မြင်းခြံခရိုင်

ဝီကီပီးဒီးယား မှ
မြင်းခြံ ခရိုင်
ခရိုင်
မန္တလေးတိုင်းအတွင်းတည်နေရာ
မန္တလေးတိုင်းအတွင်းတည်နေရာ
မြင်းခြံ ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြင်းခြံ ခရိုင်
မြင်းခြံ ခရိုင်
မြန်မာနိုင်ငံအတွင်းတည်နေရာ
ကိုဩဒိနိတ်: 20°53′N 95°53′E / 20.883°N 95.883°E / 20.883; 95.883ကိုဩဒိနိတ်: 20°53′N 95°53′E / 20.883°N 95.883°E / 20.883; 95.883
နိုင်ငံမြန်မာနိုင်ငံ
တိုင်းဒေသကြီးမန္တလေး
မြို့နယ်ပေါင်း
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၁,၀၅၅,၉၅၇ [၁]
အချိန်ဇုန်MST (UTC6:30)

မြင်းခြံခရိုင် (အင်္ဂလိပ်: Myingyan District) သည် မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ မြင်းခြံမြို့ဖြစ်သည်။

ပါဝင်သောမြို့နယ်များ[ပြင်ဆင်ရန်]

မြင်းခြံခရိုင်မြို့နယ်များ
  မြင်းခြံမြို့နယ်
  နွားထိုးကြီးမြို့နယ်
  တောင်သာမြို့နယ်

မြင်းခြံခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

ကျောက်ပန်းတောင်းမြို့နယ်သည် ယခင်က မြင်းခြံခရိုင်မှဖြစ်ကာ ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၁၅ရက်​နေ့တွင် ညောင်ဦးခရိုင်အတွင်းသို့ ပြောင်း၍ ဖွဲ့စည်းခဲ့သည်။[၂] ၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်​နေ့တွင် ငါန်းဇွန်မြို့နယ်ကို ခွဲထုတ်ကာ တံတားဦးခရိုင် အတွင်း ထည့်သွင်းခဲ့သည်။

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

ယခင်က မြင်းခြံခရိုင်ကို မြင်းခြံနယ်၊ ပုဂံ(ညောင်ဦး) နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ တဖန် မြင်းခြံနယ်မှာ မြင်းခြံမြို့နယ်၊ တောင်သာ မြို့နယ်၊ နွားထိုးကြီးမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားကာ ပုဂံ(ညောင်ဦး) နယ်မှာ ပုဂံ(ညောင်ဦး)မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ငဇွန်(ငါန်းဇွန်) မြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ခရိုင်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်၂,၇၁ဝ၊ ကျေးရွာပေါင်း ၄၄၈ ရွာနှင့် ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၄၇၂,၅၅၇ ယောက်ရှိသည်။

ခရိုင်ရုံးစိုက်မြို့သည် မြင်းခြံမြို့ဖြစ်၍ ခရိုင်တွင်းရှိ မြို့များကား ပုဂံ၊ ညောင်ဦး၊ နွားထိုးကြီး၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ငဇွန်(ငါန်းဇွန်) တို့ ဖြစ်သည်။

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

တည်​နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

မြင်းခြံခရိုင်သည် မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးတိုင်းတွင် ပါဝင်သော ခရိုင်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ဗဟိုလောက်တွင် တည်ရှိ၍ မိုးပါးရေရှား ရပ်ဝန်းတွင် အကျုံးဝင်သည်။

နယ်နိမိတ်[ပြင်ဆင်ရန်]

မြင်းခြံခရိုင်၏ အရှေ့ဘက်တွင် ကျောက်ဆည်ခရိုင်နှင့် မိတ္ထီလာခရိုင်၊ မြောက်ဘက်တွင် ညောင်ဦးခရိုင်နှင့် မိတ္ထီလာခရိုင်၊ အနောက်ဘက်တွင် ​ညောင်ဦးခရိုင်၊ ဧရာဝတီမြစ်ခြားကာ မကွေးတိုင်းမှ ပခုက္ကူခရိုင်နှင့် စစ်ကိုင်းတိုင်းမှ စစ်ကိုင်းခရိုင်၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်းမှ စစ်ကိုင်းခရိုင်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

