လယ်တီဆရာတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
လယ်တီဆရာတော် ဦးဉာဏဓဇ
Ledi Sayadaw portrait.jpg
လယ်တီဆရာတော်
ဘာသာ ဗုဒ္ဓဘာသာ
ဂိုဏ်း ထေရဝါဒ
Lineage လယ်တီ
ပညာရေး Agga Maha Pandita, D.Litt. (Hons.)
ဓမ္မအမည်များ ဉာဏဓဇ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား မြန်မာ
မွေးဖွား ၁ ဒီဇင်ဘာ ၁၈၄၆ (မြန်မာသက္ကရာဇ် ၁၂၀၈၊ နတ်တော်လဆန်း ၁၃)
စိုင်ပြင်ကလေးရွာ၊ ဒီပဲရင်းမြို့နယ်
ဗမာနိုင်ငံတော်
ကွယ်လွန် ၂၇ ဇွန်၊ ၁၉၂၃(1923-06-27) (အသက် ၇၆)
ပျဉ်းမနားမြို့မန္တလေးစီရင်စုဗြိတိသျှဘားမား
Senior posting
ကျောင်းထိုင် လယ်တီကျောင်းတိုက်၊ မုံရွာမြို့
ဘွဲ့နာမည် ဆရာတော်
ဘာသာရေးဘဝ
တပည့်များ အနာဂါမ် သက်ကြီး

လယ်တီဆရာတော် ဦးဉာဏဓဇ (၁ ဒီဇင်ဘာ ၁၈၄၆ – ၂၇ ဇွန် ၁၉၂၃[၁]) သည် ထေရဝါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။

ဓမ္မစာဆိုတော် လယ်တီ ဆရာတော်လောင်းလျာအား အဖ ဦးထွန်းသာ၊ အမိ ဒေါ်ကျုံးတို့က စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ် စိုင်းပြင်ကလေးရွာတွင် အင်္ဂါနေ့နံနက်၊ တစ်ချက်တီးချိန်တွင် ဖွားမြင်တော်မူသည်။ ငယ်မည်မှာ မောင်တက်ခေါင် ဖြစ်၍ မွေးချင်း ၅ ဦးအနက် ဒုတိယမြောက် သားဖြစ်သည်။

မောင်တက်ခေါင်အား ဖွားမြင်ဆဲ ကာလတွင် ကောင်းကင်မှ သက်တန့်ကြီးသည် အိမ်ခေါင်မိုးပေါ်သို့ အုပ်မိုးကာ ကောင်းကင်တလွှား ပျံတက်သွားပြီး တစ်အိမ်လုံး ရောင်စုံများ လင်းလက် ယှက်သန်းလျှက် ရှိခြင်း၊ အိမ်နောက်ဖေး မန်ကျည်းပင်တွင် ထောင်ထားသော ဝါးလုံးများ အနက်မှ ဝါးလုံးတစ်လုံးသည် ပေါက်ကွဲ သံနှင့် အတူ ကောင်းကင်သို့ ပျံတက်သွားခြင်း စသည့် အတိတ်ထူး နိမိတ်ထူးများ ဖြစ်ပွား ပေါ်ပေါက်ခဲ့သည်။ ထိုနိမိတ်ထူးများကို ယူကာ မောင်တက်ခေါင်ဟု အမည်ပညတ် သတ်မုတ် ခေါ်တွင်ခဲ့ကြောင်း လေ့လာ သိရှိရပေသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

မောင်တက်ခေါင် အသက် ၁၅ နှစ် အရွယ်မှာပင် လောကနီတိဓမ္မနီတိပရိတ်ကြီး ၁၁ သုတ် ကို နှုတ်တက် အာဂုံဆောင်နိုင်ခဲ့သည်။ စိုင်ပြင်ကြီး ရွာမကျောင်းတိုက်တွင် ရှင်သာမဏေပြုသည်။ ဘွဲ့တော်မှာ ဉာဏ်ပညာတံခွန်ကို ပိုင်စိုးသူလို့ အနက်ရသည့် အရှင်ဉာဏဓဇ ဖြစ်သည်။

အသက်(၂၀)တွင် ဒီပဲရင်း မြို့နယ်၊ စိုင်ပြင်ကြီးကျေးရွာ၊ မြင်တင်ကျောင်းတိုက်မှာ မြင့်မြတ်သော သာသနာ့ဘောင်ကို တက်ခဲ့သည်။

