သီရိလင်္ကာနိုင်ငံ

ဝီကီပီးဒီးယား မှ
(သီဟိုဠ်ကျွန်း မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံ
Democratic Socialist Republic of Sri Lanka
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း: 
Mother Sri Lanka
မြို့တော် သီရိ ဂျာယာဝါဒန္ဒပူရ ကိုတဲ[၁][၂]
အကြီးဆုံး မြို့ ကိုလံဘိုမြို့
ရုံးသုံးဘာသာများ စင်ဟာလာဘာသာတမီလ်ဘာသာ
အစိုးရ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတအစိုးရ
 •  သမ္မတ မာဟင်ဒါ ရာဂျာ ပါစကာ
 •  ဝန်ကြီးချုပ် ဒီ. အမ်. ဂျာရာယမ်တီ
ထူထောင်ရေး
 •  ကိုယ်ပိုင် အုပ်ချုပ်ရေးရခြင်း (ယူကေမှ) ဖေဖော်ဝါရီ ၄၊ ၁၉၄၈ 
ဧရိယာ
 •  စုစုပေါင်း ၂၅,၃⁠၃၂ စတုရန်းမိုင်(၆၅,၆၁၀ km (အဆင့်: ၁၂၂)
 •  ရေဖုံးလွှမ်းမှု (%) ၄.၄
လူဦးရေ
 •  ခန့်မှန်း ၂၀,၂၃၈,၀⁠၀၀[၃] (အဆင့် - ၅၆)
 •  လူဦးရေသိပ်သည်းမှု ၃၀၈.၄/km² (၇၉၈.၉/sq mi)/km2 (အဆင့် - ၅၆)
ဂျီဒီပီ  (ပီပီပီ)) ခန့်မှန်း
 •  စုစုပေါင်း $၁၀၆.၅ ဘီလီယံ[၄] (အဆင့် - ၆၅)
 •  Per capita $၅,၂⁠၂၀
HDI ၀.၆၅၈ (အလယ်)[၅]
(အဆင့် - ၉၁)
ငွေ သီရိလင်္ကာ ရူပီး
Calling code +၉၄
Internet TLD .lk

သီရိလင်္ကာနိုင်ငံ၏ တရားဝင်အမည်မှာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတ သီရိလင်္ကာနိုင်ငံ ဖြစ်ပြီး အိန္ဒိယနိုင်ငံ တောင်ဘက် ကမ်းလွန်ဒေသတွင် တည်ရှိသည်။ တောင်အာရှရှိ ယင်းကျွန်းနိုင်ငံအား ၁၉၇၂ မတိုင်မီတွင် ဆီလွန် (Ceylon) နိုင်ငံဟု ခေါ်ခဲ့သည်။ သီရိလင်္ကာကို အိန္ဒိယ သမုဒ္ဒရာ၊ မန်နာပင်လယ်ကွေ့နှင့် ပေါ့(ခ်)ရေလက်ကြားတို့က ဝန်းရံထားပြီး အိန္ဒိယနှင့် မော်လဒိုက်နိုင်ငံအနီးတွင် တည်ရှိသည်။

သီဟိုဠ်ကျွန်း[ပြင်ဆင်ရန်]

အရွယ်သေးသော်လည်းအရေးကြွယ်သည့်ကျွန်းနိုင်ငံ ဗုဒ္ဓစာပေကျမ်းဂန်တို့၌ လင်္ကာဒီပဟုထင်ရှားခဲ့သည့် ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နောက်တွင် ဗုဒ္ဓအယူဝါဒနေလိုလလိုထွန်းပခဲ့သောကျွန်း၊ ယွန်းဆွမ်းအုပ်၏ ပုံသဏ္ဌာန်ကဲ့သို့မြေမျက်နှာပြင်ရှိသည်။ မဟာဝံသ၊ ဒီပဝံသခေါ် ရှေးမှတ်တမ်းများဖြင့် ကျွန်းနိုင်ငံ၏သမိုင်းများကို ထိန်းသိမ်းလာခဲ့သည်။ သီဟိုဠ်ကျွန်းနှင့်ကျေးကုလားများ၊ ပေါတူဂီနှင့်ဒတ်ချတို့နယ်ချဲ့ပုံ၊ ဗြိတိသျှဓနသဟာယ အဖွဲ့ဝင်အဖြစ်အရေးပါပုံတို့ကိုတင်ပြထားသည်။


ပြာလဲ့လဲ့ပင်လယ်ရေပြင်ဖြင့် ဝိုင်းရံလျက်ရှိ၍ စိမ်းစိုသာယာလှပသော ရှုခင်းတို့ဖြင့် တင့်တယ်ရှုမောဖွယ်ရာဖြစ်သော သီဟိုဠ်ကျွန်းသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ်သည်။ ဗုဒ္ဓဝင် မဟာဝင် စသည့်မြန်မာ့စာပေ ကျမ်းဂန်ကြီးများ၌ ထင်ရှားပါရှိသော လင်္ကာဒီပခေါ်သီဟိုဠ်ကျွန်းအကြောင်းကို ဗုဒ္ဓအယူဝါဒ မြန်မာလူမျိုးများအလွန် ကြားဖူးနားဝရှိနေကြလေသည်။ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်သည်။

ထိုကျွန်းသည်ဗုဒ္ဓဝါဒီတို့သာမက အခြားအယူဝါဒီ အမျိုးမျိုး၏ လေးစားမြတ်နိုးခြင်းကို ခံယူရရှိသော ကျွန်းဖြစ်သည်။ ဂေါတမဘုရား သက်တော်ထင်ရှားရှိစဉ်အခါက လူနေကျွန်း မဟုတ်သေးသော်လည်း လင်္ကာဒီပကျွန်းတွင် နောင်အခါ ဗုဒ္ဓအယူဝါဒသည် ကောင်းစွာခိုင် ကျည်တည်တံ့လိမ့်မည်ဟု ဗျာဒိတ်တော်ချမှတ်ကာ ဘုရားရှင် ကိုယ်တော်တိုင် သုံးကြိမ်သုံးခါ ကြွရောက်တော်မူခဲ့ဖူးသည်ဟူ၍ ဗုဒ္ဓဝါဒီတို့သည် ထိုကျွန်းအပေါ်လေးစားမြတ်နိုးမှုရှိကြလေသည်။

ဟိန္ဒူအယူဝါဒတို့ကမူ ယင်းတို့၏နတ်ဘုရားဖြစ်သော ရာမမင်းသား၏ကြင်ယာတော် သီတာဒေဝီကိုလင်္ကာဒီပကျွန်းရှင် ရာဝဏ(ဒသဂီရိ) ခေါ် နတ်ဘီလူးက အိန္ဒိယနိုင်ငံမှ ခိုးယူပြေးလာရာ၊ ရာမမင်းသားလိုက်လာ၍ ရာဝဏအား အောင်နိုင်ပြီးလျှင် ရာမမင်း၏တန်ခိုးအာဏာစက် ဖြန့်ကျက်ခဲ့ရာဌာနအဖြစ် အမြတ်တနိုးရှိကြသည်။ အိန္ဒိယဘက်ကမ်း ရှိဓနုရှကိုဒီရွာမှသီဟိုဠ်ကျွန်းသို့ ပင်လယ်ရေလက်ကြားကို မီးရထားဖြင့်ဖြတ်ကူးရသည့် ကျောက်တန်းတံတားသည် ရာမ မင်းသားသီဟိုဠ်ကျွန်းသို့ ကူးနိုင်ရန် ဟနုမာန်မျောက်မင်းက ကျောက်တန်းဆည်၍ ဆောက်ပေးခဲ့သည့်တံတားဖြစ်သည် ဟုလည်းယူဆကြသဖြင့် ယင်းကို ဟနုမာန်ကျောက်တန်းဟု ခေါ်ကြလေသည်။

