ချားလ်စ် ကရော့စ်ဝိတ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဆာ

ချားလ် ဟောက်တော့ဒ် ကရော့စ်ဝိတ်

မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီး
တာဝန်သက်တမ်း
12 March 1887 – 10 December 1890
ယခင်လူချားလ် ဘားနာဒ်
ဆက်ခံသူအလက်ဇန္ဒား မက္ကင်ဇီ
မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီး
တာဝန်သက်တမ်း
2 March 1883 – 25 September 1886
ယခင်လူချားလ် ဘားနာဒ်
ဆက်ခံသူချားလ် ဘားနာဒ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားDec 25 1835
ကွယ်လွန်1915 (1916) (အသက် ၈၀)
လူမျိုးဗြိတိသျှ
ကြင်ဖော်(များ)Dame Caroline Alison Lushington
သွေးသားတော်စပ်သူSon of Rev. John Clarke Crostwaite
သားသမီးGertrude Elizabeth Crosthwaite; Elaine Nelson Crosthwaite; Captain John Graham Crosthwaite; Henry Robert Crosthaite; Frederick Douglas Crosthwaite; Evelyn Alison Cheape Crosthwaite
မိခင်ကျောင်းမားချန့် တေလာကျောင်း၊ စိန့်ဂျွန် ကောလိပ်၊ အောက်စဖို့ဒ်
အလုပ်အကိုင်အုပ်ချုပ်ရေး အရာရှိ

ဆာ ချားလ် ဟောက်တော့ဒ် ကရော့စ်ဝိတ် (၁၈၃၅-၁၉၁၅)​သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတွင် မဟာဝန်ရှင်တော်မင်းကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၈၃၅ ခု ဒီဇင်ဘာ ၅ ရက်တွင် အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့ ဒွန်နီဘရွတ်ခ် အရပ်တွင် မွေးဖွားသည်။ ခရစ်တော်၏ ဘုရားကျောင်းတွင် သီချင်းဆိုသူ နှင့် နောင်တွင် စိန့်မေရီဘုရားကျောင်း၏ အကြီးအမှူး ဖြစ်လာသူ ဂျွန်ကလာ့ခ် ကရော့စ်ဝိတ် နှင့် ဒပ်ဘလင်နှင့် ဆလီဂိုမြို့မှ ဆရာဝန် ဒေါက်တာ ချားလ် အိတ်ချ် တော့ဒ် တို့၏ သမီး ဖြစ်သူ အဲလိဇဘက်ဟောက် တို့၏ ဒုတိယမြောက် သား ဖြစ်သည်။ မားချန့်တေလာကျောင်း နှင့် အောက်စဖို့ဒ် စိန့်ဂျွန်ကောလိပ်တို့တွင် ပညာသင်ကြားပြီးခဲ့သည်။

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

၁၈၅၇ တွင် အိန္ဒိယ ဝန်ထမ်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီးနောက် အခွန်နှင့် တရားရေးဆိုင်ရာ ရာထူး အမျိုးမျိုးဖြင့် အနောက်မြောက်ပိုင်း နှင့် အလယ်ပိုင်းပြည်နယ်များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ အစောပိုင်းကာလများတွင် ကရော့စ်ဝိတ်သည် မိသားစုကြီး တစ်ခုဖြစ်အောင် ထူထောင်ခဲ့သောကြောင့် သူ၏ သားသမီးများကို လုံလောက်စွာ ထောက်ပံ့နိုင်ရန်အတွက် သူ၏ ဝန်ထမ်းဘဝ တလျှောက်တွင် ပူပန် ခဲ့ရသည်။၁၈၆၃ ခုနှစ်တွင် ပထမ ဇနီး ဆာရာနှင့် အိမ်ထောင်ကျခဲ့ပြီး သား ၃ ယောက် သမီး ၃ယောက် မွေးဖွားခဲ့သည်။ ၁၈၇၂ တွင် ဆာရာကွယ်လွန်ပြီးနောက် ဟတ်ဒ်ဖို့ရှိုင်းယားမှ စတုတ္ထမြောက်နယ်စား ဆာ ဟင်နရီ လူရှင်တန်၏ သမီး ကာရိုလင်း အဲလစ်ဆန် နှင့် လက်ထပ်၍ သား ၂ ယောက် သမီး ၁ ယောက် ထပ်မံ မွေးဖွားခဲ့သည်။[၁]

မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီး[ပြင်ဆင်ရန်]

၁၈၈၃ ခုနှစ် မတ်လတွင် ကရော့စ်ဝိတ်သည် မြန်မာနိုင်ငံအတွက် ယာယီ မဟာဝန်ရှင်တော်မင်းကြီး ဖြစ်လာခဲ့သည်။ နောက်နှစ် မတ်လတွင် သူသည် အိန္ဒိယ အလယ်ပိုင်းပြည်နယ်များသို့ ယာယီ မဟာဝန်ရှင်တော်မင်းကြီး အဖြစ် ပြန်သွားခဲ့ပြီးနောက် အမြဲတမ်း ရာထူး ဖြစ်လာခဲ့သည်။ ၁၈၈၇ ခုနှစ် မတ်လတွင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု ကော်မရှင်တွင် ၄ လမျှ တာဝန်ထမ်းဆောင်ပြီးနောက် သူသည် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ပြီး ဆာချားလ် ဘားနတ် ကို ဆက်ခံသည့် မဟာဝန်ရှင်တော်မင်းကြီး ဖြစ်လာခဲ့သည်။

ကရော့စ်ဝိတ်သည် လွန်ခဲ့သော နှစ်နှစ်ကမှ အင်္ဂလိပ် လက်အောက်သို့ သွတ်သွင်းခဲ့သော အထက်မြန်မာပြည်သည် ပုန်ကန်ထကြွဆဲ ဖြစ်နေသည်နှင့် ကြုံရသည်။ ဗြိတိသျှ များနှင့် ၎င်းတို့ ခေါ်ဆောင်လာခဲ့သော အိန္ဒိယ ပုလိပ်တပ်ဖွဲ့များအား အများက မနှစ်သက်ကြသည်ကို သိရှိသဖြင့် သူသည် ကျေးရွာအဆင့် အုပ်ချုပ်ရေးနှင့် ရွာသူကြီးတို့ကို ပိုမို အားကောင်းအောင် ပြုလုပ်ခဲ့ပြီး မြန်မာတို့နှင့် ရင်းနှီးသော အုပ်ချုပ်ရေး ပုံစံကို ပြန်လည်ဖော်ဆောင်ရန် ကြိုးစားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ပြောက်ကျားစစ်များနှင့် မီးရှို့မှုများကို အပြင်းအထန် နှိမ်နှင်းခဲ့ခြင်းဖြင့် ဗြိတိသျှတို့၏ နောက်ဆုံး ဘုရင်မင်းဆက်အား သိမ်းပိုက်ခြင်း အတွက် အရှက်ရစရာများကို ဖာထေးရန် ကြိုးစားခဲ့သည်။ ၁၈၈၇ ခုနှစ်တွင် စီအက်စ်အိုင် အဖြစ် သူကောင်းပြုခြင်း ခံရပြီး ၁၈၈၈ ခုနှစ် ဇွန်လတွင် ကေစီအက်စ်အိုင် ဖြစ်လာခဲ့သည်။[၁]

အိန္ဒိယနိုင်ငံ[ပြင်ဆင်ရန်]

ကရော့စ်ဝိတ်သည် အိန္ဒိယနိုင်ငံ အုပ်ချုပ်ရေးကောင်စီတွင် ၁၈၉၀ ဒီဇင်ဘာလမှ ၁၈၉၁ ခုနှစ် ဖေဖော်ဝါရီလ အထိ ဝန်ကြီးအဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ၁၈၉၂ ခုနှစ် ဧပြီလမှ နိုဝင်ဘာလ အထိလည်း ဝန်ကြီးအဖွဲ့ဝင် ဖြစ်လာခဲ့ကာ နောက်ပိုင်းတွင် အနောက်မြောက်ပိုင်း ပြည်နယ်များ၏ ဒုတိယဘုရင်ခံ နှင့် အုဒ်ဒေသ၏ မဟာဝန်ရှင်တော်မင်းကြီးနေရာကို ဆာ အော့ကလန်း ကိုလ်ဗင် ထံမှ ဆက်ခံခဲ့သည်။ သူ၏ နိုင်ငံရေး ခံယူချက်မှာ ကြမ်းတမ်းသော ကွန်ဆာဗေးတစ် ဝါဒ ဖြစ်ပြီး သူသည် ပုံမှန်ထုတ်ဝေနေသော စာစောင်များတွင် ပုန်ကန်ထကြွ လိုမှုများ ကိန်းအောင်းနေသည်ကို တွေ့ခဲ့ရပြီး အနောက်တိုင်းမှ ပညာသင်ယူလာခဲ့သော အိန္ဒိယလူမျိုးများ၏ နိုင်ငံရေး ရည်မှန်းချက်ကို လှောင်ပြောင်ခဲ့သည်။ သူ၏ ပြည်နယ်တွင် ၁၈၉၃ ခုနှစ်၌ နွားမသတ်ရေး ဆန့်ကျင်မှုများ ပြင်းထန်လာသော အခါတွင် သူသည် ဖိနှိပ်ချုပ်ချယ်သော ဥပဒေ ပြဋ္ဌာန်းရန် တိုက်တွန်းခဲ့သော်လည်း သူနာမည်မပျက်ဘဲ ကံကောင်းသွားသည်မှာ အနည်းငယ်မျှ ပိုကြောက်တတ်သော လော့ဒ် လင်းစဒေါင်းမှ အနိုင်ရသွားသောကြောင့် ဖြစ်သည်။[၁]

အင်္ဂလန်သို့ ပြန်သွားခြင်း[ပြင်ဆင်ရန်]

ကရော့စ်ဝိတ်သည် ၁၈၉၅ ခုနှစ် အစောပိုင်းတွင် အင်္ဂလန်သို့ ခွင့်ဖြင့် ပြန်သွားခဲ့ပြီး မတ်လတွင် အိန္ဒိယနိုင်ငံ၏ အကြံပေးအဖြစ် ခန့်အပ်ခံရပြီး ထိုရာထူးတွင်သူသည် ၁၀ နှစ်မျှ တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် အငြိမ်းစားယူပြီးနောက် မြန်မာနိုင်ငံနှင့် ပတ်သက်သော အမှတ်တရ မှတ်တမ်းများကို ရေးသားထုတ်ဝေခဲ့ပြီး မြန်မာနိုင်ငံအား ငြိမ်သက်စေခြင်း (၁၉၁၂) နှင့် သာကာ ပါတပ် ဆင်း နှင့် အခြားဇာတ်လမ်းများ (၁၉၁၃) တို့ ဖြစ်ကြသည်။ တိုင်းမ် သတင်းစာတွင် သူသည် ဆောင်းပါးများ ဆက်တိုက်ရေးသားခဲ့ပြီး မော်လေ-မင်တို ပြုပြင်ပြောင်းလဲရေးကို ရှုံ့ချပြီး ထိုပြုပြင်ပြောင်းလဲရေးသည် အိန္ဒိယ ပြည်သူများအား တာဝန်မယူဘဲ ပညာတတ်လွန်နေသော အိန္ဒိယနိုင်ငံရေးသမားများ၏ အုပ်ချုပ်မှုအောက်တွင် စွန့်ပစ်ထားသည်ဟု ဆိုခဲ့သည်။ သူသည် ဆာရေးကောင်တီ၊ ရှမ်လေ ဂရင်းရှိ လောင်းအေခရက်ရှိ သူ၏ နေအိမ်တွင် ၁၉၁၅ ခုနှစ် မေလ ၂၈ ရက် တွင် ကွယ်လွန်ခဲ့ပြီး ဇွန်လ ၂ ရက်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Crosthwaite, Sir Charles Haukes ToddOxford Dictionary of National Biography။ Oxford University (2004-09-23)။ 2020-08-02 တွင် ပြန်စစ်ပြီး။