မင်းတုန်းမင်းကြီးသည် နေပြည်တော်ကို အမရပူရမှ ရတနာပုံ ကို ပြောင်းရွှေ့ရာ နန်းတော်ဟောင်းကို သာသနာ့အကျိုးအတွက် ကျောင်းတော်ကြီးဆောက်လုပ်ပြီး 'မဟာဇောတိကာရာမ' ကျောင်းဟု ခေါ်တွင်စေခဲ့သည်။ ဆရာတော်သည် ထိုကျောင်း၌ (၁၀)နှစ်ခန့် သီတင်းသုံးတော်မူခဲ့သည်။ ထိုစံကျောင်း၏ ထုံးစံအရ ညဝတ်တက်ချိန်မှာ ၂⁠၂၇-သွယ် ကျင့်ဝတ်များ ကို နှုတ်တက် အာဂုံဆောင်ကြရာမှာ ဆရာတော်သည် အသံဩဇာကောင်း⁠ကောင်းနှင့် ထင်ပေါ်စွာရွတ်ဆိုနိုင်သူ ဖြစ်သည်။

မြန်မာနှစ် ၁၂၃၃ (ခရစ်နှစ် ၁၈၇၁)တွင် မင်းတုန်းမင်းကြီး၏ အထောက်အပံ့နှင့် ရတနာပုံမြို့တော်၌ ငါးကြိမ်မြောက် သင်္ဂါယနာတင်ပွဲကြီး ကျင်းပသည်။ ထိုပွဲတွင် ဘုရားကြီးတိုက် ဆရာတော်၊ ဆီးပန်းနီဆရာတော်၊ မြင်းဝန်ဆရာတော်များ ဦးစီးနာယက ပြုပြီး သံဃာတော် အပါး (၆၀ဝ) ကျော် ပါဝင် ဆင်နွှဲကြပြီး ပိဋကတ် သုံးပုံ အလုံးစုံကို ရွတ်ဖတ်တော်မူကြပါသည်။

ရွတ်ဖတ်ကြရာမှာ သစ်ဆိမ့်ကျောင်းတိုက် သံဃာတော်များက ဝိနည်းပိဋကတ်တော် ၊ စလင်းကျောင်းတိုက် သံဃာတော်များက သုတ္တံပိဋကတ်တော် ၊ စံကျောင်းတိုက် သံဃာတော်များက အဘိဓမ္မာ ပိဋကတ်တော် များကို ရွတ်ဆိုကြရာ ဦးဉာဏဓဇသည် အဘိဓမ္မာ ခုနစ်ကျမ်းမှ ငါးကျမ်းမြောက် ဖြစ်တဲ့ ကထာဝတ္တု ကို အထောက်အမ လွတ်ကင်းစွာနှင့် နှုတ်တက်အာဂုံ ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ဘုရင်မင်းမြတ် အပါအဝင် ရဟန်းရှင်လူအပေါင်းက ကောင်းချီး ဩဘာပေး ဂုဏ်ပြုခဲ့ ကြသည်။

မင်းတုန်းမင်းတရားကြီးသည် ပိဋကတ် သုံးပုံ အလုံးစုံကို မန္တလေးတောင်ခြေ ကုသိုလ်တော် ဘုရား(မန္တလေး)အတွင်း၌ စကျင်ကျောက်ပြား (၇၂၉)ချပ်မှာ ထွင်းထုနိုင်ခဲ့၍ ကုသိုလ်တော်ကျောက်စာများသည် အကြီးမားဆုံးသော စာအုပ်ကြီး ဟု ခေါ်တွင်ရမည် ဖြစ်ပေသည်။ ဆရာတော်သည် စံကျောင်းဆရာတော်၊ မကုဋာရာမ ဆရာတော်၊ စလင်းဆရာတော် နဲ့ အခြားတတ်ကျွမ်းတော်မူ ကြသော ဆရာတော်ကြီးများထံမှ ပိဋကတ်သုံးပုံနှင့်တကွ အဋ္ဌကထာ ၊ ဋီကာ များကို သင်ယူရင်း တဖက်မှလည်း စာသင်သား (၂၀ဝ၀) ကို စာပေ သင်ကြားပို့ချတော်မူသည်။ ဆရာတော်သည် အဘိဓမ္မာ နှင့် ပါဠိစာပေများကို အထူးကျွမ်းကျင်တော်မူသည့်အတွက် ရဟန်း(၁၀)ဝါ မြန်မာနှစ် ၁၂၃၉ မှာ ဘုရင်မင်းမြတ်က ပထမစာချ ဘွဲ့ထူးကို ဆက်ကပ်ခဲ့သည်။

(၁၄) ဝါတွင် စံကျောင်းဆရာတော်ဘုရားကြီးက ဘုရားပစ္စေကများနှင့် သာဝကကြီးများ၏ ပါရမီတော်များ အကြောင်းကို ပါဠိဘာသာနှင့် မေးခွန်းပေါင်း(၂၀) ကို ထုတ်တော်မူခဲ့ရာ စာသင်သံဃာ (၂၀ဝ၀) ရှိ ဦးဉာဏဓဇ သာလျှင် ကျေနပ်အောင် ဖြေစွမ်းနိုင်ခဲ့သည်။ ဆရာတော်၏အဖြေများသည် အလွန်ကောင်းမွန်လှသည့်အတွက် ရွေးချယ် စီစဉ်ပြီး 'ပါရမီဒီပနီ' အမည်ရှိ ဆရာတော်၏ ပထမဦးဆုံး စာအုပ်ကို ထုတ်ဝေခဲ့ပါသည်။

ဆရာတော်သည် ဥပုသ်နေ့တိုင်း ယောမင်းကြီး ဦးဘိုးလှိုင် ထံကြွရောက်ပြီး လောကဆိုင်ရာ ၊ တရားသဘော ဆိုင်ရာ စစ်မှန်သော သဘောများကို မပြတ် ဆွေးနွေးကြသည်။ ထို့အပြင် ရွှေရေးဆောင်ဆရာတော်က မာရ်အောင်ဆရာတော်ကို မဏိသာရမဉ္ဇူသာဋီကာ ကျမ်းမှ နိဂုံးကထာများကို မြန်မာဘာသာသို့ပြန်ဆိုရန် ညွှန်ကြားတော် မူလေသည်။ မာရ်အောင်ဆရာတော် ကလည်း စံကျောင်းဆရာတော်ကို တဆင့် လွှဲပြောင်းပေးတော်မူသည်။

စံကျောင်းဆရာတော်က ဦးဉာဏဓဇ ကို ပြန်ဆိုစေရာ အလွန်ကောင်းမွန်သော ဘာသာပြန်ဆိုမှု ပြု နိုင်သည့်အတွက် ဆရာတော်ကြီးများက အထူးနှစ်သက်မှု ရှိလေသည်။[၂]

သာသနာပြုခြင်း[ပြင်ဆင်ရန်]

လယ်တီဆရာတော်သည် သက္ကရာဇ် ၁၂၅၉ ခုနှစ် တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ ပိဋကတ်စာပေ သင်ကြားရေးဆိုင်ရာ ပရိယတ္တိသာသနာ၌ တုန်လှုပ်ချောက်ချားသွားသည့် ပရမတ္တဒီပနီအမည်ရှိသော အဘိဓမ္မာဆိုင်ရာ ဋီကာကျမ်းတစောင်ကို ပါဠိဘာသာဖြင့် ရေးသားပြုစုတော်မူသည်။ ယင်းကျမ်းမှာ အဘိဓမ္မာသင်္ဂဟကျမ်း၏ အဖွင့်ဖြစ်သော အဘိဓမ္မတ္ထ ဝိဘာဝနီမည်သော ဋီကာကျော်၏ ချွတ်ယွင်းချက်တို့ကို ပြတ်ပြတ်သားသား ထုတ်ဖော်ဝေဖန်လျက် မိမိ၏ အယူအဆကို ရဲရဲဝံ့ဝံ့ တင်ပြရေးသားသော ဋီကာကျမ်းဖြစ်သည်။ လယ်တီဆရာတော်သည် အဘိဓမ္မာဖက်ဆိုင်ရာ ဋီကာကျမ်းကိုသာမဟုတ်၊ သဒ္ဒါဖက်ဆိုင်ရာ နိရုတ္တိဒီပနီမည်သောကျမ်းကိုလည်း ပါဠိဘာသာဖြင့်ပင် ၁၂၆၅ ခုနှစ်တွင် အပြီးရေးသားပြုစုတော်မူသည်။ လယ်တီဆရာတော်သည် ပါဠိဘာသာအရေးအသား၌သာ နိုင်နင်းကျွမ်းကျင်တော်မူသည်မဟုတ်၊ မြန်မာဘာသာအရေးအသား၌လည်း လွန်စွာ နိုင်နင်းကျွမ်းကျင်တော်မူသည်။ ၁၂၅၇ ခုနှစ်က အိန္ဒိယပြည် မဟာဗောဓိသို့ ဘုရားဖူးကြွရန် မန္တလေးမှ ရန်ကုန်သို့လာရာတွင် မီးရထားပေါ်၌ ပဋိစ္စသမုပ္ပါဒ်လင်္ကာ ၁၃ ပုဒ်ကို ရေးသားတော်မူရာ ရန်ကုန်အရောက်တွင် ပြီးစီးလေသည်။
လယ်တီဆရာတော်သည်
(၁) တပည့်ရဟန်းတို့အား စာပေပို့ချခြင်း၊
(၂) ကျမ်းဂန်ရေးသားပြုစုတော်မူခြင်း၊
(၃) ကမ္မဌာန်းတရား အားထုတ်ခြင်း၊
(၄) တရားဟောခြင်း၊
(၅) တရားဟောခြင်း
ဟူသော ကိစ္စကြီးငါးရပ်ကို အခါအခွင့်ရသည့်အလျောက် မနေမနား အားထုတ်ရွက်ဆောင်တော်မူလေသည်။ မိမိ သီတင်းသုံးရာ ကျောင်းတိုက်၌ စာသင်သား ရဟန်းသံဃာများ၏ သောက်ရေ သုံးရေများကိုလည်း ကိုယ်တိုင်ခပ်၍ လှူဒါန်းတော်မူလေ့ရှိသည်။

၁။ အမြို့မြို့အနယ်နယ်သို့ တရားဟောမကြွသောအခါ ကမ္မဌာန်းတရား အားမထုတ်သောအခါများ၌ မုံရွာမြို့ လယ်တီကျောင်းတိုက်ကြီးတွင် စာသင်သားတပည့်ရဟန်းများကို စာပေပို့ချတော်မူသည်။ ထိုအခါ၌ ကျမ်းဂန်များကိုလည်း ရေးသားပြုစုတော်မူလေ့ရှိသည်။

၂။ ရဟန်းရှင်လူတို့က တောင်းပန်သောအခါ ကျမ်းဂန်များကို ရေးသားပြုစုတော်မူသည်။ ကျမ်းဂန်ရေးသားပြုစုခြင်းကို သီးသန့်အချိန်ယူ၍ ဆောင်ရွက်တော်မူသည် မဟုတ်ပဲ စာပေပို့ချရင်း အမြို့မြို့အနယ်နယ်သို့ တရားဟော လှည့်လည်ရင်း ရေးသားပြုစုတော်မူလေ့ရှိသည်။ စာရေးသည့်အခါ မှင်တံကို အသုံးမပြုပဲ ခဲတံဖြင့်သာ ရေးလေ့ရှိသည်။ စာရေးရန် ခဲတံချောင်းရေ ၁၀၀ ကျော် ၂၀၀ ခန့်ကို တပည့်ရဟန်းတပါးက နေ့စဉ် အသင့်ချွန်ထားပေးရသည်ဟု သိရသည်။ အထူးအားဖြင့် လယ်တီဆရာတော်သည် ကျမ်းဂန်ရေးသားပြုစုတော်မူရာ၌ ပါဠိအဋ္ဌကထာဋီကာကျမ်းတို့မှ ပါဠိပါဌ်သား အကိုးအကားများကို များစွာဖော်ပြခြင်းမပြုပဲ ရေးလိုသော အကြောင်းအချက် အနက်သဘောသွားကို ဖတ်ရှုသူနားသို့ တိုက်ရိုက်ရောက်အောင် မြန်မာဘာသာ မြန်မာစကားဖြင့် ကျမ်းဂန်နှင့်အညီ ရှင်းရှင်းလင်းလင်း ရေးသားတော်မူလေ့ရှိသည်။ သို့ဖြစ်၍ ပါဠိကျမ်းဂန်ကို မသင်ကြားဘူးသည့် လူပုဂ္ဂိုလ်များသည် လယ်တီဆရာတော်၏ ဒီပနီကျမ်းများကို ဖတ်ရသောအခါ ပါဠိစာပေ တတ်ကျွမ်းမှသာ နားလည်နိုင်သည့် ခက်ခဲနက်နဲသော အဘိဓမ္မာသဘောများကို ကောင်းစွာနားလည်ကြလေသည်။ ဤကဲ့သို့ ပါဠိကျမ်းဂန်လာ ခက်ခဲနက်နဲသော တရားများကို လူပုဂ္ဂိုလ်များနားလည်အောင် ပြုလုပ်ခြင်း၌ လယ်တီဆရာတော်သည် မြန်မာနိုင်ငံ သာသနာဝင်တွင် စံတင်လောက်သည့် ပုဂ္ဂိုလ်ကြီးဖြစ်သည်။
ကျမ်းဂန်ရေးသားခြင်းနှင့်စပ်၍ လယ်တီဆရာတော်က အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့သည်။ "ဒို့ဗမာလူမျိုးများ ခက်နေတာတခု ကျန်သေးတယ်၊ ကျမ်းစာရေးတော့မယ်၊ ကျမ်းစာပြုစီရင်တော့မယ်ဆိုရင်... ပါဠိတော်က သည်လိုဆိုတယ်၊ အဌကထာက၊ ဋီကာက၊ ယောဇနာက၊ နိဿယက၊ အာစရိယဝါဒက သည်လိုဆိုတယ်ဆိုပြီး ကိုယ်ရေးတဲ့ ကျမ်းစာအုပ်မှာ ပါဠိအဌကထာဋီကာ ယောဇနာ နိဿယ အာစရိယဝါဒ ပါဠိအကိုးအကား အထောက်အထားတွေ မြိုင်မြိုင်နဲ့ ကျမ်းစာအုပ်တွေ ရေးသားစီရင်ကြတယ်။ စာကြည့် ပရိသတ်တွေကလည်း ပါဠိတော်တွေ စုံပါပေရဲ့၊ အဌကထာဋီကာ ယောဇနာ နိဿယ စုံပါပေရဲ့၊ နှံ့စပ်ပါပေရဲ့၊ ဂန္ထန္တရဗဟုသုတတွေ များပါပေရဲ့၊ တော်ပါပေရဲ့ နဲ့ ချီးကျူးစကားပြောကြတယ်။ ကျမ်းပြုဆရာကလည်း လူကြိုက်များတဲ့ ပါဠိအကိုးအကား မြိုင်ဆိုင်မှုတွေကိုသာ ဂရုစိုက်ပြီး ရေးတဲ့အတွက် ပါဠိတတ်ကျွမ်းတဲ့ ရဟန်းတော်တွေရဲ့အတွင်းမှာသာ ခေါင်းပေါင်းစ ထောင်ကြပေတယ်" "ပါဠိအကိုးအကားများပြီး လူသာမန်တွေ မဖတ်နိုင်၊ ခက်ခဲနက်နဲမှသာ ကျမ်းပြုဆရာ ဂုဏ်ထင်ပေါ်လေတော့ ပါဠိအကိုးအကားများစွာနဲ့ ထုတ်ဆောင်ပြရတော့ မြန်မာတွေမှာ ဓမ္မရသ မခံစားကြရပဲ ကုသိုလ်ရရုံလောက်နဲ့ တဘဝပြီးဆုံးသွားကြတယ်" "ငါတို့သဘောက ကျမ်းပြုဆရာ ဂုဏ်မထင်ပေါ်ချင် နေပါစေ၊ ကျမ်းစာကြည့်ရှုကြတဲ့ စာကြည့်ပရိသတ်တွေ ကွက်ကွက် ကွင်းကွင်း ထင်းကနဲ လင်းကနဲ ဝင်းကနဲ အသိအလိမ္မာ ဉာဏ်ရှင်းမှုကိုသာ ပဓာနထားပြီး ရေးထားတဲ့ ကျမ်းစာတွေသာ များတယ်။ ပါဠိအကိုးအကားတွေကို မထည့်လို့မဖြစ်မှသာ ထည့်တယ်။ ပါဠိပါဌ်သား နည်းနိုင်သမျှ နည်းအောင် ဂရုစိုက်တယ်။ သို့သော် ပါဠိတော် စည်းမျဉ်း၊ ဓမ္မစည်းမျဉ်း အလွတ်ရေးတာမဟုတ်၊ စည်မျဉ်းကိုက်ညီအောင် ရေးတယ်။ (လယ်တီ မဟာထေရုပ္ပတ္တိကထာ ၇၅၊ ၇၅။) လယ်တီဆရာတော်သည် ခက်ခဲနက်နဲသော တရားများကို ကျမ်းဂန်ရေးသားမှု၌သာ ကျွမ်းကျင် နိုင်နင်းတော်မူသည်မဟုတ်၊ ကဗျာလင်္ကာ မြန်မာစာပေရေးသားမှု၌လည်း ကျွမ်းကျင်နိုင်နင်းတော်မူသည်။ ဂမ္ဘီရကဗျာကျမ်းသည် လယ်တီဆရာတော်၏ ဆုံးမဩဝါဒကဗျာများကို စုပေါင်းရိုက်နှိပ်ထားသည့် ကဗျာကျမ်းဖြစ်သည်။

၃။ လယ်တီဆရာတော်သည် စာပေပို့ချတော်မူရာမှ အနည်းငယ်အနားယူလိုသောအခါ၊ အမြို့မြို့အနယ်နယ်သို့ တရားဟောကြွတော်မူစဉ်အတွင်း အနည်းငယ် အနားယူလိုသောအခါ စသည်တို့၌ ဆိတ်ငြိမ်ရာအရပ်တွင် ကမ္မဋ္ဌာန်းအားထုတ်တော်မူလေ့ရှိသည်။ ယင်းသို့ ကမ္မဋ္ဌာန်းအားထုတ်ခြင်းဖြင့် ခက်ခဲနက်နဲသော တရားသဘောများကို စဉ်းစားသုံးသပ်ခွင့် ရသည်ဖြစ်သောကြောင့် ကျမ်းဂန်ရေးသားရာ၌၎င်း၊ တရားဟောပြောရာ၌၎င်း ပိုင်ပိုင်နိုင်နိုင် ကိုယ်တိုင်သိ အနေအားဖြင့် ပြတ်ပြတ်သားသား ထင်ထင်ရှားရှား ရေးသားဟောပြောတော်မူခြင်း ဖြစ်သည်ဟု ပြောကြလေသည်။

၄။ လယ်တီဆရာတော်သည် မြန်မာနိုင်ငံရှိ မြို့ရွာအရပ်များသို့ လှည့်လည်ကြွရောက်ပြီးသော် တရားဟောတော်မူလေ့ရှိသည်။ ကြွရောက်ရာ မြို့ရွာများ၌ ပရမတ္တသံခိပ်အသင်းများကိုလည်း ဖွဲ့တော်မူသည်။ ပရမတ္တသံခိပ်ဆိုသည်မှာ အဘိဓမ္မာ ခုနှစ်ကျမ်း၏ လိုရင်းသရုပ်အဓိပ္ပါယ်ကို အကျဉ်းချုပ်၍ ပါဠိဘာသာဖြင့် ရေးသားထားသည့် သင်္ဂြိုဟ်ကျမ်းကို လယ်တီဆရာတော်က မြန်မာဘာသာ သံပေါက်ဖြင့် ရေးသားထားသည့် ကျမ်းဖြစ်သည်။ ယင်းသံခိပ်ကျမ်း သင်ကြားသူများကို ပရမတ္တသံခိပ်အသင်းဖွဲ့ကာ သာမန် အမျိုးသမီးကလေးများကအစ အဘိဓမ္မာတရားများကို နားလည်သိရှိအောင် ဆောင်ရွက်တော်မူခြင်းဖြစ်သည်။

၅။ လယ်တီဆရာတော်သည် မြန်မာနိုင်ငံအရပ်ရပ်သို့ လှည့်လည် ကြွရောက်လျက် တရားဟောတော်မူခြင်းအားဖြင့်လည်း သာသနာပြုတော်မူသည်။ ပရမတ္တသံခိပ်အသင်းများထောင်၍ စာမေးပွဲ ပြုခြင်းအားဖြင့်လည်း သာသနာပြုတော်မူသည်။ နွားသားမစားရန် ဟောပြော မေတ္တာရပ်ခံခြင်း၊ ပုလိပ်ရောဂါ ဖြစ်သောအခါ ပရိတ်တရားအကာအကွယ် ပြုလုပ်ပေးခြင်း စသည်တို့ဖြင့်လည်း မြန်မာပြည်သူပြည်သားအပေါင်း၏ ကောင်းကျိုးချမ်းသာအတွက် တရားနှင့်အညီ ရွက်ဆောင်ကာ သာသနာပြုတော်မူသည်။ လယ်တီဆရာတော်သည် မြန်မာနိုင်ငံအတွင်း၌သာ မဟုတ်၊ နိုင်ငံခြား၌လည်း အထူးသဖြင့် အနောက်နိုင်ငံများ၌လည်း သာသနာပြုလိုသဖြင့် ၁၂၇၅ ခုနှစ် တပေါင်းလကစ၍ နိုင်ငံခြားသာသနာပြု အသင်းကြီးကို ကိုယ်တိုင် ကြီးမှူး၍ ဖွဲ့စည်း တည်ထောင်တော်မူခဲ့သည်။ လယ်တီဆရာတော်၏ ဂုဏ်သတင်းမှာ နိုင်ငံခြားတိုင်အောင် ပျံ့နှံ့ကျော်ကြားသဖြင့် အနောက်နိုင်ငံ ပါဠိပညာရှိကြီးများက လယ်တီဆရာတော်ထံသို့ အဘိဓမ္မာပိဋကတ်နှင့် စပ်လျဉ်းသည့် အချက်များကို မေးမြန်း လျှောက်ထားကြလေသည်။ လယ်တီဆရာတော်သည် ၁၂၇၃ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံတော်မူရသည်။ ၁၂၈၃ ခုနှစ်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ယူနီဗာစီတီ တက္ကသိုလ်ကျောင်းတိုက်ကြီး၏ အဓိပတိက ဒီလစ်ပိဋကတ္တယပါရဂူ ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကိုလည်း ခံတော်မူရသည်။ လယ်တီဆရာတော်သည် အနောက်နိုင်ငံပါဠိပါမောက္ခဆရာကြီးများ၏ တိုက်တွန်းတောင်းပန်ချက်အရ မန္တလေးမြို့ မစိုးရိမ်ဆရာတော် ဦးသောမ၊ ဦးသူရိယ၊ ဦးဉာဏ၊ ဦးရာဇိန္ဒတို့အား တိုက်တွန်း ရေးသားစေလျက် မဟာပါဠိအဘိဓာန်ကျမ်းကြီး ထွက်ပေါ်အောင် စီမံဆောင်ရွက်တော်မူလေသည်။ လယ်တီဆရာတော်ဘုရားကြီးသည် စာပေပို့ချခြင်း၊ ကျမ်းဂန်ရေးသားခြင်း၊ ကမ္မဋ္ဌာန်းအားထုတ်ခြင်း၊ တရားဟောခြင်း စသော သာသနာပြုလုပ်ငန်းများကို သက်တော်ကြီးရင့်လာ၍ အသက် ၇၃ နှစ်ခန့်တွင် မျက်စိကွယ်သည်အထိ မနေမနား ပြုလုပ်တော်မူခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၂၃-ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင် သက်တော်(၇၆)နှစ်၊ ဝါတော်(၅၇)နှစ်၊ ပျဉ်းမနားမြို့၊ လယ်တီစံကျောင်း၌ ပျံလွန်တော်မူသည်။ [၃]

လယ်တီဆရာတော် ရုပ်ကလာပ် တေဇောခခြင်း အမှု[ပြင်ဆင်ရန်]

ထိုနှစ် (၁၂၈၅ ခုနှစ်) တပေါင်းလပြည့်နေ့တွင် ခုနှစ်ရက်တိတိ ဈာပနပွဲကျင်းပ၏။ အင်္ဂလိပ်တိုင်းမင်းကြီးများ၊ အရေးပိုင်များနှင့် အနယ်နယ်မှ ဆရာတော်ကြီးများ စုံညီလှသည်။

ရေစကြိုမြို့နယ်၌ တောရနေသော ဘုန်းကြီးဦးနုလည်း ဈာပနပွဲ၌ ရှိနေ၏။ သူကား ဆရာတော် စစ်ကိုင်း၌ တရားဟောသည်ကို နာရ၍ သဒ္ဓါသဖြင့် ရဟန်းပြုပြီး ဝတ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးလျက် ဓုတင်နှင့်တကွ ပဋိပတ် အမွေခံသားကြီး ဖြစ်၏။ ရဟန္တာဟု ကျော်ကြားသည်။ ဘွဲ့အမည် ဦးပညာသီဟ ဖြစ်သည်။ ဆရာတော် နေမကောင်းစဉ်ကပင် ကြွလာပြီး ဝတ်ကြီးဝတ်ငယ် ပြုစုသည်။ ဆရာတော် ဆန္ဒရှိသော်လည်း အများက ရောဂါနှင့် မတည့်ဟု ထားသောဆေးဝါးများကို ဘုန်းကြီးဦးနုက အများမသိအောင် တိုက်လေ့ရှိ၏။ မေးလျှင် ဆရာတော်က ခိုင်း၍ ဟု ဖြေကြားလေ့ရှိသည်။ ဆွမ်းခံစား၏၊ အများနှင့် မရော။ ရုက္ခမူဓုတင် ဆောင်၍ သစ်ပင်အောက်၌သာ နေလေ့ရှိသည်။ နာမည်ကျော် ပုဂ္ဂိုဟ်ကြီးများ အသိုင်းအဝိုင်း၌ အရာမသွင်းကြ။

ထိုစံကျောင်း (ပျဉ်းမနား(နင်းကြမ်း) လယ်တီစံကျောင်းတိုက်) အတွင်းရှိ အုတ်ဂူ၌ လပြည့်နေ့တွင် မီးသင်္ဂြိုဟ်ရန် စီစဉ်ကာ နံ့သာထင်းများကို စီမံထားကြ၏။ သို့ရာတွင် အလောင်းတော်မှာ မပုပ်မသိုး ပကတိ ကျိန်းစက်နေသကဲ့သို့ ပျောင်းအိ ဝါဝင်းနေ၍ မီး မသင်္ဂြိုဟ်ရက်ကြ။ ရဟန်းရှင်လူအများဆန္ဒဖြင့် မှန်စီရွှေချ ခေါင်းသွင်းကာ အုတ်ဂူရှိ ပလ္လင်ပေါ်၌ တင်ထားပြီးလျှင် သံတံခါးနှစ်ထပ်ကို သော့ခတ်၍ ဂူပေါက်ကို အင်္ဂတေဖြင့် အသေပိတ်လိုက်ကြ၏။

သုံးရက်ခန့်ကြာသောအခါ ကောင်းကင်မှ တူရိယာသံများ ကြားနေရသည်။ ထိုည ငလျင်လည်း ဆက်တိုက် သုံးကြိမ်လှုပ်၏။ ဆရာတော်ကြီး သုံးဆယ်ကျော်လည်း အုတ်ဂူအနီး၌ ညစဉ် ဆရာတော်၏ ကျေးဇူးစကားများ ဟောပြောဆွေးနွေးလျက် ရှိကြသည်။ အုတ်ဂူမှ မီးတလက်လက် မြင်နေရသည်ဟု ကြားရသဖြင့် သွားကြည့်သောအခါ ငလျင်လှုပ်၍ ဂူပေါက် ပြိုကျနေသည်မှအပ ခေါင်းနှင့် သော့နှစ်လုံး ပကတိရှိနေ၍ အေးနေကြ၏။

နောက် မသင်္ကာသဖြင့် သော့ဖွင့်ကြည့်ရာ အလောင်းတော် ပြာကျနေသည်ကို တွေ့ကြရသည်။ အားလုံး ဝမ်းနည်းကြေကွဲကြ၏။ သတင်းစာ၌ "အလောင်းတော် အလိုအလျောက် တေဇောဓာတ် လောင်းသွားကြောင်း" သတင်းပါလာသည်။ အရေးပိုင်၊ နယ်ပိုင်တို့ ဦးစီး၍ ပုလိပ်စုံထောက်များ စေလွှတ်ကာ မုံရွာစစ်ကိုင်းမန္တလေးတို့၌ အပူတပြင်း တရားခံရှာကြ၏။ ပျဉ်းမနားမှ မုံရွာပြန် ခရီးသည်စာရင်းကိုလည်း ဘူတာ၌ စစ်ဆေးကြသည်။ “မုံရွာသားတို့ လက်ချက်” ဟု ထင်ကြ၏။ တရားခံကိုကား မတွေ့သေး။

ထိုအတွက် မကျေနပ်ကြသဖြင့် ရင်းနှီးသော ရဟန်းရှင်လူများ ပြန်မကြွကြ။ သုံးလခန့်ရှိသောအခါ အစည်းအဝေး၌ အရေးပိုင်ကြီး က "ဒီကိစ္စ လက်သည်မပေါ်လျှင် ဦးလန်းနှင့် ဦးထွန်းလှိုင်တို့အား အပြစ်ပေးရမည်" ဟု ကြိမ်းရာ ဘုန်းကြီးဦးနုက ထ၍ "အပြစ်မရှိ သူကို အပြစ်မပေးသင့်ကြောင်း" ကန့်ကွက်သည်။ "ဒါဖြင့် လက်သည်အစစ်ကို ပြောကြပါ၊ မပေါ်လျှင် ဦးလန်း၊ ဦးထွန်းလှိုင်တို့ကို အပြစ်ပေးရလိမ့်မည်" ဟု ဆို၍ ဘုန်းကြီးဦးနုက "လက်သည်ဟာ ကျုပ်ပဲ" ဟု ဆိုလေ၏။

"ကိုယ်တော် ဘယ်နှယ့်လုပ်တာလဲ" ဟု ဝိုင်း၍ ဒေါသဖြစ်နေကြသည်။ ဘုန်းကြီးဦးနုကား ရဲတင်းစွာဖြင့်ပင် -

"ငါ ပျံလွန်တော်မူပြီး ခုနှစ်ရက်ရှိလျှင် မင်း မီးသင်္ဂြိုဟ်ရစ်၊ ဘယ်သူ့မှ မတိုင်ပင်နဲ့လို့ ဆရာတော်ကြီးက မှာခဲ့လို့ လုပ်တာပဲ၊ ခုနှစ်ရက်ပြည့်စဉ်က အကြောင်းမညီညွတ်လို့ ခုမှလုပ်ရတာပဲ"

ဟု ပရိတ်သတ်ရှေ့ရပ်၍ ရှင်းပြသည်။ "အဖော် ဘယ်သူပါသေးလဲ" ဟု မေးကြရာ - "ဆရာတော် ဆန္ဒပြည့်ဝစေရန် သမ္မာဒေဝနတ်တွေကို အကူအညီတောင်းပြီး လုပ်တာပဲ" ဟု ဆိုကာ လုပ်ပုံကို ရှင်းပြသည်။ ထိုနေ့ည တစ်နာရီက နတ်များကိုတိုင်ပင်၍ အကူအညီတောင်းပြီးလျှင် ဂူပေါက်ကို တူရွင်းနှင့် တစ်ချက်ထိုးလိုက်ရာ ဆက်တိုက် ငလျင်သုံးကြိမ်လှုပ်ပြီး အုတ်များ အလိုလိုပြိုကွဲကျလာသဖြင့် အနီးရှိ နံ့သာထင်းများဖြင့် မီးသင်္ဂြိုဟ်ကြောင်း ရှင်းပြရာ ပရိတ်သတ်အားလုံး အံ့အားသင့်ကာ မည်သို့မျှ မပြောတတ်ရှိကြ၏။ အပြစ်ပေးလိုက ပေးကြရန်၊ ထိုကိစ္စ မပြောရသေး၍ တစ်ခြား ဘယ်မှမသွားဘဲ နေခဲ့ကြောင်း ထပ်၍ပြောရာ "အပြစ်မပေးလိုပါ" ဟု ဆို၍ ဘုန်းကြီးဦးနုလည်း သပိတ်တစ်လုံး၊ သုံးထည်သောသင်္ကန်းဖြင့် ထိုအစည်းအဝေးမှ ထွက်ခွာသွားလေတော့၏။ (ရဟန္တာဟု ကျော်ကြားသော ထိုအရှင်လည်း ဂျပန်ခေတ်တွင် ရေစကြိုမြို့၌ ပျံလွန်တော်မူသွားသည်။) [၄]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Braun၊ Erik (November 12, 2013)။ The Insight Revolution။ Lion's Roar။ May 27, 2016 တွင် ပြန်စစ်ပြီး။
  2. http://www.dhammaweb.net
  3. ၂၀ရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။
  4. မြန်မာနိုင်ငံ ပရိပတ္တိသာသနာတော် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ - ဌေးလှိုင်၊ ဦး (ဓမ္မာစရိယ)