မော်လမြိုင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မော်လမြိုင်
မတ်မလီု
မြို့
Viewpoint pagoda.JPG
မော်လမြိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မော်လမြိုင်
မော်လမြိုင်
မော်လမြိုင်မြို့ တည်နေရာပြ မြေပုံ
ကိုဩဒိနိတ်: 16°29′N 97°37′E / 16.483°N 97.617°E / 16.483; 97.617
နိုင်ငံ  မြန်မာ
ပြည်နယ် Flag of Mon State.svg မွန်
ခရိုင် မော်လမြိုင်
အစိုးရ
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း ၂၈၈,၁၂၀ [၁]
 • လူမျိုးများ မွန်ဗမာတရုတ်ကရင်အိန္ဒိယနွယ်ဖွား
 • ကိုးကွယ်ယုံကြည်မှု ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာဟိန္ဒူဘာသာအစ္စလာမ်ဘာသာ
အချိန်ဇုန် မြန်မာစံတော်ချိန်
ဧရိယာကုဒ်(များ) ၀၅၇[၂]
သံလွင်မြစ် - မော်လမြိုင် - မုတ္ထမ


မော်လမြိုင်မြို့ (မွန်: မတ်မလီု) သည် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ရန်ကုန်မြို့မှ ကီလိုမီတာ ၃၀၀ ကွာဝေးပြီး သထုံမြို့မှ ၇၀ ကီလိုမီတာ အသီးသီး ကွာဝေးကြသည်။ ဤမြို့သည် သံလွင်မြစ်ဝ၏ ဝဲဖက်ကမ်းပေါ်တွင် တည်ရှိပြီး မြန်မာ့အရှေ့တောင် ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ အောက်ပိုင်းသို့ ရောင်းဝယ်ဖောက်ကားရန် အဓိကနေရာကြီးဖြစ်သည်။ မော်လမြိုင်မြို့သည် ရှေးမွန်မြို့ဟောင်းကြီး တမြို့ဖြစ်ခဲ့လေသည်။

ပထဝီအနေအထား[ပြင်ဆင်ရန်]

မော်လမြိုင်မြို့သည် သံလွင်မြစ်ဝကျွန်းပေါ်တွင် တည်ရှိသော ဒေသတစ်ခု ဖြစ်သည်။ မြစ်ပါးစပ်တွင် ဘီလူးကျွန်းသည် သံလွင်မြစ်ကို ခွပိတ်ထားပြီး မုတ္တမပင်လယ်ကွေ့ အတွင်းသို့ စီးဝင်စေသည်။ ထိုကျွန်း၏အရှေ့မြောက်ဘက်တွင် ထင်ရှားသော ခေါင်းဆေးကျွန်းရှိလေသည်။ ပင်လယ်မှ ၂၈ မိုင်ဝေး၏။ မြို့သည် အနောက်ဖက်နှင့် မြောက်ဖက်ရှိ သံလွင်မြစ်နှင့် အတ္ထရံမြစ် ကမ်းရိုးတလျှောက်နှင့် အရှေ့ဖက် တောင်တန်းအကြားတွင် တည်ထားသောမြို့ဖြစ်ရကား အလျားရှည်၍ အနံတို၏။ မြို့၏အလျားမှာ ၇ မိုင်ခန့်ရှိ၍ တထောင်ဆစ်ကွေး သဏ္ဌာန်ရှိ၏။ မြို့သည် အရှေ့မှ အနောက်သို့ ဆင်ခြေလျှော ရှိပြီးလျှင် အရှေ့ဖက်တောင်တန်းတလျှောက်ပေါ်၌ စေတီများ တည်ထားသည့်ပြင် ကမ်းရိုးတလျှောက်၌လည်း သစ်ပင်အမျိုးမျိုးတို့ဖြင့် စိမ်းစိမ်းလန်းလန်း စို⁠စိုပြည်ပြည် ရှိရကား အလွန်သာယာသော ရှုမျှော်ခင်းကောင်း ဆိပ်ကမ်းမြို့တမြို့အဖြစ် ထင်ရှားကျော်ကြားသည်။ ပြည်တွင်းပြည်ပ ခရီးသည်များသည် မော်လမြိုင်သို့ မီးသင်္ဘောဖြင့်ဖြစ်စေ၊ မီးရထားဖြင့်ဖြစ်စေ လာရောက်ကြသည့်အခါ မြို့၏သာယာလှသည့် ရှုမျှော်ခင်းကို အဝေးကပင် မြင်ကြရသည်။

ထို့ကြောင့် ကင်းဝန်မင်းကြီးသည် သံအရာရှိကြီးအဖြစ်ဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့တော်သို့အသွား မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ် တန်ခူးလ (ခရစ်နှစ် ၁၈၇၃ ခုနှစ်)၌ မော်လမြိုင်မြို့သို့ ခေတ္တရောက်လာရာတွင် မြို့၏ရှုမျှော်ခင်းကို ခရီးစဉ် ရကန်၌ ကို⁠ကိုနာဒ၊ သာစွမည်တွင်၊ စက်ယာဉ်ညင်နှင့်၊ ရေပင်လယ်ချက်၊ စခန်းသို့ထွက်ခဲ့၍၊ တရက်နှင့်တည၊ ကာလမကြာ၊ ရှုလေရာပင်၊ နတ်ရွာတပြိုင်၊ မော်လမြိုင်သို့၊ ရောက်တိုင်ဝင်ဆိုက၊ တွေ့ကြုံကြိုက်ရသည်၊ မျှော်လိုက်တိုင်း လွန်ပျိုနု၏။ဟူ၍ ဖွဲ့ဆိုခဲ့လေသည်။

မော်လမြိုင်မြို့၊ သံလွင်မြစ်လယ်ရှိ ခေါင်းဆေးကျွန်း

ဝေါဟာရရင်းမြစ်[ပြင်ဆင်ရန်]

