သရေခေတ္တရာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

သရေခေတ္တရာသည် ပျူလူမျိုးတို့၏ ရှေးဟောင်းမြို့တော်ဖြစ်သည်။

တည်နေရာ[ပြင်ဆင်ရန်]

သရေခေတ္တရာ မြို့ဟောင်းနေရာသည် ယခုပြည်မြို့ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာတွင်တည်ရှိသည်။ ကျုံးပတ်လည်ရံလျက်ရှိသော အုတ်မြို့ရိုးသည် စက်ဝိုင်း မကျတကျဖြစ်၍ တောင်မြောက် (၂)မိုင်ခွဲခန့်နှင့် အရှေ့အနောက်(၂)မိုင်ခန့် ကျယ်ဝန်းလေသည်။ ရန်ကုန်မှ ပြည်မြို့သို့သွားသော မီးရထားလမ်းသည် သရေခေတ္တရာမြို့ဟောင်းကို အရှေ့တောင်မှ အနောက်မြောက်သို့ ဖြတ်သန်းသွား၍ ပြည်မှပေါက်ခေါင်းသို့ သွားသော မော်တော်ကားလမ်းကို မြောက်ဘက် မြို့ရိုးပေါ်သို့ ဖြတ်၍ ပြုလုပ်ထားသည်။ မြိုဟောင်းအတွင်း၌ ယခုအခါရွာငယ်အများအပြားရှိ၍ မြောက်ဘက်ပိုင်း၌မူ လယ်ကွက်များ ပြည့်နှက်နေ၏။ မှော်ဇာဘူတာရုံသည် မြို့ဟောင်း၏ဗဟိုနေရာမှ အရှေ့ မြောက်ယွန်းယွန်းတွင် တည်ရှိသည်။

ရှေးဟောင်းအဆောက်အအုံများသည် မြို့တွင်း၌သာမက မြို့ပြင်၌လည်း အနှံ့အပြားကျန်ရှိသေးရာ သရေခေတ္တရာ ထွန်းကားစဉ်က ထင်ရှားခဲ့သော မြို့ပတ်ဝန်းကျင်နယ်နိမိတ်မှာ ကျုံးနှင့် မြို့ရိုးပတ်ရံသည့် မြို့တွင်းထက် လေးဆခန့်မျှ ကျယ်ဝန်းကြောင်းသိနိုင်လေသည်။ မြို့တွင်းအလယ်ဗဟို လောက်တွင် နန်းတော်ကုန်းဟုခေါ်သော စတုဂံ အုတ်ရိုးကာရံထားသည့် ကုန်းမို့မို့ကို တွေ့နိုင်သေးသည်။ တောင်ဖက်မြို့ရိုး၏ အပြင်ဘက်တွင်အရှေ့ပျုတိုက်၊ အနောက်ပျုတိုက်၊ ဗိဿနိုးမြို့နှင့် ဗိဿနိုးမိဖုရားသင်္ချိုင်းရာတို့ ရှိလေသည်။

ကြွင်းကျန်ရစ်သော မျက်မြင်အနေအထားများ အရ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။ မြို့ဟောင်းတို့၏ အင်္ဂါရပ်များဖြစ်သော မြို့ရိုးကျုံးနှင့် သာသနာ အဆောက်အဦးများ၊ ဘုရားစေတီပုထိုးများကို ယခုတိုင်တွေ့ရှိနိုင်သေးသည်။ အဆိုပါ ကြွင်းကျန်ရစ်သော ရုပ်ဝတ္တုများမှလည်းကောင်း၊ တူးဖေါ်တွေ့ရှိခဲ့ရသော ရှေးဟောင်းပစ္စည်းများအရလည်းကောင်း၊ တရုတ်ပြည်မှ သမိုင်းမှတ်တမ်းများအရသော်လည်းကောင်း သရေခေတ္တရာမြို့ဟောင်းသည် ရှေးပျူတို့၏ မြို့တော်ဖြစ်ကြောင်း သမိုင်းပညာရှင်များက သတ်မှတ်ထားကြပေသည်။

မြန်မာပြည်တွင် အေဒီ ၁ ရာစုမှ ၉ ရာစုခန့်အထိ ပျူတို့၏ အထင်ကရ မြို့တော် သုံးမြို့ရှိခဲ့ဖူးသည်။ ထိုမြို့တော်သုံးခုမှာ

  1. မကွေးခရိုင်ရှိ ဗိဿနိုး မြို့၊
  2. ရွှေဘိုနယ်ရှိ ဟန်လင်းကြီး မြို့ နှင့်
  3. ပြည်မြို့အနီးရှိ သရေခေတ္တရာမြို့များ ဖြစ်ကြသည်။ ယင်း ရှေးဟောင်းပျူမြို့တော် သုံးမြို့အနက် သရေခေတ္တရာသည် စည်ပင်အဝပြောဆုံးနှင့် သာသနာရေးဆိုင်ရာ အဆောက်အဦးများ အပေါများဆုံးဖြစ်ခဲ့မည်ဟု ကျန်ခဲ့သော အထောက်အထားများအရ ခန့်မှန်းကြသည်။

၁၈၇၇ ခုနှစ်တွင် ရန်ကုန်-ပြည် မီးရထားလမ်းအား ဖောက်လုပ်ရာတွင် ရထားလမ်းအား မြို့ဟောင်း၏ အရှေ့တောင်၏ဒေါင့်မှ အနောက်မြောက်ဒေါင့်ဆီသို့ ကွေ့ဝိုက်ဖောက်လုပ်ခဲ့သည်။ မှော်ဇာဘူတာရုံအားလည်း သရေခေတ္တရာမြို့ဟောင်း နန်းတော်ရာ၏ အရှေ့မြောက်ထောင့်အရပ် သံလမ်းတစ်ဖက်ခြမ်းတွင် တည်ဆောက်စေခဲ့သည်။ မြို့ရိုးရှိ အုတ်တို့ကို သံလမ်းဖောက်လုပ်ရာတွင် အင်္ဂလိပ်တို့က အသုံးပြုခဲ့စေသည်ဟု ဆိုသည်။

သရေခေတ္တရာမြို့ဟောင်း တူးဖော်မှုအား အင်္ဂလိပ်လက်ထက်ကပင် စတင်ခဲ့ကြပြီး၊ ခေတ်အဆက်ဆက် တူးဖေါ်ရှာဖွေခဲ့ကြသည်။ ပြည်မြို့သို့ အလည်အပတ်၊ ဘုရားဖူးသွားသူ အများစုသည် သရေခေတ္တရာ မြို့သို့လည်း သွားရောက်လည်ပတ်ကြသည်။

ရှေးဟောင်း သမိုင်း[ပြင်ဆင်ရန်]

မှန်နန်းရာဇဝင်အဆိုအားဖြင့် သရေခေတ္တရာမြို့ကိုသာသနာနှစ် ၁၀၁ ခုနှစ်တွင် ဒွတ်တပေါင် (ဒွတ္တပေါင်)မင်း ပထမတည်ထောင်သည်ဟု ဆိုသည်။ မြို့တည်နန်းတည်ရာ၌ ကူညီစောင့်ရှောက်သော သူမြတ်ခုနှစ်ဦးမှာသိကြားမင်း၊ ဂဝံပတေ့၊ရသေ့နဂါးဂဠုန် ၊ စန္ဒီ နှင့် ပရမေသူရာ တို့ ဖြစ်ကြသည်။

"မြေစုံမြင့်ဖျား၊ ပျူမင်းများနှင့်၊ သိကြားသူရံ၊ ဂဝံပတေ့၊ ရသေ့စန္ဒီ၊ တူပြီနာဂါ၊ ဂဠုန်လာ၍၊ လုပ်လှာနတ်တို့၊ ရွှေပြည်မြို့ဝယ်"... ဟူ၍ မင်းနဝဒေးသည် ဘုရင့်နှမတော် ဧချင်းတွင် စပ်ဆိုခဲ့သည်။ ဤသည်မှာ ရာဇဝင်လာ မှတ်သားချက်အရ ဖြစ်သည်။

တကောင်းမင်း ယောက်ဖတော်ရှင်ရသေ့ သီတင်းသုံးသည်ကို အကြောင်းပြု၍ သရေခေတ္တရာမြို့ကို ရသေ့မြို့ ဟု နောင်မှတွင်၏။ ပြည်မြို့ ရွှေဆံတော်ဘုရားခြေရင်း၌ တွေ့ရသော ကျန်စစ်သားမင်း၏ မွန်ကျောက်စာအလိုအားဖြင့် သရေခေတ္တရာမြို့ကို ပထမတည်ထောင်သော မင်းမှာ ဗိဿနိုးရသေ့ကြီး ဖြစ်၏။ တည်ထောင်သောနှစ်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသောနှစ် သာသနာနှစ် ၁ နှစ်ဖြစ်၏။ ရသေ့ကြီးကို ကူညီစောင့်ရှောက် ကြသောသူမြတ်တို့မှာ ဂဝံရသေ့၊ သိကြား၊ ဝိသကြုံနတ်သားနှင့် နဂါးမင်းတို့ ဖြစ်သည်ဟု ဆို၏။ မြို့တည်ဆောက်ရာတွင် နဂါးအမြီးဖြင့် စက်ဝန်းပုံသဏ္ဍန် မြို့ကွက်ရာ ပန္နက်ပုံစံ ရေးဆွဲခဲ့သည်ဟု အဆိုလည်းရှိပေသည်။

ကျန်စစ်သားမင်း၏ ကျောက်စာများအရ သရေခေတ္တရာကို သိသိတ်၊ (ဂြီက္ခတ်၊ ဂြီတြော) ဟူ၍လည်း ခေါ်တွင်ကြောင်းသိရသည်။ ရှေး ဟောင်းသုတေသန အထောက်အထားများအရမှာမူ သရေခေတ္တရာမြို့သည် ခရစ်နှစ် ငါးရာစုမှရှစ်ရာစုအတွင်း၌ ထွန်းကားကြောင်းသာ သိရှိရသေးရာ ထိုသို့ဖွံ့ဖြိုးတိုးတက်အောင် စတင်ပျိုးထောင်ရသော ကာလကို ထည့်သွင်းခန့်မှန်းသည်ဆိုပါမူ ခရစ်နှစ် နှစ်ရာစုထက် စောနိုင်မည်မဟုတ်ကြောင်း တွေ့ရသည်။သရေခေတ္တရာတွင် ပျူလူမျိုး အများအပြားနေထိုင်ခဲ့ကြသည်။

ယင်းတို့ကို တိရ်စုလ်ဟူ၍ လည်းအမည်တွင်ခဲ့ကြောင်း ကျန်စစ်သားမွန်ကျောက်စာတစ်ချပ်အရယူဆရသည်။ ပျူတို့ဒေသဟု ခေါ်ဆိုအပ်သော သရေခေတ္တရာနှင့်ဟန်လင်းမြို့ဟောင်းတို့မှ အိန္ဒိယတောင်ပိုင်းအက္ခရာဖြင့် ရေးထိုးထားသော ကျောက်စာများကို ထောင်၍ ပျူဘာသာနှင့်ပျူစာသုံးနှုန်းရေးသားခဲ့ကြသည်ဟု ယူဆမှတ်သားခဲ့ကြရသည်။

သရေခေတ္တရာခေတ်၌ ရေးထိုးသောပျူစာများမှာ အုတ်ချပ်များပေါ် ဂဏန်းနှင့်အမှတ်အသားများ အုတ်ပုံနှိပ်ဘုရား (အုတ်ခွက်) နောက်ကြောမှစာများ၊ ကျောက်စာများနှင့် ကျောက်အရိုးအိုးများပေါ်မှ စာတန်းတို့ဖြစ်လေသည်။ ယင်းတို့အနက်အချို့မှာ မှေးမှိန်ပျက်စီးနေ၍ အတိအကျဖတ်ရှုမရနိုင်ခြင်း၊ အချို့မှာစာကြောင်းတိုကလေးများသာဖြစ်၍ အကြောင်းအရာမဖေါ်နိုင်ခြင်းနှင့် အချို့မှာ ပျူဝေါဟာရ ကျယ်ပြန့်စွာမသိရှိသေးသဖြင့် အဓိပ္ပါယ်တိမ်မြုပ်နေခြင်းတို့ကြောင့် သမိုင်းအထောက်အထား ရသင့်သ လောက်မရနိုင်ချေ။

မြို့ကွက်အနေအထား[ပြင်ဆင်ရန်]

ရာဇဝင်လာမှတ်သားချက်အတိုင်းပင် ယခုတွေ့ရှိရသော မြို့ရိုးတို့မှာလည်း လုံးဝန်းသော ပုံသဏ္ဌာန် ဆောင်လျက်ရှိသည်။ မြို့ရိုးအဝန်းသည် ၈ မိုင်ခွဲခန့်ရှည်လျားပြီး မြို့အကျယ်ဧရိယာသည် အကြမ်းဖျင်းအားဖြင့် စတုရန်းမိုင် ၅ မိုင်ခွဲခန့် ရှိပေသည်။ တောင်မြောက်အကွာအဝေးမှာ ၂ မိုင်ခွဲခန့် ရှိပြီး အရှေ့အနောက်အကွာအဝေးသည် ၂ မိုင်ခန့်ရှိသည့် အတွက် မြို့ပုံသဏ္ဌာန်မှာ စက်ဝိုင်းမကျတကျ တည်ရှိနေပေသည်။ ကျုံးသည် မြို့ရိုးကိုဝန်းရံလျက်ရှိပြီး အုတ်မြို့ရိုး ပတ်လည်တွင် မြို့ပေါက်များ ဖေါက်လုပ်ထားသည်။ အချို့နေရာများတွင် မြို့ရိုး ၂ ထပ် ၃ ထပ်ရှိသည့် နေရာလည်း တွေ့ရပြီး တချို့နေရာများတွင် အမြင့်ပေ ၁၅ ပေခန့်ရှိသည်ကိုလည်း တွေ့ရသည်။ မြို့ရိုး၏ အလယ်ဗဟိုလောက် နေရာတွင် အလျား ၁၇၀ဝ ပေနှင့် အနံ၁၁၂၅ ပေခန့်ရှိသည့် စတုဂံပုံသဏ္ဌာန် နန်းတော်ရာဟောင်း နေရာရှိသည်။

