မအူပင်ခရိုင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မအူပင်ခရိုင်
မအူပင်ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မအူပင်ခရိုင်
မအူပင်ခရိုင်
ကိုဩဒိနိတ်: 16°58′N 95°33′E / 16.967°N 95.550°E / 16.967; 95.550ကိုဩဒိနိတ်: 16°58′N 95°33′E / 16.967°N 95.550°E / 16.967; 95.550
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
မြို့နယ်ပေါင်း
မြို့တော်မအူပင်မြို့
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၃၆၂ ပေ (၄၁၅ မီတာ)
လူဦးရေ (၂၀၁၄)၉၇၃,၀၃၈
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

မအူပင်ခရိုင်သည် မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီး တွင် ပါဝင်သောခရိုင် ၆ ခုအနက် တစ်ခုဖြစ်၍ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ တစ်ခုဖြစ်သည်။ မအူပင်ခရိုင်သည် မြောက်ဘက် တွင် ဟင်္သာတခရိုင်၊ အရှေ့ဘက်တွင် အင်းစိန်နှင့် ဟံသာဝတီခရိုင်များ၊ တောင်ဘက်တွင် ဖျာပုံခရိုင်၊ အနောက်ဘက်တွင် မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်တို့ဖြင့် နယ်နိမိတ် သတ်မှတ်လျက် တည်ရှိ သည်။ မအူပင်ခရိုင်တွင် မအူပင်နယ်နှင့် ညောင်တုန်းနယ်များ ပါဝင်၍ တဖန် မအူပင်နယ်မှာ မအူပင်မြို့နယ်နှင့် ပန်းတနော်မြို့နယ် တို့ဖြင့်လည်းကောင်း၊ ညောင်တုန်းနယ်မှာ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်တို့ဖြင့်လည်းကောင်း ဖွဲ့စည်းထားသည်။ ထိုကြောင့် မအူပင်ခရိုင်တွင် နယ် ၂ နယ်နှင့် မြို့နယ် ၄ ခုရှိ၏။ သူကြီးပိုင် နယ် ၂၆၈ ခုရှိသည်။ အကျယ်အဝန်းမှာ ၁၉၃၁ ခုနှစ် မြေတိုင်း စာရင်းအရ ၁,၆၄၂ စတုရန်းမိုင်ရှိသည်။ ယခုအခါတွင်မူ ၁,၆၅၁ စတုရန်းမိုင် ရှိပေသည်။ ခရိုင်ရုံးစိုက်မြို့မှာ မအူပင်မြို့ဖြစ်၏။

ပထဝီဝင်[ပြင်ဆင်ရန်]

