၉၁ ဌာနအုပ်ချုပ်ရေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကိုလိုနီခေတ်၁၉၃၅-ခု၊ မြန်မာနိုင်ငံ အက်ဥပဒေအရ ပေါ်လာသော အုပ်ချုပ်ရေးဖြစ်သည်။ ခွဲရေး၊ တွဲရေး ကာလက ခွဲရေးသမားများက ရွေးကောက်ပွဲတွင် မဲဆွယ်ရာ၌ အိန္ဒိယမှ ခွဲထွက်လျှင် ဘုရင်ခံက (၇)ဌာနသာ အုပ်ချုပ်ခွင့်ရပြီး၊ မြန်မာက (၉၁)ဌာန အုပ်ချုပ်ခွင့် ရမည်ဟု ချဲ့ထွင်ဟောပြောရာမှ ၉၁ ဌာနအုပ်ချုပ်ရေးဟု အမည်တွင်လာခြင်း ဖြစ်သည်။ [၁]

ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို ၁၉၃၇ ခု၊ ဧပြီ(၁)ရက်မှ ၁၉၄၂ ခု ၊ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ (၉၁)ဌာန အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့သည်။ (၉၁)ဌာန အုပ်ချုပ်ရေး ဆိုသည်မှာ ဌာနပေါင်း (၉၁)ဌာန ရှိ၍ခေါ်ဝေါ်ခဲ့ခြင်း မဟုတ်ပေ။ ၁၉၃၅ ခုနှစ် အုပ်ချုပ်ရေး ဥပဒေအရ မြန်မာနိုင်ငံ တွင် ဌာနပေါင်း (၉၈) ဌာနရှိသည့်အနက် ဗြိတိသျှဘုရင်ခံက အရေးကြီးသည့် ခုနစ်ဌာနကို အုပ်ချုပ်ပြီး ကျန် (၉၁)ဌာန ကို မြန်မာကိုယ်စားလှယ်အမတ်များနှင့် ဝန်ကြီးအဖွဲ့အား အုပ်ချုပ်စေခဲ့သည်။ မြန်မာအမျိုးသားများအုပ်ချုပ်ရသည့် (၉၁)ဌာန ကို အစွဲပြု၍ (၉၁)ဌာန အုပ်ချုပ်ရေးဟု အမည်တွင်ခဲ့သည်။ ၎င်းအုပ်ချုပ်ရေးသည် နိုင်ငံရေးစိတ်ဓာတ် တက်ကြွနိုးကြားနေသော မြန်မာတိုင်းရင်းသားများကို ဗြိတိသျှအစိုးရက ဒုတိယအကြိမ် ဖြိုခွဲဖျက်ဆီးခဲ့သည့် နိုင်ငံရေးလက်နက်ကြီးများပင် ဖြစ်သည်။ ဗြိတိသျှတို့သည် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် နယ်ချဲ့ဆန့်ကျင်ရေးဆင်နွှဲခဲ့သော ဝံသာနုလှုပ်ရှားမှုများကို ဒိုင်အာခီအုပ်ချုပ်ရေးလက်နက်ဖြင့် ပထမအကြိမ် အောင်မြင်စွာ နှိမ်နင်းခဲ့သည်။ အလားတူပင် တို့ဗမာသခင်များ ဦးဆောင်သည့် လုံးဝလွတ်လပ်ရေး ကြိုးပမ်းမှုကြီးကို (၉၁)ဌာန အုပ်ချုပ်ရေးဖြင့် ချွေးသိပ်ရန် စီမံခဲ့ပြန်သည်။ အုပ်ချုပ်ရေးသစ်အတွက် ဆွေးနွေးရန် ဒုတိယအကြိမ် မြန်မာ နိုင်ငံဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးကို ၁၉၃၃ခု၊ အောက်တိုဘာလတွင် လန်ဒန်မြို့၌ ကျင်းပခဲ့သည်။ ဗြိတိသျှအစိုးရ၏ ဖိတ်ကြားချက်အရ ဦးချစ်လှိုင်၊ ဦးဘဖေ၊ ဦးသိမ်းမောင်၊ ဒေါက်တာဘမော်၊မစ်စတာကင်းပနက်၊ မစ်စတာဟားပါး၊ မစ်စတာဟာဂျီနှင့် မစ်စတာကားဝပ်စ်ဂျီတို့ တက်ရောက် ဆွေးနွေးခဲ့သည်။ မြန်မာကိုယ်စားလှယ်များသည် ဗြိတိသျှကိုယ်စားလှယ်များနှင့် ဆွေးနွေးရာတွင် မိမိတို့လိုလားချက်များကို အခြေအတင်ဆွေးနွေးခွင့်မရခဲ့ပေ။ ဗြိတိသျှအစိုးရ စီစဉ်ထားသော အချက်များကို အခြေခံကာ ၎င်းင်းတို့အလိုကို လိုက်လျော၍ တိုင်ပင်နှီးနှော ကြသည်။ ဤသို့တိုင်ပင် နှီးနှောခဲ့သည်များကို အခြေခံပြီး ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးဥပဒေကို သတ်မှတ်ပြဋ်ဌာန်းကာ (၉၁)ဌာန အုပ်ချုပ်ရေး ပေါ်ထွက်ခဲ့သည်။

