မော်လမြိုင်မြို့
| မော်လမြိုင် မတ်မလီု | |
|---|---|
| မြို့ | |
|
မော်လမြိုင်မြို့တော် မြင်ကွင်းအစုံစုံ | |
| မော်လမြိုင်မြို့ တည်နေရာပြ မြေပုံ | |
| ကိုဩဒိနိတ်: 16°29′N 97°37′E / 16.483°N 97.617°E | |
| နိုင်ငံ | |
| ပြည်နယ် | |
| ခရိုင် | မော်လမြိုင် |
| အစိုးရ | |
| လူဦးရေ (၂၀၁၄) | |
| • စုစုပေါင်း | ၂၂၉,၅၂၀ [၁] |
| • လူမျိုးများ | ဗမာ၊ မွန်၊ကရင်၊ အိန္ဒိယနွယ်ဖွား |
| • ကိုးကွယ်ယုံကြည်မှု | ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ |
| အချိန်ဇုန် | မြန်မာစံတော်ချိန် |
| ဧရိယာကုဒ် | ၀၅၇[၂] |

မော်လမြိုင်မြို့ (မွန်: မတ်မလီု၊ အင်္ဂလိပ်: Mawlamyine (သတ်ပုံဟောင်း – Moulmein)) သည် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ရန်ကုန်မြို့မှ ကီလိုမီတာ ၃၀၀ (၁၈၅ မိုင်) ကွာဝေးပြီး သထုံမြို့မှ ၇၀ ကီလိုမီတာ အသီးသီး ကွာဝေးကြသည်။ ဤမြို့သည် သံလွင်မြစ်ဝ၏ ဝဲဖက်ကမ်းပေါ်တွင် တည်ရှိပြီး မြန်မာ့အရှေ့တောင် ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ အောက်ပိုင်းသို့ ရောင်းဝယ်ဖောက်ကားရန် အဓိကနေရာကြီးဖြစ်သည်။ မော်လမြိုင်မြို့သည် ရှေးမွန်မြို့ဟောင်းကြီး တစ်မြို့ဖြစ်ခဲ့ပြီး ကိုလိုနီခေတ် မြန်မာနိုင်ငံတော်၏ ပထမဆုံး မြို့တော် လည်းဖြစ်ခဲ့သည်။ မော်လမြိုင်မြို့သည် မြန်မာနိုင်ငံ၏ မြို့တော်အသစ် နေပြည်တော်မြို့ မတည်ထောင်ခင် ၂၀၀၆ ခုနှစ်ထိ မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးမြို့ ဖြစ်ခဲ့သည်။

ဝေါဟာရရင်းမြစ်
[ပြင်ဆင်ရန်]မော်လမြိုင်မြို့၏ အမည်ဖြစ်ပေါ်လာပုံကို သမိုင်း၌ ဤသို့ဆိုလေသည်။
ယခင်က မော်လမြိုင်မြို့နေရာတွင် ဘုရင်တစ်ပါးအုပ်စိုးခဲ့သည်။ ထိုဘုရင်သည် သူတစ်ပါးနှင့်မတူဘဲ ပုံမှန် မျက်လုံးနှစ်လုံးအပြင် နှဖူးအလယ်တည့်တည့်တွင် မျက်လုံးအပိုတစ်လုံး ရှိသည်။ ထိုမျက်လုံးတန်ခိုးနှင့် ဘုရင်ကြီးသည် သူ့တိုင်းပြည်နယ်နိမိတ်အတွင်းမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို အကုန်သိနေလေသည်။ တနေ့သောအခါ ယိုးဒယားရှမ်းများ စစ်မက်ပြုဖို့ရောက်လာကြသည်။ မွန်လူမျိုးများသည် ထိုင်းလူမျိုးများကို ရှမ်းဟုခေါ်ကြသည်။ ရှမ်းဘုရင်တပ်များ၏ လှုပ်ရှားမှု မှန်သမျှကို မွန်ဘုရင်က သူ့၏ မျက်လုံးတန်ခိုးဖြင့် အကုန်လုံးမြင်နေရလေတော့ ရှမ်းတို့၏ အစီအစဉ် အားလုံးကို ဖျက်ဆီးပစ်လိုက်နိုင်သည်။ ထို့ကြောင့် ရှမ်းများသည် သူတို့၏ တပ်တွင်းမှာ သစ္စာဖောက် ရှိသည်ဟု ယူဆလာကြသည်။ ရှမ်းဘုရင်သည် သူ့၏ မှူးမတ်များကို မေးမြန်းသောအခါ အကြောင်းစုံကို သိရှိလာပါတော့သည်။ ရှမ်းများသည် ပြဿနာကို ဖြေရှင်းရန်အတွက် ညီလာခံကျင်းပခဲ့ကြသည်။ ထိုညီလာခံမှ နေပြီး သူတို့သည် မွန်ဘုရင်၏ တတိယမျက်လုံးကို ဖျက်စီးပစ်ဖို့အတွက် သူတို့၏ သမီးတော်ကို လက်ဆောင်ပဏ္ဍာဆက်သရန် သဘောတူညီလိုက်ကြသည်။ ရှမ်းများသည် သံအဖွဲ့စေလွှတ်ပြီး ဘုရင်မင်းကြီး၏ ဘုန်းတန်ခိုးတော်ကြောင့် သမီးတော်ကို လာရောက်ဆက်သပါကြောင်း ပြောကြားသည်။ မင်းသမီး၏ လက်ချက်ကြောင့် ဘုရင်ကြီး၏ တတိယမျက်လုံးသည် ဖျက်ဆီးခြင်းခံလိုက်ရသည်။ ထိုမျက်လုံးတစ်လုံး ပျက်သွားခြင်းကို အစွဲပြုပြီး ရှေးမွန်များက ထိုဘုရင်ကြီး အုပ်ချုပ်သောမြို့ကို မွန်ဘာသာဖြင့် မတ်မွဲလို လို့ခေါ်ဆိုကြသည်။ မတ်- ဆိုသည်မှာ မျက်လုံးဖြစ်သည်။ မွဲ-ဆိုသည်မှာ တစ်၊ လို-ဆိုသည်မှာ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရသည်။ မတ်မွဲလို ၏ မွန်လိုအသံထွက်က မွတ်မော်လုံမ် ဖြစ်သည်။ နောက်ပိုင်းတွင် အခြားသော တိုင်းရင်းသားများက တုပခေါ်ဝေါ် ပြောဆိုလာသော အခါ မတ်မွဲလို မှနေ မော်လမြိုင် ဖြစ်လာသည်။ [၃]
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည်နောက် သာသနာနှစ် ၁၅၇ ခုတွင် ရှမ်းမင်းဆက် ပြတ်၍ မွန်မင်းတို့လက်ထက်သို့ကျရောက်သောအခါ ရာမညရာဇာမင်းသည် မူလမြို့တည်ရာမှ သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္တရံမြစ်နှင့် သောင်ရင်းမြစ်တို့၏ မြစ်လေးမြွာဆုံရာ ယခုမော်လမြိုင်မြို့ တည်ရှိရာသို့ ပြောင်းရွှေ့ပြီးလျှင် မြို့သစ် နန်းသစ် တည်ထောင်စိုးစံတော်မူ၏။ မြို့၏အမည်ကို ရမ္မာပူရ၊ ရမ္မာဝတီဟူ၍ပင် ဘွဲ့ချည်သတ်မှတ်တော်မူသည်။ ရာမညရာဇမင်းသည်၄ နှစ်မျှ မင်းပြုပြီးသည်နောက် သာသနာနှစ် ၁၆၁ ခုတွင် နတ်ရွာစံသည်။ ထိုအခါ သားတော်ကြီး အိမ်ရှေ့မင်းသည်မွတ်ပိရာဇဟူသော ဘွဲ့ဖြင့် ထီးနန်းဆက်ခံ စိုးစံလေသည်။ မွတ်ပိရာဇမင်း၏ မျက်မှောင် နှစ်ခုအလယ်တွင် တင့်တယ်လှပသော မှဲ့ရှင်တလုံးပါသောကြောင့် မျက်စိ သုံးလုံးထင်ရလောက်အောင် ထူးခြားတော်မူရကား မွန်ဘာသာဖြင့် မွတ်ပိရာဇာ၊ မြန်မာဘာသာဖြင့် မျက်စိသုံးလုံး ဘုရင်ဟုခေါ်တွင်သည်။ ထိုမင်းလက်ထက် မြို့ပြ စည်ပင်သာယာဝပြော၍ ထင်ရှားကျော်ကြားလာ၏။ နောင်အခါ အကြောင်းမသင့်သောကြောင့် မှဲ့ရှင်မျက်လုံး ကွယ်ပျောက်သွားရလေသည်။ ယင်းကို အစွဲပြု၍ မွတ်ပိရာဇမင်းကို မွန်ဘာသာဖြင့် မွတ်မယ်လိန်းဟုခေါ်တွင်သည်။
မျက်စိတလုံးကွယ်သောမင်းဟူ၏။ မြို့၏အမည်ကိုလည်း ရမ္မာပူရ၊ ရမ္မာဝတီမှ မွတ်မယ်လိန်းဟူ၍ပင်ခေါ်ဆိုကြသည်။ မွတ်မယ်လိန်း ခေါ်တွင်ရာမှ ကာလရှည်လျားသောအခါ မော်လမိန်း၊ ထိုမှ မော်လမြိုင် အခေါ်သို့ ပြောင်းလဲလာခဲ့လေသည်။ ဤသည့်နောက်ပိုင်းတွင် မော်လမြိုင်မြို့သည် စစ်ပွဲအမျိုးမျိုးတို့၏ဒဏ်ကြောင့် အကြိမ်ကြိမ် ပျက်စီးခဲ့သည်ဖြစ်ရာ လက်အောက်ခံမြို့ကလေးအဖြစ်သို့ ရောက်ခဲ့သည်သာ များသည်။
ရှေးမွန်တွေက မုဟ်ၜဳလီု လို့ခေါ်တယ်(မုဘီလိန်း)ပါ အဓိပ္ပာယ်က မြစ်ဝအစွန်းတွေပျက်စီးနေတဲ့နေရာပါ မြစ်ဝပျက်စီးနေတာသိချင်ရင် မုတ္တမတောင်ပေါ်ကို ကား ဆိုင်ကယ်နဲ့တက်ပြီး ကြည့်ပါက မြစ်ဝဟာ ကျယ်ပြန့်ပြီး ကျွန်းတွေကွက်ကြားဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ရှေးမွန်တွေဟာ လှေနဲ့ခရီးသွားရင်း ပန်းလောင်မြစ်ကို ပါင်လီု(မြစ်၀ပျက်နေသောမြစ်)ဟုလည်းခေါ်ခဲ့ကြပါတယ်။ [၄]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]အေဒီ ၁၃ မှ ၁၈ ရာစု
[ပြင်ဆင်ရန်]မွန်တို့၏ မဂဒူးမင်းဆက် ခေါ် (ဝါရီရူးမင်းဆက်)တွင် (၁၅) ဆက်မြောက်မင်းဖြစ်သော ဘုရင်မကြီး ရှင်စောပု ပြီးနောက် နန်းတက်သည့် ဟံသာဝတီ မွန်နိုင်ငံဘုရင် ဓမ္မစေတီမင်းကြီး သာသနာသက္ကရာဇ် ၂၀၂၃၊ ကောဇာသက္ကရာဇ် ၈၄၀၊ ခရစ်နှစ် ၁၄၇၉ ခုနှစ်တွင် ရေးထိုးခဲ့သော ကလျာဏီကျောက်စာ အရ မော်လမြိုင်မြို့သည် မုတ္တမတိုင်းဒေသအတွင်း မွန်သုံးဆယ်နှစ်မြို့၌ ပါခဲ့လေသည်။[၅]
အေဒီ ၁၈ မှ ၁၉ ရာစု
[ပြင်ဆင်ရန်]ကုန်းဘောင်မင်းဆက် ထူထောင်သော အလောင်းမင်းတရား သည် ယိုးဒယား(ထိုင်း) သို့ ချီတက်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာစဉ် မကျန်းမမာ ဖြစ်ကာ မော်လမြိုင်အနီး မုတ္တမကျေးကင်းရွာ၌ ခရစ်နှစ် ၁၇၆၀ မေ ၁၁ တွင် နတ်ပြည်စံတော်မူသဖြင့် ရွှေဘိုနေပြည်တော်သို့ တော်ဝင်တပ်တော်များ ပြန်လာခဲ့ကြသည်။ ထိုစဉ် စစ်သူကြီး ဗိုလ်ချုပ် မင်းခေါင်နော်ရထာ ခေါ် (မုဆိုးချုံ ဗိုလ်တွန်)သည် ရသမျှသော သုံ့ပန်းလူစုများနှင့် မော်လမြိုင်ကို ပြုပြင်ခဲ့လေသည်။ အလောင်းမင်းတရား၏ အရိုက်အရာကို ဆက်ခံသော နောင်တော်ကြီးမင်းက မင်းခေါင်နော်ရထာကိုပင် မြို့ပြတည်ထောင်ခြားနား၍ ပုန်ကန်သည် အထင်မှားခြင်းကို ခံခဲ့ရဖူးလေသည်။ တစ်ဖန် ပထမ အင်္ဂလိပ်- မြန်မာစစ်ပွဲတွင် စကြာဝန်ကြီးအား မော်လမြိုင်မြို့ကို ပြုပြင်ခိုင်းပြန်သည်။ တိုင်းပြည်မအေးချမ်းသဖြင့် ပြန်လည်ပျက်စီး ယိုယွင်းခဲ့ရပြန်သည်။
ကိုလိုနီခေတ် မော်လမြိုင်မြို့ (၁၈၂၄ မှ ၁၉၄၈)
[ပြင်ဆင်ရန်]ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီး ခရစ် ၁၈၂၆ ခုနှစ်တွင် ဗြိတိသျှလက်အောင်သို့ ရန္တပိုစာချုပ်အရ အောက်မြန်မာနိုင်ငံကို ပေးလိုက်ရသောအခါ မော်လမြိုင်မြို့သည် ဗြိတိသျှပိုင် အောက်မြန်မာပြည်၏ မြို့တော် ဖြစ်လာခဲ့သည်။ ထိုစဉ် ကုန်းဘောင်မင်းဆက် (၁၁) ဆက်တွင် သတ္တမမြောက် ဖြစ်သော မြန်မာဘုရင် ဘကြီးတော်ဘုရား၏ အထင်မှားခြင်းကို ခံရသောအတွက်ကြောင့် မွန်လူမျိုး ဒလမြို့စား (ကျော်ထင်သီဟသူဘွဲ့ခံ) စစ်ကဲကြီး မောင်ထော်လေး သည် အန္တရာယ်ရှောင်တိမ်းသည့်သဘောဖြင့် လှေကြီး လှေငယ်ပေါင်း ၂ဝဝ ကျော်တွင် မွန်လူကြီး လူငယ်ပေါင်း တသောင်းကျော် ၂ သောင်းခန့်ကို တင်၍ ရေကြောင်းကူးလာရာ မော်လမြိုင်မြို့ဟောင်းသို့ ဆိုက်ရောက်လျှင် တအိမ်မျှမရှိ၊ တောခုတ်ရှင်းလင်း၍ အိမ်ရာအသီးသီး ဆောက်လုပ်နေထိုင်ကြသည်။ ထိုမှ တစတစ လူမျိုးခြားတို့နှင့် ဆက်ဆံလာခဲ့ရာမှ စည်ကားခဲ့လေသည်။ ၁၈၂၉ ခုနှစ်တွင် မော်လမြိုင်မြို့တွင် ဝတ်လုံတော်ရများမှ မော်လမြိုင်ရှေ့နေများအသင်းကို စတင်တည်ထောင်ခဲ့ကြသည်။

ခရစ်နှစ် ၁၈၃၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသတင်းစာ ဖြစ်သော "မော်လမြိုင်ခရော်နီကယ် သတင်းစာ(The Maulmain Chronicle)"ကို ဗြိတိသျှတို့သည် မော်လမြိုင်၌ စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။[၆] ၎င်းမော်လမြိုင်ခရော်နီကယ် သတင်းစာသည် အင်ဒိုချိုင်းနားဒေသ (အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသ)၏ ပထမဆုံးသတင်းစာလည်း ဖြစ်သည်။ အမေရိကန်နှစ်ခြင်းကို စတင်တည်ထောင်သူ အဒိုနီရမ်ဂျပ်ဆင်(ယုဒသန်)သည် သူပြန်ဆိုသော မြန်မာ့ပထမဆုံးဓမ္မသစ်ကျမ်းကို ၁၈၃၂ ခုနှစ်တွင် မော်လမြိုင်၌ ပထမဦးဆုံးအကြိမ် ရိုက်နှိပ်ခဲ့သည်။ ၁၈၃၇ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ဂျာမန်စူးစမ်းရှာဖွေသူ Johann Wilhelm Helfer မော်လမြိုင်ဆိပ်ကမ်းသို့ ဆိုက်ရောက်ခြင်းဖြင့် သူ့ကိုသမိုင်းတွင် မြန်မာနိုင်ငံသို့ရောက်ရှိသော ပထမဆုံးဂျာမန်လူမျိုး ဖြစ်လာစေခဲ့သည်။[၇] ၁၈၅၂ ခုနှစ်တွင် ယုဒသန်၏ လက်ငုတ်ဖြစ်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး အင်္ဂလိပ်- မြန်မာအဘိဓာန်ကို ဆရာအီး၊ အေး၊ စတီဗင်က မော်လမြိုင်မြို့ အမေရိကန် သာသနာပုံနှိပ်တိုက်၌ ပထမအကြိမ် စက်တင်ပုံနှိပ် နိုင်ခဲ့လေသည်။
ခရစ်နှစ် ၁၈၂၆ မှ ၁၈၆၂ အကြားတွင်, ကိုလိုနီခေတ်မော်လမြိုင်မြို့သည် ဗြိတိသျှမြန်မာနိုင်ငံ၏ဗဟို ဖြစ်လာခဲ့သည်။[၈] ဒုတိယအင်္ဂလိပ်မြန်မာစစ် ပြီးနောက် ၁၈၆၂ခုနှစ်တွင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို မော်လမြိုင်မှ ရန်ကုန်သို့ တရားဝင်ပြောင်းရွေ့ခဲ့သည်။ ၁၈၇၃ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် (၁၁) ဆက်တွင် ဒဿမမြောက် ဖြစ်သော မြန်မာဘုရင် မင်းတုန်းမင်း စေလွှတ်သောသံအဖွဲ့ကို ကင်းဝန်မင်းကြီးဦးကောင်း ဦးဆောင်၍ ပြင်သစ်နိုင်ငံ ပါရီမြို့တော်သို့အသွား၌ ဗြိတိသျှပိုင်မော်လမြိုင်မြို့သို့ ခေတ္တရောက်လာရာတွင် မြို့၏ရှုမျှော်ခင်းကို ခရီးစဉ် ရကန်ဖွဲ့ဆိုခဲ့လေသည်။ ခရစ်နှစ် ၁၈၇၈ ပြည့်နှစ်တွင် မင်းတုန်းမင်း နတ်ရွာစံပြီးနောက် "သီရိပုဗ္ဗာရတနာဒေဝီ"ဘွဲ့ခံ စိန်တုံးမိဖုရား သည် စုဖုရားလတ်၏ မယ်တော်ဖြစ်သော ဆင်ဖြူမရှင်၏ နန်းတွင်းလူသတ်ပွဲ အန္တရာယ်ကို ရှောင်တိမ်းသည့်သဘောဖြင့် သီပေါမင်းပိုင် အထက်မြန်မာပြည်မှ ဗြိတိသျှပိုင် အောက်မြန်မာပြည်ကို စုန်ဆင်းကာ မော်လမြိုင်မြို့ သာယာကုန်းရပ်ရှိ အိမ်တစ်လုံးတွင် ဗြိတိသျှအစိုးရကပေးသည့် ပင်စင်လစာ စားရင်း နေထိုင်ခဲ့သည်။ မော်လမြိုင်မြို့သည် ကမ္ဘာ့ဆေးပညာသမိုင်း၌ ငှက်ဖျားရောဂါကို ခြင်မှကူးစက်ကြောင်း ၁၈၉၇ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သဖြင့် ထင်ရှားခဲ့သူ ဆေးပညာနိုဘဲလ်ဆုရ ဗြိတိသျှဆရာဝန်ကြီး ပါမောက္ခ ဆာရိုနယ်ရို့စ် ဆရာဝန်အငယ်ဘဝဖြင့် ၁၈၈၅ မေလ မှ ၁၈၈၆ မေလအထိ တာဝန်ထမ်းဆောင်ခဲ့ရာ နေရာဖြစ်သည်။[၉] စာပေ နိုဘဲလ်ဆုရ အင်္ဂလိပ် ဂန္ထဝင် ကဗျာဆရာ ရတ်ဒ်ယတ် ကစ်ပလင် သည် ၁၈၉ဝ ခုနှစ်တွင် မော်လမြိုင်မြို့သို့ ခေတ္တရောက်ရှိခဲ့ပြီး ၁၈၉၂ ခုနှစ်တွင်သူ၏ မန္တလေးအမည်ရှိ ကဗျာအဖွင့် ၌ ဤသို့ ရေးသားထားသည်။
"By the old Moulmein pagoda
Lookin' lazy at the sea There's a Burma girl a-settin'
and I know she thinks o' me".
ထို့အပြင် ကမ္ဘာ့စာပေလောကတွင် လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သော အင်္ဂလိပ် စာရေးဆရာ ဂျော့အိုဝယ်(George Orwell)၏ ဘိုးဘွားမိဘများ မျိုးရိုးစဉ်ဆက် အခြေချနေထိုင်ခဲ့ရာမြို့ဖြစ်ခဲ့ပြီး ဂျော့အိုဝယ် ကိုယ်တိုင်လည်း ၁၉၂၆ ခုနှစ်တွင် နေထိုင်ခဲ့သည့်မြို့ဖြစ်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင်သူ၏ စာအုပ် Shooting an Elephant ၌ ဤသို့ရေးသားထားလေသည်။
"In Moulmein, in Lower Burma, I was hated by large numbers of people -- the only time in my life that I have been important enough for this to happen to me".
ဗြိတိသျှကိုလိုနီခေတ်တွင် ဂျာမနီ၊ စီယမ်(ယခု ထိုင်းနိုင်ငံ)၊ ပါးရှား (ယခု အီရန်နိုင်ငံ)၊ ဒိန်းမတ်၊ နော်ဝေးနှင့် ဆွီဒင်နိုင်ငံတို့သည် မော်လမြိုင်၌ ကောင်စစ်ဝန်ရုံးများကို ဖွင့်လှစ်ထားရှိခဲ့ပြီး အီတလီနှင့် အမေရိကန်ပြည်ထောင်စုတို့သည် မော်လမြိုင်၌ ကောင်စစ်ဝန်အေဂျင်စီများ ထားရှိခဲ့သည်။[၁၀][၁၁][၁၂] ကိုလိုနီခေတ်တွင် မော်လမြိုင်မြို့၌ အင်္ဂလိပ်-မြန်မာ လူမျိုးစပ်များဖြင့် ပြည့်နှက်နေပြီး ထို အင်္ဂလိပ်နွယ်ဖွား မြန်မာအသိုင်းအဝိုင်း အများအပြား ရှိနေမှုကြောင့် အင်္ဂလန်အသေးစားလေး (Little-England) ဟုပင်ခေါ်တွင်ခဲ့သည်။ ထိုသူတို့သည် ရော်ဘာစိုက်ပျိုးရေးအတွက် မအားရအောင်ပင် ဖြစ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ယနေ့ခေတ်တွင်မူ ထိုသူတို့သည် မရှိသလောက်ပင် ရှားပါးသွားပြီဖြစ်သည်။

မော်လမြိုင်မြို့သည် (မြူနီစီပယ်နယ်နမိတ်နှင့် ရေဝန်ဆိပ်ကမ်းအပါအဝင်) ၂၁ စတုရန်းမိုင် ကျယ်ဝန်း၏။ မြူနီစီပယ်အဖွဲ့ကို ခရစ် ၁၈၇၄ ခုနှစ်ကစ၍ တည်ထောင်ကာ မြို့၏ စည်ပင်သာယာမှုကို စီမံအုပ်ချုပ်သည်။ မြို့၏ အရှေ့တောင်တန်းတလျှောက်တွင် ကျိုက်သလ္လံစေတီတော်၊ မဟာမြတ်မုနိဘုရား၊ ဇိနမာရ်အောင်စေတီတော်တို့ရှိကြသည်။ မြို့လယ်တွင်ကား ကျိုက်သုတ်စေတီရှိသည်။ ယင်းတောင်တန်းတလျှောက်နှင့် မြို့တွင်းမြို့ပတွင် ဘုန်းကြီးကျောင်း အများအပြား ရှိသည့်အပြင် ပရိယတ္တိစာသင်တိုက်ကြီးများလည်း ရှိသည်။ မော်လမြိုင်မြို့ တောင်ဘက် ၄ မိုင်အကွာရှိ တောင်ဝိုင်းတောင်နှင့် ရွှေနတ်တောင်ကြားတွင် မြို့သို့ရေပေးသော ကင်မွန်းချုံ ရေလှောင်ကန်ကြီးကို မြူနီစီပယ်အဖွဲ့မှ ငွေပေါင်း ၉ သိန်း ခွဲ အကုန်ခံ၍ ပြုလုပ်ခဲ့ရာ ခရစ်နှစ် ၁၉၁ဝ ပြည့်နှစ်တွင် ပြီးစီးခဲ့လေသည်။ ထိုအချိန်မှစ၍ မြို့သို့ ရေကောင်းရေသန့်များ ပေးသွင်းနိုင်ခဲ့သောကြောင့် နှစ်စဉ်နွေဥတုတွင် ဖြစ်တတ်သော ဝမ်းရောဂါဘေးမှ ကင်းလွတ်ကြရလေသည်။ [၁၃]
ဗြိတိသျှအစိုးရပိုင်အထက်တန်းကျောင်း ၂ကျောင်းရှိသည့်ပြင် ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း၊ ဗုဒ္ဓဘာသာ အမျိုးသမီး အထက်တန်းကျောင်းနှင့် နိုင်ငံခြားသာသနာပြု အထက်တန်းကျောင်းများ အတော်များများရှိသည်။ မူလတန်းနှင့် အလယ်တန်းကျောင်းများလည်းရှိ၏။ တိုင်းမင်းကြီးရုံး၊ ခရိုင်ဝန်ရုံး၊ မြူနီစီပယ်ရုံးကြီး၊ နာရီစင်၊ အကျဉ်းထောင်၊ အမေရိကန်သာသနာပြုဆေးရုံ(Ellen Mitchell Hospital)၊ ဗြိတိသျှအစိုးရပိုင်ဆေးရုံကြီး၊ ဗဟိုစာတိုက်ကြီးနှင့် စာတိုက်ငယ်များ၊ မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း၊ မျက်မမြင်ကျောင်း၊ Wellesley Bailey တည်ထောင်သော အခမဲ့ကုဋ္ဌနူနာဆေးရုံ တို့ရှိခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီက မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်သည် စကော့လူမျိုး (စကော့တလန်လူမျိုး) အမျိုးသမီးများအုပ်ချုပ်သော မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း(ABM ကျောင်း)၌ ပညာသင်ခဲ့သည်။[၁၄]
လက်ရှိ မော်လမြိုင်မြို့ (၁၉၄၈ မှ ယခု)
[ပြင်ဆင်ရန်]၁၉၄၈ ခုနှစ် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် မော်လမြိုင်မြို့သည် မြန်မာ့အရှေ့တောင်၏ ယဉ်ကျေးမှု၊ ပညာရေး နှင့် စီးပွားရေး ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ၁၉၅၀ပြည့်နှစ်တွင် ကရင်သောင်းကျန်းသူတို့ သိမ်းပိုက်ထားသော မော်လမြိုင်မြို့ကို တပ်မတော် (ရေ) တပ်သားများနှင့် စစ်ရေယာဉ် (မေယု)တို့မှ ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့သည်။[၁၅]
၁၉၅၃ ခုနှစ်မှစတင် ဖွင့်လှစ်ခဲ့သော မော်လမြိုင်ဥပစာကောလိပ်ကို ၁၉၆၃ ခုနှစ်မှ အစပြု၍ ဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၂ ခုနှစ် ခန့်မှန်း သန်းကောင်စာရင်းအရ လူဦးရေ ၁၁၅၉၃၁ ယောက်ရှိသည်။ မော်လမြိုင်မြို့သည် အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း ပင်လယ်ကမ်းခြေနှင့် နီးခြင်း၊ တောင်အခံရှိခြင်း၊ မြစ်လေးမြွာတို့၏ဆုံရာ၌ တည်ထားခြင်းတို့ကြောင့် ရာသီဥတုမျှတ၍ မြေဩဇာကောင်းမွန်သည်။ နှစ်စဉ် ပျမ်းမျှ မိုးရေချိန် ၁၈၈ လက်မရှိ၍ ပျမ်းမျှအပူချိန်မှာ ဒီဂရီ ၈ဝ ခန့်ရှိသည်။ မော်လမြိုင်မြို့သည် မြို့တော်အသစ် နေပြည်တော်မြို့ မတည်ထောင်ချိန်ထိ မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးမြို့ ဖြစ်ခဲ့သည်။
မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေး
[ပြင်ဆင်ရန်]
မော်လမြိုင်မြို့ရှိ ရှေးဘာသာရေး အမွေအနှစ်အဆောက်အဦးများကို ထိန်းသိမ်းစောင့်ရှောက်သင့်သည်မှာ အမှန်ဖြစ်သလို ပျက်စီးလုနီးဖြစ်နေသော ကိုလိုနီခေတ် ဗိသုကာလက်ရာ အမွေအနှစ်များကလည်း ထူးခြားသည့်အတွက် ထိန်းသိမ်းသင့်သည်ဟု ပညာရှင်များမှ ဆိုသည်။ သို့သော်လည်း ပြည်နယ်အစိုးရနှင့် ပြည်သူများက အဆောက်အဦးဟောင်းများကို တန်ဖိုး ရှိသည် ဟု မမြင်ကြဟု ပညာရှင်များကဆိုသည်။ ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်၍ ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် ဗိသုကာလက်ရာ အဆောက်အဦးဟောင်းများကို ဖြိုဖျက်ခံရမည့် အန္တရာယ်နှင့် ပျက်စီးပျောက်ကွယ်တော့မည့် အန္တရာယ်များမှ ကယ်ဆယ်ရန် ကြိုးစားမှုများ အောင်မြင်နေခြင်းကြောင့် မော်လမြိုင်မြို့အတွက်လည်း မျှော်လင့်ချက် ခပ်ရေးရေးတော့ ရှိနေပါသေးသည်။[၁၆]
ပထဝီအနေအထား
[ပြင်ဆင်ရန်]မော်လမြိုင်မြို့သည် သံလွင်မြစ်ဝကျွန်းပေါ်တွင် တည်ရှိသော ဒေသတစ်ခု ဖြစ်သည်။ မြစ်ပါးစပ်တွင် ဘီလူးကျွန်းသည် သံလွင်မြစ်ကို ခွပိတ်ထားပြီး မုတ္တမပင်လယ်ကွေ့ အတွင်းသို့ စီးဝင်စေသည်။ ထိုကျွန်း၏အရှေ့မြောက်ဘက်တွင် ထင်ရှားသော ခေါင်းဆေးကျွန်းရှိလေသည်။ ပင်လယ်မှ ၂၈ မိုင်ဝေး၏။ မြို့သည် အနောက်ဘက်နှင့် မြောက်ဘက်ရှိ သံလွင်မြစ်နှင့် အတ္ထရံမြစ် ကမ်းရိုးတလျှောက်နှင့် အရှေ့ဘက် တောင်တန်းအကြားတွင် တည်ထားသောမြို့ဖြစ်ရကား အလျားရှည်၍ အနံတို၏။ မြို့၏အလျားမှာ ၇ မိုင်ခန့်ရှိ၍ တတောင်ဆစ်ကွေး သဏ္ဌာန်ရှိ၏။ မြို့သည် အရှေ့မှ အနောက်သို့ ဆင်ခြေလျှော ရှိပြီးလျှင် အရှေ့ဘက်တောင်တန်းတလျှောက်ပေါ်၌ စေတီများ တည်ထားသည့်ပြင် ကမ်းရိုးတလျှောက်၌လည်း သစ်ပင်အမျိုးမျိုးတို့ဖြင့် စိမ်းစိမ်းလန်းလန်း စိုစိုပြည်ပြည် ရှိရကား အလွန်သာယာသော ရှုမျှော်ခင်းကောင်း ဆိပ်ကမ်းမြို့တမြို့အဖြစ် ထင်ရှားကျော်ကြားသည်။ ပြည်တွင်းပြည်ပ ခရီးသည်များသည် မော်လမြိုင်သို့ မီးသင်္ဘောဖြင့်ဖြစ်စေ၊ မီးရထားဖြင့်ဖြစ်စေ လာရောက်ကြသည့်အခါ မြို့၏သာယာလှသည့် ရှုမျှော်ခင်းကို အဝေးကပင် မြင်ကြရသည်။
ထို့ကြောင့် ကင်းဝန်မင်းကြီးဦးကောင်း သည် သံအရာရှိကြီးအဖြစ်ဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့တော်သို့အသွား မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ် တန်ခူးလ (ခရစ်နှစ် ၁၈၇၃ ခုနှစ်)၌ မော်လမြိုင်မြို့သို့ ခေတ္တရောက်လာရာတွင် မြို့၏ရှုမျှော်ခင်းကို ခရီးစဉ် ရကန်၌ ကိုကိုနာဒ၊ သာစွမည်တွင်၊ စက်ယာဉ်ညင်နှင့်၊ ရေပင်လယ်ချက်၊ စခန်းသို့ထွက်ခဲ့၍၊ တရက်နှင့်တည၊ ကာလမကြာ၊ ရှုလေရာပင်၊ နတ်ရွာတပြိုင်၊ မော်လမြိုင်သို့၊ ရောက်တိုင်ဝင်ဆိုက၊ တွေ့ကြုံကြိုက်ရသည်၊ မျှော်လိုက်တိုင်း လွန်ပျိုနု၏။ဟူ၍ ဖွဲ့ဆိုခဲ့လေသည်။
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]မီးရထား၊ ကား
[ပြင်ဆင်ရန်]

မော်လမြိုင်မြို့သည် မြန်မာနိုင်ငံ အရှေ့တောင်သို့ သွားရာတွင် အဓိက မုဒ်ဝ လမ်းမကြီးပင် ဖြစ်သည်။ သံလွင်တံတားကြီးသည် မော်လမြိုင်မြို့နှင့် မုတ္တမမြို့တို့ကို ဆက်သွယ်ပေးထားသော မီးရထား၊ ကားသွားနိုင်သော တံတားကြီး တစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ မီးရထားလမ်းနှင့် ကားလမ်းပါဝင်သော တံတားများတွင် အရှည်ဆုံးတံတား တစ်ခုဖြစ်သည်။ ထိုတံတားသည် ပေပေါင်း ၁၁, ၀၀၀ ကျော် ရှည်ပြီး နိုင်ငံ၏ အရှေ့တောင်ပိုင်းနှင့် ရန်ကုန်မြို့ကို ဆက်သွယ်ပေးထားသည်။ ထို့ပြင် မော်လမြိုင်မြို့သည် ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့၊ တနင်္သာရီတိုင်းဒေသကြီး၏ မြို့များဖြစ်သော မြို့တော် ထားဝယ်မြို့၊ မြိတ်မြို့များနှင့်လည်း ဆက်သွယ်ပေးထားသေးသည်။ ရှေးယခင်က ထိုမြို့များသို့သွားရန်အတွက် မုတ္တမမြို့မှ ကူးတို့လှေ၊ သင်္ဘောများကို တဆင့်စီးရပြီး ယခုအခါ ထို သံလွင်တံတားကြီးမှ မီးရထား၊ ကားဖြင့် တိုက်ရိုက် သွားလာနိုင်ပေသည်။ သံလွင်တံတားကြီးကို ၂၀၀၆ ခုနှစ် ဧပြီလတွင် ဖွင့်လှစ်ပေးခဲ့လေသည်။ မော်လမြိုင်တောင်ဘက် ရေးမြို့အထိ ဖောက်လုပ်ထားသော မီးရထားလမ်းမှာ မိုင် ၉ဝ ရှည်၏။ မော်လမြိုင်မှ ကျိုက္ခမီမြို့သို့ သွားသော မော်တော်ကားလမ်းမှာ ၅၅ မိုင်ရှည်လျားသည်။ မော်လမြိုင်မြို့ အရှေ့တောင်ရှိ ကျိုက်မရောမြို့သို့ သွားသော မော်တော်ကားလမ်းမှာ ၁၅ မိုင်ရှည်၏။ ဘီလူးကျွန်းကို မော်လမြိုင်မြို့နှင့် ဆက်သွယ်နိုင်သော ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ကို ၂၀၁၇ မေ ၉ တွင် ဖွင့်လှစ်ခဲ့သည်။
မော်လမြိုင်မြို့တွင်းတွင် မော်တော်ဆိုင်ကယ်နှင့် သုံးဘီးကားများကို တက္ကစီအဖြစ် အသုံးပြုရန် မှတ်ပုံတင်ထားကြသည်။ မော်လမြိုင်မြို့တွင်းတွင် မြောက်မှတောင်သို့ အများအားဖြင့် ဖြန့်ကျက်သော ဘတ်စ်ကားကွန်ရက်များဖြင့်လည်း ဝန်ဆောင်မှုပေးသည်။
ရေကြောင်း
[ပြင်ဆင်ရန်]
ဗြိတိသျှကိုလိုနီခေတ်တွင် မော်လမြိုင်ဆိပ်ကမ်းကို စကော့တလန်ပိုင် British-India Steam Navigation ကုမ္ပဏီနှင့် Irrawaddy Flotilla (ဧရာဝတီ ဖလော်တီလာ) ကုမ္ပဏီတို့ အပါအဝင် ဥရောပသင်္ဘောကုမ္ပဏီများက ဝန်ဆောင်မှုပေးခဲ့ကြသည်။
ထိုအခါက မော်လမြိုင်ဆိပ်ကမ်းသည် ပြည်တွင်းရေကြောင်းသွားလာရေးသာမက နိုင်ငံတကာ သင်္ဘောများအတွက်လည်း အရေးပါခဲ့သည်။ မော်လမြိုင် ဆန်စက်နှင့်လွှစက်များမှ ဆန်နှင့် ကျွန်းများကို အဆိုပါ သင်္ဘောကုမ္ပဏီများက ကမ္ဘာတစ်ဝန်းသို့ တင်ပို့ခဲ့သည်။[၁၇] British-India Steam Navigation Company ၏ ခရစ်နှစ် ၁၈၈၀ခုနှစ်ထုတ် လမ်းညွှန်စာအုပ်တွင်
ကာလကတ္တား - ရန်ကုန်- မော်လမြိုင် (ခရစ်နှစ် ၁၈၅၇ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့သည်)
မော်လမြိုင်-ပီနန်-မလက္ကာ-စင်္ကာပူ (ခရစ်နှစ် ၁၈၆၂ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့သည်)
မော်လမြိုင်-ပီနန်-ကိုလံဘို-ဘုံဘေလိုင်းများ ပြေးဆွဲခဲ့သည်ဟု ဖော်ပြပါရှိသည်။[၁၈][၁၉][၂၀]
ထိုခေတ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ဖူးသူ အမေရိကန်နိုင်ငံသား ပါမောက္ခစာရေးဆရာတစ်ဦး၏ မှတ်တမ်းအရ ခရစ် ၁၈၉၄ ခုနှစ်တွင် ရန်ကုန်ဘားလမ်း ဆိပ်ခံတံတားမှ မော်လမြိုင်ဆိပ်ခံတံတားသို့ ရေနွေးငွေ့သင်္ဘောပေါ်တွင် ဒုတိယတန်းစား(second class) ဖြင့်စီးနှင်းလိုက်ပါပါက ၁၀ ရူပီးနှုန်းကျသင့်ပြီး အချိန် ကိုးနာရီခန့် ကြာမြင့်သည်ဟုဆိုသည်။[၂၁]
ယနေ့ခေတ်တွင် ယခင်က ထင်ပေါ်ကျော်ကြားမှုထက် မော်လမြိုင်ဆိပ်ကမ်းသည် များစွာလျော့နည်းလာသော်လည်း ရေကြောင်းအခြေခံသယ်ယူပို့ဆောင်ရေးသည် မော်လမြိုင်နှင့် ၎င်းအထက်ပိုင်းမြို့များကြား ချိတ်ဆက်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေဆဲဖြစ်သည်။ မော်လမြိုင်ဆိပ်ကမ်းသည် လက်ရှိတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသည်။
သံလွင်မြစ်ကြီးမှာ သဲသောင်ထူထပ်သောကြောင့် ပင်လယ်ဝမှ ၂၈ မိုင်ခန့်အကွာရှိ မော်လမြိုင်မြို့အထိသာ ပင်လယ်ကူးသင်္ဘောကြီးများ ဆန်တက်သွားလာနိုင်သည်။ သို့သော် မော်လမြိုင်မြို့မှ သံလွင်မြစ်ကြောင်း၌ ၇၄ မိုင်၊ အတ္ထရံမြစ်ကြောင်း၌ ၇၃ မိုင်နှင့် ဂျိုင်းမြစ်ကြောင်း၌ ၄၂ မိုင်အထိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့ပိုင် သင်္ဘောများဖြင့် သွားလာနိုင်သည်။ မော်လမြိုင်မှ ရန်ကုန်မြို့သို့ ပင်လယ်ကြောင်းဖြင့် မြန်မာနိုင်ငံ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး အဖွဲ့ပိုင်နှင့် နိုင်ငံခြား ကုမ္ပဏီများပိုင် ပင်လယ် ကမ်းရိုးတန်းသွား သင်္ဘောများဖြင့် တစ်ပတ်လျှင် တစ်ကြိမ်ကျ မှန်မှန် သွားလာပို့ဆောင်လျက်ရှိသည်။ ထိုကြောင့် မော်လမြိုင်မြို့သည် ပြည်တွင်းပြည်ပ ကုန်ကူးသန်း ရောင်းဝယ်ရေး၌ များစွာ စည်ပင်သည်။
လေကြောင်း
[ပြင်ဆင်ရန်]မော်လမြိုင်လေဆိပ်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတော်ဝင်လေတပ်ကွင်းဖြစ်ခဲ့သည်။[၂၂] ၎င်းကို ဗြိတိသျှတို့သာမက မဟာမိတ် အမေရိကန် လေသရဲအဖွဲ့ဖြစ်သည့် ကျားပျံလေသရဲအဖွဲ့(Flying Tigers) တို့လည်း အသုံးပြုခဲ့သည်။ ခရစ်၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မြန်မာ့လေကြောင်းလိုင်း (Union of Burma Airways) ကို တည်ထောင်ခဲ့ပြီး မော်လမြိုင်လေဆိပ် အပါအဝင် ပြည်တွင်းလေဆိပ်များသို့ ပြည်တွင်း ဝန်ဆောင်မှုများ စတင်ခဲ့သည်။ ၂၀၁၃ခုနှစ် စက်တင်ဘာလတွင် ထိုင်းလေကြောင်းလိုင်း Nok Air Mini (နော့ လေကြောင်းလိုင်း)သည် ထိုင်းနိုင်ငံ အနောက်ပိုင်းတွင် တည်ရှိသော တာ့ခ်ခရိုင်ရှိ ထိုင်းနယ်စပ်မြို့ဖြစ်သည့် မဲဆောက်နှင့် မော်လမြိုင်ကြား ပျံသန်းမှု စတင်ခဲ့သည်။ သို့သော်လည်း ထိုင်းNok Air Mini သည် ပြေးလမ်းနှင့် အဆောက်အဦများ ညံ့ဖျင်းမှုကြောင့် ၎င်း၏ ဝန်ဆောင်မှုကို ရပ်ဆိုင်းခဲ့သည်။
