စစ်ကိုင်းခရိုင်

ဝီကီပီးဒီးယား မှ
စစ်ကိုင်းခရိုင်
စစ်ကိုင်း-ရွှေဘိုလမ်းပေါ်ရှိ စစ်ကိုင်းခရိုင် အဝင် ဆိုင်းဘုတ်
စစ်ကိုင်း-ရွှေဘိုလမ်းပေါ်ရှိ စစ်ကိုင်းခရိုင် အဝင် ဆိုင်းဘုတ်
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
စစ်ကိုင်းခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
စစ်ကိုင်းခရိုင်
စစ်ကိုင်းခရိုင်
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
ကိုဩဒိနိတ်: 22°00′N 95°37′E / 22.000°N 95.617°E / 22.000; 95.617ကိုဩဒိနိတ်: 22°00′N 95°37′E / 22.000°N 95.617°E / 22.000; 95.617
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
မြို့နယ်ပေါင်း
မြို့တော်စစ်ကိုင်းမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

စစ်ကိုင်းခရိုင် (အင်္ဂလိပ်: Sagaing District) သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်တစ်ခုဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ စစ်ကိုင်းမြို့ဖြစ်သည်။

ပါဝင်သောမြို့နယ်များ[ပြင်ဆင်ရန်]

စစ်ကိုင်းခရိုင်မြို့နယ်များ
  စစ်ကိုင်းမြို့နယ်
  မြင်းမူမြို့နယ်
  မြောင်မြို့နယ်

စစ်ကိုင်းခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

ပထဝီဝင်အ​နေအထား[ပြင်ဆင်ရန်]

တည်​နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

စစ်ကိုင်းခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး၏ အောက်ဘက်အကျဆုံးခရိုင်ဖြစ်သည်။ အကျယ်အဝန်းမှာ ၁၈၂၅ စတုရန်းမိုင် ဖြစ်သည်။

နယ်နိမိတ်[ပြင်ဆင်ရန်]

စစ်ကိုင်းခရိုင်၏ အရှေ့ဘက်တွင် ဧရာဝတီမြစ်ခြားလျက် မန္တလေးတိုင်းမှ အောင်မြေသာစံခရိုင်မဟာအောင်မြေခရိုင်အမရပူရခရိုင်၊ တောင်ဘက်တွင် ဧရာဝတီမြစ်ခြားလျက် မန္တလေးတိုင်းမှ တံတားဦးခရိုင်နှင့် မြင်းခြံခရိုင်၊ အနောက်ဘက်တွင် မကွေးတိုင်းမှ ပခုက္ကူခရိုင်၊ မြောက်ဘက်တွင် မုံရွာခရိုင်နှင့် ရွှေဘိုခရိုင်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

စစ်ကိုင်းခရိုင်သည် အများအားဖြင့် မြေပြန့်လွင်ပြင်များ၊ ကုန်းနိမ့်များ ပေါများသည်။ စစ်ကိုင်းမြို့နယ်တွင်မူ တောင်ကုန်း၊ တောင်တန်း အနည်းငယ်ရှိသည်။ စစ်ကိုင်းခရိုင်အတွင်း နုံးတင်မြေနုလွင်ပြင်များမှစ၍ သစ်ပင် ဝါးပင်မပေါက်သော ကျောက်တောင်များအထိ ပါဝင်ရကား၊ မြေမျက်နှာပြင်မှာ အသွင်အမျိုးမျိုးဖြစ်နေလေသည်။ စစ်ကိုင်းတောင်တန်းမှာ ပေ ၇ဝဝ ကျော်မှ ၁၃၇၃ ပေ အထိ မြင့်သည်။ မိုးအခါတွင် ဧရာဝတီမြစ်သည် စစ်ကိုင်းခရိုင်၏ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးလေ့ရှိသည်။ ဧရာဝတီမြစ်ကမ်းနှင့် မြစ်အတွင်းရှိ ကျွန်းကြီးကျွန်းငယ်များမှာ နှစ်စဉ်ရေလွှမ်းမိုးရာတွင် တင်ကျန်ရစ်သော နုံးတင်မြေနုများကြောင့် မြေဩဇာကောင်းပေသည်။ တောင်ကုန်းဒေသများမှာမူ ခြောက်သွေ့၍ သစ်ပင်ဝါးပင် ကင်းမဲ့လျက်ရှိ၏။

