ပဲခူးမြို့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
"ပဲခူး" ကို ဤနေရာသို့ ညွှန်းသည်။ တိုင်းဒေသကြီး အတွက် ပဲခူးတိုင်းဒေသကြီး တွင်ရှုပါ။

ပဲခူးမြို့သည် ပဲခူးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်တို့၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရန်ကုန်မြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမအားဖြင့် ၉၁ ကီလိုမီတာ (၅၆.၅ မိုင်)[၁] ကွာဝေးသည်။

ရှေးအခါက ဟံသာဝတီ ဟူသောအမည်ဖြင့် မွန်ဘုရင်တို့၏ နေပြည်တော်အဖြစ်လည်းကောင်း၊ တပင်ရွှေထီးဘုရင့်နောင် နှင့် နန္ဒဘုရင်တို့၏ နေပြည်တော်အဖြစ် လည်းကောင်း အလွန်ပင်ထင်ရှားခဲ့သည့် မြို့တစ်မြို့ ဖြစ်သည်။

အမည်[ပြင်ဆင်ရန်]

ပဲခူး(အသံထွက်=ပဂိုး)ဟူသည်မှာ ဗမာတို့ခေါ်သည့်အမည် မဟုတ်ပေ။ မွန်တို့၏ အခေါ်သာဖြစ်ပြီး အဓိပ္ပါယ်မှာ လှပသောမြို့၊ မြို့လှမြို့ ဟူ၍ဖြစ်သည်။ သို့သော် ထိုအသံထွက်၏ ဆင်းသက်ပုံ အနက်မှာမူ ဤသို့မဟုတ်ပဲ မွန်ဘာသာအားဖြင့် "ဥပါယ်ဂို့ = ဥပါယ်ပြုရာအရပ်" ဟုဆိုကာ သမိုင်းဇာတ်လမ်းနှစ်မျိုး ဖြစ်နေရသည်။

ပထမဇာတ်လမ်းအရ ဟံသာဝတီမြို့ဟူ၍ မွန်လူမျိုးတို့က မြို့တည်ရန် ကြံစည်ရာ အိန္ဒိယလူမျိုးတို့နှင့် နေရာသတ်မှတ်မှု အချင်းများကြရသည်။ အိန္ဒိယသင်္ဘောသားတို့က ဤနေရာသည် မိမိတို့အလျင်ရောက်ပြီး ကျောက်တိုင်စိုက်ထူကာ မှတ်သားခဲ့သည့် နေရာဖြစ်သည်။ ထို့ကြောင့် မိမိတို့သာပိုင်သည်ဟု အခိုင်အမာဆိုသည်ကို မွန်တို့က ပရိယာယ်ပြုပြီး အိန္ဒိယသားတို့၏ ကျောက်တိုင်အောက်တွင် သိကြားမင်းက မွန်တို့အတွက် ကျောက်တိုင်စိုက်ပြီးဖြစ်သည်၊ ထို့ကြောင့် မိမိတို့သာပိုင်သည်ဟု ပြန်လည်ချေပကြသည်။ နောက်ဆုံးတွင် နှစ်ဖက်လုံးက ကျောက်တိုင်ကို တူးပြီး စစ်ဆေးရာ မွန်တို့ ပရိယာယ်အတိုင်း အနိုင်ရ၍ ထိုဒေသကို အပိုင်ရလေသည်။ ထို့ကြောင့် "ဥပါယ်ဂို့" ဟုခေါ်ကာ ကာလကြာသော် "ဥပါယ်ဂို့" မှ "ပဂိုး" ဟုပြောင်းလဲခေါ်လာကြသည်ဟု ဆိုသည်။

အခြားဇာတ်လမ်းတစ်ခုအရမူ ကျူးကျော်လာသည့် အိန္ဒိယသင်္ဘောသားတို့ကို အသားမင်းသားက ပရိယာယ်ဖြင့် စီးချင်းထိုးကာ အနိုင်ရသည့် အရပ်ဖြစ်သည်ကို အစွဲပြု၍ "ဥပါယ်ဂို့" ဟုခေါ်ကာ ကာလကြာသော် "ဥပါယ်ဂို့" မှ "ပဂိုး" ဟုပြောင်းလဲခေါ်လာကြသည်။[၂]

မြန်မာ့စွယ်စုံကျမ်းကမူ ပဲခူးမြို့ဟု ဖြစ်ပေါ်လာရသည်မှာ ဟင်္သာဝမ်းဘဲများ ကူးသန်းကျက်စားရာ အရပ်ဒေသဖြစ်၏။ ရှေးခေတ်အခါက ဝမ်းပဲကူးဟုခေါ်ခဲ့ရာမှ ကာလကြာမြင့်လာသောအခါ ပဲကူး၊ ထိုမှတစ်ဖန် ပဲခူးဟူ၍ ဖြစ်ပေါ်လာသည်ဟု ရေးသားထားသည်။ [၃]

တည်နေရာ နှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

ရန်ကုန်မြို့တော်၏ အရှေ့မြောက်ဖက်၊ ရန်ကုန်မှ မော်တော်ကားလမ်းအားဖြင့် မိုင်၅၀၊ မီးရထားလမ်းအားဖြင့် ၄၈ မိုင်၊ အရှေ့လောင်ဂျီကျုဒ် ၉၆ ဒီဂရီ ၂၉ မိနစ် နှင့် မြောက်လတီတွဒ် ၁၇ ဒီဂရီ ၁၉ မိနစ် အတွင်းတည်ရှိသည်။ ပဲခူးမြို့ဧရိယာ အတွင်းမြို့​ဟောင်းနှစ်ခုရှိသည်။ ယနေ့တိုင် မြို့ရိုးအရာများ အထင်အရှား ကျန်ရှိနေသေးကြောင်း တွေ့မြင်နိုင်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပုဂံခေတ်[ပြင်ဆင်ရန်]

သမိုင်းကြောင်းအရဆိုလျှင် ဟံသာဝတီ-ပဲခူးအားမွန်တို့၏ အုပ်ချုပ်မှုအောက်တွင်ရှိသည်ကို ရှေးဦးစွာတွေ့ရမည်ဖြစ်သည်။ ပုဂံ အနော်ရထာမင်း လက်ထက်တွင် ဥဿာပဲခူး ဟူ၍တွေ့ရပြီး ပဲခူးမင်းအကူအညီတောင်းခံမှုကြောင့် ကျန်စစ်သား၊ငထွေးရူး၊ငလုံးလဖယ် နှင့် ညောင်ဦးဖီး တို့သူရဲကောင်းလေးဦး အားစေလွတ်၍ ကျူးကျော်သူ ကျွမ်းစစ်သည်တို့ကို နှိမ်နှင်းစေကြောင်း၊နောင်တွင် အနော်ရထာ သထုံကိုချီတက်သိမ်းပိုက်စဉ်တွင်လည်း ပဲခူးမှတစ်ဆင့် ချီတက်ကြောင်း၊အနော်ရထာမင်း အလွန်တွင် နန်းတက်သည့် စောလူးမင်းလက်ထက်တွင် ပဲခူးစား ငရမန်ကန်း ပုန်ကန်မှုအကြောင်း အစရှိသဖြင့် ပဲခူးသည် ပုဂံခေတ်ကတည်းက အစပြုကာ မြန်မာ့သမိုင်းစာမျက်နှာပေါ်တွင် အခိုင်အမာနေရာယူပြီးဖြစ်သည်။

မဂဒူးမင်းဆက် နှင့် အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ်[ပြင်ဆင်ရန်]

နောင် ပုဂံအင်အားနည်းချိန်တွင် မွန်တို့က မုတ္တမကို အခြေပြုကာမဂဒူး မင်းဆက် ကိုပြန်လည်ထူထောင်ခဲ့ကြသည်။ ပဲခူးတွင်လည်း အခမမန်းက ပုဂံကို ပုန်ကန်ပြီး သီးခြားမင်းပြုကာနေရာ တရဖျား လက်ထက်ရောက်လျှင် မဂဒူးမင်းဆက်ကို စတင်တည်ထောင်သူ ဝါရီရူး က တရဖျားကို အနိုင်ရပြီး ပဲခူးသည်လည်း မုတ္တမ လက်အောက်ခံအဖြစ်သို့ရောက်ပြန်သည်။ မဂဒူးမင်းဆက် ၈ ဆက်မြောက်ဖြစ်သည့် ဆင်ဖြူရှင် ဗညားဦး လက်ထက်တွင် ပုန်ကန်မှုများကြောင့် မုတ္တမ မှ ပဲခူးတို့ ပြောင်းရွေ့နန်းစိုက်ရသည်။ ဗညားဦး နောက်နန်းတက်သည့် ဗညားနွဲ့လက်ထက်ရောက်သော် အထက်တွင် ပုဂံခေတ်ကုန်ဆုံးပြီး အင်းဝခေတ်ရောက်ကာ အင်းဝတွင် အစဉ်အဆက်ထီးနန်းစိုးစံကြသည် မင်းကြီးစွာ၊သားတော်များဖြစ်သည့် ဆင်ဖြူရှင်၊မင်းခေါင်တို့နှင့် အပြိုင်စစ်ခင်းပြီး သမိုင်းတွင်သည့် အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ် ကိုစတင်စေခဲ့သည်။

