ဟူးကောင်းတောင်ကြား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဟူးကောင်းတောင်ကြား သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဟူးကောင်းတောင်ကြား
ဟူးကောင်းတောင်ကြား
ဟူးကောင်းတောင်ကြား တည်နေရာ

ဟူးကောင်းတောင်ကြား (အင်္ဂလိပ်: Hukawng Valley) သို့မဟုတ် ဟူးကောင်းချိုင့်ဝှမ်း သည် မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မြစ်ကြီးနားခရိုင်တနိုင်းမြို့နယ်တွင် တည်ရှိပြီး ၅,၅၈၆ စတုရန်းမိုင် (၁၄,၄၆၈ စတုရန်း ကီလိုမီတာ) ခန့် ကျယ်ဝန်းသည်။

ပထဝီဝင်တည်နေရာ[ပြင်ဆင်ရန်]

ဟူးကောင်းတောင်ကြား

ဟူးကောင်းတောင်ကြားသည် ရှေးအခါက ပယင်းအထွက်ကောင်းသောဒေသအဖြစ် ကျော်ကြားခဲ့သည်။ ယင်းသည် ၅၅၈၆ စတုရန်းမိုင်ကျယ်ဝန်းသော ချိုင့်ဝှမ်းကြီးဖြစ်၍ အရှေ့၊ အနောက်နှင့်မြောက်ဟူသော သုံးဘက်သုံးမျက်နှာ၌ ကျော်ဖြတ်ရန်ခဲယဉ်းသည့် မြင့်မားသောတောင်တန်းကြီး များဖြင့်ကာဆီးလျက်ရှိပြီးလျှင် တောင်ဘက်၌မူ တောင်ကုန်းနိမ့်များရှိရာ ထိုမှာဘက်မှ ဟူးကောင်းချိုင့်ဝှမ်း အတွင်းသို့ ဝင်ရောက်ရန်မှာမူ မခဲယဉ်းလှချေ။ အနောက်ဘက်ရှိပေ ၈ဝဝ ကျော်မြင့်သော ပတ်ကွိုင်တောင်တန်းသည် ချင်းတွင်းမြစ်နှင့် ဗြဟ္မပုတ္တရ (အိန္ဒိယနိုင်ငံ) မြစ်တို့၏ မြစ်လက်တက်များမြစ်ဖျားခံရာ ရေဝေကုန်းတန်းဖြစ်သည်။ ဟူးကောင်းချိုင့်ဝှမ်း၏ အရှေ့မျက်နှာကို ကာဆီးလျက်ရှိသော ကူမွန်တောင်တန်းသည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့၏ မြစ်လက်တက်များ မြစ်ဖျားခံရာ ရေဝေကုန်းတန်း ဖြစ်သည်။ ထိုချိုင့်ဝှမ်းကြီး၏ အရှေ့ဘက်နှင့်အနောက်ဘက် ရေဝေကုန်းတန်းတို့မှ ချောင်းကြီး ချောင်းငယ် အသွယ်သွယ်တို့သည် ချိုင့်ဝှမ်း၏ အလယ်ဗဟိုဘက်သို့ စီးဆင်းလာရာမှ စုပေါင်းပြီးလျှင် ချင်းတွင်းမြစ်၏ အကြီးဆုံးမြစ်လက်တက်ဖြစ်သော တနိုင်ခကို ဖြစ်ပေါ်စေသည်။

ပတ်ကွိုင်တောင်၏ မြောက်ဘက်တောင်ကြား ဒေသနေရာ၌ ချင်းတွင်းမြစ်ဖြစ်ပေါ်စေသော မြစ်ငယ် တစ်စင်းနှင့် ဗြဟ္မပုတ္တရမြစ်၏ မြစ်လက်တက် တစ်ခုတို့ ဆုံ၍စီးဆင်းရာ ယင်းနေရာကို ဟူးကောင်းတောင်ကြားလမ်း ဟုခေါ်ဆို၍ အာသံပြည်နယ်သို့ လမ်းပေါက်နိုင်သည်။ ထိုတောင်ကြားလမ်းကို မြန်မာနိုင်ငံ၏အနောက်ဘက် တံခါးပေါက်ဟုလည်း ခေါ်ဆိုကြလေသည်။ ဒုတိယကမ္ဘာစစ် အတွင်းက အာရှတိုက် ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်များ ဖောက်လုပ်ခဲ့သော လီဒိုလမ်းမကြီးသည် ထိုတောင်ကြားလမ်းကို ဖြတ်ကျော်သွားလေသည်။

ဟူးကောင်းချိုင့်ဝှမ်းကြီးသည် အလယ်၌ ပြန့်ပြူးသော်လည်း နံဘေးတစ်လျှောက်တွင်တောင်ကုန်း တောင်နှာမောင်းတို့သည် အပြတ်ပြတ်တည်ရှိနေကြရာ မြေပြင်မှ ရုတ်ချည်းပေါ်ထွက်လာသည့်အလား မြင်ရသည်။ အနောက်တောင်ဘက်ရှိ တောင်ကုန်းနိမ့်များတွင် ပယင်းတွင်းများတည်ရှိခဲ့သည်။ ပယင်းတွင်းများ အများအပြားရှိခဲ့သော တောင်ကုန်းကို နန်ဂို·တိုင်း·မော ဟုခေါ်၍၊ ငါးမိုင်ခန့် ရှည်လျားပြီးလျှင် တောင်နှင့်မြောက် သွယ်တန်းလျက်ရှိသည်။ ယင်းတောင်ကုန်းသည် ယခု မိုင်းခွမ်းမြို့နှင့် သုံးမိုင်ခန့်ကွာဝေးသည်။ ပယင်းအထွက်ကောင်းစဉ်က ထိုလုပ်ငန်းကို တရုတ်လူမျိုးများက လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့သည်။ ဗြိတိသျှတို့လက်အောက် ရောက်ခဲ့ပြီးသည့်တိုင်အောင် ပယင်းလုပ်ငန်း ကောင်းနေခဲ့သေးသော်လည်း နောက်ပိုင်းတွင်မူ ပယင်းအထွက် နည်းလာခဲ့လေသည်။ ဗြိတိသျှတို့လက်အောက် ရောက်စက ဟူးကောင်းတောင်ကြားမှ ပယင်းအပြင် ဆားနှင့်ညောင် ကြက်ပေါင် တို့လည်း အထွက်ကောင်းခဲ့သည်။ ယခုမူ ယင်းတို့လည်း အထွက်နည်းသွားလေပြီ။

သစ်တောများ[ပြင်ဆင်ရန်]

ဟူးကောင်း တောင်ကြားသည် နှစ်စဉ်မိုးရေချိန်လက်မ ၁၅ဝ လက်မခန့်ရရှိ၍ မိုးကောင်းသောဒေသဖြစ်သဖြင့် သစ်တောထူထပ်သည်။ ယခင်က ချိုင့်ဝှမ်းကြီးတစ်ခုလုံးသည် မြက်ခင်းပြင်များ၊ ယာခင်းများ၊ ရွာကြီးရွာငယ်များ ကွက်တိကွက်ကြားရှိသော အမြဲစိမ်းသစ်တောကြီးသဖွယ်ဖြစ်ခဲ့သည်။ ထိုသစ်တောကြီးသည် အထက်မြန်မာနိုင်ငံတွင် အကျယ်ဆုံးပြန့်ဆုံးဖြစ်ခဲ့၍ တောင်ဘက်ကျသောအပိုင်းတွင် အင်တိုင်းမှလွဲလျှင် တနင်္သာရီသစ်တောများ၌ ပေါက်ရောက်သော သစ်ပင်မျိုးကို တွေ့ရသည်။ ယခုမူ သစ်တောများ ယခင်ကလောက် မထူထပ်တော့ချေ။ မိုးကောင်းသောဒေသဖြစ်ပြီးလျှင် ချိုင့်ဝှမ်းအတွင်း မြေဩဇာလည်းကောင်းမွန်သဖြင့် မြေနိမ့်များ၌မြေပြန့်စပါး၊ တောင်ကုန်းဒေသများ၌ တောင်ယာစပါးစိုက်ပျိုးခြင်းကို ယခုအခါ အဓိကထား၍ လုပ်ကိုင်ကြသည်။ မြစ်ရိုးချောင်းရိုးများ၌ ရွှေကျင်သည့်လုပ်ငန်းကိုလည်း လုပ်ကိုင် ကြသည်ကိုတွေ့ရသည်။

