အလက်ဇန္ဒား မက္ကင်ဇီ

ဝီကီပီးဒီးယား မှ
ဆာ အလက်ဇန္ဒား မက္ကင်ဇီ
မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီး
တာဝန်သက်တမ်း
၁၈၉၀ – ၁၈၉၅
ယခင်လူချားလ်စ် ကရော့စ်ဝိတ်
ဆက်ခံသူဖရက်ဒရစ် ဖရိုင်ယာ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1842-06-28)၂၈ ဇွန်၊ ၁၈၄၂
ဒမ်ဖရိုင်း၊ စကော့တလန်
ကွယ်လွန်၁၀ နိုဝင်ဘာ၊ ၁၉၀၂(1902-11-10) (အသက် ၆၀)
ဟုမ်းဘူရီ စိန့်မေရီ၊ ဆာရေး
အလုပ်အကိုင်ကိုလိုနီ အုပ်ချုပ်ရေး အရာရှိ

ဆာ အလက်ဇန္ဒား မက္ကင်ဇီ (၁၈၄၂ ဇွန် ၂၈ - ၁၉၀၂ နိုဝင်ဘာ ၁၀) သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ဗြိတိသျှ ကိုလိုနီ အရာရှိတစ်ဦးဖြစ်ပြီး ၁၈၉၀ မှ ၁၈၉၅ အထိ မြန်မာနိုင်ငံ၏ မဟာဝန်ရှင်တော်မင်းကြီး အဖြစ်လည်းကောင်း ဘင်္ဂလားပြည်နယ်၏ ဒုတိယဘုရင်ခံ အဖြစ် ၁၈၉၅ မှ ၁၈၉၈ အထိ လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၁]

ငယ်ဘဝ[ပြင်ဆင်ရန်]

ဆာ အလက်ဇန္ဒား မက္ကင်ဇီ အား စကော့တလန်နိုင်ငံ ဒမ်ဖရိုင်းတွင် ၁၈၄၂ ခုနှစ် ဇွန် ၂၈ တွင် မွေးဖွားသည်။ ပရက်စ်ဘီတေးရီးယန်းဂိုဏ်း ခရစ်ယာန် တရားဟောဆရာ ဂျွန် ရောဘတ်ဆန် မက္ကင်ဇီ နှင့် ဟန်တလီမှ ဒေါက်တာဂျိမ်းစ် ခရစ်စတီး ၏ စတုတ္ထမြောက်သမီး အလက်ဇန္ဒရီးနား တို့၏ သားသမီး ၁၁ ယောက်တွင် အကြီးဆုံး ဖြစ်သည်။ ၁၈၄၇ ခုနှစ်တွင် မိသားစုသည် ဘာမင်ဟမ်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး မက္ကင်ဇီသည် ထိုအရပ်ရှိ ဆဋ္ဌမမြောက် ဂျော့ဘုရင် ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက် ကိန်းဘရစ်ချ်ရှိ ထရီနီတီ ကောလိပ်တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ သူသည် ကောလိပ်ကျောင်း စာမေးပွဲတွင် ကောင်းမွန်စွာ အောင်မြင်ခဲ့သော်လည်း သူသည် ဂန္ထဝင် ထရိုင်ပို့စ် ဘာသာတွဲကို မယူခဲ့သဖြင့် အင်္ဂလိကန် စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ခြင်း မရှိခဲ့ပေ။ သူသည် ၁၈၆၁ ခုနှစ် ဇူလိုင်တွင် အိန္ဒိယ ဝန်ထမ်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပြီး ဒုတိယ ရရှိခဲ့သည်။[၂]

အိန္ဒိယနိုင်ငံသို့ ဝန်ထမ်းအဖြစ် ရောက်ရှိခြင်း[ပြင်ဆင်ရန်]

မက္ကင်ဇီသည် အိန္ဒိယနိုင်ငံသို့ ၁၈၆၂ ခုနှစ် ဒီဇင်ဘာလတွင် ရောက်ရှိခဲ့သည်။ နောက်တစ်နှစ်တွင် သူသည် မဒရပ်စ် စစ်တပ်မှ ကာနယ် ဒဗလျူ ဘရမ်နာ၏ သမီးထွေး ဂျော်ဂျီနာ လူဝစ်ဆာ နှင့် လက်ထပ်ခဲ့သည်။ သူသည် ဘင်္ဂလားတွင် လက်ထောက်တရားသူကြီး နှင့် အခွန်ကောက် အရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၈၆၆ တွင် ဒေသအစိုးရ၌ အလုပ်သင် အတွင်းဝန် နှင့် အငယ်တန်း အတွင်းဝန် ဖြစ်လာခဲ့သည်။ သူသည် ပြည်နယ်တွင်း နိုင်ငံရေးဆိုင်ရာ ကိစ္စများအတွက် တာဝန်ရှိသူဖြစ်ပြီး ထိုစဉ်က ဘင်္ဂလားပြည်နယ် အတွင်း၌ အာသံပြည်နယ်ပါ ပါဝင်သည်။ ဆာဝီလီယမ် ဂရေး၏ တာဝန်ပေးချက်အရ သူသည် ဘင်္ဂလား အရှေ့မြောက်နယ်စပ်အတွက် မှတ်တမ်း (၁၈၆၉)​ အမည်ရှိသည့် အစီရင်ခံစာကို ရေးသားခဲ့ပြီး ၁၈၈၄ တွင် အစိုးရနှင့် ဘင်္ဂလား အရှေ့မြောက်နယ်စပ်ရှိ တောင်ကုန်းနေ လူမျိုးစုများ ဆက်ဆံရေး သမိုင်း(၁၈၈၄) အဖြစ် ပြုပြင်မွမ်းမံ ရေးသားခဲ့သည်။ ပွင့်လင်းစွာ ရေးသားထားသော မှတ်တမ်းသည် နှစ်ပေါင်းများစွာတိုင်အောင် စံအဖြစ် အသုံးဝင်ခဲ့သည်။ ထို့နောက် သူသည် အခွန်ဘုတ်အဖွဲ့၏ အတွင်းဝင် (၁၈၇၅-၁၈၇၆) ၊ မာရှီဒါဘတ်ဒ်၏ တရားသူကြီးနှင့် အခွန်ကောက် အရာရှိ (၁၈၇၆-၁၈၇၇)၊ အခွန်ဘုတ်အဖွဲ့၏ အတွင်းဝန် (၁၈၇၇) နှင့် ဘင်္ဂလားအစိုးရ၏ ဘဏ္ဍာရေး အတွင်းဝန် (၁၈၇၇-၁၈၈၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်ဆုံး ရာထူးနှင့် အတူ သူသည် ၁၈၇၉ ခုနှစ် ဇန်နဝါရီတွင် ပြည်နယ် ဥပဒေပြု လွှတ်တော်၏ အမတ် ဖြစ်လာသည်။ ၁၈၈၂ တွင် အုပ်ချုပ်ရေးကောင်စီ၏ ပြည်ထဲရေးဝန်ကြီး အဖြစ် ၁၈၈၂ ခုနှစ် ဧပြီလတွင် ခန့်အပ်ခြင်း ခံရသည်။ သူငယ် နယ်စား လော့ဒ် ရီပွန်၏ စီမံကိန်းနှင့် နီးစပ်ကြောင်း ပြသခဲ့ပြီး ဒေသတွင်း ကိုယ်ပိုင်အစိုးရ နှင့် ငွေကြေးရင်းနှီးမှုရှိသော ပုဂ္ဂလိကလုပ်ငန်းများကို အားပေးခြင်းတို့ အတွက် ဖြစ်သည်။ ထို့ပြင်သူသည် ၁၈၈၅ ခုနှစ် ဘင်္ဂလား အိမ်ငှားဥပဒေ နှင့် ငှားရမ်းခ ဥပဒေတို့ကို ဖော်ဆောင်ရာတွင် များစွာ ပံ့ပိုးခဲ့သည်။ ၁၈၈၆ တွင် စီအက်စ်အိုင် အဖြစ် သူကောင်းပြုခြင်း ခံရသည်။ မက္ကင်ဇီသည် အလယ်ပိုင်းပြည်နယ်များသို့ မဟာဝန်ရှင်တော်မင်းကြီးအဖြစ် ၁၈၈၇ ခုနှစ်တွင် ရောက်ရှိခဲ့သည်။​သို့သော် ပြုပြင်ပြောင်းလဲရေး အတွက် သူ၏ အစီအစဉ်များမှာ ပြည်နယ် ကော်မရှင်၏ စစ်သားအဖွဲ့ဝင်များနှင့် သဘောတူညီချက် မရသဖြင့် နှောင့်နှေးခဲ့ရသည်။[၂]

မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီး[ပြင်ဆင်ရန်]

၁၈၉၀ ခုနှစ် ဒီဇင်ဘာလတွင် မက္ကင်ဇီအား မြန်မာနိုင်ငံသို့ မဟာဝန်ရှင်တော်မင်းကြီး အဖြစ် ခန့်အပ်ခဲ့ပြီး နောက်တစ်လတွင် သူ့အား ကေစီအက်စ်အိုင် အဖြစ် သူကောင်း ပြုခဲ့သည်။ သူသည် တောင်တန်းဒေသနေ လူမျိုးစုများ၏ ပုန်ကန်မှုကို နှိမ်နင်းရန် စစ်ရဲတပ်ရင်း ၁၇ ခု သို့ ၁၈ ခုမျှ စေလွှတ်ခဲ့သည်။ ၁၈၉၂ ခုနှစ်သို့ ရောက်သော အခါတွင် အခြေအနေအားလုံးအား တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့ပြီဟု အစီရင်ခံခဲ့ပြီး စစ်ရဲအရေအတွက်ကို လျှော့ချခဲ့သည်။[၂]

အိန္ဒိယနိုင်ငံ​သို့ ပြန်လည်ရောက်ရှိခြင်း[ပြင်ဆင်ရန်]

၁၈၉၂ တွင် သူ၏ ဇနီး ကွယ်လွန်ခဲ့ပြီး ထိုမှစ၍ ၂ နှစ်တိုင်အောင် သူသည် ဗြိတိန်တွင် ခွင့် ဖြင့် နေထိုင်ခဲ့သည်။ ထိုအချိန်အတွင်း ၁၈၉၃ ဩဂုတ် ၁၅ တွင် အင်ဂျင်နီယာ ရပ်ဖ် အဲလီယော့၏ သမီး မေဘယ် အဲလိဇဘက် နှင့် ထပ်မံ လက်ထပ်ခဲ့သည်။ သူတို့သည် သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့သည်။ ၁၈၉၅ တွင် သူသည် အိန္ဒိယအစိုးရ၏ ယာယီအဖွဲ့ဝင်အဖြစ် ပြန်သွားခဲ့ပြီး ဒီဇင်ဘာလတွင် ဘင်္ဂလား၏ ဒုတိယ ဘုရင်ခံ ဖြစ်လာခဲ့သည်။

မက္ကင်ဇီ၏ လော့ဒ်ရီပွန်နှင့် နီးစပ်မှုကြောင့် အိန္ဒိယသတင်းစာများမှ သူ့အား ကြိုဆိုခဲ့သည်။ သို့သော်လည်း ကလကတ္တား စည်ပင်သာယာ ဥပဒေ ကို ပြင်ဆင်ရန် စတင်လုပ်ဆောင်သည့် အခါတွင် အိန္ဒိယတို့၏ အမျိုးသားရေး စိတ်ဓာတ်များကြောင့် သူနှင့် စိတ်ဝမ်းကွဲခဲ့သည်။ သူ၏ အစိုးရမှ မြို့၏ အရေးကိစ္စများတွင် ဥရောပသားများမှ အရေးပါသော လွှမ်းမိုးမှု ရှိသင့်သည်ဟု ယူဆပြီး လက်ရှိဥပဒေတွင် အလယ်အလတ်တန်းစား ဟိန္ဒူများ၏ လက်တွင် စည်ပင်သာယာ အာဏာများ ရှိနေခဲ့သည်။ လော့ဒ် ခရူဇုန်မှ ပြင်ဆင်လိုက်သော ဥပဒေတွင် အရာရှိများနှင့် ဥရောပ ကုန်သည်များ၏ ကိုယ်စားပြုမှုကို ပိုမို၍ အားပေးခဲ့ပြီး ထိုဥပဒေအား မက္ကင်ဇီ အငြိမ်းစားယူပြီး ၁၈၉၉ တွင် အတည်ပြုခဲ့သော အခါ ရွေးကောက်ခံရသော အိန္ဒိယ ဝန်ရှင်တော်မင်းကြီးသည် ယခင်က တစ်ခါမှ မရှိခဲ့ဖူးသည့် သပိတ်မှောက်ခြင်း အနေနှင့် အမျိုးသားရေး သမားများနှင့် တစ်သားတည်း ဖြစ်ကြောင်းပြသရန် အတွက် စည်ပင်သာယာမှ နုတ်ထွက်ခဲ့သည်။

ထိုအချိန်၌ပင် မက္ကင်ဇီသည် ဘင်္ဂလားပြည်နယ်အား အိန္ဒိယအစိုးရထံမှ ဘဏ္ဍာရေးဆိုင်ရာ တောင်းဆိုမှုများမှ အကာအကွယ် ပေးခဲ့သည်။ ၁၈၉၆ တွင်သူသည် မြို့တော်ပြင်ပ ဒေသများ၌ စည်ပင်သာယာ၏ အာဏာကို တိုးမြှင့်ခဲ့သည်။ ထို့ပြင် သူမတိုင်မီ တာဝန်ယူခဲ့သူ ဆာ ချားလ် အဲလိယော့ မှ ဘီဟာ နှင့် ဩရိသ တို့တွင်စတင်ခဲ့သော အရေးပါသည့် မြေယာ နေရာချထားရေး စီမံကိန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။ မက္ကင်ဇီသည် ကျန်းမာရေး အခြေအနေကြောင့် ၁၈၉၆-၁၈၉၇ ငတ်မွတ်ခေါင်းပါးမှုဘေး အတွင်းတွင် ကိုယ်တိုင် ကွင်းဆင်းကြီးကြပ်ရန် မဖြစ်နိုင်ခဲ့သော်လည်း ပေါ်လစီများကို လမ်းညွှန်ပေးခဲ့သဖြင့် ရလာသော စီးပွားရေး ရလဒ်များမှာ သူ့ကြောင့်ဟု ဆိုနိုင်သည်။ ပလိပ်ရောဂါကြောင့် ဖြစ်သော ပြဿနာမှာ ပိုမိုဆိုးရွာပြီး သူ၏ အစီအမံများကြောင့် ၁၈၉၈ ဧပြီလ ဘုံဘေတွင် စတင်ဖြစ်ပွားပြီး နှစ်နှစ်ကြာသည် အထိ ဘင်္ဂလားအား ရောဂါဘေးမှ ကာကွယ်ပေးထားနိုင်ခဲ့သည်။ ရောဂါအမျိုးမျိုးကြောင့် မက္ကင်ဇီ၏ ကျန်းမာရေး အခြေအနေ ဆိုးရွားလာခဲ့ပြီး ၁၈၉၈ ခုနှစ် ဧပြီလတွင် သူသည် ရာထူးမှ နုတ်ထွက်ခဲ့သည်။ မက္ကင်ဇီ အုပ်ချုပ်ခဲ့သော ပြည်နယ် ၃ ခုတွင် တစ်ခုမျှ သူ၏ ပေးထားသော ကတိကဝတ် အကြီးကြီးများကို မဖော်ဆောင်နိုင်ခဲ့ပေ။ သူသည် ရုံးကိစ္စနှင့် စာရွက်စာတမ်းကိစ္စများအား အုပ်ချုပ်ရေး ကိစ္စများထက် ပိုမို စွမ်းဆောင်နိုင်သည်။ အင်္ဂလို အင်ဒီးယန်းများကြားတွင် သူ့အား ထိုအချိန်က အစွမ်းဆောင်နိုင်ဆုံး လူဟု သတ်မှတ်ကြသော်လည်း ဘင်္ဂလား အမျိုးသားရေး ဝါဒီများ အတွက်မူ သူ၏ အုပ်ချုပ်ရေး ကာလသည် အမှတ်ရစရာ မရှိခဲ့သော ကာလဖြစ်သည်။[၂]

အင်္ဂလန်သို့ ပြန်သွားခြင်း[ပြင်ဆင်ရန်]

မက္ကင်ဇီသည် အင်္ဂလန်သို့ ပြန်သွားပြီးနောက် ကုမ္ပဏီအချို့တွင် ဒါရိုက်တာ အဖြစ် ဆောင်ရွက်ခဲ့ပြီး သာသနာပြုစင်မြင့်များပေါ်တွင် ဟောပြောခဲ့ကာ မေရီလဘုန်း ပရက်စ်ဘီတေးရီးယန်း ဘုရားကျောင်း၏ အလုပ်များတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၀၁ တွင် ပလိုင်းမောက်အတွက် လစ်ဘရယ် အမတ်လောင်း အဖြစ် ရွေးချယ်ခံရသော်လည်း ကျန်းမာရေး မကောင်းသဖြင့် ပြန်လည် နုတ်ထွက်ခဲ့သည်။ သူသည် ၁၉၀၂ နိုဝင်ဘာ ၁၀ ရက်တွင် ဆာရေးရှိ ဒေါ်ကင်အနီး တည်ရှိသော ဟုမ်းဘူရီ စိန့်မေရီရှိ သူ၏ အိမ်ဖြစ်သော ရက်ဒနာတွင် ကွယ်လွန်ခဲ့ပြီး အူးဟတ်စ်ဘုရားကျောင်းတွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။ သူ၏ ဒုတိယ ဇနီးသည် ကျန်ရစ်ခဲ့ပြီး သူ၏ ဇနီးမှာ ပထမ ဘာရွန် ဖာရာ၏ ဒုတိယသား နိုယယ် ဖာရာနှင့် မကြာမီ ထပ်မံ လက်ထပ်ခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.brebner.com/obituaries/alex_mackenzie_obit.pdf
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ Mackenzie, Sir AlexanderOxford Dictionary of National Biography။ Oxford University (2012-01-05)။ 2020-08-09 တွင် ပြန်စစ်ပြီး။