တောင်ငူ-ဟံသာဝတီ ခေတ်[ပြင်ဆင်ရန်]

မဂဒူးမင်းဆက် ၁၈ ဆက်မြောက် ဖြစ်သည့် သုရှင်ဒကာရွတ်ပိ လက်ထက်တွင် တောင်ငူမှ အင်အားကြီးလာသည့် တပင်ရွှေထီး၏ ရန်စစ်ကို မခံနိုင်တော့ပဲ ဟံသာဝတီ-ပဲခူးသည် မြန်မာတို့ အပိုင်ဒေသဖြစ်လာပြန်သည်။တပင်ရွှေထီး လုပ်ကြံခံရပြီး မြန်မာတို့ မငြိမ်မသက်ဖြစ်နေချိန်တွင် မွန်မင်းများဖြစ်သည့် သမိန်စက္ကဝေါ နှင့် သမိန်ထောရာမ တို့ နှစ်ဦး အခိုက်အတန့်မျှ အုပ်ချုပ်ခဲ့သော်လည်း ဘုရင့်နောင် တိုက်လျှင် သမိန်ထောရာမ ပြေးသောကြောင့် ဘုရင့်နောင်ဦးဆောင်သည့် မြန်မာတို့မှာ ဟံသာဝတီကို အခြေပြုပြီး ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံတော် ကိုတည်ထောင်ကြသည်။ကမ္ဘောဇသာဒီ နန်းတော်ကိုလည်း တည်ထောင်သည်။ သို့သော်ဘုရင့်နောင် အလွန် သားတော် နန္ဒဘုရင်(ငါးဆူဒယကာ)လက်ထက်တွင် လက်အောက်ခံ ပဒေသရာဇ်တို့ ပုန်ကန်ပြီး ဟံသာဝတီကျဆုံးရပြန်သည်။


ညောင်ရမ်းခေတ်၊ကုန်းဘောင်ခေတ် နှင့် ကိုလိုနီခေတ်[ပြင်ဆင်ရန်]

သို့ဖြင့် ဟံသာဝတီသည် ထီးနန်းစိုက်ရာဒေသအဖြစ်မှ ညောင်ရမ်းခေတ်တွင် လက်အောက်ခံ ပဒေသရာဇ်အဆင့် သို့လျောကျခဲ့သည်။အခိုက်အတန့်အားဖြင့် သာလွန်မင်းတရားကြီး အောက်အရပ်တွင် တိုင်းတပါးသား ငဇင်ကာ အားလာရောက် နှိမ်နှင်းချိန်တွင်သာ ယာယီနန်းစံခဲ့ဖူးသည်။ ညောင်ရမ်းခေတ်နောက်ဆုံးကာလများတွင် ဇင်းမယ်သား ဆင်ဝန်ဦးအောင်လှက ဗညားဒလ ဘွဲ့ခံကာပဲခူးမှ အင်းဝအားထောင်ထားစစ်ပြိုင်ပြုသည်။အနိုင်ရသော်လည်း အလောင်းဘုရား ဦးအောင်ဇေယျ ဦးဆောင်သည့် ဗမာတို့၏ ပြန်လည်တိုက်ခိုက်မှုအောက်တွင်ကျဆုံးရပြန်သည်။ ပဲခူးမြို့ကို ဟံသာဝတီ ၃၂ မြို့ဝန် (ခ) ရန်ကုန်မြို့ဝန်က အုပ်ချုပ်သည်။[၄]သို့ဖြင့် မွန်တို့နှင့်အတူ ဟံသာဝတီ -ပဲခူးမြို့သည်လည်း မင်းနေပြည်တော်အဖြစ်သို့ တစ်ဖန်ပြန်မရောက်တော့ချေ။

သို့သော် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင်မူ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့လုယူအုပ်ချုပ်ရာ အုပ်ချုပ်ရေးဗဟိုအဖြစ် ပဲခူးကို သတ်မှတ်ပြီး တာဝန်ခံအုပ်ချုပ်သူ ကော်မရှင်နာဖြစ်သည့် ဆာ.အာသာဖယ်ယာမှာလည်း ထင်ရှားသူဖြစ်ခဲ့သည်။မြန်မာတစ်ပြည်လုံး အင်္ဂလိပ်အောက်ကျရောက်ပြီးနောက် ရန်ကုန်မြို့ကို အုပ်ချုပ်ရေးဗဟိုအဖြစ် သတ်မှတ်သောကြောင့် ပဲခူးမြို့သည် သာမန်တိုင်းမြို့ကြီးအဖြစ်သာ သတ်မှတ်ခြင်းခံရတော့သည်။

ဗြိတိသျှအစိုးရလက်ထက် ၁၈၇၈ တွင် ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့ ဆက်သွယ်ရာ ပဲခူး စစ်တောင်း တူးမြောင်းကို ဖောက်လုပ်သည်။[၄] ပဲခူးမြို့ မြူနီစီပါယ်အဖွဲ့ကို ၁၈၈၃-ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုနှစ်တွင် မြို့ပေါ်ရှိလူဦးရေမှာ တစ်သောင်းကျော်ကျော်သာ ရှိသေးသည်။ ၂၇၊ ဖေဖော်ဝါရီ ၁၈၈၄ တွင် ပဲခူး ရန်ကုန် မီးရထားလမ်းကို ဖောက်လုပ်ပြီးစီးသည်။[၄] မြို့အနောက်ပိုင်းကို ၁၈၈၅-ခုနှစ်တွင် မြူနီစီပါယ် နယ်နိမိတ်အတွင်း ပါဝင်ဖွဲ့စည်းခဲ့သည်။ ၁၉၁၁-ခုနှစ်တွင် ပဲခူးမြို့ လူဦးရေမှာ ၁၇၁၀၄-ဦးအထိ တိုးတက်များပြားလာသည်။

ပဲခူးမြို့လယ်၊ ပဲခူးမြစ်လယ်ပေါ်တွင် ဖြတ်ကူးထားသော သံတံတားကြီးကို ၁၈၈၆-၁၈၈၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ၎င်းတံတားကြီးမှာ အင်္ဂလန်မှ မှာယူစဉ်က ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ ကုလားတန်မြစ်ပေါ်တွင် တည်ဆောက်ရန် ဖြစ်သော်လည်း တံတားမှာ တိုလွန်းနေ၍ ပဲခူးမြို့သို့ ပို့ပေးပြီး ပဲခူးမြစ်ကူး သံတံတားကြီးအဖြစ် တည်ဆောက်လိုက်ကြခြင်း ဖြစ်သည်။ ရခိုင်မှတစ်ဆင့် သယ်ယူခအပါအဝင် ကုန်ကျငွေ စုစုပေါင်း ၅၅၇၁၈-ကျပ် ဖြစ်ပေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ပျက်စီးသွားပြီဖြစ်၍ ယခုအခါ မရှိတော့ပေ။ [၅]

အထင်ကရနေရာများ[ပြင်ဆင်ရန်]

ထင်ရှားပုဂ္ဂိုလ်[ပြင်ဆင်ရန်]

  1. မြို့မဆရာတော်ကြီး ရှင်ဣန္ဒာစာရ (ဝမ်းဘဲအင်းရွာ)
  2. အိုင်စီအက်စ် ဦးတင်ထွဋ်
  3. ဗန်းမော် တင်အောင်
  4. ခေတ်ဟောင်းအဆိုတော် ရုပ်ရှင်မင်းသမီး ခင်ခင်ရီ (ညောင်ဝိုင်းရပ်)
  5. တရားသူကြီးချုပ် ဦးအောင်တိုး
  6. လင်းယုန်နီ (လိပ်ပြာကန်ရပ်)
  7. ဒေါက်တာစိုးရင်
  8. စာရေးဆရာ ဒါရိုက်တာ သာဓု
  9. မောင်ကိုယု (ဇိုင်းဂနိုင်းတောင်ပိုင်း)
  10. ဒေါက်တာကျော်စိန်
  11. အမျိုးသားကျောင်းအုပ်ကြီး ဦးသန်း[၄]

ဆက်စပ်လေ့လာရန်[ပြင်ဆင်ရန်]



ဓာတ်ပုံစုစည်းမှုများ[ပြင်ဆင်ရန်]

  1. Google Map
  2. သမိုင်းဝင်ငလျင်ကြီးများနှင့် ကျော်ဇောထင်ရှားသည့် မော်ဓောရှင်ဘုရား
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၆
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၇၄. 
  5. လွင်မောင် ရေးသော မှတ်တမ်းသမိုင်း ပဲခူး-မကွေးတိုင်း၊ ၁၉၇၅၊ ဇူလိုင်လ၊ စာ-၂၅