၁၃၀၀ ပြည့် အရေးတော်ပုံ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ချောက်ရေနံမြေ ဘီအိုစီ စတိုဂိတ် တွင် သပိတ်တားနေကြသော အမျိုးသမီးငယ်များ

မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်မှာ ပေါ်ပေါက်ခဲ့သောကြောင့် မြန်မာ့သမိုင်းမှာ ၁၃၀၀ ပြည့်အရေးတော်ပုံ ဟု ခေါ်ဆိုခဲ့ကြသည်။ ၁၉၃၈- ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့မှာတွင် ချောက်မြို့ ဘီအိုစီ ရေနံမြေ သပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။

သပိတ်ကြီး ပေါ်ပေါက်ရသည့် အကြောင်းများမှာ −

  1. ဘီအိုစီ ရေနံကုမ္ပဏီက ဘာသာရေး အလုပ်ပိတ်ရက် (၁၀) ရက်ကို (၇) ရက်အဖြစ် လျှော့ချခြင်း၊
  2. အလုပ်သမား တို့ရဲ့ စားဝတ်နေရေးဆိုင်ရာ တောင်းဆိုချက် (၁၂) ချက်ကို မလိုက်လျောခြင်းနှင့်
  3. ချောက် ဘီအိုစီ မော်တော်ယာဉ်ဌာန စက်ပြင်ဆရာ သခင် ခင် ကို အလုပ်ထုတ်ပစ်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။

၁၃၀၀ ပြည့် ရေနံမြေ အလုပ်သမား သပိတ်ကြီးသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အရေးပါ အရာရောက်သော အလုပ်သမား သပိတ်ကြီး ဖြစ်သကဲ့သို့ မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲသမိုင်းတွင် အကြီးမားဆုံး လူထုလှုပ်ရှားမှုတိုက်ပွဲကြီးလည်း ဖြစ်သည်။[၁]

၁၉၃၈ နိုဝင်ဘာ ၃၀ တွင် ချောက်၊ စဉ့်ကူ၊ လမ်းရွာ၊ ရေနံချပ်နှင့် ရေနံချောင်း ရေနံမြေမှ သပိတ်မှောက် အလုပ် သမားအင်အား ၁၀၀၀ ကျော်တို့ မိုင် ၄၀၀ ကျော်ရှည်လျားသော ရန်ကုန် သို့ ခြေလျင်ချီတက်ဆန္ဒပြပွဲ စတင်သည်။[၂]

၁၉၃၈ ဒီဇင်ဘာ ၅ ရက်တွင် ရေနံမြေသပိတ်တပ် မကွေးမြို့သို့ ရောက်ရှိလာခဲ့သည်။[၂]မကွေးတွင် သပိတ် ခေါင်းဆောင်များကို နယ်ချဲ့အလိုတော်ရိ အစိုးရက ဖမ်းဆီးလိုက်ကြ၏။ မျက်နှာဖြူ အရေးပိုင်ကလည်း မကွေးမြို့ အတွင်း ပုဒ်မ (၁၄၄) ကို ထုတ်ပြန်လိုက်သည်။ သို့နှင့် မကွေးတွင် ရက် ၂၀ ခန့် သောင်တင်နေသည်။ နောက်ဆုံးတွင် ရိက္ခာပြဿနာ တက်လာခဲ့၏။ ထို့ကြောင့် တဝက်လောက်မှာ ရေနံမြေသို့ ပြန်ကြရ၏။ ခေါင်းဆောင်များ လွှတ်ပေးရေးအတွက် ကျန်အလုပ်သမားများက အစာငတ်ခံ ဆန္ဒပြကြသည်။

ထိုသို့ အစာငတ်ခံခြင်းထက် ပုဒ်မ (၁၄၄) ကို တွန်းလှန်ကာ အာဏာဖီဆန်ခြင်းက ပိုထိရောက်မည်ဟု တို့ဗမာအစည်းအရုံး က ယူဆ၏။ ဒီဇင်ဘာ (၁၁) ရက်ညပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဉက္ကဋ္ဌ ကိုဗဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေ နှင့် အခြား ကျောင်းသားခေါင်းဆောင် နှစ်ဦး ရောက်လာကာ ရေနံမြေ သပိတ်တပ်ကြီး အား ပုဒ်မ (၁၄၄) ဖီဆန်၍ တရားဟောပြောကြလေသည်။ ကိုဗဟိန်း၏ ကျော်ကြားလှသော မြင်းခွာတချက် ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမည် မိန့်ခွန်းသည် ဤ နေရာတွင် ပြောကြားခြင်း ဖြစ်သည်။[၃]