ထိုကျောက်တန်းကို အာဒမ်ကျောက်တန်းဟုလည်း ခေါ်ကြသည်။ ခရစ်ယန်ဝါဒီတို့အလိုမှာ အာဒမ်နှင့်အေးဝတို့ကို အေဒင်ဥယျာဉ်မှနှင်ထုတ်လိုက်သောအခါ သီဟိုဠ်ကျွန်းသို့ လာရောက်နေထိုင်ခဲ့ဖူးသည်ဟူ၏။ မွတ်စလင်တို့ကလည်း ထိုနည်းတူယူဆသည့်ပြင်၊ ယင်းတို့၏တမန်တော် မို့ဟမ္မဒ်သည်လည်း သီဟိုဠ်ကျွန်းတွင် စခန်းတစ်ထောက် နားခဲ့ဖူးသည် ဟူ၍ယူဆကြလေသည်။ သီဟိုဠ်ကျွန်း၏အမည်သည်အမျိုးမျိုးဖြစ်သည်။ ဗုဒ္ဓဝင်၊ မဟာဝင်တို့၏အလိုအရမူထိုကျွန်းသည်ကမ္ဘာအဆက်ဆက်ကပင် တည်ရှိခဲ့၍ ကကုသန်ဘုရားရှင်၏ လက်ထက်တွင်ဩဇာဒီပ၊ ကောဏဂုံဘုရားရှင်၏ လက်ထက်တွင်ဝရဒီပ၊ ကဿပ ဘုရားရှင်၏ လက်ထက်တွင်မဏ္ဍဒီပ၊ ဂေါတမဘုရားရှင်၏ လက်ထက်တွင် လင်္ကာဒီပဟု ခေါ်တွင်သည်ဟုဆိုလေသည်။ သီဟိုဠ်ကျွန်းကိုလူနေတိုင်းပြည်ဖြစ်အောင် စတင် တည်ထောင်ခဲ့သူဟုဆိုသော ဝိဇယမင်းသားနှင့် အပေါင်းအပါတို့ ထိုကျွန်းကိုဆိုက်ရောက်သည့်အခါ ခြေကုန်လက်ပန်းကျလှသဖြင့် ခြေမခိုင်ခွေယိုင်နေကြသော ကြောင့်ကျွန်းပေါ်ရောက်အောင် လက်ဝါးဖြင့်ထောက်တက်ကြရာ မြေနီမှုန့်စွဲကပ်သည်ကို အကြောင်းပြု၍ တမ္ဗပါဏိဒီပဟု ခေါ်ဆိုကြပြန်သည်။ ထိုပြင်မြေပြင်ပြောင်ချောနေ၍ ခြေလှမ်းမခိုင် ယိမ်းယိုင်ကြရသောကြောင့်သင်္ခလဒီပဟု ခေါ်ဆိုကြပြန်ရာ မြန်မာတို့ အခေါ်အဝေါ်အသုံးအနှုန်းအားဖြင့် သိန်းခိုကျွန်း၊ သို့မဟုတ်သိင်္ဃိုကျွန်းဟူ၍လည်း အမည် တွင်ပြန်လေသည်။ သီဟိုဠ်ကျွန်းဟုခေါ်တွင်ခြင်းမှာ ဝိဇယမင်းသားသည် သီဟဗာဟုမင်း၏ သားတော်ဖြစ်၍ သီဟဠမျိုးအနွယ် ဖြစ်ပေရာ သီဟမျိုးက စတင်တည်ထောင်သော တိုင်းပြည် ဖြစ်သဖြင့် သီဟိုဠ်ဟု ခေါ်ဆိုခြင်းဖြစ်သည်ဟုဆိုကြသည်။ လင်္ကာဒီပ၊ သို့မဟုတ် လံကာဒီပဟူသည် ဗြဟ္မဏပုဏ္ဏားတို့၏ အခေါ်အဝေါ်ဖြစ်၍ ခုသီဟိုဠ်သားတို့ကလည်း လံကာဟု ခေါ်ဆိုကြသည်။ အင်္ဂလိပ်တို့ကစီလုံဟု ခေါ်ဝေါ်ခြင်းမှာ ပေါ်တူဂီတို့ကဇီလုံဟု ခေါ်ဝေါ်ခြင်းမှ ဆင်းသက်လာခြင်းဖြစ် ပေသည်။

ယင်းသို့အမည်အမျိုးမျိုးဖြင့် ထင်ရှားခဲ့သော သီဟိုဠ်ကျွန်းသည် ကျွန်းနိုင်ငံဖြစ်တစ်ခုဖြစ်သည်။ အိန္ဒိယကျွန်း ဆွယ်တောင်ဘက်စွန်း၏ တောင်ဘက် အရှေ့ခပ်ယွန်း⁠ယွန်း၌ တည်ရှိသည်။ ၅⁠၅မိုင်ကျယ်သော ပေါ့ကရေလက်ကြားသည် အိန္ဒိယကျွန်းဆွယ် တောင်ဘက်စွန်းနှင့်သီဟိုဠ်ကျွန်းကို ပိုင်းခြားထားသည်။ ထိုကျွန်းသည် မြောက်မှတောင်သို့ ၂ရ၁ မိုင်ရှည်လျား၍ ပြက်အကျယ်ဆုံးနေရာတွင် ၁၃ရ မိုင်ရှိသည်။ ကျွန်း တစ်ခုလုံး၏ အကျယ်အဝန်းသည် ၂၄၉၅၉ စတုရန်းမိုင် ဖြစ်လေသည်။

ကျွန်း၏ပုံသဏ္ဌာန်သည် သစ်သော့သီး၊( သို့မဟုတ်) ဘူးသီးရှည်ပုံနှင့် ဆင်⁠ဆင်တူကာ အောက်ကား၍ အပေါ်ရှူး လေသည်။ ကျောက်ဆောင်ကျောက်တောင် ကျောက်မြေတို့ဖြင့် ဖွဲ့စည်းထားသော ထိုကျွန်း၏ မြေမျက်နှာပြင်သည် ကုန်းပြင်မြင့်ဆန်၍ ယွန်းဆွမ်းအုပ်ကဲ့သို့အလယ်တွင် မို့မောက်သော တောင်ရိုးတောင်တန်းများရှိပြီးလျှင် ဘေးပတ်လည်ဝယ် မြေပြင်အဆင့်ဆင့်နိမ့်လျှော ဆင်းသွားလေသည်။ တောင်ထွတ်များသည် ပေ ရဝ⁠ဝဝ မှ ၈ဝ⁠ဝဝ ကျော်အထိရှိသည်။ အမြင့်ဆုံးတောင်ထွတ်သည် ပီဒူရုတာလာဂါလဖြစ်၍ ၈၂၉၁ ပေမြင့်သည်။ ဗုဒ္ဓ အယူဝါဒီတို့က ဂေါတမမြတ်စွာ ဘုရား၏ခြေတော်ရာရှိရာ တောင်ဖြစ်သဖြင့် စေတီပါဒဟုခေါ်ဆိုကြသော အာဒမ် တောင်ထွတ်ခေါ်သည့်တောင်ထွတ် သည် ရ၃၆၅ ပေ အမြင့်ရှိလေသည်။ အာရပ်လူမျိုးတို့ကမူ ထိုခြေတော်ရာကို အာဒမ်၏ခြေရာဟုဆိုကြလေသည်။

