မန္တလေးမြို့
| မန္တလေးမြို့တော် | |
|---|---|
| ယဉ်ကျေးမှုမြို့တော်/တိုင်းဒေသကြီးမြို့တော် | |
အထက်မှစ၍: မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ မန္တလေးတောင်တဝိုက်ရှိ ယဉ်ကျေးမှုထိန်းသိမ်းရေးနယ်မြေများ၊ ဦးပိန်တံတား၊ ဈေးချိုတော်၊ မန္တလာသီရိ အားကစားကွင်း၊ မန္တလေး နန်းတော် | |
![]() | |
| မြို့တော်တည်နေရာ | |
| ကိုဩဒိနိတ်: 21°58′59″N 96°05′04″E / 21.98306°N 96.08444°Eကိုဩဒိနိတ်: 21°58′59″N 96°05′04″E / 21.98306°N 96.08444°E | |
| နိုင်ငံ | |
| ဒေသ | မန္တလေးတိုင်းဒေသကြီး |
| ခရိုင် | မန္တလေးခရိုင် |
| အစိုးရ | |
| • မြို့တော်ဝန် | ဦးကျော်ဆန်း |
| ဧရိယာ[၁] | |
| • ယဉ်ကျေးမှုမြို့တော်/တိုင်းဒေသကြီးမြို့တော် | ၁၆၃.၈၄ စတုရန်းကီလိုမီတာ (၆၃.၂၆ စတုရန်းမိုင်) |
| ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၇၆.၂ မီတာ (၂၅၀[၂] ပေ) |
| လူဦးရေ (၂၀၁၄ သန်းခေါင်စာရင်း)[၃][၄][၅] | |
| • ယဉ်ကျေးမှုမြို့တော်/တိုင်းဒေသကြီးမြို့တော် | ၁,၂၂၅,၁၃၃ |
| • သိပ်သည်းမှု | ၇၅၀၀/km၂ (၁၉၀၀၀/sq mi) |
| • မြို့ပြကြီး | ၁,၀၂၂,၄၈၇ |
| • လူမျိုးများ | ဗမာ၊ အိန္ဒိယ၊ တရုတ်၊ ရှမ်း |
| • ကိုးကွယ်ယုံကြည်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊အစ္စလာမ်ဘာသာ |
| အချိန်ဇုန် | MST (UTC+6:30) |
| ဧရိယာကုဒ် | 2 (mobile: 20,69, 90)[၆] |
| ဝဘ်ဆိုက် | emandalay.gov.mm |
မန္တလေးမြို့တော် သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အနုပညာ အချက်အချာဌာန တစ်ခုလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပြလူဦးရေ ၁,၂၂၅,၁၃၃ ယောက် ရှိသည်။[၃] စီးပွားရေးမြို့တော် ရန်ကုန်မြို့မှ မြောက်ဘက် ၃၈၅ မိုင်ကွာဝေး၍ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ ကုန်းဘောင်မင်းဆက် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် (ရတနာပုံနေပြည်တော်) ဖြစ်ခဲ့ပြီး၊ ယခုအခါ မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်တို့၏ ရုံးစိုက်မြို့ ဖြစ်သည်။
မန္တလေးမြို့သည် ခေတ်အဆက်ဆက် ရာစုနှစ်တစ်ခုကျော်ကာလအတွင်း ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်များကြောင့် နန်းထုတ်ကတ္တီပါတိုက်အပါအဝင် သမိုင်းဝင်အဆောက်အအုံများစွာ ပျက်စီးခဲ့ရသလို၊[၇] ၁၉၈၀ ပြည့်လွန်နှစ်များတွင် ကြုံတွေ့ခဲ့ရသည့် မဟာမီးဘေးကြီးများကြောင့်လည်း မြို့ကွက်အမြောက်အမြား ပြာကျခဲ့ရဖူးသည်။[၈] ထို့အပြင် ၂၀၂၅ ခုနှစ်အတွင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမြေငလျင်ဒဏ်ကြောင့် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။[၉] သို့သော်လည်း မန္တလေးမြို့သည် အပျက်အစီးများကြားမှ ဒဏ္ဍာရီလာ ဖီးနစ်ငှက် ကဲ့သို့ ပြာပုံထဲမှ ပြန်လည်ရုန်းထကာ ခေတ်မီမြို့ပြအဖြစ် အမြဲမပြတ် ပြန်လည်ဆန်းသစ် နိုးထနိုင်ခဲ့သည်။[၁၀] မန္တလေးမြို့တော်သည် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သည့်အလျောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များနှင့် အနုပညာလက်ရာများ စုဝေးရာဖြစ်ပြီး၊ မြို့တော်သားများက ယနေ့တိုင် ခိုင်မာစွာ ထိန်းသိမ်းစောင့်ရှောက်လျက် ရှိကြသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]လက်ဦးသမိုင်း (၁၈၅၇ မှ ၁၈၈၅)
[ပြင်ဆင်ရန်]
မန္တလေးမြို့ကို ခရစ်နှစ် ၁၈၅၇ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် (၁၁) ဆက်တွင် ဒဿမမြောက် ဖြစ်သော မြန်မာဘုရင် မင်းတုန်းမင်း မှစတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မန္တလေးသည် ၁၈၈၅ ခုနှစ် သီပေါမင်းလက်ထက် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ မတိုင်မီ (၁၈၆၀-၁၈၈၅)တွင် နောက်ဆုံး ကျန်ရစ်သည့် လွတ်လပ်သော မြန်မာ့မင်းနေပြည်တော်လည်းဖြစ်သည်။
ကိုလိုနီခေတ် မန္တလေး (၁၈၈၅ မှ ၁၉၄၈)
[ပြင်ဆင်ရန်]၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲအပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံး၍ အင်္ဂလိပ် တို့၏ လက်အောက်သို့ကျရောက်ခဲ့ကြသည်။ မီးရထားပို့ဆောင်ဆက်သွယ်ရေးစနစ်ကို ၁၈၈၉ ခုနှစ်တွင် တည်ဆောက်ပေးခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် မန္တလေးကောလိပ် ကို တည်ဆောက်ဖွင့်လှစ်ပေးခဲ့သည်။
ကိုလိုနီခေတ်တွင် မန္တလေးမြို့သည် ဗုဒ္ဓယဉ်ကျေးမှုနဲ့ အနုပညာတို့ သင်ကြားရာဗဟိုချက်အဖြစ် တည်ရှိခဲ့သည်။
မန္တလေးမြို့သည် ဒုတိယကမ္ဘာစစ်အတွင်း စစ်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသည်။ ဧပြီလ ၃ ရက်၊ ၁၉၄၂ ခုနှစ်တွင် ဂျပန်တို့ လေကြောင်းမှ ဝင်ရောက်တိုက်ခိုက်သဖြင့် မြို့၏ ၅ ပုံ ၃ ပုံ ခန့် ပျက်စီးခဲ့ရပြီး လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့သည်။