မော်လမြိုင်မြို့၏ အမည်ဖြစ်ပေါ်လာပုံကို သမိုင်း၌ ဤသို့ဆိုလေသည်။

ယခင်က မော်လမြိုင်မြို့နေရာတွင် ဘုရင်တစ်ပါးအုပ်စိုးခဲ့သည်။ ထိုဘုရင်သည် သူတစ်ပါးနှင့်မတူဘဲ ပုံမှန် မျက်လုံးနှစ်လုံးအပြင် နှဖူးအလယ်တည့်⁠တည့်တွင် မျက်လုံးအပိုတစ်လုံး ရှိပါသည်။ ထိုမျက်လုံးတန်ခိုးနှင့် ဘုရင်ကြီးသည် သူ့တိုင်းပြည်နယ်နိမိတ်အတွင်းမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို အကုန်သိနေလေသည်။ တနေ့သောအခါ ယိုးဒယားရှမ်းများ စစ်မက်ပြုဖို့ရောက်လာကြသည်။ မွန်လူမျိုးများသည် ထိုင်းလူမျိုးများကို ရှမ်းဟုခေါ်ကြသည်။ ရှမ်းဘုရင်တပ်များ၏ လှုပ်ရှားမှု မှန်သမျှကို မွန်ဘုရင်က သူ့၏ မျက်လုံးတန်းခိုးဖြင့် အကုန်လုံးမြင်နေရလေတော့ ရှမ်းတို့၏ အစီအစဉ် အားလုံးကို ဖျက်ဆီးပစ်လိုက်နိုင်သည်။ ထို့ကြောင့် ရှမ်းများသည် သူတို့၏ တပ်တွင်းမှာ သစ္စာဖောက် ရှိသည်ဟု ယူဆလာကြသည်။ ရှမ်းဘုရင်သည် သူ့၏ မှူးမတ်များကို မေးမြန်းသောအခါ အကြောင်းစုံကို သိရှိလာပါတော့သည်။ ရှမ်းများသည် ပြဿနာကို ဖြေရှင်းရန်အတွက် ညီလာခံကျင်းပခဲ့ကြသည်။ ထိုညီလာခံမှ နေပြီး သူတို့သည် မွန်ဘုရင်၏ တတိယမျက်လုံးကို ဖျက်စီးပစ်ဖို့အတွက် သူတို့၏ သမီးတော်ကို လက်ဆောင်ပဏ္ဍာဆက်သရန် သဘောတူညီလိုက်ကြပါသည်။ ရှမ်းများသည် သံအဖွဲ့စေလွှတ်ပြီး ဘုရင်မင်းကြီး၏ ဘုန်းတန်ခိုးတော်ကြောင့် သမီးတော်ကို လာရောက်ဆက်သပါကြောင်း ပြောကြားသည်။ မင်းသမီး၏ လက်ချက်ကြောင့် ဘုရင်ကြီး၏ တတိယမျက်လုံးသည် ဖျက်ဆီးခြင်းခံလိုက်ရသည်။ ထိုမျက်လုံးတစ်လုံး ပျက်သွားခြင်းကို အစွဲပြုပြီး ရှေးမွန်များက ထိုဘုရင်ကြီး အုပ်ချုပ်သောမြို့ကို မွန်ဘာသာဖြင့် မတ်မွဲလို လို့ခေါ်ဆိုကြသည်။ မတ်- ဆိုသည်မှာ မျက်လုံးဖြစ်သည်။ မွဲ-ဆိုသည်မှာ တစ်၊ လို-ဆိုသည်မှာ ပျက်းစီးခြင်းဟု အဓိပ္ပာယ်ရပါသည်။ မတ်မွဲလို ၏ မွန်လိုအသံထွက်က မွတ်မော်လုံမ် ဖြစ်သည်။ နောက်ပိုင်းတွင် အခြားသော တိုင်းရင်းသားများက တုပခေါ်ဝေါ် ပြောဆိုလာသော အခါ မတ်မွဲလို မှနေ မော်လမြိုင် ဖြစ်လာပါသည်။[၃]

မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည်နောက် သာသနာနှစ် ၁၅၇ ခုတွင် ရှမ်းမင်းဆက် ပြတ်၍ မွန်မင်းတို့လက်ထက်သို့ကျရောက်သောအခါ ရာမညရာဇာမင်းသည် မူလမြို့တည်ရာမှ သံလွင်မြင်၊ ဂျိုင်းမြစ်အတ္တရံမြစ်နှင့် သောင်ရင်းမြစ်တို့၏ မြစ်လေးမြွာဆုံရာ ယခုမော်လမြိုင်မြို့ တည်ရှိရာသို့ ပြောင်းရွှေ့ပြီးလျှင် မြို့သစ် နန်းသစ် တည်ထောင်စိုးစံတော်မူ၏။ မြို့၏အမည်ကို ရမ္မာပူရ၊ ရမ္မာဝတီဟူ၍ပင် ဘွဲ့ချည်သတ်မှတ်တော်မူသည်။ ရာမညရာဇမင်းသည်၄ နှစ်မျှ မင်းပြုပြီးသည်နောက် သာသနာနှစ် ၁၆၁ ခုတွင် နတ်ရွာစံသည်။ ထိုအခါ သားတော်ကြီး အိမ်ရှေ့မင်းသည်မွတ်ပိရာဇဟူသော ဘွဲ့ဖြင့် ထီးနန်းဆက်ခံ စိုးစံလေသည်။ မွတ်ပိရာဇမင်း၏ မျက်မှောင် နှစ်ခုအလယ်တွင် တင့်တယ်လှပသော မှဲ့ရှင်တလုံးပါသောကြောင့် မျက်စိ သုံးလုံးထင်ရလောက်အောင် ထူးခြားတော်မူရကား မွန်ဘာသာဖြင့် မွတ်ပိရာဇာ၊ မြန်မာဘာသာဖြင့် မျက်စိသုံးလုံး ဘုရင်ဟုခေါ်တွင်သည်။ ထိုမင်းလက်ထက် မြို့ပြ စည်ပင်သာယာဝပြော၍ ထင်ရှားကျော်ကြားလာ၏။ နောင်အခါ အကြောင်းမသင့်သောကြောင့် မှဲ့ရှင်မျက်လုံး ကွယ်ပျောက်သွားရလေသည်။ယင်းကို အစွဲပြု၍ မွတ်ပိရာဇမင်းကို မွန်ဘာသာဖြင့် မွတ်မယ်လိန်းဟုခေါ်တွင်သည်။