ဗြိတိသျှအစိုးရက ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အုပ်ချုပ်ရေးဥပဒေအရ ပေးအပ်သည့် (၉၁)ဌာန အုပ်ချုပ်ရေးသည် မြန်မာပြည်သူများကို ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့် တိုးမြှင့်ပေးအပ်ခြင်း ဖြစ်သည်ဟု အသံကောင်းလွှင့်ခဲ့သည်။ စင်စစ်သော်ကား ၎င်းင်းအာပ်ချုပ်ရေးသည် ဗြိတိသျှတို့ ဆက်လက်စိုးမိုးအုပ်ချုပ်နိုင်ရေးအတွက် ကျွန်သက်ရှည်စေသည့် အုပ်ချုပ်ရေးဖြစ်သည်။ တစ်နည်းဆိုသော် ၎င်းအုပ်ချုပ်ရေးသည် ဗြိတိသျှဗျူရိုကရက်ကြီးမျာနှင့်လူမှုရေးတို့တွင် ခြယ်လှယ်သွေးစုပ် အမြတ်ထုတ်ရန် အကာအကွယ်ပေးသည့် အုပ်ချုပ်ရေးမျှသာ ဖြစ်သည်။ (၉၁) ဌာနအုပ်ချုပ်ရေးကို လေ့လာဆန်းစစ်ကြည့်ပါက ထိုအုပ်ချုပ်ရေးသစ်သည် အသွင်သဏ်ဌန်အဆောင်အယောင်အားဖြင့် ဒိုင်အာခီအုပ်ချုပ်ရေးထက် ခမ်းနားထည်ဝါသော်လည်း အနှစ်သာရအားဖြင့် ကွာခြားမှုမရှိချေ။ အုပ်ချုပ်ရေးဌာနပေါင်း (၉၈)ဌာနရှိသည့်အနက် ဗြိတိသျှဘုရင်ခံက အရေးကြီးလှသည့်

  • ကာကွယ်ရေးနှင့်စစ်တပ်၊
  • နိုင်ငံခြားဆက်သွယ်ရေး၊
  • ငွေဒင်္ဂါသွန်းထုထုတ်လုပ်ရေး နှင့် ငွေစက်ကူရိုက်ထုတ်လဲလှယ်ရေး၊
  • သာသနာရေး၊
  • အိုင်စီအက်ခေါ်အိန်ဒိယပဋိညာဉ်ခံရာထူးများအား စောင့်ရှောက်ကာကွယ်ရေး၊
  • တောင်တန်းဒေသခေါ်ခြွင်းချန်သောဒေသများအား သီးခြား တိုက်ရိုက်အုပ်ချုပ်ရေးနှင့်
  • အခွန်ကိစ္စအပါအဝင် ဘဏ္ဍာရေးများကို တိုက်ရိုက် တာဝန်ယူ အုပ်ချုပ်ခဲ့သည့် ဘုရင်ခံသည် ထိုခုနစ်ဌာနနှင့် ပတ်သတ်၍ မြန်မာဝန်ကြီးများနှင့် တိုင်ပင်ရန် မလိုပေ။ မြန်မာကိုယ်စားလှယ်အမတ်များနှင့် ဝန်ကြီးအဖွဲ့က စာတိုက်နှင့်ကြေးနန်း ၊ပညာရေး၊ ကျန်းမာရေး၊လမ်းပမ်းဆက်သွယ်ရေး၊ လယ်ယာနှင့်သစ်တော ၊ အခွန်အကောက်၊ တရားစီရင်ရေး စသည့် (၉၁) ဌာနကို ဘုရင်ခံနှင့် ညှိနှိုင်းအုပ်ချုပ်ရသည်။

ဤသို့ဖြင့် အုပ်ချုပ်ရေးသစ်တွင် ဗြိတိသျှဘုရင်ခံက အချက်အချာကျဆုံး ခုနစ်ဌာနကို မိမိတစ်ဦးတည်းချုပ်ကိုင်ပြီး သာမန် ဌာနများကို မြန်မာတို့ အား တွဲဖက်အုပ်ချုပ်ခွင့်ပေးမည်ဖြစ်သည်။ အချုပ်အခြာအာဏာမှာ ဘုရင်ခံ၌သာ ရှိသည်။ မြန်မာပြည်သူတို့အဖို့ (၉၁)ဌာန အုပ်ချုပ်ရေးသည် ဒိုင်အာခီအုပ်ချုပ်ရေးနှင့်စာလျှင် ရာထူးတိုးချဲ့ သတ်မှတ်ပေးထားသည်မှ လွဲ၍ မည်သို့မျှ မထူးခြားပေ။ ထို့ပြင် ရှမ်း၊ ကချင်၊ ချင်း၊ ကရင်စသော တောင်တန်းဒေသများ အုပ်ချုပ်ရေးကို ပြည်မနှင့် မပူးပေါင်းဘဲ သီးခြားခွဲထားခြင်းဖြင့် မြန်မာတိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ကင်းကာ သွေးခွဲအုပ်ချုပ်သည့်စနစ်ဖြစ်ကြောင်း သိသာထင်ရှားခဲ့သည်။

(၉၁)ဌာန အုပ်ချုပ်ရေးတွင် ဥပဒေပြု အထက်နှင့် အောက်လွှတ်တော် ဟူ၍ လွှတ်တော် နှစ်ရပ်ရှိသော်လည်း လွှတ်တော်နှစ်ရပ်စလုံးတွင် အချုပ်အခြာအာဏာမရှိပေ။ ဗြိတိသျှဘုရင်ခံသာလျှင် မြန်မာနိုင်ငံကို စိုးမိုးအုပ်ချုပ်သည့် အချုပ်အခြာအာဏာပိုင်ဖြစ်အောင် အုပ်ချုပ်ရေးစနစ်က စီမံဖန်တီးထားကြောင်း တွေ့ရသည်။အထက်လွှတ်တော်တွင် အမတ်( ၃၆)ဦးရှိသည့်အနက် (၁၈)ဦးကို ရွေးချယ်တင်မြှောက်ပြီး ကျန်(၁၈)ဦးကို ဘုရင်ခံသဘောကျ ရွေးချယ် ခန့်အပ်ခဲ့သည်။ အောက်လွှတ်တော်အမတ်(၃၂)ဦး ရွေးချယ်ခန့်အပ်ခဲ့သည်။ အောက်လွှတ်တော်အမတ်များ ရွေးချယ်ခန့်အပ်ခဲ့သည်။ အောက်လွှတ်တော်အမတ်များရွေးချယ်ရာ၌ ဒီမိုကရေစီပြည်သူလူထုကြီးအပေါ် အခြေမခံဘဲ လူမျိုးစု အလိုက်ခွဲခြားမှုအပေါ် အခြေခံကာ ရွေးချယ်တင်မြှောက်သည့် ပုံစံမျှသာ ဖြစ်သည်။ လူမျိုးစုအလိုက် သတ်မှတ်ပုံမှာ မြန်မာများအတွက် (၉၁)ဌာန၊ ကရင်တိုင်းရင်းသားများတွက် (၁၂)နေရာ၊ အိန္ဒိယကုန်သည်များအတွက် (၂)နေရာ၊ အင်္ဂလိပ်ကပြားများအတွက် (၂)နေရာ၊ ဥရောပတိုက်သားများအတွက်(၃)နေရာ၊ တက္ကသိုလ်ကျောင်းသားအတွက် (၁)နေရာ၊ မြန်မာကုန်သည်များအတွက် (၁)နေရာ၊ မြန်မာနိုင်ငံဥရောပတိုက်သား ကုန်သည်များအတွက် (၅)နေရာ၊ တရုတ်ကုန်သည်များအတွက် (၁)နေရာ၊ ရန်ကုန် ဥရောပတိုက်သား ရောင်းဝယ်ရေးအဖွဲ့ အတွက် (၁)နေရာ၊ ချစ်တီးယားအသင်းအတွက် (၁)နေရာ၊ အိန္ဒိယ အလုပ်သမားများအတွက် (၂)နေရာနှင့် မြန်မာအလုပ်သမားများအတွက် (၂)နေရာ ဟူ၍ သတ်မှတ်ထားသည်။

