အင်္ဂလိပ်ဘာသာစကား
အင်္ဂလိပ်ဘာသာစကား(English language) သည် ယနေ့ခေတ် ကမ္ဘာပေါ်တွင် လူပြောအများဆုံးဘာသာစကား ဖြစ်သည်။ ယနေ့ခေတ် ကမ္ဘာပေါ်ရှိ လူတို့သည် အများအားဖြင့် အင်္ဂလိပ်ဘာသာဖြင့် ပြောဆို ဆက်ဆံ နေကြရသည်။ အင်္ဂလိပ်ဘာသာသည် အနောက်ဂျာမန်နစ်ဘာသာစကား(West Germanic Language) ဖြစ်သည်။ အနောက်ဂျာမန်နစ်ဘာသာစကားသည် ဒတ်ချ်ဘာသာစကား(Dutch Language)၊ ဂျာမန်ဘာသာစကား(German Language) များကဲ့သို့ အင်ဒို-ဥရောပဘာသာစကား(Indo - European Language) မျိုးနွယ်များဖြစ်ကြသည်။ အင်္ဂလိပ်စာ အရေးအသားသည် ကမ္ဘာပေါ်တွင် ဒုတိယအသုံးပြုရသော ရုံးသုံးဘာသာစကား ဖြစ်သည်။ စာအရေးအသားစနစ်မှာ လက်တင်(Latin) (ရောမစာအရေးအသား) စာအရေးအသားစနစ် ဖြစ်သည်။
အင်္ဂလိပ်ဘာသာသည် အေဒီ ၄၅၀ ခန့်က အနောက်ဂျာမနီလူမျိုးစုများမှတဆင့် ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာသော ဘာသာစကားတစ်ခုဖြစ်သည်။ ဂျာမနစ်ဘာသာသည် အန်ဂလို-ဆက်ဆိုဟုခေါ်သော ရှေးဟောင်း အင်္ဂလိပ်ဘာသာတစ်ခုဖြစ်ပြီး အနောက် ဂျာမနီ လူမျိုးစု များပြောသော ဘာသာစကား တစ်ခုဖြစ်သည်။ ခေတ်သစ်အင်္ဂလိပ်စကားကိုမူ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း မြောက်မြားစွာက ပြောဆိုအသုံးပြုနေကြသည်။ လူပေါင်း ၃၇၅ သန်းခန့်ပြောဆိုကြပြီး တစ်သန်းခန့်သော လူတို့သည် အင်္ဂလိပ်ဘာသာကို လေ့လာနေကြသည့် အပြင် အခြားဘာသာစကားများကိုပင် လွှမ်းမိုးထားသည်။
သမိုင်း
[ပြင်ဆင်ရန်]ဥရောပတိုက်၊ ဂရိတ်ဗြိတိန်ကျွန်းပေါ်ရှိ အင်္ဂလန်နိုင်ငံပေါ်မှစ၍ အင်္ဂလိပ်စကားကို အသုံးပြုခဲ့သည်ဟု သိရသည်။ ဂျာမနစ် လူမျိုးစုများ(ဆက်ဇွန်၊ အန်ဂယ်စ် နှင့် ဂျူး) သည် ဗြိတိန်သို့ လာရောက်ခဲ့ကြပြီး ၎င်းလူမျိုးတို့သည် ကျွန်း၏ အရှေ့ပိုင်း အနောက်ပိုင်းတွင် အိမ်များကို ဆောက်လုပ်ပြီး ၎င်းတို့အရင်ရှိနှင့်နေသော ဒေသခံတိုင်းရင်းသားများကို မောင်းထုတ်ခဲ့ကြသည်။ အခြားဒေသိယ ဂျာမနစ်ဘာသာစကားများသည် ရှေးဟောင်းအင်္ဂလိပ်ဘာသာဖြစ်လာခဲ့သည်။ " English " ဟူသောစကားလုံးသည် Angles-Englas မှ ဖြစ်လာသည်။ ရှေးဟောင်း အင်္ဂလိပ်စကားတွင်မူ အသံထွက်များမှာ ကွာခြားမှုရှိပြီး ယနေ့ခေတ် အင်္ဂလိပ်အသံထွက်များနှင့် အတော်ကွာခြားမှုရှိသောကြောင့် ယနေ့ခေတ် အင်္ဂလိပ်စကားပြောသော သူများသည်ပင် နားလည်ရန်ခက်ခဲသည်။ အချို့စကားလုံးများသည် ဆင်တူအသံထွက်ရှိပြီး အချို့မှာမူကွဲပြားခြားနားကြသည်။