ရေဆင်း[ပြင်ဆင်ရန်]

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များသည် စစ်ကိုင်းခရိုင်၏ နယ်နိမိတ်များအဖြစ် စီးဆင်းနေသည်။ မူးမြစ်သည် ခရိုင်အတွင်း ဖြတ်သန်းစီးဆင်းသည်။ ရေမျက်ကြီးအင်း၊ ရေခါးအင်း၊ ကောင်းမှုတော်အင်းအပါအဝင် အင်းကြီးများရှိသည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်သည် မြောင်မြို့နယ်အနီးတွင် ပေါင်းဆုံသည်။

လူဦးရေ[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းအရ စစ်ကိုင်းခရိုင်၏ လူဦးရေမှာ ၅၂၀,၅၉၁ ဖြစ်သည်။ စစ်ကိုင်းခရိုင်တွင် စစ်ကိုင်းမြို့နယ်သည် လူဦး​ရေ သုံးသိန်း​ကျော်ဖြင့် အများဆုံးဖြစ်သည်။ စစ်ကိုင်းခရိုင်တွင် လူဦး​ရေ (၁၀၅,၇၈၅)ဦးသည် မြို့ပြတွင် ​နေထိုင်ကြပြီး မြို့ပြ​နေလူဦး​ရေရာခိုင်နှုန်းမှာ ၂၀.၃ ရာခိုင်နှုန်းဖြစ်သည်။ [၁]စစ်ကိုင်းခရိုင်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ချင်း၊ကရင်နှင့် ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ ခရိုင်အတွင်း အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယ၊တရုတ်၊ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန်နှင့် အခြားစသည့်လူမျိုးများလည်း နေထိုင်ကြသည်။

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၂၀၁၄ ၅၂၀၅၉၁—    
Source: ၂၀၁၄ သန်းခေါင်စာရင်း

စီးပွား​ရေး[ပြင်ဆင်ရန်]

မိုးနည်းပါးသောဒေသ ဖြစ်သည့်အတိုင်း၊ ဂျုံစပါး၊ လူး၊ ဆပ်၊ ပဲ၊ ဝါဂွမ်း၊ မြေပဲ၊ နှမ်း စသည်တို့ကို အများဆုံးစိုက်ပျိုးကြ၍ မြေနုလွင်ပြင်များတွင် စပါး၊ ဆေးရွက်နှင့် ပဲအမျိုးမျိုးကိုစိုက်ကြသည်။ တောင်ကုန်းများနှင့် ခြောက်သွေ့သော ဒေသများတွင် ဝါဂွမ်းကို အများအပြား စိုက်ပျိုးကြသည်။ စစ်ကိုင်းနှင့်မြင်းမူနယ်များမှာ မြေပြန့်လွင်ပြင်ဖြစ်သည်။ မြင်းမူနယ်မှဝါဂွမ်းအများဆုံးထွက်ရာ ဝါစက်ကြီးများ မြင်းမူမြို့တွင်ရှိသည်။ တံငါလုပ်ငန်းနှင့် ထုံးဖုတ်ခြင်း၊ အိုးလုပ်ခြင်း၊ ထန်းတက်ခြင်းစသော လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်အတွင်း ဆားတောင်၊ ပဒူတောင်ကြား၊ ရေခါးစသော ဒေသများတွင် ဆားချက်ကြသည်။ ကောင်းမှုတော်၊ ငတယော်နှင့် ရွာသစ်ကြီး အင်းများတွင်ကား တံငါလုပ်ငန်း အကြီးအကျယ်လုပ်ကိုင်ကြလေသည်။

စစ်ကိုင်းခရိုင်သည် မိုးနည်းပါး၍ အပူပိုင်းဒေသဖြစ်သော်လည်း၊ ဧရာဝတီ၊ မူး၊ ချင်းတွင်းစသော မြစ်ကြီးများကြောင့် လေအေးတိုက်ခတ်၍ မျှတသောရာသီဥတုရှိ၏။ တပေါင်း၊ တန်ခူး နှစ်လတွင်သာ အနည်းငယ် ပူအိုက်သည်။

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

စစ်ကိုင်းခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီးသို့ဝင်ရောက်ရာ ပင်မတံခါးပေါက်တစ်ခုဖြစ်သည်။ မြန်မာပြည်အောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသည် ဧရာဝတီတံတား (ရတနာပုံ)အင်းဝတံတားဆင်ဖြူရှင်တံတားတို့ကို ဖြတ်သန်း၍ စစ်ကိုင်းတိုင်းသို့ ဝင်ရောက်နိုင်သည်။ အင်းဝတံတားနှင့် ဆင်ဖြူရှင်တံတားတို့သည် ရထားများ ဖြတ်သန်းသွားလာနိုင်သည်။

ထင်ရှား​သော ​နေရာများ[ပြင်ဆင်ရန်]

စစ်ကိုင်းခရိုင်တွင် ရှေးမြန်မာမင်းများ၏ နေပြည်တော်ဖြစ်သော စစ်ကိုင်းမြို့တော်ဟောင်း ရှိသောကြောင့် ထင်ရှားကျော်စောသည်။ ထိုမြို့ဟောင်းနေရာများနှင့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးများတွင် မင်းအဆက်ဆက် တို့ တည်ခဲ့သော တန်ခိုးကြီးဘုရားစေတီများ ပေါများလှပေသည်။ စစ်ကိုင်းတောင်ရိုးမြောက်ဘက် မန္တလေးမြို့အထက် တစ်ဖက်ကမ်းရှိ မင်းကွန်းပုထိုးတော်ကြီးမှာ ကမ္ဘာပေါ်ရှိ အုတ်ဖြင့်ဆောက်လုပ်သော အကြီးဆုံး အဆောက်အအုံများတွင် အပါ အဝင်ဖြစ်သည်။ ဘုရားကြီး၏ မြောက်ဘက်ရှိ မင်းကွန်းခေါင်းလောင်းတော်ကြီးမှာလည်း ကမ္ဘာပေါ်ရှိ ချိတ်ဆွဲထားသည့် ခေါင်းလောင်းများတွင် အကြီးဆုံးဖြစ်၍ ထင်ရှားလေသည်။

၁၉၃၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော အင်းဝတံတားကြီးသည် စစ်ကိုင်းခရိုင်ရှိ စစ်ကိုင်းမြို့နှင့် မန္တ​လေးခရိုင်ရှိ အမရပူရမြို့ဘက်ကမ်းကို ဆက်သွယ်ထား၍ မီးရထား၊ မော်တော်ကားတို့ ဖြတ်ကူးနိုင်သည်။ ဤတံတားကြီးဖြင့် ရန်ကုန်မှ မြစ်ကြီးနားသို့ မီးရထားသည် တောက်လျှောက်သွားနိုင်ခဲ့ရာမှ ဒုတိယကမ္ဘာစစ်အတွင်းက ဖျက်ဆီးခြင်း ခံခဲ့ရသည်ကို မြန်မာနိုင်ငံတော်အစိုးရတို့က ပြန်လည်ပြင်ဆင် ခဲ့ရာ၊ ၁၉၅၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထိုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး ကိုယ်တိုင် တံတားကြီးကို အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့လေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)