လက်ရှိ မန္တလေး (၁၉၄၈ မှ ယခု)
[ပြင်ဆင်ရန်]၁၉၄၈ ခုနှစ် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် မန္တလေးမြို့သည့် ယဉ်ကျေးမှု၊ ပညာရေး နှင့် စီးပွားရေးတို့၏ အဓိက ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိခဲ့သည်။
၁၉၄၉ခုနှစ်၊ မတ်လ ၁၁ရက်တွင် ကေအင်န်ဒီအို ကရင်တိုင်းရင်းသားလက်နက်ကိုင်များနှင့် ကွန်မြူနစ်တပ်များက မန္တလေးမြို့တွင်းသို့ပစ်ခတ် တိုက်ခိုက်ပြီး ဝင်ရောက်သိမ်းပိုက်ခဲ့ကြသည်။ သောင်းကျန်းသူများကို တပ်မတော်၊ စစ်ရဲနှင့် မန္တလေးတက္ကသိုလ် ကျောင်းသားများက ခုခံတိုက်ခိုက်ခဲ့ကြသည်။ မန္တလေးမြို့ကြီးသည် တိုက်ပွဲများကြောင့် များစွာ ပျက်စီးခဲ့ရသည်။ ကေအင်န်ဒီအိုများသည် ကွန်မြူနစ်တပ်များနှင့် အတူ ၁၉၄၉ခုနှစ်၊ မတ်လ ၁၁ရက်မှ ၁၉၄၉ခုနှစ်၊ ဧပြီလ ၆ရက်အထိ မန္တလေးမြို့ကြီးအား သိမ်းပိုက်နိုင်ခဲ့သည်ဆိုသော်လည်း လုယက်ခြင်း၊ ဖျက်ဆီးခြင်းစသည့် အဖျက်လုပ်ငန်းများကိုသာ ဆောင်ရွက်သွားခဲ့ကြသည်။
၁၉၅၉ ခုနှစ် နိုဝင်ဘာလတွင် မန္တလေး နှစ်တစ်ရာပြည့် ရာပြည့်ပွဲတော်ကို မန္တလေးတောင်ခြေတွင် ကျင်းပခဲ့ပြီး မန္တလေးရာပြည့်ပွဲတော် အမှတ်တရ တံဆိပ်ခေါင်းကိုလည်း ထုတ်ဝေခဲ့သည်။ တပါတီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရ လက်ထက် (၁၉၆၂ - ၁၉၈၈) အတွင်း မန္တလေးမြို့၏ အသွင်အပြင်မှာ ကျဆင်းခဲ့ရသည်။ ၁၉၈၀ အစောပိုင်းတွင် အထပ်နှိမ့် အဆောက်အအုံအသစ်များ ပေါ်ပေါက်လာခဲ့သည်။ လမ်းမများပေါ်တွင် စက်ဘီးများဖြင့် စည်ကားလျက်ရှိပြီး စက်ဘီးမြို့တော်ဟု နာမည်တွင်ခဲ့သည်။ ၁၉၈၁ ခုနှစ် မေလ တွင် လောင်ကျွမ်းခဲ့သောမီးကြောင့် အိမ် ၆၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး လူဦးရေ ၃၆၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ၁၉၈၄ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် လောင်ကျွမ်းခဲ့သော ဦးကျားကြီးဝင်း မီးလောင်မှုကြောင့် အိမ် ၂၇၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူပေါင်း ၂၃၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။ မီးလောင်မှုများသည် မန္တလေးမြို့၏ တိုးတက်မှုကို တုံ့နှေးစေခဲ့သည်။
၁၉၉၁ ခုနှစ် မတိုင်ခင်ကာလအထိ မန္တလေးတက္ကသိုလ်၊ မန္တလေးဆေးတက္ကသိုလ် နှင့် စစ်တက္ကသိုလ်တို့သာ အထက်မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည်။ တခြားမြို့များရှိ ဒီဂရီကောလိပ်တို့ကသာ ဘာသာအနည်းငယ်ကို မန္တလေးတက္ကသိုလ်နှင့်ချိတ်ဆက်သင်ကြားခဲ့သည်။၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် လောင်ခဲ့သောမီးကြောင့် မန္တလေးမြို့၏ ဒုတိယအကြီးဆုံးဖြစ်သည့် ရတနာပုံဈေး တစ်ခုလုံးပျက်စီးဆုံးရှုံးခဲ့ရသည်။ နောက်ထပ် အကြီးအကျယ်လောင်ကျွမ်းခဲ့သောမီးမှာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတွင် လောင်ကျွမ်းခဲ့သောမီးဖြစ်သည်။ အိမ် ၃၂၀ ကို လောင်ကျွမ်းခဲ့ပြီး လူဦးရေ ၁၆၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

အမည်နာမ
[ပြင်ဆင်ရန်]မန္တလေးမြို့ စတင်တည်ကာစအချိန်တွင် မန္တလေးအရပ်ကို ထီးပေါင်းကားဟု ခေါ်ဆိုနေကြသည်။ မြို့တော်၏ တရားဝင်အမည်မှာ ရတနာပုံဖြစ်သည်။ ဘုရင်ခေတ်က မန္တလေးအား ရွှေမြို့တော်၊ ရတနာပုံရွှေမြို့တော် စသည်ဖြင့် သုံးခဲ့ကြသည်။ မန္တလေးဟု ခေါ်ဆိုခြင်းနှင့် ပက်သက်၍ တိကျသော အထောက်အထားမတွေ့ရပေ။ ပညာရှင်များကမူ အမျိုးမျိုးဆိုခဲ့ကြသည်။
အချို့က မန္တလေးတောင်အား အစွဲပြု၍ တောင်ခြေရှိမြို့အား မန္တလေးဟုခေါ်ကြောင်း ဆိုကြသည်။ မန္တလေးဆိုသည့် စကားလုံးမှာ မဏ္ဍလဟူသော စကားမှ ဆင်းသက်လာကာ ညီညာပြန့်ပြူးသောလွင်ပြင်ဟု အဓိပ္ပာယ်ရသည်။ မဏ္ဍလဟူသော စကားသည် ခေတ်ကာလ ကြာလာသောအခါ မဏ္ဍလေး၊ မန္တလေး စသည်ဖြင့် ပြောင်းလာခဲ့သည်ဟု ဆိုကြသည်။
အချို့က မဏ္ဍလဟူသော ပတ်ဝန်းကျင်တွင် တောင်ကိုးလုံးခြံရံလျက်ရှိသည့်တောင်ဖြစ်သဖြင့် မဏ္ဍလတောင်ဟုခေါ်တွင်ခဲ့ကြောင်း ဆိုကြသည်။ မဏ္ဍလေးဖုရားသခင်ဟူသော အရေးအသားကို (၁၅)ရာစုက ရေးထိုးခဲ့သော အင်းဝခေတ်ကျောက်စာတွင် တွေ့ရှိရသေးသည်။[၁၁]
ပထဝီဝင်အနေအထား
[ပြင်ဆင်ရန်]မန္တလေးမြို့သည် ဧရာဝတီမြစ်၏ လက်ဝဲဘက်ဖြစ်သော အရှေ့ဘက် ကမ်းပေါ်တွင် တည်ရှိ၍ ဧရာဝတီမြစ်နှင့် ရှမ်းကုန်းပြင်မြင့်၏ အကြား အနံ ၈ မိုင် ရှိသော မြေပြန့်၏ တစ်စိတ်တစ်ပိုင်းတွင် တည်ရှိသည်။ မြောက်လတ္တီကျု ၂၁ ဒီဂရီ ၉၈ မိနစ် နှင့် အရှေ့လောင်ဂျီကျု ၉၆ ဒီဂရီ ဝ၈ မိနစ် ကြားတွင် တည်ရှိသည်။

မန္တလေးမြို့သည် အကျယ်အဝန်းအားဖြင့် ၂၅ စတုရန်းမိုင် ရှိ၍ လူဦးရေမှာ ၁၉၆၃ ခုနှစ်တွင် ခန့်မှန်းခြေ ၂၁၅၄၂၆ ယောက်ခန့်ရှိသည်။ ရပ်ကွက် ၃၈ ၊ အိမ်ခြေပေါင်း ၃၅ဝဝဝ ခန့် ရှိ၏။ ရန်ကုန်မြို့ကဲ့သို့ပင် လူမျိုးပေါင်းစုံသော မြို့ဖြစ်၏။ ရာသီဥတုမှာ ပူအိုက်ခြောက်သွေ့၍ ဖုံထူသည်။
