ဟိန္ဒူဘာသာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဘာသာတရား
ဟိန္ဒူဘာသာ Om symbol.svg

သမိုင်း
ဆရာ (အစရိယ)
အယူဝါဒ
ဂိုဏ်းများ
နိုင်ငံနှင့်ဒေသများ

Hindu temple, Mandalay, Myanmar.JPG

ဟိန္ဒူဘာသာသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး၊ သမိုင်းအရှည်ကြာဆုံးသော ဘာသာတရားဖြစ်သည်။[၁][၂] သူ၏ကျမ်းစာများသည် ဘီစီ ၃၀ဝ၀ ဝန်းကျင်ကပင် လူတို့၏ ကိုးကွယ်မှုကဏ္ဍတွင် နေရာယူခဲ့ပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဘာသာတရား လည်းဖြစ်သည်။ ဟိန္ဒူဘာသာဝင်သူများသည် ကိုယ့်ဘာသာကို သနာတနာဓမ္မ (သင်္သကရိုက် - सनातन धर्म၊ ထာရဝဘာသာတရား) ခေါ်သည်။ ဟိန္ဒူလူမျိုးတို့သည် မိမိတို့ ယုံကြည် ကိုးကွယ်သည့် အယူဝါဒကို သနာတနဓမ္မ (ထာဝရ တည်မြဲနေသော ဘာသာတရား)ဟု ခေါ်ကြသည်။ အကြောင်းမူကား ဟိန္ဒူအယူဝါဒသည် ထာဝရ တည်မြဲနေသော အဆုံးအမဟု ယူဆထားသည့် ဝေဒကျမ်း၌ ပါရှိသော အဆုံးအမများကို အခြေခံပြုထားသောကြောင့် ဖြစ်လေသည်။

ဟိန္ဒူအယူဝါဒသည် အခြားသောဝါဒများကဲ့သို့ ပုဂ္ဂိုလ် တစ်ဦးတယောက်က စတင်တည်ထောင်ထားသည့် အယူဝါဒ မဟုတ်ပေ။ သို့ဖြစ်၍ ဟိန္ဒူအယူဝါဒဟူသော အမည်နာမသည် ဗုဒ္ဓအယူဝါဒ၊ ခရစ်ယန် အယူဝါဒ စသည်တို့ကဲ့သို့ စတင်တည်ထောင်သူ၏ အမည်နာမကိုစွဲ၍ တွင်နေသော အမည်နာမမျိုး မဟုတ်ပေ။

ဟိန္ဒူအယူဝါဒ၏ အရင်းအမြစ်ကို စိစစ်လေ့လာကြည့်လျှင် မှုန်ဝါးဝါးသာ တွေ့မြင်ရလိမ့်မည်။ သို့ရာတွင် ဟိန္ဒူအယူဝါဒ သည် ခရစ်နှစ်မစမီ ရှေ့ယခင့်ယခင်က အာရိယန်လူမျိုးများ အိန္ဒိယသို့ ပြောင်းရွှေ့လာကြစဉ် သူတို့နှင့် တပါတည်း ပါလာသည့် ဗြဟ္မဏ အယူဝါဒမှ ကြီးထွားဖွံဖြိုးလာသည့် အယူဝါဒဖြစ်သည်ဟူ၍ကား လက်ခံယုံကြည်ကြသည်။ ဟိန္ဒူအယူဝါဒသည် သမိုင်းခေတ်မတိုင်မီက ပေါ်ပေါက်ခဲ့သော ရှေးအကျဆုံး အယူအဆဝါဒ ဖြစ်သည်ဟု ယူဆထားကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ကျော်အတွင်း ဟိန္ဒူအယူဝါဒ လောက၌ သူတော်စင် ရသေ့များ၊ တမန်တော်များ၊ ဒဿနဗေဒပညာရှင်များ အမြောက်အမြား ပေါ်ထွက်ခဲ့သည်။ ယင်းပုဂ္ဂိုလ်များသည် ဟိန္ဒူအယူဝါဒ၏ အဆုံးအမ ဓလေ့ထုံးစံ၊ အစဉ်အလာများကို ထွန်းကားပြန့်ပွားအောင် ပြုမူဆောင်ရွက်ခဲ့ကြလေသည်။

ဟိန္ဒူအယူဝါဒ၏ ဒဿန (အဘိဓမ္မာ)သည် ကျယ်ပြန့်သည်။ ထွေပြားသည်။ ဟိန္ဒူအယူဝါဒ၌ ဒဿန ခြောက်မျိုးကွဲပြားနေသည်။ ယင်းခြောက်မျိုးကို ဆဒဿန (ဒဿနခြောက်မျိုး)ဟု ခေါ်သည်။ ယင်းဒဿနခြောက်မျိုးသည် ဘီစီငါးရာစုနှစ် မတိုင်မီကပင် စတင်ပေါ်ပေါက်သည်ဟု အဆိုရှိသည်။ ယင်းခြောက်မျိုး ကား ဉာယ၊ ဝိသေသိက၊ သံခယာ၊ ယောဂ၊ ပုဗ္ဗမီမံသာ၊ သို့မဟုတ် မီမံသာ၊ ဝေဒန္တတို့ ဖြစ်သည်။

  • ဉာယ ဒဿနကို တီထွင်သူမှာ ဂေါတမ မဟာရသေ့ ဖြစ်သည်။ ဉာယဒဿနာသည် စူးစမ်းဆင်ခြင်မှုအရ ပေါ်လာသည့်

ယထာဘူတကျသော အတွေးအခေါ် ဖြစ်သည်။

  • ဝိသေသိကဒဿနကို စတင်သူမှာ ကဏာဒ မဟာရသေ့ ဖြစ်သည်။

ဝိသေသိက ဒဿန၏ ရည်ရွယ်ချက်မှာ သတ္တဝါများအား လွတ်မြောက်ငြိမ်းချမ်းမှု ရရှိစေရန် ဖြစ်သည်။

  • သံခယာ

ဒဿနကို စတင်တီထွင်သူမှာ ကပိလ မဟာရသေ့ဖြစ်သည်။ သံခယာဒဿန သည် ထာဝရ ဘုရားသခင် တည်ရှိမှုကို အယူမရှိသော ဒဿန ဖြစ်သည်။

  • ယောဂဒဿနကို စတင်သူမှာ

ဇေမိနီ မဟာရသေ့ ဖြစ်သည်။

  • မီမံသာကို ပုဗ္ဗမီမံသာဟုလည်း

ခေါ်သည်။ မီမံသာဒဿန၏ အဓိက ရည်ရွယ်ချက်မှာ ဝေဒကျမ်းများ၌ ပါရှိသည့် အယူဝါဒရေး ဓလေ့ထုံးစံများကို အကာအကွယ်ပေးရန်နှင့် ထောက်ခံ အားပေးရန် ဖြစ်သည်။

  • ဝေဒန္တဒဿနသည် ဥပနိသျှဒ်မှ ဖြစ်ထွန်း ပေါ်ပေါက်လာခြင်း

ဖြစ်သည်။ ဥပနိသျှဒ်၌ ဝေဒအယူအဆသည် တိုးတက်မှု အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ထိုကြောင့် ဥပနိသျှဒ်ကို ဝေဒ၏ အဆုံး (ဝေဒန္တ)ဟုခေါ်ခြင်း ဖြစ်လေသည်။

အတ္တဝါဒ[ပြင်ဆင်ရန်]

ဟိန္ဒူအယူဝါဒအရ နတ်၊ လူ၊ တော၊ တောင်၊ ရေ၊ မြေ စသော ရှိရှိသမျှ အရာဝတ္တုများသည် ပရမတ္တမာ ခေါ် ဘုရား သခင်၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။ ထိုပြင် ဤမျက် မှောက် ကမ္ဘာလောကသည် မာယာ (အထင်အမှတ် မှားနေ ခြင်း)မျှသာ ဖြစ်သည်၊ မလွဲမသွေ ပျက်စီးသွားရမည်။ မသိအပ်သည့်၊ မသိရသည့် ပရ မတ္တမာခေါ် ဘုရားသခင် သည်ကား ပြောင်းလဲခြင်းမရှိပဲ နိစ္စထာဝရ တည်မြဲနေသော အရာ ဖြစ်သည်။

ဟိန္ဒူလူမျိုးတို့သည် အတ္တမာ (ဝိဉာဉ်)ကို ယုံကြည်ကြသူ များ ဖြစ်၏။ ဟိန္ဒူအယူဝါဒအရ အတ္တမာသည် ကံတရား၏ အရှိန်အဟုန် မကုန်မချင်း မရမတ္တမာနှင့် သွားရောက် ရောနှော ပေါင်းဆုံမှု မဖြစ်မချင်း၊ အသင်္ချေ အနန္တဘဝသံသရာ၌ ထပ်ခါ ထပ်ခါ ပဋိသန္ဓေ တည်နေရပေလိမ့်မည်။ လူတစ်ဦးတစ်ယောက် သည် မိမိကိုယ်ကို မိမိမြင့်ရာသို့လည်း တက်စေနိုင်သည်။ နိမ့် ရာသို့လည်း ကျစေနိုင်သည်။ လူတစ်ဦးတစ်ယောက်သည် မကောင်းမှုကို ပြုလုပ်လျှင် ကွယ်လွန်သွားပြီးသည့်နောက်၌ အတိဒုက္ခ ရောက်ရလေသည်။ သို့မဟုတ် ငရဲခံရလေသည်။

ကုသိုလ်ကောင်းမှုကို ပြုလုပ်လျှင်ကား နတ်ရွာသို့လားရလေ သည်။ ငရဲပြည်၌ ခံရသည့် ဒုက္ခသည် လည်းကောင်း၊ နတ် ပြည်၌ စံရသည့် သုခသည်လည်းကောင်း အစဉ်ထာဝရ တည်မြဲမနေပေ။ အတ္တမာ (ဝိဉာဉ်)သည် မောက္ခ (လွတ်ငြိမ်းမှု) ကို မရမချင်း၊ မိမိ၏ မူရင်း အိမ်ဂေဟာဖြစ်သည့် ဗြဟ္မနှင့် သွားရောက် မပေါင်းမချင်း ဘဝ အသစ် ဖြစ်မြဲ ဖြစ်နေပေလိမ့် မည်။ မောက္ခ (လွတ်ငြိမ်းမှု)သည် ယုံကြည် ကိုးကွယ်မှုဖြင့် ရရှိသည့်အရာ မဟုတ်။ လက်တွေ့ ကျင့်ကြံအားထုတ်မှ ရရှိ နိုင်သည့်အရာ ဖြစ်သည်။

ကိုးကွယ်ရာနတ်များ[ပြင်ဆင်ရန်]

ဟိန္ဒူအယူဝါဒ၌ နတ်ဘုရားများကို ကိုးကွယ်သည့် အလေ့အထ ရှိသည်။ ဝေဒကျမ်းဂန်၏ ဓမ္မဂီတများ၌ ပါရှိသည့် နတ်ကြီးများအနက် ဣန္ဒရ၊ အဂ္ဂနိ၊ သူရိယ စသော နတ်အများအပြားသည် ခေတ်သစ် ဟိန္ဒူအယူ ဝါဒ၌ ခေတ်မစားတော့ပေ။ ဗြဟ္မမှာမူ ခြွင်းချက်ဖြစ်သည်။ ဟိန္ဒူအယူဝါဒသည် ဗြဟ္မဏ အယူဝါဒမှ ပရမတ္တမာခေါ် ဣဿရအယူဝါဒကို အမွေအနှစ်အဖြစ် လက်ခံရယူထားလေသည်။ ယင်းဣဿရသည် နိစ္စထာဝရ တည်ရှိနေသည်။ အရာဝတ္ထုဟူသမျှ မူလဘူတအကြောင်းတရား ဖြစ်သည်။ အရာဝတ္ထုဟူသမျှ အပြီးသတ် အချိန်တွင် ပြန်သွားရသည့် နောက်ဆုံး အိမ်ဂေဟာလည်း ဖြစ်သည်။ ပရမတ္တမာခေါ်သည့် ယင်းဣဿရသည် တရိမုရတိခေါ်သည့် နတ်သုံးပါးအစု၌ တည်ရှိနေသည် ဟူ၍လည်းကောင်း၊ နတ်သုံးပါးအစုမှတစ်ဆင့် ပြုဖွယ်ကိစ္စ ပြုလုပ်သည်ဟူ၍လည်းကောင်း အယူရှိကြသည်။ နတ်သုံးပါးကား လောကကို ဖန်ဆင်းသူ ဗြဟ္မာ၊ လောကကို ထိန်းသိမ်း စောင့်ရှောက်သူ ဗိရှနု(ဗိဿနိုး)၊ လောကကို ဖျက်ဆီးပြီး လောကအသစ် ဘဝအသစ် တစ်ခုကို ထပ်မံ ဖန်ဆင်းသူ ရှိဗ (သိဝ)တို့ ဖြစ်ကြသည်။ ယင်းနတ်သုံးပါး အနက် ဗြဟ္မကို ပူဇော်ပသသည့် ဓလေ့ထုံးစံ အလွန် နည်း သည်။ အိန္ဒိယတစ်နိုင်ငံလုံး၌ ဗြဟ္မာကို ရည်စူး၍ ဆောက် လုပ်ထားသည့် နတ်ကွန်း အရေအတွက်သည် အလွန်တရာ နည်းပါးသည်။ဗိဿနိုး နှင့် သိဝကိုမူ ခေတ်အဆက်ဆက်ကစပြီး ကျယ်ကျယ်ပြန့်ပြန့် ပူဇော်ပသလေ့ရှိကြသည်။ ယင်း အဓိက နတ်ဘုရားများအပြင် အခြားနတ်များ၊ မြင့်မြတ်သည်ဟု ယူဆသည့် အရာများကိုလည်း ကိုးကွယ်ကြ လေသည်။ ဟိန္ဒူလူမျိုးတို့သည် နွားမကိုလည်း အလေးအမြတ် ပြုကြ လေသည်။

ဟိန္ဒူ အယူဝါဒလောက၌ သိဝကို ကိုးကွယ်သူ (ရှိုက်ဝ)နှင့် ဗိဿနိုးကို ကိုးကွယ်သူ (ဗိုက်ရှနဝ)တို့သည် မူဝါဒ အခြေခံအရ နှစ်ဂိုဏ်းကွဲနေသည်။ သိဝ ကိုးကွယ်သူများကို ရှံကရက ဦးဆောင်ပြီးလျှင် ဗိဿနိုးကိုးကွယ်သူများကို ရာမနုဇက ဦးဆောင် သည်။ ရှံကရ (အေဒီ ၁၉ ရာစု)သည် ဗြဟ္မဏတို့၏ ရှေး ဟောင်း ဝေဒန္တ ဒဿနကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဓိပ္ပါယ် ဖွင့်လျက် သိဝ ကိုးကွယ်မှု ထွန်းကား ပြန့်ပွားအောင် ပြုလုပ်ခဲ့ သည်။ သိဝ ကိုးကွယ်သူများက ရှံကရအား သူတို့နတ်ဘုရား၏ ကိုယ်ပွားဖြစ်သူ လူသားဟု ထင်မှတ်ယူဆကြသည်။ ရှံကရ သည် အသိပညာကို အောက်တန်းအသိပညာနှင့် အထက်တန်း အသိပညာဟူ၍ နှစ်မျိုးခွဲခြား ပြထားသည်။ အောက်တန်း အသိပညာသည် ဤကမ္ဘာလောကအား တကယ်အမှန် (ပရမတ်)ဟု ထင်မြင် ယူဆသည်။ အထက်တန်း အသိပညာ ကမူ ဤကမ္ဘာလောကအား မာယာ(ပညတ်)ဟု ထင်မြင် ယူဆသည်။ အထက်တန်း အသိပညာအဆင့်သို့ ရောက်ရှိရေး အတွက် ဝေဒကို သင်အံလေ့လာခြင်း၊ ဘာဝနာ ပွားများ အားထုတ်ခြင်း လိုအပ်သည်ဟု ဆိုထားသည်။ ရှံကရသည် ဗုဒ္ဓ၏ နည်းနိသျည်းကို အတုယူပြီးလျှင် ဟိန္ဒူ အယူဝါဒ ဆိုင်ရာ ဘုန်းကြီးလောကနှင့် ဘုန်းကြီးကျောင်းများကို အိန္ဒိယ အနှံ့အပြားတွင် တည်ထောင်ခဲ့သည်။ ရှံကရ၏ဂိုဏ်းသည် သိဝ ကိုးကွယ်သည့် ဂိုဏ်းဖြစ်သည်။

အခြားဂိုဏ်းတစ်ခုကား ဗိဿနိုးကို ကိုးကွယ်ပူဇော်သည့်ဂိုဏ်း ဖြစ်သည်။ လူ့ပြည်လူ့လောကသို့ လူသား အဖြစ် ဆင်းသက် လာသော ဗိဿနိုး၏ ကိုးပွားများအနက် ကရိရှနသည် အထင်ရှား ဆုံး ဖြစ်သည်။ ဗိိဿနိုးဝါဒကို ဖြန့်ဖြူးသူကား ရာမနုဇ (အေဒီ ၁၃ ရာစု) ဖြစ်သည်။ ရာမနုဇကို ဆက်ခံသူများအနက် မာဓဝ (အေဒီ ၁၃ ရာစု)၊ ရာမနန္ဒ (အေဒီ ၁၄ ရာစု)တို့သည် ထင်ရှားသူများ ဖြစ်ကြသည်။ ယင်းဂိုဏ်းကြီးနှစ်ဂိုဏ်းကား ဟိန္ဒူ အယူဝါဒ၏ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်း ဖြစ်လေသည်။ ဟိန္ဒူအယူဝါဒ၌ အခမ်းအနား ကျင်းပမှုနှင့် ပူဇော်ဝတ်ပြုမှု များကို ဗြဟ္မဏ(ပုဏ္ဏား)များက ဦးဆောင် ပြုလုပ်ကြသည်။ ဟိန္ဒူလူမျိုးတို့၏ အယူဝါဒနှင့် ပတ်သက် ဆက်နွှယ်နေသော အခမ်းအနားများကို ဆံဆ ကာရ်ဟု ခေါ်သည်။ အခမ်း အနားများအနက် အချို့မျာ ဗြဟ္မဏ၊ ခတ္တိယ အမျိုးဇာတ် များနှင့်သာ သက်ဆိုင်ပြီးလျှင် အချို့ကား အားလုံးနှင့် သက်ဆိုင်သည်။ မမွေးဖွားခင် အမိဝမ်းတွင်း၌ ပဋိသန္ဓေ တည် နေစဉ်က စပြီးလျှင် ကွယ်လွန်ပြီးသည့်နောက်အထိ အခမ်း အနား အမျိုးမျိုးကို ကျင်းပပြုလုပ်ကြသည်။ ယင်းအခမ်း အနားထဲတွင် နာမည်ပေး အခမ်းအနား၊ စလွယ်ချည်ကြိုးသိုင်း အခမ်းအနား၊ လက်ထပ်မင်္ဂလာအခမ်းအနား စသည်တို့ ပါဝင် သည်။ နှစ်စဉ် ကျင်းပသည့် အယူဝါဒရေးရာ ပွဲသဘင်များ လည်း ရှိသည်။ ယင်းပွဲသဘင်များအနက် တန်ဆောင်မုန်း လကွယ်နေ့၌ ကျင်းပသော ဒီဝါလီ(ဒေဝါလီ)၊ သို့မဟုတ် ဒီပါဝလီခေါ် မီးထွန်းပွဲသည် ထင်ရှားသော ပွဲသဘင်တစ်ခု ဖြစ်သည်။ ဒီဝါလီပွဲသည် လက္ခမီနတ်သမီးကို ပူဇော်သည့် ပွဲသဘင် ဖြစ်သည်။

မြို့ပြများ၌လည်းကောင်း၊ ကျေးရွာများ၌လည်းကောင်း ဟိန္ဒူဘုရားကျောင်းများ အများအပြား ရှိလေသည်။ ဘုရားကျောင်းဟူသည်မှာ နတ်ရုပ်တုများ ကိုးကွယ် တည် ထားသည့် နတ်ကွန်းပင် ဖြစ်လေသည်။ နတ်များကို ပူဇော် ပသရာ၌ ပူဇော်ဖွယ်ပစ္စည်းများမှာ များသောအားဖြင့် ပန်း၊ သစ်သီး၊ သစ်ရွက် စသည်တို့ ဖြစ်ကြသည်။ တစ်ခါတစ်ရံ တိရစ္ဆာန်သတ်၍လည်း ပူဇော်ကြသည်။ ကာလီနတ်ကွန်း၌ ဆိတ်ကိုသတ်၍ ပူဇော်ပသလေ့ ရှိသည်။

ကျမ်းစာများ[ပြင်ဆင်ရန်]

ဟိန္ဒူအယူဝါဒ၌ သက္ကတဘာသာဖြင့် ရေးသားထားသည့် ဓမ္မကျမ်းဂန်များ ရှိလေသည်။ ဟိန္ဒူလူမျိုးတို့သည် ယင်း ကျမ်းဂန်များအနက် ဝေဒကျမ်းများကို ဘုရားသခင်၏ မုခပါဌ်ဟု ယူဆပြီးလျှင် အထူးသဖြင့် လေးစား မြတ်နိုးကြ သည်။ ဝေဒသည် ရိဂ်ဝေဒ၊ ယဇုဝေဒ၊ သာမဝေဒ၊ အထဗ္ဗဝေဒ ဟူ၍ လေးမျိုး ပြားသည်။ ယင်းလေးမျိုးအနက် ရိဂ်ဝေဒသည် ရှေးအကျဆုံးလည်း ဖြစ်သည်။ အရေးအကြီးဆုံးလည်း ဖြစ် သည်။ ဝေဒကျမ်းများ၌ သံဟိတာ၊ ဗြာဟ္မဏ၊ အာရညက၊ ဥပနိသျှဒ်ဟူ၍လည်း အပိုင်းလေးပိုင်း ခွဲခြားထားသည်။ ဝေဒ ကျမ်းများအပြင် ပုရာဏ်ကျမ်းများ၊ မဟာကဗျာကျမ်းများလည်း ရှိသည်။ ရာမယဏနှင့် မဟာဘာရတသည် ဟိန္ဒူအယူဝါဒနှင့် စာပေလောက၌ ထင်ရှားကျော်ကြားသော မဟာကဗျာကျမ်းကြီး နှစ်စောင် ဖြစ်သည်။ ရာမ ယဏကို ဝါလမိကိ(ဝမ္မိကိ)ရသေ့က ရေးသားထားပြီးလျှင် မဟာဘာရတကို ဗျာသရသေ့ ရေးသား သည်။ ရာမာယဏ၌ အယုဒ္ဓယပြည့်ရှင် ဘုရင်ဒသရထ၏ သားတော် ရာမအကြောင်းကို သက္ကတဘာသာ ကဗျာ အဖွဲ့ဖြင့် ရေးသားထားသည်။ မဟာဘာရတ၌ကား ဓတရဋ္ဌ၏ သားတော် တရာနှင့် ပဏ္ဍု၏သားတော် ငါးပါးတို့၏ စစ်ပွဲအကြောင်းကို ရေးသားဖွဲ့ဆိုထားလေသည်။ မဟာဘာရတ၌ ဟိန္ဒူအယူဝါဒ၏ အမြင့်မြတ်ဆုံး ပိဋကတ်တစ်ခုအနေဖြင့် လေးစားမြတ်နိုးအပ် သည့် ဘဂဝတ်ဂီတာလည်း ပါရှိလေသည်။

ရိုးရာအစဉ်အလာ[ပြင်ဆင်ရန်]

ရှေးဟောင်းစဉ်လာအရ ဟိန္ဒူလူမျိုးတို့သည် မိမိတို့၏ ဘဝကို လေးပိုင်း ခွဲထားကြလေသေည်။ ယင်း လေးပိုင်းကို အာရှရမ်ဟု ခေါ်သည်။ ပထမပိုင်းမှာ ဗြဟ္မကျရယဟု ခေါ်ပြီးလျှင် သူငယ်ဘဝကစသည်။ ယင်းအရွယ်အတွင်း သူငယ်သည် ဗြဟ္မစာရီဂုရု၏ သခ္ခမ်းကျောင်းတွင် သွားရောက်ပြီးသော် ပညာကို သင်ကြားဆည်းပူးသည်။ အသက် ၂၄ နှစ် ပြည့်သောအခါ လက်ထပ် ထိမ်းမြားသည်။ ထိုအချိန်မှ ဒုတိယ ပိုင်းဖြစ်သည့် ဂရိဟတ်ဆထအရွယ် စသည်။ ယင်းအရွယ်၏ အဓိကတာဝန်မှာ အိမ်ထောင်ရေးတာဝန်ကို ထမ်းရွက်ရန် ဖြစ်သည်။ အသက် ၅ဝ အရွယ်ရောက်သောအခါ အိမ်ထောင်၏ တာဝန်ကို မိမိ၏သားအပေါ် လွှဲပြောင်းပေးပြီးလျှင် တရား အကျင့်ကျင့်ရန် တောထွက်လေသေည်။ ယင်းအပိုင်းကို ဝနပရဆထဟု ခေါ် သည်။ တစ်ခါတစ်ရံတွင် မိန်းမများလည်း မိမိ၏ ယောကျာ်းနှင့်အတူ လိုက်ပြီးလျှင် တရားအကျင့်ကို ကျင့်ကြလေသေည်။ အသက် ၇၅ နှစ်အရွယ်ရောက်သောအခါ၌ကား ဆန်နျာဆီခေါ် ရသေ့ရဟန်း ဝတ်ရ လေသည်။ ယင်းအပိုင်းကိုဆံနျာဆဟု ခေါ်သည်။ ရသေ့ရဟန်း ဝတ်ပြီးသောသူသည် တစ်နေရာတည်းတွင် မနေတော့ဘဲ အရပ်တကာလည်ပြီးနောက် ဆွမ်းခံစားသောက်လေသည်။ လူအပေါင်းတို့အားလည်း တရား အဆုံးအမ ညွှန်ကြား ဟောပြလေသည်။

ဟိန္ဒူလူမျိုးတို့၏ အတွင်း၌ အဓိကအားဖြင့် ဗြဟ္မဏ၊ ခတ္တိယ၊ ဝေဿ၊ သုဒ္ဒဟူ၍ ဇာတ်လေးမျိုး ကွဲပြား ခြားနား နေသည်။ ယင်းလေးမျိုးအနက် ဗြဟ္မဏ အမျိုးဇာတ်ကို အမြတ်ဆုံးဟု ယူဆပြီးလျှင် သုဒ္ဒရာကို အနိမ့်ဆုံးဟု ယူဆကြ သည်။ ဗြဟ္မဏ အမျိုးဇာတ်၏ အလုပ်တာဝန်မှာ ယဇ်ပူဇော်မှု ကို ဦးဆောင်ရန်နှင့် တရားဓမ္မကို ဟောကြားရန် ဖြစ်သည်။ ခတ္တိယ အမျိုးဇာတ်၏ အလုပ်တာဝန်မှာ တိုင်းပြည်ကို အုပ်ချုပ်ရန် ဖြစ်သည်။ ဝေဿအမျိုးဇာတ်၏ အလုပ်တာဝန်မှာ ကုန်သွယ်မှု၊ လယ်ယာ စိုက်ပျိုးမှု ဖြစ်သည်။ သုဒ္ဒ၏ အလုပ် ကား အထက် အမျိုးဇာတ်များ စေခိုင်းသည့်တာဝန်ကို လုပ်ကိုင် ဆောင်ရွက်ရန် ဖြစ်သည်။ ဟိန္ဒူ လူမျိုးတို့၏ အတွင်း၌ အမြစ်တွယ်လာခဲ့သော ယင်းဇာတ်စံနစ်၊ ဇာတ် ထုံးစံသည် နောက်ပိုင်းတွင် မဟတ္တမ ဂန္ဓီ စသော အယူဝါဒ ရေး၊ လူမှုရေး၊ နိုင်ငံရေး ခေါင်းဆောင်တို့၏ ကြိုးပမ်းမှုကြောင့် အထိုက်အလျောက် လျော့ပါးအားနည်းသွားခဲ့လေသည်။[၃]


အခြေခံ ယုံကြည်ချက်များ[ပြင်ဆင်ရန်]

ကမ္ဘာလောကနှင့် သတ္တဝါများကို ဗြဟ္မာက ဖန်ဆင်းသည်။ ဗိဿနိုးက ကာကွယ်စောင့်ရှောက်သည်။ သိဝက ဖျက်ဆီးသည်။ ဗြဟ္မကြီး၏ ကြင်ယာတော်က သူရဿတီ၊ ဗိဿနိုး၏ ကြင်ယာတော်က လက္ချမီ၊ သိဝ၏ ကြင်ယာတော်က ပဗ္ဗတီ အသီးသီးတို့ဖြစ်ကြသည်။ ဗြဟ္မာ ဆိုသည်မှာ ပရမအတ္တပင်။ ပရမအတ္တသည် ကမ္ဘာလောကနှင့် သတ္တဝါများကို ဖန်ဆင်းသည်။ ထိုကြောင့် အတ္တသည် အရာတိုင်းတွင် ပျံ့နှံ့လျက် တည်ရှိသည်။ လောကသည် အတ္တ၊ လောကသည် ဗြဟ္မာ၊ သတ္တဝါသည် အတ္တ၊ သတ္တဝါသည် ဗြဟ္မာ၊ သင်သည် အတ္တဖြစ်၏၊ သင်သည် ဗြဟ္မာဖြစ်၏။ဖန်ဆင်းရှင် အတ္တကို ပရမအတ္တ၊ သတ္တဝါတို့ သန္တာန်၌ တည်သော အတ္တကို ဇီ၀အတ္တဟု ခွဲခြားရ၏။ (မြန်မာလူမျိုးတို့က အသက်၊ ဝိညာဉ်ဟု ခေါ်သော အရာကို ဟိန္ဒူက ဇီဝအတ္တဟု ခေါ်ခြင်းပင်။) အတ္တသည် အမြတ်ဆုံး ဖြစ်၏။ မပျက်မစီး အမြဲ တည်၏။ သတ္တဝါ သေသော်လည်း အတ္တက မပျက်စီးဘဲ သေသောသတ္တဝါ၏ ခန္ဓာကိုယ်မှ ထွက်ခွာ၍ နောက်ခန္ဓာကိုယ် တစ်ခုထဲသို့ ကူးပြောင်း တည်နေကာ နောက်တစ်ဘဝ စခန်းသွား၏။ ဤနည်းဖြင့် တစ်ဘဝပြီး တစ်ဘဝ ကူးပြောင်းကာ အတ္တသည် သံသရာ လည်နေ၏။ ယင်းသို့ သံသရာလည်နေခြင်းမှာ အတ္တကို လောဘ စသော ကိလေသာ အညစ်အကြေးတွေ ကပ်ငြိနေ၍ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပြုနေသောကြောင့် ဖြစ်၏။ ထိုကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးကို နောက်ဘဝ၌ အတ္တကပင် ခံစား၏။ အတ္တမှ ကိလေသာ အညစ်အကြေးတွေ စင်ကြယ်သွားစေရန် ဂင်္ဂါမြစ် အတွင်း၌ ရေချိုးရ၏။ ဂင်္ဂါမြစ်သည် ဟိမဝန္တာကေလာသ တောင်ထိပ်တွင် တရားထိုင်နေသာ သိဝနတ်မင်းကြီး၏ ဆံထုံးမှစ၍ စီးဆင်းလာသောကြောင့် မြတ်သောမြစ် ဖြစ်၏။ ထိုကြောင့် ဂင်္ဂါမြစ်၌ ရေချိုးလျှင် ကိလေသာ စင်ကြယ်၏။ ယောဂ ခေည့် သမထ အလုပ်ကို အားထုတ်ခြင်းဖြင့်လည်း ကိလေသာကို စင်ကြယ်စေ၏။ ယောဂ အကျင့်၏ စွမ်းအားဖြင့် အတ္တမှ ကိလေသာတွေ စင်ကြယ်သွားသောအခါ အတ္တသည် ဖြူစင် တောက်ပြောင်လားပြီးလျှင် ကုသိုလ်ကံ အကုသိုလ်ကံတွေကို မပြုတော့သဖြင့် သံသရာမှ လွတ်မြောက်၍ ပရမအတ္တနှင့် ပြန်လည်ပေါင်းဆုံမိကာ မောက္ခ(နိဗ္ဗာန်)ကို ရသွား၏။

ရှေးကနှင့်မတူတော့[ပြင်ဆင်ရန်]

ဝေဒကျမ်းများ၌ အခြေခံခဲ့သော ဟိန္ဒူ=ဗြဟ္မဏ ဘာသာသည် နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ရသဖြင့် ယခုခေတ် ဟိန္ဒူတို့ ယုံကြည်ကိုးကွယ်သော ဟိန္ဒူဘာသာသည် ဝေဒခေတ် ဘာသာတရားနှင့် အတော်ကြီး ခြားနားနေပြီ ဖြစ်၏။ ဝေဒခေတ်၌ ဣန္ဒြ၊ အဂ္ဂနိ၊ ၀ရုဏ စသော နတ်တို့အား ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းကို အလေးပေးထားသော်လည်း ဥပနိသျှဒ် စသော နောက်ပေါ် ဘာသာရေးကျမ်းများက ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းသည် အရေးမကြီး။ ဗြဟ္မာ=အတ္တကို မြင်အောင် ကြည့်နိုင်ဖို့သာ အရေးကြီးကြောင်း၊ ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်း၊ ယဇ်သီချင်း ဆိုခြင်းဖြင့် မွန်မြတ်လှသော အတ္တကို မတွေ့နိုင် မမြင်နိုင်ကြောင်း ဖော်ပြကြ၏။

ဘဂဝဒ်ဂီတ[ပြင်ဆင်ရန်]

မဟာဘာရတ၏ အစိတ်အပိုင်း ဖြစ်သော ဘဂဝဒ်ဂီတကျမ်း၌လည်း အတ္တ၏ သဘော သဘာဝကို ပို၍ပေါ်လွင်အောင် နည်းအမျိုးမျိုးဖြင့် ရှင်းလင်းဖွင့်ဆို ထား၏။ အမွှန်းတင်ထား၏။ ထိုကြောင့် ဘဂဝဒ်ဂီတကဗျာကျမ်းသည် ယခုခေတ် ဟိန္ဒူဘာသာဝင်တို့ အရိုသေဆုံး အမြတ်နိုးဆုံး ဦးထိပ်ထက် ပန်ဆင်ထားသော ကျမ်းဖြစ်၏။

တစ်ဆူတည်းမှ ကိုယ်ပွါးသုံးဆူ[ပြင်ဆင်ရန်]

ဝေဒကျမ်းများ၌ ဗိဿနိုး၊ သိဝ၊ ဗြဟ္မာ တို့သည် အလွန်ကြီး အရေးမပါကြ။ တလုံးတစည်းတည်းလည်း မဟုတ်ကြပေ။ ခရစ်ပေါ်ပြီးနောက် နှစ်ပေါင်း၄၀၀ခန့်၌ ပေါ်ထွန်းလာသော ဂုတ္တမင်းဆက် မှစ၍ ဗိဿနိုး၊ သိဝ၊ ဗြဟ္မာ တို့ကို တလုံးတစည်းတည်း ပေါင်းစည်း ကိုးကွယ်လာရုံမျှမက တစ်ဆူတည်းသော တန်ခိုးရှင် ဘုရားကြီး၏ ကိုယ်ပွါးသုံးဆူ ဟုပင် ယုံကြည်လာကြ၏။ လက်ဦးတွင် ဖန်ဆင်းရှင် ဗြဟ္မာကို ပို၍ အလေးအမြတ်ထားရာမှ ခေတ်အဆက်ဆက် ဖြတ်သန်းလာရာက တဖြည်းဖြည်း ဗြဟ္မာ၏ အခန်းကဏ္ဍ မှေးမှိန်လာကာ ဗိဿနိုးကို အမြတ်ဆုံး ကိုးကွယ်လာကြ၏။ ရာမာယနကျမ်း ပေါ်လာပြီး နောက်၌မူ ဗိဿနိုးသည် လူ့လောက အတွင်းသို့ ဘုရားဝင်စား အဖြစ် အသွင်အမျိုးမျိုးဖြင့် ဝင်ကာ လောကအကျိုးကို ဆောင်လာသည်အထိ ယုံကြည်ကြ၏။

ဘုရားဝင်စား အဝတာရများ[ပြင်ဆင်ရန်]

ဗိဿနိုး နတ်ဘုရား ဝင်စားသော ဘုရားဝင်စား=အဝတာရ ၉ ဦးရှိ၏။ တစ်ဦးမှာ ရာမ ဖြစ်၏။ ဂေါတမဗုဒ္ဓ ကိုလည်း နဝမ အဝတာရ ဟု ဟိန္ဒူတို့ကယုံကြည်ကြ၏။

မပြောင်းလဲသေးသော တရား[ပြင်ဆင်ရန်]

ဝေဒခေတ်မှ အခြေခံခဲ့သော ဘာသာရေး အယူအဆ အများအပြား ပြောင်းလဲခဲ့သော်လည်း ထိုခေတ်မှစ၍ ယနေ့ထိ မပြောင်းလဲသေးသော အယူအဆ တစ်ခုကား ရှိပါသေးသည်။ ယင်းမှာ ဇာတ်ဝါဒပင်ဖြစ်၏။ ဤ အမျိုးဇာတ် အနိမ့်အမြင့် ခွဲခြားသည့် ဝါဒသည် ဗြဟ္မဏ=ဟိန္ဒူဘာသာမှတပါး တခြားမည်သည့် ဘာသာတရားမှာမျှ မရှိပေ။ ဤဇာတ် ခွဲခြားရေးဝါဒမှာ ဟိန္ဒူဘာသာ၏ ထူခြားသော လက္ခဏာတစ်ရပ် ဖြစ်ပေသည်။ ဝေဒကျမ်းများ၌ လူကို ဗြဟ္မဏ၊ ခတ္တိယ၊ ဝေဿ၊ သုဒ္ဒ ဟု အမျိုးဇာတ် လေးပါး ခွဲခြားထား၏။ ဗြဟ္မဏ=ပုဏ္ဏားမျိုးသည် ဗြဟ္မာ၏ ခံတွင်းမှ ဖွား၍ အမြတ်ဆုံး ဖြစ်သည်ဟုဆို၏။ ခတ္တိယ=မင်းမျိုးသည် လက်မောင်းမှ ဖွား၏။ ဝေဿ=ကုန်သည် လယ်လုပ်မျိုးသည် ပေါင်မှ ဖွား၏။ သုဒ္ဒ=အမှိုက်သိမ်းသမား ဖိနပ်ချုပ်သမား စသော လူဆင်းရဲမျိုးသည် ဗြဟ္မာ၏ ခြေဖဝါးမှ ဖွားသောကြောင့် အနိမ့်ဆုံး အယုတ်ဆုံး ဇာတ် ဖြစ်သည်ဟု ဆို၏။ ဇာတ်မြင့်သူက နိမ့်သူကို နှိမ်၏။ အထင်သေး၏။ လူမှုဆက်ဆံရေး ဘာတစ်ခုမှ မလုပ်။ ဇာတ်နိမ့်သူကို မြင်တွေ့နေရတာသည်ပင် အမင်္ဂလာကြီး ဖြစ်နေ၏။ သူတောင်းစား မာတင်္ဂကို မြင်ရ၍ ဒိဌမင်္ဂလိကာ အမင်္ဂလာ ဖြစ်သွားသဖြင့် ခေါင်းလျှော်ပစ်၊ ရေချိုးပစ်ကာ မင်္ဂလာသစ် တင်လိုက်ရ၏။ ယခုခေတ်တွင်မူ ဇာတ် ၄ မျိုး မကတော့ဘဲ အမျိုးဇာတ်ပေါင်း ၂၀၀၀ခန့် ရှိနေပြီဟု သိရသည်။ Outcasts, Untouchables ခေည့် မထိကောင်းသော ဇာတ်မဲ့များလည်း ရှိသေးသည်။ ဤဇာတ်မဲ့တို့ကို ဇာတ်ရှိ ဇာတ်မြင့်တို့က မတော်တဆ ထိမိလျှင် ထိမိသူမှာ သနသွားသည်ဟု ယုံကြည်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Kurien, Prema (2006). "Multiculturalism and American Religion: The Case of Hindu Indian Americans". Social Forces 85 (2): 723–741. Johns Hopkins University Press. doi:10.1353/sof.2007.0015. 
  2. FL Bakker (1997). "Balinese Hinduism and the Indonesian State: Recent Developments". Bijdragen tot de Taal-, Land- en Volkenkunde Deel 153, 1ste Afl.: 15–41. Brill. 
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)