တိုးတက်အောင်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ၁၈၉၀–၉၁ တွင် မော်တော်ကာလမ်း ၁၁၀၀ မိုင်မှ ၁၉၄၀–၄၃ တွင် မိုင် ၆၈၀၀ အထိရှိလာခဲ့သည်။ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ဧရာဝတီဖလိုတီလာကုမ္ပဏီက ရေယာဉ် ၁၇ စတင်ခဲ့ပြီး ၁၉၄၂ ခန့်တွင် စုစုပေါင်း ၆၅၀ ကျော်ရှိခဲ့သည်။ ပြည်တွင်းလေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ၁၉၃၄ တွင် စတင်ခဲ့သည်။

ကိုလိုနီခေတ်စီးပွားရေးအခြေအနေသည် ရှေးယခင်ကထက်များစွာတိုးတက်ခဲ့သည်။ သို့သော် စီးပွားရေးလုပ်ငန်းအများစုကို နိုင်ငံခြားသားတို့ကသာ ချုပ်ကိုင်ထားခြင်း၊ အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်းစသည်တို့ကြောင့် မြန်မာတိုင်ရင်းသားများသည် ထိုတိုးတက်မှုများကို ခံစားနိုင်ခွင့်မရှိခဲ့ကြပေ။

ပြခန်း[ပြင်ဆင်ရန်]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  • ဒသမတန်းမြန်မာ့သမိုင်း။ ပညာရေးဝန်ကြီးဌာန။ ၂၀၁၉။
  • မင်းသိမ်း၊ ဒေါက်တာ (ဒီဇင်ဘာ ၂၀၂၀)။ ကံ့ကော်တောမှ ဒေါင်းပျိုခွပ်သံ (ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုသမိုင်း)။ ရန်ကုန်: လွင်ဦး။ ISBN 978-99971-59-11-3
  • "Myanmar." Encyclopædia Britannica. 15th ed. 2005. Print.
  • Guyot, James F. "Myanmar." The World Book Encyclopedia; Vol. 13. Chicago: World Book, 2004. 970-70e. Print.
  • Myint-U, Thant (2008). The River of Lost Footsteps: a Personal History of Burma. London: Farrar, Straus and Giroux.