တောင်ထူထပ်သောအပိုင်း၏အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်ပိုင်းသည် ကျဉ်းမြောင်းသော မြေ နိမ့်ကမ်းမြောင်ဒေသဖြစ်သည်။ သို့သော်ကျွန်း၏ မြောက်ဘက်ပိုင်းရှိ ကျယ်ပြန့်သောမြေနိမ့် မြေပြန့်ဒေသသည် ကျွန်း၏အရှေ့ဘက်နှင့် အနောက်ဘက် ပင်လယ် ကမ်းရိုးတန်းအထိ ဖြန့်ကား၍ ထွက်လေသည်။ အလယ်ပိုင်းတောင်ကုန်းဒေသများမှ များမြောင်လှသော မြစ်ချောင်းများသည်အရပ်ရပ်သို့စီးဆင်းသည်။ မဟာ ဝေလိဂင်္ဂါ ၊ကလျာဏီဂင်္ဂါစသောမြစ်တို့သည် ရေစီးသန်သဖြင့် ကူးသန်းသွားလာရေးနှင့်သယ်ယူပို့ဆောင်ရေးအတွက် အရာမရောက်လှပေ။ သီဟိုဠ်ကျွန်းသည် အီကွေတာနှင့်နီးကပ်နေ၍ အပူရှိန် အလွန်ပြင်းထန်သင့်သော်လည်းရေဝန်းရံလျက်ရှိသဖြင့် မျှတသော ရာသီဥတုရှိပေသည်။ အနောက်တောင်ရာသီလေ တိုက်ခိုက်သော ဇွန်လမှအောက်တိုဘာလအတွင်း အနောက်တောင်ဘက်ပိုင်းရှိ မြေနိမ့်ဒေသ၌ ပျမ်းမျှမိုးရေချိန် ရ၅ လက်မရရှိ၍ တောင်ကုန်းဒေသများတွင်လက်မ ၂ဝ⁠ဝ ကျော်သည်။ မြောက်ပိုင်းလွင်ပြင်ဒေသများနှင့် အရှေ့တောင်ဘက်စွန်းတွင် အရှေ့မြောက်ရာသီလေ တိုက်ခိုက်သည့်ကာလ (ဆောင်းရာသီ) အတွင်းမိုးရွာသွန်းသည်။ သို့သော်အများဆုံး မိုးရေချိန်သည် ရ၅ လက်မအောက်နည်း၍ အချို့ဒေသများတွင် လက်မ ၅ဝ ခန့်သာရရှိလေသည်၊၊

သီဟိုဠ်ကျွန်းတွင် မိုးပါးသောရာသီနှင့် မိုးများသော ရာသီမှတစ်ပါး ချမ်းအေးသော ဆောင်းရာသီဟု ဆိုရလောက်အောင် ရာသီဥတုကွာခြားချက်မရှိချေ။ အပူချိန် ကွာခြားချက်သည် ဖာရင်ဟိုက်သုံး ဒီဂရီလေးဒီဂရီခန့်မျှသာ ဖြစ်၍ အစဉ်သဖြင့်ပူအိုက်သည်ဟု ဆိုရသော်လည်း ပျမ်းမျှ အပူချိန်သည် ဖာရင်ဟိုက် ၈၄ဒီဂရီ ခန့်သာဖြစ်သည်။ မြောက်ဘက်အစွန်းဆုံးကျသောဒေသများသည် မိုးအပါးဆုံး ဖြစ်သည်ု့ပြင် တစ်နှစ်လျှင် နှစ်လခန့်မိုးပြတ် နေတတ်လေသည်။ ထိုဒေသများတွင် သီးနှံ အထွက်ကောင်းလိုလျှင် ဆည်မြောင်းများဖြင့် ရေသွယ် စိုက်ပျိုးခြင်းကို လုပ်ကိ်ုင်ကြရလေသည်။

မိုးမပြတ်လှသဖြင့်သရက်၊ပိန္နဲ၊ နာနတ်စသည်တို့ကို အစဉ်မပြတ်ရနိုင်သည်။ လူဦးရေအများစုသည် လယ်ယာ လုပ်ကိုင်ကြသော်လည်း သင့်တင့်သောမြေပြင် မြေပြန့် နည်းပါးခြင်း၊ ကျောက်မြေများပြားခြင်း၊ အချို့အရပ် ဒေသများတွင် မိုးကိုလိုသလောက်မရခြင်းတို့ကြောင့် ဆန်စပါးကို နိုင်ငံတွင်းစားသုံးရန်အတွက်ပင် လုံလုံလောက်လောက်မရရှိသဖြင့် နိုင်ငံခြား၊ အထူးသဖြင့် မြန်မာနိုင်ငံမှတင်သွင်းရသည်။ တောင်စောင်း တောင်ခါးပန်းများ၌ လှေကားထစ်စိုက် ပျိုးခင်းများပြုလုပ်၍ စပါးစိုက်ပျိုးကြသည်။ ကျောက်မြေများတွင်စိုက်ပျိုးရသဖြင့် စပါးကောင်း⁠ကောင်းမထွက်လှဘဲ ဆန်နီများသာထွက်လေသည်။ သီဟိုဠ်ကျွန်း၏ အခြေခံစီးပွားရေးမှာလက်ဖက်၊ ကြက်ပေါင်စေး၊ အုန်းသီး၊ အုန်းဆံစသည့် အုန်းထွက် ပစ္စည်းတို့ဖြစ်ကြသည်။ အုန်းပင်အုန်းတောများသည် သီဟိုဠ်ကျွန်း၌ ကမ်းရိုးတန်းတစ်လျှောက် နေရာဒေသမရွေး များပြားလှစွာ ပေါက်ရောက်သည်။ လက်ဖက်ခြံ၊ ရာဗာ (ကြက်ပေါင်စေး)ခြံ၊ ကိုကိုးခြံ၊ ကော်ဖီခြံ၊ များကိုမြေပြင်မှ အမြင့်ပေ ၂ဝ⁠ဝဝကျော်သော တောင်စောင်းဆင်ခြေလျှောနှင့် ကုန်းမြင့်ပိုင်းတို့တွင်တွေ့ရသည်။

သီဟိုဠ်ကျွန်း၏ထွက်ကုန် ၉၅ရာခိုင်နှုန်းသည်ဆိုခဲ့သော လက်ဖက်ခြောက်၊ ရာဗာနှင့်အုန်း ထွက်ပစ္စည်းများ ဖြစ်ကြ၍ သစ်ကြံပိုး၊ ကိုကိုး ၊ကော်ဖီ၊ စပါးလင်မွှေးနှင့် ဆေးရွက် တို့ကိုလည်း အတော်အသင့်များပြားစွာ စိုက်ပျိုး လုပ်ကိုင်ကြလေသည်။ သီဟိုဠ်ကျွန်းသည် အီကွေတာနှင့်နီးစပ်၍ မိုးများပြားသောနေရာဒေသများ ရှိသော်လည်း ကျောက်မြေများ ပြားသဖြင့် သစ်တောဝါးတောများသည် ကျွန်း၏ဧရိယာ ၁ရ ရာခိုင်နှုန်းမျှသာရှိသည်။ အဖိုးတန်သစ်ဟူ၍ ပျဉ်းကတိုး၊ သင်းကနက်၊ မဟော်ဂနီတို့သာထွက်သည်။ သစ်ကြီးဝါးကြီး ရှားသည်။ ထို့ကြောင့် ပိန္နဲသား မယ်ဇလီသားတို့ကိုအသုံးများ ကြသည်။ ပိန္နဲသားသာမက အသီးကိုလည်း ဆန်အစား ခုစားကြရ၍ သီဟိုဠ်ကျွန်းတွင်ပိန္နဲပင်များကို အရမ်းမဲ့ ခုတ်လှဲခြင်းမပြုရချေ။ ကုန်းမြင့်သစ်တောများအတွင်း တိရစ္ဆာန်အမျိုးမျိုးကို တွေ့ရသည်။ သီဟိုဠ်ကျွန်းသည် ဆင်ပေါများသောနိုင်ငံ တစ်ခုလည်းဖြစ်သည်။ မြ၊ ပတ္တမြား၊ ကြောင်၊ ဆီးကျောက် စသော ကျောက်မျက်ရတနာများဖြင့်လည်းပေါကြွယ်ဝ၍ ဂဝံ ကျောက်အကောင်းစားများလည်း အများအပြား ထွက်ရှိသည်။ အချို့တောင်များမှရွှေလည်းထွက်သည်။ နိုင်ငံတွင်း သုံးလုံလောက်ရုံမျှသော သံရိုင်းများလည်း တူးဖေါ်ရရှိသည်။ ကမ်းရိုးတန်းတစ်လျှောက်မှ ပုလဲများကို ငုတ်ယူရရှိလေသည်။

အာရှတိုက်တွင်သီဟိုဠ်ကျွန်းသည် စာတတ်သူ ဦးရေရာခိုင်နှုန်း အမြင့်ဆုံး (၆၅ရာခိုင်နှုန်း) နိုင်ငံတစ်ခု ဖြစ်သည်။ သူငယ်တန်းမှတက္ကသိုလ်အသက်မွေး ဝမ်းကြောင်းပညာရေးအထိ အခမဲ့ပညာရေးစံနစ်ရှိသည်။ တက္ကသိုလ်သုံးခုရှိ၍ တစ်နိုင်ငံလုံးတွင် စာသင်ကျောင်းပေါင်း ၆ဝ⁠ဝဝ ကျော်ရှိသည်။ ဗြိတိသျှတို့ လက်ထက်မှစ၍ အင်္ဂလိပ်စာသည် ရုံးသုံးဖြစ်ခဲ့ရာ ၁၉၅ရ ခုနှစ်တွင် သီဟိုဠ်ဘာသာကို ရုံးသုံးပြုလုပ်သည်။ သို့သော်တမ္မီလ် (ဓမ္မိလ) လူမျိုးတို့က ကန့်ကွက်သဖြင့် တမီလ်ဘာသာကိုလည်း အသုံးပြုခွင့်ပေးခဲ့ရလေသည်။ လူဦးရေ ၁⁠၁၉⁠၉၂ဝ⁠ဝဝ ယောက် (၁၉၆၈ခုနှစ်ခန့်မှန်းသန်ကောင်စာရင်း) ရှိသည်အနက်လေးပုံ သုံးပုံသည် တောနယ်များတွင်နေထိုင်ကြ၍ စိုက်ပျိုးရေး လုပ်ကိုင်ကြသည်။ အနောက်ဘက်နှင့်တောင်ဘက်ပိုင်းသည် မြောက် ဘက်နှင့်အရှေ့ဘက် မြေနိမ့်ပိုင်းများထက်ပို၍ လူဦးရေထူထပ်သည်။ မြောက်ဘက် မြေနိမ့်ပိုင်းသည် ရှေးနှစ်ပေါင်း ၁ဝ⁠ဝဝ ကျော်ခန့်က မင်းနေပြည်တော်များ တည်ရှိခဲ့သောဒေသဖြစ်၍ လူနေမှုအဆင့်အတန်းမြင့်လျက် စည်ပင်ထွန်းကားခဲ့လေသည်။ ထိုဒေသကို ယခုအခါ ကန်ဆည်တူးမြောင်းများဖြင့် စိုက်ပျိုးရေးပြန်လည် ကောင်းမွန်အောင် ဆောင်ရွက်ကာပြန်၍ စည်ပင်ထွန်းကားရန် ကြိုးစားလျက်ရှိလေသည်။ လွတ်လပ်သော နိုင်ငံတစ်ခု ဖြစ်လာပြီးသည့်နောက်တွင် စက်မှုလုပ်ငန်းများလည်း တိုးတက်လာ၍ စက်ရုံအလုပ်ရုံများ တိုးတက်များပြားလာသည်။ ယခုအခါအောင်မြင်လျက်ရှိသော စက်မှုလုပ်ငန်းများမှာ ဖန်ထည်ကြွေထည်လုပ်ငန်း၊ သားရေလုပ်ငန်း၊ စက္ကူလုပ်ငန်း၊ ရာဗာလုပ်ငန်းနှင့်သုံးထပ်သားလုပ်ငန်းတို့ ဖြစ်လေသည်။ သီဟိုဠ်ကျွန်းသည် သေးငယ်လင့်ကစား ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ကူးသန်းသွားလာသောပင် လယ်ကူးသင်္ဘော ကြီးများ ဆိုက်ကပ်ရပ်နား၍ ရိက္ခာဖြည့်တင်းရန် အချက်အခြာကျသော စခန်းဖြစ်ပေသည်။ ပင်လယ်ကူး သင်္ဘောကြီးများဆိုက်ကပ်ရပ်နားရန်လည်းကောင်း၊ ကုန်သွယ်စီးပွားရေးအတွက် အရေးပါသော သင်္ဘောဆိပ်မြို့ ကြီးများမှာ ကိုလံဗို၊ ထရင်ကိုမလီ၊ ဂါလေစသော မြို့ကြီးများဖြစ်ကြသည်၊ ကိုလံဗိုမြို့သည်သီဟိုဠ်ကျွန်း၏ မြို့တော်လည်းဖြစ်၍ အာရှတိုက်တွင်အထင်ရှားအကျော်ကြား ဆုံးသော သင်္ဘောဆိပ်မြို့ကြီးတစ်မြို့လည်းဖြစ်သည်။

ကုန်းဘက် ကျသောကန္ဒီ၊ ဂျက်ဖနာမြို့တို့သည်လည်း အရောင်းအဝယ်စည်ကားသော သိဟိုဠ်မြို့ကြီးများဖြစ်ကြသည်။ တောင်ကုန်းဒေသရှိ ကန္ဒီမြို့သည် သီဟိုဠ်မင်းတို့၏ နောက်ဆုံး နေပြည်တော်ဖြစ်၍ ကိုလံဗိုနှင့် ရ၄ မိုင်မျှသာဝေးကွာလေသည်။ သီဟိုဠ်ကျွန်း၌ လူဦးရေအများစုသည် သီဟိုဠ်လူမျိုး များဖြစ်ကြသည်။ ယင်းတို့သည် သိမ်မွေ့၍အေးဆေးစွာ နေထိုင်မှုကိုနှစ်သက်မြတ်နိုးကြသည်။ ပွဲလမ်းသဘင်အခါများ၌ ယင်းတို့၏ ဆင်ယင်ထုံးဖွဲ့မှုသည် ထူးထွေဆန်းပြား၍ တစ်မျိုးတစ်ဖုံလှပသည်။ သီဟိုဠ်ကျွန်း၏အဓိကအယူဝါဒသည် ဗုဒ္ဓအယူဝါဒဖြစ်သည်။ ထိုပြင်ဟိန္ဒူ၊ ခရစ်ယန်၊ အစ္စလာမ် အယူဝါဒီတို့လည်း အတော်အသင့်များပြားလေသည်။

သီဟိုဠ်မင်းများ လက်ထက်ကဗုဒ္ဓအယူဝါဒကို အလွန်ခြီးမြှင့်မြှောက်စားခဲ့သည်။ ဗုဒ္ဓသာသနိကအဆောက် အအုံများလည်း ထိုကျွန်း၌များပြားလှသည်။ အနိုင်နိုင်ငံမှ ဗုဒ္ဓဝါဒီတို့အထူးသဖြင့် အထွတ်အမြတ်ထား၍ မြတ်နိုးရိုသေ ကြသောနှစ်ဌာနမှာ ဒက္ခိဏသာခါမဟာဗောဓိပင်နှင့် စွယ်တော်တိုက်ဖြစ်သည်။ ဒက္ခိဏသာခါဗောဓိပင်သည် ဂေါတမ မြတ်စွာဘုရားပွင့်တော်မူရာမူလဗောဓိပင်၏ လက်ယာ တောင်ကိုင်းကို သီရိဓမ္မာသောကမင်းကြီး၏သမီးတော်၊ ရှင်မဟိန္ဒ ၏နှမတော်သင်္ဃမိတ္တာထေရီမ ပင့်ဆောင်လာ၍ စိုက်ပျိုးထားခဲ့ခြင်းဖြစ်သဖြင့်နှစ်ပေါင်း ၂ဝ⁠ဝဝ ကျော်ခဲ့ပေပြီ။ ကန္ဒီမြို့ တွင်ရှိသည့် စွယ်တော်တိုက်တွင် ဂေါတမ မြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ဟုဆိုကြသော စွယ်တော်မြတ်ကို ရှင်သာရိပုတ္တရာ၏ တပည့်ရဟန္တာမြတ် တစ်ပါးထံမှရရှိသဖြင့် ကလိင်္ဂရာဇမင်း အဆက်ဆက်တို့ ကိုးကွယ်ခဲ့သည်။ ကုဟ ဝတီမင်းလက်ထက်တွင် တိုင်းပြည် ရေးမသာယာသဖြင့် ထိုမင်း၏ သမီးတော်နှင့် သားမက်တော်တို့သည် စွယ်တော် မြတ်ကိုပါပင့်ဆောင်၍ သီဟိုဠ်ကျွန်းသို့တိမ်းရှောင်ခဲ့ကြသည်။ ထိုအခါမှစ၍ သီဟိုဠ် မင်းအဆက်ဆက်တို့သည် စွယ် တော်မြတ်ကို ကြည်ညို မြတ်နိုးစွာပူဇော်ကိုးကွယ်ကြသည်။ စွယ်တော်လက်ရှိ ပုဂ္ဂိုလ်သာလျှင် သီဟိုဠ်ကျွန်းကိုအစိုးရ နိုင်မည်ဟု ယုံကြည်ခဲ့ကြ၍ ထိုမင်းအဆက်ဆက်တို့သည် စွယ်တော်မြတ်ကို မိမိတို့နှင့်မကင်းကွာစေပဲ နေပြည်တော် အမျိုးမျိုးပြောင်းရွှေ့ရာသို့ ပင့်ဆောင်ကိုးကွယ်ခဲ့ကြလေသည်။ သီဟိုဠ်ကျွန်း၏ရှေးဦးသမိုင်းသည် ဒဏ္ဍာရီ ပုံပြင်ဆန်သည်။ ဗုဒ္ဓဝင်၊မဟာဝင်တို့၏အလိုအရထိုကျွန်းကို လူနေနိုင်ငံအဖြစ်စတင်တည်ထောင်ခဲ့သော ဝိဇယမင်းသားနှင့် အပေါင်းပါတို့ ဖောင်ဆိုက်သည့်နေ့သည် ကုသိန္နာရုံ၌ ဂေါတမ မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူသောနေ့ဟု ဆိုကြ လေသည်။

ဝိဇယမင်းသားသည် သီဟိ်ုဠ်ကျွန်းကိုလူနေနိုင်ငံအဖြစ် ထူထောင်၍ တစ်ကျွန်းလုံး၏ဧကရာဇ်ခံယူကာ ရှေးဦးစွာ ရာဇရတနာဟုခေါ်သော မြို့ကိုမင်းနေပြည်ပြုလျက် စိုးစံသည်။ နောင်အခါတွင်မူ အနုရာဓပူရမြို့သည် မင်းနေပြည်ဖြစ်လာ၍ အလွန်ထင်ရှားကျော်ကြားခဲ့သည်။ သီဟိုဠ်ရာဇဝင်သမိုင်း၌ အထင်ရှားဆုံးသော အဖြစ်အပျက်မှာဘီစီ ၂၅ရ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှှမဂဓပြည့်ရှင်သီရိဓမ္မာသောကမင်းကြီး၏ သားတော်ရှင် မဟိန္ဒရဟန္တာအရှင်မြတ်သည် သီဟိုဠ်ကျွန်းသို့ သာသနာပြုကြွရောက်လာခြင်းဖြစ်ပေသည်။ ထိုခေတ်အခါသည် အနုရာဓပူရမြို့တော်ကြီး၌ ဒေဝါနံပီယတိဿမင်း စိုးစံနေချိန်ဖြစ်၍ ထိုမင်းကလည်း ဗုဒ္ဓသာသနာတော်ကို အလွန်ခြီးမြှင့်သဖြင့် ထိုအချိန်အခါမှစ၍ ဗုဒ္ဓသာသနာရောင်ဝါ သည် သီဟိုဠ်ကျွန်း၌ နေရောင်လရောင်ပမာ ထွန်းလင်း တောက်ပခဲ့လေသည်။ လင်္ကာဒီပခေါ်သီဟိုဠ်ကျွန်း၌ ဗုဒ္ဓသာသနာ မျိုးစေ့စတင်မြုပ်နှံရာသည် အနုရာဓမြို့တော်ကြီး ဖြစ်လေသည်။

အနုရာဓမြို့တော် ထွန်းကားသည့်ခေတ်သည် ခရစ် ၁ဝ ရာစုနှစ်တိုင်အောင် အဓွန့်ရှည်ကြာစွာ တည်တံ့ခဲ့ လေသည်။ သီဟိုဠ်ကျွန်းသည် အခြားအရှေ့တိုင်းနိုင်ငံများနှင့် မတူထူခြားချက်မှာ (မဟာဝင်) မဟာဝံသခေါ် ရှေးသမိုင်း မှတ်တမ်းများရှိခဲ့ခြင်းပေတည်း။ ထိုကျွန်းကို လူနေကျွန်းအဖြစ်စတင် တည်ထောင်သည့်အချိန်မှသည် မဟာသေနမင်း၏ လက်ထက်(ခရစ်နှစ်၃ဝ၄) တိုင်အောင် ကျွန်း၏ သမိုင်းကိုဖေါ်ပြသောဒီပဝင် (ဒီပဝံသ) ခေါ်သည့် ကျမ်းတစ်စောင် သည်လေးရာစုနှစ်တွင် ပေါ်ထွက် လာလေသည်။ နောင်အနှစ် ၁ဝဝ ခန့်အကြာတွင် မဟာဝင်ကျမ်းပေါ်ထွက်လာသည်။ ထိုမဟာဝင်ကျမ်းကို မင်းအဆက်ဆက်တို့ ဖြည့်စွက်ပြုစုခဲ့ကြရာ ၁၈၁၅ ခုနှစ် အထိသမိုင်းစဉ်များပါရှိ၍ အခန်းကဏ္ဍပေါင်း ၁ဝ⁠ဝခန့် ပါဝင်သည်။ ထိုဒီပဝင်နှင့်မဟာဝင်တို့ကို ပါဠိဘာသာဖြင့် ပြုစုထားလျက် သီဟိုဠ်ကျွန်း၏ သမိုင်းဖြစ်စဉ်များအတွက် အလွန်အထောက်အပံ့ရရှိသော ရည်ညွှန်းကျမ်းများဖြစ်လေသည်။ သီဟိုဠ်သားတို့၏ ထူးခြားမှတ်သားဖွယ်ကောင်းသော စွမ်းဆောင်မှုများသည် အနုရာဓခေတ်တွင် ပေါ်ထွက်ခဲ့သည်။ ဘုရင်စိုးမင်းတို့သည် သက်ဦးဆံပိုင်များဖြစ်ကြသော်လည်း စိတ်ကောင်းစေတနာရှိကြ၍ အများအကျိုးပြု ပုဂ္ဂိုလ်များ များပြားသည်။ ဘုရင်များသည်ဗုဒ္ဓဝါဒီများဖြစ်ကြ၍ ဗုဒ္ဓသာသနာတော်လည်း အလွန်ခြီးမြှင့်ကြသည်။ အုပ်ချုပ်ရေးသည် ဒီမိုကရေစီဆံ၍ ကျေးရွာဇနပုဒ်တိုင်အောင် ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့်အတန်းမျိုးရှိသည်။ နိုင်ငံတစ်ခုလုံး၏ အခြေခံစီးပွားရေးသည် စိုက်ပျိုးရေးဖြစ်သည်။ ယဉ်ကျေးမှုရေးရာတွင် အိန္ဒိယမြောက်ပိုင်းနှင့်ကူးလူးဆက်ဆံ မှုများပြားလေသည်။ ထိုခေတ်တွင်အထင်ရှားဆုံးသောမင်းမှာ ဒုဋ္ဌဂါမဏိမင်း ဖြစ်ပေသည်။

သီဟိုဠ်ကျွန်းကို အိန္ဒိယတောင်ပိုင်းမှတမီလ် (ဓမ္မိလ) ကျေးကုလားတို့ မကြာခဏလာရောက် တိုက်ခိုက်ဖျက် ဆီးလေသည်။ ယင်းတို့၏ အရှင်ဘုန်းလက်ရုံးနှင့်ပြည့်စုံသော ဧဠာရကျေးကုလားမင်းကို ဒုဋ္ဌာဂါမဏိမင်းက အောင်နိုင်ကာ၊ သီဟိုဠ်ကျွန်းနှင့် ဗုဒ္ဓသာသနာတော်ကို ကျေးကုလားတို့လက်မှ ကယ်တင်နိုင်ခဲ့လေသည်။ ထိုမင်းသည်သာသနာတော်၌ အလွန်ကြည်ညိုလေးစား၍ သီဟိုဠ်ကျွန်း၏အဓိကရ စေတီတော်ကြီးဖြစ်သော မဟာစေတီတော်ကြီးကိုတည် ဆောက်ခဲ့လေသည်။

အနုရာဓမြို့တော်ကြီးတွင် ဗုဒ္ဓသာသနာကိုခြီးမြှင့် ကြသော သာသနိကအဆောက်အအုံများဖြင့် ပြည့်နှက် စည်ကားခဲ့သည်။ လူနေမှုအဆင့်အတန်းမြင့်၍ ထိုမြို့တော်ကြီးတွင် ကျေးမှုအရပ်ရပ်တို့လည်း တိုးတက်ခဲ့သည်။ ခရစ်ငါးရာစုနှစ်တွင် ဂရိ၊ ရောမ၊ အာရပ်၊ အီဂျစ်နှင့် တရုတ်နိုင်ငံတို့သည် ထိုမြို့တော်ကြီးကိုအကြောင်းပြု၍ သီဟိုဠ်အကြောင်းကို သိရှိနေကြပေပြီ။ ယင်းသို့ကြီးကျယ် စည်ကားသိုက်မြိုက်ခဲ့သော မြို့တော်ကြီးမှာ ယခုအခါ ယခင်က ထွန်းတောက် ကောင်းစားခဲ့သည့်အရှိန်အဝါကို အရိပ်အယောင်မျှပင်မတွေ့ရလောက်အောင်မြို့ပျက်ကြီး ဖြစ်နေလေပြီ။ ဆယ်ရာစုနှစ်ကုန်ဆုံးလုနီးတွင် အိန္ဒိယနိုင်ငံ တောင်ပိုင်းမှ စောဠမင်းတို့သည်သီဟိုဠ်ကျွန်းသို့ လာရောက် တိုက် ခိုက်သိမ်းပိုက်ကြပြီးလျှင် အနုရာဓမြို့တော်ကြီးကို ဖျက်ဆီးပစ်ကြပြီးနောက် ပေါဠဏရုဝဟူသော မြို့တော်သစ်ကို တည်ထောင်ကြကာ စောဠမင်းတို့စိုးစံအုပ်ချုပ်ကြသည်။ သို့သော် နှစ်ပေါင်း ၆ဝခန့်မျှသာထိုမင်းဆက်တို့စိုးစံရ၍ နောင်အခါ ပထမဝိဇယဗာဟု အမည်ခံယူသော မင်းသည် စောဠမင်းတို့၏ အုပ်ချုပ်ရေးစံနစ်အတိုင်း ဆက်ခံ ဆောင်ရွက်ကြ၍ နိုင်ငံရေးရာ အကြောင်းကြောင်းတို့ အိန္ဒိယတောင်ပိုင်း တိုင်းပြည်များနှင့် အဆက်အဆံ များခဲ့လေသည်။ ထို့ကြောင့် ထိုခေတ်အနုပညာလက်ရာများတွင် ဒြာဗီးဒီးယန်းနှင့်ဟိန္ဒူယဉ်ကျေးမှုတို့၏ လွှမ်းမိုးမှု၊ ဖက်စပ်ပါဝင်မှုများကို တွေ့ကြရ လေသည်။

ပေါဠဏရုဝမြို့တော်ကြီး ထွန်းကားသည့်ခေတ်တွင် အထင်ရှားဆုံးသော မင်းသည် ခရစ် ၁⁠၁၅၃ ခုနှစ်မှ၁ ၁၈၆ခုနှစ်အတွင်း စိုးစံသော ပထမမြောက်(မဟာ) ပရက္ကမဗာဟုမင်းဖြစ်သည်။ အိန္ဒိယတောင်ပိုင်း မကြာခဏ လာရောက်တိုက်ခိုက်မှုများကြောင့် နိုင်ငံ၏အခြေအနေ အကွဲကွဲအပြားပြားဖြစ်နေခြင်းကို ထိုမင်းသည် ပြန်လည်စုစည်းစေပြီးလျှင် ခိုင်ခံ့မြဲမြံစွာအုပ်ချုပ်ခဲ့သည်။ အိန္ဒိယတောင်ပိုင်းမှနိုင်ငံအချို့သို့လည်း မိမိ၏ တပ်မတော်များကိုချီတက် တိုက်ခိုက် စေကာအောင်ပွဲများ ရရှိခဲ့သည်။ ထိုမင်းသည်မင်းကျင့်တရား ၁ဝ ပါးနှင့်အညီ မင်းပြုသည်။ နိုင်ငံအတွင်း၌ခိုးသား ဓားပြ စသည့် ဆူပူသောင်းကျန်းမှုများ ငြိမ်းအေးစေပြီးလျှင် ရိက္ခာလုံလောက်ပြည့်ဝရေးကို ဆောင်ရွက်စေသည်။ ကျောင်းကန်ဘုရား စသည့် သာသနိကအဆောက်အအုံများကို ကြီးကျယ်စွာဆောက်လုပ်လှူဒါန်းခဲ့လေသည်။ ပေါဠဏရုဝ မြို့ကြီးထွန်းကားသည့်ခေတ်တွင် သီဟိုဠ်ကျွန်းသည် ကမ္ဘောဒီးယား တရုတ် စသည်တို့ကဲ့သို့ ခရီးဝေးကွာသော နိုင်ငံများနှင့်ပင်အဆက်အဆံရှိခဲ့လေသည်။

တစ်ဆဲ့သုံးရာစုနှစ်တွင် ဓမ္မိလကျေးကုလားတို့ လာရောက်တိုက်ခိုက်ပြန်သဖြင့် ပေါဠဏရုဝမြို့ တော်ကြီးပျက် စီးရပြန်လေသည်။ ထိုနောက်တွင်ကားဘုန်းလက်ရုံးဖြင့် ပြည့်စုံသော မင်းများလည်းမပေါ်ပေါက်။ အနုရာဓ၊ ပေါဠ ဏရုဝတို့ကဲ့သို့ ထင်ပေါ်ကျော်ကြားသော မြို့ကြီးများလည်း မထွန်းကားနိုင်တော့ချေ။ အိန္ဒိယတောင်ပိုင်းမှလည်းကောင်း၊ မလ္လာယုကျွန်းဆွယ်မှလည်းကောင်း၊ တရုတ်နိုင်ငံမှ လည်းကောင်း လာရောက်တိုက်ခိုက်ခြင်းများကိုလည်း မကြာခဏခံရ ပြီးလျှင်သီဟိုဠ်မင်းတို့သည် မိမိတို့၏ နေပြည်တော်ကို တစ်မြို့ပြီးတစ်မြို့ရွှေ့ပြောင်းနန်းစိုက်ခဲ့ကြရာ မင်းနေပြည်တော် များသည် အထူးသဖြင့် အနောက်ဘက် ကမ်းရိုးတန်းဘက်သို့ တဖြည်း⁠ဖြည်းနီးကပ်သွားလေသည်။

ယင်းသို့မငြိမ်မသက် ခေတ်ကြီးအတွင်း၌ ထူးခြားထင်ရှားသည်ဟု ဆိုရသောမင်းတစ်ပါးမှာ ဒုတိယပရက္ကမဗာဟု ဖြစ်ပေသည်။ ထိုမင်း၏ နောက်ဆက်ခံသော မင်းတို့မှာပျော့ညံ့သော မင်းများဖြစ်ကြ၍ ဓမ္မိလကျေးကုလားတို့၏ ရန်ကိုလည်းမတွန်းလှန်နိုင်ကြ တော့သဖြင့် သီဟိုဠ်ကျွန်း မြောက်ပိုင်းသည် ကျေးကုလားတို့၏ လက်အောက်သို့ကျရောက်ခါ ပြည်နယ်အများကွဲပြား လျက်ရှိခဲ့သည်။ တောင်ပိုင်းသည်မူ ကျေးကုလားတို့၏ လက်အောက်ခံမဟုတ်ချေ။ ထိုခေတ်တွင်ကျေးကုလားတို့၏ ရန်ကိုတွန်းလှန်နိ်ုင်ခဲ့သောသီဟိုဠ်မင်းကား ဆဋ္ဌမပရက္ကမဗာဟုဖြစ်၍ ယခုကိုလံဗိုမြို့အနီးရှိကုတ္တေမြို့၌ စိုးစံခဲ့သည်။ သို့သော်သီဟိုဠ်ကျွန်းကားပြန်လည် ပေါင်းစည်းခြင်းမရှိတော့ချေ။ ၁၅ဝ၅ ခုနှစ်တွင် ပေါ်တူဂီများသည်သီဟိုဠ်ကျွန်းသို့ ရောက်လာသည်။ ထိုအချိန်တွင် သီဟိုဠ်မင်းတို့ ထီးပြိုင် နန်းပြိုင်စိုးစံနေကြသည့်အပြင် ဂျက်ဖနာမြို့တွင် ဓမ္မိလကျေးကုလားတို့ကလည်း တစ်ထီးတစ်နန်း စိုးစံနေကြသည်ကိုတွေ့ ရသည်။ ပေါ်တူဂီတို့သည် ထိုပြည်ထောင်များကို တဖြည်း⁠ဖြည်းသိမ်းသွင်းခဲ့ရာ ကန္ဒီမှတစ်ပါးအခြားပြည်ထောင်တို့သည် ပေါ်တူဂီတို့ လက်အောက်သို့ကျရောက်ခဲ့ကြလေသည်။ ပေါ်တူဂီတို့သည် မိမိတို့ယဉ်ကျေးမှုနှင့်ခရစ်ယန်အယူဝါဒကိုပါ ထိုအခါမှစ၍ သီဟိုဠ်ကျွန်းမှပျံ့နှံ့စေခဲ့လေသည်။

သီဟိုဠ်ကျွန်းတွင်မင်းမူနေသော ပေါ်တူဂီတို့အား နိုင်သူပေါ်လာပြန်ပေရာ ယင်းတို့မှာဒပ်ချများဖြစ်သည်။ ဒပ်ချ တို့သည် ၁၆၅၆ ခုနှစ်၌ ကိုလံဗိုမြို့ကိုသိမ်းယူသည်။ ဒပ်ချတို့သည် သီဟိုဠ်ကျွန်း၏ အုပ်ချုပ်ရေး ကုန်သွယ်စီးပွားရေးတို့ မြဲမြံခိုင်ခံ့အောင်ဆောင်ရွက်လေသည်။ ဒပ်ချတို့ကိုဗြိိတိသျှတို့က တစ်ဖန် တိုက်ထုတ်ပြန်လေသည်။ ခရစ် ၁ရ၉၆ ခုနှစ်တွင် ဒပ်ချ ဘုရင်ခံသည်မိမိ လက်အောက်ရှိနယ်ပယ်အားလုံးကို ဗြိတိသျှတို့အား ပေးအပ်ရလေသည်။ နှစ်⁠နှစ်ခန့်မျှ ဗြိတိသျှအစိုးရသည် မဒရပ်မြို့ရှိ အရှေ့အိ်န္ဒိယကုမ္ပဏီမှတစ်ဆင့် သီဟိုဠ်ကျွန်းကိုအုပ်ချုပ်ခဲ့သည်။ ယင်းသို့အုပ်ချုပ်ခြင်းကို သီဟိုဠ်သားတို့က မနှစ်သက်ကုန်။ ထို့ကြောင့် ဆူပူ လှုပ်ရှားမှု၊ ပုန်ကန်မှုများပေါ်ပေါက်လာသဖြင့် ၁ရ၉၈ ခုနှစ် တွင် သီဟိုဠ်ကျွန်းကို ကရောင်း ကိုလိုနီစံနစ်ဖြင့် အုပ်ချုပ်ရလေသည်။

ထိုအချိန်တိုင်အောင်ဗြိတိသျှတို့သည် ကန္ဒီုမြို့ကို မသိမ်းပိုက်နိုင်သေးချေ။ နောင်အခါတွင် ကန္ဒီမြို့၌စိုးစံ နေသော သီဟိုဠ်မင်းသီရိဝိကရမမင်းသည် ထီးနန်းကို စွန့်ရသည်။ ထိုအခါတွင်မှ သီဟိုဠ်တစ်ကျွန်းလုံးသည် ဗြိတိသျှ လက်အောက်သို့ကျရောက်ခဲ့လေသည်။ ဗြိတိသျှတို့သည် တစ်ကျွန်းလုံးကို ကရောင်း ကိုလိုနီအုပ်ချုပ်ရေးစံနစ်ဖြင့်အုပ်ချုပ်သည်။ အင်္ဂလိပ်အစိုးရ သည် သီဟိုဠ်ကျွန်းတွင်ကာဖီပင်၊ ထိုနောက်လက်ဖက်ပင်၊ ရာဗာပင်တို့ကို စတင်စိုက်ပျိုး၍ ယင်းစိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပေးသည်။ ထိုကျွန်းသည် ဗြိတိသျှအစိုးရအတွက် စစ်သေနင်္ဂဗျူဟာအရလည်းကောင်း၊ ကုန်သွယ်စီးပွားရေးအတွက်လည်းကောင်း အချက်အချာ ကျသောကိုလိုနီတစ်ခုဖြစ်ပေသည်။ သီဟိုဠ်သားတို့ကလည်း အုပ်ချုပ်ရေးစံနစ်ကို တိုးတက်ပေးရန် တောင်းဆိုလာကြသဖြင့် တစ်စတစ်စ တိုးတက်ပေးခဲ့လေသည်။

ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တို့၏ အာရှ အရှေ့တောင်ပိုင်းစစ်ဋ္ဌာနချုပ်ကို သီဟိုဠ်ကျွန်းတွင် ဖွင့်လှစ်ထားခဲ့လေသည်။ အရှေ့တောင်အာရှမှ ဖက်ဆစ်ဂျပန်များကို တိုက်ထုတ်ရန်မဟာမိတ်တပ်များကို သီဟိုဠ်ကျွန်း၌ လေ့ကျင့်ပေးရသည်။ စစ်ကြီးပြီးဆုံးပြီးနောက် ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ ၄ရက်နေ့တွင် ဗြိတိသျှ အစိုးရက သီဟိုဠ်ကျွန်းကို ဗြိတိသျှဓနသဟာယအဖွဲ့ဝင် ဒိုမီနီယန်နိုင်ငံတစ်ခုအဖြစ် တိုးတက်သတ်မှတ်ပေးခဲ့သည်။ သီဟိုဠ်ကျွန်း၏အုပ်ချုပ်ရေးစံနစ်သည် ပါလီမန် ဒီမိုကရေစီစံနစ်ဖြစ်လေသည်။ သီဟိုဠ်ပါလီမန်သည် အထက် အောက်လွှတ်တော်နှစ်ရပ်ပါဝင်လေသည်။ ယခုလက်ရှိ ဗြိတိသျှဘုရင်မကိုနိုင်ငံ၏ အထွတ်အထိပ်ထားရှိ၍ ဘုရင်မကို သီဟိုဠ်သားဘုရင်ခံချုပ်ကကိုယ်စားပြုသည်။

သို့သော် အုပ်ချုပ်ရေးတွင်တကယ်တမ်းအာဏာရှိသူမှာ အစိုးရအဖွဲ့ခေါင်းဆောင်ဝန်ကြီးချုပ်ဖြစ်သည်။ ယခု လက်ရှိ ဝန်ကြီးချုပ်သည် သီရိမာဗိုဗန္ဓနိုက်ကေးဖြစ်၍ ကမ္ဘာပေါ်တွင် ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်ပေတည်း။ ၁၉၅၉ ခုနှစ်စက်တင်ဘာလ ၂၅ ရက်နေ့တွင် ခင်ပွန်းသည်ဖြစ်သူ သီဟိုဠ်ဝန်ကြီးချုပ်စော်လမွန်ဗန္ဓရာနိုက်ကေး လုပ်ကြံခံရသည်မှအစပြု၍ ခင်ပွန်းသည်၏ သီရိလင်္ကာလွတ်လပ်ရေးပါတီ ခေါင်းဆောင်နေရာကို ဆက်ခံခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်ပါလီမန်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရာ မဲဆန္ဒအများဆုံးရရှိသူ တစ်ဦးဖြစ်ခဲ့၍ ထိုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင်ဝန်ကြီးချုပ်ရာထူးကို လက်ခံဆောင်ရွက်ခဲ့လေသည်။

သီဟိုဠ်ကျွန်းသည် ဒုတိယကမ္ဘာစစ်ပြီးခေတ်၌ အာရှတိုက်အရေးတွင် အရေးပါအရာရောက်သော နိုင်ငံတစ်ခုဖြစ် လာလေသည်။ ကြားနေဝါဒကိုလည်း တည့်မတ်စွာကျင့်သုံးခဲ့သည်။ ၁၉၅ဝ ပြည့်နှစ် တွင်ကိုလံဘိုမြို့၌ တည်ထောင်သော ကိုလံဘိုစီမံကိန်းကိုပေါက်ဖွားပေးသည့် ဓနသဟာယအဖွဲ့ဝင် နိုင်ငံများတွင်သီဟိုဠ်သည် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထိုပြင်အာရှအာဖရိက နိုင်ငံများစည်းလုံးရေးအတွက် ဗန်ဒေါင်းညီလာခံ ဖြစ်မြောက်ရေးကိုကြိုးပမ်းသော နိုင်ငံများတွင်လည်း ရှေ့တန်းမှပါဝင်ခဲ့လေသည်။ ၁၉၆၂ − ၆၃ ခုနှစ်အတွင်း အိန္ဒိယ−တရုတ် နယ်နိမိတ်ပြဿနာနှင့် စပ်လျဉ်း၍ ထိုနှစ်ပြည်ထောင်တို့ တင်းမာမှုလျော့ပါးစေရန် စေ့စပ် ဖြန်ဖြေရေးတွင် သီဟိုဠ်နိုင်ငံကပင်ခေါင်းဆောင်လျက် ကိုလံဘိုခြောက်နိုင်ငံအဖွဲ့ဟူ၍ ဖွဲ့စည်းပြီးလျှင်ကြိုးပမ်းခဲ့သည်။

၁၉၆၅ ခုနှစ်မတ်လ ၂၂ ရက်နေ့တွင်ကျင်းပခဲ့သော သီဟိုဠ်ပါလီမန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် သီရိမာဗိုဗန္ဓရာနိုက်ကေး၏ပါတီ အရေးနိမ့်သွား၍ မစ္စတာဒဒ္ဒလီဆင်နာနာယကေးခေါင်းဆောင်သည့် အတိုက်အခံပါတီဖြစ်သော ညီညွတ်သောအမျိုးသားပါတီက အောင်ပွဲခံခဲ့လေသည်။ မစ္စတာဒဒ္ဒလီဆင်နာနာယကေး ဦးဆောင်လျက်ဝန်ကြီး ၁ရဦးပါ ဝင်သောသီဟိုဠ်အစိုးရ အဖွဲ့သစ်သည်မတ်လ ၂ရ ရက် နေ့တွင်ကျမ်းသစ္စာကျိန်ဆိုကာ နိုင်ငံအုပ်ချုပ်ရေးကိုစတင် ဆောင်ရွက်ခဲ့လေသည်။ ၁၉ရဝ ပြည့်နှစ်ပါလီမန်ရွေးကောက်ပွဲတွင် သီရိမာဗိုဗန္ဓရာနိုက်ကေး၏ ပါတီအောင်ပွဲခံ နိုင်ခဲ့ပြန်၍ သီရိမာဗိုဗန္ဓရာနိုက်ကေးသည် ဝန်ကြီးချုပ်ပြန်ဖြစ်လာခဲ့သည်။ ၁၉ရ၂ ခုနှစ်မေလ ၂၂ ရက်နေ့တွင်သီဟိုဠ်နိုင်ငံကို သမ္မတနိုင်ငံအဖြစ် ကျေညာခဲ့သည်။ ထိုသို့ကျေညာခဲ့ပြီး နောက် နိုင်ငံ၏အမည်ကိုလည်း သီရိလင်္ကာသမ္မတနိုင်ငံဟု အမည်ပြောင်းလိုက်လေသည်။[၆]

ကိုးကား[ပြင်ဆင်ရန်]

  1. Sri Lanka at a Glance။ Sri Lanka Board of Tourism။ 21 August 2011 တွင် ပြန်စစ်ပြီး။
  2. Sri Lanka: Parliament History။ The Official Website of the Government of Sri Lanka (24 November 2011)။ 17 July 2011 တွင် ပြန်စစ်ပြီး။
  3. Department of Economic and Social Affairs Population Division (2009). "World Population Prospects, Table A.1" (PDF). United Nations. Retrieved on 12 March 2009. 
  4. Report for Selected Countries and Subjects: Sri Lanka။ International Monetary Fund (April 2011)။ 21 August 2011 တွင် ပြန်စစ်ပြီး။
  5. Human Development Report 2010. Human development index trends: Table 2 (PDF)။ United Nations Development Programme။ 4 November 2010 တွင် ပြန်စစ်ပြီး။
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)