တောင်သာနယ်အတွင်း တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်၊ ရေဝေရေလဲ ရိုးချောင်းများဖြင့် ပြည့်နေသည့် မညီညာသော ချိုင့်ဝှမ်းများ တည်ရှိသည်။ မြင်းခြံခရိုင်အတွင်းရှိ မြေသည် များသောအပိုင်းတွင် ခြောက်သွေ့၍ လှိုင်းထနေသော မြေမျက်နှာပြင်မျိုး ဖြစ်သည်။ တောင်ကုန်းများလည်း ရှိသည်။ ခရိုင်အတွင်း ကုန်းမြေပြင်နည်းပါးကာ များသောအားဖြင့် မညီညာသော လွင်ပြင်များဖြစ်သည်။ တောင်သာတောင်၊ အိုးတောင်၊ နန်းမြင့်တောင်၊ မြင်စိုင်းတောင် တို့မှာ ထင်ရှားသည်။

ရေဆင်း[ပြင်ဆင်ရန်]

မြင်းခြံခရိုင်၏ အနောက်ဘက်သည် ဧရာဝတီမြစ်ဖြစ်ကာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့နှင့် နယ်နိမိတ်အဖြစ် စီးဆင်းနေသည်။ဧရာဝတီမြစ်သည် ကွေ့ကောက်လှသဖြင့် သောင်ခုံများ၊ ရေလယ်ကျွန်းများ ထွန်းလျက် ထိုသောင်ခုံနှင့် ရေလယ်ကျွန်းများ ပေါ်တွင် ဆေး၊ ပဲ၊ မရင်းစပါး အစရှိသည်တို့ကို စိုက်ပျိုးကြသည်။ သို့သော် ကျွန်းများ သောင်များမှာ မတည်တံ့ဘဲ ရေစားသောအခါ နစ်မြုပ်ပျောက်ကွယ်သွားတတ်၏။ တစ်ခါတစ်ရံ ကျွန်းဟောင်းများအစား ကျွန်းသစ်ကလေးများ ပေါ်လာတတ်သည်။ မြင်းခြံမြို့နှင့် ဆီမီးခုံမြို့တို့ အကြားတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ ပေါင်းဆုံသည်။ ခရိုင်အတွင်း ထင်ရှားသော ချောင်းများမှာ ဆင်တဲဝချောင်း၊ မီးပြန်ချောင်း၊ ပြောင်းပြာချောင်းတို့ ဖြစ်ကြသည်။

ရာသီဥတု[ပြင်ဆင်ရန်]

မြင်းခြံခရိုင်၏ ရာသီဥတုမှာ ပူပြင်းခြောက်သွေ့သည်။

လူဦးရေ[ပြင်ဆင်ရန်]

၂၀၁၄ သန်းခေါင်စာရင်းအရ မြင်းခြံခရိုင်၏ လူဦးရေမှာ ၁,၀၅၅,၉၅၇ဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူရာတွင် ကျောက်ပန်းတောင်းမြို့နယ်ကို မြင်းခြံခရိုင်အတွင်း ထည့်သွင်း ရေတွက်ထားသည်။ ကျောက်ပန်းတောင်းမြို့နယ် လူဦးရေ ၂၆၁,၉၀၈ကို ဖယ်ထုတ်ရေတွက်ပါက မြင်းခြံခရိုင်တွင် လူဦးရေ ၇၉၄,၀၄၉ ဖြစ်သည်။ ခရိုင်လူဦးရေ၏ ၁၅.၉ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ကြသည်။ အမျိုးသမီး ဦးရေမှာ အမျိုးသားဦးရေထက် တစ်သိန်းခန့် ပိုများသည်။ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။

စီးပွားရေး[ပြင်ဆင်ရန်]

မြင်းခြံခရိုင်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေး အသင့်အတင့် ဖွံဖြိုးသော ခရိုင်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ကြပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ထန်းလျက်၊ ကြက်သွန်များ ထွက်ရှိသည်။ မြင်းခြံခရိုင်အတွင်း၌ ဧကပေါင်းမျာစွာကို တူးမြောင်းကန်ချောင်းများမှ ရေပေးသွင်း၍ စိုက်ပျိုးလုပ်ကိုင်သည်။ ဆန်စပါး၊ နှမ်း၊ ဝါဂွမ်း၊ မြေပဲ၊ ပဲအမျိုးမျိုးနှင့် ပြောင်းတို့ကို စိုက်ပျိုးသည်။ မြင်းခြံမြို့နယ် မြောက်ပိုင်းရှိ ကုန်းမြင့်ဒေသများ၊ နွားထိုးကြီးမြို့ အနောက်ဘက်ရှိ နယ်များနှင့် တောင်သာ အရှေ့ဘက်ရှိ နယ်များတွင် ဝါဂွမ်းအကြီး အကျယ် စိုက်ပျိုးသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ဝါဂွမ်းစိုက်ပျိုးသော နယ်တစ်ဝက်ခန့်မှာ မြင်းခြံခရိုင်တွင်း၌ ရှိသည်။ လူး၊ ဆပ်၊ ကြက်သွန်၊ ငရုတ်၊ အာလူးတို့ကိုလည်း အသင့်အတင့် စိုက်ပျိုးသည်။ မြေပဲ၊ နှမ်းတို့ ထွက်သောကြောင့် မြေပဲဆီ၊ နှမ်ဆီများထွက်သည်။ မြင်းခြံတွင် ဆီစက်များရှိသည်။ ဝါထည်ရက်လုပ်ငန်း၊ ဝါစေ့ထုတ်လုပ်ငန်းတို့သည် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးဖက်တွင် များသည်။ မြင်းခြံခရိုင်တွင် ထန်းပင်ပေါသောကြောင့် ထန်းလျက်လည်း ထွက်သည်။ မြင်းခြံခရိုင်တွင် သီးသန့် ကြိုးဝိုင်းသစ်တောများရှိ၍ မြင်းခြံမြို့နယ်တွင် သစ်စက်များလည်း ရှိလေသည်။

မန္တလေးမြို့၏ အဓိက စီးပွားရေးဇုံတစ်ခုဖြစ်လာမည့် မြို့သာစက်မှုဇုံစီမံကိန်းသည် မြင်းခြံခရိုင်တွင်တည်ရှိသည်။ ဆီမီးခုံ ဆိပ်ကမ်းသည် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းတစ်ခုဖြစ်သည်။[၃]

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

မြင်းခြံခရိုင်သည် များသောအားဖြင့် ဆက်သွယ်ရေးကောင်းမွန်သည်။ တောင်သာမြို့နယ်တွင်မူ ဆက်သွယ်ရေး ခက်ခဲသည်။ မြို့နယ်ချင်းဆက်လမ်းများဖြင့် ခရိုင်အတွင်းရှိ မြို့များသို့ လွယ်ကူစွာ သွားလာနိုင်သည်။ မြို့သာစက်မှုဇုံမှ ရန်ကုန်-မန္တလေးအမြန်လမ်း၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းတို့ဖြင့် ဆက်သွယ်မည့် လမ်းမများကိုလည်း ဖောက်လုပ်လျက်ရှိကာ မန္တလေးမြို့နှင့် အလွယ်တကူ ဆက်သွယ်နိုင်မည်ဖြစ်သည်။[၄]လက်ရှိအချိန်တွင် နွားထိုးကြီးမြို့နယ် ပြင်စည်လမ်းဆုံမှ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်သို့ တက်ရောက်နိုင်သည်။ မိတ္ထီလာခရိုင်တွင်းရှိ သာစည်မှ ခွဲထွက်လာသော မီးရထားလမ်းသည် မြင်းခြံ၌ ဆုံး၍ ရထားလမ်းအတိုင်း မိုင် ၇ဝ ရှိသည်။

