ကျောက်ဖြူခရိုင်

ဝီကီပီးဒီးယား မှ
ကျောက်ဖြူခရိုင်
ရခိုင်ပြည်နယ်အတွင်းတည်​နေရာ
ရခိုင်ပြည်နယ်အတွင်းတည်​နေရာ
ကျောက်ဖြူခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျောက်ဖြူခရိုင်
ကျောက်ဖြူခရိုင်
ရခိုင်ပြည်နယ်အတွင်းတည်​နေရာ
ကိုဩဒိနိတ်: 20°00′N 94°00′E / 20.000°N 94.000°E / 20.000; 94.000ကိုဩဒိနိတ်: 20°00′N 94°00′E / 20.000°N 94.000°E / 20.000; 94.000
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်ပြည်နယ်
မြို့နယ်ပေါင်း
မြို့တော်ကျောက်ဖြူမြို့
လူဦးရေ (၂၀၁၄)၄၃၉,၆၇၄
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကျောက်ဖြူခရိုင်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ပါဝင်သော ခရိုင်တစ်ခုဖြစ်၏။ ကျောက်ဖြူခရိုင်တွင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ဟန်းတားပင်လယ်အော် မအီချောင်းအထိ ရှည်လျားသော ကမ်းမြှောင်ဒေသအပြင်၊ ထိုကမ်းရိုးတန်း၏ အနောက်ဘက်ရှိ ရမ်းဗြဲကျွန်းနှင့် ကျွန်းငယ်ပေါင်း မြောက်မြားစွာတို့ ပါဝင်ပေသည်။

ပထဝီဝင်[ပြင်ဆင်ရန်]

နယ်နိမိတ်အားဖြင့် မြောက်ဘက်တွင် စစ်တွေခရိုင်၊ အရှေ့ဘက်တွင် ရခိုင်ရိုးမတောင်တန်း၊ တောင်ဘက်တွင် သံတွဲခရိုင်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိ၏။ ကျောက်ဖြူခရိုင်၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှာ တောတောင်များ ထူထပ်လျက် တောပိုင်း၌မူ မြစ်ငယ်ချောင်းငယ်များစွာတို့သည် တစ်ခုနှင့်တစ်ခု ယှဉ်ကပ် စီးဆင်းလျက် ရှိကြလေသည်။ ကမ်းရိုးတန်းနှင့် ရမ်းဗြဲကျွန်းအကြားတွင် ကျွန်းငယ်ကလေးပေါင်း များစွာရှိသဖြင့် အရှေ့မြောက်ဘက်ရှိ ကျောက်ဖြူ သင်္ဘောဆိပ်ကမ်းကို သဘာဝအားဖြင့် လုံခြုံစေသည်။ ကျောက်ဖြူခရိုင်သည် အရှေ့ဘက်တွင် မင်းဘူးခရိုင်နှင့် နယ်နမိတ်ချင်း စပ်လျက်ရှိသော်လည်း ရခိုင်ရိုးမ တောင်ကြီး ခြားလျက် ရှိသောကြောင့် ကူးသန်းဆက်သွယ်ရန် အလွန်ခဲခက်၏။ ထိုရိုးမတောင်တန်းကို ဖြတ် ကျော်သည့် တောင်ကြား လမ်းထွက်ပေါက် ၂ ခုသာရှိရာ ယင်းတို့မှာ ဒလက်နှင့် အမ်းတောင်ကြားလမ်းများ ဖြစ်ကြ၏။ ဒလက်နှင့် အမ်းတောင်ကြားလမ်းမှာ ဖြတ်သန်းရန် အတော်ပင်ခက်ခဲ၏။ အမ်းတောင်ကြားလမ်းမှာမူ ပင်လယ်ပြင်အထက် ပေပေါင်း ၄၆၆၄ အထိ မြင့်သော်လည်း နွားလှည်းများပင် ဖြတ်ကျော်နိုင်လေသည်။ ဒလက်မြစ်တွင် ဒလက်ရွာအထိ၊ အမ်းမြစ်တွင် အမ်းမြို့အထိ လှေများဖြင့် ဆန်တက်နိုင်၏။ ကျွန်းများတွင် ချောင်းငယ်မြောင်းငယ်များ ရှိ၍ လှေငယ်များဖြင့် သွားလာနိုင်၏။ ကုန်းလမ်းခရီး၌ကား လမ်းပန်း အဆက်အသွယ် ကောင်းစွာ မရှိချေ။ ခရိုင်အတွင်းရှိ တောင်ကုန်းများပေါ်တွင် သစ်တောကြီးများရှိ၍ ပျဉ်းကတိုး၊ ကညင် စသည့်သစ်ကြီးများနှင့် ဝါးတောကြိမ်တောများ ဖြစ်ထွန်းသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ခရိုင်သစ် ဖွင့်စအခါက ခရိုင်တစ်ခုလုံးတွင် တောတောင် ထူထပ်လှသဖြင့် လယ်ယာစိုက်ပျိုးရန် နေရာများစွာ မရှိလှချေ။ ဝီရိယကောင်းသူများသာ တောကြီးများကို ခုတ်ထွင်ရှင်းလင်းကာ တာတမံများ ဆည်ဖို့၍ အသင့်အတင့် စိုက်ပျိုးကြ၏။ ယခုအခါတွင်မူကား တစ်ခရိုင်လုံး ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာပြုပြင် စိုက်ပျိုးလာခဲ့ကြသဖြင့် မြေပြန့်လွင်ပြင်များတွင် လယ်များအနှံ့အပြား ရှိနေပေပြီ။ သို့သော် ခရိုင်နယ်နိမိတ် အကျယ်အဝန်းနှင့် နှိုင်းစာလျှင် လယ်ကွက်များ နည်းပါးသည်ဟု ဆိုရပေမည်။ မြေပြန့်လွင်ပြင်ဖြစ်သော မာန်အောင်ကျွန်း၌မူ ဆန်စပါး ကောင်းစွာဖြစ်ထွန်းသဖြင့် ကျောက်ဖြူခရိုင်တွင် စပါးအကောင်းဆုံးနှင့် အများဆုံး ထွက်ရာဒေသ ဖြစ်သည်။ မြေပုံမြို့နယ်၌ မြစ်ရေရောက်ရှိရာ ကမ်းစပ်မြေများကို ခုတ်ထွင်တိုးချဲ့၍ ရေကာဆည်ကြီးများ ပြုလုပ်ကာ စပါးများ စိုက်ပျိုးလေ့ရှိသည်။ ပြည်တော်သာ စီမံကိန်းများအရ ကျောက်ဖြူ ခရိုင်အတွင်း၌ ဆည်ကတုတ်များ ပြုလုပ်ကာ စပါးစိုက်ပျိုးရေးကို အထူးကြိုးပမ်းလျက်ရှိသဖြင့် ရှေ့နှစ်များတွင် စပါးများ ပိုမိုထွက်ရှိလာမည် ဖြစ်ပေသည်။ မြေအိုးမြေခွက်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနှင့် စက္ကူထီး လုပ်ငန်းများ အသင့်အတင့်ရှိ၏။ အခြားထင်ရှားသော လုပ်ငန်းများမှာ ပိုးထည်ခြည်ထည်များ ရက်လုပ်ခြင်း၊ ကြံသကာချက်ခြင်း၊ ဆားချက်ခြင်းတို့ ဖြစ်၏။ ခရိုင်အတွင်း စိုက်ပျိုးရရှိသော သီးနှံများမှာ ဆန်စပါး၊ ကြံ၊ ဝါဂွမ်း၊ ပိုက်ဆံပင်၊ ဆေး၊ ကွမ်း၊ ဓနိ၊ ငရုတ်၊ နှမ်း၊ မြေပဲ၊ ကြက်သွန်နှင့် အုန်းများ ဖြစ်ကြ၏။ ကျောက်ဖြူခရိုင်အတွင်းမှ ထွက်သော မာန်အောင်ဆေး၊ ဂန့်ဂါဆားနှင့် ရဲကျွန်းကြက်သွန်တို့မှာ ထင်ရှားသောထွက်ကုန်များဖြစ်၍ ရခိုင်တိုင်းအနှံ့အပြားသို့ တင်ပို့ ရောင်းချရသည်။

ခရိုင်အတွင်းတွင် ပါဝင်သောမာန်အောင်ကျွန်း၌ တောင်နီ သို့မဟုတ် မြေနီတောင်ခေါ် နဂါးပွက်တောင် တစ်လုံးရှိ၏။ ထိုတောင်မှာ မီးတောင်ကဲ့သို့ ချော်ရည်မထွက်ဘဲ ရွံ့များထွက်၏။ ကျောက်ဖြူခရိုင်၌ ရေနံလည်း အနည်းငယ်ရ၏။

ပွဲတော်များ[ပြင်ဆင်ရန်]

ကျောက်ဖြူခရိုင်တွင် ရခိုင်၌ ရှေးအစဉ်အလာအားဖြင့် ထင်ရှားခဲ့သော ရထားပွဲခေါ် ပွဲတော်တစ်ခု ကျင်းပလေ့ရှိသည်။ ရထားပွဲမှာ မြန်မာပြည်မကြီးတွင် ခေတ်စားလျက်ရှိသော လွန်ပွဲနှင့် သဘောချင်း တူညီသည်။ ရထားပွဲကျင်းပခြင်း၏အလိုကား မိုးကောင်းစေရန်နှင့် သီးနှံစပါးများ ဖွံ့ဖြိုးဖြစ်ထွန်းစေရန်ဖြစ်သည်။

ကျင်းပပုံမှာ ဘီးလေးဘီးတပ်ထားသော ရထားငယ်တစ်ခု ပေါ်တွင် ရထား၏ ရှေ့နှင့်နောက်ဖက်များတွင် လွန်ကြိုး တစ်ချောင်းစီ ချည်ထားရသည်။ လွန်ပွဲများ ကျင်းပသကဲ့သို့ ရထားကို တစ်ဖက်နှင့်တစ်ဖက် အနိုင် ဆွဲကြသည်။ ရထားဆွဲသောအခါ အတီးအမှုတ် အကျွေးအမွေးများပါ ပါဝင်သဖြင့် ပိုမိုစည်ကား သိုက်မြိုက် လှပေသည်။ ရထားပွဲသဘင်ကို နှစ်စဉ်တပို့တွဲ လဆန်း ၁၄ ရက်နေ့ ညဉ့်မှ လပြည့်ကျော်တရက်နေ့ညဉ့်အထိ ကျင်းပလေ့ရှိသည်။ တတိယညဉ့်ဖြစ်သော နောက်ဆုံးနေ့၌ ရထားကို မီးရှို့၍ ပွဲအပြီးသတ်လေသည်။

ကျောက်ဖြူမြို့ပေါ် နှင့် ကျောက်​ဖြူခရိုင်အ​တွင်းယခုအခါ ရထားပွဲသဘင်ကို အနှံ့အပြား ဆင်ယင်ကျင်းပမြဲ ကျင်းပလျက်ရှိပေသည်။ မြန်မာသက္ကရာဇ် ၉၅ဝ ခန့်တွင် ရခိုင်ဘုရင် မင်းရာဇာကြီး၏ သားတော် မင်းခမောင်းနှင့်အတူ ဟံသာဝတီ နေပြည်တော်တွင် ရှိနေသော ရခိုင်စာဆိုတော် ဥက္ကာပျံသည် ရထားသဘင်နှင့် စပ်လျဉ်း၍ မင်းခမောင်းထံသို့ ဆက်သွင်းသော ဆယ့်နှစ်ရာသီရတုတွင်-

  • ရာသီကုံလွဲ၊ တပို့ထွေးသည်၊

လွန်းပွေပင်၊ ပျော်ရွှင်လုရတ်မြေ။

  • ရထားသဘင်၊ နှစ်စဉ်ငယ်ငင်သည်၊

သောင်းခွင် ဤလုပြည်ထက်။

  • ရွှင်ပျော်ဖွေလူတို့၌

ရာဇဌာနေ၊ မင်းနေပြည်ဝယ်၊
ထိုထိုဇနပုတ်၌၊ ကျူးသံရိုက်
ထိန့်ထိန့်ဆူ၊ သမုတ္ထရာ၊ ယမုန္နာသည်၊
သီဒါချောင်းခြားထူခဲ့။
စသည်ဖြင့် ဖွဲ့ဆိုထားလေသည်။

ပါဝင်သောမြို့နယ်များ[ပြင်ဆင်ရန်]

​​ကျောက်ဖြူခရိုင်မြို့နယ်များ
  ​ကျောက်ဖြူမြို့နယ်
  ရမ်းဗြဲမြို့နယ်

​ကျောက်ဖြူခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။[၁]

၂၀၂၂ခုနှစ် ဧပြီလ (၃၀)ရက်နေ့တွင် ကျောက်ဖြူခရိုင်အတွင်းမှ အမ်းမြို့နယ်အား အမ်းခရိုင်အဖြစ်သို့လည်းကောင်း၊ မာန်အောင်မြို့နယ်အား တောင်ကုတ်ခရိုင်အတွင်းသို့လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ပထဝီဝင်အ​နေအထား[ပြင်ဆင်ရန်]

ကျောက်ဖြူခရိုင်သည် စတုရန်းမိုင်ပေါင်း ၄၇၉၃ ခန့် ကျယ်ဝန်း၍ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၃၉,၆၇၄ ရှိလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်
  2. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၀၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 25, 2015 တွင် ပြန်စစ်ပြီး