မော်လမြိုင်လေဆိပ်မှ ရန်ကုန်မင်္ဂလာဒုံလေဆိပ်သို့ ပုံမှန် လေကြောင်းပျံသန်းမှု ဝန်ဆောင်မှုများလည်း ရှိသည်။
မြို့တော်မြင်ကွင်း
[ပြင်ဆင်ရန်]အမွေအနှစ်အဆောက်အဦးများ
[ပြင်ဆင်ရန်]ကျိုက်သံလန်စေတီ
[ပြင်ဆင်ရန်]ဤဘုရားကို အေဒီ ၈၇၅ ခုနှစ်တွင် မွန်ဘုရင် မွတ်ပိရာဇာမင်း လက်ထက်တွင် စတင် တည်ဆောက်ခဲ့သည်။ ၎င်းကို မူလအမြင့် ၅၆ ပေမှ ၁၇ မီတာမှအမြင့် ၁၅၀ (၄၆ မီတာ) အထိ မွန်ဘုရင် ဗညားဝါရူး (ခေါ်) ဝါရီရူးမင်း (မဂဒူးမင်း) အပါအဝင် ဆက်ခံသော မွန်ဘုရင်များက ပြုပြင်တည်ဆောက်ခဲ့သည်။[၂၃] မော်လမြိုင်၏ ဝိသေသလက္ခဏာ ပျောက်ကွယ်မသွားစေရန် ခရစ်နှစ် ၁၈၃၁ ခုနှစ်တွင် မော်လမြိုင် စစ်ကဲ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ စစ်ကဲ မောင်ထော်လေး သည် အများပြည်သူမှ ရရှိသောရန်ပုံငွေများဖြင့် ဘုရားကို ပြန်လည်ပြုပြင်ခဲ့သည်။ စာပေ နိုဘဲလ်ဆုရ အင်္ဂလိပ် ဂန္ထဝင် ကဗျာဆရာ ရတ်ဒ်ယတ် ကစ်ပလင် (Rudyard Kipling) သည် ၁၈၉၀ ခုနှစ်တွင်ကျော်ကြားသော“ Lookin 'lazy at the sea” ကဗျာစာကြောင်းကို ဤစေတီ၌ ရေးသားခဲ့သည်ဟု ယုံကြည်ရသည်။[၂၄]


ဦးဇိနစေတီ
[ပြင်ဆင်ရန်]ဦးဇိနစေတီတော်သည် တောင်တန်းများပေါ်တွင် တည်ရှိသည့် အဓိကဘုရားများအနက်မှ တစ်ခုဖြစ်သည်။ ဗုဒ္ဓဆံတော်များပါဝင်ပြီး ဗုဒ္ဓဘာသာကို ကာကွယ်ပေးသော ဘုရင်အသောကမင်း တည်ဆောက်ခဲ့သည်။ ခရစ်နှစ် ၁၈၃၈ ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့သူ ရသေ့ကြီးဦးဇိနကို အစွဲပြုကာ အမည်ပေးခဲ့လေသည်။ ထိုမတိုင်မီက ဘုရားကို ကျိုက်ပဒန် (Kyaik Pa-dhan) ဘုရားဟု ခေါ်တွင်ခဲ့သည်။[၂၅]

စတုတ္တသမီးတော်၏ ပြာသာဒ်ဂူ
[ပြင်ဆင်ရန်]သီပေါဘုရင်၏ စတုတ္ထမြောက်သမီးဖြစ်သော တော်ဝင်မင်းသမီးမြတ်ဖုရားကလေး ၁၉၁၅ ခုနှစ်တွင် အိန္ဒိယမှ မြန်မာပြည်သို့ပြန်လာပြီး မော်လမြိုင်အနောက် Cantonment လမ်းရှိ ဗြိတိသျှအစိုးရက သူမအား ပေးထားသော စံအိမ်တော်ကြီးတွင် နေထိုင်ခဲ့သည်။ သူမသည် ခရစ်နှစ် ၁၉၃၆ မတ်လ ၃ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ သူမ၏စံအိမ်တော်၌ပင် ကံတော်ကုန်ခဲ့သည်။ ဤစတုတ္တသမီးတော်၏ ပြာသာဒ်ဂူသည် မော်လမြိုင် ကျိုက်သံလန်စေတီ အနီးတွင်တည်ရှိသည်။

ယုဒသန်၏ ပထမနှစ်ခြင်းဘုရားရှိခိုးကျောင်း
[ပြင်ဆင်ရန်]ဤဘုရားရှိခိုးကျောင်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး ခရစ်နှစ် ၁၈၂၇ တွင် ရှေးဦး ပထမဆုံး မြန်မာ - အင်္ဂလိပ်အဘိဓာန်ကို ရေးခဲ့သော အမေရိကန်လူမျိုး ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ် အဒိုနီရမ် ဂျပ်ဆင် (ယုဒသန်) မှတည်ဆောက်ခဲ့သည်။ ၎င်းဘုရားရှိခိုးကျောင်းသည် ကမ္ဘာတစ်ဝန်း နှစ်ခြင်းခရစ်ယာန် လှုပ်ရှားမှုအတွက် အရေးပါသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။[၂၆][၂၇]
ရှင်မဿဲ အင်္ဂလိကန် ဘုရားရှိခိုးကျောင်း
[ပြင်ဆင်ရန်]ဤရှင်မဿဲ အင်္ဂလိကန်ဘုရားရှိခိုးကျောင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်ခဲ့သော အင်္ဂလိပ်အင်္ဂလီကန်ချာ့ချ် (Church of England) ဖြစ်သည်။ ၎င်းကို ခရစ်နှစ် ၁၈၃၂ ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး ၁၈၈၇ ခုနှစ်တွင် လက်ရှိလှပတင့်တယ်သော ဝိတိုရိယခေတ်ပုံစံ အဆောက်အအုံကို ပြန်လည်တည်ဆောက်ခဲ့သည်။ ၎င်းသည် လန်ဒန်မြို့မှ နာမည်ကျော်ကြားသော ဗြိတိသျှဗိသုကာပညာရှင်များဖြစ်သော James Piers St Aubyn နှင့် Henry J Wadling ၏ ဒီဇိုင်းဖြစ်ပြီး ဘုရားရှိခိုးကျောင်း အုတ်မြစ်ကျောက်ကို မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီး ဆာချားလ်စ် ကရော့စ်ဝိတ်က အုတ်မြစ်ချပေးခဲ့သည်။ ဘုရားရှိခိုးကျောင်းအဆောက်အအုံသည် အုတ်နီများဖြစ်ပြီး အတွင်းပိုင်းတိုင်များ ကျောက်တုံးများဖြစ်သည်။ Dresden ရှိအင်္ဂလိပ်ဘုရားကျောင်း၏ စံနမူနာဖြစ်သည်။ ကမ္ဘာ့စာပေလောကတွင် လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သော အင်္ဂလိပ် စာရေးဆရာ ဂျော့ခ်ျအော်ဝဲလ်သည် ၁၉၂၆ ခုနှစ်တွင် မော်လမြိုင်ရှိ Imperial Policeman အဖြစ် ဤဘုရားရှိခိုးကျောင်းတွင် တက်ရောက်ခဲ့ပြီး ဤဘုရားရှိခိုးကျောင်းတွင် သူ့ဆွေမျိုးများ၏ ကမ္ပည်းများရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့သိမ်းပိုက်ရာတွင် ဂျပန်စစ်တပ်သည် ဤဘုရားရှိခိုးကျောင်းတွင် ဆားသိုလှောင်ထားခဲ့သည်။ ဘုရားကျောင်းသည် အသုံးပြုဆဲဖြစ်သော်လည်း ပျက်စီးယိုယွင်းနေပြီး ထိန်းသိမ်းရန် အရေးတကြီးလိုအပ်နေသည်။[၂၈]
ပုလိပ်မင်းကြီးရုံး
[ပြင်ဆင်ရန်]ခရစ်နှစ် ၁၈၂၆ ခုနှစ်တွင် သံလွင်ပန်းခြံရှိ တောင်ပေါ်တွင် တည်ဆောက်ခဲ့သည်။ လှပတင့်တယ်သည့် ဤကိုလိုနီခေတ်အဆောက်အအုံတွင် ဂျော့ခ်ျအော်ဝဲလ်သည် ၁၉၂၆ ခုနှစ်တွင် လက်ထောက်ခရိုင် ပုလိပ်မင်းကြီး (Assistant District Superintendent) အဖြစ်လုပ်ကိုင်ခဲ့သည်။[၂၉]
မော်လမြိုင်ထောင်ဟောင်း
[ပြင်ဆင်ရန်]မော်လမြိုင်ကိုလိုနီခေတ်ထောင်ကို ခရစ်နှစ် ၁၈၃၀ ပြည့်နှစ်များတွင် စတင်တည်ဆောက်ခဲ့သည်။ အိန္ဒိယနိုင်ငံ ကာနတကပြည်နယ်၏ မြို့တော် ဘန်ဂလိုမြို့ (ယနေ့ အိန္ဒိယဆီလီကွန်တောင်ကြား) ၏ လှပသော အခြေခံအဆောက်အအုံများစွာကို ဒီဇိုင်းရေးဆွဲမှုအတွက် ဂုဏ်ပြုခံရသည့် နာမည်ကျော် အိုင်ယာလန်လူမျိုး စစ်အင်ဂျင်နီယာ ဆာရစ်ချတ်ဟီရမ်ဆန်ကီသည် ခရစ်နှစ် ၁၈၆၀တွင် ထောင်တွင်းကြီးကြပ်သူအဖြစ် ဤထောင်တွင် အလုပ်လုပ်ခဲ့သည်။ ကမ္ဘာ့စာပေလောကတွင် လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သော အင်္ဂလိပ် စာရေးဆရာ ဂျော့ခ်ျအော်ဝဲလ်၏ ၁၉၃၁ ခုနှစ်ထုတ် ဇာတ်လမ်းတို "A Hanging (1931)"သည် ဤထောင်ထဲမှ ဖြစ်ရပ်မှန်ကို အခြေခံထားသည်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ်တွင် စင်ကာပူကျဆုံးပြီးနောက် စင်ကာပူနိုင်ငံ ချန်ဂီအကျဉ်းထောင်မှ ပြောင်းရွှေ့လာသော စစ်သုံ့ပန်း မဟာမိတ်စစ်သားများကို သေမင်းတမန် ရထားလမ်း ဆောက်လုပ်ရေးသို့ မပို့မီ မော်လမြိုင်အကျဉ်းထောင်တွင် ဂျပန်စစ်တပ်မှ ထိန်းသိမ်းထားခဲ့သည်။[၃၀][၃၁][၃၂]

စိန့်ပက်ထရစ် ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်း
[ပြင်ဆင်ရန်]
စိန့်ပက်ထရစ် ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်းကို ခရစ်နှစ် ၁၈၂၉ တွင်တည်ဆောက်ခဲ့သည်။ ပြင်သစ်လူမျိုးတို့က ခရစ်နှစ် ၁၈၅၄ တွင် ဤချာ့ချ်၏ နာရီမျှော်စင်ကို ဆောက်လုပ်ခဲ့သည်။ ချာ့ချ်ဝင်းရှိ စိန့်ပက်ထရစ်ကျောင်းသည် ကိုလိုနီခေတ်တွင် အထက်တန်းလွှာကလေးများအတွက် ကျော်ကြားသော ဘော်ဒါကျောင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ချင်းမိုင် တော်ဝင်မင်းသား Sukkasem နှင့် မွန်မိန်းကလေးတို့၏ ဝမ်းနည်းဖွယ် ချစ်ခြင်းမေတ္တာဇာတ်လမ်းသည် ခရစ်နှစ် ၁၈၉၀ ပြည့်လွန်နှစ်များတွင် ဤကျောင်း၌ဖြစ်ခဲ့သည်။[၃၃]
စိန်တုံးမိဖုရားကျောင်း
[ပြင်ဆင်ရန်]စိန်တုံးမိဖုရားကျောင်း ခေါ် (ရတနာဘုံမြင့်ကျောင်း) သည် ကောင်းမွန်သော လက်မှုလက်ရာကြောင့် ကျော်ကြားသည်။ စုဖုရားလတ်၏ မယ်တော် ဆင်ဖြူမရှင်၏ အန္တရာယ်ကို ရှောင်တိမ်းသည့်သဘောဖြင့် သီပေါမင်းပိုင် အထက်ပြည် မန္တလေးရတနာပုံမှ စုန်ဆင်းကာ ဗြိတိသျှပိုင် အောက်ပြည်ရှိ မော်လမြိုင်မြို့တွင် နေထိုင်ခဲ့သည့် စိန်တုံးမိဖုရား၏ လမ်းညွှန်မှုဖြင့် မန္တလေးမှ ဗိသုကာပညာရှင်တို့ကို ခေါ်ယူကာ ခရစ်နှစ် ၁၈၈၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ တည်ဆောက်မှု ကုန်ကျစရိတ်အားလုံးကို မော်လမြိုင်မြို့ခံ သူဌေးမ ဒေါ်ရွှေပွင့်က လှူဒါန်းခဲ့သည်။ စိန်တုံးမိဖုရားသည် မင်းတုန်းမင်း၏ မိဖုရား ၆၄ ပါးတွင် "သီရိပုဗ္ဗာရတနာဒေဝီ"ဘွဲခံ မိဖုရားတစ်ပါးဖြစ်သည်။
ဝိတိုရိယခေတ်ပုံစံ နာရီစင်
[ပြင်ဆင်ရန်]
ဝိတိုရိယခေတ်ပုံစံ နာရီမျှော်စင်ကို ဝိတိုရိယပန်းခြံ (Victoria Park) ခေါ် (ယခု မောရဝတီပန်းခြံ) အနီး အရှေ့ဘက်တွင် မော်လမြိုင်သားများက ဗြိတိသျှအင်ပါယာထီးနန်း၏ ဝိတိုရိယဘုရင်မကြီးပြီးနောက် နန်းတက်သည့် သတ္တမမြောက် အက်ဒဝပ်ဘုရင် အမှတ်တရအဖြစ် ခရစ်နှစ် ၁၉၁၂ ခုနှစ်တွင် စိုက်ထူခဲ့သည်။
ကျွန်းများ
[ပြင်ဆင်ရန်]- ဘီလူးကျွန်း
- ခေါင်းဆေးကျွန်း
အခြား
[ပြင်ဆင်ရန်]- မွန်ယဉ်ကျေးမှုပြတိုက်
- ဖားအောက်တောရ(ပင်မ)
- ဇိနမာရ်အောင်စေတီ
- မဟာမြတ်မုနိဘုရား (မော်လမြိုင်မြို့)
- ဦးခန္တီဘုရား
စီးပွားရေး
[ပြင်ဆင်ရန်]မော်လမြိုင်မြို့သည် မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား ဟူသော မြန်မာ စကားပုံတစ်ခု အဖြစ်ကျန်ရစ်အောင်ပင် စားသောက်စရာ သီးနှံများနှင့် ဟင်းလျာများအတွက် ကျော်ကြားမှု ရှိလှသည်။ မော်လမြိုင်မြို့တွင် သစ်စက်အချို့နှင့် စပါးကြိတ်စက် လုပ်ငန်းများ၊ ကျွန်းသစ်နှင့် စပါးများအား သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအား လုပ်ကိုင်ကြသည်။ မော်လမြိုင်သည် တစ်ချိန်က အလုပ်များသော သင်္ဘောတည်ဆောက်ရေး စင်တာတစ်ခုဖြစ်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ၏ အဓိက သင်္ဘောဆိပ်တစ်ခု အဖြစ်လည်း ကျန်ရှိနေသေးသည်။ ဗြိတိသျှကိုလိုနီခေတ်တွင် ဗြိတိန်သင်္ဘောလိုင်းတို့၏ သင်္ဘောအချို့ကို ဤသင်္ဘောကျင်းတွင် တည်ဆောက်ခဲ့သည်။ ၂၀၀၉ ခုနှစ် မေလ ၂၇ ရက်နေ့တွင် မော်လမြိုင်မြို့၌ ဗုံးသုံးလုံး ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုများကိုမူ အာဏာပိုင်များက ဖော်ပြခြင်း မရှိခဲ့ချေ။
ကျောထောက်နောက်ခံ နယ်များတွင် ကျွန်းသစ်၊ ဆန်စပါးနှင့် ကော်ဖတ် အမြောက်အမြား ထွက်သဖြင့် မြို့၏ ကမ်းရိုးတန်းတလျှောက်၌ သစ်စက်နှင့် ဆန်စက် အများအပြားရှိသည်။ ထိုကျွန်းသစ်၊ ဆန်စပါးနှင့် ကော်ဖတ်များကို နိုင်ငံခြားတိုင်းပြည်များသို့ တိုက်ရိုက်တင်ပို့ရောင်းချသည်။ ဒူးရင်းသီး၊ မင်းကွတ်သီး၊ နာနတ်သီး၊ ကြက်မောက်သီး၊ သရက်သီးတို့လည်း အမြောက်အမြား ထွက်ရာ ရန်ကုန်မြို့နှင့် အခြားမြို့များသို့ တင်ပို့ရောင်းချရသည်။
ဒေါင်းမင်းရပ်
[ပြင်ဆင်ရန်]မော်လမြိုင်မြို့၏ အစည်ကားဆုံးနေရာသည် ဒေါင်းမင်းရပ် ဖြစ်သည်။ အောက်လမ်းမကြီးရှိ အမှတ် (၁) ဈေးကြီးနှင့် သာသနာ့ဗိမ္မာန်လမ်းမကြီးရှိ မြိုင်ရတနာ ဈေးကြီးကို ဒေါင်းမင်းရပ်ဈေးက ဆက်သွယ်ပေးထားသည်။ ရောင်းဝယ်ဖောက်ကားကြသူများဖြင့် အထူးစည်ကားလှသည်။ ကုန်စည်ဒိုင်နှင့် အဝေးပြေးကားဂိတ်၊ မီးရထား ဘူတာရုံ၊ သင်္ဘောဆိပ်တည်ရှိခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း အပြည့်အဝ ရရှိနေကြပြီဖြစ်သည်။
စက်မှုဇုန်
[ပြင်ဆင်ရန်]မော်လမြိုင်မြို့တွင် စက်မှုဇုန် နှစ်ခုရှိသည်။ မော်လမြိုင်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများအဖြစ် အကြီးစား ၄၃ ခု၊ အလတ်စား ၁၃၀ ခု၊ အငယ်စား ၁၅ ခု စုစုပေါင်း ၁၈၈ ခု အား နိုင်ငံတော် အစိုးရထံတွင် မှတ်ပုံတင်ထားပြီးဖြစ်သည်။ ၂၀၁၀ ခုနှစ် ဇွန်လကုန်အထိ ရင်းနှီးမြုပ်နှံမှု တန်ဖိုး ကျပ် ၁၉၉၈.၉၆ သန်း ရှိပြီး ထုတ်လုပ်မှု တန်ဖိုး ကျပ် သန်း ၉၆၅၈.၉၆ သန်း ရှိပြီးဖြစ်သည်။ ရော်ဘာပြား ကြိတ်စက်လုပ်ငန်း၊ သံရည်ကျိုလုပ်ငန်း၊ သံအမာတင်ခြင်း လုပ်ငန်း၊ ဓာတ်မြေဩဇာ ထုတ်လုပ်မှု လုပ်ငန်း၊ ရေလုပ်ငန်းသုံး ဘော့သီးလုပ်ငန်း၊ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း စသည်တို့ကို အဓိက လုပ်ကိုင်လျက် ရှိကြသည်။ ရော်ဘာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သော မြို့ဖြစ်သည့်အားလျော်စွာ ရော်ဘာစိုက်ပျိုးမှု အခြေခံလျက် ရော်ဘာလုပ်ငန်းသုံး စက်ကိရိယာများအပြင် လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများကို လည်းကောင်း၊ စပါးခွံလောင်စာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်သော စပါးခွံဓာတ်ငွေ့သုံး အသေးစား ဓာတ်အားပေးစက်ရုံများကို လည်းကောင်း၊ အခြားစက်မှု အထွေထွေသုံး စက်ကိရိယာများကိုလည်းကောင်း ဒေသအခြေအနေနှင့် လိုက်ဖက်ညီမည့် နည်းပညာတို့ဖြင့် ပေါင်းစပ်ဖလှယ်ကာ ထုတ်လုပ်ပေးနေလေသည်။ [၃၄]
အသစ်ဖွင့်လှစ်လိုက်သော ကျောက်တန်းစက်မှုဇုန်တွင် သွပ်၊ဆူးကြိုး၊ ရောနှောဘိလပ်မြေ၊ အစားအသောက်နှင့်အချိုရည်ထုတ်လုပ်ရေး၊ အထည်အလိပ်၊ ရွှေသန့်စင်၊ ရေခဲစက်ရုံများ၊ ဖိနပ်ထုတ်လုပ်ရေးစက်ရုံများ၊ ပရိဘောဂလုပ်ငန်း၊ ပလပ်စတစ်လုပ်ငန်းများ၊ အေးမြသောပင်လယ်စာများ အပါအဝင် လုပ်ငန်းမျိုးစုံကို ဖွင့်လှစ်ထားသည်။ သိုလှောင်ရုံနှင့် ကားဆက်စပ်ပစ္စည်း လုပ်ငန်းများရှိကြသည်။[၃၅]
နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့် မော်လမြိုင်တွင် ခေတ်မီဆန်းသစ်သော ပေါင်းစပ်စက်သုံးဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသစ်ကို စင်ကာပူနိုင်ငံ၏ United Overseas Bank (UOB) ကျောထောက်နောက်ခံ စင်ကာပူကုမ္ပဏီ Asiatech Energy က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ဤမော်လမြိုင်လျှပ်စစ်ဓာတ်အားပေးစက်ရုံသစ်သည် မွန်ပြည်နယ်အတွင်း နေထိုင်သူများနှင့် စီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲသော ဓာတ်အားရရှိရေးကို ဆောင်ကြဉ်းပေးမည်ဖြစ်သည်။[၃၆]
၂၀၁၇ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ပိုမိုထိရောက်စေရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် မော်လမြိုင်ဆိပ်ကမ်း အရှေ့ဘက်မြေ ၄၆ ဧကတွင် ကမ်းလွန်ထောက်ပံ့ရေးစခန်းတစ်ခု တည်ဆောက်ရန် စင်ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ခွင့်ပြုပေးခဲ့သည်။ ၎င်းသည် ဘင်္ဂလားပင်လယ်အော်ရှိ ကမ်းလွန်ပင်လယ်ပြင်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လုပ်ကိုင်သူများအတွက် ကျယ်ပြန့်သော ဝန်ဆောင်မှုများကို ပေးဆောင်မည်ဖြစ်သည်။[၃၇][၃၈]
သယ်ယူပို့ဆောင်ရေးဗဟို
[ပြင်ဆင်ရန်]မော်လမြိုင်သည် အရှေ့တောင်အာရှ အရှေ့အနောက် စီးပွားရေးစင်္ကြံ(East–West Economic Corridor)၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ အရှေ့-အနောက် ကီလိုမီတာ ၁၄၅၀ ရှည်လျားသော ဤစီးပွားရေးစင်္ကြံသည် တောင်တရုတ်ပင်လယ်ရှိ ဗီယက်နမ်နိုင်ငံ ဒါနန်မြို့မှ မော်လမြိုင်သို့ လာအိုနှင့် ထိုင်းနိုင်ငံတို့ကို ဖြတ်၍ ဆက်သွယ်ထားသည်။ အရှေ့-အနောက် စီးပွားရေးစင်္ကြံကို အသုံးပြုခြင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ရန်ကုန်အကြား ခရီးသွားလာချိန်သည် သုံးရက်သာရှိပြီး မလက္ကာရေလက်ကြားမှတဆင့် သမားရိုးကျ ရေကြောင်းကုန်စည်ပို့ဆောင်ရေးအတွက် နှစ်ပတ်မှ သုံးပတ်အထိ လိုအပ်သော ခရီးဖြစ်သည်။ ဂျပန်နိုင်ငံ၏ Nippon Express ပို့ဆောင်ရေးကုမ္ပဏီသည် ဤလမ်းကိုသုံး၍ ထိုင်းနှင့်မြန်မာကြား ကုန်းလမ်းကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည်။[၃၉]
ယဉ်ကျေးမှု
[ပြင်ဆင်ရန်]
မော်လမြိုင်မြို့သည် တနင်္သာရီတိုင်းနှင့် ဆက်သွယ်ရန်အတွက် အဓိက ဒေသတစ်ခု ဖြစ်သည့်အပြင် သင်္ဘောဆိပ်နှင့် ပို့ဆောင်ရေး ဗဟိုချက်မ တစ်ခုလည်း ဖြစ်သည်။ ထိုဒေသသည် ဗုဒ္ဓဘာသာ မွန်လူမျိုးများ အဓိကနေထိုင်ရာ ဒေသ ဖြစ်သော်လည်း အမျိုးမျိုးသော ယဉ်ကျေးမှုများကို တွေ့မြင်ရသည်။ မော်လမြိုင်သည် အလွန်ရှေးကျသော ဗုဒ္ဓဘာသာ နေရာဌာန တစ်ခုဖြစ်သော်လည်း ၁၉ ရာစုနောက်ပိုင်းတွင် ဗြိတိသျှ နှင့် အမေရိကန် ခရစ်ယာန်သာသနာပြုများရောက်ရှိလာပြီး ခရစ်ယာန်ဘာသာလည်း စတင်ဝင်ရောက်လာခဲ့သည်။ ၁၈၆၀ ခုနှစ်တွင် ဒီလ ရှယ်လီ ဘရားသားစ်က ခရစ်ယာန် သာသနာပြုကျောင်းများကို တည်ဆောက်ခဲ့ကြသည်။ ထိုနောက် စိန့်ပက်ထရစ် (ယခု မော်လမြိုင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း တစ်ခုဖြစ်သော)ဘုရားရှိခိုးကျောင်းကို ဖွင်လှစ်ခဲ့သည်။ ၂၀ ရာစု အစောပိုင်း ကာလများတွင် စီးပွားရေးဆိုင်ရာ ချဲ့ထွင်မှုများဖြင့် အိန္ဒိယနိုင်ငံမှ ဟိန္ဒူလူမျိုးများ ဝင်ရောက်လာခဲ့ကြသည်။
မော်လမြိုင်မြို့၏ သင်္ကြန်ရေသဘင်ပွဲတော်သည် မြန်မာနိုင်ငံတွင် ကျော်ကြားသည်။ ပွဲတော်ရက်များတွင် အနယ်နယ်မှ လာရောက်၍ ရေသဘင်ဆင်နွဲကြသည်။ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လတွင် ကျင်းပလေ့ရှိသော သံဃာ ၁ဝဝဝ ကျော်ပါဝင်သည့် မောင်ငံဆွမ်းတော်ကြီးလောင်းပွဲသည် မော်လမြိုင်မြို့တွင် အလွန်စည်ကား၍ ထင်ရှားသော ပွဲတော်ကြီးဖြစ်သည်။ ခရစ်သက္ကရာဇ် ၁၈၄၄ (မြန်မာသက္ကရာဇ် ၁၂ဝ၄) ခုနှစ်မှ စ၍ မောင်ငံရပ်ကို အုပ်ချုပ်သော မင်းမောင်ငံက ဦးစီးပြုလုပ်ခဲ့ရာ ယနေ့တိုင် မပျက်မကွက် တည်တံ့လျက်ရှိသည်။ (မောင်ငံသည် မွန်လူမျိုးစစ်ကဲကြီး မောင်ထော်လေး၏ တပည့် ကင်းဝန် ဖြစ်သည်)။
မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား ဟူသော မြန်မာ စကားပုံတစ်ခု အဖြစ်ကျန်ရစ်အောင်ပင် မော်လမြိုင်သူ မော်လမြိုင်သားသည် အစားအစာကို အရသာရှိရှိ စီမံချက်ပြုတ်စားတတ်ကြသည်။ မော်လမြိုင်ရွှေရင်အေး၊ မွန်ရိုးရာ မော်လမြိုင်သင်္ကြန်ထမင်း၊ မွန်ရိုးရာ ရွဲယိုရွက် ငါးပေါင်းထုပ်၊ မွန်ရိုးရာ ရွှေကြည်မုန့်၊ မော်လမြိုင်မုန့်ဟင်းခါး ခေါ် မွန်ရိုးရာ ရေစိမ်မုန့်ဟင်းခါး(မုန့်ဟင်းခါးအစို)၊ ဒူးရင်းယို၊ မော်လမြိုင်ကြက်ကလယ်ချက်၊ မွန်ရိုးရာ ကောက်လှိုင်းတီမုန့် အစရှိသည်တို့သည် ကျော်ကြားသည်။ မော်လမြိုင် ကျွဲကောသီး၊ မော်လမြိုင်ဒူးရင်းသီး၊ မော်လမြိုင်မင်းကွတ်သီး အစရှိသည်တို့မှာ အရသာရှိရာတွင်ထင်ရှားသည်။
ပညာရေး
[ပြင်ဆင်ရန်]
အခြေခံပညာ
[ပြင်ဆင်ရန်]မော်လမြိုင်မြို့တွင် အစိုးရအထက်တန်းကျောင်းပေါင်း ၁၃ ကျောင်း ရှိသည်။ ၁၈၆၀ ခုနှစ်တွင်စတင် တည်ထောင်သော စိန့်ပက်ထရစ်ကျောင်း (ယခု အမှတ်(၅) အထက်တန်းကျောင်း)၊ ၁၈၉၉ ခုနှစ်တွင်စတင် တည်ထောင်သော ရှင်မဟာဗုဒ္ဓဃောသအမျိုးသားအထက်တန်းကျောင်း (ယခု အမှတ်(၉) အထက်တန်းကျောင်း) များမှာ ထင်ရှားသည်။

အဆင့်မြင့်ပညာ
[ပြင်ဆင်ရန်]မော်လမြိုင်မြို့တွင် မော်လမြိုင်တက္ကသိုလ်၊ မော်လမြိုင်ပညာရေးကောလိပ်၊ နည်းပညာတက္ကသိုလ်(မော်လမြိုင်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မော်လမြိုင်)၊ အားကစားနှင့်ကာယပညာ သိပ္ပံ(မော်လမြိုင်) စသည်တို့ ရှိသည်။[၄၀][၄၁] ၁၈၆၄ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု ဗက်ခနဲ တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော နိုင်ငံခြား ပညာသင် ကျောင်းသားတစ်ဦးဖြစ်သူ မောင်ရှောလူးသည် မော်လမြိုင်မြို့တွင် မွေးဖွားသော မွန်လူမျိုး၊ မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည်။ သူသည် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသားများထဲမှ အနောက်တိုင်း ဆေးပညာကို အစပြုခဲ့သူဖြစ်ပြီး အမေရိကန် ပြည်ထောင်စုတွင် ပညာသင်ကြားသော ပထမဆုံး မြန်မာကျောင်းသားတစ်ဦး ဖြစ်သည်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းအတွက် အဓိက တက္ကသိုလ်တစ်ခုဖြစ်သော မော်လမြိုင် တက္ကသိုလ် သည် မြန်မာနိုင်ငံတွင် တတိယမြောက် တည်ထောင်သော ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ဖြစ်ပြီး ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များ၊ မဟာဝိဇ္ဇာဘွဲ့များကို ချီးမြှင့်နိုင်သည်။ မြန်မာနိုင်ငံအတွင်း အဏ္ဏဝါသိပ္ပံဘွဲ့ကို ချီးမြှင့်ပေးနိုင်သော တက္ကသိုလ်အချို့သာရှိရာ မော်လမြိုင်တက္ကသိုလ်သည် တစ်ခုအပါအဝင် ဖြစ်သည်။ သို့သော် ကျောင်းသားများအနေဖြင့် ဆေးပညာ သင်ယူနိုင်ရန် ရန်ကုန်မြို့သို့ သွားရောက် သင်ယူရန် လိုအပ် လေသည်။
ကျန်းမာရေး
[ပြင်ဆင်ရန်]အစိုးရဆေးရုံများ
[ပြင်ဆင်ရန်]အားကစား
[ပြင်ဆင်ရန်]ဆောက်သန်းမြန်မာ ယူနိုက်တက် ဘောလုံးအသင်း (Southern Myanmar United F.C) သည် မော်လမြိုင်မြို့၏ မြို့ခံအသင်းတစ်သင်း ဖြစ်သည်။ ဆောက်သမ်းမြန်မာ ယူနိုက်တက် ဘောလုံးအသင်း၏ အိမ်ကွင်းမှာ ရာမညအားကစားကွင်း ဖြစ်ပြီး မော်လမြိုင်မြို့တွင် အခြေစိုက်သည်။ ဆောက်သမ်းမြန်မာယူနိုက်တက် ဘောလုံးအသင်းသည် မြန်မာနေရှင်နယ်လိဂ်စတင် တည်ထောင်ခဲ့စဉ် ၂၀၀၉-ခုနှစ်ကတည်းက ပါဝင်ခဲ့သော အသင်းတစ်သင်းဖြစ်ပြီး ၎င်းအသင်းသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့အပါအဝင် မြန်မာနိုင်ငံ၏ တောင်ဘက် ကမ်းရိုးတန်းတစ်ခုလုံးကို ကိုယ်စားပြုသည်။
ညီအစ်မမြို့တော်
[ပြင်ဆင်ရန်]အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်ရှိ ဖို့တ်ဝိန်းမြို့ နှင့် မော်လမြိုင်မြို့ တို့သည် ချစ်ကြည်ရေးမြို့တော်သဘောတူညီချက်ထူထောင် ထားရှိပြီးဖြစ်သည်။[၄၄]
ဓာတ်ပုံများ
[ပြင်ဆင်ရန်]- သံလွင်တံတား(မော်လမြိုင် ကမ်းမှ)
- မော်လမြိုင် မြို့လယ်တစ်နေရာ
- ယုဒသန်၏ ပထမနှစ်ခြင်းဘုရားရှိခိုးကျောင်း
- စိန့်ပက်ထရစ်ကျောင်း
- Holy Family ဝတ်ပြုကျောင်းကြီး
- ဖားအောက်တောရ (ပင်မ)
- စိန်တုံးမိဖုရား ကျောင်း
- မော်လမြိုင်ဘူတာကြီး
- မော်လမြိုင် အဝေးပြေးကားဝင်း
- သံလွင် ဥယျာဉ်
ကိုးကား
[ပြင်ဆင်ရန်]- ↑ Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 26, 2015 တွင် ပြန်စစ်ပြီး
- ↑ National Telephone Area Codes။ Myanmar Yellow Pages။ 19 July 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 July 2010 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 18 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 July 2010 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ဘရှင် ၏ မွန်ကျောက်စာသင်တန်းမှ မွန်ဒသနများ
- ↑ Shorto, H L (1963). The 32 myos in the medieval Mon kingdom. Bulletin of the School of Oriental and African Studies. p. 575.
- ↑ Banerjee, I. & Logan, S. Asian Communication Handbook 2008. AMIC, 2008. ISBN 978-981-4136-10-5.
- ↑ Zollner, Hans-Bernd (2002). "Germans in Burma, 1837-1945". The Journal of Burma Studies. Northern Illinois University. 7: 34.
- ↑ McPherson, Kenneth (2002). Port Cities as Nodal Points of Change. Columbia University Press. pp. 75–95.
- ↑ Bonhams : India General Service 1854-95, (in en)။ 2025-12-14 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 30 November 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 August 2020 တွင် ပြန်စစ်ပြီး။
- ↑ 1888 Moulmein (in en)။ 2025-12-14 တွင် ပြန်စစ်ပြီး။
- ↑ Moulmein - Encyclopedia (in en)။ 2025-12-14 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
- ↑ Letter from Burma: Flowers in her hair- 毎日jp(毎日新聞)
- ↑ Hugh Tinker, Union of Burma, p.325
- ↑ D.Gray၊ Denis (2017-03-25)။ သမိုင်းထဲက မော်လမြိုင် (in en-US)။ 2025-12-14 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 24 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 July 2022 တွင် ပြန်စစ်ပြီး။
- ↑ Jones, Stephanie (1986). Two Centuries Of Overseas Trading. Palgrave Macmillan UK. p. 42
- ↑ British India Steam Navigation Company - Part One။ 2025-12-14 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 21 April 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 July 2022 တွင် ပြန်စစ်ပြီး။
- ↑ Bird၊ George W. (1897)။ Wanderings in Burma။ University of Michigan။ Bournemouth [Eng.] F.J. Bright & son; London, Simpkin, Marshall, Hamilton, Kent & co., ltd.။ p. 198။ LCCN 44050876။ OCLC 411015။ OL 6479052M။
- ↑ Hammel, Eric (2010). Aces Against Japan II: The American Aces Speak. Pacifica Military History. pp. 63–68
- ↑ Bird, G W (1897). Wanderings in Burma. p. 204.
- ↑ Heritages & Landmarks in Mawlamyine, Myanmar (Burma)။ 2016-09-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-12-14 တွင် ပြန်စစ်ပြီး။
- ↑ Wanderings in Burma (in en)။ 2025-12-14 တွင် ပြန်စစ်ပြီး။
- ↑ First Baptist Church of Mawlamyine (in en)။ 2025-12-14 တွင် ပြန်စစ်ပြီး။
- ↑ Baptist church restoration a mixed blessing for Myanmar (in en)။ 2025-12-14 တွင် ပြန်စစ်ပြီး။
- ↑ Mawlamyine exudes post-colonial charm, Buddhist shrines and few tourists (in en-US) (2017-03-09)။ 2025-12-14 တွင် ပြန်စစ်ပြီး။
- ↑ Meyers, Jeffrey (2010). Orwell: Life and Art. University of Illinois Press. p. 19.
- ↑ "Here be monsters: Travelling to Ogre Island". The Myanmar Times
- ↑ Why we shouldn't forget Sankey... (in en)။ 2025-12-14 တွင် ပြန်စစ်ပြီး။
- ↑ Crager, Kelly (2008). Hell Under the Rising Sun: Texan Pows and the Building of the Burma-Thailand Death Railway. Texas A&M University Press. pp. 68–7
- ↑ "Westward, ho!". Bangkok Post.
- ↑ Myanmar.com။ 29 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 September 2010 တွင် ပြန်စစ်ပြီး။
- ↑ "New Industrial Zone in Mon State to open this month | Global New Light Of Myanmar. www.globalnewlightofmyanmar.com. 2016-03-16. Retrieved 2017-08-20.
- ↑ https://www.bbc.com/storyworks/capital/right-by-you/powering-up-myanmar
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 10 April 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 September 2022 တွင် ပြန်စစ်ပြီး။
- ↑ https://www.mizzima.com/business-opinion/myanmar-offshore-supply-base-development-further-chaos-or-progress
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 8 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 September 2022 တွင် ပြန်စစ်ပြီး။
- ↑ Myanmar.com။ 13 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 September 2010 တွင် ပြန်စစ်ပြီး။
- ↑ http://www.spedmyanmar.gov.mm/content/ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊-အားကစားနှင့်ကာယပညာဦးစီးဌာန[လင့်ခ်သေ]
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 2 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 January 2021 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 1 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 January 2019 တွင် ပြန်စစ်ပြီး။
- ↑ Fort Wayne Sister Cities to sign Myanmar friendship agreement။ The News-Sentinel (26 January 2016)။ 30 March 2016 တွင် ပြန်စစ်ပြီး။