အင်္ဂလိပ်စကားနှင့် အနီးစပ်ဆုံး ဆင်တူသည့် ဖရီရှန်ဘာသာစကားသည် ယနေ့ခေတ်တိုင်အောင် ဂျာမနီ၊ နယ်သာလန်နှင့် ဒိန်းမတ်တို့ရှိ ၅သိန်းခန့်သော လူမျိုးများပြောဆိုအသုံးပြုနေကြသေးသည်။ အင်္ဂလိပ်စကားနှင့် ဖရီရှန်ဘာသာစကားသည် ဆင်တူသော်လည်း ဘာသာစကား နှစ်ခုမှာ တစ်ခုနှင့်တစ်ခုနားလည်ရန် ခက်ခဲသည်။
နောက်ပိုင်း၌ အခြားလူမျိုးအများအပြားသည် အင်္ဂလန်သို့ ရောက်ရှိလာခဲ့ကြ၍ ၎င်းတို့၏ ကိုယ်ပိုင် ဘာသာစကားများကို အသုံးပြုခဲ့ကြသည်။ ၎င်းဘာသာစကားများကို အင်္ဂလိပ်ဘာသာတွင် ပေါင်းထည့်ထားပြီး ယနေ့ခေတ် အင်္ဂလိပ်ဘာသာစကားဖြစ်ပေါ်လာစေသည်။ ဥပမာအနေဖြင့် အေဒီ ၈၀၀ခန့်က ဒတ်ချ်နှင့် နောရီစ် ပင်လယ်ဓားပြများကို ဗိုက်ကင်း (Vikings) ဟုခေါ်ကြသည်။ အင်္ဂလိပ်ဘာသာတွင် ၎င်းတို့ဘာသာစကားများစွာကို ရရှိထားကြသည်။ သူတို့၏ စကားမှာ ဂျာမနစ်ဘာသာဖြစ်ပြီး ရှေးဟောင်း အင်္ဂလိပ်စကားနှင့်တူသည်။
အောင်နိုင်သူ ဝီလီယံသည် အင်္ဂလန်ကို ၁၀၆၆အေဒီတွင် သိမ်းပိုက်ခဲ့ပြီး ဘုရင်ဖြစ်လာခဲ့သည်။ ဝီလီယံသည် နော်မန်ဘာသာစကားပြောဆိုသူဖြစ်ပြီး ၎င်း၏နော်မန်ဘာသာဖြင့် ရေသားထားသော စာအုပ်များကို အင်္ဂလန်သို့ သယ်ဆောင်လာခဲ့သည်။ နော်မန်လူမျိုးများ၏ စကားသည် ပြင်သစ်လူမျိုးတို့၏ စကားနှင့် အနီးစပ်ဆုံး ဆက်နွယ်လေသည်။ ဝီလီယံ၏ နော်မန်ကျူးကျော်မှုကြောင့် အင်္ဂလန်တွင် ပြင်သစ်-အင်္ဂလိုဆက်ဇွန် ရောနှောဓလေ့ပေါ်ထွန်းလာရပြီး အင်္ဂလိပ်ဘာသာစကား ဟူ၍ ဘာသာစကားအသစ်ပေါ်ထွန်းလာပြီး ကျယ်ပြန့်စွာ သုံးစွဲလာခဲ့သည်။ နောက်ရာစုနှစ် ၃ခုကျော်၊ ၄ခုအတွင်းတွင် အင်္ဂလိပ်လူမျိုးတို့၏ သဒ္ဒါသုံးစွဲပုံမှာလည်း ပြောင်းလဲလာသည်။
အင်္ဂလိပ်စာသည် နော်မန်ဘာသာမှ စကားလုံးပေါင်းမြောက်မြားစွာကို ငှားယူအသုံးပြုထားပြီး ထိုဘာသာစကားကို မစ်ဒယ်အင်္ဂလိပ်ဘာသာဟုခေါ်ကြသည်။ ဂျော့ဖာရီ ကာ့ဆာသည် လူသိများသည့် မစ်ဒယ်အင်္ဂလိပ်အရေးအသားအသုံးပြုသော စာရေးဆရာတစ်ယောက်ဖြစ်သည်။ အသံထွက်များ ပြောင်းလဲလာပြီးနောက်ပိုင်း၌ မစ်ဒယ်အင်္ဂလိပ်သည် ခေတ်သစ်အင်္ဂလိပ်စာသို့ပြောင်းလဲလာခဲ့သည်။ ရှိတ်စပီးယား၏ စာပေများတွင် အလွန်ဟောင်းနွမ်းနေသည့် အရေးအသားကို တွေ့ရမည်ဖြစ်သည်။ သို့သော် ၎င်း၏ စာပေအရေးအသားသည် ခေတ်သစ်စာပေအရေးအသား ၏ ရှေ့ပြေးဟူ၍ ဂုဏ်ပြု သမုတ် ခဲ့ကြသည်။