ခေတ်အဆက်ဆက် သဘာဝဘေးအန္တရာယ်များနှင့် လူတို့၏ ဖျက်ဆီးမှုများကြောင့် အတော်များများ ပျက်စီးခဲ့သော်လည်း ယခုမျက်မြင်အနေအထားအရ တချိန်က ကြီးကျယ်ခမ်းနားစွာရှိခဲ့သော မြို့ကြီးအဖြစ်ခန့်မှန်းနိုင်ပေသည်။ အရှေ့ခြမ်း မှမြို့ရိုးများသည် လယ်ကွင်းပြင်အတွင်းကျရောက်နေ၍ မြို့ရိုးများအား ကုန်းမို့မို့ငယ်လေးများအဖြစ်သာ ယခုတွေ့ရှိ နိုင်တော့သည်။ မြောက်ဘက်ခြမ်း မြို့ရိုးမှာမူ ပြည်-ပေါက်ခေါင်း ကားလမ်းအဖြစ် အသုံးပြုလျက်ရှိသည်။ အနောက် ဘက်ခြမ်းမြို့ရိုးတို့မှာ အချို့နေရာတွင် အမြင့်ပေ ၁၇ ပေ ၁၈ ပေမျှ မားမားမတ်မတ်ရှိနေသေးကြောင်းတွေ့ရသည်။ ကျုံးနှုတ်ခမ်း အချို့နေရာများတွင် အုတ်များစီခင်းထားသည်ကို တွေ့ရသည်။ ကျုံးတို့၏ အကျယ်မှာ ၃၅ ပေမှ ပေ၈၀ ခန့်အထိကျယ်ဝန်းကြောင်း တွေ့ရှိရသည်။

မြို့ဟောင်း တူးဖေါ်ခြင်း[ပြင်ဆင်ရန်]

သရေခေတ္တရာမြို့ဟောင်းအား အပေါ်ယံလေ့လာခြင်းများအား ကိုလိုနီခေတ်ဦးကပင် ပြုလုပ်ခဲ့ကြသည်။ ပထမဆုံး ကွင်းဆင်းသုတေသနပြုခဲ့သူမှာ သုတေသန တာဝန်ခံ ဒေါက်တာ အီး-ဖိုး ချားမားဖြစ်ပြီး ၁၈၈၂ ခုနှစ်တွင် အပေါ်ယံ မြင်တွေ့ရသော အနေအထားအား သုတေသနပြုခဲ့ခြင်းဖြစ်သည်။ ၁၉၀၇ ခုနှစ်တွင် ဗြိတိလျှတို့၏ အထူးဧည့်သည်တော် အဖြစ်ရောက်ရှိလာသူ ပြင်သစ် စစ်ဗိုလ်ချုပ် လီယွန်ဒီဗဲယေနှင့် ကျောက်စာဝန် မစ္စတာတော်စိန်ခို တို့ကလည်း အနည်းအကျဉ်း တူးဖေါ်မှုများ ပြုလုပ်ခဲ့ကြသည်။

သရေခေတ္တရာ မြို့ဟောင်း အတွင်းအပြင်၌ တူးဖေါ်ခြင်းလုပ်ငန်းများအား ခရစ်သက္ကရာဇ် ၁၉၀၇ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် မှော်ဇာအနီးမှ ရွှေပေချပ် တစ်ချပ်ကိုတူးဖေါ်ရရှိခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် ရွှေပေချပ် အချပ်၂၀ တိတိ ထပ်မံတူးဖေါ်တွေ့ရှိခဲ့သည်။ ရွှေပေချပ်များမှာ အိန္ဒိယ မှရှေးဟောင်းပေချပ်များလိုပင် မျက်နှာပြင်တစ်ဖက်တွင်သာ စာရေးထိုးထားသည်။ ရွှေပြား၊ ငွေပြား၊ ကြေးပြားတို့လည်းတွေ့ရှိရပြီး ပျူစာများ၊ ပါဠိစာများ၊ သက္ကတစာများကို ရေးထိုးလေ့ရှိသည်ကို တွေ့ရသည်။

ဒုတိယကမ္ဘာစစ်မဖြစ်မီက တူးဖေါ်မှုများသည် အနည်းအကျဉ်းသာဖြစ်ပြီး တူးဖေါ်ရာတွင် ဘာသာရေးဆိုင်ရာပစ္စည်းများ၊ ရုပ်လုံးကြွ အုတ်ချပ်အုတ်ခွက်များ၊ ရုပ်ပွားတော်များနှင့် ပုံနှိပ်ထားသော အုတ်ချပ်ငယ်များကို တွေ့ရှိခဲ့ရပေသည်။ ဆင်းတုတော်များကို ရွှေ၊ငွေ၊ကြေး တို့ဖြင့် အနုပညာမြောက်စွာ သွန်းလုပ်ထားသည်ကိုလည်း တွေ့ရသည်။ ဖေါင်းကြွ သော အမှတ်လက္ခဏာပါရှိသည့် ပျူဒင်္ဂါးများကိုလည်း တွေ့ရှိရသည်။ အများဆုံးတွေ့ရှိရသည်မှာ လူအရိုးများ၊ အရိုးပြာအိုးများ၊ အရိုးအိုးစာများ၊ ကျောက်စာများ ဖြစ်သည်။

၁၉၆၃-၆၄ တွင် ရှေးဟောင်းသုတေသနဌာနမှ သရေခေတ္တရာမြို့ဟောင်းအား စနစ်သစ်ဖြင့် စတင်တူးဖေါ်ခဲ့သည်။ ဤအကြိမ်တူးဖေါ်ရာတွင် မြို့ပေါက်တည်နေရာများအားလည်း စနစ်တကျရှာဖွေခဲ့ပြီး မြို့ရိုး၏ အနောက်မြောက်ဘက် ပိုင်းတွင်ရှိသော ရွှေတံခါးမြို့ပေါက်ကို တူးဖေါ်နိုင်ခဲ့သည်။ မြို့ရိုးမှနေ၍ မြို့တွင်းသို့ ကွေ့ဝိုက်ချိုးဝင်သွားသော မြို့တံခါးပေါက်သည် အရှည်ပေ ၃၀ဝ ခန့်ရှိသည်။ အတွင်းသို့ ချိုးဝင်သွားသော တံခါးပေါက်ကတုတ်များတွင်ကပ်လျက် အရှည် ၃ ပေ ၉ လက်မရှိသော သံမှိုချောင်းများကိုလည်း တူးဖေါ်ရရှိခဲ့သည်။မြောက်ဘက်ကတုတ်နှင့် ကပ်လျက်နေရာ တွင်လည်း ကျောက်စာတစ်ချပ်ကိုတွေ့ရှိခဲ့ပြီး ကျောက်စာပါအကြောင်းအရာမှာ မောရသုတ်နှင့် မင်္ဂလသုတ်မှ ဂါထာများဖြစ်သည်။ ထိုကဲ့သို့သော ကျောက်စာတစ်ချပ်အား ကုန်းရိုးရွာအနီးရှိ မြို့ရိုး အရှေ့မြောက်တံခါးပေါက်တွင်လည်း တူးဖေါ်တွေ့ ရှိခဲ့ပြီး ကျောက်စာ၌ ရတနသုတ်မှ ကောက်နှုတ်ချက်များကို ရေးထိုးထားသည်ကိုတွေ့ရသည်။ ကျောက်စာပါ အက္ခရာ အရေးအသားများအရ ခေတ်အပိုင်းအခြားအားဖြင့် အေဒီ ၅ ရာစုမှ ၆ ရာစု အတွင်းဖြစ်မည်ဟု သမိုင်းပညာရှင်များက ခန့်မှန်းခဲ့ကြသည်။

၁၉၆၆-၆၇ ခုနှစ်တွင် ဘုရားမာစေတီအနီးရှိကုန်းကို တူးဖေါ်ရာ ကြေးနီနှင့်ခဲမဖြူ ရောစပ်ပြုလုပ်ထားသော ကချေသည် ရုပ်များကို တွေ့ရှိခဲ့သည်။ တရုတ်တို့၏ မှတ်တမ်းများတွင်လည်း အေဒီ ၈၀၂ ခုနှစ်တွင် ပျူမင်း မဟာရာဇာသည် အနုပညာသည် ၃၅ ဦးပါ သံတမန်အဖွဲ့တစ်ဖွဲ့အား တရုတ်ပြည်သို့ စေလွှတ်ခဲ့ကြောင်း ဖေါ်ပြပါရှိလေသည်။ ပျူတို့၏ တူရိယာပစ္စည်းများနှင့် ကပြပုံ ကပြနည်းများကိုပါ ယင်းမှတ်တမ်းတွင် ဖေါ်ပြထားလေသည်။

