မန္တလေးခရိုင်

ဝီကီပီးဒီးယား မှ
မန္တလေး ခရိုင်
မန္တလေးတိုင်းအတွင်းရှိ ခရိုင်
(နာရီလက်တံအတိုင်း) မန္တ​လေးတက္ကသိုလ်၊မန္တလာသီရိအားကစားကွင်း၊နန်း​တော်၊ခရိုင်တရားရုံး၊အမျိုးသားကဇာတ်ရုံ၊ကွန်ဗင်းရှင်းစင်တာ
(နာရီလက်တံအတိုင်း) မန္တ​လေးတက္ကသိုလ်၊မန္တလာသီရိအားကစားကွင်း၊နန်း​တော်၊ခရိုင်တရားရုံး၊အမျိုးသားကဇာတ်ရုံ၊ကွန်ဗင်းရှင်းစင်တာ
မန္တ​လေးတိုင်းအတွင်း တည်​နေရာ
မန္တ​လေးတိုင်းအတွင်း တည်​နေရာ
မန္တလေး ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မန္တလေး ခရိုင်
မန္တလေး ခရိုင်
မန္တ​လေးတိုင်းအတွင်း တည်​နေရာ
ကိုဩဒိနိတ်: 21°58′0″N 96°05′0″E / 21.96667°N 96.08333°E / 21.96667; 96.08333
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
မြို့နယ်ပေါင်း
ဧရိယာ
 • စုစုပေါင်း၉၁၂ စတုရန်းကီလိုမီတာ (၃၅၂.၁ စတုရန်းမိုင်)
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၁၇၂၆၈၈၉
အချိန်ဇုန်MST (UTC6:30)
ဧရိယာကုဒ်(များ)2 (mobile: 69, 90)[၁]

မန္တလေးခရိုင်သည် မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်ခဲ့​သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ မန္တ​လေးမြို့ဖြစ်သည်။ ၂၀၂၂ခုနှစ် ဧပြီလတွင် မန္တလေးခရိုင်မှ မြို့နယ်များကို မဟာအောင်မြေခရိုင်အောင်မြေသာစံခရိုင်နှင့် အမရပူရခရိုင်များအဖြစ် ခွဲထုတ်ဖွဲ့စည်းခဲ့သည်

ပါဝင်သောမြို့နယ်များ[ပြင်ဆင်ရန်]

မန္တလေးခရိုင်မြို့နယ်များ
  အောင်မြေသာစံမြို့နယ်
  အမရပူရမြို့နယ်
  ချမ်းအေးသာစံမြို့နယ်
  ချမ်းမြသာစည်မြို့နယ်
  မဟာအောင်မြေမြို့နယ်
  ပုသိမ်ကြီးမြို့နယ်
  ပြည်ကြီးတံခွန်မြို့နယ်

မန္တလေးခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

မန္တ​လေးခရိုင်အတွင်းရှိမြို့များ

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရတနာပုံခေတ် သီပေါမင်းလက်ထက်တွင် ကျန်ရှိနေသေးသော မြန်မာမင်းပိုင် နယ်မြေများအား ခရိုင် (၁၀)ခရိုင် ခွဲခြားသတ်မှတ်ခဲ့သည်။ ယခုခေတ် မန္တလေးခရိုင် ပါဝင်ရာ ဒေသမှာ ထိုခေတ်က ရတနာပုံနေပြည်တော်ပါဝင်သော ပထမဌာနခရိုင်အဖြစ် သတ်မှတ်ခဲ့သည်။ ဗြိတိသျှတို့ အထက်မြန်မာနိုင်ငံကို သိမ်းယူပြီးနောက် အထက်မြန်မာပြည်အား အရှေ့၊ အလယ်၊ မြောက်နှင့် တောင်ဟူ၍ ခရိုင်များ ခွဲခြားခဲ့ရာမှ နောက်ပိုင်းတွင် မိတ္ထီလာ၊ စစ်ကိုင်း၊ မန္တလေးနှင့် မင်းဘူး ခရိုင်များအဖြစ် ဖွဲ့စည်းခဲ့သည်။ ထိုမန္တလေးခရိုင်တွင် ဗန်းမော်၊ မြစ်ကြီးနား၊ ကသာ၊ ရွှေဘို နှင့် မိုးကုတ် စီရင်စုများ ပါဝင်သည်။[၂] အင်္ဂလိပ်တို့လက်ထက် ၁၉၃၁ခုနှစ်တွင် မန္တလေးခရိုင်၌ မန္တလေး၊ မတ္တရာနှင့် မေမြို့နယ်များ ပါဝင်ခဲ့သည်။ အကျယ်အဝန်းအားဖြင့် ၂၁၁၅စတုရန်းမိုင်ရှိခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်လည်း ထိုအတိုင်းပင် တည်ရှိခဲ့သည်။ မန္တလေးခရိုင်၏ ရုံးစိုက်ရာမြို့မှာ မန္တလေးမြို့ဖြစ်သည်။ အခြားမြို့များမှာ မေမြို့အမရပူရမြို့မတ္တရာမြို့စဥ့်ကူးမြို့မြစ်ငယ်မြို့တို့ဖြစ်ကြသည်။ လွတ်လပ်ရေးရပြီးနောက် မန္တလေးခရိုင်ကို မန္တလေးအရှေ့ပိုင်းနယ်၊ မန္တလေးအနောက်ပိုင်းနယ်(အမရပူရနယ်)၊ မတ္တရာနယ်နှင့် မေမြို့နယ်တို့ဖြင့် သတ်မှတ်ထားသည်။၁၉၅၆ခုနှစ်တွင် မန္တလေးခရိုင်၏ ခန့်မှန်းလူဦးရေမှာ ၄၇၇,၁၀၀ ဦးရှိသည်။

၁၉၃၁ခုနှစ်က မန္တ​လေးခရိုင်

၁၉၅၉ခုနှစ်တွင် မတ္တရာနယ်အတွင်း ပုသိမ်ကြီးမြို့နယ်ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။၁၉၆၅ခုနှစ် အောက်တိုဘာလ ၁ရက်နေ့တွင် ရွှေဘိုခရိုင်အတွင်းမှ သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်များကို မန္တလေးခရိုင်အတွင်း ပြောင်း၍ ဖွဲ့စည်းခဲ့သည်။ ထို့အပြင် မန္တလေးမြို့ကို အရှေ့တောင်၊ အရှေ့မြောက်၊ အနောက်တောင်၊ အနောက်မြောက်မြို့နယ်များအဖြစ် မြို့နယ် (၄)ခုခွဲခြားခဲ့သည်။၁၉၉၂ခုနှစ်တွင် မန္တလေးမြို့နယ်(၄)မြို့နယ်အား မြို့နယ်(၅)ခုအဖြစ် သတ်မှတ်ခဲ့သည်။ မန္တလေးခရိုင်မှ ပြင်ဦးလွင်၊ မတ္တရာ၊ စဥ့်ကူး၊ မိုးကုတ်၊ သပိတ်ကျင်းမြို့နယ်များကို ခွဲထုတ်ကာ ပြင်ဦးလွင်ခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် မန္တလေးခရိုင်တွင် မြို့နယ်(၇)မြို့နယ်နှင့် မြို့(၄)မြို့ ကျန်ရှိခဲ့သည်။

၂၀၂၂ခုနှစ် ဧပြီလ (၃၀)ရက်နေ့တွင် မန္တလေးခရိုင်မှ မဟာအောင်မြေမြို့နယ်ချမ်းအေးသာစံမြို့နယ်ချမ်းမြသာစည်မြို့နယ်ပြည်ကြီးတံခွန်မြို့နယ်များကို မဟာအောင်မြေခရိုင် အဖြစ်လည်းကောင်း၊ အောင်မြေသာစံမြို့နယ်ပုသိမ်ကြီးမြို့နယ်များကို အောင်မြေသာစံခရိုင်အတွင်းသို့လည်းကောင်း၊ အမရပူရမြို့နယ်ကို အမရပူရခရိုင်အဖြစ်လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့ကာ မန္တ​လေးခရိုင်ကို ပယ်ဖျက်ခဲ့သည်။[၃]

ပထဝီဝင်အ​နေအထား[ပြင်ဆင်ရန်]

တည်​နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

မန္တလေးခရိုင်သည် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် ဖွဲ့စည်းပါဝင်၍ မြန်မာနိုင်ငံ၏အလယ်ဗဟို အချက်အချာဖြစ်သောခရိုင်ဖြစ်သည်။ အရှေ့မှအနောက်သို့ မိုင်(၂၀)ခန့်၊ တောင်မှ မြောက်သို့ မိုင်(၃၀)ခန့် ရှည်လျားသည်။

နယ်နိမိတ်[ပြင်ဆင်ရန်]

မြောက်ဘက်တွင် ပြင်ဦးလွင်ခရိုင်မှ မတ္တရာမြို့နယ်နှင့်အရှေ့ဘက်တွင် ပြင်ဦးလွင်ခရိုင်မှ ပြင်ဦးလွင်မြို့နယ်၊တောင်ဘက်တွင် ကျောက်ဆည်ခရိုင်မှ စဉ့်ကိုင်မြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းခရိုင်စစ်ကိုင်းမြို့နယ်များတည်ရှိသည်။ အကျယ်အဝန်း ၉၁၂စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။[၄]

​မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ပင်လယ်​ရေမျက်နှာပြင်အထက် ပျမ်းမျှ​ပေ၂၅၀အထက်တွင် တည်ရှိသည်။ မန္တလေးခရိုင်၏ အရှေ့ပိုင်းသည် ရှမ်းရိုးမတောင်တန်းတည်ရှိကာ တောင်ကုန်းတောင်တန်းများ ပေါများသည်။ မန္တလေးမြို့ပြဧရိယာသည် ညီညာသော လွင်ပြင်ဖြစ်သည်။ ခရိုင်၏ အနောက်တောင်ပိုင်းသည် မြစ်နှစ်သွယ်ဆုံရာဖြစ်ပြီး မိုးများချိန်တွင် ရေကြီးလေ့ရှိသည်။ဧရာဝတီမြစ်ထဲတွင် ပုသိမ်ကြီးမြို့နယ်၏ အပိုင်ဖြစ်​သော မြေနုကျွန်းများရှိ၍ ထိုကျွန်းများသည် မကြာခဏ ​ရေဝင်​ရောက်တတ်သည်။ မန္တလေးနှင့် အမရပူရနယ်များတွင် အင်းအိုင်များ ပေါများသည်။

ရေဆင်း[ပြင်ဆင်ရန်]

မန္တလေးခရိုင်ကိုဖြတ်၍စီးသောမြစ်များမှာ ဧရာဝတီမြစ်နှင့် ယင်း၏ လက်တက်များဖြစ်သော မြစ်ငယ်နှင့် မတ္တရာ (ချောင်းမကြီး)များဖြစ်သည်။ ဧရာဝတီမြစ်သည် မန္တလေးခရိုင်၏ အနောက်ဘက် နယ်နမိတ်တလျှောက် မြောက်မှ တောင်သို့ ဖြတ်စီးသည်။ သင်္ဘောများ အမြဲမပြတ် စုန်ဆန်သွားလာနိုင်သည်။ ဒုဋ္ဌဝတီဟူ၍ခေါ်သော မြစ်ငယ်မြစ်သည် ရှမ်းပြည်နယ်မှ စီးဆင်းလာပြီး မန္တလေးခရိုင်၏ တောင်ဘက်နယ်နိမိတ်တစ်လျှောက် စီးဆင်းကာ ဧရာဝတီမြစ်ထဲသို့ စီးဝင်သည်။

ချောင်းမကြီးဟူ၍လည်း ခေါ်သော မတ္တရာမြစ်(ရှမ်းပြည်တွင် နမ့်ပယ် ဟုလည်းခေါ်သည်။) သည် ရှမ်းပြည်နယ်၌ မြစ်ဖျားခံ၍ မန္တလေးအထက် ၂၅ မိုင်ဝေးသောနေရာ၌ ဧရာဝတီဖြစ်နှင့် ပေါင်းဆုံသည်။ဧရာဝတီနှင့် စကားပင်အကြား မိုင် ၂ဝ မျှအထိ လှေငယ်များ ကူးသန်းသွားလာနိုင်သည်။ လယ်ယာစိုက်ပျိုးရေးအတွက် ဤချောင်းမှရေကို တူး၍ သွယ်ယူရသည်။ အရေးပါသော တူးမြောင်းများမှာ ရွှေလောင်းတူးမြောင်း၊ ရွှေတချောင်းတူးမြောင်း၊ ဒင်္ဂါးတူးမြောင်း တို့ဖြစ်လျက် မင်းတုန်းမင်းကြီးလက်ထက်ကတူးခဲ့သော တူးမြောင်းများဖြစ်၍ အလျား မိုင် ၃ဝ၊၂၆ မိုင်၊ ၁၃ မိုင် အသီးသီးရှိသည်။

ထို့အပြင် ဧရာဝတီမြစ်နှင့်ဆက်သွယ်လျက်ရှိသော မြစ်တိမ်နှင့် သင်္ဂဇာချောင်းများလည်း ရှိပေသည်။ ဤသည်တို့အပြင် မိုးရာသီ၌ ရေသိုလှောင်ရန် မန္တလေးအရှေ့ဘက်တွင် အောင်ပင်လယ်ကန်၊ အရှေ့မြောက်ဘက်ယွန်းယွန်း ၂၁ မိုင်ခန့်အကွာတွင်နန္ဒာကန်နှင့် အမရပူရအနီး တောင်သမန်အင်းများရှိသည်။ မန္တလေးတူးမြောင်းကို ဖောက်ထားပြီး အောင်ပင်လယ်နှင့် နန္ဒာကန်တဝိုက်နေရာများတွင် စပါးစိုက်ပျိုးကြသည်။

ရာသီဥတု[ပြင်ဆင်ရန်]

မန္တလေးခရိုင်၏ ရာသီဥတုမှာ ပူပြင်းခြေက်သွေ့၍ မိုးနည်းသည်။ မိုးရေချိန် လက်မ ၃ဝ မှ ၄၁ အထိ ရွာသွန်းသည်။

လူဦး​ရေ[ပြင်ဆင်ရန်]

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မန္တလေးခရိုင်၏ လူဦးရေမှာ ၁,၇၂၆,၈၈၉ဖြစ်သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်စဉ်ထုတ်ပြန်သော အစီရင်ခံစာများအရ ၂၀၁၉ခုနှစ်တွင် လူဦးရေသည် ၁,၃၆၀,၁၃၈ ဖြစ်သည်။ မြို့ပြဧရိယာတွင် ချမ်းမြသာစည်မြို့နယ်သည် လူဦးရေအများဆုံးဖြစ်ကာ မြို့ပြနှင့်ကျေးလက်ပေါင်းစပ်ထားသည့် ပုသိမ်ကြီးမြို့နယ်သည် ခရိုင်အတွင်း လူဦးရေ အများဆုံးဖြစ်သည်။၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မန္တလေးခရိုင်တွင် လူဦးရေ ၁၃သိန်းကျော်သည် မြို့ပြတွင် နေထိုင်ကာ ၄သိန်းကျော်သည် ကျေးလက်တွင် နေထိုင်ကြသည်။ မြို့ပြနေထိုင်သူဦးရေမှာ ၇၆.၄ရာခိုင်နှုန်းဖြစ်သည်။ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြသည်။

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၂၀၁၄ ၁၇၂၆၈၈၉—    
၂၀၁၈ ၁၃၁၂၄၁၀−24.0%
၂၀၁၉ ၁၃၆၀၁၃၈+3.6%
Source: ၂၀၁၄ သန်းခေါင်စာရင်း

စီးပွားရေး[ပြင်ဆင်ရန်]

မန္တလေးခရိုင်သည် မြန်မာပြည်အထက်ပိုင်းရှိ စီးပွား​ရေးအချက်အချာကျ​သော ခရိုင်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့နှင့် လမ်းပန်းဆက်သွယ်​ရေးရှိ၍ စီးပွားဖြစ်ထွန်းသည်။ ခရိုင်​နေလူထုသည် ဝန်​ဆောင်မှုလုပ်ငန်းနှင့် မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများကို အများဆုံး လုပ်ကိုင်ကာ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်များတွင် စိုက်ပျိုး​ရေးလုပ်ငန်းပါလုပ်ကိုင်သည်။ ခရိုင်၏ အဓိကထွက်ကုန်မှာ စုံလင်လှသည်။ တူးမြောင်းများဖြင့် ဆန်စပါးစိုက်ပျိုးရသည်။ ထို့အပြင် မြန်မာနိုင်ငံအရပ်ရပ်မှ လူအပေါင်းတို့သည် ရှေးမြန်မာသုံးပစ္စည်းအမျိုးမျိုးကို လိုအပ်ပါကမန္တလေးမှ မှာယူ ရရှိသည်။

ပို့​ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

မန္တလေးခရိုင်သည် မြန်မာတို့၏ ယဉ်ကျေးမှု စုဝေးရာဒေသဖြစ်သည်။ မန္တလေးခရိုင်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ ဧရာဝတီမြစ်ကြောင်းဖြင့် မီးသင်္ဘောများအထက်အောက် စုန်ဆန်နိုင်သကဲ့သို့ မီးရထားလမ်းဖြင့်လည်း မန္တလေး ဘူတာကြီး မှသွားနိုင်သည်။ မော်တော်ကားလမ်းများဆုံရာခရိုင်ဖြစ်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမအပါအဝင် နိုင်ငံအနှံ့သို့လမ်းများစွာလည်းရှိသည်။ မန္တလေးမြို့တွင် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပြည်တွင်းသုံးလေယာဉ်ကွင်းများ ရှိသဖြင့် မြန်မာနိုင်ငံတဝန်းလုံးသို့ ခရီးလမ်း မခက်ခဲလှချေ။ လမ်းပန်းဆက်သွယ်ရေးကောင်းသည့်အလျောက် ရောင်းရေးဝယ်တာဖွံ့ဖြိုးသော ခရိုင်ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

မန္တလေးခရိုင်တွင် အထက်မြန်မာပြည်၏ အဆင့်မြင့်တက္ကသိုလ်များစွာတည်ရှိသည်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ ကျန်းမာရေးဆိုက်ရာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ ကောလိပ်/သိပ္ပံများစွာ တည်ရှိသည်။ ခရိုင်အတွင်း အသက် ၁၅နှစ်နှင့်အထက် အိမ်ထောင်စုအလိုက် စာတတ်မြောက်နှုန်းသည် ၉၆.၃ရာခိုင်နှုန်းဖြစ်သည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မန္တလေးမြို့ရှိ ဆေးရုံများစာရင်း

မန္တလေးခရိုင်သည် အထက်မြန်မာပြည်၏ အဆင့်မြင့်ဆေးရုံကြီးများ တည်ရှိရာ ခရိုင်တစ်ခုဖြစ်သည်။

အထင်ကရနေရာများ[ပြင်ဆင်ရန်]

မန္တလေးခရိုင်သည် မြန်မာမင်းတို့ ဘုန်းတန်ခိုးထွန်းကားရာအရပ်ဖြစ်သည်နှင့်အညီ ခရိုင်အတွင်း၌ ထင်ရှားကျော်ဇောသည့် ဘုရားစေတီများသာမက ထင်ရှားသော အဆောက်အအုံများရှိသည်။

အမရပူရတွင် ရွှေကြက်ယက်ဘုရားရှိသည်။ မြစ်ငယ်မြစ်၏ မြောက်ဘက်ကမ်းပေါ်တွင် အနော်ရထာမင်းစော၏ မိဖုရားစောမွန်လှ တည်ခဲ့သော ရွှေစာရံ ဘုရားများလည်း တန်ခိုးကြီးထူးခြားလျက် နှစ်စဉ် တပေါင်းလတွင် ဘုရားပွဲကျင်းပသည်။ ဘုရားပွဲကျင်းပချိန်တွင် ငါးများ ကမ်းဘေးသို့ လာ၍ ဘုရားဖူးများလက်မှ အစားအစာကို ယူစားရုံမျှမက ဘုရားဖူးများက ခေါင်းတွင် ရွှေချပေးသည်ကို ခံကြသည်။ ထို့အပြင် ရွှေစာရံဘုရားတွင် တင်သောဆွမ်းကို ပုရွတ်ဆိတ်မတတ် ကျီးမစားဟူ၏။ ဘုရားပုရဝုဏ်အတွင်း ပုရွတ်ဆိတ်နှင့် ကျီးများကိုမတွေ့ရ။

မင်းတုန်းမင်းတရားကြီး သတ်မှတ်ခဲ့သော မန္တလေးနယ်မှာ ရွှေကြိုးသတ်နယ်မြေဟု ခေါ်လျက်၊ အရှေ့သိုလားသော် နတ်ထိပ်တောင်ရိုး၊ တောင်ဘက်သို့ လားသော် မြစ်ငယ်မြစ်၊ အနောက်ဘက်သို့ လားသော် ဧရာဝတီမြစ်၊ မြောက်သို့လားသော် မတ္တရာမြစ်တို့ ဖြစ်ကြလေသည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar Area Codes။ 1 December 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 July 2018 တွင် ပြန်စစ်ပြီး။
  2. "နိုင်ငံအစ ခရိုင်က၊ မြန်မာပြည်ကို စိတ်ဖြာတဲ့ ခရိုင်နိုင်ငံရေး"။ 
  3. မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း။ 3 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 June 2022 တွင် ပြန်စစ်ပြီး။
  4. "Mandalay"၊ City Population။ 
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)