၁၉၆၅ခုနှစ်၊ အောက်တိုဘာ (၁)ရက်နေ့တွင် မန္တလေးမြို့ကို (၄)မြို့နယ်အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက် ၁၉၉၂ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာစာအမှတ်(၈၄)အရ မန္တလေးမြို့ကို (၄)မြို့နယ်မှ (၅)မြို့နယ်အဖြစ် သတ်မှတ်ခဲ့သည်။
မန္တလေးမြို့သည် ကန်ကိုးကန် ၊ ကုန်းကိုးကုန်း ၊ တောင်ကိုးလုံး ဝန်းရံထားသည်ဟု ဆိုပါသည်။
ကန်ကိုးကန်မှာ -
- ကြာနီကန် ၊
- နန္ဒာကန် ၊
- အောင်ပင်လယ်ကန် ၊
- ဇောင်းကလောကန် ၊
- မင်းကန် ၊
- သရက်ကန် ၊
- မဲနယ်ကန် ၊
- ခတက်ကန် ၊
- ဆင်ဖြူကန် တို့ဖြစ်သည်။
ကုန်းကိုးကုန်းမှာ-
- သစ်ချိုကုန်း ၊
- ကျီတော်ကုန်း ၊
- သဇင်ကုန်း ၊
- သမန်းကုန်း ၊
- ဥသျှစ်ကုန်း ၊
- ဝါခင်းကုန်း ၊
- ကုလားပျိုကုန်း ၊
- ပုဏ္ဏားကုန်း ၊
- ဗောဓိကုန်း တို့ဖြစ်သည်။
တောင်ကိုးလုံးမှာ-
- ဆားခါးတောင် ၊
- ငါးမင်းတောင် ၊
- ဂန္ဓမာတောင် ၊
- ရွှေလောင်းတောင် ၊
- သခင်မတောင် ၊
- ကုလားမတောင် ၊
- ရန်ကင်းတောင် ၊
- ကြက်ညီနောင်တောင် ၊
- မန္တလေးတောင် ဟု တံတိုင်းသဏ္ဌာန် တောင်ကိုးလုံး ကာရံစေကာ မြို့နန်းပန္နက်တော် ရိုက်ယူခဲ့သည်။ [၁၂]
မြို့တော်မြင်ကွင်း
[ပြင်ဆင်ရန်]မဟာမုနိ
[ပြင်ဆင်ရန်]မဟာမုနိဘုရား ရုပ်ပွားတော်ကြီးသည် မန္တလေးမြို့၏ အထင်ကရ နေရာ တစ်ခု ဖြစ်သည်။ ဂေါတမ မြတ်စွာဘုရားက ရင်ငွေ့တော် (၇)ကြိမ် ပေးခဲ့သဖြင့် သက်တော် ရှိသည်ဟု ယုံကြည်ကြသည်။ ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက် ၁၇၈၄ ခုနှစ်တွင် သားတော်အိမ်ရှေ့မင်းသား သတိုးမင်းစောက ရခိုင် မှပင့်ဆောင်ခဲ့သည်။
မန္တလေးတောင်
[ပြင်ဆင်ရန်]မန္တလေးတောင်သည် မန္တလေးမြို့၏ မြောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၂၃၀ မီတာ မြင့်သည်။ စေတီပုထိုးပေါင်း များစွာ တည်ထားသည်။ မန္တလေးတောင်သည် မန္တလေးမြို့ကိုအပေါ်မှ စီးပိုးအုပ်မိုးထားသကဲ့သို့ ရှိပေရာ၊ မန္တလေးတောင်ပေါ်မှနေ၍ ကြည့်သော်နန်းမြို့ရိုး၊ ကျုံးနှင့်တကွ မန္တလေးမြို့၏ ရှုခင်းကို ကောင်းမွန်စွာမြင်တွေ့ရပေသည်။ အရှေ့ဘက်သို့ မျှော်ကြည့်လိုက်လျှင် ရှမ်းရိုးမတောင်နှင့် အနောက်ဘက်သို့ ကြည့်လိုက်လျှင် ဧရာဝတီ မြစ်ကမ်းများကိုလည်း မြင်တွေ့နိုင်ပေသည်။ မန္တလေးဟူသော အမည်သည် 'မဏ္ဍလ' ဟူသော ပုဒ်မှ'မဏ္ဍလေး'၊ ထိုမှ 'မန္တလေး'ဖြစ်လာသည်ဟု ယူဆဖွယ်ရှိ၏။ အဓိပ္ပာယ်မှာ 'ပျံပျူးသာယာသော နယ်မြေ' ဟု ယူဆသော်ရ၏။ အချို့က 'မန္ဓရေး' မှ ပြောင်းလာဟန်ရှိသည် ဟုဆိုကြသည်။ အဓိပ္ပာယ်မှာ 'ကျက်သရေတို့ကို ဆောင်အရပ်' ဖြစ်၏။ အချို့ကလည်း ရှေးပုံဂံခေတ်က မင်းရှင်စော မင်းကလေး မှီခိုနေသွားသော တောင်ဖြစ်ခြင်းကြောင့် မင်းကလေးတောင်ဟု တွင်ရာမှ မန္တလေးတောင်ဟူ၍ ဖြစ်လာပြီးလျှင်၊ နောင်သော် ထိုတောင်၏ ပတ်ဝန်းကျင်ရှိ မန္တလေးအရပ်တွင် မြို့တည်သဖြင့် မန္တလေးမြို့ဟု ဖြစ်ပေါ်လာသည်ဟုဆိုကြသည်။[၁၃]
မန္တလေး နန်းတော်
[ပြင်ဆင်ရန်]ကျုံးနှင့် မြို့ရိုး ကာရံထားသော မန္တလေး နန်းတော်ကြီးသည် ကုန်းဘောင်မင်းဆက်၏ ဘုရင်များ စိုးစံခဲ့သော နေရာဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ဗုံးကြဲခြင်း အကြိမ်ကြိမ် ခံခဲ့ရပြီး ပျက်စီးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ပြုပြင်၍ မြနန်းစံကျော် ရွှေနန်းတော် ကြီးကို ပြန်လည် တည်ဆောက်ခဲ့သည်။

အခြား
[ပြင်ဆင်ရန်]ကမ္ဘာ့အကြီးဆုံးစာအုပ်၊ သုဓမ္မာဇရပ်များ၊ ပယ်ပုံတော်ဝင်း၊ တဝဂူဘုရား၊ မဟာသကျသီဟ ရုပ်ပွားတော်၊မဟာအတုလဝေယန်ကျောင်းတော်ကြီး၊ အိမ်တော်ရာဘုရား၊ ကျောက်တော်ကြီးဘုရား(မန္တလေး)၊ ကုသိုလ်တော်၊ စန္ဒာမုနိ၊ ရန်ကင်းတောင်၊ ရေတံခွန်တောင်၊ ရွှေစာရံဘုရား၊ မန္တလေးယဉ်ကျေးမှုပြတိုက်၊ အိမ်ရှေ့မင်းထန်းတော၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်၊ မန်းသီတာ ဥယျာဉ် နှင့် အောင်ပင်လယ်ကန် တို့ရှိသည်။
မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ အမရပူရမြို့ဟောင်း တွင် အမရပူရနန်းတော်၊ သပြေတန်း ခံတပ်၊ တောင်သမန်အင်း၊ ဦးပိန်တံတား၊ မယ်ဇယ်တန်း၊ တောင်လေးလုံးကျောင်းတိုက်၊ ဗားကရာဘုန်းကြီးကျောင်း၊ ဆောင်းဒါး ရက်ကန်းကျောင်း၊ ကျောက်တော်ကြီးဘုရား(အမရပူရ) နှင့် ရတနာ့ဂူ တို့အဓိကနေရာအဖြစ် တည်ရှိနေသေးသည်။
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်တွင် တည်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကူးသန်းသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးတို့အတွက် အချက်အချာကျသည်။ မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်တွင် ဘတ်စ်ကားများရှိသော်လည်း တွင်ကျယ်စွာ အသုံးမပြုကြပေ။ စက်ဘီး၊ ဆိုင်ကယ်များကိုသာ အများဆုံးအသုံးပြုကြသည်။ ယခင်က စက်ဘီးမြို့တော်ဟု ခေါ်ဆိုခဲ့ကြသောလည်း ယခုအခါ ဆိုင်ကယ်မြို့တော်ဟုပင် ခေါ်ဆိုနိုင်ပေသည်။