လူမှုပထဝီဝင်[ပြင်ဆင်ရန်]

ဟူးကောင်းတောင်ကြားတွင်ယခုအခါ ရွာကြီးရွာငယ် များ အတော်များများရှိနေပေပြီ။ နေထိုင်ကြသော တိုင်းရင်းသားအများစုသည် ကချင်လူမျိုးများဖြစ်သည်။ ရှမ်းအဆက်အနွယ်၊ အာသံလူမျိုး အဆက်အနွယ်များလည်း နေထိုင်လျက်ရှိကြသည်။ ရှေးအခါကမူ ရှမ်းလူမျိုးများ ကြီးစိုးလွှမ်းမိုးခဲ့လေသည်။ ခရစ် ရှစ်ရာစု၊ ကိုးရာစုများအတွင်း နန်ချောင်ပြည်တန်ခိုးထွားခဲ့စဉ်က အိန္ဒိယနှင့်လည်းကောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း၌ စိုးစံသော ပျူမင်းများနှင့် လည်းကောင်း၊ ဆက်သွယ်ရန် ကုန်သွယ်လမ်းမကြီးများ ဖောက်လုပ်ခဲ့ရာ၊ နန်ချောင်၏ ပဒေသရာဇ်နယ်တစ်နယ် ဖြစ်သော မိုးကောင်းနှင့် အိမ်နီးချင်းတိုင်းပြည် တစ်ပြည်ဖြစ်သော အာသံကို ဆက်သွယ်သော လမ်းကြောင်းသည် ဟူးကောင်းချိုင့်ဝှမ်းကိုဖြတ်သန်းသွား၍ ဟူးကောင်းတောင်ကြားလမ်းသည် တံခါးပေါက် ဖြစ်ပေသည်။ ထိုလမ်းကြောင်းတစ်လျှောက် အစောင့်အရှောက် တပ်စခန်းများ ဖွင့်ထားခဲ့ရာ ရှမ်းလူမျိုးများသည် ထိုစခန်းများ၌လာရောက်အခြေစိုက်နေထိုင်ခဲ့ကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အာသံနှင့် ခရစ် ၁၃ ရာစု နှစ်မှ ၁၈ ရာစုနှစ်အထိ စိုးမိုးခဲ့သော အဟုမ်း (ရှမ်း) မင်းဆက် တို့သည် မြန်မာနိုင်ငံမှ အခြားရှမ်းစော်ဘွားများနှင့်လည်း အဆက်အဆံရှိခဲ့ရာ၊ ယင်းခေတ်၌လည်း ဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်သန်းသွားရသော မိုးကောင်း·အာသံလမ်း ကြောင်းကို အသုံးပြုခဲ့လေသည်။ ထိုအခါ ဟူးကောင်းချိုင့်ဝှမ်းသည် မိုးကောင်းစော်ဘွား၏ပိုင်နက်တွင် ပါဝင်ခဲ့လေသည်။ ထိုခေတ်များအတွင်း အကြောင်းအမျိုးမျိုးဖြင့် ကချင်များသည် ဟူးကောင်းဒေသသို့ တဖြည်းဖြည်း ရောက်ရှိလာကြသည်။ နယ်မြေချင်းဆက်စပ်နေသည့် အာသံမှ အာသံလူမျိုးများလည်း ဟူးကောင်းချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်နေထိုင်ခဲ့ကြ၍ ကချင်တို့ထံ အမှုထမ်းခဲ့ကြသည်။ ရှမ်းစော်ဘွားများသည် မြန်မာမင်းများ၏ သစ္စာတော်ခံများဖြစ်လာကြ၍ နောက်ပိုင်းကျသောမြန်မာမင်းများ လက်ထက်တွင်မိုးကောင်းကို မြန်မာဘုရင်ခံတစ်ဦးက အုပ်ချုပ်ခဲ့လေသည်။ ထိုအခါဟူးကောင်းတောင်ကြားလမ်းသည်လည်း မြန်မာဘုရင်ခံ၏ အအုပ်ချုပ်ခံ ဒေသတစ်ခု ဖြစ်ခဲ့လေသည်။ ခရစ် ၁၈၂၄ခုနှစ်တွင် မြန်မာနှင့်ဗြိတိသျှတို့ အာသံ၌ အချင်းပွားခဲ့ပြီးသည့်နောက်တွင် ဟူးကောင်း တောင်ကြားလမ်းကို ပိတ်ထားခဲ့သဖြင့် အာသံနှင့်မြန်မာ အကူးအသန်းရပ်ခဲ့သည်။ ထိုအခါဟူးကောင်းတောင်ကြား လမ်းကို လူသုံးနည်းသွားလေသည်။ ရှမ်းတို့သည်လည်း တန်ခိုးအာဏာမှေးမှိန်နေကြသဖြင့် ဟူးကောင်းချိုင့်ဝှမ်းတွင် ကချင်တို့က ကြီးစိုးလွှမ်းမိုးလာသည်။ ရှမ်းတို့သည် ဟူးကောင်း တောင်ကြားလမ်းမှ တဖြည်းဖြည်း ထွက်ခွာ သွားကြ၍ ရှမ်းဦးရေလျော့ပါးလာသည်။ ဗြိတိသျှတို့သည် အထက်မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက် ၁၈၉၁ ခုနှစ်တွင် ဟူးကောင်းတောင်ကြားလမ်း ကိုသိမ်းပိုက်ရန် စစ်တပ်တစ်တပ် စေလွှတ်ခဲ့သည်။ ထိုအချိန်တွင် ဟူးကောင်းတောင်ကြားလမ်း၌ ကချင်တို့သည် လူများစုဖြစ်နေပြီးလျှင် အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း တွေ့ရသည်။ မိုးကောင်း ·အာသံ ကုန်သွယ်လမ်းကြောင်းသည်လည်း စခန်းမြုပ် နေခဲ့လေသည်။ ဗြိတိသျှတို့သည်ဟူးကောင်း တောင်ကြားလမ်းကို သိမ်းပိုက်ခဲ့သော်လည်း ယင်းဒေသကို လျော့လျည်းလျည်း သာလျှင် အုပ်ချုပ်ခဲ့လေသည်။