မအူပင်ခရိုင်သည် မြစ်ဝကျွန်းပေါ်ဒေသ၏ အလယ်ဗဟို လောက်တွင် တည်ရှိ၍ ခရိုင်တွင်း စီးဆင်းသော ဧရာဝတီမြစ်နှင့် တိုးမြစ်တို့မှ ဖြစ်ပေါ်လာသော နုံးမြေပြင်ကြီးပင် ဖြစ်တော့၏။ ခရိုင်မှာ အလျား ၅၄ မိုင်ခန့်နှင့် အနံ ၄၄ မိုင်မျှရှိသည်။ ထိုနုံးတင်မြေနုတွင်စပါးစိုက်ပျိုးဖြစ်ထွန်းသည်။ စပါးစိုက်ပျိုးချိန်၌ စပါးစိုက်ထားသော လယ်ပြင်ကို မျက်စိတဆုံး မြင်တွေ့ရတတ်ပေသည်။ မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သည်နှင့်အညီ ဧရာဝတီမြစ်နှင့် တိုးမြစ်များအပြင်၊ အခြားမြစ်ငယ် ချောင်းငယ်များ ဖြတ်သန်း စီးဆင်းလျက်ရှိသော မြေနိမ့်ပိုင်းဖြစ်သဖြင့် မိုးတွင်းအခါတွင် မြစ် ရေ၊ ချောင်းရေများ လျှံတက်လေ့ရှိသည်။ ဧရာဝတီမြစ်မှ ငဝန်မြစ် ခွဲထွက်ရာ နေရာမှ အစပြုလျက် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း၊ သို့မဟုတ် လက်ယာဘက်ကမ်းတစ်လျှောက် ပန်းတနော်အထိ တည်ရှိသော ၇၅ ၁/၂ မိုင် ရှည်လျားသည့် ဟင်္သာတ ရေကာတာ၊ ဧရာဝတီဖြစ်အရှေ့ဘက်ကမ်း၌ အဖြောက်မှ စံကင်းအထိ ၁၅ မိုင်ရှည်သော စံကင်း-ဆကာကြီး ရေကာတာ၊ ထိုရေကာတာ၏ တောင်ဘက်အောက်ကျကျ၌ ၅၄ မိုင်မျှ ရှည်လျားသော ညောင်တုန်းရေကာတာနှင့် မအူပင်၌ အစပြုလျက် အရှေ့ဘက်သို့လည်းကောင်း၊ အနောက်ဘက်သို့လည်းကောင်း သွယ်တန်းဖို့လုပ်ထား၍ ၇၇ မိုင်ခန့် ရှည်လျားသည့် မအူပင်ကျွန်းရေကာတာ နှင့် ၄၂ ၁/၂ မိုင်ခန့်ရှည်လျားသော သုံးခွကျွန်း ရေကာတာများက စိုက်ပျိုးခင်း များကို ရေကြီးချိန်တွင် ရေလွှမ်းမိုးခြင်း ဘေးအန္တရာယ်မှ ကာကွယ် တားဆီးပေးသည်။ ဤရေကာတာများ ရှိသည့်အတွက်ကြောင့် ဆန် စပါးများကို ဤမျှဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ပေသည်။ ဖို့မြေများတွင် ကိုင်းလုပ်ကိုင်ကြသည်။ ထိုပြင် မအူပင်ခရိုင်အတွင်း အင်းများ အထူးပေါများသည်။ မြန်မာတစ်နိုင်ငံလုံးတွင် မအူပင်ခရိုင်မှ အင်းခွန်တော် အများဆုံးရသည်ဟု ဆိုလေသည်။

ရာသီဥတု[ပြင်ဆင်ရန်]

ခြင်အတန်ပေါသည်ကလွဲ၍ မအူပင်ခရိုင်၏ ရာသီဥတုမှာ ကျန်းမာခြင်းနှင့် ညီညွတ်၍ ကောင်းသောရာသီဥတုဖြစ်သည်။ ပျမ်းမျှအများဆုံး အပူချိန် ဖာရင်ဟိုက် ၁ဝဝ° နှင့် အနည်းဆုံး အပူချိန် ၇၅° အသီးအသီးရှိ၍ ၁ဝဝ° ကျော်ခဲသည်။ မိုးရေချိန် မှာ မြစ်ဝကျွန်းပေါ် ခရိုင်တစ်ခုအဖို့ မနည်းလွန်း မများလွန်း ဖြစ်၏။ တစ်နှစ်လျှင် ပျမ်းမျှ လက်မ ၉ဝ ကျော် ၁ဝဝ နီးပါးမျှ ရွာသည်။ အားလုံးခြုံကြည့်လိုက်လျှင် မအူပင်ခရိုင်၏ ရာသီဥတုနှင့် မိုးရေချိန်တို့မှာ လယ်ယာစိုက်ပျိုးရေးအတွက် များစွာသင့်လျော်လေသည်။

လူဦးရေ နှင့် စီးပွားရေး[ပြင်ဆင်ရန်]