ပညာရေး[ပြင်ဆင်ရန်]

မြင်းခြံခရိုင်တွင် အခြေခံပညာကျောင်းများအပြင် မြင်းခြံမြို့နယ်တွင် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်၊ နည်းပညာကောလိပ်တို့ တည်ရှိသည်။

ထင်ရှား​သော​နေရာများ[ပြင်ဆင်ရန်]

မြင်းခြံခရိုင်တွင် ထင်ရှားသော စေတီပုထိုးတို့ကား များလှပေသည်။ နွားထိုးကြီး၊ တောင်သာမြို့များတွင် စေတီပုထိုးများရှိပေသေးရာ နွားထိုးကြီးနယ် စကြာတောင် ဘုရားပွဲကို နှစ်စဉ် ဝါခေါင်လတွင် လည်းကောင်း၊ တောင်သာဘုရားပွဲကို ပြာသိုလတွင် လည်းကောင်း ကျင်းပလေ့ရှိသည်။ အခြား မြို့ငယ် ရွာငယ်များတွင်လည်း စေတီပုထိုးများ တည်ရှိ၍ ပွဲတော်များလည်း နှစ်စဉ်ကျင်းပသည်။

မြင်းခြံခရိုင်တွင် နေထိုင်သူတို့မှာ များသောအားဖြင့် ဗုဒ္ဓဝါဒီမြန်မာများ၏။ လူမျိုးခြား ဘာသာခြားများ အနည်းငယ်မျှသာ ရှိသည်။ ဗုဒ္ဓဝါဒီများသဖြင့် ခရိုင်တွင်း၌ ကျောင်းကန်ဘုရား များစွာရှိသည်။ မြင်းခြံခရိုင်တွင် အကျုံးဝင်သော စွန်းလွန်းရွာမှ ဆရာတော်သည် လည်းကောင်း၊ စမ်းကျ(စံကြ) ဆရာတော်သည် လည်းကောင်း ပျံလွန်တော်မူကြသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ကမ္မဋ္ဌာန်းဘာဝနာသီလတန်ခိုးကြောင့် ဆရာတော်ကြီး ၂ ပါး၏ ရုပ်ကလာပ်တို့မှာ မပုပ်မရိ ပကတိ တည်ရှိတော် မူသောကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှ ဗုဒ္ဓအယူဝါဒီတို့သည် ဆရာတော် (၂)ပါး၏ ရုပ်ကလာပ်ကို သွားရောက် ဖူးမြော်ကြပေသည်။ သို့ဖြင့် စွန်းလွန်းဂူကျောင်းသည် ယခုအခါ မြန်မာနိုင်ငံ တစ်ဝှန်းတွင် ထင်ရှားပေသည်။ ပထမ အင်္ဂလိပ် -မြန်မာ စစ်အပြီးတွင် စာချုပ်ချုပ်ဆိုရာ ဖြစ်သော ရန္တပိုရွာသည်လည်း မြင်းခြံခရိုင်၌ တည်ရှိလေသည်။

[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၈၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 25, 2015 တွင် ပြန်စစ်ပြီး
  2. ကျောက်ပန်းတောင်းမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 13 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. ဆီမီးခုံဆိပ်ကမ်း ဖွင့်ရန်ပြင်ဆင်။ 28 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 August 2021 တွင် ပြန်စစ်ပြီး။
  4. မန္တလေး မြို့သာစက်မှုဥယျာဉ်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို တိုက်ရိုက်ဆက်သွယ် သွားလာနိုင်မည့် တံတားဦး-မြို့သာ-ဆီမီးခုံ ဧရာဆိပ်ကမ်းလမ်းပိုင်း စတင်ဖောက်လုပ်
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)