အင်္ဂလိပ်စာသည် အခြားဘာသာစကားများကို ဆက်လက်ရယူပေါင်းထည့်ခဲ့သည်။ ပြင်သစ်ဘာသာမှ ၃၀%၊ ၄၀% ခန့်သော စာလုံးပေါင်းများ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ စပိန်၊ ပေါ်တူဂီ စသောဘာသာစကားများကိုလည်း တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော နည်းဖြင့် ပေါင်းစပ်ထည့်သွင်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သိပ္ပံပညာရှင်များ၊ လေ့လာရေးပြုလုပ်သူများသည် အကြောင်းအရာတစ်ခုအား လေ့လာရာတွင် အခြားသူများနှင့် ဆက်သွယ်ပြောဆိုရန်လိုအပ်လာသည်။ ထို့ကြောင့် အခြားသူများနှင့် ဆက်သွယ်ပြောဆိုပြီး သိပ္ပံနည်းကျ လေ့လာမှုများပြုလုပ်ရန်အတွက် အခေါ်အဝေါ်များကို ရွေးချယ်အသုံးပြု ခေါ်ဝေါ်ကြရန်ဖြစ်သည်။
သမိုင်းကြောင်းအရ ဗြိတိသျှအင်ပါယာ၏ ကိုလိုနီချဲ့ထွင်မှုသည်လည်း အင်္ဂလိပ်ဘာသာစကားကို နေရာအနှံ့သို့ ပျံ့နှံ့သွားစေသော အကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်သည်။ ယခုအခါ အင်္ဂလိပ်ဘာသာစကားသည် အရေးပါသော ဘာသာစကားတစ်ခု အဖြစ်သို့ ရောက်ရှိခဲ့သည်။ ဥပမာအနေဖြင့် အိန္ဒိယနိုင်ငံ၊ ဩစတေးလီးယနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဟောင်ကောင်၊ ပါကစ္စတန်နိုင်ငံ၊ တောင်အာဖရိကတိုက်တို့တွင် အင်္ဂလိပ်ဘာသာသည် အခြားဘာသာများထက် ပိုမို အသုံးပြုခြင်းခံရသည်။ ၎င်းနိုင်ငံများသည် တချိန်က ဗြိတိသျှတို့၏ လက်အောက်ခံနိုင်ငံများ ဖြစ်ခဲ့ကြသည်။ ထို့အပြင် ဗြိတိသျှ ကျွန်းစုပေါ်ရှိ အင်္ဂလန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ယခင်ကပင် စီးပွားရေး၊ နိုင်ငံရေးတို့တွင် အရှိန်အဝါရှိကြသည့်အလျောက် ထိုသူများနှင့်ဆက်ဆံရန်အတွက် အခြားလူမျိုးတို့သည် အင်္ဂလိပ်ဘာသာကို သင်ယူပြောဆိုဆက်ဆံ၍ နည်းပညာ အကူအညီများ၊ စီးပွားရေး အကူအညီများ၊ စိုက်ပျိုးရေး အကူအညီများ စသည့်တို့ကို ရယူရန်အတွက် အသုံးပြုခဲ့ကြသည်။ ထို့အပြင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း အားလုံး လိုလို၌ပင် အင်္ဂလိပ်ဘာသာအား မိခင် ဘာသာ ပြီးလျှင် အခြား လေ့လာအပ်သော ဒုတိယဘာသာ အဖြစ် ပေါင်းထည့်သင်ကြားစေသည်။
အကျော်ကြားဆုံးသော ပုံပြင်၊ ပြဇာတ်၊ သမိုင်းအကြောင်းအရာများသည် အင်္ဂလိပ်စာတွင် အများအပြားတွေ့ရသည်။ ရှိတ်စပီးယား၏ ကမ္ဘာကျော် ကဗျာများနှင့် ပြဇာတ်များသည် လူကြိုက်များသော စာပေဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့်ပင် ရေသားထားသည်။ ထို့အပြင် ရုပ်ရှင်၊ သီချင်းများသည် အင်္ဂလိပ်ဘာသာဖြင့်ပင် အသုံးပြုသေးသည်။
စာလုံးပေါင်း ကွာခြားပုံများ