ရှေးဟောင်းသုတေသနဌာနမှ ၁၉၇၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှစကာ သရေခေတ္တရာမြို့ဟောင်းနေရာ တစ်ဝိုက် တွင် ကုန်းအမှတ် ၁၈ မှ ၂၄ ထိတူးဖေါ်ခဲ့ပြန်သည်။ ထိုသို့တူးဖေါ်ခဲ့ရာတွင် အိမ်ဆောက်သံထည်ပစ္စည်းကွဲများ၊ ပုတီးစေ့၊ နားဍောင်း၊ အိုးခြမ်းကွဲများရရှိခဲ့သည်။ ပုဂံခေတ် လှိုင်ဂူဘုရားပုံစံ အုတ်အဆောက်အဦး၊ကြေးဆင်းတုတော်တစ်ဆူ၊ စစ်သည်ရဲမက်သုံး သံဓါးရှည်တစ်ချောင်း၊ ကြာပန်းကြွအုတ်ခွက်၊ ရေစင်တော်သွန်းအိုးကွဲများလည်း တူးဖေါ်ရရှိခဲ့သည်။ သရေခေတ္တရာမြို့ဟောင်း နေရာမှ တူးဖေါ်ရရှိသော ပစ္စည်းများကို အများပြည်သူများလေ့လာနိုင်ရန် မှော်ဇာရှိ သီရိခေတ္တရာ ပြတိုက်ပြည်ယဉ်ကျေးမှုပြတိုက်၊ ရန်ကုန်မြို့ အမျိုးသားပြတိုက်တို့တွင် ပြသထားပေသည်။

ရှေးဟောင်းစေတီများ[ပြင်ဆင်ရန်]

သရေခေတ္တရာ မြို့ဟောင်း၏ တောင်ဘက်ပိုင်းတွင် ပျူလူမျိုးတို့တည်ထားခဲ့သော ရှေးဟောင်းစေတီ အများအပြားကို ယနေ့တိုင် ဖူးတွေ့နိုင်သေးသည်။ ထင်ရှားသော ပျူခေတ်ဘုရားအချို့မှာ ဘောဘောကြီး၊ ဘုရားမာ၊ ဘုရားကြီး၊ ဘဲဘဲဂူဘုရား၊ လေးမျက်နှာဘုရားတို့ ဖြစ်သည်။[၁] ဘောဘောကြီး၊ ဘုရားကြီး နှင့် ဘုရားမာ စေတီသုံးဆူမှာ မြို့ရိုးအပြင်၌ ဖိုခနောက်ဆိုင်အနေအထားဖြင့် မြို့ကိုဝန်းရံတည်ရှိနေသည်။ ဘုရားစေတီများမှာ ယခုခေတ်မြင်တွေ့နေကျစေတီများကဲ့သို့ခေါင်းလောင်းပုံ၊သပိတ်မှောက်၊ ဖေါင်းရစ်စသည်တို့ဖြင့် တန်ဆာဆင်ထားခြင်းမရှိပဲ မဇ္ဈိမဒေသမှ ရှေးဟောင်းစေတီ များပုံစံမှ ရွေ့လျောလာခြင်းဖြစ်မည်ဟု သမိုင်းပညာရှင်များက ယူဆကြသည်။ ရှေးခေတ် ပျူလူမျိုးတို့၏ ဗိသုကာလက်ရာကို ဤသာသနာ အဆောက်အဦးများကို ကြည့်၍လေ့လာသုံးသပ်နိုင်သည်။

ဘောဘောကြီး ဘုရား[ပြင်ဆင်ရန်]

ဘောဘောကြီး ဘုရားသည်သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်မြို့ရိုးအနီးတွင်တည်ရှိသည်။ စက်ဝိုင်းပစ္စယံ အနိမ့်၅ ဆင့်ပေါ်တွင် တဖြောင့်တည်း မတ်မတ်မြင့်တက်သွားပြီး စေတီ၏ထိပ်ပိုင်းအခုံးပေါ်တွင် ထီးတော်တင်ထားသည်။ စေတီအတွင်း တွင် ဥမင်လှိုဏ်ခေါင်းရှိသည်။ အပေါ်ဆုံးပစ္စယံအခြေမှ စေတီကိုယ်လုံးဥမင်လှိုဏ်သို့ဝင်ရန် အပေါက်ဖေါက်ထား သည်။ စေတီ၏ ဉာဏ်တော်အမြင့်ပေမှာ ၁၅၃ ပေမြင့်၍ သရေခေတ္တရာ ခေတ်ကောင်းချိန်ကပင် ဒွတ္တဘောင်မင်းကြီး တည်ထားခဲ့သော ရှေးဟောင်းစေတီတစ်ဆူဖြစ်သည်ဟု ဆိုကြသည်။ ဤအယူအဆသာ မှန်ပါက ဘောဘောကြီးဘုရား သည် မြန်မာပြည်တွင် ရှေးအကျဆုံးစေတီတစ်ဆူဖြစ်မည်ဟု တွက်ဆနိုင်သည်။ သရေခေတ္တရာမြို့ဟောင်း၏ အရှေ့မြောက်ထောင့်တွင် တည်ရှိသော ဘုရားမာစေတီသည် ဒွတ္တဘောင်မင်းကြီး၏ ကုသိုလ်တော်ပင် ဖြစ်သည်ဟု ဆိုကြသည်။ ပစ္စယံနိမ့်နိမ့်ပေါ်တွင် အထက်သို့ တဖြည်းဖြည်းစုချွန်သွားသော စေတီလုံးဖြစ်ပြီး စေတီထိပ် အချွန်ပေါ်တွင် ထီးတော်တင်ထားသည်။ ရှေးမူမပျက် အတိုင်းပင် တည်ရှိသည်။

ဘုရားကြီး စေတီတော်[ပြင်ဆင်ရန်]

ဘုရားကြီး စေတီတော်သည်သရေခေတ္တရာမြို့ဟောင်း၏ အနောက်မြောက်ဘက်ယွန်းယွန်း ပြည်-အောင်လံသွား ကားလမ်းနံဘေးတွင်ပင် တည် ရှိသည်။ ပစ္စယံအနိမ့်သုံးဆင့်ပေါ်မှ အထက်သို့တဖြည်းဖြည်းချွန်သွားသော လုံးဝန်းသည့် စေတီပင်ဖြစ်ပြီး ထိပ်ဖျား တွင် ထီးတော်တင်ထားသည်။ သရေခေတ္တရာခေတ် လက်ရာပင်ဖြစ်သည်။ သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်တွင်တည်ရှိသည့် ဘဲဘဲဂူဘုရားသည် ပုဂံမြေတွင် အများအပြားတွေ့ရှိရသည့် ဂူဘုရားများ၏ ရှေ့ပြေးနမူနာပုံစံဖြစ်သည်ဟု ဆိုကြသည်။ လေးထောင့်ပုံစံ အဆောက်အဦးပေါ်တွင် ပစ္စယံအဆင့် များတည်ထားသည်။ ပစ္စယံ၏ အလယ်တွင် ကွမ်းတောင်ပေါက်တည်ရှိသည်။ အောက်ခြေ လေးထောင့်ပုံသဏ္ဌာန် တွင် အရှေ့ဘက်မှ မုခ်ပေါက်တစ်ပေါက် ဖေါက်လုပ်ထားသည်။ သရေခေတ္တရာ ခေတ်ဟောင်း၏ ဂူဘုရားလက်ရာ ဟောင်း တစ်ခုပင်ဖြစ်သည်။

လေးမျက်နှာဂူ ဘုရား[ပြင်ဆင်ရန်]

လေးမျက်နှာဂူ ဘုရားသည် သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်အရပ်တွင် တည်ရှိသည့် လေးထောင့်ပုံသဏ္ဌာန် အဆောက်အဦးဖြစ်သည်။ အရပ်လေးမျက်နှာတွင် မုခ်ပေါက်တစ်ခုစီပါဝင်ပြီး အလယ်ဗဟို အူတိုင်နေရာတွင် ဗုဒ္ဓရုပ်ကြွ ကျောက်ချပ်များ တည်ရှိပေသည်။

ရဟန္တာဂူ ဘုရား[ပြင်ဆင်ရန်]

ရဟန္တာဂူ ဘုရားသည် အနောက်တောင်ထောင့် အရပ်တွင်တည်ရှိသည်။ အနောက်ဘက်မျက်နှာမှလွဲ၍ ကျန်သုံး မျက်နှာတွင် မုခ်ပေါက် တစ်ခုစီပါရှိသည်။ အတွင်းဘက်တွင် မုခ်ပေါက်မရှိသော အနောက်ဘက်နံရံတွင် ဗုဒ္ဓရုပ်ပွား တော် ၇ ဆူပါဝင်သော ကျောက်ချပ် ကပ်လျက်တည်ရှိသည်ကို တွေ့ရသည်။ သရေခေတ္တရာ ခေတ်နှောင်းပိုင်းတွင် မှ တည်ထားခဲ့ကြောင်း သိရပေသည်။

သရေခေတ္တရာတွင် တူးဖေါ်ရရှိခဲ့သော ဗုဒ္ဓရုပ်ပွားတော်ပါ ကျောက်ရုပ်များ၊ ရွှေဆင်းတု ငွေဆင်းတုများ၊ ရှေးကျသော ကျောက်ခွက်များနှင့် ပိဋကတ်တော်လာ ရွှေပေချပ်များအရ သရေခေတ္တရာတွင် ဗုဒ္ဓဘာသာထွန်းကား ပြန့်ပွားခဲ့ကြောင်း သိနိုင်ပေသည်။ ဗုဒ္ဓဘာသာတွင်လည်း ထေရဝါဒနှင့် မဟာယာန ဂိုဏ်းနှစ်ဂိုဏ်းစလုံး ထွန်းကားခဲ့ကြောင်းတွေ့ရှိ ရပေသည်။ ဗုဒ္ဓဘာသာအပြင် အခြား ဟိန္ဒူဘာသာ ဆိုင်ရာ နတ်ကိုးကွယ်မှုအထောက်အထားများကိုလည်း တွေ့ရှိ နိုင်ပေသည်။

စီးပွားရေး[ပြင်ဆင်ရန်]

မြို့ဟောင်းမြို့ရိုးမှ ရရှိသော အုတ်ချပ်တို့တွင် စပါးခွံများကိုပါ ရောနှောဖုတ်ထားကာ အသုံးပြုခဲ့သည်ကို တွေ့ရသည်။ မြို့ဟောင်းမြောက်ဘက်ခြမ်း အတွင်းပိုင်းတွင် လယ်မြေအမြောက်အမြားတည်ရှိပြီး ၎င်းလယ်ကွက်များသည် ရှေးအခါက ဘုရင်များပိုင်ဆိုင်သည့် လယ်မြေများဖြစ်သည်ဟု အစဉ်အဆက်ယုံကြည်ကြသည့်အတိုင်း ယင်းလယ်များ ကို လယ်တော်ကြီးများဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ရန်သူများဝန်းရံထားစဉ်မှာပင် မြို့တွင်းရိက္ခာအတွက်ဖူလုံစေရန် မြို့ရိုးအတွင်း၌ လယ်အမြောက်အများ ထည့်သွင်းထားခြင်းဖြစ်မည်ဟု ခန့်မှန်းကြသည်။ ထိုအချက်အလက်များကို ထောက်၍ သရေခေတ္တရာ၏ အဓိကစီးပွားရေးသည် စိုက်ပျိုးရေးကိုပင် အခြေခံကြောင်း သိသာပေသည်။ ဘုရား စေတီများ၊ မြေအောက်မှ တူးဖေါ်ရရှိသော အနုပညာလက်ရာများအရ ဗိသုကာပညာ၊ ပန်းထိမ်ပညာ၊ ပန်းပုအတတ်ပညာနှင့် ကျောက်ဆစ် အတတ်ပညာများ ထွန်းကားနေကြောင်း တွေ့ရှိနိုင်လေသည်။ ထို့ကြောင့် ထိုအတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူ အတတ်ပညာရှင်၊ အနုပညာရှင်များလည်း ရှိခဲ့ကြောင်း ယူဆနိုင်ပေသည်။

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

သရေခေတ္တရာ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများမှာ အဆင့်အတန်းမြင့်မားစွာတည်ရှိခဲ့ကြောင်း ကျန်ရစ်ခဲ့သော အထောက်အထားများအရ သိသာထင်ရှားစွာ တွေ့ရှိနိုင်ပေသည်။ တူးဖေါ်တွေ့ရှိရသော အရုပ်များကိုကြည့်ခြင်းအားဖြင့် ပျူလူမျိုး အမျိုးသမီး အမျိုးသားများသည် အများအားဖြင့် ကိုယ်ခန္ဓာအောက်ပိုင်းတွင်သာ အဝတ်အစားများ ဝတ်ဆင်တတ်ကြောင်း တွေ့ရသည်။ ပုတီးလည်ဆွဲများအားလည်း ဝတ်ဆင်တတ်ကြပြီး ဆံပင်အရှည်များကို ထိပ်တွင်စုစည်း၍ သော်လည်းကောင်း၊ ဆံထုံး ထုံးထားကြသည်ကိုလည်းကောင်း၊ အချို့မှာ ဦးရစ်ခေါင်းပေါင်းများပေါင်းထားကြသည်ကို လည်းကောင်း ရုပ်တု၊ရုပ်လုံး၊ရုပ်ကြွများမှတဆင့် သိရှိနိုင်ပေသည်။ အရိုးအိုးများ၊ သာသနာရေးဆိုင်ရာ အဆောက် အဦးများ၊ ကျောက်စာများတွင် ပျူဘာသာ၊ပါဠိဘာသာ၊ သက္ကတဘာသာ နှင့်ရေးထိုးထားကြောင်း တွေ့ရှိရ၍ သရေခေတ္တရာ တွင် စာပေထွန်းကားနေကြောင်း သိသာထင်ရှားလှသည်။ ပျူစာသည် အိန္ဒိယပြည်တောင်ပိုင်းသုံး အက္ခရာများကို အခြေခံတီထွင်ထားသည်ကို တွေ့ရှိရ၍လည်း အိန္ဒိယတောင်ပိုင်းနှင့် အဆက်အသွယ်ရှိခဲ့မည်ဟုလည်း သမိုင်း ပညာရှင်များက ယူဆခဲ့ကြသည်။ ထို့ကြောင့်လည်း ပျူယဉ်ကျေးမှုများတွင် အိန္ဒိယတောင်ပိုင်းသားတို့၏ ယဉ်ကျေးမှု များ ရောနှောနေသည်ကို တွေ့ရခြင်းဖြစ်သည်။

သံထည်ပစ္စည်းများကို အဆောက်အဦးများ မြို့ရိုးများတွင်လည်းကောင်း၊ အသုံးအဆောင် လက်နက်ကိရိယာများ အဖြစ်လည်းကောင်း တွေ့ရခြင်းကြောင့် သရေခေတ္တရာခေတ်ပျူတို့သည် သံကိုပိုင်နိုင်စွာ အသုံးချနေကြောင်း သိသာ ပေသည်။ တရုတ်မှတ်တမ်းများနှင့် တူးဖေါ်တွေ့ရှိချက်များအရ ဂီတ၊အက စသော အနုပညာများလည်း ကောင်းစွာ ထွန်းကားခဲ့သည်ဟု ဆိုနိုင်လေသည်။ ပျူတို့သေဆုံးလျှင် အလောင်းကိုမီးရှို့ ၍ပြာချကာ အိုးများဖြင့် မြှုပ်နှံကြောင်း တွေ့ရပေသည်။ အရိုးပြာအိုးများတွင် အရိုးနှင့်ပြာများသာမက လူတို့သုံးစွဲသော အသုံးဆောင်အသေးစားလေးများ လည်း ပါဝင်ကြောင်းတွေ့ရသည်။ အရိုးအိုးများအားလည်း လူတန်းစားကွဲပြားမှုအလိုက်အမျိုးမျိုးအသုံးပြုခဲ့ကြသည် ပြီး တန်ဆာဆင်ပုံများမှာလည်း တစ်ခုနှင့်တစ်ခု မတူညီကြချေ။ အရိုးအိုးများအား အစုလိုက်အပြုံလိုက် တစ်နေရာ တည်းမှာပင် တွေ့ရတတ်သောကြောင့် ဆွေစုမျိုးစုလိုက် အရိုးအိုးများ မြှုပ်နှံသောဓလေ့သည် ပျူတို့၏ ယဉ်ကျေးမှု တစ်ရပ် အဖြစ်ယူဆနိုင်ပေသည်။

သရေခေတ္တရာခေတ် နိဂုံး[ပြင်ဆင်ရန်]

သရေခေတ္တရာခေတ်သည် မည်သည့်ခုနှစ်တွင် တိမ်ကောပျက်စီးသွားကြောင်း ခိုင်မာသော သက်သေအထောက် အထားများ မတွေ့ရသေးပေ။ မြန်မာရာဇဝင်အရ ဒွတ္တဘောင်မင်းမှ စတင်တည်ထောင်ခဲ့သော သရေခေတ္တရာမင်းနေပြည်တော်သည် မင်းဆက် ၂၅ ဆက်မြောက် သုပညာနဂရဆိန္ဒမင်းလက်ထက် သာသနာနှစ် ၆၃၆ ခုတွင် ပျက်စီးခြင်းသို့ ဆိုက်ရောက်ခဲ့သည်ဟု အဆိုရှိပေသည်။ အခြားယူဆချက်အများအပြားလည်း ကွဲလွဲလျက်ရှိပေသည်။ ကမ်းယံနှင့် သက်လူမျိုးတို့၏ တိုက်ခိုက်မှုကြောင့်ပျက်စီးရသည် ဟူ၍လည်းကောင်း၊ အခြားလူမျိုးများ(အထူးသဖြင့် ကရင်လူမျိုး)နှင့်ရောနှောကာ တိမ်ကောပျောက်ကွယ်သွားသည်ဟုလည်းကောင်း၊ မြောက်ပိုင်းမှ နန်ကျောက်တို့ လာရောက် တိုက်ခိုက်ဖျက်ဆီးသဖြင့် ပျက်စီးရသည်ဟု လည်းကောင်း ဖေါ်ပြထားချက်များလည်း ရှိသည်။

လက်ရှိတူးဖေါ်တွေ့ရှိချက်များမှ သရေခေတ္တရာမြို့ပျက်စီးရသော ခုနှစ်သက္ကရာဇ်ကို အတိအကျဖေါ်ထုတ်နိုင်ခြင်းမရှိသေးသော်လည်း ယေဘူယျ ခြုံငုံသုံးသပ်ချက်များအရ သရေခေတ္တရာမြို့သည် အေဒီ ၈ ရာစုအထိ စည်ပင်ဝပြောခဲ့ပြီး အေဒီ ၉ ရာစုတွင် ပျက်စီးခြင်းသို့ဆိုက်ရောက်ခဲ့သည်ဟု ကောက်ချက်ချကြပေသည်။ တူးဖေါ်မှုများကို ဆက်လက် လုပ်ဆောင်ခဲ့ကြပြီး သိပ္ပံနည်းကျ သုတေသနများ ပြည့်စုံလာသောအခါ ပိုမိုတိကျသည့် ဆုံးဖြတ်ချက် ကောက်ယူချက်များကို ရရှိပေလိမ့်မည်။[၂]

သရေခေတ္တရာ[ပြင်ဆင်ရန်]

ဘုရားကြီးဘုရားအနီးမှ တွေ့ရှိရသော ကျောက်အရိုးအိုးလေးလုံးတို့ ၏ပတ်လည်တွင် ပျုစာတစ်ကြောင်းစီ ရေးထိုးပါရှိလေသည်။ ယင်းကျောက်စာများအရ သရေခေတ္တရာ၌ဝိကြမမင်းဆက် စိုးမိုး အုပ်ချုပ်ခဲ့ကြောင်းသိရ၏။ သူရိယဝိကြမ၊ ဟရိဝိကြမ၊ နှင့်သိဟဝိ ကြမတို့၏ နတ်ရွာစံနှစ်နှင့်သက်တော်များပါရှိရာတွင် နန်းစံနှစ်ကို မြန်မာကောဇာနှစ်အတိုင်း မှတ်ယူတွက်ဆပါက ခရစ်နှစ် ၆၈၈၊ ၆၉၅ နှင့် ၇၁၈ ခုနှစ်တို့တွင် အသီးသီးနတ်ရွာစံကြသည် ဟုသိရှိနိုင်၏။ အရိုးအိုးစာတမ်းတစ်ခုမှာ သူရိယဝိကြမ၏ ဆွေမျိုးကွယ်လွန်သည့်နှစ် ရေးထိုးထားလေရာ စာတမ်း လေးရပ်စလုံးပေါင်းရုံးတွက်ဆပါက ဝိကြမမင်းဆက်သည်ခရစ်နှစ် ၆၇၃ မှ ၇၁၈ ခုနှစ်အထိအုပ်စိုး သည်ဟု ဆိုရပေမည်။ ထိုမင်းဆက်သည်သရေခေတ္တရာ တည်ထောင်စက အုပ်စိုးသည့်မင်းဆက်ဟုတ်မဟုတ်သည်ကိုမူ မသိသာချေ။ နတ်ရွာစံသက္ကရာဇ်များကိုအတည်ပြုမှတ်ယူရပါက ထိုမင်းများ ထက်ရှေးကျသောမင်းများ ရှိခဲ့ဦးမည်ဟု မှန်းဆရပေသည်။ ဝိကြမ မင်းတိုူ့၏ဘွဲ့မည်များရှေ့တွင်တးဗံးဟူသောဂုဏ်ပုဒ် ပါရှိလေရာ ယင်းဂုဏ်ပုဒ်ကို မင်းကြီးဟူသော အဓိပ္ပာယ်သက်ရောက်ကြောင်း အခြားကျောက်စာများမှ အထောက်အထားတို့နှင့်ယှဉ်၍သိသာနိုင်လေသည်။ ဒွတ္တဗောင်ဟူသောအမည်မှာ တးဗံးမှရွေ့လျောလာသော ဝေါဟာရ ဖြစ်ဖွယ်ရာရှိသောကြောင့် သမိုင်းလာဒွတ္တဗောင်ဆိုသည်မှာ ပုဂ္ဂလိကဘွဲ့မည်မဖြစ်နိုင်ချေ ဟုယူဆရ၏။ ဝိကြမမင်းဆက်သည် ပျူမင်းများဖြစ်သည်၊ သို့မဟုတ်အိန္ဒိယအ နွယ်များဖြစ်သည်ကို အတိအကျမသိနိ်ုင်ချေ။နှောင်းခေတ်မြန်မာမင်း များသည် ပါဠိဘွဲ့မည်များခံယူကြသကဲ့သို့ ပျူမင်းများကအိန္ဒိယဘွဲ့ မည်ခံယူခဲ့ကြဟန်ရှိကြောင်း စဉ်းစားရန်ရှိလေသည်။ ဝိကြမမင်း ဆက်အပြင် ဝါရ်မန်မင်းတို့ကိုလည်းကမ္ပည်းစာများ၌တွေ့ရသေး၏။ ထိုဝါရ်မန်မင်းတို့၏အမည်များသည် အာရှအရှေ့တောင်ဘက်နယ် တစ်လွှား၌အတော်ပင်ထင်ရှားသည်။ သရေခေတ္တရာမြို့တွင်းခင်ဘ ကုန်းမှရရှိသော ငွေဗောဓိမဏ္ဍိုင်ပလ္လင်ပတ်လည်၌ ဆင်းတုတော် ရုပ်ကြွပုံလေးဆူအောက်တွင် ပျူအက္ခရာပျူဘာသာဖြင့် စာတန်း တစ်ခုရေးထိုးလျက်ပါရှိရာ၊ ထိုစာတန်းတွင် ကုသိုလ်ရှင်ဂြီဘုဝါရ်မ နှင့်ဂြီပြဘုုဒေဝီအမည်များကို တွေ့ရှိရသည်။

သရေခေတ္တရာမြို့ဟောင်းတစ်နေရာ ဖိုးခေါင်ကန်ကုန်းမှတွေ့ရှိရသော မဏိတော်ကျိုးနေသည့် ကျောက်ဆင်းတုတစ်ဆူ၏ စမ္မခဏ်ပတ်လည်တွင် ပျူဘာသာနှင့်သက္ကတဘာသာရောစပ်ပြီး ရေးထိုးမှတ် သားလျက်ပါရှိရာ ဖတ်ရှုရနိုင်သမျှစာကြောင်းများ၏အဓိပ္ပာယ်အ ချုပ်မှာ ဇယစန္ဒြဝါရ်မန်နှင့်ဟရိဝိကြမ မင်းသားညီနောင်နှစ်ပါးတို့ သည် တစ် နေ့တည်းတွင် မြို့နှစ်မြို့တည်ကြောင်း၊ ထိုညီနောင်နှစ်ပါးတို့သည် ဂူဟဒီပအမည်ရှိသော ရဟန်းကြီး၏ အဆုံးအမဩ ဝါဒကိုခံယူ၍တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးစွာ နေထိုင်ကြကြောင်းဖြစ်သည်။

သို့သော်ထိုမြို့များ၏ အမည်နှင့်အကျယ်အဝန်းကိုမူ မသိရချေ။ပျူ နိုင်ငံ၏ မြို့တော်ဖြစ်သော သရေခေတ္တရာသည်အိန္ဒိယတောင်ပိ်ုင်း ယဉ်ကျေးမှုလွှမ်းမိုးမှုကို အများဆုံးခံ ခဲ့ရသည်။အထူးသဖြင့် အယူ ဝါဒဆိုင်ရာယဉ်ကျေးမှုတွင် လွှမ်းမိုးမှုအထင်ရှားဆုံးဖြစ်သည်။ ဟိန္ဒူအယူဝါဒ၊ မဟာယာနနှင့်ထေရဝါဒဗုဒ္ဓအယူဝါဒတို့သည် အပြိုင်အဆိုင် ထွန်းကားခဲ့ကြောင်း အထောက်အထားများစွာတွေ့ရပေ သည်။ မြို့တွင်းမြို့ပြင်၌ ဗိသုကာလက်ရာများဖြစ်သော ဗုဒ္ဓအယူ ဝါဒဆိုင်ရာစေတီပုထိုးနှင့်ဂူဘုရားများ တည်ရှိခဲ့ကြသည်နှင့်အမျှ အနုပညာလက်ရာမြောက်သော ကျောက်ဆစ်ရုပ်ကြွဆင်းတုများနှင့် အုတ်ပုံနှိပ်ရုပ်ကြွဆင်းတုများကိုလည်း အမြောက်အမြားထုလုပ်ပူဇော် ကြသည်။ ထင်ရှားသောမြေစိုက်အုတ်စေတီများမှာမြို့ရိုးအပြင်ရှိ ဘောဘောကြီး၊ ဘုရားကြီးနှင့်ဘုရားမာတို့ ဖြစ်ကြသည်။

ဂူဘုရားများအနက် လေးမျက်နှာ၊ ဘဲဘဲနှင့်ဈေးဂူနှစ်ဆူတို့မှာ စိတ်ဝင်စားဖွယ်ရာ လက်ရာများဖြစ်ကြသည်။သာသနာအဆောက်အအုံပေါင်းများစွာမှာ ကာလကြာမြင့်၍ပြိုပျက်ပြီးနောက် အုတ်ကုန်းများ အတိဖြစ်နေရာ ယင်းတို့ကို ရှင်းလင်းတူးဖော်ရှာဖွေရာ၌သာသနိက ရှေးဟောင်းပစ္စည်းများပေါ်ထွက်လေ့ရှိသည်။ ထိုအနက် အုတ်ခွက်ခေါ်သောပုံနှိပ်အုတ်ချပ်ဆင်းတု အမြောက်အမြားကို အနှံ့အပြား တွေ့ရှိရသည်။ ထိုအုတ်ခွက်တို့၏ မျက်နှာဘက်တွင်ဗုဒ္ဓရုပ်ပွား တော်ကိုလည်းကောင်း၊ ဗောဓိသတ် ဘုရားလောင်းပုံကိုလည်း ကောင်း၊ ထုလုပ်ထား၍ အချို့တို့တွင် ရှေးဟောင်းနာဂရီ အက္ခရာဖြင့် 'ယေဓမ္မာဟေတုပြဘဝါ' အစရှိသောဂါထာရေးထိုးပုံနှိပ်ပါရှိ၏။ အချို့အုတ်ခွက်၏ ကျောဘက်တွင်ပျူဘာသာဖြင့် စာတမ်းတိုတို အနည်းငယ်ပါလေ့ရှိသည်။

သရေခေတ္တရာတွင် ဗုဒ္ဓအယူဝါဒထွန်းကားခဲ့ကြောင်းလက်ရေး အထောက်အထားများကိုလည်းတွေ့ရ၏။ ၁၈၉ရ ခုနှစ်က သရေခေတ္တ ရာမြို့ဟောင်း၏တောင်ဘက် ရ မိုင်ခန့်အကွာရှိ မောင်ကန် (သို့မဟုတ်လယ်ပေါ်)ရွာမှ ရှေးဟောင်း စာအရေးအသားပါရှိသော ရွှေချပ်လွှာနှစ်လွှာကိုတွေ့ရှိရသည်။ ထိုရွှေချပ်လွှာနှစ်လွှာသည် စာသုံးကြောင်းရေး ပါဠိတော်ရွှေပေစာ များဖြစ်ကြ၏။ အက္ခရာအရေးအသားမှာအိန္ဒိယတောင်ပိုင်းမှအက္ခရာ များဖြစ်၍ စာသားတို့မှာဝိနည်းမဟာဝါပါဠိတော်လာ ယေဓမ္မာဟေ တုပ္ပဘဝါအစချီသည့်ဂါထာကိုအစပျိုး၍ဒီဃနီကာယ်ပါဠိတော်၊ မဇ္ဈိမနိကာယ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်ဝိဘင်းပါဠိတော်စသည် တို့မှကောက်နုတ်ချက်တို့ကို ဆက်လက်ရေးသားထား ခြင်းဖြစ်၏။ ၁၉၁ဝ ပြည့်နှစ်တွင် ဘောဘောကြီးဘုရားခြေရင်းမြေကြီးများ ရှင်းလင်းရာ၌ တွေ့ရှိရသော သုံးပိုင်း ကျိုးကျောက်ချပ်ငယ်တစ်ခုမှာ အဘိဓမ္မာဝိဘင်းပါဠိတော်လာ ဗုဒ္ဓပါဝစနများဖြစ်ကြောင်း သိရလေ သည်။ ၁၉၂၆ ခုနှစ်တွင်ကုလားကန်ကုန်းရွာအနီး မောင်ခင်ဘလုပ်သော တောင်ယာနှင့်ကပ်နေသည့် အုတ်ကုန်းဟောင်းမှ တူးဖေါ် ရ ရှိသည့်ရွှေချပ်လွှာ ၂ဝ (အဖုံးပါ၂၂) ချပ်မှာလည်း ပဋိစ္စသမုပ္ပါဒ ဒေသနာအစရှိသောပါဠိပိဋကတ်တော်မှ ကောက် နုတ်ချက်ကိုးခုပါရှိလေသည်။

ဗြဟ္မဏ (ဟိန္ဒူ) အယူဝါဒဆိုင်ရာ ကျောက်ဆစ်လက်ရာများမှာ များသောအားဖြင့် ဗိဿဏိုးနတ်ရုပ်များဖြစ်လေသည်။သရေခေတ္တရာ တွင် ရွှေဆင်းတု၊ ကြေးဆင်းတု၊ ငွေဆင်းတု၊ ငွေစေတီစသော အယူဝါဒဆိုင်ရာ ဝတ္ထုပစ္စည်းများကိုသာမက အနုပညာလက်ရာပြောင်မြောက်သောဝတ္ထုပစ္စည်းအမျိုးမျိုးကိုလည်း ပြုလုပ်သည်ကိုတွေ့ရှိရ၏။ လေးထပ်ပြင်ဘုရားအနီးမှလည်းကောင်း၊ ဆင်မကိုးဝန်တင်ကုန်းနှင့် မုံ့သည်မကုန်းတို့မှလည်းကောင်း၊ ဖော်ထုတ်ရရှိသည့် ကျောက်ပလ္လင်အပိုင်းအစများမှာ ကြာဖတ်ကြာလွှာများ၊မှန်ကူကွက်များနှင့် အမွမ်းအပြောက်တို့ဖြင့် အဆန်း တကြယ်ထုလုပ်ထားလေသည်။ တံကဲများ၊ သပိတ်များ၊ အရိုးအိုးများ၊ ဌာပနာတိုက်ဖုံးသည့် ကျောက်ပြားများနှင့် ခြင်္သေ့ရုပ်များတွင်လည်း ကျောက်ဆစ်လက်ရာ ထူးချွန်ပုံကို တွေ့မြင်နိုင်သည်။ ရွှံ့စေးကိုမီးဖုတ်၍ပြီးစေသော ရုပ်လုံးရုပ်ကြွများကိုလည်း လူရုပ်၊ ဘီလူးရုပ်၊ တိရစ္ဆာန်ရုပ်၊ ကြာပန်း ဖော်သော အုတ်တိုင်များအသွင် ဖန်တီးပြုလုပ်ကြလေသည်။

အယူဝါဒဆိုင်ရာယဉ်ကျေးမှုမှအပ ပျူလူမျိုးတို့၏နေထိုင်ဝတ်စားမှု ဓလေ့ထုံးတမ်းများနှင့်စပ်လျဉ်းသည့်ယဉ်ကျေးမှုသာဓကများကိုလည်း အတော်အသင့် ထုတ်ဖော်တွေ့ရှိရ၏။ ကျောက်မျက်ရတနာတို့ဖြင့် ပြီးသောလည်ဆွဲပုတီးများ၊ ငွေရေသောက်ဖလားများ၊ ငွေကွမ်း အစ်များ၊ငွေနံ့သာဘူးများ၊ ငွေကြာပန်းများ၊ လိပ်ပြာရုပ်၊ ဟင်္သာရုပ်၊ရွှေလက်စွပ်၊ ငွေလက်စွပ်များစသည်တို့ကိုထောက်ရှု၍ သရေခေတ္တရာ၏ စည်ပင်ဝပြောမှုနှင့်ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားမှုတို့ကို သိသာလေသည်။ ပျူလူမျိုး တို့သည်သေဆုံးသည့်အခါ မီးသင်္ဂြိုဟ်သည့် အလေ့အထရှိကြ၏။ မီးကျွမ်းပြီးသောအရိုးစများနှင့်ပြာတို့ကို မြေအိုးများတွင် ထည့်သွင်း၍ ထိုအရိုးအိုးတို့ကိုအစုလိုက်အပြုံလိုက် မြုပ်နှံလေ့ရှိသည်။ သာမန်အရပ်သူအရပ်သားများအတွက် မြေအိုးများကိုအသုံးပြု၍ မင်းစိုးရာဇာတို့အတွက် ကျောက်အိုးများကိုအသုံးပြုကြောင်းလည်း သိသာသည်။ ပျူဒင်္ဂါးများဟု ခေါ်ဝေါ်သော အမှတ်လက္ခဏာများ ခတ်နှိပ်ထားသည့်ငွေပြားဝိုင်းများကိုလည်း သရေခေတ္တရာမြို့ဟောင်းနှင့်ပတ်ဝန်းကျင်တွင်တွေ့ရှိရ၏။ အမှတ်လက္ခဏာများမှာ သီရိဝစ္ဆ ပုံ၊ နေ၊ လနှင့်နက္ခတ်များပုံ၊ စကြာပုံ၊ ဝရဇိန်လက်နက်ပုံ၊ သမုဒ္ဒရာပုံစသည်တို့ဖြစ်၏။ ယင်းဒင်္ဂါးများမှာ ကျပ်ပြား အရွယ်၊ငါးမူးစေ့အရွယ်၊ မတ်စေ့အရွယ်များ ဖြစ်ရာ ငွေကြေးအဖြစ် အသုံးပြုဖွယ်ရာရှိသည့်အပြင် အန္တရာယ်ကင်းအဆောင်အယောင်အဖြစ် လည်ဆွဲဆင်ယင်ကြောင်း သိသာလေသည်။

( ဒင်္ဂါး••။)

သရေခေတ္တရာတွင် ရှေးဟောင်းသုတေသန ဦးစီးဌာနက တူးဖော်စူးစမ်း လေ့လာမှုလုပ်ငန်းကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ [၃]

အကိုးအကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၉၃. 
  2. မှတ်တမ်းသမိုင်း၊ပဲခူး-မကွေးတိုုင်း၊ရေးသားသူ-လွင်မောင်၊ ၁၉၇၅ ခုနှစ်ထုတ်
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)