ဂျီစီဘီအေ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
State seal of Myanmar.svg
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်

မြန်မာအသင်းချုပ်ကြီး၏ အမည်ကို အင်္ဂလိပ်ဘာသာဖြင့် General Council of Burmese Associations ဟု ခေါ်သည်။ ထိုအင်္ဂလိပ်စကားကို အတိုချုံး၍ ဂျီ၊ စီ၊ ဘီ၊ အေဟု ခေါ်ကြပြန်သည်။ မြန်မာအသင်းချုပ်ကြီးသည် ထိုအတိုချုံးထားသော အင်္ဂလိပ်စကားအတိုင်း နိုင်ငံအဝှန်း၌ အမည်တွင်လေသည်။

ပေါ်ပေါက်လာပုံ[ပြင်ဆင်ရန်]

မြန်မာအသင်းချုပ်ကြီးမှာ မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးသည့်နောက် လူထုစည်းရုံးမှုဖြင့် ရှေးဦးစွာ တစ်ညီတစ်ညွတ်တည်း ဖွဲ့စည်းခဲ့သော နိုင်ငံရေး အဖွဲ့အစည်းကြီး ဖြစ်သည်။ ထိုအသင်းကြီး ပေါ်ပေါက်လာပုံ ဇစ်မြစ်ကို ရှာဖွေလျှင် 'ဝိုင်၊ အမ်၊ ဘီ၊ အေ'ဟု အင်္ဂလိပ်ဘာသာစကားဖြင့် အတိုကောက် ခေါ်ဝေါ်အပ်သော ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း၌ တွေ့ရသည်။

၁၉၂ဝ ပြည့်နှစ် ပြည်မြို့တွင် ကျင်းပသော ဝိုင်၊ အမ်၊ ဘီ၊ အေ နှစ်ပတ်လည် အစည်းအဝေး၌ နိုင်ငံရေး စည်းရုံးမှု အရှိန်တက်ကြွနေသည်ကို ထောက်ရှု၍ ဦးဘလှိုင်နှင့် ဦးကွန်းတို့က ဝိုင်၊ အမ်၊ ဘီ၊ အေ အစား ပိုမိုကျယ်ပြန့်သော မြန်မာအသင်းချုပ်ကြီး တည်ထောင်ရန် အဆိုသွင်းသည်။ ယင်းအဆိုကို အတည်ပြုလိုက်ကြသဖြင့် ဝိုင်၊ အမ်၊ ဘီ၊ အေ၏ အမည်သည် ဂျီ၊ စီ၊ ဘီ၊ အေ မြန်မာအသင်းချုပ်ကြီးဟူသော အမည်သို့ ပြောင်းလဲလာခဲ့လေသည်။ ထိုအချိန်တွင် ရဟန်းတော် အချို့သည် ဝံသာနုနှင့် နိုင်ငံရေး စိတ်ဝင်စားလာကြသောကြောင့် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် သံဃသာမဂ္ဂီအသင်း များကို အင်တိုက်အားတိုက် ဖွဲ့စည်းတည်ထောင်ကြလေသည်။ ထိုသို့ ဖွဲ့စည်းသည့် သံဃသာမဂ္ဂီတို့သည် ဂျီ၊ စီ၊ ဘီ၊ အေ ကို တက်ကြွစွာ ထောက်ခံအားပေးလာကြလေသည်။

အသင်းချုပ်၏ တိုးတက်မှု[ပြင်ဆင်ရန်]

၁၉၂၁ ခုနှစ်တွင် ဂျီ၊ စီ၊ ဘီ၊ အေ အသင်းချုပ်၏ လက်အောက်၌ ဝိုင်၊ အမ်၊ ဘီ၊ အေ အသင်းအပြင် ဝိုင်၊ဒဗလျူ၊ ဘီ၊ အေ ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝ ကုမ္မာရီအသင်းလည်း ရှိလေသည်။

ဝိုင်၊ ဒလျူ၊ ဘီ၊ အေ ဟူသော ဝေါဟာရမှာ 'ယန်းဝင်းမင်း ဗုဒ္ဓစ် အက်စို စီအေရှန်း'ဟူသော အင်္ဂလိပ်အမည် အတိုကောက် ဖြစ်သည်။ ထိုအသင်း ၂ သင်းနှင့် အလားတူ အမျိုးသမီး၊ အမျိုးသား အသင်းပေါင်း ၂ဝဝဝ ကျော်မျှ ရှိခဲ့သည်။ ဂျီ၊ စီ၊ ဘီ၊ အေ အသင်းဝင်များသည် မြန်မာပြည်ဖြစ် အထည်များကို ဝတ်ဆင်ကြရန်၊မြန်မာအချင်းချင်း ချစ်ခင်ညီညွတ်စွာ ရိုင်းပင်း ကူညီကြရန် စသည်တို့ကို လှုံ့ဆော်ပေးသည်။ထိုကြောင့် မြန်မာ တောင်သူလယ်သမားအပေါင်းတို့က ဂျီ၊ စီ၊ ဘီ၊ အေကို ဝံသာနုအသင်းဟု ခေါ်လာကြ၍ ထိုဝံသာနုအသင်းတို့မှာ ၁ဝဝဝ ကျော်မျှ ပွားများလာသည်။ ဝံသာနု အသင်း တစ်သင်း လျှင် လူပေါင်း ၂ဝ ကျော်မှသည် ၅ဝဝ ကျော်အထိ ရှိလေသည်။ အသင်း၏ တည်ရာဌာနမှာ ရန်ကုန်မြို့ လွစ္စလမ်း၌ ဖြစ်သည်။

နိုင်ငံရေး ဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

၁၉၂၁ ခုနှစ်တွင် အိန္ဒိယပြည်ဆိုင်ရာဝန်ကြီးက ပါလီမန်သို့ ထောက်ခံချက်တစ်ခု တင်သွင်းလိုက်လေသည်။ ထိုထောက်ခံအရချက်မှာ အုပ်ချုပ်မှုပြုပြင် ပြောင်းလဲရေးများကို မြန်မာပြည်အား ပေးအပ်ရန်ဖြစ်သည်။ ထိုပြုပြင်ရေး စီမံချက်များအရ ဆာအေ၊ အက်(ဖ)ဝှိုက် ခေါင်းဆောင်၍ ဝှိုက်ကော်မတီဟု တွင်သော မြန်မာပြည် ပြုပြင်ပြောင်းလဲရေး ကော်မတီသည် မြန်မာပြည်သို့ ပေးအပ်ရမည့် မဲဆန္ဒအခွင့်အရေး ဗဟိုအစိုးရက သီးသန့်ယူထားမည့် အုပ်ချုပ်ရေးဌာန၊ လွှဲပြောင်းပေးမည့် အုပ်ချုပ်ရေးဌာနတို့ကို မြန်မာပြည်သို့ လာရောက်စုံစမ်းရာတွင် ဂျီ၊ စီ၊ ဘီ၊ အေသည် ဝှိုက်ကော်မတီကို သပိတ်မှောက်ခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် ဗြိတိသျှပါလီမန်က မြန်မာပြည်အား ပေးအပ် ရန် ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဥပဒေဖြင့် အတည်ပြုလိုက် လေသည်။ ထိုအခါ ၁၂၈၄ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၆ ရက် (ခရစ် ၁၉၂၂ ခုနှစ်)တွင် သရက်မြို့၌ ကျင်းပသော ဂျီ၊ စီ၊ ဘီ၊ အေ အထူးကွန်ဖရင့် အစည်းအဝေးကြီးက 'ဒိုင်အာခီ' သည် လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ရေး မဟုတ်၊ လမ်းခုလတ်သာ ဖြစ်၍ ဝီလဆန်၏ ၁၄ ချက်နှင့်မညီ'ဟု ယူဆပြီးလျှင် ဟုမ္မရူး ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးရမှသာ တင်းတိမ်နိုင်မည်ဟုဆိုကာ မြန်မာပြည် ဥပဒေပြုကောင်စီကို သပိတ်မှောက်လိုက်သည်။

နှစ်စုကွဲခြင်း[ပြင်ဆင်ရန်]

သို့သော် ခရစ် ၁၉၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာပြည်အတွက် ဒိုင်အာခီအုပ်ချုပ်ရေးစနစ်သည် စတင် အာဏာတည်လေသည်။ ထိုအုပ်ချုပ်ရေးစနစ်အရ မြန်မာ သည် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲတို့ကို ၁၉၂၂ ခု နိုဝင် ဘာလကစ၍ ကြိုတင်ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲ ကျင်းပ ရန် အချိန်ရောက်လာသည်တွင် ဥဒပေပြုကောင်စီကို သပိတ် မှောက်လိုသူ တစ်စု၊ မမှောက်လိုသူတစ်စု နှစ်စုကွဲကာ ဝိဝါဒ ဖြစ်ကြလေသည်။ ဦးဘဖေ၊ ဦးဘလှိုင်၊ ဦးပု၊ မန္တလေး ဦးဘဦး အမှူးရှိသော ပုဂ္ဂိုလ် ၂၁ ဦးက ဒိုင်အာခီစနစ်ကို လက်ခံ၍ ဥပဒေပြုကောင်စီထဲမှနေ၍ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုတို့ ကို အရေးဆိုမည်ဟု ကျေညာခဲ့သည်။ ထိုပုဂ္ဂိုလ် ၂၁ ဦးသည် လည်း မူရင်း ဂျီ၊ စီ၊ ဘီ၊ အေ မှ ခွဲထွက်၍ မိမိတို့အသင်းကို အမည်မပေးဘဲ ဂျီ၊ စီ၊ ဘီ၊ အေ ဟူ၍ပင် မှည့်ခေါ်လေသည်။ သို့သော် ခွဲထွက်ရေးသွားသော ခေါင်းဆောင် ၂၁ ဦးအစွဲပြု၍ ၂၁ ဦးပါတီဟု အများက ခေါ်ကြလေသည်။ မူရင်း ဂျီ၊ စီ၊ ဘီ၊ အေ တွင် ဦးချစ်လှိုင်၊ သာယာဝတီ ဦးပုနှင့် ဦးထွန်း အောင်ကျော်တို့ ကျန်ရစ်ခဲ့၍ ယင်း ဂျီ၊ စီ၊ ဘီ၊ အေကို လှိုင်၊ ပု၊ ကျော် ပါတီဟူ၍ ခေါ်ကြသေးသည်။ ဒိုင်အာခီ အုပ်ချုပ်ရေး စနစ် ပေါ်ပေါက်လာသော မြန်မာပြည် ဥပဒေပြုကောင်စီတွင် အမတ်ပေါင်း ၁ဝ၃ ဦးရှိသည့် အနက် ၈၄ ဦးသည် အများ ပြည်သူတို့က ရွေးကောက်တင်မြှောက်ခြင်း ခံရသူများ ဖြစ် သည်။ ထို ၈၄ ဦးအနက် ၂၁ ဦး ပါဝင် ၂၈ ဦးသာလျှင် အမတ်အဖြစ် အရွေးခံခဲ့ရလေသည်။ ၁၉၂၃ ခုနှင့် ၁၉၂၄ ခုနှစ် တွင် အိန္ဒိယ ဥပဒေပြု အောက်လွှတ်တော်အတွက် မြန်မာ ပြည်မှ ကိုယ်စားလှယ်များ အသစ်ရွေးချယ်ရာ၌မူကား မူလ ဂျီ၊ စီ၊ ဘီ၊ အေ အသင်းကြီးသည် သပိတ်မှောက်ခြင်း မပြုဘဲ ဝင်ရောက် အရွေးခံရာ ထိုအသင်းဝင်ချည်းသာ အရွေးခံရသည်။

ဝံသာနုအသင်း[ပြင်ဆင်ရန်]

မူလ မြန်မာအသင်းချုပ်ကြီးသည် ဦးချစ်လှိုင် ဂျီ၊ စီ၊ ဘီ၊ အေ ဟူ၍သာမက ဝံသာနု ဂျီ၊ စီ၊ ဘီ၊ အေ ဟူ၍လည်း တွင် လာသည်။ ၂၁ ဦး ဂျီ၊ စီ၊ ဘီ၊ အေ နှင့် အပြိုင်ဖြစ်သော် လည်း အင်အား ဆုတ်ယုတ်ခြင်း မရှိပေ။ ၁၉၂၃ နှင့် ၁၉၂၄ ခုနှစ်များတွင် တိုင်းပြည်လူထု နိုးကြားမှုကို မနားမနေ ဆောင်ရွက်ရာ တိုင်းသူပြည်သားတို့၏ ထောက်ခံမှုကို များစွာ ရခဲ့လေသည်။ ၁၉၂၃ ခုနှစ်တွင် အစိုးရနှင့် မဆက်ရေးဟူသော ကြွေးကြော်သံဖြင့် 'ဘူး'အသင်းများသည် ဟင်္သာတနယ်၌ ပေါ်ပေါက်လာခဲ့ဘူးသည်။ ထိုအသင်းများသည် ဝံသာနု ဂျီ၊ စီ၊ ဘီ၊အေ က လှုံ့ဆော်ပေးသော စိတ်ဓာတ်တို့ဖြင့် တည်ထောင်ကြသည်ဟု ယူဆရန် အကြောင်းရှိလေသည်။ သို့သော်များ မကြာမီ ထိုအသင်းများကို အစိုးရက မတရားအသင်းဟု ကြေငြာလိုက်လေ သည်။

သမ္မတ ဦးချစ်လှိုင်[ပြင်ဆင်ရန်]

၁၂၈၆ ခုနှစ် ကဆုန်လ (ခရစ် ၁၉၂၄ ခုနှစ် မေလ)တွင် ၁၁ ကြိမ်မြောက် ဂျီ၊ စီ၊ ဘီ၊ အေ ကွန်ဖရင့်ကို ပေါင်းတည်မြို့၌ ကျင်းပရာ နယ်မှ ကိုယ်စားပေါင်း ၁ဝ,ဝဝဝ ကျော် တက်ရောက်ကြသည်။ ထိုအစည်းအဝေးက ဦးချစ်လှိုင်ကိုပင် ဥက္ကဋ္ဌ တင်မြှောက်လိုက်သည်။ယခင်က သရက်မြို့တွင် ကျင်းပခဲ့သော ကွန်ဖရင့်မှ အစပြု၍ ဦးချစ်လှိုင်အား သမ္မတ တင်မြှောက်ခဲ့သည်ကို ပေါင်းတည် ကွန်ဖရင့်က ထပ်မံ အတည်ပြုလိုက်သည်။ ဤသည်တွင် ဂျီ၊ စီ၊ ဘီ၊ အေ ဥက္ကဋ္ဌများကို သမ္မတဟု ချီးကျူးခေါ်ဝေါ်သော အလေ့အထတစ်ရပ် ပေါ်လာခဲ့လေသည်။

ဖိနှိပ်ခြင်း[ပြင်ဆင်ရန်]

၁၂၈၆ ခုနှစ် (ခရစ် ၁၉၂၄ခုနှစ်)တွင် မန္တလေးမြို့၌ ဆရာတော် ဦးဥတ္တမအား ကြိုဆိုရန် ဝံသာနုများ စီတန်းလှည့် လည်စဉ် ပုလိပ်တို့က တားဆီးရိုက်နှက်ကြရာ ရဟန်းရှင်လူတို့ ဒဏ်ရာရကြသည်။ ဆရာတော် ဦးစန္ဒီမာမှာ သေနတ်ဒဏ်ရာနှင့် ပျံလွန်တော် မူခဲ့လေသည်။ ထိုနှစ်အတွင်း၌ပင် ဆရာတော် ဦးဥတ္တမအား ရာဇသတ်ပုဒ်မ ၁၂၄(က)နှင့် ထောက်ဒဏ် ၃ နှစ်အပြစ် ပေးလိုက်သည်ကို အကြောင်းပြု၍ ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ ဖိုက်စကွဲယား (ယခု ဗန္ဓုလ)ပန်းခြံ၌ သံဃာတော်များ၊ အမျိုးသားနှင့် အမျိုးသမီးများ ပါဝင်သော ဆန္ဒပြ အစည်းအဝေးကြီးကို မြင်းစီးပုလိပ်တို့က မြင်းနှင့် တိုက်၊ တုတ်နှင့်ရိုက်၍ ဖျက်ဆီးလေည်။ ဤသို့ ဖိနှိပ်သော အခြင်းအရာကို အရှိန်ပြင်း၍လာလေလေ ဂျီ၊ စီ၊ ဘီ၊ အေ ၏ အင်အားမှာ ညီညွတ်တောင့်တင်းလာလေလေ ဖြစ်တော့သည်။

ဒုတိယအကြိမ် နှစ်စုကွဲခြင်း[ပြင်ဆင်ရန်]

သို့ရာတွင် ပုဂ္ဂိုလ်စွဲ သဘောကွဲလွဲမှုတို့ကြောင့် တမျိုးသား လုံးညီညွတ်ရေးမှာ အစဉ်အလာကြီးတစ်ရပ် ဖြစ်လာလောက် အောင် ကြာရှည်စွာ မခံခဲ့ရချေ။ ၁၂၈၆ ခုနှစ်တွင် ပုသိမ်ခရိုင် ငဝန် ရေကာတာကျိုးသဖြင့် ကယ်ဆယ်ရေး ရံပုံငွေ ကောက်ခံသော ကိစ္စနှင့် စပ်လျဉ်း၍ အချင်းချင်း သဘောကွဲလွဲလာကြသည်။ ဦးချစ်လှိုင်ကို သံဃဩဝါဒမခံဟု စွပ်စွဲလာကြသည်။ ထိုကြောင့် ၁၂၈၇ ခုနှစ် (ခရစ် ၁၉၂၅ ခုနှစ်)တွင် ရွှေဘို၌ ကျင်းပသော ၁၂ ကြိမ်မြောက် ကွန်ဖရင့်သည် ဦးချစ်လှိုင်အား ဥက္ကဋ္ဌအဖြစ် ပြန်လည် မရွေးကောက်တော့ဘဲ ဦးစိုးသိမ်းကို ဥက္ကဋ္ဌ တင်မြှောက်လိုက်လေသည်။ ဤတွင် ဦးချစ်လှိုင်သည် အညမည သမ္ဗန္ဓအဖွဲ့ဟူသော အမည်ဖြင့် သီးခြား ဂျီ၊ စီ၊ ဘီ၊ အေ အသင်းကို တည်ထောင်ပြန်လေသည်။

ဒုတိယအကြိမ် ဒိုင်အာခီ ရွေးကောက်ပွဲ[ပြင်ဆင်ရန်]

ဒိုင်အာခီစနစ်အရ ဒုတိယအကြိမ် ရွေးကောက်ပွဲ ကျင်းပရန် အချိန်သည် နီးကပ်လာပြန်လေသည်။ ထိုအခါ သပိတ်မှောက် ဝံသာနု ဂျီ၊ စီ၊ ဘီ၊ အေ မှ ခေါင်းဆောင်အချို့ တို့သည် သပိတ်လှန်၍ ရွေးကောက်ပွဲ ဝင်ကြသည်။ ယင်း အချိန်၌ သာယာဝတီ ဦးပုခေါင်းဆောင်သော ဟုမ္မရူးပါတီ၊ ဦးတုတ်ကြီး ခေါင်းဆောင်သော သရာဇပါတီတို့လည်း ပေါ် ပေါက်လာခဲ့ပြီ။ ရွေးကောက်ပွဲပြီးသောအခါ ၂၁ ဦးဂိုဏ်း၊ ဟုမ္မရူးဂိုဏ်းနှင့် သရာဇဂိုဏ်းတို့သည် ရည်ရွယ်ချက်ခြင်း တူရာတို့၌ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ ဤသို့လျှင် ဒိုင်အာခီ အုပ်ချုပ်ရေးကို အထောက်အပံ့ပြုသည့် အင်အားစုတို့မှာ လွှတ်တော်၌ များပြားလာသည်နှင့်အမျှ ဂျီ၊ စီ၊ ဘီ၊ အေ လည်း အင်အားဆုတ်ယုတ်လာခဲ့သည်။

ဂျီ၊ စီ၊ ဘီ၊ အေ ကွန်ဖရင့်များ[ပြင်ဆင်ရန်]

ဂျီ၊ စီ၊ ဘီ၊ အေ သည် နှစ်လည် အစည်းအဝေးများကို တစ်နှစ်လျှင် တစ်မြို့ကျ စည်းဝေးလေ့ ရှိသည်။ ဂျီ၊ စီ၊ ဘီ၊ အေ ခေတ်မမှိန်မီ ကျင်းပကြသော နှစ်လည် အစည်းအဝေး တို့မှာ တိုင်းသူပြည်သားတို့၏ ညီညွတ်သော အင်အားစုကို ပြခဲ့ပေသည်။ ဂျီ၊ စီ၊ ဘီ၊ အေ ၏ သမိုင်း၌ ထင်ရှားသော နှစ်လည် အစည်းအဝေးတို့၏ ကျင်းပသော နေရာနှင့် နေ့ရက် ကို ဖော်ပြရလျှင် အောက်ပါအတိုင်း ဖြစ်သည်။ဝိုင်၊ အမ်၊ ဘီ၊ အေ အသင်းချုပ်အနေနှင့် သတ္တမမြောက် နှစ်လည် အစည်းအဝေးကို ၁၉၁၉ ခုနှစ် အောက်တိုဘာလ တွင် ပုသိမ်မြို့၌ ကျင်းပခဲ့သည်။ အဋ္ဌမမြောက် အစည်းအဝေး ကို ပြည်မြို့၌ ကျင်းပသည်။၁၂၈၃ ခုနှစ် (ခရစ် ၁၉၂၁ ခုနှစ်) သီတင်းကျွတ်လဆုတ် ၅ ရက်နေ့တွင် မန္တလေးမြို့၌ နဝမ ကွန့်ဖရင်ခေါ် ၉ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပခဲ့ရာ ထိုကွန်ဖရင့်မှာ ဂျီ၊ စီ၊ ဘီ၊ အေ၏ သမိုင်းတွင် အထင်ရှားဆုံး ဖြစ်သည်။ ဤအစည်းအဝေးသို့ လူပေါင်း ၁ဝဝဝဝဝ ကျော် တက်ရောက်ခဲ့လေသည်။ ထိုအစည်းအဝေးကြီးက အမျိုးသားအောင်ပွဲနေ့ကို တန်ဆောင်လဆုန် ၁ဝ ရက် နေ့တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ရာ ယနေ့တိုင်အောင် အမျိုးသား နေ့ဟူ၍ ပြည်ထောင်စုမြန်မာ နှစ်စဉ် ကျင်းပလေ့လာလျက် ရှိသည်။

ဟုမ္မရူးခေါ် ကိုယ်ပိုင် အုပ်ချုပ်ရေးကို တောင်းဆိုလာသော သရက်မြို့ ကွန်ဖရင့်ကြီးမှာ၁ဝ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးဖြစ်၍ ၁၂၈၄ ခုနှစ် (ခရစ် ၁၉၂၂ ခုနှစ်)တန်ဆောင်မုန်းလဆုတ် ၆ ရက် နေ့တွင် ကျင်းပခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် ပျဉ်းမနား၌ ဦးချစ်လှိုင် ဂျီ၊ စီ၊ ဘီ၊ အေ ကွန်ဖရင့် ပြုလုပ်ခဲ့သည်။ ၁၉၂၄ ခုနှစ်၌ ဦးချစ်လှိုင် ဂျီ၊ စီ၊ ဘီ၊ အေသည် ပေါင်းတည် ကွန်ဖရင့် ကျင်းပစဉ် ဟင်္သာတ၌ ညီညွတ်ရေး ကွန်ဖရင့်ကျင်းပ၍ ဂျီ၊ စီ၊ ဘီ၊ အေ ကွဲနေသည် ကို ရင်ကြားစေ့အောင်တိုက်တွန်းခဲ့၏။သို့သော် မအောင်မြင်ခဲ့ချေ။ ၁၉၂၅ ခုနှစ်တွင်ဦးချစ်လှိုင် ဂျီ၊ စီ၊ ဘီ၊ အေသည် မင်းဘူး၌ စည်းဝေးခဲ့ပြီး နောက် စင်ပြိုင် ကွန်ဖရင့်များ ပေါ်လာခဲ့သည်။

စင်ပြိုင် ဂျီ၊ စီ၊ ဘီ၊ အေများ[ပြင်ဆင်ရန်]

၁၉၂၆ ခုနှစ်တွင် ဦးချစ်လှိုင်၏ ဂျီ၊ စီ၊ ဘီ၊ အေသည် မကွေးမြို့၌ နှစ်လည်အစည်းအဝေး ကျင်းပစဉ် သရက်မြို့၌ ဦးစိုးသိမ်း ဂျီ၊ စီ၊ ဘီ၊ အေကလည်း နှစ်လည် အစည်းအဝေး ကျင်းပခဲ့၏။ ဦးစိုးသိမ်းသည် မူရင်း ဝံသာနု ဂျီ၊ စီ၊ ဘီ၊ အေတွင် ၁၂ ကြိမ်မြောက် နှစ်လည် အစည်းအဝေးမှသည် ၁၅ ကြိမ်မြောက်အထိ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ဦးစိုးသိမ်း၏ နိုင်ငံရေးအယူအဆမှာ အစိုးရနှင့် လုံးဝမဆက်ဆံရေး၊ အာဏာ ဖီဆန်ရေး၊ ခွန်တော်မပေးရေးဟူသော အယူအဆဖြစ် သည်။ ၁၂၉၁ ခုနှစ် (ခရစ် ၁၉၂၈ ခုနှစ်) တန်ခူးလတွင် တောင်ငူမြို့ ၌ ကျင်းပသော ကွန်ဖရင့်တွင် မြန်မာပြည်ကို အိန္ဒိယမှခွဲထုတ်ပါက အထက်ပါလမ်းစဉ်အတိုင်း ဆောင်ရွက်မည်ဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ထိုပြင် အပျော်တမ်းတပ်များ ဖွဲ့စည်းရန် ကိုလည်း ဆုံးဖြတ်ကြသည်။ ထိုဆုံးဖြတ်ချက်တို့ကို နိုင်ငံရေး၌ အကြမ်းဖက်၍ ဆောင်ရွက်သည်ဟု ရဟန်းရှင်လူတို့က ယူဆကာ ထိုကွန်ဖရင့်ကို သပိတ်မှောက်ခဲ့ကြလေသည်။ သပိတ်မှောက်သူတို့သည် ဗဟို ဂျီ၊ စီ၊ ဘီ၊ အေ အမည်ဖြင့် ဂိုဏ်းခွဲ၍ စင်ပြိုင် အဖွဲ့တည်ထောင်ကြလေသည်။ တောင်ငူကွန်ဖရင့်တွင် နောင်သောအခါ သာယာဝတီ ဂဠုန် ပုန်ကန်မှုကြီးကို ခေါင်းဆောင်မည့် ဆရာစံမှာ ဦးစိုးသိမ်းအဖွဲ့၌ အရေးပါသူ တစ်ဦးပင် ဖြစ်၏။ အပျော်တမ်းတပ်များ ဖွဲ့စည်းရန် တိုက်တွန်းသူလည်း ဖြစ်၏။ ထိုဗဟို ဂျီ၊ စီ၊ ဘီ၊ အေ၌ ဦးစုသည် ဥက္ကဋ္ဌ ဖြစ်လာသည်။

ဂျီ၊ စီ၊ ဘီ၊ အေ နှင့် ခွဲရေးတွဲရေး[ပြင်ဆင်ရန်]

၁၉၃ဝ ပြည့်နှစ်၌ မြန်မာပြည်တွင် ဒိုင်အာခိအုပ်ချုပ်ရေးကို ဖျက်သိမ်း၍ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပေးအပ်ရန်ဟူသော နိုင်ငံရေး လှုပ်ရှားမှုကြီး ပေါ်လာခဲ့သည်။ ထိုအခါ ဆာဂျွန် ဆိုင်မွန် အမှူးပြုသဖြင့် ဆိုင်မွန် ကော်မရှင်ဟု တွင်သော အိန္ဒိယ စတက်ကျုထရီကော်မရှင်သည် မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်သင့်သည်ဟု အစီရင်ခံစာ တင်သွင်းလေသည်။ ဤတွင် အိန္ဒိယနှင့် မြန်မာ တွဲရေးခွဲရေး ပြဿနာသည် ပေါ်ပေါက်လာခဲ့လေသည်။ ထိုပြဿနာသည် ၁၉၃၂ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အခြေခံ ဝိဝါဒတစ်ရပ် ဖြစ်လာခဲ့ရာ ဦးချစ်လှိုင်၊ ဂျီ၊ စီ၊ ဘီ၊ အေ၊ ဦးစိုးသိမ်း ဂျီ၊ စီ၊ ဘီ၊ အေနှင့် ဦးစု ဂျီ၊ စီ၊ ဘီ၊ အေတို့သည် တွဲရေးဖက်မှ အတိအလင်း ဆောင်ရွက်ခဲ့သည်။ ၂၁ ဦးအဖွဲ့ကား ခွဲရေးအတွက် ဆောင်ရွက်သည်။ တွဲရေးအတွက် ဆောင်ရွက်ရန် အဖွဲ့အစည်းတစ်ခု လိုအပ်သည်ဟု သဘောရရှိကြသောအခါ တွဲရေးသမားတို့သည် ဒေါက်တာဘမော်အား ခေါင်းဆောင် အဖြစ်ဖြင့် ရွေးကောက် တင်မြေ|ာက်ကြလေသည်။ များမကြာမီ ဦးစိုးသိမ်း ဂျီ၊ စီ၊ ဘီ၊ အေ၏ ဩဝါဒစရိယ ဆရာတော်ဖြစ် သော သက်ပန်းဆရာတော်နှင့် ဒေါက်တာဘမော်တို့ သဘော ကွဲလွဲသည့်အခါ မြေစိုဆရာတော်အား ဩဝါဒစရိယ အရာ၌ တင်မြှောက်ကြလေသည်။ ထိုမြေစိုဆရာတော်၏ ဂျီ၊ စီ၊ ဘီ၊ အေ တွင် ဗန္ဓုလဦးစိန်သည် ဥက္ကဋ္ဌ ဖြစ်လာသည်။ မြေစို ဆရာတော် ပျံလွန်သောမူသောအခါ ထိုဂျီ၊ စီ၊ ဘီ၊ အေ အသင်းကို မင်္ဂလွန်း ဆရာတော်က ဩဝါဒစရိယ အနေဖြင့် ဆောင်ရွက်လေရာ မင်္ဂလွန်း ဂျီ၊ စီ၊ ဘီ၊ အေ ဟု ခေါ်ကြပြန်သည်။ ထိုနောက်၌ကား မင်္ဂလွန်း ဂျီ၊ စီ၊ ဘီ၊ အေ သည် ဆင်းရဲသား ဝံသာနုအဖွဲ့ချုပ်ဟူ၍ ပြောင်းလဲလာခဲ့ပြန်လေသည်။ မြန်မာပြည်အက်ဥပဒေ (၁၉၃၅)အရ မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်၍ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲခြင်းကို ပေးအပ်လိုက်သဖြင့် ၁၉၃၆ ခုနှစ် နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပသည့်အခါ ဂျီ၊ စီ၊ ဘီ၊ အေဟူသော အမည်သည် လုံးဝကွယ်ပျောက်သွားလေသည်။

[၁]

အခြားကြည့်ရန်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)