ဗြိတိသျှတို့ အုပ်ချုပ်စခေတ်က ဟူးကောင်း တောင်ကြားသည် ပယင်း၊ ဆား၊ ညောင်ကြက်ပေါင် တို့ အထွက်ကောင်းသဖြင့် ထင်ရှားသော်လည်း ထိုထွက်ကုန်များ တဖြည်းဖြည်းအထွက်နည်းလာသဖြင့် ဟူးကောင်းတောင်ကြား၏ အမည်သည်လည်း မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့လေသည်။ ဒုတိယကမ္ဘာစစ်အတွင်းကမူ ဟူးကောင်းတောင်ကြား လမ်း၏အမည်သည် ပေါ်ထွက်လာပြန်သည်။ တရုတ်·မြန်မာလမ်းမကြီး၏ တောင်ပိုင်းကို ဂျပန်များ သိမ်းပိုက်လိုက်သောအခါ မဟာမိတ်တပ်များသည် တရုတ်နိုင်ငံသို့ လက်နက် ခဲယမ်း မီးကျောက်များ တင်ပို့ရေးအတွက် လီဒိုလမ်းမကြီးကို ရန်သူတပ်များနှင့်တိုက်ခိုက်ယင်း ဖောက်လုပ်ခဲ့ရသည်။ ထိုလမ်းမကြီး၏ တစ်စိတ်တစ်ဒေသ ဖြစ်သော မြစ်ကြီးနားနှင့်လီဒိုမြို့(အာသံ)ကို ဆက်သွယ်သော အစိတ်အပိုင်းသည် ရှေးမိုးကောင်း အာသံလမ်းကြောင်းကဲ့သို့ ဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်သန်းသွားပြီးလျှင် ဟူးကောင်းတောင်ကြားလမ်းသည် အရေးပါသော ဝင်ပေါက်ထွက်ပေါက်ဖြစ်ပေသည်။ ထို့ပြင်မဟာမိတ်တပ်များက မြန်မာပြည်ကိုပြန်လည်သိမ်းပိုက်ရန် အာသံပြည်၌ အခြေခံစစ်စခန်းကြီးတစ်ခုဖွင့်၍ စစ်ဆင်သောအခါ ဟူးကောင်း ချိုင့်ဝှမ်းသည်လည်း စစ်မျက်နှာတစ်ရပ်ဖြစ်ခဲ့သည်။ ထို့ကြောင့် ဟူးကောင်းချိုင့်ဝှမ်းတွင် မဟာမိတ် တပ်များနှင့် ဂျပန်တပ်များ၏ ပြင်းထန်သောတိုက်ပွဲများလည်း ဖြစ်ပွားခဲ့လေသည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွား၍ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရနှင့် တရုတ်ပြည်သူ့သမတနိုင်ငံ အစိုးရတို့သည် နှစ်ပြည်ထောင် ထာဝစဉ်ချစ်ကြည်ရေးကို ရှေးရှုလျက် နယ်နိမိတ်သစ်များ ပြန်လည်သတ်မှတ်ခဲ့သည်။

ယင်းသို့ သတ်မှတ်ရာတွင် တရုတ်အစိုးရသို့ပေးအပ်လိုက်ရသော ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဒေသမှ ပြည်ထောင်စုသားအချို့ အိမ်ထောင်စုများကို ဟူကောင်းတောင်ကြားဒေသသို့ ရွှေ့ပြောင်းပေးရသည်။ ထိုအိမ်ထောင်စုတို့သည် မိမိတို့ဇာတိဒေသများကို စွန့်ခွာရွှေ့ပြောင်းရပါက မိမိတို့ လုပ်ကိုင်စားသောက်နေထိုင်ရေးအတွက် အဆင်ပြေမည့် ကချင်ပြည်နယ် ဟူးကောင်းတောင်ကြားဒေသသို့သာ ပြောင်းရွှေ့လိုကြောင်း ရွေးချယ်တင်ပြကြသဖြင့် ပြည်ထောင်စုအစိုးရက ထိုပြည်ထောင်စုသားများ စိတ်တိုင်းကျဖြစ်စေရန် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့မှ ၁၄၄ မိုင်အကွာ၊ ဟူးကောင်းတောင်ကြားဒေသ လီဒိုလမ်းမ ပေါ်၌ ရွာကြီးတစ်ရွာထူထောင်ပေးပြီးလျှင် ထိုရွာကြီးကို ၁၉၆၁ ခုနှစ်ဇွန်လ ၉ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။ ထိုရွာကြီး၌ နေထိုင်ကြမည့်အိမ်ထောင်စု ၉၇ အိမ်ထောင်စုအတွက် တစ်အိမ်ထောင်လျှင်အိမ်တစ်လုံးကျ တည်ဆောက်ပေးပြီးလျှင် ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်း၊ ဆေးပေးရုံ၊ ဈေးရုံ၊ ဘောလုံးကွင်းစသည်တို့ဖြင့် သိုက်သိုက်မြိုက်မြိုက်ရှိစေသည်။ ရွာ၏အမည်မှာ ထိုစဉ်က တရုတ်·မြန်မာနယ်ခြားဒေသရွာများ ပြန်လည်နေရာချထားပေးရေးကော်မီတီ ဥက္ကဋ္ဌ လည်းဖြစ်၍ ရေကြောင်းနှင့်မြို့ပြလေကြောင်းဌာန ဝန်ကြီးလည်းဖြစ်သော ဗိုလ်မှူးအောင်၏ အမည်ဖြင့် ဗိုလ်မှူးအောင်စံပြရွာဟု အမည်တွင်စေခဲ့လေသည်။

အခြားကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)