အစိုးရအသစ်လက်ထက် မော်တော်ကားများကို တရားဝင်သွင်းခွင့်ပြုပြီးနောက် မော်တော်ကားအသုံးပြုသူ ပိုမိုများပြားလာခဲ့သည်။
လေကြောင်း
[ပြင်ဆင်ရန်]ယခင်က ချမ်းမြသာစည်လေဆိပ်ကို အသုံးပြုခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် တံတားဦးမြို့နယ်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀ အကုန်အကျခံ တည်ဆောက်ဖွင့်လှစ်ခဲ့သည်။ မန္တလေးမြို့မှ ၂၈မိုင်ခန့် အကွာမှာတည်ရှိသည်။ အဓိက အနေဖြင့် ပြည်တွင်းလေကြောင်းလိုင်းများ ဆင်းသက်လျက်ရှိပြီး ပြည်ပလေကြောင်းလိုင်းများမှ တရုတ်နိုင်ငံ ကူမင်းမြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ တို့နှင့် ချိတ်ဆက် ဆင်းသက်လျက်ရှိသည်။
ရေကြောင်း
[ပြင်ဆင်ရန်]မီးရထားလမ်း နှင့် ကားလမ်းများ အဆင်ပြေလာသော်လည်းမြန်မာ့ဂုဏ်ဆောင် ဧရာဝတီမြစ်မှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ဝါး နှင့် အခြားကုန်ပစ္စည်းများ ပို့ဆောင်ရန် အဓိကနေရာအဖြစ် တည်ရှိနေသေးသည်။
မီးရထားလမ်း
[ပြင်ဆင်ရန်]မန္တလေး ဘူတာကြီးမှာ မြန်မာနိုင်ငံ၏ အဓိက အချက်အချာ လမ်းဆုံမှာ တည်ရှိသည်။ မန္တလေးမှ ရထားဖြင့် ရန်ကုန်မြို့၊ နေပြည်တော်၊စစ်ကိုင်းမြို့၊ ပုဂံ၊ပြင်ဦးလွင်မြို့၊ လားရှိုးမြို့၊ မုံရွာမြို့၊ ပခုက္ကူမြို့၊ ကလေးမြို့၊ ဂန့်ဂေါမြို့၊ ရွှေဘိုမြို့၊ ကောလင်းမြို့၊ နဘားမြို့၊ ကန့်ဘလူမြို့၊ မိုးညှင်းမြို့၊ ဟိုပင်မြို့၊ မိုးကောင်းမြို့၊ မြစ်ကြီးနားမြို့ မြို့များသို့ ရောက်ရှိနိုင်သည်။
မန္တလေးမြို့တွင် ယခင်က မြို့ပတ် ဓာတ်ရထားရှိခဲ့သော်လည်း ယခုမြို့ပတ်ရထား စနစ်မရှိပေ။
ကားလမ်း
[ပြင်ဆင်ရန်]မန္တလေးမြို့သည် အိမ်နီးချင်း အင်အားကြီး နိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့နှင့် ချိတ်ဆက်ရန်အတွက် အချက်အချာနေရာတွင် တည်ရှိသည်။ အာရှအမြန်လမ်းများသည် မန္တလေးမြို့ကို ဖြတ်သန်းသွားလာလျက်ရှိသည်။
- မြန်မာ - တရုတ်ကားလမ်း : မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား ကားလမ်း၊ မန္တလေး - မိုးကုတ် - ဗန်းမော်လမ်း၊ မန္တလေး - လားရှိုး - မူဆယ်လမ်း
- မြန်မာ - အိန္ဒိယကားလမ်း : မန္တလေး - စစ်ကိုင်း - မုံရွာ - ကလေးဝ - တမူးလမ်း
- ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမကြီး
မြို့ပြလူဦးရေ
[ပြင်ဆင်ရန်]ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ ၂၀၀၇ ခုနှစ်တွင် မန္တလေးမြို့၏ လူဦးရေသည် စုစုပေါင်း ၁ သန်းခန့် ရှိခဲ့သည်။[၃] လူဦးရေ တိုးတက်နှုန်း ခန့်မှန်းချက်များအရ ၂၀၂၅ ခုနှစ်သို့ ရောက်ရှိချိန်တွင် မြို့နေလူဦးရေ စုစုပေါင်းသည် ၁.၅ သန်းခန့်အထိ ရှိလာခဲ့သည်။[၁၄]
မြန်မာ့ရိုးရာယဉ်ကျေးမှု၏ အချက်အချာဖြစ်သော မန္တလေးမြို့သို့ လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက တရုတ်နွယ်ဖွားများ အလုံးအရင်းဖြင့် ပြောင်းရွှေ့အခြေစိုက်လာခဲ့ကြရာ မြို့ပြ၏ လူမှုစီးပွားနှင့် ယဉ်ကျေးမှုအပေါ် သက်ရောက်မှုများ ရှိခဲ့သည်။[၁၅] အချို့သော လေ့လာမှု စစ်တမ်းများအရ ယခုအခါ တရုတ်နွယ်ဖွားများသည် မြို့နေလူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းခန့်အထိ ရှိနေပြီဟု ခန့်မှန်းကြသည်။[၁၆] ထို့ပြင် သမိုင်းအဆက်ဆက်ကတည်းက လာရောက်အခြေစိုက်ခဲ့ကြသော အိန္ဒိယနွယ်ဖွားများနှင့် ရှမ်းလူမျိုး အစရှိသည့် တိုင်းရင်းသားလူမျိုးအစုံအလင်လည်း မန္တလေးမြို့တွင် သဟဇာတဖြစ်စွာ နေထိုင်ကြသည်။
မြို့တော်၏ အဓိကပြောဆို အသုံးပြုသော ဘာသာစကားမှာ ဗမာဘာသာစကား ဖြစ်သည်။ သို့သော်လည်း တရုတ်နွယ်ဖွားများ အများဆုံး စုဝေးရာ တရုတ်တန်းနှင့် ဈေးချိုတော် အနီးတဝိုက်တွင်မူ တရုတ်ပြည်မကြီးစကား (မန်ဒရင်စကား) ကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်ကို တွေ့ရသည်။[၁၇] အင်္ဂလိပ်ဘာသာစကားကိုမူ တတိယဘာသာစကားအဖြစ် အဓိက ရုံးလုပ်ငန်းများနှင့် ပညာရေးကဏ္ဍများတွင် ပြောဆိုအသုံးပြုလျက် ရှိကြသည်။
| သမိုင်းတစ်လျှောက် လူဦးရေများ | ||
|---|---|---|
| ခုနှစ် | လူဦးရေ | ±% |
| ၁၉၅၀ | ၁၆၇၀၀၀ | — |
| ၁၉၆၀ | ၂၅၀၀၀၀ | +49.7% |
| ၁၉၇၀ | ၃၇၄၀၀၀ | +49.6% |
| ၁၉၈၀ | ၄၉၉၀၀၀ | +33.4% |
| ၁၉၉၀ | ၆၃၆၀၀၀ | +27.5% |
| ၂၀၀၀ | ၈၁၀၀၀၀ | +27.4% |
| ၂၀၀၇ | ၉၆၁၀၀၀ | +18.6% |
| ၂၀၁၀ | ၁၀၃၄၀၀၀ | +7.6% |
| ၂၀၂၀ | ၁၃၀၈၀၀၀ | +26.5% |
| ၂၀၂၅ | ၁၄၄၆၀၀၀ | +10.6% |
| [၃][၁၄] | ||

အုပ်ချုပ်ရေး
[ပြင်ဆင်ရန်]မန္တလေးမြို့သည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ၏ အုပ်ချုပ်မှုတွင် တည်ရှိသည်။ မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်ကို မြို့နယ်၆ခု ၊အရံမြို့နယ် ၁ခုဖြင့် ဖွဲ့စည်းထားသည်။ မန္တလေးစည်ပင်သာယာရေးကော်မတီ နယ်နိမိတ်တွင် အောက်ဖော်ပြပါ မြို့နယ် (၆)မြို့နယ်ပါဝင်သည်။
- မဟာအောင်မြေမြို့နယ်
- အောင်မြေသာစံမြို့နယ်
- ချမ်းအေးသာစံမြို့နယ်
- ချမ်းမြသာစည်မြို့နယ်
- ပြည်ကြီးတံခွန်မြို့နယ်
- အမရပူရမြို့နယ်
အရံမြို့နယ်
[ပြင်ဆင်ရန်]ယဉ်ကျေးမှု
[ပြင်ဆင်ရန်]မန္တလေးမြို့သည် တည်ဆောက်ပုံစနစ်ကျနရုံမျှမက ခေတ်အဆက်ဆက် စာဆိုတို့၏ သီကုံးရာ၊ ကဗျာဆရာတို့၏ လွမ်းမောရာနှင့် စာရေးဆရာတို့၏ မှတ်တမ်းတင်ရာ အနုပညာဗဟိုချက်လည်း ဖြစ်သည်။ ကုန်းဘောင်ခေတ်နှောင်း ရတနာပုံနေပြည်တော် တည်စကတည်းက စာဆိုတော်ကြီး ဆရာဖေက မန္တလေးမြို့၏ သာယာပုံကို အခုလို လင်္ကာစပ်ဆိုခဲ့ဖူးသည် -
“မြေမြတ်မဟာ၊ မင်္ဂလာနှင့်၊ အခါတော်ပေး၊ နန်းရွှေရေးလို့၊ ဘေးမသီ ရန်မကပ်၊ ရွှေမြို့တော် သမုတ်အပ်ခါမှ၊ သပြေမဏ္ဍိုင်၊ ဗဟိုတိုင်မကု၊ ဇမ္ဗူ့ထိပ်ခေါင်၊ မန္တလေးတောင်ကြီးရဲ့၊ ရိပ်မြောင်မှာ ခိုလှုံ၊ ရတနာပုံ ရွှေမြို့တော်ကြီး။” [၁၉]
အထူးသဖြင့် ကုန်းဘောင်ခေတ်နှောင်း စာဆိုတော်ကြီးများနှင့် လှိုင်ထိပ်ခေါင်တင်၊ ဆရာဖေ စသူတို့၏ ကဗျာများတွင် မန္တလေး၏ နန်းဓလေ့နှင့် မြို့ပြအလှကို အထင်အရှား တွေ့နိုင်ရုံမျှမက၊ ဒုတိယကမ္ဘာစစ်ပြီးခေတ်တွင်လည်း ဆရာဇော်ဂျီ၊ မင်းသုဝဏ် နှင့် ဒဂုန်တာရာ စသည့် စာဆိုကြီးများက မန္တလေး၏ သဘာဝအလှနှင့် ယဉ်ကျေးမှုစရိုက်ကို ကဗျာများဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။[၂၀]
မန္တလေးမြို့သားတို့၏ ယဉ်ကျေးမှုနှင့် ဒြပ်မဲ့ဓလေ့စရိုက်များသည် ကဗျာ၊ စာပေနှင့် သီချင်းများ၌ အမြဲတစေ ထင်ဟပ်လျက်ရှိပြီး "မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား" ဟူသော မြန်မာဆိုရိုးစကားပုံတစ်ခု ရှိခဲ့သည့်အတိုင်း မန္တလေးသူ မန္တလေးသားများသည် စကားကြွယ်ကြသလို စကားပြောဆိုရာတွင်လည်း "ဗျာ"၊ "ရှင်"၊ "ဘုရား" စသည့် အနွတ်အနယ် နာမ်စားများကို သုံးစွဲလေ့ရှိသည်။မန္တလေးသူ/သား တို့၏ ညင်သာသော လေယူလေသိမ်း ယဉ်ကျေးမှုကို ခေတ်ဟောင်း မြန်မာ့အသံ ဓာတ်ပြားသီချင်းများမှစ၍ ယနေ့ခေတ် စာပေများအထိ အမွှန်းတင်လေ့ရှိကြသည်။[၂၁]မန္တလေးသည် ဆိုင်း၊ မင်းသား၊ ပန်းချီ၊ ပန်းပု စသည့် ပန်းဆယ်မျိုး အနုပညာရှင်များ စုဝေးရာ ဖြစ်သည်။ အထူးသဖြင့် သင်္ကြန်ကာလ "မြို့မဆိုင်းဝိုင်း" နှင့်အတူ ဖျော်ဖြေရေးယာဉ်များဖြင့် လှည့်လည်သည့် မြို့ပြအစဉ်အလာကို ကဗျာဆရာ ဒေါင်းနွယ်ဆွေက သူ၏ ထင်ရှားသော လေးဆစ်ကဗျာဖြင့် အခုလို မှတ်တမ်းတင်ခဲ့သည် -
- “နွေဦးက ကြို၊ ပိတောက်ငုံ ပွင့်ချင်စမ်းလှ၊ နန်းကွက်ဆီကို။ မြို့မက နှိုး၊ ငွေငန်းတော် ယဉ်ယဉ်လှည့်လို့၊ ဩော်... မန္တလေးသင်္ကြန်မိုး။”[၂၂]
"အဝတ်တွင် အနော်ရထာ၊ အစားတွင် မန္တလေး" ဟု စာဆိုရှိခဲ့သည့်အတိုင်း မန္တလေးမုန့်တီ (နန်းကြီးသုပ်)၊ မြီးရှေ၊ မန္တလေးပဲကြော် နှင့် ထိုးမုန့်၊ လမုန့် စသည့် သရေစာ ယဉ်ကျေးမှုများသည် အလွန်ကျော်ကြားလှပြီး မြန်မာ့စာပေ စာမြည်းတောဂရက်များတွင် မန္တလေးမြို့၏ ကိုယ်စားပြုသင်္ကေတများအဖြစ် ရေးဖွဲ့ခြင်း ခံရသည်။[၂၃]
မန္တလေးမြို့ပြယဉ်ကျေးမှုသည် ခေတ်ကာလများ ပြောင်းလဲလာသော်လည်း ရှေးမူမပျက်သော ရိုးရာအနုပညာအမြုတေ၊ ဘာသာတရားကို ရိုသေကိုင်းရှိုင်းမှုနှင့် မြို့တော်သားတို့၏ ဧည့်ဝတ်ကျေပွန်မှု စသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် များကို ကဗျာစာပေများနှင့်အတူ ယနေ့တိုင် တန်ဖိုးထား ထိန်းသိမ်းလျက်ရှိသည်။
မန္တလေးမြို့တွင် ဝါကျွတ်ချိန်မှစ၍ တပို့တွဲ၊ တပေါင်းလအထိ ပွဲလမ်းသဘင်များ စဉ်ဆက်မပြတ် ရှိနေတတ်သည်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ အလှူပွဲ၊ ကျောင်းရေစက်ချပွဲ၊ ဘုန်းကြီးပျံ၊ မင်္ဂလာဆောင်၊ အောင်ပွဲ၊ ကလေးမွေးနေ့ပွဲနှင့် ဘောလုံးအနိုင်ရ၍ ဂုဏ်ပြုပွဲ စသဖြင့် လူမှုရေး၊ ဘာသာရေးပွဲများကို ကြံဖန်၍ ပွဲခင်းလေ့ရှိကြသည်။ အထူးသဖြင့် ဘုရားပွဲများတွင် အငြိမ့်၊ ဇာတ်၊ တီးဝိုင်းနှင့် ဆိုင်းများ ဖောဖောသီသီ ပါတတ်ကြပြီး မန္တလေးတွင် “ဘုရားပွဲအစ ဘုရားသုံးဆူက၊ ဘုရားပွဲအဆုံး ဝါခင်းကုန်း” ဟုပင် ဆိုရိုးပြုကြသည်။
ဂီတအနုပညာဘက်တွင်လည်း ၁၉၂၅ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော မန္တလေးမြို့ခံ မြို့မ အပျော်တမ်း တူရိယာအဖွဲ့သည် မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး တူရိယာအသင်းတစ်ခုအဖြစ် ယနေ့တိုင် တည်ရှိနေသည်။[၂၂] ထို့အပြင် မြန်မာ့ဂီတနှင့် သဘင်လောကတွင် ထင်ရှားကျော်ကြားလှသည့် ဂီတစာဆိုကြီးများနှင့် သဘင်ပညာရှင်များဖြစ်ကြသော -
- ဝိုင်အမ်ဘီ ဆရာတင်
- မြန်မာညွန့် ဆရာတင်
- နန်းတော်ရှေ့ ဆရာတင်
- အလင်္ကာကျော်စွာ မြို့မငြိမ်း
- အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်
စသည့် ပုဂ္ဂိုလ်ကျော်များစွာသည် မန္တလေးမြို့မှ ထွက်ပေါ်ခဲ့ပြီး မြန်မာ့အနုပညာသမိုင်းကို ဆင်ယင်ခဲ့ကြသည်။
စီးပွားရေး
[ပြင်ဆင်ရန်]မန္တလေးမြို့သည် မြန်မာနိုင်ငံ အထက်ပိုင်း (အထက်မြန်မာပြည်) ၏ အဓိက စီးပွားရေး၊ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၏ အချက်အချာကျသော မြို့တော်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယစီးပွားရေးမြို့တော်ဟု ဆိုနိုင်ပြီး ပထဝီဝင်အနေအထားအရ အိန္ဒိယ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်ပေးနိုင်သည့် ကုန်းတွင်းဗဟိုချက်တွင် တည်ရှိနေခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် မဟာဗျူဟာမြောက် အရေးပါလှသည်။[၂၄]မန္တလေးသည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် နယ်မြေမှတစ်ဆင့် ဝင်ရောက်လာသည့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ၏ အဓိကအခြေစိုက်ရာနှင့် ဖြန့်ချိရာ ဗဟိုအချက်အချာဖြစ်သည်။ တရုတ်ပြည်မှ တင်သွင်းလာသော လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် စက်ယန္တရားများသည် မန္တလေးမြို့မှတစ်ဆင့် မြန်မာနိုင်ငံအောက်ပိုင်းနှင့် အခြားဒေသများသို့ စီးဆင်းသွားသလို၊ ပြည်တွင်းဖြစ် လယ်ယာထွက်ကုန်များနှင့် ရေထွက်ကုန်များကိုလည်း မန္တလေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ကြသည်။[၂၅] ရှေးမင်းအဆက်ဆက်ကတည်းက တည်ရှိခဲ့သော ဈေးချိုတော်သည် မန္တလေးမြို့၏ စီးပွားရေးပြယုဂ်ဖြစ်ပြီး အထက်မြန်မာပြည်၏ အကြီးဆုံး ကုန်လှောင်ရုံနှင့် လက်ကားဈေးကြီး ဖြစ်သည်။ ထို့ပြင် မန္တလေးပဲနှမ်းကုန်စည်ဒိုင် အစရှိသည့် လယ်ယာထွက်ကုန် ကုန်စည်ဒိုင်ကြီးများသည်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဈေးကွက်ပေါက်ဈေးကို အဆုံးအဖြတ်ပေးနိုင်သည့်အထိ အင်အားတောင့်တင်းသည်။[၂၆]
မန္တလေးမြို့ရှိ "မဟာအောင်မြေ ကျောက်စိမ်းကျောက်မျက်ရတနာဈေး" (ဝိုင်း) သည် ကမ္ဘာ့အကြီးဆုံး ကုန်ကြမ်းကျောက်စိမ်း အကူးအပြောင်းပြုလုပ်ရာ နေရာတစ်ခုဖြစ်သည်။ ဖားကန့်ဒေသမှ ထွက်ရှိသော ကျောက်စိမ်းရိုင်းများနှင့် မိုးကုတ်ဒေသထွက် ကျောက်မျက်ရတနာများသည် မန္တလေးမြို့သို့ ရောက်ရှိလာပြီး၊ ပြည်တွင်းပြည်ပ ကျောက်ကုန်သည်များ (အထူးသဖြင့် တရုတ်ကုန်သည်များ) က ဒေါ်လာသန်းပေါင်းများစွာဖြင့် လာရောက်အရောင်းအဝယ် ပြုလုပ်ကြသည်။[၂၇]
မန္တလေး စက်မှုဇုန်သည် အထက်မြန်မာပြည်တွင် အကြီးဆုံးစက်မှုဇုန်ဖြစ်ပြီး မော်တော်ယာဉ်မွမ်းမံမှုလုပ်ငန်းများ၊ သံရည်ကျိုလုပ်ငန်းများ၊ စိုက်ပျိုးရေးသုံး စက်ကိရိယာ ထုတ်လုပ်မှုများနှင့် စားသောက်ကုန်လုပ်ငန်းများ အခြေစိုက်ရာနေရာဖြစ်သည်။ ရိုးရာလုပ်ငန်းများဖြစ်သည့် ရွှေဆိုင်းခတ်လုပ်ငန်း၊ ပန်းပုလုပ်ငန်း၊ ကြေးသွန်းလုပ်ငန်းနှင့် ပိုးထည်ယက္ကန်းလုပ်ငန်းများသည်လည်း ယဉ်ကျေးမှုအရောအနှောဖြင့် စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးလျက်ရှိသည်။[၂၈]
သယ်ယူပို့ဆောင်ရေး ကွန်ရက်အနေဖြင့်လည်း ဧရာဝတီမြစ်ကြောင်း ပို့ဆောင်ရေး၊ မန္တလေး-မူဆယ် အဝေးပြေးလမ်းမကြီး၊ ရန်ကုန်-မန္တလေး ရထားလမ်းနှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ တည်ရှိခြင်းကြောင့် လူစီးဆင်းမှုနှင့် ကုန်စည်စီးဆင်းမှုတို့တွင် မြန်မာနိုင်ငံမြောက်ပိုင်း၏ အသက်သွေးကြောသဖွယ် ဖြစ်နေသည်။ အကျိုးဆက်အနေဖြင့် မြို့ပြအခြေခံအဆောက်အအုံများနှင့် ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အစရှိသည့် ဝန်ဆောင်မှုကဏ္ဍ များလည်း ခေတ်အဆက်ဆက် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်။
ပညာရေး
[ပြင်ဆင်ရန်]အခြေခံပညာ
[ပြင်ဆင်ရန်]မန္တလေးမြို့တွင် အစိုးရအထက်တန်းကျောင်းပေါင်း ၃၈ကျောင်း ရှိသည်။
အဆင့်မြင့်ပညာ
[ပြင်ဆင်ရန်]- မန္တလေးတက္ကသိုလ်
- ရတနာပုံတက္ကသိုလ်
- မန္တလေးနည်းပညာတက္ကသိုလ်
- နည်းပညာတက္ကသိုလ်(မန္တလေး)
- ဆေးတက္ကသိုလ် (မန္တလေး)
- မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်
- မန္တလေးကွန်ပျူတာတက္ကသိုလ်
- တိုင်းရင်းဆေးပညာတက္ကသိုလ်(မန္တလေး)
- ဆေးဝါးတက္ကသိုလ်(မန္တလေး)
- သူနာပြုတက္ကသိုလ်(မန္တလေး)
- သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)
- အဝေးသင်တက္ကသိုလ်(မန္တလေး)
- ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)
- မန္တလာဒီဂရီကောလိပ်
- သမဝါယမကောလိပ်
- အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)
- ပညာရေးဒီဂရီကောလိပ်
ကျန်းမာရေး
[ပြင်ဆင်ရန်]အစိုးရဆေးရုံများ