မအူပင်ခရိုင်၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၉၇၃,၀၃၈ ဖြစ်သည်။[၁] ခရိုင်အတွင်း နေထိုင် ကြသူ များတွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးသည် အများဆုံးဖြစ်၍၊ ကရင်လူမျိုးသည် ဒုတိယ အများဆုံးဖြစ်၏။ လူဦးရေအားလုံး၏ ၆၆ ရာခိုင်နှုန်းသည် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးကြသည်။ မအူပင်ခရိုင်တွင် စိုက်ပျိုးဧကပေါင်းမှာ ၄၁၇,၂၂၆ ဧက ဖြစ်၍၊ ဆန်စပါးကို အဓိကစိုက်ပျိုးကြ၏။ အထူးသဖြင့် မအူပင် မြို့နယ်များနှင့် ပန်းတနော်မြို့နယ်များတွင် အများဆုံးစိုက်ပျိုး ကြ၏။ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်များ၌မူ ဆေးကို အထူးစိုက်ပျိုး ကြ၏။ စိုက်ပျိုးထွက်ကုန်များမှာ စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်စေ့များ၊ ဆေး၊ ငှက်ပျော၊ အုန်း၊ ကွမ်းသီး၊ သရက် စသည်တို့ဖြစ်၏။ ထိုအပြင် ပန်းတနော်မြို့နယ်နှင့် မအူပင်မြို့နယ်များတွင် အင်းလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ကြ၍၊ ငါးများကိုရေခဲစိမ်ကာ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြ၏။ ငပိ၊ ငါးခြောက်များလည်း လုပ်ကိုင်ကြသည်။ ညောင်တုန်းမြို့တွင်ကား ငပိလုပ်ငန်းမှာ များစွာ တွင်ကျယ်ခဲ့လေသည်။ သင်ဖြူးရက်လုပ်ငန်းမှာလည်း ပန်းတနော် နယ်တွင် အတော်ခရီးရောက်လေသည်။

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

မအူပင်ခရိုင်တွင် လမ်းပန်းဆက်သွယ်ရာ၌ ရေလမ်းကို အထူးအားထားရပေသည်။ ဧရာဝတီမြစ်နှင့် မြစ်ခွဲဖြစ်သော တိုးမြစ် တစ်လျှောက်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့မှ သင်္ဘောများ ခုတ်မောင်းသွားလာ လျက်ရှိသဖြင့် ခရိုင်တွင်းရှိမြို့ရွာများသို့ လည်းကောင်း၊ ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ရှိ နေရာအနှံ့အပြားသို့ လည်းကောင်း ရေလမ်းဖြင့်ပေါက်ရောက်နိုင်သည်။ ခရိုင်အတွင်း ကုန်းလမ်း အဆက်အသွယ်အတွက် ကျောက်ခင်းလမ်းဟူ၍ အရေးပါသောလမ်း ၂ ခုသာရှိသည်။ တစ်ခုမှာ မအူပင်မှသည် ရေလဲကလေးရွာသို့ ပေါက်သည်။ ရေလဲကလေးသည် မအူပင်မြို့၏ အနောက်ဘက် ၉ မိုင်ကွာဝေး၍၊ မအူပင်ကျွန်း၏ အနောက်ဘက် စွန်းတွင်တည်ရှိသည်။ အခြားတစ်ခုမှာ ဓနုဖြူမြို့မှသည် ကျုံတနိ သို့ပေါက်၍ ၁၄ မိုင်ရှိသည်။ ယင်းလမ်းသည် ပုသိမ်ခရိုင် ကျုံပျော်နှင့် ငသိုင်းချောင်းမြို့များအထိ ဆက်လက်၍ ခရီးပေါက်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မအူပင်ခရိုင် တည်ရှိရာဒေသကို ကုန်းဘောင်ခေတ်မတိုင်မီ က လူသိများခဲ့ဟန် မတူပေ။ ထိုစဉ်က ထိုဒေသတစ်ဝိုက်မှာ ရွှံ့ညွန်ထူပြောကာ တောကြီးများဖြင့် ဖုံးလွှမ်းနေခဲ့၏။ လူနေနည်း ပါး၍ စိုက်ပျိုးဖြစ်ထွန်းမည် မဟုတ်ဟု ယူဆထားခဲ့ပုံရလေသည်။ ထိုပြင် မြန်မာနိုင်ငံသမိုင်းများတွင် မည်သို့မျှ ထူးထူးခြားခြား ရည်ညွှန်းဖော်ပြထားသည်ကိုလည်း မတွေ့ရပေ။ ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲ အတွင်း မြန်မာစစ်သူကြီး မဟာဗန္ဓုလသည် ယခု ခရိုင်အတွင်း၌ ပါဝင်သည့် ဓနုဖြူမြို့တွင် ခံတပ်ကြီးပြုကာ အင်္ဂလိပ် တို့ကို ခုခံတိုက်ခိုက်ခဲ့ရာတွင် ခရစ်သက္ကရာဇ် ၁၈၂၅ ခုနှစ် ဧပြီလ ၁ ရက် နေ့၌ ရန်သူလက်နက် ဗုံးဆံချက်ကြောင့် ကွယ်လွန်ခဲ့ရလေသည်။

ဒုတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲအတွင်း ဓနုဖြူမြို့မှ တိုက်သူကြီး ဦးမြတ်ထွန်း ခေါင်းဆောင်၍ အင်္ဂလိပ်တို့ကို ခုခံတော်လှန် တိုက် ခိုက်ခဲ့လေသည်။ ထိုစစ်ပွဲအပြီးတွင် ခရိုင်နယ်ပယ်များကို ပြန်လည် ဖွဲ့စည်းရာ၌ ၁၈၇၅ ခုနှစ်၌ ဟင်္သာတခရိုင်မှ ဓနုဖြူမြို့နယ်၊ ပုသိမ်ခရိုင်မှ ရွှေလောင်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်၊ ဟံသာဝတီမှ သုံးခွ၊ ညောင်တုန်း၊ ဖျာပုံနှင့် ဒေးဒရဲမြို့နယ်တို့ကို ပူးပေါင်းကာ သုံးခွခရိုင်ဟူ၍ ဖွဲ့စည်းခဲ့၏။

၁၈၇၆ ခုနှစ်တွင် မအူပင်မြို့ကို ခရိုင် အတွင်း ဗဟိုကျသည့်အတွက် သုံးခွခရိုင်၏ ရုံးစိုက်မြို့အဖြစ် သတ် မှတ်ခဲ့၏။ ၁၈၈၁ ခုနှစ်တွင် ပဲခူးတိုင်းမှ ပုသိမ်ခရိုင်၊ သုံးခွခရိုင်၊ ဟင်္သာတခရိုင်၊ သရက်ခရိုင်တို့ကို ခွဲထုတ်၍ ဧရာဝတီတိုင်းဟု ဖွဲ့စည်းသည်။ ၁၈၉၃ ခုနှစ်တွင် သုံးခွခရိုင်မှ နယ်မြေအချို့နှင့် ပုသိမ်ခရိုင်မှ နယ်မြေအချို့ကို ခွဲယူပူးပေါင်း၍ မြောင်းမြခရိုင်ကို ဖွဲ့စည်းသည်။ နောင်အခါ ၁၉ဝ၃ ခုနှစ်တွင် သုံးခွခရိုင်နှင့် မြောင်းမြခရိုင်တို့မှ နယ်မြေအချို့ကို ခွဲထုတ်ယူကာ ပူးပေါင်းပြီးနောက် ဖျာပုံခရိုင်ကို ဖွဲ့စည်းရာ သုံးခွခရိုင်ကိုလည်း မအူပင်ခရိုင်ဟု အမည်သစ်ပေးခဲ့၏။ မအူပင်ခရိုင်သည် ၁၈၉၃ ခုနှစ်တွင် မြောင်းမြ ခရိုင်အတွင်း ပါသွားခဲ့သော ပန်းတနော်မြို့နယ်ကို ပြန်လည်ရရှိခဲ့၏။ ထိုနောက်တွင်ခရိုင်သည် နယ်နိမိတ်များစွာ ပြောင်းလဲခြင်းမရှိခဲ့ဘဲ၊ တဖြည်းဖြည်း တိုးတက်စည်ကားလာလေသည်။ ခရိုင်အတွင်းရှိ ထင်ရှားသော ဘုရားများမှာ ပန်းတနော် မြို့တွင်ရှိသော ရွှေမြင်တင်ဘုရား၊ ညောင်တုန်းမြို့နယ် ခတ္တိယရွာ တွင်ရှိသော ဖားကရစ်ဘုရား၊ ဓနုဖြူမြို့တွင်ရှိသော ကျိုက်ကလွန် ပွန်စေတီ စသည်တို့ဖြစ်၏။ မအူပင်ခရိုင်တွင်းရှိ ဓနုဖြူမြို့၌ စစ်သူကြီးမဟာဗန္ဓုလ၏ သင်္ချိုင်းနှင့် ကြေးရုပ်တို့ရှိပေသည်။ [၂]

မြို့နယ်နှင့်မြို့များ[ပြင်ဆင်ရန်]

မအူပင်ခရိုင်တွင်းရှိ မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL, ပြည်သူ့အင်အားဦးစီးဌာန, 26 August 2014, p. ၃၅, retrieved February 25, 2015 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  3. မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲရေးဌာန