မောင်ကြီး၊ ဆာ ဂျေအေ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဤဆောင်းပါးသည် မြန်မာလူမျိုး ပထမဆုံး ဘုရင်ခံ အကြောင်း ဖြစ်သည်။ ရဲတပ်ဗိုလ်ချုပ်ဆာမောင်ကြီး အတွက် မောင်ကြီး၊ ဆာ(ရဲတပ်ဗိုလ်ချုပ်) ကို ကြည့်ပါ။
ဆာဂျေအေမောင်ကြီး(၁၈၇၁-၁၉၅၅)

ဆာဂျေအေမောင်ကြီး (၁၂ ဒီဇင်ဘာ ၁၈၇၁ - ၉ မတ် ၁၉၅၅၊ မြန်မာ ၁၂၃၃ - ၁၃၁၆) သည် ကိုလိုနီခေတ် အင်္ဂလိပ်လက်ထက်တွင် မြန်မာလူမျိုး ပထမဆုံး ဘုရင်ခံ ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဆာဂျေအေမောင်ကြီးကို မော်လမြိုင်မြို့တွင် မွန်တိုင်းရင်းသား အနွယ်များဖြစ်ကြသော အလုပ်ကုမ္ပဏီ စာရေးကြီး ဦးခင်နှင့် ဒေါ်ရင်တို့မှ ၁၈၇၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့၌ မွေးဖွားခဲ့ပါသည်။ ငယ်နာမည်မှာ မောင်ကြီးဖြစ်သော်လည်း ကျောင်းနေစဉ်ကာလ အင်္ဂလိပ် (စိန်ပေါလ်ကျောင်း)ဖြစ်သောကြောင့် ဂျေအေမောင်ကြီး ဖြစ်ခဲ့ရလေ၏။ အင်္ဂလိပ်အစိုးရ၏ သစ္စာတော်ခံမျိုးရိုးမှ ဆင်းသက်ခဲ့ ပြီး မြို့ပိုင်၊ နယ်ခြားဝန်ထောက်မျိုးရိုး ဖြစ်လေ၏။ ဂျေအေမောင်ကြီး ဟူသော စကားမှာ ဂျိုးဇက် အော်ဂပ်စတပ် မောင်ကြီး ဖြစ်သည်။ သူ၏ဖခင် ဦးခင်မှာ ရန်ကုန်မြို့ ဗူးလော့ဘရားသား ကုမ္ပဏီတွင် အလုပ်လုပ်ရာ အင်္ဂလိပ်ကုန်သည် လောကတွင် ထင်ရှား၍ ဩဇာရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ပညာသင်ယူခြင်း[ပြင်ဆင်ရန်]

ဂျေအေ မောင်ကြီးသည် ၁၈၈၄ ခုနှစ်၊ အသက်၁၃ နှစ်အရွယ်တွင် စိန့်ပေါလ်ကျောင်းမှ (အင်းထရင့်) စာမေးပွဲ ဆယ်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်ကောလိပ်သို့ ဆက်လက် တက်ရောက်ခွင့် ရရှိခဲ့သည်။ ထိုမှတဆင့် ဂျေအေမောင်ကြီးသည် ၁၈၈၆ ခုနှစ်တွင် အင်္ဂလန်သို့ ပညာသင် ထွက်ခွာခွင့်ရရှိခဲ့ပြီး လန်ဒန်မက်ထရစ် စာမေးပွဲအောင်မြင်ခဲ့သည်။ ထို့နောက် စိန့်မေရီ ကောလိပ်၊ အောက်စ်ဖိုဒ် တက္ကသိုလ်၊ ဘရပ်ဆဲကောလိပ်တို့၌ ဆက်လက် ပညာသင်ယူခဲ့သည်။ ထို့မှ လန်ဒန်ဂရေးအင်းဥပဒေသင်တန်း ကျောင်းသို့ တက်ရောက်ခဲ့ကာ ဘာရစ်စတာ ဥပဒေဘွဲ့ကိုရရှိ ခဲ့သည်။ ၁၉ဝဝ-ဝ၁ တွင် အင်္ဂလန်မှ မြန်မာပြည်သို့ပြန်လည် ရောက်ရှိခဲ့သည်။ ထိုသိုနှင့် ဂျေအေမောင်ကြီးသည် ရန်ကုန်မြို့၌ ၁၁နှစ် တိုင်အောင် ဝတ်လုံအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ သည်။ ၁၉၁၁ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ ဗြိတိသျှ သစ်ကုမ္ပဏီ၏ ဥပဒေအကြံပေးအဖြစ်ဆောင်ရွက်နေရင်း ထိုင်းနိုင်ငံသူ ချင်းမိုင် လန်ပန်းမြို့မှ ဒေါ်ဖွားမေနှင့် အိမ်ထောင်ကျခဲ့သည်။ ဂျေအေ မောင်ကြီးနှင့် ဇနီးဒေါ်ဖွားမေတို့မှ တစ်ဦးတည်းသောသမီး ဒေါ်ခင်မြင့်ကို ဖွားမြင်ခဲ့သည်။

နိုင်ငံရေးလုပ်ကိုင်ခြင်း[ပြင်ဆင်ရန်]

၁၉၁၄ ခုနှစ်တွင် ဂျေအေမောင်ကြီးတို့မိသားစု မြန်မာ ပြည်သို့ ပြန်လာခဲ့ကြသည်။ ထိုကာလမှာလည်း ဂျေအေမောင် ကြီးသည် ဝတ်လုံအဖြစ်ပင် ဆက်လက်အသက်မွေးခဲ့လေ၏။၁၉၁၇ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ ဂျေအေမောင်ကြီး အား ဘုရင်ခံ၏အတိုင်ပင်ခံ ရာထူးခန့်အပ်ပါသည်။ထိုအချိန်မှ စတင်၍ ဂျေအေမောင်ကြီးသည် ဝတ်လုံလောကမှ နိုင်ငံရေး လောကသို့ရောက်ရှိခဲ့လေ၏။

၁၉၂၁ ခုနှစ်၌ ဝိုက်ကော်မတီ ရောက်ရှိလာစဉ်စစ်ဆေး ခံခဲ့၍ ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံခဲ့ရစဉ်တွင် သစ်တောရေး ရာဝန်ကြီးရာထူး လက်ခံရရှိခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် အရှေ့ ပိုင်းအမတ်နှစ်နေရာအတွက် ရွေးချယ်ခဲ့စဉ်မှာလည်း ငါးထောင်စား အမတ်ဖြစ်ခဲ့သည်။ သစ်တောရေးရာဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်စဉ်ကာလတွင် သစ်တောဌာန တိုးတက်အောင် စွမ်းဆောင်ခဲ့သည်ဆို၏။ ၁၉၂၄-၂၆ ခုနှစ်များတွင် ဂျေအေမောင်ကြီးသည် ဟိုက်ကုတ်တရားသူကြီး၊ ၁၉၂၆ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးချုပ် ရာထူးများရရှိခဲ့သည်။ ၁၉၂၇ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗြိတိသျှအစိုးရမှ ဂျေအေမောင်ကြီးအား ကေဒီအိုင်(ခေါ်) ဆာဘွဲ့ ပေးအပ် ချီးမြှင့်ခဲ့သည်။ ထို့ကြောင့် ဆာဂျေအေ မောင်ကြီးဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။

၁၉၃ဝ ပြည့်နှစ် ဩဂုတ်လတွင် မြန်မာပြည် ဘုရင်ခံ ဆာ ချားလ်စ် အင်းနစ် ကျန်းမာရေး အခြေအနေကြောင့် အင်္ဂလန်နိုင်ငံသို့ ပြန်သွားစဉ် ဆာဂျေအေမောင်ကြီးကို ခေတ္တဘုရင်ခံ ရာထူးလွှဲပြောင်းပေးအပ်ခဲ့သည်။ ခေတ္တဘုရင်ခံဟုဆိုသော်လည်း ဘုရင်ခံအဖြစ် ကျမ်းသစ္စာကျိန်ဆိုကာ လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်ဆို၏။ ထိုနှစ်မှာပင် သာယာဝတီမြို့ ဒါဘာပွဲ၌ တောင်သူ လယ်သမားများ၏ မြေခွန်တော်လျှော့ချရေး အသနားခံလွှာကို ပယ်ချခဲ့ရာ ဆရာစံဦးဆောင်သော တောင်သူလယ်သမား ပုန်ကန်မှုများ ဖြစ်ပေါ်ခဲ့သည်။ နာမည်ကျော်ခဲ့သော ၉၁ ဌာနအုပ်ချုပ်ရေး ကာလတွင်လည်း (၁၉၃၂-၃၄) သစ်တောရေးဝန်ကြီး (ပူးတွဲ)ပညာရေးဝန်ကြီး ဖြစ်ခဲ့သည်။ ၁၉၃၄ ခုနှစ်၊ လွှတ်တော်တွင် သံဃာ့ဝိနိစ္ဆယဥပဒေကျမ်းကို တင်သွင်းခဲ့သည်။ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင်လည်း ဥပဒေပြု ရွေးကောက်ပွဲ၌လည်း ရှုံးနိမ့်ခဲ့ပြန်သည်။ သို့သော် ၁၉၃၇ ခုနှစ်မှ ၁၉၄ဝ အထိ ဘုရင်ခံမှ ရွေးချယ်ခန့်အပ်ခြင်းခံရသော အမတ်အဖြစ် ဆောင်ရွက်ခဲ့ရပြီး ၁၉၄ဝ-၄၂ တွင် အထက်လွှတ်တော် ဥက္ကဋ္ဌဖြစ်ခဲ့သည်။ ဂျပန်ခေတ်တွင် နိုင်ငံရေးမှ အနားယူခဲ့သည်။

နိုင်ငံရေးမှ အနားယူပြီးနောက်ပိုင်း[ပြင်ဆင်ရန်]

နိုင်ငံရေးမှ အနားယူပြီးချိန်မှစ၍ ကွယ်လွန်ချိန်အထိ ဘာသာရေးနှင့် စာပေရေးရာများ ကိုသာ ဆောင်ရွက်ခဲ့တော့သည်ဆို၏။ ဆာဂျေအေမောင်ကြီးသည် အင်္ဂလန်မှာ ရှိနေသည့်ကာလမှပင် ပန့်(ချ) ခေါ် အင်္ဂလိပ် မဂ္ဂဇင်းတွင် ဆောင်းပါး၊ ကဗျာများ ရေးခဲ့သည်ဆို၏။ မြန်မာမှုကိုမြတ်နိုးပြီး ဒေါက်တာစတူးဝပ်နှင့်ပင် မြန်မာ့ဇာတ်သဘင် အကြောင်း သုတေသန စာတမ်းတစ်စောင် ရေးသားခဲ့သည်ဆို၏။

ထို့ပြင် ဘာသာစကား ၅ မျိုးကိုလည်း ကျွမ်းကျင်နိုင်နင်းစွာ ပြောဆိုနိုင်သည်ဟူ၏။ ဗုဒ္ဓသာသနာတော်ကို စွဲမြဲစွာ ယုံကြည်ခဲ့ပြီး နေအိမ်တွင် ဘုရားခန်းကို ကြီးကျယ်စွာထားလေ့ရှိသည်ဆို၏။ ဘုရင်ခံဘဝမှာပင် တစ်နေ့လျှင် ဂုဏ်တော်တစ်ထောင် ပုတီးစိပ်လေ့ရှိသည်ဟူ၏။ သထုံမြို့၊ ဇင်းကျိုက်တောင်တွင် ရှစ်တောင်မြင့်သော တင်ပျဉ်ခွေဗုဒ္ဓရုပ်ပွားတော်တစ်ဆူ လှူဒါန်းခဲ့သည်။ ထို့ပြင် ဝိနည်းပိဋကတ်များကို သေချာစွာလေ့လာပြီး လယ်တီဆရာတော်၏ ပိဋကတ်မြန်မာပြန် လုပ်ငန်းများကိုများစွာ အကူအညီပေးခဲ့လေ၏။ အင်္ဂလန်တွင် ပညာသင်ကြားစဉ် ကာလတွင် အင်္ဂလိပ်အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျဖူးသည်ဆို၏။[၁]

သံဃဝိနိစ္ဆယ ဥပဒေကြမ်းကို ဥပဒေပြုလွှတ်တော်၌ တင်စဉ်က မလိုသူတို့က ဆာဂျေအေကို ခရစ်ယာန်ဟု စွပ်စွဲကြသော်လည်း စင်စစ် ဆာဂျေအေမှာ ငယ်စဉ်က သေသည့်တိုင်အောင် ဗုဒ္ဓအယူဝါဒကို အလွန်ရိုသေကိုင်းရှိုင်းသူဖြစ်သည်။ နိုင်ငံရေးမှ အနားယူသည့်အခါ ဗုဒ္ဓအယူဝါဒကို အထူးလေးစားလျက် မိမိအိမ်၏ အိမ်ဦးခန်းကို ဘုရားရှိခိုးခန်းပြုကာ နေ့စဉ်ဝတ်ပြုသည်။ မကွယ်လွန်မီတစ်လလောက်ကစ၍ မူးမေ့လဲရာ၌ ဆရာဝန်ကြီးများနှင့် ကုသပါသော်လည်း အသက်အရွယ်ကြီးရင့်လာပြီဖြစ်၍ သက်သာရာမရဘဲ ၁၃၁၆ ခုနှစ် တပေါင်းလပြည့် ကျော် ၁ ရက် (၁၉၅၅ ခုနှစ် မတ်လ ၉ ရက်) အသက် ၈၃ နှစ်တွင် ရန်ကုန်မြို့၊ ရွှေတောင်ကြားလမ်းနေအိမ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့ လေသည်။[၂]

အခြားကြည့်ရန်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. သုတေသီ ရေး ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)