ကျိုက္ခမီခရိုင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကျိုက္ခမီခရိုင်[ပြင်ဆင်ရန်]

ကျိုက္ခမီခရိုင်သည် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီ တိုင်းတွင် ပါဝင်သော ခရိုင်ဖြစ်၍ စတုရန်းမိုင် ၇ဝ၆၂ ခန့် ကျယ်ဝန်းလေသည်။ မြောက်ဘက်၌ သထုံခရိုင်၊ အရှေ့ဘက်၌ ဒေါနတောင်တန်းနှင့် ယိုးဒယားနိုင်ငံ၊ တောင်ဘက်၌ ဒေါန တောင်၏တောင်စွယ်ဖြစ်သော မလွှဲတောင်နှင့် ထားဝယ်ခရိုင်၊ အနောက်ဘက်၌ မုတ္တမကွေ့တို့က ဝိုင်းရံလျက်ရှိသည်။ ကျိုက္ခမီခရိုင်သည် အပူပိုင်းဒေသအတွင်း ကျရောက်၍ ပူပြင်းသော်လည်း ပင်လယ်ကမ်းခြေ ဖြစ်ခြင်း၊ တောင်ထူ ထပ်ခြင်း၊ သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်၊ သောင်ရင်း မြစ်ဝများနှင့် နီးကပ်ခြင်းတို့ကြောင့် ရာသီဥတု မျှတ၍ မြေဩဇာကောင်းမွန်သည်။ နှစ်စဉ် ပျမ်းမျှမိုးရေချိန် လက်မ ၁၅ဝ ရှိ၍ ပျမ်းမျှအပူချိန် ၈ဝ ဒီဂရီ ရှိသည်။ ခရိုင်အတွင်း တွင် ရေပူစမ်းများ ရှိသည်။

မြေနိမ့်မြစ်ဝှမ်းများတွင် လယ်ယာစိုက်ပျိုးလုပ်ကိုင်မှု ဖြစ်ထွန်း၍ ကုန်းမြင့်တောင်တန်းများတွင် အဖိုးတန်သစ်များ ပေါက်ရောက်သည်။ ခရိုင်၏ အဓိကလုပ်ငန်းမှာ စပါးစိုက်ပျိုး ခြင်း ဖြစ်၍ ကျွန်းသစ်လုပ်ငန်းလည်း အထူးတွင်ကျယ်သည်။ ဆန်စပါးအပြင် ကြံပင်၊ ဝါဂွမ်း၊ ဟင်းသီးဟင်းရွက်၊ ကွမ်းသီး၊ ဓနိနှင့် သစ်သီးဝလံ များကိုလည်း စိုက်ပျိုးသည်။

ခရိုင်အတွင်းရှိ မြစ်များမှာ သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်နှင့် သောင်ရင်းမြစ်များ ဖြစ်ကြ၏။ သံလွင်မြစ် သည် တိဗက်ပြည်၌ မြစ်ဖျားခံ၍ ရှမ်းကုန်းပြင်မြင့်ကို ဖြတ်ကာ မော်လမြိုင်မြို့မြောက်ဘက်မှ စီးဆင်းလာပြီးလျှင် အရှေ့ဘက်မှ စီးဆင်းလာသော ဂျိုင်းမြစ်၊ အတ္ထရံမြစ်တို့နှင့် ပေါင်းကာ မုတ္တမကွေ့ထဲသို့ စီးဝင်သည်။ သံလွင်မြစ်ကြီးမှာ ကျဉ်းမြောင်း သည့်အပြင် ကျောက်ဆောင်ထူထပ်သောကြောင့် ပင်လယ်ဝမှ ၂၈ မိုင်ခန့်အကွာရှိ မော်လမြိုင်မြို့အထိသာ သင်္ဘောကြီးများ ဆန်တက်သွားလာနိုင်၍ ၇၄ မိုင်ကွာ သံလွင်နှင့် သထုံခရိုင် နယ်စပ်အထိ သင်္ဘောငယ်များ သွားလာနိုင်၏။ ကျန်အပိုင်းမှာ သစ်မျှောရန်သာ အသုံးဝင်သည်။

လှိုင်းပွဲမြစ်နှင့် ဟောင်သရောမြစ်တို့မှာ ဂျိုင်းရွာတွင် ပေါင်းဆုံလျက် ဂျိုင်းမြစ်ဟူသော အမည်ဖြင့် အနောက် တည့်တည့်သို့ စီးဆင်းပြီးလျှင် မုတ္တမကွေ့ထဲသို့ စီးဝင်၏။ အတ္ထရံမြစ်သည် ခရိုင်တောင်ဖက်ကုန်း၌ မြစ်ဖျားခံ၍ မော်လမြိုင်မြို့အနီးတွင် သံလွင်မြစ်ထဲသို့ စီးဝင်သည်။ သောင်ရင်းမြစ်သည် ဒေါနတောင်တန်းတွင် မြစ်ဖျားခံခဲ့၍ သံလွင်မြစ်ထဲသို့ စီးဝင်သည်။

ခရိုင်အတွင်းရှိ တောင်တန်းများမှာ အရှေ့ဘက်နယ်နိမိတ် ဖြစ်သော ဒေါနတောင်တန်း၊ အနောက်ဘက် ပင်လယ်ကမ်းရိုး တန်းတလျှောက်ရှိ တောင်ညိုတောင်တန်းနှင့် သံလွင်မြစ် တစ်ဘက်ကမ်းရှိ မုတ္တမတောင်တန်းတို့ ဖြစ်၏။ ဒေါနတောင် တန်းသည် ပေပေါင်း ၅၅ဝဝ အထိ မြင့်၍ ထိုတောင်တန်းတွင် ယိုးဒယားနိုင်ငံဘက်သို့ ဖြတ်သန်းသွားလာနိုင်သော တောင်ကြား လမ်းများ ရှိသည်။

ခရိုင်အတွင်း လမ်းပန်းဆက်သွယ်ရေးမှာ ကောင်းမွန် သည်ဟု ဆိုရပေမည်။ ဘီလူးကျွန်းအကာအကွယ်ရှိသော မော်လမြိုင်မြို့ဆိပ်ကမ်းသို့ ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ်နိုင်သည်။ မုတ္တမကွေ့အတွင်း မီးသင်္ဘော အသွားအလာ များစွာပွင့်လင်း၍ သံလွင်မြစ်ကြောင်း၌ ၇၄ မိုင်၊ အတ္ထရံမြစ်ကြောင်း၌ ၇၃ မိုင်နှင့် ဂျိုင်းမြစ်ကြောင်း၌ ၄၂ မိုင် အထိ သင်္ဘောငယ်များ သွားလာနိုင်၏။ ကုန်းလမ်းဘက်တွင် ကား ပဲခူး မုတ္တမကွေ့ကို ဝိုက်၍ ဖောက်လုပ်ထားသော မီးရထားလမ်းသည် မော်လမြိုင်မြို့ တစ်ဘက်ကမ်း မုတ္တမမြို့သို့ ရောက်၏။ မော်လမြိုင်မှ ရေးမြို့သွား မီးရထားလမ်းမှာလည်း မိုင် ၉ဝ မျှ ရှည်လျား၏။ ထိုမှတစ်ပါး ခရိုင်အတွင်းရှိ မော်တော်ကားလမ်းများမှလည်း အသင့်အတင့် ကောင်းမွန် လေသည်။

ကျိုက္ခမီခရိုင်ရှိ မြို့များမှာ မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ကျိုက္ခမီ၊ ကော့ကရိတ်၊ မုဒုံ၊ ရေး၊ ကြာအင်းမြို့ များဖြစ်၍ မော်လမြိုင်မြို့မှာ တနင်္သာရီတိုင်းမင်းကြီးနှင့် ကျိုက္ခမီခရိုင်ဝန်တို့ ရုံးစိုက်ရာမြို့ ဖြစ် သည်။ (၁၉၅၄ ခုနှစ် တွင် ကော့ကရိတ်နှင့် ကြာအင်းမြို့နယ်များကို ကရင်ပြည်နယ် အတွင်းသို့ သွတ်သွင်းလိုက်သည်။)

ခရိုင်အတွင်း၌ ၁၉၄၁ ခု သန်းခေါင်စာရင်းအရ လူဦးရေ ၅၉၄၄၉ဝ ယောက်ရှိ၍ လူမျိုးများမှာ မွန်၊ မြန်မာ၊ ကရင်နှင့် နိုင်ငံခြားသားများ ဖြစ်ကြသည်။ ကျေးရွာများတွင် မြန်မာစာပေ အပြင် မွန်အမျိုးသားများသော ကျေးရွာများ၌ ကရင်စာပေကို သင်ကြားကြသည်။ လူဦးရေအားလုံး၏ ၆၃ ရာခိုင်နှုန်းမှာ လယ်ယာစိုက်ပျိုးသူများ ဖြစ်ကြသည်။ ကျွန်းသစ်များစွာ ထွက်၍ ရှေးအခါက မော်လမြိုင်မြို့တွင် သင်္ဘောများ တည်ဆောက်ခဲ့သည်။ ထွက်ကုန်များမှာ ဆန်စပါး၊ ကျွန်းသစ်၊ ကော်ဖတ် စသည်တို့ဖြစ်၍ ထိုပစ္စည်းများကို နိုင်ငံခြား တိုင်းပြည်များသို့ သင်္ဘောကြီးများဖြင့် တင်ပို့ရောင်းချကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)