၁၉၃၈ ဒီဇင်ဘာ ၁၂ တွင် မကွေးမြို့ မဲထီးကျောင်းတိုက်အတွင်း ရေနံမြေသပိတ် တပ်သားများအား တရားဟောမှုဖြင့် ကိုဗဟိန်းနှင့် ကိုဗဆွေ တို့ကို ဗြိတိသျှ အစိုးရက ဖမ်းဆီးသည်။[၂] အသက်သေသေ အရိုးကြေကြေ ရည်မှန်းချက် ပန်းတိုင် အရောက် မမှိတ်မသုန် ချီတက်ကြရန်လည်း လှုံ့ဆော်ခဲ့အပြီး ကျောင်းသား ခေါင်းဆောင် (၄)ဦးစလုံး အဖမ်းခံလိုက်ရ၏။ သို့သော် လမ်းညွှန်ချက် ရလိုက်ပြီဖြစ်သော အလုပ်သမားတပ်ကြီးက နောက်တရက် နံနက် (၆) နာရီတွင် နံပါတ်တုတ်ကိုင် ပုလိပ်တပ်၊ လှံစွပ်တပ်၊ သေနတ်ကိုင်တပ်၊ မြင်းစီးတပ်များ အတွင်းသို့ ထိုးဝင် ဖြိုခွဲ၍ ချီတက် ကြတော့သည်။ မြို့သူမြို့သားများက ဝိုင်းဝန်းအားပေးကြသည်။ ကျဆုံးသူ၊ ဒဏ်ရာရသူ၊ ဆွဲချုပ် အဖမ်းခံလိုက်ရသူ အများအပြား ရှိသော်လည်း နောက်မတွန့်ကြတော့ပေ။ ရိုက်နှက်သော နံပါတ်တုတ်ကိုင် ပုလိပ်များ၊ မြို့သူမြို့သားများ နှင့် အလုပ်သမားများ အရောရော အနှောနှော ဖြစ်ကုန်၍ လှံစွပ်သေနတ်များ သုံးမရ ဖြစ်ကုန်တော့သည်။ မြင်းစီးပုလိပ်များက ဝင်၍ရိုက်ပြန်သည့် အဆုံး မခံမရပ်နိုင် ဖြစ်နေသော မြို့သူ မြို့သားများက ငြာသံပေးကာ ရရာလက်နက်နှင့် ဝင်ပြီး ခုခံကြသောကြောင့် တပ်လန်ကုန်ကြသည်။ ထိုသို့ဖြစ်နေစဉ် ချိတ်ဆက်လုပ်ထားသည့် အတိုင်း ကိုဗဟိန်းက ထောင်အမိုးပေါ် တက်၍ ထောင်သားများအား လှုံ့ဆော် တရားဟော ပြန်တော့ရာ ထောင်တွင်း တွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။ ထောင်ထပြီ အထင်နှင့် ပုလိပ်များ ထောင်ဘက်သို့ အကူအညီပေးရန် ပြေးကြစဉ် သပိတ်တပ်ကြီးက မကွေးမြို့ အပြင်သို့ အရောက်ဖောက် ၍ အောင်မြင်စွာ ထွက်နိုင်ခဲ့ကြသည်။[၃] ၁၃ ဒီဇင်ဘာ ၁၉၃၈ ရေနံမြေ သပိတ်တပ် မကွေးမှ ရန်ကုန်သို့ ဆက်လက်ချီတက်သည်။[၂] ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအသင်း တိုက်၌ ကျောင်းသားထု အစည်းအဝေး ကျင်းပ၍ ကိုဗဟိန်း နှင့် ကိုဗဆွေ တို့ကို လွှတ်ရန် နှင့် ဖိနှိပ် ချုပ်ချယ်ထားသော ဥပဒေများ ရုပ်သိမ်းရန် အဆိုများ တင်သွင်းသည်။[၂]

၁၉၃၈ ဒီဇင်ဘာ ၁၄ တွင် ပဲခူးခရိုင် နှင့် သထုံခရိုင် တို့မှ တောင်သူ လယ်သမား နှစ်သောင်းခန့်သည် ကျင်းပလျက်ရှိသော ဥပဒေပြု လွှတ်တော် အစည်းအဝေး မှ လယ်သီးစား ဥပဒေကြမ်း နှင့် လယ်မြေ လွဲပြောင်းပေးရေး ဆိုင်ရာ ဥပဒေကြမ်း များကို အတည်ပြုရေး အတွက် ရန်ကုန်မြို့သို့ ဆန္ဒပြ ချီတက်သည်။ ၁၉၃၈ ဒီဇင်ဘာ ၁၉ တွင် ပဲခူးခရိုင်နှင့်သထုံခရိုင်တို့မှ တောင်သူလယ်သမား တပ်ဖွဲ့များ ရန်ကုန်ရောက်ရှိပြီး ရွှေတိဂုံစေတီ ရင်ပြင်တွင် စခန်းချသည်။[၄]

၁၉၃၈ ဒီဇင်ဘာ ၂၀ တွင် ရန်ကုန်တက္ကသိုလ် အပါအဝင် ရန်ကုန်မြို့ရှိ ကျောင်းပေါင်းစုံ ကျောင်းသားထုက အတွင်းဝန်များရုံး (ယခု ဝန်ကြီးများ ရုံး) ကို ဝိုင်း၍ သပိတ်တား ဆန္ဒပြ သည်။ မြင်းစီးပုလိပ်များက သပိတ် တား ကျောင်းသူကျောင်းသားများကို အကြမ်းဖက် ဖြိုခွဲသည်။[၅] ဒီဇင်ဘာ ၂၁ တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုလှရွှေက မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသားများသပိတ်မှောက်ရန် နှိုးဆော်စာ ထုတ်ပြန်သည်။[၆] ဒီဇင်ဘာ ၂၂ တွင် ဂျပ်ဆင်ကောလိပ် ကျောင်းသား ကိုအောင်ကျော်သည် အတွင်းဝန်များရုံး ဝိုင်း၍ သပိတ်တား ဆန္ဒပြစဉ် မြင်းစီးပုလိပ် များ၏တုတ်ဖြင့် ရိုက်နှက်မှုဒဏ်ရာ များကြောင့် ၁၃:၂၅ နာရီတွင် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သည်။[၂]

၁၉၃၉ ဇန်နဝါရီ ၈ ရက်နေ့တွင် ရေနံမြေသပိတ်တပ်ကြီးသည် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ရွှေတိဂုံစေတီ ကုန်းတော်ပေါ်တွင် စခန်းချသည်။[၄] ၁၉၃၉ ဇန်နဝါရီ ၉ ရက်နေ့တွင် ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ တောင်သူလယ်သမားထု အစည်းအဝေး ကျင်းပ၍ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး (ဗ.တ.လ.စ) ကိုဖွဲ့စည်းသည်။[၂][၇] မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားထု အစည်းအဝေးကို ရွှေတိဂုံ စေတီအလယ်ပစ္စယံ ၌ ၁၅:၃၀ နာရီ တွင် ကျင်းပရာ သပိတ်မှောက် အလုပ်သမားပေါင်း ၅၀၀ ကျော် တက်ရောက်သည်။ အလုပ်သမား ကိုယ်စားလှယ် ပေါင်းစုံ ဆုံးဖြတ်ချက် အရ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ အစည်းအရုံးကို (All Burma Trade Union Congress, A. B. T. U. C) ကို ဖွဲ့စည်းသည်။ အလုပ်သမား အစည်းအရုံး ၏ ပထမဆုံး ဥက္ကဋ္ဌမှာ သခင်လေးမောင် ဖြစ်သည်။[၂]

ထိုသပိတ်ကြီးတွင် အလုပ်သမား ခေါင်းဆောင် သခင်ဖိုးလှကြီး၊ ရေနံမြေ အလုပ်သမား အစည်းအရုံး အတွင်းရေးမှူး သခင်လွင်၊ သူ၏ အစ်ကိုရင်း နောင် ပြည်သူ့ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ သခင်သင်၊ တို့နှင့် အခြား သခင်များ အများအပြား ပါဝင်ခဲ့ကြသည်။ သခင်မကြီး ဒေါ်ဆယ် ဦးဆောင်သည့် အမျိုးသမီး သခင်မ များကလည်း(၁၃၀၀)ပြည့် ရေနံမြေ သပိတ် အရေးတော်ပုံ တွင် သပိတ်တားများအဖြစ် ဆောင်ရွက်ခဲ့ကြသည်၊ (သခင်မ )မသန်း၊ မမြခင်၊ မဂျမ်း၊ မညို၊ မပု၊ မထွေး၊ မစောစော၊ မစိန်ခင်၊ မသိန်းနွဲ့၊ မငွေခင်၊ မစု၊ မချစ်၊ စသည့် ထောင်နန်းစံ သခင်မများရဲ့ ဆန့်ကျင် ဟန့်တားမှု တို့က ထိရောက်ပါပေသည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ယနေ့မြန်မာ. မျိုးဆက်တော်လှန်ရေး အပြီးသတ် နဲ့ တန်းတူရေးလက်နက်၊ 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ ၂.၇ တို့ဗမာအစည်းအရုံးသမိုင်း ပြုစုရေးအဖွဲ့ (၁၉၇၆). တို့ဗမာအစည်းအရုံးသမိုင်း ဒုတိယတွဲ. စာပေဗိမာန်။ 
  3. ၃.၀ ၃.၁ (၂ မတ် ၁၉၉၄) ဗဟိန်း သို့မဟုတ် ညီညွတ်ရေးဗိသုကာ. ဗမာပြည် ကွန်မြူနစ်ပါတီ၊ ဗဟိုပညာရေး နှင့် ဝါဒဖြန့်ချိရေး ဌာန။ 
  4. ၄.၀ ၄.၁ ဦးလေးမောင်. မြန်မာနိုင်ငံရေးသမိုင်း ဒုတိယတွဲ 
  5. Report of the Secretariat Incident Enquiry Comittee, Yangon Govt printing, 1939, P 2
  6. တက္ကသိုလ်ကိုကိုကြီး (၁၉၃၉). ကျောင်းသားပုလိပ်တိုက်ပွဲ. ဘုံဝါဒစာအုပ်အသင်း။ 
  7. ဝိဓူရ သခင်မြ စာ ၅၀၄
  8. ကျော်ငြိမ်း. ကိုလိုနီခေတ် မြန်မာ့ ရက်စွဲ သမိုင်း၊ ၁၈၈၆−၁၉၄၂. တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန။