မကွေးမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မကွေးမြို့
မြန်မာနိုင်ငံရှိ မြို့များ
Skyline of မကွေးမြို့
မကွေးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မကွေးမြို့
မကွေးမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°8′N 94°56′E / 20.133°N 94.933°E / 20.133; 94.933ကိုဩဒိနိတ်: 20°8′N 94°56′E / 20.133°N 94.933°E / 20.133; 94.933
နိုင်ငံအမည်  မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင် မကွေး
လတ္တီကျု (၂၀)ဒီဂရီ၊ (၈)မိနစ်
လောင်ဂျီကျု (၉၄)ဒီဂရီ၊ (၅၆)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ မကွေးမြို့
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

မကွေးမြို့သည် မြန်မာပြည်​အလယ်​ပိုင်းရှိ မကွေးတိုင်းဒေသကြီးမြို့တော် သင်္ဘောဆိပ်မြို့လည်း ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ဧရာဝတီမြစ်ကြောင်းအတိုင်း ရန်ကုန်မြို့မှ ၃၇၈ မိုင်ဝေးပြီး၊ မန္တလေးမြို့မှ အောက် ၁၁၉ မိုင်ဝေးသည်။ ကားလမ်းအားဖြင့်မူ ရန်ကုန်မြို့မှ မိုင် ၃၃ဝ ကွာဝေး၍ မြင်းခြံမြို့မှ ၁၂၆ မိုင်ဝေးသည်။ မြင်းခြံရောက်လျှင် မြင်းခြံ-မန္တလေးကားလမ်းနှင့် ဆက်မိသည်။ မကွေးမြို့သည် ပြည်မြို့၊ မြင်းခြံမြို့များသို့လည်းကောင်း၊ ခရိုင်တွင်းရှိ မြို့များဖြစ်သော နတ်မောက်မြို့နှင့် တောင်တွင်းကြီးမြို့များသို့လည်းကောင်း ကား လမ်းကောင်းများဖြင့် အဆက်အသွယ်ရှိသည်။ မကွေးမြို့တွင် လေယာဉ်ကွင်းလည်း ရှိသည်။ အောက်သို့ရန်ကုန်၊ အထက်သို့လမ်းရွာ၊ မိတ္ထီလာ၊ မန္တလေးသို့ လေကြောင်းပေါက်သည်။ ရန်ကုန်၊ ပြည် ၊ မန္တလေးကားလမ်းသည် မကွေးမြို့ကို ဖြတ်သန်းသွားသည်။ ကုန်းလမ်းအားဖြင့် အောင်လံမြို့နှင့် ၁၀၈ မိုင်ကွာဝေးပြီး၊ ရေနံချောင်းမြို့နှင့် ၃၂ မိုင် ကွာဝေးသည်။ လေကြောင်းလမ်း အဆက်အသွယ်လည်း ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့ဖြစ်သည်။ ဧရာဝတီမြစ်၏ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိ၍ မင်းဘူးမြို့နှင့် မျက်နှာချင်းဆိုင် ဆိုသလို ဖြစ်သည်။ ကျောက်ပန်းတောင်း-ပျဉ်းမနား မီးရထားလမ်းပေါ်ရှိ နတ်မောက်မြို့နှင့် တောင်တွင်းကြီးမြို့များနှင့် မော်တော်ကားလမ်း ဆက်သွယ်ထားသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မကွေးမြို့ကို အေဒီ ၁၁၅၈ ကစတင်တည်ထောင်ခဲ့သည်ဟု ဆိုကြသော်လည်း ထင်ရှားခြင်းမရှိခဲ့ပေ။ ဧရာဝတီမြစ်အကွေ့တွင် တည်ရှိသောကြောင့် ရှေးအခါက မြစ်ကွေ့မြို့ဟု ခေါ်တွင်ခဲ့သည်။ နောင်ကာလရွေ့လျောရာမှ မကွေးမြို့ဟု အမည်တွင်လာသည်။ မြန်မာမင်းများ အဆက်ဆက်တွင် မြို့ဝန်၊မြို့သူကြီး၊ မြို့စားများဖြင့်သာ အုပ်ချုပ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ် (အေဒီ ၁၈၆၆) တွင် မကွေးမြို့သူကြီး ဦးကြိတ်ကြီးသည် မြင်းကွန်းမင်းသား ပုန်ကန်မှုအရေးတွင် ပူးပေါင်းပါဝင် လှုပ်ရှားခဲ့သော်လည်း အောင်မြင်မှု မရခဲ့ယုံမက ကွပ်မျက်ခြင်းခံခဲ့ရသည်။

မကွေးမြို့ကို ပုဂံခေတ် ၈ ဖေဖော်ဝါရီး ၁၁၅၉ တွင် တည်ထောင်ပြီး၊ မကွေးမြို့နှင့် ပတ်သက်သည့် မှတ်တမ်းများအနက် အစောဆုံးအဖြစ် ၃၁ မေ ၁၆၇၉ တွင် အင်းဝဘုရင် မင်းရဲကျော်ထင် ထုတ်ပြန်သော အမိန့်တော်ကို တွေ့ရှိသည်။ ယင်းအမိန့်တော်တွင် မကွေးဒေသမှ အသည်သားများကို အုပ်စုကြီး ၄ စု ခွဲကာ စာရင်းကို ရွှေတိုက်တွင် သိမ်းဆည်းရန် ဖော်ပြထားသည်။ ၉ ‌ဧပြီ ၁၆၉၂ အမိန့်တော်တွင်လည်း မကွေးမြို့သူကြီး အုပ်ချုပ်ရာ နယ်နိမိတ်ကို ယခင်ခေတ် အဆက်ဆက် သတ်မှတ်ပုံအတိုင်း အတည်ပြုကြောင်း ဖော်ပြသည်။ မ‌ကွေးသည် မြစ်ကွေ့မှ ဆင်းသက်လာသည်ဟု ဆိုသည်။ ဘိုးတော်ဘုရားလက်ထက် ၁ ဇူလိုင် ၁၈၀၂ တွင် မကွေးမြို့စစ်တမ်းကို မြေတိုင်သူကြီး ဦးဝန်ဖြူ (၅၄ နှစ်)က ဆက်သွင်းသည်။ ဘကြီးတော်လက်ထက်၌ မကွေးကို မြို့သူကြီး ဦးထွန်းပေါ်က အုပ်ချုပ်စီရင်သည်။ သာယာဝတီမင်းလက်ထက် မကွေးမြို့သူကြီးမှာ မင်းထင် မင်းလှကျော်ခေါင် ဖြစ်ပြီး၊ ၁၆ ဇူလိုင် ၁၈၄၆ တွင် မကွေး မြသလွန်ဘုရား ငလျင်ကြောင့် ပြိုပျက်သော် ဘုရင်ထံ အမိန့်တော်ခံပြီး ပြုပြင်သည်။ မြို့သူကြီး ဇနီးမောင်နှံသည် မကွေးမြသလွန်ဘုရားကို ၁၈ ဖေဖော်ဝါရီ ၁၈၄၈ တွင် အုတ်မြစ်တော် ချသည်။ မင်းတုန်းမင်းလက်ထက် မကွေးမြို့သူကြီး ဦးရွှေပြည့်သည် ၁၈၆၆ မြင်းကွန်း မြင်းခုန်တိုင် အရေးတွင် မင်းသားများဘက်မှ ပါဝင်ကူညီသည်။[၁]

လူမှုပထဝီဝင်[ပြင်ဆင်ရန်]

မကွေးမြို့နယ်သည် အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၆၄၈ မိုင်၊ ကျေးရွာပေါင်း ၇၁ ရွာနှင့် ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၉၃၅၉၄ ယောက်ရှိသည်။ မကွေးမြို့နယ်သည် ရေနံချောင်းနယ်တွင် ပါဝင်သည်။ မကွေးမြို့နယ်တွင် အများစုမှာ ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးတို့ဖြစ်၏။ မကွေးမြို့၏ လူဦးရေမှာ ၁၉၅၃ ခုနှစ် ခန့်မှန်း သန်းခေါင်စာရင်းအရ ၁၃၂၇ဝ ဖြစ်သည်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မြို့ပေါ်လူဦးရေ ၉၄,၀၃၈ ဦး ဖြစ်သည်။[၂]

မကွေးမြို့သည် တိုင်း၊ ခရိုင်တို့၏ ရုံးစိုက်မြို့ဖြစ်သည်နှင့်အညီ မကွေးမြို့တွင် အစိုးရရုံးကြီးများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၊ ဈေး၊ ဆေးရုံ၊ စည်ပင်သာယာရုံး စသည်တို့အပြင်၊ ၁၉၅၅ ခုနှစ်က ဖွင့်လှစ်၍ မန္တလေး တက္ကသိုလ်တွင် ဖွဲ့စည်းပါဝင်ခဲ့သော မကွေးတက္ကသိုလ်လည်း ရှိသည်။

စီးပွားရေး[ပြင်ဆင်ရန်]

မကွေးမြို့သည် စီးပွားရေး ဖွံ့ဖြိုးသော ခရိုင်တွင် တည်ရှိ၍ ရေလမ်း ကားလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ဆက်သွယ်လျှက်ရှိသောကြောင့် အချက်အချာ ဌာနတစ်ခု ဖြစ်၏။ ဆန်စက်၊ ဆီစက်၊ သစ်စက်နှင့် အခြား စက်မှုလက်မှု လုပ်ငန်းများ စုဝေးရာဖြစ်၏။ မကွေးမှ ကွမ်းညှပ်၊ ဓား၊ ဖန်ခါးသီးတို့မှာလည်း နာမည်ရဖြစ်၏။

ဤသည်တို့အပြင် မကွေးမြို့သည် မြသလွန်ဘုရားကြောင့် မြန်မာပြည်တစ်ဝန်းတွင် ထင်ရှားပေသည်။ ဧရာဝတီမြစ်ကမ်း၏ တောင်ထိပ် ကုန်းတစ်ခုပေါ်တွင် တည်ရှိသော မြသလွန် ဘုရားသည်ကား မြန်မာနိုင်ငံတွင် တန်ခိုးကြီးဘုရား တစ်ဆူ ဖြစ်၏။ မြစ်လမ်းတစ်လျှောက် လှေ၊ သင်္ဘောစီးသွားသူသည် မြသလွန်ဘုရားနှင့် စောင်းတန်းများကို အဝေးမှပင် ဖူးမြော်နိုင်ပေသည်။ နှစ်စဉ် သီတင်းကျွတ်လ၌ ကျင်းပသော ဘုရားပွဲသို့မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူးများသွားကြပေသည်။[၃]

ဒေသထွက်ကုန်များ[ပြင်ဆင်ရန်]

အရောင်းအဝယ်စည်ကားသော မြို့ဖြစ်ပြီး အဓိကထွက်ကုန်များမှာ နှမ်း၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ၊ ဖန်ခါးသီး အစရှိသော စိုက်ပျိုးရေးထွက်ကုန်များဖြစ်ကြသည်။

ကျန်းမာရေး၊ပညာရေး[ပြင်ဆင်ရန်]

မကွေးတိုင်းပြည်သူ့ဆေးရုံကြီးနှင့် ဆေးတက္ကသိုလ် သင်ကြားရေးဆေးရုံတို့ ရှိသည်။ အထက်တန်းကျောင်း (၄)ကျောင်းနှင့် တက္ကသိုလ်၊ ကောလိပ် ၆ ခု ရှိသည်။

ထင်ရှားမှု[ပြင်ဆင်ရန်]

ထင်ရှားသော နေရာများ[ပြင်ဆင်ရန်]

မကွေးမြို့ရှိ ထင်ရှားသော နေရာများမှာ-

အထင်ကရပုဂ္ဂိုလ်[ပြင်ဆင်ရန်]

  1. ပညာမင်းကြီး ဦးချို
  2. တက္ကသိုလ် ဆုမြိုင်
  3. မကွေးဝင်းမြင့်
  4. မကွေးညိုစိမ့်
  5. ဟာသသရုပ်ဆောင် ကျော်ထူး[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၁၁၂။ 
  2. (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း . နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန, ၅၆။ 
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]