မျက်စိတလုံးကွယ်သောမင်းဟူ၏။ မြို့၏အမည်ကိုလည်း ရမ္မာပူရ၊ ရမ္မာဝတီမှ မွတ်မယ်လိန်းဟူ၍ပင်ခေါ်ဆိုကြသည်။ မွတ်မယ်လိန်း ခေါ်တွင်ရာမှ ကာလရှည်လျားသောအခါ မော်လမိန်း၊ ထိုမှ မော်လမြိုင် အခေါ်သို့ ပြောင်းလဲလာခဲ့လေသည်။

ဤသည့်နောက်ပိုင်းတွင် မော်လမြိုင်မြို့သည် စစ်ပွဲအမျိုးမျိုးတို့၏ဒဏ်ကြောင့် အကြိမ်ကြိမ် ပျက်စီးခဲ့သည်ဖြစ်ရာ လက်အောက်ခံမြို့ကလေးအဖြစ်သို့ ရောက်ခဲ့သည်သာ များသည်။

ရှေးမွန်တွေက မုဟ်ၐီလီု လို့ခေါ်တယ်(မုဘီလိန်း)ပါ အဓိပ္ပါယ်က မြစ်ဝအစွန်းတွေပျက်စီးနေတဲ့နေရာပါ မြစ်ဝပျက်စီးနေတာသိချင်ရင် မုတ္တမတောင်ပေါ်ကို ကား ဆိုင်ကယ်နဲ့တက်ပြီး ကြည့်ပါက မြစ်ဝဟာ ကျယ်ပြန့်ပြီး ကျွန်းတွေကွက်ကြားဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ရှေးမွန်တွေဟာ လှေနဲ့ခရီးသွားရင်း ပန်းလောင်မြစ်ကို ပါင်လီု(မြစ်၀ပျက်နေသောမြစ်)ဟုလည်းခေါ်ခဲ့ကြပါတယ်။ [၄]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အေဒီ ၈ မှ ၁၈ ရာစု[ပြင်ဆင်ရန်]

မွန်တို့၏ မဂဒူးမင်းဆက် ခေါ် (ဝါရီရူးမင်းဆက်)တွင် (၁၅) ဆက်မြောက်မင်းဖြစ်သော ဘုရင်မကြီး ရှင်စောပု ပြီးနောက် နန်းတက်သည့် ဟံသာဝတီ မွန်နိုင်ငံဘုရင် ဓမ္မစေတီမင်းကြီး သာသနာသက္ကရာဇ် ၂၀၂၃၊ ကောဇာသက္ကရာဇ် ၈၄၀၊ ခရစ်နှစ် ၁၄၇၉ ခုနှစ်တွင် ရေးထိုးခဲ့သော ကလျာဏီကျောက်စာ အရ မော်လမြိုင်မြို့သည် မုတ္တမတိုင်းဒေသအတွင်း မွန်သုံးဆယ်နှစ်မြို့၌ ပါခဲ့လေသည်။[၅]

အေဒီ ၁၈ မှ ၁၉ ရာစု[ပြင်ဆင်ရန်]

ကုန်းဘောင်မင်းဆက် ထူထောင်သော အလောင်းမင်းတရား သည် ယိုးဒယား(ထိုင်း) သို့ ချီတက်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာစဉ် မကျန်းမမာ ဖြစ်ကာ မော်လမြိုင်အနီး မုတ္တကျေးကင်းရွာ၌ ခရစ်နှစ် ၁၇၆၀ မေ ၁၁ တွင် နတ်ပြည်စံတော်မူသဖြင့် နေပြည်တော်သို့ တော်ဝင်တပ်တော်များ ပြန်လာခဲ့ကြသည်။ ထိုစဉ် ဗိုလ်ချုပ် မင်းခေါင်နော်ရထာသည် ရသမျှသော သုံ့ပန်းလူစုများနှင့် မော်လမြိုင်ကို ပြုပြင်ခဲ့လေသည်။

ကိုလိုနီခေတ် မော်လမြိုင်မြို့ (၁၈၂၄ မှ ၁၉၄၈)[ပြင်ဆင်ရန်]

ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီး ခရစ် ၁၈၂၆ ခုနှစ်တွင် ဗြိတိသျှလက်အောင်သို့ ရန္တပိုစာချုပ်အရ မြန်မာနိုင်ငံပေးလိုက်ရသော အခါ မော်လမြိုင်မြို့သည် အောက်မြန်မာပြည်၏ ပထမဆုံး မြို့တော် ဖြစ်လာခဲ့သည်။ ထိုစဉ် မြန်မာဘုရင် ဘကြီးတော်ဘုရား၏ အထင်မှားခြင်းကို ခံရသောအတွက်ကြောင့် ဒလမြို့စား (မင်းကျော်သီဟဘွဲ့ခံ) စစ်ကဲ မောင်​ထော်​လေး သည် အန္တရာယ်ရှောင်တိမ်းသည့်သဘောဖြင့် လှေကြီး လှေငယ်ပေါင်း ၂ဝ⁠ဝ ကျော်တွင် မွန်လူကြီး လူငယ်ပေါင်း တသောင်းကျော် ၂ သောင်းခန့်ကို တင်၍ ရေကြောင်းကူးလာရာ မော်လမြိုင်မြို့ဟောင်းသို့ ဆိုက်ရောက်လျှင် တအိမ်မျှမရှိ၊ တောခုတ်ရှင်းလင်း၍ အိမ်ရာအသီးသီး ဆောက်လုပ်နေထိုင်ကြသည်။ ထိုမှ တစတစ လူမျိုးခြားတို့နှင့် ဆက်ဆံလာခဲ့ရာမှ စည်ကားခဲ့လေသည်။

၁၈၃၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသတင်းစာ "The Maulmain Chronicle"ကို ဗြိတိသျှတို့သည် မော်လမြိုင်၌ စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။[၆] အမေရိကန် နှစ်ခြင်းကို စတင် တည်ထောင်သူ အဒိုနီရမ် ဂျပ်ဆင် (ယုဒသန်)သည် သူ ပြန်ဆိုသော မြန်မာ့ပထမဆုံးဓမ္မသစ်ကျမ်း ကို ၁၈၃၂ ခုနှစ်တွင် မော်လမြိုင်၌ ပထမဦးဆုံးအကြိမ် ရိုက်နှိပ်ခဲ့သည်။ ယုဒသန်၏ လက်ငုတ် ဖြစ်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး အင်္ဂလိပ်- မြန်မာအဘိဓာန်ကို ဆရာ အီး၊ အေး၊ စတီဗင်က ၁၈၅၂ ခုနှစ်တွင် မော်လမြိုင်မြို့ အမေရိကန် သာသနာပုံနှိပ်တိုက်၌ ပထမအကြိမ် စက်တင်ပုံနှိပ်နိုင်ခဲ့လေ သည်။

၁၈၇ဝ ခုနှစ်ကာလ မော်လမြိုင်မြို့

၁၈၂၆ မှ ၁၈၆၂ အကြားတွင်, ကိုလိုနီခေတ်မော်လမြိုင်မြို့သည် ဗြိတိသျှမြန်မာနိုင်ငံ၏ဗဟို ဖြစ်လာခဲ့ပါသည်။[၇] ဒုတိယအင်္ဂလိပ်မြန်မာစစ် ပြီးသော ဗြိတိသျှတို့ သည် အုပ်ချုပ်ရေးမြို့တော်ကို ရန်ကုန်သို့ ၁၈၆၂ ခုနှစ်တွင် တရားဝင်ပြောင်းရွေ့ခဲ့သည်။ ၁၈၇၃ ခုနှစ်တွင် မြန်မာဘုရင် မင်းတုန်းမင်း စေလွှတ်သောသံအဖွဲ့ကို ကင်းဝန်မင်းကြီး ဦးဆောင်၍ ပြင်သစ်နိုင်ငံ ပါရီမြို့တော်သို့အသွား၌ ဗြိတိသျှပိုင်မော်လမြိုင်မြို့သို့ ခေတ္တရောက်လာရာတွင် မြို့၏ရှုမျှော်ခင်းကို ခရီးစဉ် ရကန်ဖွဲ့ဆိုခဲ့လေသည်။

စာပေ နိုဘဲလ်ဆုရ အင်္ဂလိပ် ဂန္ထဝင် ကဗျာဆရာ ရတ်ဒ်ယတ် ကစ်ပလင် သည် ၁၈၉ဝ ခုနှစ်တွင် မော်လမြိုင်မြို့သို့ ခေတ္တရောက်ရှိခဲ့ပြီး ၁၈၉၂ ခုနှစ်တွင်သူ၏ မန္တလေးအမည်ရှိ ကဗျာအဖွင့် ၌ ဤသို့ ရေးသားထားသည်။

"By the old Moulmein pagoda

Lookin' lazy at the sea There's a Burma girl a-settin'

and I know she thinks o' me".

ထို့အပြင် ကမ္ဘာ့စာပေလောကတွင် လျှမ်း⁠လျှမ်းတောက်ကျော်ကြားခဲ့သော အင်္ဂလိပ် စာရေးဆရာ ဂျော့အိုဝယ်(George Orwell) ၁၉၂၆ ခုနှစ်တွင် နေထိုင်ခဲ့သည့်မြို့ဖြစ်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင်သူ၏ စာအုပ် Shooting an Elephant ၌ ဤသို့ရေးသားထားလေသည်။

In Moulmein, in Lower Burma, I was hated by large numbers of people -- the only time in my life that I have been important enough for this to happen to me.

ကိုလိုနီခေတ်တွင် မော်လမြိုင်မြို့၌ အင်္ဂလိပ်-ဗမာ လူမျိုးစပ်များဖြင့် ပြည့်နှက်နေပြီး ထို အင်္ဂလိပ်-မြန်မာအဖွဲ့အစည်းများ အများအပြား ရှိနေမှုကြောင့် Little-England အင်္ဂလိပ်နိုင်ငံငယ်ဟူ၍ပင် အမည်တွင်ခဲ့ရလေသည်။ ထိုသူတို့သည် ရော်ဘာစိုက်ပျိုးရေးအတွက် မအားရအောင်ပင် ဖြစ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ယနေ့ခေတ်တွင်မူ ထိုသူတို့သည် မရှိသလောက်ပင် ရှားပါးသွားပြီဖြစ်သည်။

သံလွင်မြစ်ဝပေါ်တွင် တည်ရှိနေသော မော်လမြိုင်မြို့( ၁၉၀⁠၀ခုနှစ် အစောပိုင်းကာလ)

မော်လမြိုင်မြို့သည် (မြူနီစီပယ်နယ်နမိတ်နှင့် ရေဝန်ဆိပ်ကမ်းအပါအသင်) ၂၁ စတုရန်းမိုင် ကျယ်ဝန်း၏။ မြူနီစီပယ်အဖွဲ့ကို ခရစ် ၁၈၇၄ ခုနှစ်ကစ၍ တည်ထောင်ကာ မြို့၏ စည်ပင်သာယာမှုကို စီမံအုပ်ချုပ်သည်။ မြို့၏ အရှေ့တောင်တန်းတလျှောက်တွင် ကျိုက်သလ္လံစေတီတော်၊ မဟာမြတ်မုနိဘုရား၊ ဇိနမာရ်အောင်စေတီတော်တို့ရှိကြသည်။ မြို့လယ်တွင်ကား ကျိုက်သုတ်စေတီရှိသည်။ ယင်းတောင်တန်းတလျှောက်နှင့် မြို့တွင်းမြို့ပတွင် ဘုန်းကြီးကျောင်း အများအပြား ရှိသည့်အပြင် ပရိယတ္တိစာသင်တိုက်ကြီးများလည်း ရှိသည်။ မော်လမြိုင်မြို့ တောင်ဖက် ၄ မိုင်အကွာရှိ တောင်ဝိုင်းတောင်နှင့် ရွှေနတ်တောင်ကြားတွင် မြို့သို့ရေပေးသော ကင်မွန်းချုံ ရေလှောင်ကန်ကြီးကို မြူနီစီပယ်အဖွဲ့မှ ငွေပေါင်း ၉ သိန်း ခွဲ အကုန်ခံ၍ ပြုလုပ်ခဲ့ရာ ၁၉၁ဝ ပြည့်နှစ်တွင် ပြီးစီးခဲ့လေသည်။ ထိုအချိန်မှစ၍ မြို့သို့ ရေကောင်းရေသန့်များ ပေးသွင်းနိုင်ခဲ့သောကြောင့် နှစ်စဉ်နွေဥတုတွင် ဖြစ်တတ်သော ဝမ်းရောဂါဘေးမှ ကင်းလွတ်ကြရလေသည်။ [၈]

မော်လမြိုင်ထောင် (၂၀၁၅ ခုနှစ်)

ဗြိတိသျှအစိုးရပိုင်အထက်တန်းကျောင်း ၂ကျောင်းရှိသည့်ပြင် ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း၊ ဗုဒ္ဓဘာသာ အမျိုးသမီး အထက်တန်းကျောင်းနှင့် နိုင်ငံခြားသာသနာပြု အထက်တန်းကျောင်းများ အတော်များ⁠များရှိသည်။ မူလတန်းနှင့် အလယ်တန်းကျောင်းများလည်းရှိ၏။ တိုင်းမင်းကြီးရုံး၊ ခရိုင်ဝန်ရုံး၊ မြူနီစီပယ်ရုံးကြီး၊ နာရီစင်၊ အကျဉ်းထောင်၊ အမေရိကန်သာသနာပြုဆေးရုံ(Ellen Mitchell Hospital)၊ ဗြိတိသျှအစိုးရပိုင်ဆေးရုံကြီး၊ ဗဟိုစာတိုက်ကြီးနှင့် စာတိုက်ငယ်များ၊ မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း၊ မျက်မမြင်ကျောင်း၊ Wellesley Bailey တည်ထောင်သော အခမဲ့ကုဋ္ဌနူနာဆေးရုံ တို့ရှိခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီက မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်သည် စကော့လူမျိုး အမျိုးသမီးများအုပ်ချုပ်သော မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း(ABM ကျောင်း)၌ ပညာသင်ခဲ့သည်။[၉]

လက်ရှိ မော်လမြိုင်မြို့ (၁၉၄၈ မှ ယခု)[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် မော်လမြိုင်မြို့သည် မြန်မာ့အရှေ့တောင်၏ ယဉ်ကျေးမှု၊ ပညာရေး နှင့် စီးပွားရေး ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိခဲ့သည်။

၁၉၅၃ ခုနှစ်မှစတင် ဖွင့်လှစ်ခဲ့သော မော်လမြိုင်ဥပစာကောလိပ်ကို ၁၉၆၃ ခုနှစ်မှ အစပြု၍ ဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၂ ခုနှစ် ခန့်မှန်း သန်ကောင်စာရင်းအရ လူဦးရေ ၁⁠၁၅၉၃၁ ယောက်ရှိသည်။ မော်လမြိုင်မြို့သည် အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း ပင်လယ်ကမ်းခြေနှင့် နီးခြင်း၊ တောင်အခံရှိခြင်း၊ မြစ်လေးမြွာတို့၏ဆုံရာ၌ တည်ထားခြင်းတို့ကြောင့် ရာသီဥတုမျှတ၍ မြေဩဇာကောင်းမွန်သည်။ နှစ်စဉ် ပျမ်းမျှ မိုးရေချိန် ၁၈၈ လက်မရှိ၍ ပျမ်းမျှအပူချိန်မှာ ဒီဂရီ ၈ဝ ခန့်ရှိသည်။ မော်လမြိုင်မြို့သည် မြို့တော်အသစ် နေပြည်တော်မြို့ မတည်ထောင်ချိန်ထိ မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးမြို့ ဖြစ်ခဲ့သည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

မီးရထား၊ ကား[ပြင်ဆင်ရန်]

မော်လမြိုင် အဝေးပြေးကားဝင်း

မော်လမြိုင်မြို့သည် မြန်မာနိုင်ငံ အရှေ့တောင်သို့ သွားရာတွင် အဓိက မုဒ်ဝ လမ်းမကြီးပင် ဖြစ်သည်။ သံလွင်တံတားကြီးသည် မော်လမြိုင်မြို့နှင့် မုတ္တမမြို့တို့ကို ဆက်သွယ်ပေးထားသော မီးရထား၊ ကားသွားနိုင်သော တံတားကြီး တစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ မီးရထားလမ်းနှင့် ကားလမ်းပါဝင်သော တံတားများတွင် အရှည်ဆုံးတံတား တစ်ခုဖြစ်သည်။ ထိုတံတားသည် ပေပေါင်း ၁၁, ၀⁠၀၀⁠ ကျော် ရှည်ပြီး နိုင်ငံ၏ အရှေ့တောင်ပိုင်းနှင့် ရန်ကုန်မြို့ကို ဆက်သွယ်ပေးထားသည်။ ထိုပြင် မော်လမြိုင်မြို့သည် ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့တနင်္သာရီတိုင်းဒေသကြီး၏ မြို့များဖြစ်သော မြို့တော် ထားဝယ်မြို့မြိတ်မြို့များနှင့်လည်း ဆက်သွယ်ပေးထားသေးသည်။ ရှေးယခင်က ထိုမြို့များသို့သွားရန်အတွက် မုတ္တမမြို့မှ ကူးတို့လှေ၊ သင်္ဘောများကို တဆင့်စီးရပြီး ယခုအခါ ထို သံလွင်တံတားကြီးမှ မီးရထား၊ ကားဖြင့် တိုက်ရိုက် သွားလာနိုင်ပေသည်။ သံလွင်တံတားကြီးကို ၂၀⁠၀၆ ခုနှစ် ဧပြီလတွင် ဖွင့်လှစ်ပေးခဲ့လေသည်။ မော်လမြိုင်တောင်ဖက် ရေးမြို့အထိ ဖောက်လုပ်ထားသော မီးရထားလမ်းမှာ မိုင် ၉ဝ ရှည်၏။ မော်လမြိုင်မှ ကျိုက္ခမီမြို့သို့ သွားသော မော်တော်ကားလမ်းမှာ ၅၅ မိုင်ရှည်လျားသည်။ မော်လမြိုင်မြို့ အရှေ့တောင်ရှိ ကျိုက်မရောမြို့သို့ သွားသော မော်တော်ကားလမ်းမှာ ၁၅ မိုင်ရှည်၏။ ဘီလူးကျွန်းကို မော်လမြိုင်မြို့နှင့် ဆက်သွယ်နိုင်သော ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ကို ၂၀၁၇ မေ ၉ တွင် ဖွင့်လှစ်ခဲ့သည်။

ရေကြောင်း[ပြင်ဆင်ရန်]

သံလွင်မြစ်ကြီးမှာ သဲသောင်ထူထပ်သောကြောင့် ပင်လယ်ဝမှ ၂၈ မိုင်ခန့်အကွာရှိ မော်လမြိုင်မြို့အထိသာ ပင်လယ်ကူးသင်္ဘောကြီးများ ဆန်တက်သွားလာနိုင်သည်။ သို့သော် မော်လမြိုင်မြို့မှ သံလွင်မြစ်ကြောင်း၌ ၇၄ မိုင်၊ အတ္ထရံမြစ်ကြောင်း၌ ၇၃ မိုင်နှင့် ဂျိုင်းမြစ်ကြောင်း၌ ၄၂ မိုင်အထိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့ပိုင် မီးသင်္ဘောများဖြင့် သွားလာနိုင်သည်။ မော်လမြိုင်မှ ရန်ကုန်မြို့သို့ ပင်လယ်ကြောင်းဖြင့် မြန်မာနိုင်ငံ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး အဖွဲ့ပိုင်နှင့် နိုင်ငံခြား ကုမ္ပဏီများပိုင် ပင်လယ် ကမ်းရိုးတန်းသွား သင်္ဘောများဖြင့် တစ်ပတ်လျှင် တစ်ကြိမ်ကျ မှန်မှန် သွားလာပို့ဆောင်လျက်ရှိသည်။ ထိုကြောင့် မော်လမြိုင်မြို့သည် ပြည်တွင်းပြည်ပ ကုန်ကူးသန်း ရောင်းဝယ်ရေး၌ များစွာ စည်ပင်သည်။

လေကြောင်း[ပြင်ဆင်ရန်]

မော်လမြိုင်လေဆိပ်မှ ရန်ကုန်မြို့သို့ ပုံမှန် လေကြောင်းပျံသန်းမှုများလည်း ရှိသေးသည်။

မြို့တော်မြင်ကွင်း[ပြင်ဆင်ရန်]

ဆံတော်ရှင်ဦးဇိနစေတီတော်

အမွေအနှစ်အဆောက်အဦး[ပြင်ဆင်ရန်]

ကျွန်းများ[ပြင်ဆင်ရန်]

  • ဘီလူးကျွန်း
  • ခေါင်းဆေးကျွန်း

အခြား[ပြင်ဆင်ရန်]

စီးပွားရေး[ပြင်ဆင်ရန်]

မော်လမြိုင်မြို့သည် မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား ဟူသော မြန်မာ စကားပုံတစ်ခု အဖြစ်ကျန်ရစ်အောင်ပင် စားသောက်စရာ သီးနှံများဖြင့် ကျော်ကြားမှု ရှိလှသည်။ မော်လမြိုင်မြို့တွင် သစ်စက်အချို့နှင့် စပါးကြိတ်စက် လုပ်ငန်းများ၊ ကျွန်းသစ်နှင့် စပါးများအား သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအား လုပ်ကိုင်ကြသည်။ ထို့ပြင် ယခင်က ထင်ရှားသော သင်္ဘောကျင်းလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပြီး နှင့် ယခုအခါ မြန်မာနိုင်ငံ၏ အဓိက သင်္ဘောဆိပ်တစ်ခု အဖြစ်လည်း ကျန်ရှိနေသေးသည်။ ၂၀⁠၀၉ ခုနှစ် မေလ ၂၇ ရက်နေ့တွင် မော်လမြိုင်မြို့၌ ဗုံးသုံးလုံး ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုများကိုမူ အာဏာပိုင်များက ဖော်ပြခြင်း မရှိခဲ့ချေ။

ကျောထောက်နောက်ခံ နယ်များတွင် ကျွန်းသစ်၊ ဆန်စပါးနှင့် ကော်ဖတ် အမြောက်အမြား ထွက်သဖြင့် မြို့၏ ကမ်းရိုးတန်းတလျှောက်၌ သစ်စက်နှင့် ဆန်စက် အများအပြားရှိသည်။ ထိုကျွန်းသစ်၊ ဆန်စပါးနှင့် ကော်ဖတ်များကို နိုင်ငံခြားတိုင်းပြည်များသို့ တိုက်ရိုက်တင်ပို့ရောင်းချသည်။ ဒူးရင်းသီး၊ မင်းကွတ်သီး၊ နာနတ်သီး၊ ကြက်မောက်သီး၊ သရက်သီးတို့လည်း အမြောက်အမြား ထွက်ရာ ရန်ကုန်မြို့နှင့် အခြားမြို့များသို့ တင်ပို့ရောင်းချရသည်။

ဒေါင်းမင်းရပ်[ပြင်ဆင်ရန်]

မော်လမြိုင်မြို့၏ အစည်ကားဆုံးနေရာသည် ဒေါင်းမင်းရပ် ဖြစ်သည်။ အောက်လမ်းမကြီးရှိ အမှတ် (၁) ဈေးကြီးနှင့် အထက်လမ်းမကြီးရှိ အမှတ်(၂) ဈေးကြီးကို ဒေါင်းမင်းရပ်ဈေးက ဆက်သွယ်ပေးထားသည်။ ရောင်းဝယ်ဖောက်ကားကြသူများဖြင့် အထူးစည်ကားလှသည်။ ကုန်စည်ဒိုင်နှင့် အဝေးပြေးကားဂိတ်၊ မီးရထား ဘူတာရုံ၊ သင်္ဘောဆိပ်တည်ရှိခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း အပြည့်အဝ ရရှိနေကြပြီဖြစ်သည်။

မော်လမြိုင် စက်မှုဇုန်[ပြင်ဆင်ရန်]

သံလွင်တံတား(မော်လမြိုင်)

မော်လမြိုင်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများအဖြစ် အကြီးစား ၄၃ ခု၊ အလတ်စား ၁၃၀ ခု၊ အငယ်စား ၁၅ ခု စုစုပေါင်း ၁၈၈ ခု အား နိုင်ငံတော် အစိုးရထံတွင် မှတ်ပုံတင်ထားပြီးဖြစ်သည်။ ၂၀၁၀ ခုနှစ် ဇွန်လကုန်အထိ ရင်းနှီးမြုပ်နှံမှု တန်ဖိုး ကျပ် ၁၉⁠၉၈.၉၆ သန်း ရှိပြီး ထုတ်လုပ်မှု တန်ဖိုး ကျပ် သန်း ၉၆၅၈.၉၆ သန်း ရှိပြီးဖြစ်သည်။ ရော်ဘာပြား ကြိတ်စက်လုပ်ငန်း၊ သံရည်ကျိုလုပ်ငန်း၊ သံအမာတင်ခြင်း လုပ်ငန်း၊ ဓာတ်မြေဩဇာ ထုတ်လုပ်မှု လုပ်ငန်း၊ ရေလုပ်ငန်းသုံး ဘော့သီးလုပ်ငန်း၊ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း စသည်တို့ကို အဓိက လုပ်ကိုင်လျက် ရှိကြသည်။ ရော်ဘာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သော မြို့ဖြစ်သည့်အားလျော်စွာ ရော်ဘာစိုက်ပျိုးမှု အခြေခံလျက် ရော်ဘာလုပ်ငန်းသုံး စက်ကိရိယာများအပြင် လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများကို လည်းကောင်း၊ စပါးခွံလောင်စာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်သော စပါးခွံဓာတ်ငွေ့သုံး အသေးစား ဓာတ်အားပေးစက်ရုံများကို လည်းကောင်း၊ အခြားစက်မှု အထွေထွေသုံး စက်ကိရိယာများကိုလည်းကောင်း ဒေသအခြေအနေနှင့် လိုက်ဖက်ညီမည့် နည်းပညာတို့ဖြင့် ပေါင်းစပ်ဖလှယ်ကာ ထုတ်လုပ်ပေးနေလေသည်။ [၁၀]

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

မော်လမြိုင်မြို့သည် တနင်္သာရီတိုင်းနှင့် ဆက်သွယ်ရန်အတွက် အဓိက ဒေသတစ်ခု ဖြစ်သည့်အပြင် သင်္ဘောဆိပ်နှင့် ပို့ဆောင်ရေး ဗဟိုချက်မ တစ်ခုလည်း ဖြစ်သည်။ ထိုဒေသသည် ဗုဒ္ဓဘာသာ မွန်လူမျိုးများ အဓိကနေထိုင်ရာ ဒေသ ဖြစ်သော်လည်း အမျိုးမျိုးသော ယဉ်ကျေးမှုများကို တွေ့မြင်ရသည်။ မော်လမြိုင်သည် အလွန်ရှေးကျသော ဗုဒ္ဓဘာသာ နေရာဌာန တစ်ခုဖြစ်သော်လည်း ၁၉ ရာစုနောက်ပိုင်းတွင် ဗြိတိသျှ ခရစ်ယာန်သာသနာပြုများရောက်ရှိလာပြီး ခရစ်ယာန်ဘာသာလည်း စတင်ဝင်ရောက်လာခဲ့သည်။ ၁၈၆၀ ခုနှစ်တွင် ဒီလ ရှယ်လီ ဘရားသားစ်က ခရစ်ယာန် သာသနာပြုကျောင်းများကို တည်ဆောက်ခဲ့ကြသည်။ထိုနောက် စိန့်ပက်ထရစ်(ယခု မော်လမြိုင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း တစ်ခုဖြစ်သော)ဘုရားရှိခိုးကျောင်းကို ဖွင်လှစ်ခဲ့သည်။ ၂၀ ရာစု အစောပိုင်း ကာလများတွင် စီးပွားရေးဆိုင်ရာ ချဲ့ထွင်မှုများဖြင့် အိန္ဒိယနိုင်ငံမှ ဟိန္ဒူလူမျိုးများ ဝင်ရောက်လာခဲ့ကြသည်။

မော်လမြိုင်မြို့၏ သင်္ကြန်ရေသဘင်ပွဲတော်သည် မြန်မာနိုင်ငံတွင် ကျော်ကြားသည်။ ပွဲတော်ရက်များတွင် အနယ်နယ်မှ လာရောက်၍ ရေသဘင်ဆင်နွဲကြသည်။ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လတွင် ကျင်းပလေ့ရှိသော သံဃာ ၁ဝ⁠ဝဝ ကျော်ပါဝင်သည့် မောင်ငံဆွမ်းတော်ကြီးလောင်းပွဲသည် မော်လမြိုင်မြို့တွင် အလွန်စည်ကား၍ ထင်ရှားသော ပွဲတော်ကြီးဖြစ်သည်။ ခရစ်သက္ကရာဇ် ၁၈၄၄ (မြန်မာသက္ကရာဇ် ၁၂ဝ၄) ခုနှစ်မှ စ၍ မောင်ငံရပ်ကို အုပ်ချုပ်သော မင်းမောင်ငံက ဦးစီးပြုလုပ်ခဲ့ရာ ယနေ့တိုင် မပျက်မကွက် တည်တံ့လျက်ရှိသည်။ (မောင်ငံသည် မွန်လူမျိုးစစ်ကဲကြီး မောင်​ထော်​လေး၏ တပည့် ကင်းဝန် ဖြစ်သည်။)

မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား ဟူသော မြန်မာ စကားပုံတစ်ခု အဖြစ်ကျန်ရစ်အောင်ပင် မော်လမြိုင်သူ မော်လမြိုင်သားသည် အစားအစာကို အရသာရှိရှိ စီမံချက်ပြုတ်စားတတ်သည်။ မော်လမြိုင်ရွှေရင်အေး၊ မော်လမြိုင်သင်္ကြန်ထမင်း၊ မော်လမြိုင်မုန့်ဟင်းခါး ခေါ် (မုန့်ဟင်းခါးအစို) အစရှိသည်တို့ သည်ကျော်ကြားသည်။

ပညာရေး[ပြင်ဆင်ရန်]

အခြေခံပညာ[ပြင်ဆင်ရန်]

မော်လမြိုင်မြို့တွင် အစိုးရအထက်တန်းကျောင်းပေါင်း ၁၃ ကျောင်း ရှိသည်။ ၁၈၆၀ ခုနှစ်တွင်စတင် တည်ထောင်သော စိန့်ပက်ထရစ်ကျောင်း (ယခု အမှတ်(၅) အထက်တန်းကျောင်း)၊ ၁၈၉၉ ခုနှစ်တွင်စတင် တည်ထောင်သော ရှင်မဟာဗုဒ္ဓဃောသအမျိုးသားအထက်တန်းကျောင်း (ယခု အမှတ်(၉) အထက်တန်းကျောင်း) များမှာ ထင်ရှားသည်။

သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မော်လမြိုင်)

အဆင့်မြင့်ပညာ[ပြင်ဆင်ရန်]

မော်လမြိုင်မြို့တွင် မော်လမြိုင်တက္ကသိုလ်မော်လမြိုင်ပညာရေးကောလိပ်နည်းပညာတက္ကသိုလ်(မော်လမြိုင်)အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မော်လမြိုင်)၊ အားကစားနှင့်ကာယပညာ သိပ္ပံ(မော်လမြိုင်) စသည်တို့ ရှိသည်။[၁၁][၁၂] ၁၈၆၄ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု ဗက်ကနဲ တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော နိုင်ငံခြား ပညာသင် ကျောင်းသားတစ်ဦးဖြစ်သူ မောင်ရှောလူးသည် မော်လမြိုင်မြို့တွင် မွေးဖွားသော မွန်လူမျိုး၊ မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည်။ သူသည် အမေရိကန် ပြည်ထောင်စုတွင် ပညာသင်ကြားသော ပထမဆုံး မြန်မာကျောင်းသားတစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းအတွက် အဓိက တက္ကသိုလ်တစ်ခုဖြစ်သော မော်လမြိုင် တက္ကသိုလ် သည် မြန်မာနိုင်ငံတွင် တတိယမြောက် တည်ထောင်သော ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ဖြစ်ပြီး ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များ၊ မဟာဝိဇ္ဇာဘွဲ့များကို ချီးမြှင့်နိုင်သည်။ မြန်မာနိုင်ငံအတွင်း အဏ္ဏဝါသိပ္ပံဘွဲ့ကို ချီးမြှင့်ပေးနိုင်သော တက္ကသိုလ်အချို့သာရှိရာ မော်လမြိုင်တက္ကသိုလ်သည် တစ်ခုအပါအဝင် ဖြစ်သည်။ သို့သော် ကျောင်းသားများအနေဖြင့် ဆေးပညာ သင်ယူနိုင်ရန် ရန်ကုန်မြို့သို့ သွားရောက် သင်ယူရန် လိုအပ် လေသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

အစိုးရဆေးရုံများ[ပြင်ဆင်ရန်]

  • မော်လမြိုင် မိခင်နှင့်ကလေးဆေးရုံ (ယခင်ကိုလိုနီခေတ် Ellen Mitchell Memorial ဆေးရုံ)
  • မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီး
  • မော်လမြိုင် ခရစ်ယာန် အထူးအရေပြားဆေးရုံ
  • မော်လမြိုင် တိုင်းရင်းဆေး ဆေးရုံ

အားကစား[ပြင်ဆင်ရန်]

ဆောက်သန်းမြန်မာ ယူနိုက်တက် ဘောလုံအသင်း (Southern Myanmar United F.C) သည် မော်လမြိုင်မြို့၏ မြို့ခံအသင်းတစ်သင်း ဖြစ်သည်။ ဆောက်သမ်းမြန်မာ ယူနိုက်တက် ဘောလုံးအသင်း၏ အိမ်ကွင်းမှာ ရာမညအားကစားကွင်း ဖြစ်ပြီး မော်လမြိုင်မြို့တွင် အခြေစိုက်သည်။ဆောက်သမ်းမြန်မာ ယူနိုက်တက် ဘောလုံးအသင်း သည်   မြန်မာနေရှင်နယ်လိဂ်စတင် တည်ထောင်ခဲ့စဉ်ကတည်းက ပါဝင်ခဲ့သော အသင်းတစ်သင်း ဖြစ်ပြီး ၎င်းအသင်းသည် မွန်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီးတို့အပါအဝင် မြန်မာနိုင်ငံ၏ တောင်ဘက် ကမ်းရိုးတန်းတစ်ခုလုံးကို ကိုယ်စားပြုသည်။

ညီအစ်မမြို့တော်[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားရှိ ဖို့တ်ဝိန်းမြို့ နှင့် မော်လမြိုင်မြို့ တို့သည် ချစ်ကြည်ရေးမြို့တော်သဘောတူညီချက်ထူထောင် ထားရှိပြီးဖြစ်သည်။[၁၃]

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL, ပြည်သူ့အင်အားဦးစီးဌာန, 26 August 2014, p. ၂၉, retrieved February 26, 2015 
  2. National Telephone Area Codes။ Myanmar Yellow Pages။
  3. http://wikimyanmar.co.cc/wiki/index.php?title=%E1%80%B1%E1%80%99%E1%80%AC%E1%80%B9%E1%80%9C%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%80%84%E1%80%B9
  4. နိုင်ဘရှင် ၏ မွန်ကျောက်စာသင်တန်းမှ မွန်ဒသနများ
  5. Shorto, H L (1963). The 32 myos in the medieval Mon kingdom. Bulletin of the School of Oriental and African Studies. p. 575.
  6. Banerjee, I. & Logan, S. Asian Communication Handbook 2008. AMIC, 2008. ISBN 978-981-4136-10-5.
  7. McPherson, Kenneth (2002). Port Cities as Nodal Points of Change. Columbia University Press. pp. 75–95.
  8. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  9. Letter from Burma: Flowers in her hair- 毎日jp(毎日新聞)
  10. Myanmar.com
  11. Myanmar.com
  12. http://www.spedmyanmar.gov.mm/content/ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊-အားကစားနှင့်ကာယပညာဦးစီးဌာန
  13. Fort Wayne Sister Cities to sign Myanmar friendship agreementThe News-Sentinel (26 January 2016)။ 30 March 2016 တွင် ပြန်စစ်ပြီး။