[ပြင်ဆင်ရန်]- မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ခေါ် (မန္တလေးပြည်သူ့ဆေးရုံကြီး)
- မန္တလေး ခုတင် (၃၀၀)ဆံ့ သင်ကြားရေးဆေးရုံကြီး
- မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံကြီး
- မန္တလေး ခုတင် (၃၀၀)ဆံ့ ကလေးဆေးရုံကြီး
- မန္တလေး ခုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီး
- မန္တလေး အလုပ်သမား ဆေးရုံ
- မန္တလေး နား နှာခေါင်း လည်ချောင်း ဆေးရုံ
- မန္တလေး စိတ်ကျန်းမာရေး ဆေးရုံ
- မန္တလေး မူးယစ်ဆေးစွဲရောဂါကုဆေးရုံ
- မန္တလေး တီဘီရောဂါကု ဆေးရုံ
- မန္တလေး ကူးစက်ရောဂါကု ဆေးရုံ
- မန္တလေး အရိုး ဆေးရုံ
- မန္တလေး တိုင်းရင်းဆေး ဆေးရုံ
- မန္တလေး သွားဘက်ဆိုင်ရာ သင်ကြားရေးဆေးရုံ
- မန္တလေး တက္ကသိုလ်များဆေးရုံ(ခုတင်-၅၀)[၂၉]
အားကစား
[ပြင်ဆင်ရန်]မန္တလေးမြို့တွင် ရိုးရာအားကစားနည်းများဖြစ်သော ခြင်းလုံး၊ မြန်မာ့သိုင်း စသည့်အားကစားနည်းများသည် လူအများစိတ်ဝင်စားလေ့ရှိသည်။ မဟာမုနိဘုရားကြီးရှိ ခြင်းလုံးအားကစားရုံ၌ နှစ်စဉ်ဇူလိုင်လတွင် ဝါဆိုခြင်းပွဲတော် ကျင်းပလေ့ရှိသည်။ ထို့အပြင် ပုဂ္ဂလိကခြင်းလုံးအားကစားရုံများ၌ ခြင်းလုံးပြိုင်ပွဲများလည်း ကျင်းပလေ့ရှိသည်။ မြန်မာ့သိုင်းအတွက် သိုင်းကလပ်များလည်းရှိသည်။ မြို့တော်ဝန်မီနီမာရသွန်ပွဲကိုလည်း နှစ်စဉ်လွတ်လပ်ရေးနေ့တွင် ကျင်းပလေ့ရှိသည်။[၃၀]မြို့နေလူထုသည် မန္တလေးတောင်နှင့် ကျုံးဘေးများတွင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားနည်းများ ပြုလုပ်လေ့ရှိကြသည်။[၃၁]
ရတနာပုံ ဘောလုံး အသင်းသည် ၂၀၀၉ခုနှစ်တွင် ပေါ်ထွက်လာခဲ့ပြီး မန္တလေးမြို့အခြေစိုက်ဘောလုံးအသင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်အစပိုင်းကာလများတွင် အောင်မြင်မှုများ အတော်အတန်ရရှိခဲ့သောအသင်းဖြစ်ကာ 2010 AFC President Cup (၂၀၁၀ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား) တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီး အဆိုပါ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ၂၀၁၀ တွင်လည်း အနိုင်ရဗိုလ်စွဲ ခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)တို့ ပူးပေါင်းဆောင်ရွက်ပြီး တည်ဆောက်သည့် ဘောလုံးအကယ်ဒမီ (မန္တလေး)လည်းတည်ရှိကာ အောင်မြင်သောဘောလုံးသမားများ မွေးထုတ်ပေးနိုင်ခဲ့သည်။ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)မှာလည်း မြန်မာနိုင်ငံ၏ ဒုတိယမြောက် အားကစားနှင့်ကာယပညာသိပ္ပံဖြစ်သည်။
မြို့၏အားကစားကွင်း/ရုံ အဆင့်အတန်းမှာ ၂၀၁၃ခုနှစ်မတိုင်မီအထိ အဆင့်အတန်း နိမ့်ကျခဲ့သည်။ မြို့နယ်များအလိုက် အားကစားကွင်းများ ရှိသော်လည်း အဆင့်အတန်းမမီပေ။ သမိုင်းဝင် ဗထူး အားကစားကွင်းမှာ မြို့၏အဓိကအားထားရာ အားကစားကွင်းတစ်ခုဖြစ်ခဲ့သည်။[၃၂]၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပွဲစဉ်များကို လက်ခံကျင်းပရန်အတွက် မန္တလာသီရိ အားကစားကွင်းကို တည်ဆောက်ပြီးမှသာ မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်းကြီး ပေါ်ထွက်လာခဲ့သည်။[၃၃] ဗထူးအားကစားကွင်းကို အဆင့်မြှင့်တင်ခြင်း၊ အောင်မြေမန္တလာ အားကစားကွင်း၊ ရွှေမန်းတောင် အားကစားကွင်းကဲ့သို့သော အခြားအားကစားကွင်းများကို အဆင့်မြှင့်တင်ခြင်း၊ ဗထူးအားကစားပြိုင်ဝင်း၊ မန္တလာသီရိအားကစားပြိုင်ဝင်း၊ ရွှေမန်းတောင် လူငယ်လေ့ကျင့်ရေးစခန်းတို့၌ အဆင့်မီမိုးလုံလေလုံအားကစားရုံများ တည်ဆောက်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။[၃၄][၃၅] ၂၀၂၃ခုနှစ်အရောက်တွင် မန္တလေးမြို့၌ မန္တလာသီရိအားကစားကွင်းနှင့် အောင်မြေမန္တလာအားကစားကွင်းတို့မှာ အားကစားနည်းမျိုးစုံကို လက်ခံကျင်းပနိုင်သည့် နိုင်ငံတကာအဆင့်မီ အားကစားကွင်းများ ဖြစ်လာခဲ့သည်။[၃၆]
ညီအစ်မမြို့တော်
[ပြင်ဆင်ရန်]- စီရီဘွန်၊ အင်ဒိုနီးရှား
- ကူမင်း၊ တရုတ်
- ဖနွမ်းပင်၊ ကမ္ဘောဒီးယား
- အောလ်ဆန်မြို့၊ တောင်ကိုရီးယား
ပြခန်း
[ပြင်ဆင်ရန်]- ကုသိုလ်တော်ဘုရား
- အတုမရှိ ရွှေကျောင်းတော်ကြီး
- ကုန်းရိုးဗလီ(၂၆ ဘီလမ်း)
- မန္တလေးမြို့ရိုး
- မန္တလေးလမ်း
- ဘူတာကြီး ရှေ့ မြင်ကွင်း
- နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်
- မန္တလေး တက္ကသိုလ် အဝင်
- မန္တလေးတက္ကသိုလ်
- နိုင်ငံခြားဘာသာသင် တက္ကသိုလ် (အဟောင်း)
- ရွှေကျီးမြင်ဘုရား
- မြို့မ အလှပြယာဉ်
- မန္တလေး မြို့တော်ခန်းမ
- ရတနာပုံတက္ကသိုလ်
- ဗဟိုမဏ္ဍပ်နှင့် မြို့မအလှပြယာဉ်
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Water Purification Plant No. 8 in Aungmyethazan Township 60% Coomplete" (in Burmese) (28 April 2011). Eleven Media Group.
- ↑ အောင်မြေသာစံမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 1 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- 1 2 3 4 United Nations World Urbanization Prospects, 2007 revision။ The United Nations Population Division။ 18 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 January 2009 တွင် ပြန်စစ်ပြီး။
- ↑ Zon Pann Pwint, Minh Zaw and Khin Su Wai (18–24 May 2009). "Mandalay marks 150th birthday".
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 2 June 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 April 2016 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Area Codes။ 1 December 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 March 2016 တွင် ပြန်စစ်ပြီး။
- ↑ ထွန်းဆွေ၊ ဗိုလ်မှူး (2003)။ ဒုတိယကမ္ဘာစစ်နှင့် မန္တလေး။ ချိုတေးသံစာပေ။ pp. 45–48။
- ↑ "မန္တလေးမြို့ မီးဘေးသမိုင်းနှင့် မြို့ပြပြန်လည်ထူထောင်ရေး"၊ မန္တလေးနေ့စဉ်သတင်း၊ 12 March 1984၊ စာ- 2။
- ↑ "မန္တလေးနှင့် အနီးတစ်ဝိုက် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ရှေးဟောင်းအမွေအနှစ်များ ထိခိုက်မှု အခြေအနေ"၊ မြန်မာ့အလင်းသတင်းစာ၊ 16 May 2025၊ စာ- 4။
- ↑ Than, Myint-U (2001). "The Making of Modern Mandalay". Journal of Southeast Asian Studies 32 (2): 180–195.
- ↑ "မန္တလေးလား မန္တရေးလား၊ နှစ် ၁၆ဝ ပြည့်သွားတဲ့ မန္တလေး"။
- ↑ ကြာနီကန်ဆရာတော် ထေရုပ္ပတ္တိနှင့်ဖြစ်ရပ်များ၊ ဦးကျော်ညွန့် (မြန်မာ့အလင်းအယ်ဒီတာ)
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
- 1 2 World Urbanization Prospects: The 2018 Revision။ United Nations Department of Economic and Social Affairs။ 2026-05-18 တွင် ပြန်စစ်ပြီး။
- ↑ Myint-U, Thant (2001). "The Making of Modern Mandalay". Journal of Southeast Asian Studies 32: 185–188.
- ↑ Seekins၊ Donald M. (2006)။ Historical Dictionary of Burma (Myanmar)။ Scarecrow Press။ p. 274။
- ↑ Fink၊ Christina (2001)။ Living Silence: Burma under Military Rule။ Zed Books။ pp. 122။
- ↑ The 2014 Myanmar Population and Housing Census: Mandalay Region။ Department of Population, Ministry of Labour, Immigration and Population (May 2015)။
- ↑ မောင်သန်းဆွေ၊ (ထားဝယ်) (2012)။ ကဗျာထဲက မန္တလေး၊ မန္တလေးက ကဗျာများ။ ရာပြည့်စာပေ။ pp. 34–36။
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "poet". - ↑ လူထုဒေါ်အမာ (1997). "မန္တလေးသူ မန္တလေးသားများနှင့် အပြောအဆို ဓလေ့". မြန်မာ့ဓလေ့ပုံရိပ်များ 2: 14–22.
- 1 2 ဆူးငှက် (2005)။ မန္တလေးအလွှာများနှင့် မြို့မ။ ကြီးပွားရေးစာပေတိုက်။ pp. 112–115။
- ↑ "စာပေထဲက မန္တလေး အစားအသောက်နှင့် ရိုးရာဓလေ့များ"၊ ဟံသာဝတီသတင်းစာ၊ 5 October 1972၊ စာ- 6။
- ↑ Turnell၊ Sean (2009)။ Fiery Dragons: Banks, Moneylenders and Microfinance in Burma။ Nordic Institute of Asian Studies။ pp. 215–218။
- ↑ Seekins, Donald M. (2006). "Mandalay: Burma's Cultural Capital". Historical Dictionary of Burma (Myanmar): 273–275.
- ↑ "မန္တလေး ကုန်စည်ဒိုင်နှင့် အထက်မြန်မာပြည် ကုန်သွယ်မှု အလားအလာ"၊ မြန်မာ့အလင်းသတင်းစာ၊ 22 October 2018၊ စာ- 7။
- ↑ Fink၊ Christina (2001)။ Living Silence: Burma under Military Rule။ Zed Books။ pp. 125။
- ↑ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ အခြေအနေ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 2026-05-18 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 1 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 January 2019 တွင် ပြန်စစ်ပြီး။
- ↑ မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ(၂၀၂၀) ဇန်နဝါရီ ၄ ရက်တွင် ကျင်းပမည်။ 4 June 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 June 2023 တွင် ပြန်စစ်ပြီး။
- ↑ ဝါဆိုခြင်းလုံးပွဲတော်။ 4 June 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 June 2023 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)။
- ↑ Mandalarthiri Stadium။
- ↑ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မန္တလေးတိုင်းဒေသကြီးရှိ အားကစားကွင်း အဆင့်မြင့်တင်ခြင်း လုပ်ငန်းများနှင့် အဆင့်မြင့်မိုးလုံလေလုံ အားကစားရုံ တည်ဆောက်မည့် မြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေး။
- ↑ အောင်မြေမန္တလာ အားကစားကွင်းသစ် ဖွင့်ပွဲနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘောလုံးပြိုင်ပွဲနှင့် အသက် (၁၈) နှစ်အောက် မြို့နယ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ။ 18 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 June 2023 တွင် ပြန်စစ်ပြီး။
- ↑ မန္တလေးတိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် တည်ဆောက်နေမှု လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး။
ပြင်ပလင့်
[ပြင်ဆင်ရန်]
Wikivoyage ရှိ မန္တလေးမြို့ သို့ ခရီးသွားလမ်းညွှန်များ- See also nearby Pyin Oo Lwin, the historic hill station above Mandalay 4 August 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Mandalay Gallery with antique, colonial views of Mandalay
- Mandalay, the Burmese Heartland by Dr. Constance Wilson, Northern Illinois University 15 April 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Asian Historical Architecture – Mandalay by Prof. Robert D. Fiala, Concordia University, Nebraska
- Mandalay Centenary Song by Than Myat Soe 18 February 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . MRTV3
- မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက် 1 February 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . - အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