[ပြင်ဆင်ရန်]အင်္ဂလိပ်စာကို ရေးသားရာတွင် ပုံမှန်မဟုတ်ဘဲ အစိတ်အပိုင်းပေါင်းများစွာပါဝင်သည်။ စာစောင်များအတွက် အသံများနှင့် ပေါင်းစပ်မှုများသည် တူသည်ဟု ထင်ရသော်လည်း အလွန့်လွန် ခြားနားမှုများရှိသည်။ ဥပမာအနေဖြင့် "ough" ကို အခြားစာလုံးများပေါင်းထည့်ကြည့်ခြင်း through (threw), rough (ruff), dough (doe) သို့မဟုတ် cough (coff) စသည်ဖြင့် ထိုသို့သော စာလုံးပေါင်းခြင်းများသည် လေ့လာမှုကို ခက်ခဲစေရန်အချက်ပင်ဖြစ်သည်။ အခြားအင်္ဂလိပ်စကားပြောသောနိုင်ငံများသည် မတူညီသော စာလုံးပေါင်းများလည်းရှိသည်။ UK နှင့် အမေရိကတို့တွင် အချို့စကားလုံးများသည် စာလုံးပေါင်း သတ်ပုံခြင်းမတူညီချေ။ (အခြားနိုင်ငံများလည်း ထို့အတူပင်ဖြစ်သည်။ ) ဥပမာအနေဖြင့် အင်္ဂလန်က "Colour"ကို အမေရိက က "Color" ဟူပေါင်းကြသည်။ ထိုသို့ခြားနားသော စာလုံးပေါင်းသတ်ပုံနည်းလမ်းများအချို့ကို အမေရိကန်စာလုံးပေါင်းသတ်ပုံနှင့် ဗြိသိသျှစာလုံးပေါင်းသတ်ပုံဟူ၍ ခေါ်ကြပြန်သေးသည်။ ယခုအခါ အချို့သော အင်္ဂလိပ်လူမျိုးတို့သည် အမေရိကန် စကားလုံးအချို့အား သုံးစွဲမှုရှိကြသည်။
အောက်ပါဇယားမှာ ယနေ့ခေတ် ကျွန်ုပ်တို့ အသုံးပြုနေကြသော အင်္ဂလိပ်ဘာသာ၏ အက္ခရာသင်္ကေတများဖြစ်သည်။
အင်္ဂလိပ် အက္ခရာစဉ်(အက္ခရာကြီး)
[ပြင်ဆင်ရန်]A | B | C | D | E | F |
G | H | I | J | K | L |
M | N | O | P | Q | R |
S | T | U | V | W | X |
Y | Z |
အင်္ဂလိပ် အက္ခရာစဉ်(အက္ခရာငယ်)
[ပြင်ဆင်ရန်]a | b | c | d | e | f |
g | h | i | j | k | l |
m | n | o | p | q | r |
s | t | u | v | w | x |
y | z |
စာရေးသားခြင်းစနစ်
[ပြင်ဆင်ရန်]ကိုးရာစုကတည်းက အင်္ဂလိပ်ကို လက်တင်အက္ခရာ (ရောမအက္ခရာဟုလည်းခေါ်သည်) ဖြင့် ရေးသားခဲ့သည်။အစောပိုင်း အင်္ဂလိပ်ရှေးဟောင်းစာများသည် တိုတောင်းသော ရှေးဟောင်း-အင်္ဂလိပ် ကမ္ပည်းစာမျိုးဖြစ်သည်။
နမူနာစာသား
[ပြင်ဆင်ရန်]အင်္ဂလိပ်ဘာသာဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း မှ ကောက်နုတ်ချက်:[၁]
လူသားတိုင်းသည် ဂုဏ်သိက္ခာနှင့် အခွင့်အရေးများဖြင့် လွတ်လပ်စွာ မွေးဖွားလာကြသည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် အသိတရားနှင့် ပြည့်စုံပြီး ညီအစ်ကိုအသင်းအပင်းစိတ်ဓာတ်ဖြင့် အချင်းချင်းအပေါ် ပြုမူသင့်သည်။
— အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း, အပိုဒ် ၁