ဥပဒေပြုလွှတ်တော်နှစ်ရပ်စလုံးတွင် ပါဝင်ရသည့် အမတ်ဦးရေ သတ်မှတ်ပုံနှင့် ရွေးချယ်ပုံများမှာ တရားမမျှတကြောင်း တွေ့ရသည်။ ဘုရင်ခံက မိမိအလိုတော်ရိများကို အမတ်အဖြစ် ခန့်ထားခဲ့သည်။ အထက်လွှတ်တော်၌လည်း ဘုရင်ခံသဘောကျ အမတ်(၁၈)ယောက်ကို ရွေးချယ်ခန့်ထားနိုင်ခွင့် ရှိပြန်သည်။ ထို့ကြောင့် ဥပဒေပြုလွှတ်တော်နှစ်ရပ်စလုံးတွင် အချုပ်အခြာအာဏာလုံးဝမရှိခဲ့ပေ။ ဘုရင်ခံသည် အရေးကြီးသည့် ခုနှစ်ဌာနကို ချုပ်ကိုင်ထားသည့်အပြင် ဗီတို (Veto) ခေါ် ကန့်ကွက်ပိုင်ခွင့် တစ်ချက်လွှတ်အာဏာကိုလည်း ပိုင်ဆိုင်သူ ဖြစ်သည်။

ဘုရင်ခံသည် မြန်မာနိုင်ငံကို အုပ်ချုပ်သည့်အချုပ်အခြာအာဏာပိုင် ဖြစ်သော်လည်း အဂင်လန်ရှိ ဗြိတိသျှအစိုးရနှင့် ဗြိတိသျှပါလီမန်၏ အမိန့်ကို နာခံရသည်။ ဘုရင်ခံသည် ဥပဒေပြုလွှတ်တော်နှစ်ရပ်စလုံးမှ ဆုံးဖြတ်ပြဋ်ဌာန်းပြီးသော် ဥပဒေများကို သဘောတူစေကာမူ ဗြိတိသျှဘုရင်ဧကရာဇ်က ၎င်းင်းဥပဒေများသည် မိမိနိုင်ငံနှင့်လူမျိုးအတွက် ထိခိုက်နစ်နာရာရောက်သည်ဟု ယူဆပါက တစ်နှစ်အတွင်း ဖျက်သိမ်းနိုင်သည့် အခွင့်အာဏာရှိသည်။ ဤသို့ဖြင့် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံကို အုပ်ချုပ်ရေးသစ် တိုးမြှင့်ပေးသည်ဆိုသော်လည်း မြန်မာတို့၌အုပ်ချုပ်ရေးအာဏာ လုံးဝ မရှိပေ။ ဗြိတိသျှဘုရင်ဧကရာဇ်နှင့် ဘုရင်ခံတို့သာလျှင် မြန်မာနိုင်ငံကို စိတ်တိုင်းကျ ခြယ်လှယ်ကြီးစိုးရန် ဖန်တီးထားသော ကျွန်သက်ရှည်စေသည့် အုပ်ချုပ်ရေးသာ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံရေးအသင်းအဖွဲ့များက (၉၁)ဌာနအုပ်ချုပ်ရေးကို မလိုလားခဲ့ကြပေ။ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနုအဖွဲ့က (၉၁) ဌာနအုပ်ချုပ်ရေးကို တွန်းလှန်မည်။ နိုင်ငံရေးအသင်းအဖွဲ့များအားလုံး ညီညွတ်ပါက ရာထူးလက်မခံဘဲ တိုက်ဖျက်မည်ဟု ကြွေးကြော်ခဲ့သည်။ ငါးပွင့်ဆိုင်အဖွဲ့က အုပ်ချုပ်ရေးသစ်ကိုတိုက်ဖျက်ရန် စီစဉ်ခဲ့သည်။ ဦးချစ်လှိုင် အဖွဲ့က ဒေါက်တာဘမော်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုလားခဲ့သည်။

တို့ဗမာသခင်များက ရာထူးလက်မခံဘဲ အုပ်ချုပ်ရေးသစ်ကို တိုက်ဖျက်မည်ဟု ကြွေးကြော်ခဲ့ပြန်သည်။ အုပ်ချုပ်ရေးသစ်တိုက်ဖျက်ရေး ကြွေးကြော်သံများကြားမှပင် ဗြိတိသျှအစိုးရသည် ၁၉၃၆ ခု၊ နိုဝင်ဘာလတွင် (၉၁)ဌာနအုပ်ချုပ်ရေးအတွက် ဥပဒေပြုကောင်စီရွေးကောက်ပွဲကျင်းပရန် စီစဉ်ခဲ့သည်။ ယင်းအချိန်တွင် မြန်မာနိုင်ငံရေးအသင်းအဖွဲ့များလည်း ရာထူးလက်ခံ၍ အုပ်ချုပ်ရေးသစ်ကို လွှတ်တော်အတွင်းမှ တိုက်ဖျက်မည်ဟူသော လမ်းစဉ်ကို ချမှတ်ခဲ့ကြသည်။ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပသောအခါ ငါးပွင့်ဆိုင်အဖွဲ့၊ လှိုင်မြတ်ပေါ်အဖွဲ့ခေါ် ဦးချစ်လှိုင်အဖွဲ့၊ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနုအဖွဲ့၊ တို့ဗမာသခင်များ၏ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့၊ ဖေဘီယန်အဖွဲ့နှင့် ရွှေတောင်ကြားအဖွဲ့တို့ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲတွင်ငါးပွင့်ဆိုင် အဖွဲ့မှအမတ် (၄၅)ဦး၊ ဒေါက်တာဘမော်တို့အဖွဲ့မှ (၁၆)ဦး၊ လှိုင်မြတ်ပေါ်အဖွဲ့မှ (၁၂) ဦး၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့မှ(၃)ဦး၊ ဖေဘီယန်အဖွဲ့မှ(၁)ဦး စသည်ဖြင့် အသီးသီး အရွေးခံရသည်။ ဘုရင်ခံဆာအာချီဘောဒေါက်ဂလတ်ကော့ကရိန်း(Sir Archibald Dorglas Cochrane) က အမတ်အများဆုံးရရှိသည့် ငါးပွင့်ဆိုင်အဖွဲ့နှင့် ဒုတိယအမတ်ဦးရေ အများဆုံးရသည့် ဒေါက်တာဘမော်အား အစိုးရဖွဲ့ရန် တိုက်တွန်းပြန်သည်။

ဗြိတိသျှအစိုးရ၏ တိုက်တွန်းချက်အရ ဒေါက်တာဘမော်သည် မိမိအဖွဲ့မှ အမတ်များနှင့်အခြား လှိုင်မြတ်ပေါ်အဖွဲ့မှ အမတ်များ ပူးပေါင်းကာ ၁၉၃၇ ခု၊ မတ်လ (၂၆) ရက်တွင် (၉၁) ဌာနအုပ်ချုပ်ရေးအတွက် ညွန့်ပေါင်းအစိုးရကို စတင်ဖွဲ့စည်းခဲ့သည်။ ညွန့်ပေါင်းအစိုးရတွင် ဒေါက်တာဘမော်က နန်းရင်ဝန်နှင့် ဘဏ်ဍာရေးဝန်ကြီးချုပ်အဖြစ် တာဝန်ယူ၍ ရွှေကျင်ဦးပု (ငါးပွင့်ဆိုင်အဖွဲ့) က သစ်တောဌာန၊ ဦးပေါ်ထွန်း (ဦးချစ်လှိုင်အဖွဲ့) ကပြည်ထဲရေး၊ သာယာဝတီဦးမောင်မောင်(ဒေါက်တာဘမော်အဖွဲ့) ကသစ်တောဌာန၊ ဦးပေါ်ထွန်း (ဦးချစ်လှိုင်အဖွဲ့) ကပြည်ထဲရေး သာယာဝတီ ဦးမောင်မောင်(ဒေါက်တာဘမော်အဖွဲ့)က ပညာရေးဌာန၊ ဦးထွန်းအောင်ကျော်က ကူးသန်းရောင်ဝယ်ရေးဌာနနှင့် စောဖေသာကအခွန်တော်ဌာနများကို တာဝန်ယူခဲ့သည်။

ဗြိတိသျှအစိုးရအနေဖြင့် (၉၁) ဌာနအုပ်ချုပ်ရေးသစ် လည်ပတ်ရေးအတွက် ပါဝင်ဆောင်ရွက်မည့် အမှုထမ်းများအား ရာထူးအဆင့်အတန်းအလိုက် အခွင့်အရေးများပေးခဲ့သည်။ နန်းရင်းဝန်အား လစာငွေ ကျပ်(၃၀ဝ၀)ဝန်ကြီးချုပ်တစ်ဦးလျှင် လစာငွေ ကျပ် (၂၅၀ဝ)၊ လွှတ်တော်ဥက်ကဋ်ဌအတွက် လစာငွေ ကျပ် (၇၅၀)၊ အမတ်တစ်ဦးလျှင် လစာငွေ ကျပ် (၂၅၀) နှင့် တကွ နေ့တွက်ခရီးစရိတ်များပေးရန် သတ်မှတ်ခဲ့သည်။ ယင်းမက်လုံးများဖြင့်ဆွဲဆောင်သဖြင့် အချို့နိုင်ငံရေးခေါင်းဆောင်များမှာ (၉၁) ဌာနအုပ်ချုပ်ရေး တည်တံ့ရေးအတွက် ကူညီအားပေးရာရောက်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ (၉၁)ဌာနအုပ်ချုပ်ရေးကို ၁၉၃၇ ခု၊ ဧပြီလ (၁) ရက်နေ့တွင် စတင်တော့မည်ဖြစ်ရာ တို့ဗမာအစည်းအရုံးကြီးမှ သခင်များကလည်း အုပ်ချုပ်ရေးသစ် ကန့်ကွက်ရေးအခမ်းအနားကို ဧပြီလ (၁) ရက်နေ့တွင် ကျင်းပရန် စိုင်းပြင်းခဲ့ကြသည်။ တို့ဗမာသခင်များကြီးမှူးကာ အစည်းအဝေးပွဲ ကျင်းပပြီး (၉၁) ဌာန အုပ်ချုပ်ရေးကို ကန့်ကွက်သော အထိမ်းအမှတ်ပွဲကို နှစ်စဉ်နှစ်တိုင်း ဧပြီလ (၁)ရက်နေ့တွင် ကျင်းပရန် တို့ဗမာအပေါင်းတို့သည် ဧပြီလ(၁)ရက်နေ့တွင် ဆူးလေဘုရား၌ စုဝေးပြီးနောက် မြို့တွင်း စီတန်းလှည့်လည် ဆန်ဒပြရန်၊ ညပိုင်းတွင် ရပ်ကွက်အသီးသီး၌ တရားပွဲများ ကျင်းပရန်နှင့် အုပ်ချုပ်ရေးသစ် ဆန့်ကျင်သောအားဖြင့် ဈေးများ၊ ဘတ်စ်ကားများ၊ ကုန်သည်လယ်လုပ် အလုပ်သမားများ နံနက် (၁၀) နာရီမှ နေ့လယ် (၁) နာရီအထိ အလုပ်ရပ်စဲရန် ဆုံးဖြတ်ခဲ့သည်။ ယင်းအစည်းအဝေးကပင် သခင်နု၊ သခင်အောင်ဆန်း၊ သခင်လေးမောင်၊ သခင်တင်မောင် နှင့် သခင်သိန်းမောင်တို့အား အုပ်ချုပ်ရေးသစ် တိုက်ဖျက်ရေးတာဝန်ခံ အလုပ်အမှုဆောင်များအဖြစ် သဘောတူ ခန့်အပ်ခဲ့သည်။ အုပ်ချုပ်ရေးသစ် ကန့်ကွက်ရေးကော်မတီ ဥက်ကဠ သခင်လေးမောင်က ကျွန်သက်ရှည်စေလျက် တစ်နေ့တခြား ဆင်းရဲကျပ်တည်းစေမည့် အုပ်ချုပ်ရေးသစ်ကို အစည်းအဝေးတိုင်းတွင် ပြင်းပြင်းထန်ထန် ရှုတ်ချလျက် အမြန်ဆုံးရုပ်သိမ်းပေးရေးအတွက် တောင်းဆိုရန် တိုင်းပြည်သို့ ထုတ်ပြန်ကြေညာခဲ့ပြန်သည်။ မြောင်းမြ၊ အမရပူရစသည့် မြို့များ၌လည်း အုပ်ချုပ်ရေးသစ် မစမီ ၁၉၃၇ ခု၊ မတ်လ (၂၈) ၊ (၂၉) ရက်များတွင် အစည်းအဝေးပွဲများ ကျင်းပပြီး ဒေါက်တာဘမော် အစိုးရကို အသိအမှတ်မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းဆုံးဖြတ်ချက်များကို ဘုရင်ခံနှင့် သတင်းစာတိုက်များသို့ ပေးပို့ခဲ့သည်။

ထို့ပြင် တို့ဗမာသခင်များ ဦးဆောင်၍ ရန်ကုန်၊ ပုသိမ်၊ ဟင်္သာတ၊ ဝါးခယ်မ၊ မြင်းခြံ၊ ပခုက်ကူ၊ မော်လမြိုင်စသည့် မြို့ကြီးများတွင် ' (၉၁) ဌာန အုပ်ချုပ်ရေးရုပ်သိမ်းလော'၊ ' နယ်ချဲ့စနစ်ပျက်စီးပါစေ'၊ ' အုပ်ချုပ်ရေးလက်ခံသူသွေးစုပ်ကောင်ကြီးများ ဖယ်ရှားကြလော့' စသည့် ပိုစတာများနှင့် လူထုဆန်ဒပြပွဲများ ကျင်းပခဲ့သည်။ အထူးသဖြင့် ရန်ကုန်မြို့တွင် သခင်လူငယ်တစ်စုခေါင်းဆောင်ကာ (၉၁) ဌာနအုပ်ချုပ်ရေး ဥပဒေစာအုပ်နှင့် ယူနီယံဂျက်အလံကို တရားရုံးချုပ်ရှေ့တွင် မီးရှို့ ရှုတ်ချခဲ့ကြသည်။

အထက်ဖော်ပြပါ အုပ်ချုပ်ရေးသစ် ရှုတ်ချပွဲများအပြင် ဥပဒေပြု အောက်လွှတ်တော်တွင် အစည်းအဝေးကျင်းပတိုင်းလည်း အတိုက်အခံ တို့က အယုံအကြည်မရှိအဆိုကို တင်သွင်းခဲ့ကြသည်။ မန်တလေးအမတ် ဦးဘဦးတို့က ၁၉၃၇ ခု ၊ ဩဂုတ်လ (၁၉)ရက်နေ့တွင် ကျင်းပသော လွှတ်တော်အစည်းဝေး၌ ညွှန့်ပေါင်းအစိုးရ ကို အယုံအကြည်မရှိအဆို တင်သွင်းခဲ့သည်။ အစိုးရအဖွဲ့အနေဖြင့် ယင်းအတိုက်အခံများကို ရင်ဆိုင်နိုင်ရန် ကိုယ့်ပါတီဝင်များကို ထိန်းခဲ့ရသည်။ တစ်ချိန်ထဲတွင် အတိုက်အခံပါတီဝင်ဘက်က အမတ်များကို မဲဆွယ်ကြသည်။ ဤသို့ဖြင့် ဥပဒေပြုလွှတ်တော်တွင် အဆိုတင်သွင်းကြ၊ အပေးအယူလုပ်ကြနှင့် နိုင်ငံအတွက် အကျိုးမပြုနိုင်ကြောင်းကို ဒေါက်တာဘမော်က ၁၉၅၉ ခု၊ အောက်တိုဘာလထုတ် The Guardian Magazine တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။ " လိမ်မာစွာ ရေးသား ပြဋ်ဌာန်းထားသော ပြုပြင်ချက်များပါသည့် ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်သည် ထိရောက်စွာအုပ်ချုပ်နိုင်စွမ်းမရှိသော အစိုးရအဖွဲ့များကိုသာ ဖော်ထုတ်ခဲ့လေသည်။ အစိုးရအဖွဲ့များသည် အုပ်ချုပ်ရန် အာဏာအခွင့်လည်း မရှိကြ။ အခွင့်အရေးအချို့ကို ဝေငှ၍ ခံစားကြခြင်းဖြင့်သာ ပြီးရသည်။ ရာထူးတည်မြဲရေးအတွက် အပေးအယူလုပ်ခြင်းဖြင့်သာ အချိန်ကုန်ရသည်က များခဲ့၏……" အထက်ဖော်ပြပါ ကောက်နုတ်ချက်ကိုလေ့လာခြင်းဖြင့် (၉၁) ဌာန အစိုးရတွင် အာဏာမရှိကြောင်း၊ မြန်မာပြည်သူလူထုကို မည်သို့မျှ အကျိုးမပြုကြောင်းနှင့် ဗြိတိသျှ စိုးမိုးအုပ်ချုပ်ရေး တည်တံ့ရန် အသက်ဆက်ပေးသည့် နည်းပရိယာယ်တစ်ရပ်သာဖြစ်ကြောင်း သိသာထင်ရှားလေသည်။

(၉၁) ဌာနအုပ်ချုပ်ရေးသည် ဒိုင်အာခီနှင့် မခြားဘဲ အုပ်ချုပ်ရေးမျက်လှည့်ပြခြင်းမျှသာ ဖြစ်သဖြင့် မြန်မာလူထုက မလိုလားခဲ့ပေ။ ထိုအုပ်ချုပ်ရေးကို လက်ခံသည့် အမတ်များ၊ ဝန်ကြီးချုပ်များနှင့် နန်းရင်းဝန်များသာလျှင် လခကြီးများနှင့် အခွင့်အရေးများ ရရှိခံစားကြရသည်။ မြန်မာတိုင်းရင်းသားအများစုမှာ တစ်နေ့တစ်ခြား ဆင်းရဲကျပ်တည်း လာခဲ့သည်။ နယ်ချဲ့အရင်းရှင်များနှင့် ၎င်းင်းတို့၏ လက်ဝေခံ တရုတ်၊ ကုလား၊ စသည့်နိုင်ငံခြားသား အရင်းရှင်များ၏ ဖိစီးနှိပ်စက်မှုဒဏ်ကြောင့် နောက်ဆုံးတွင် မြန်မာနိုင်ငံ၏ အလုပ်သမားနှင့် တောင်သူလယ်သမားအရေးတော်ပုံများ ပေါ်ပေါက်ခဲ့ရသည်။ (၉၁) ဌာနအစိုးရ၏ အာဏာကင်းမဲ့ပုံနှင့် ဗြိတိသျှအစိုးရကအရင်းရှင်တို့ဘက်မှ ရပ်တည်ပုံများကို ၁၉၃၈ ခု ၊ ဇန်နဝါရီလ (၈)ရက်နေ့တွင် စတင် ဖြစ်ပွားခဲ့သော ရေနံမြေသပိတ်နှင့် ၁၃ဝဝပြည့် အရေးတော်ပုံကြီးက သိသာထင်ရှားခဲ့သည်။ ဤသို့ဖြင့် နယ်ချဲ့လက်ပါးစေ ညွှန့်ပေါင်းအစိုးရသည်ပြည်သူတို့၏ အရေးအခင်းတွင် အရင်းရှင်တို့ဘက်မှရပ်တည်၍ ပြည်သူတို့အား တစ်ဖက်သတ် ဖိနှိပ်ခဲ့သည်။ ယင်းအခြေအနေတွင် တို့ဗမာသခင်များက ရေနံမြေအရေးတော်ပုံနှင့် ပတ်သက်၍ အင်္ဂလိပ်ဓနရှင်တို့၏ဖိနှိပ်သွေးစုပ်မှုနှင့် ညွှန့်ပေါင်းအစိုးရ၏ လျစ်လျူရှု မှုများကို တစ်နိုင်ငံလုံး သိရှိရန် ဆိုင်းပြင်းခဲ့သည်။ ရေနံမြေအလုပ်သမားများအား အကူအညီအမျိုးမျိုးပေးရန် နှင့် သပိတ်သမားများ၏ ရင်နာဖွယ်အဖြစ်ဆိုးကို နိုင်ငံသို့တင်ပြရန်ရည်ရွယ်၍ ၁၉၃၈ ခု၊ မတ်လ (၆)ရက်နေ့တွင် ရွှေတိဂုံဘုရားခြေရင်းတွင် စတုဒီသာဇရပ်၌ အစည်းအဝေးပွဲကျင်းပခဲ့သည် ယင်းအစည်းအဝေးတွင် ရေနံမြေမှ ရောက်လာသော သခင်ဖေသန်းက ပုလိပ်တို့က သပိတ်တားအမျိုးသမီးများကို အမျိုးမျိုးညှဉ်းပန်းနှိပ်စက်ပုံ ၊ သခင်, သခင်မများကို ဖမ်းဆီးနှိပ်စက်ပုံ၊ ညွှန့်ပေါင်းအစိုးရအနေဖြင့် ဆင်းရဲသားနှင့် ဓနရှင်တိုက်ပွဲတွင် ဓနရှင်ဘက်မှ ရိုင်းပင်းကူညီနေ၍ အစိုးရကို ကဲ့ရဲ့ ပြစ်တင်သင့်ကြောင်းနှင့်တင်ပြဆုံးဖြတ်ခဲ့သည်။ ထို့နောက် နှစ်ယောက်တစ်တွဲဆီ တန်းစီကာ အလံများကိုင်ဆောင်လျက် မြို့တွင်းလှည့်လည်ပြီး ' ဒေါက်တာဘမော် အစိုးရ အဖွဲ့ ပျက်စီးပါစေ' ၊ ' အင်ပါယာနယ်ချဲ့ထွင်သည့်စနစ် ပျက်ပြားပါစေ' ၊' ရေနံမြေသပိတ်ကိုကူညီပါ ' စသည်ဖြင့် ဟစ်အော်ကြွေးကြော်ခဲ့ကြသည်။

ရေနံမြေအရေးအခင်းနှင့် ဆက်စပ်၍ ဒေါက်တာဘမော်အစိုးရကို ပြစ်တင်ရှုံချခဲ့သည့်အပြင် ထိုအစိုးရအုပ်ချုပ်သည့် တစ်နှစ်မြောက်နေ့ဖြစ်သော ၁၉၃၈ ခု ဧပြီလ (၁) ရက်နေ့တွင် ရန်ကုန်မြို့လုံးကျွတ် (၉၁) ဌာနအုပ်ချုပ်ရေးကန့်ကွက်ပွဲကြီး ကျင်းပခဲ့သည်။ အလားတူ (၉၁) ဌာအုပ်ချုပ်ရေး ကန့်ကွက်ပွဲများကို ဇီးကုန်း၊ သုံးဆယ်၊ ပြည်၊ ဘုရားငါးဆူ၊ သုံးခွ၊ မြောင်းမြ၊ ဘိုကလေး၊ ကျုံမငေး၊ စစ်ကိုင်း၊ မုံရွာ ၊ ရေနံချောင်း၊ တောင်တွင်းကြီးစသည့် မြို့များတွင် တို့ဗမာသခင်များ ကြီးမှူးကျင်းပခဲ့သည်။ ထို့ပြင် ၁၉၃၈ ခု၊ ဩဂုတ်(၂၂) ရက်နေ့တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ လည်း အတိုက်အခံဘက်မှ ညွှန့်ပေါင်းအစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းခဲ့ပြန်သည်။

ညွှန့်ပေါင်းအစိုးရကလည်း (၉၁) ဌာနအုပ်ချုပ်ရေးတိုက်ဖျက်ပွဲများနှင့် ရေနံမြေသပိတ်တွင် လှုံ့ဆော်စည်းရုံးခဲ့သည့် သခင်များအား ဖမ်းဆီးအရေးယူကာ ပိုမိုဖိနှိပ်ခဲ့သည်။ ရေနံမြေသပိတ်တပ်ကြီးသည် အရင်းရှင် ကုမ်ပဏီနှင့် ညွန့်ပေါင်းအစိုးရ၏ ပြုမူပုံများကို ပြည်သူများအား တင်ပြရန်အတွက် ၁၉၃၈ ခု၊ နိုဝင်ဘာလ(၃၀) ရက်တွင် ရန်ကုန်သို့ ချီတက်ခဲ့သည်။ရေနံမြေအလုပ်သမားသပိတ်နှင့် တစ်ဆက်တည်းပင် ကျောင်းသားထုကလည်း ညွန့်ပေါင်းအစိုးရကို အာဏာဖီဆန်ရေးတိုက်ပွဲကြီးဖြင့် ထိုးစစ်ဆင်ပြန်သည်။ ကျောင်းသားထု၏ အကြမ်းမဖက် အနုသက်သက်ဖြင့် ဆန်ဒပြုမှုကို ညွန့်ပေါင်းအစိုးရက မြင်းနှင့်တိုက်၊ တုတ်နှင့်ရိုက်ကာ ဖြိုခွင်းခဲ့သဖြင့် ၁၉၃၈ ခု၊ ဒီဇင်ဘာလ(၂၀) ရက်နေ့အာဇာနည် ဗိုလ်အောင်ကျော် သေဆုံးခဲ့သည်အထိ ဖြစ်ခဲ့ရသည်။ အလုပ်သမား၊ လယ်သမားသပိတ်တပ်ကြီး ရန်ကုန်ဆိုက်ရောက်ချိန် ၁၉၃၉ ခု၊ ဇန်နဝါရီလ (၈) ရက်နေ့တွင် ချောက်မြို့ ၌ တို့ဗမာအသင်းကြီးက ကြီးမှူး၍ ရေနံမြေသပိတ် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အစည်းအဝေးပွဲကျင်းပခဲ့သည်။ သပိတ်ပေါင်းစုံစုဝေးရာ ရန်ကုန် ရွှေတိဂုံစေတီတော် အလယ်ပစ်စယာ ၌လည်း ဇန်နဝါရီ(၁၀) ရက်နေ့က အုပ်ချုပ်ရေးသစ်တိုက်ဖျက်ရေး ပြည်လုံးကျွတ် နိုင်ငံရေးအစည်းအဝေးပွဲကြီး ကျင်းပကာ (၉၁)ဌာနအုပ်ချုပ်ရေးကို အမြန်ဆုံး တိုက်ဖျက်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

အလုပ်သမား နှင့် လယ်သမားတပ်ကြီး ရွှေတိဂုံအလယ်ပစ်စယာတွင် စခန်းချပြီးသည့်နောက် ရန်ကုန်နှင့် ပတ်ဝန်းကျင် တစ်ဝိုက်တွင် သပိတ်တိုက်ပွဲများ ဆင့်ကာဆင့်ကာ ပေါ်ပေါက်ခဲ့သည်။ ၁၉၃၉ ၊ ဇန်နဝါရီလအတွင်းတွင် R.E.T ဘတ်စ်ကားနှင့် လော်ရီမောင်းသမားများသပိတ်၊ ဧရာဝတီဖလော်တီလာကုမ္ပဏီသင်္ဘောသားများသပိတ်၊ ပုသိမ်ညွန့် မီးခြစ်စက်အလုပ်သမားများသပိတ်၊ ရန်ကုန်ဆိပ်ကမ်းအလုပ်သမားများသပိတ်၊ မှော်ဘီအစိုးရ စိုက်ပျိုးရေးခြံအလုပ်သမားများသပိတ်၊ သန်လျင် B.O.C ဖယောင်းချက်ရုံ အလုပ်သမားများ သပိတ်၊ စက်တီးကုမ်ပဏီ ရော်ဘာခြံအလုပ်သမားများ သပိတ် စသည့်သပိတ်များ တိုးတက်များပြားစွာ ပေါ်ပေါက်ခဲ့သည်။

ဤအချိန်အထိ နယ်ချဲ့အရင်းရှင်တို့သည် အလုပ်သမား၊ လယ်သမားနှင့် ကျောင်းသားတို့၏ တောင်းဆိုချက်များကို ပြေလည်ရန် စေ့စပ်မဆွေးနွေးခဲ့ပေ။ ဖိနှိပ်ချုပ်ချယ်ဖမ်းဆီးမှုများကိုသာ ဆောင်ရွက်ခဲ့သည်။ တို့ဗမာအစည်းအရုံးကြီးက နယ်ချဲ့အရင်းရှင် တို့၏ တင်းမာမှုနှင့် ညွန့်ပေါင်းအစိုးရ၏အာဏာမက်မောမှုတို့ကို တုံ့ပြန်သောအားဖြင့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားသပိတ်မှ အထွေထွေသပိတ်ကြီးအထိ တိုးမြှင့်ဆင်နွှဲရန်ဆုံးဖြတ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ အလုပ်သမားများ အလုပ်ရပ်စဲရန် ထုတ်ပြန်ကြေညာခဲ့လေသည်။ အလုပ်သမားများအလုပ်ရပ်စဲရုံတင်သာမကဘဲ ကျောင်းသားကျောင်းသူများက အစာငတ်ခံ ဆန်ဒပြုကြသည်။ မန်တလေးမြို့မှ ရဟန်းရှင်လူကျောင်းသူကျောင်းသားများကလည်း ဗိုလ်အောင်ကျော်ကျဆုံးသည်ကို အကြောင်းပြု၍ မခံမရပ်နိုင်ဖြစ်ကာ အစိုးရကို တိုက်ပွဲဝင်ခဲ့သည်။ အစိုးရက ဆန်ဒပြုသူများကို လူစုခွဲ နှိမ်နင်းရာမှ ၁၉၃၉ ခု ၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် 'အာဇာနည်(၁၇)ဦး' သွေးမြေကျကာ ကျဆုံးခဲ့ရသည်။ ထိုသတင်းကို ကြားသိရသော် ရန်ကုန်လူထုမှာ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ညွန့်ပေါင်းအစိုးရကို ကန့်ကွက် ရှုတ်ချပွဲကြီး ကျင်းပကာ အစိုးရဖြုတ်ချရေးအတွက် ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ခဲ့သည်။

ညွန့်ပေါင်းအစိုးရ၏ ပြုမူချက်များကို အစိုးရအမှုထမ်းများကပင် ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်နှင့်တကွ ကျောင်းသားကျောင်းသူများကို ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်မှုမှအစ ၁၃ဝဝပြည့် အရေးတော်ပုံကြီးအတွင်း နယ်ချဲ့တို့၏ ဖိနှိပ်ညှဉ်းဆဲသတ်ဖြတ်မှုနှင့် ထိုအရေးတော်ပုံကိုမတိုင်မီကပင် ပြည်သူတို့အား အလွန်အမင်း ချုပ်ချယ်ဖိနှိပ်မှုတို့ကို ကန့်ကွက်သောအားဖြင့် သာယာဝတီတောင်ပိုင်းအမတ် သခင်မြသည် ဥပဒေပြုလွှတ်တော်မှ နုတ်ထွက်ခဲ့သည်။ အလားတူပင် တို့ဗမာအစည်းအရုံးကြီး၏ ဆင့်ဆိုချက်အရ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့ဝင်မြူနီစီပယ်လူကြီးများ ၊ ကောင်စီနှင့် ကျေးရွာကော်မတီလူကြီးများသည် မိမိတို့ဆိုင်ရာအဖွဲ့အသီးသီးမှ နုတ်ထွက်ခဲ့ကြသည်။

၁၉၃၉ ခု၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပသော အထက်လွှတ်တော် အစည်းအဝေး၌ ညွန့်ပေါင်းနန်းရင်းဝန် ဒေါက်တာဘမော် အပေါ် အယုံအကြည်မရှိအဆို တင်သွင်းခဲ့ရာ အယုံအကြည်မရှိဘက်မှ မဲ(၂၀)နှင့်ထောက်ခံသည့်ဘက်က (၁၆) မဲရရှိခဲ့သည်။ တစ်ဖန် ဖေဖော်ဝါရီလ (၁၆) ရက်နေ့ကျင်းပသည့် အောက်လွှတ်တော်အစည်းအဝေး ၌ အယုံအကြည်မရှိအဆို တင်သွင်းရာ အတိုက်အခံဘက်က မဲ(၇၀)၊ အစိုးရထောက်ခံသည့်ဘက်က(၃၇)မဲနှင့် အနိုင်ရကာ ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရပြုတ်ကျခဲ့သည်။ ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားသည်နှင့် တစ်ပြိုင်နက် တို့ဗမာအစည်းအရုံးကြီးကနောက်ထပ် အစိုးရသစ်မဖွဲ့ဘဲ (၉၁)ဌာန အုပ်ချုပ်ရေးကို လွှတ်တော်အတွင်းအပြင်မှ တိုက်ဖျက်ရန် လှုံ့ဆော်ခဲ့ပြန်သည်။ ထို့ပြင် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမ၌ မြို့လုံးကျွတ် အစည်းအဝေးပွဲကြီး ကျင်းပကာ လွှတ်တော်အမတ်ရာထူး လက်မခံရန်နှင့် အုပ်ချုပ်ရေးသစ် တိုက်ဖျက်ရန် တပ်လှန့် လှုံ့ဆော်ခဲ့သည်။

(၉၁) ဌာနအုပ်ချုပ်ရေးကို အလိုမရှိ ၌ လွှတ်တော် အတွင်းရှိ အမတ်များက ရာထူးလက်မခံရန် နည်းအမျိုးမျိုးဖြင့် အမတ်များက ရာထူးလက်မခံရန် နည်းအမျိုးမျိုးဖြင့် ကန့်ကွက်ခဲ့သော်လည်း ဦးပုအမှူးပြုသူတို့က ရာထူးလက်ခံခဲ့သည်။ ထို့ကြောင့် ဦးပု၏ ညွန့်ပေါင်းအစိုးရတက်လာကာ (၉၁) ဌာန အုပ်ချုပ်ရေး ဆက်လက်တည်တံ့ခဲ့သည်။ ဒုတိယညွန့်ပေါင်းအစိုးရတွင် နန်းရင်းဝန်အဖြစ် ဦးပု၊ ပညာရေးဝန်ကြီးချုပ်အဖြစ် ဦးစောဘိုးချစ် (ကရင်)၊သစ်တောဝန်ကြီးချုပ်အဖြစ် ဂဠုန်ဦးစော(မျိုးချစ်အဖွဲ့) ၊ ဘဏ်ဍာရေးဝန်ကြီးချုပ်အဖြစ် ဦးထွန်းအောင်ကျော် (ရခိုင်အဖွဲ့)၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးချုပ်အဖြစ် ဦးကွန်း (ငါးပွင့်ဆိုင်အဖွဲ့) ၊ အခွန်တော်ဝန်ကြီးချုပ်အဖြစ်ဦးပေါ်ထွန်း(ဦးချစ်လှိုင်အဖွဲ့) နှင့် ပြည်ထဲရေးဝန်ကြီးချုပ်အဖြစ် ဦးဘဖေ (ငါးပွင့်ဆိုင်) တို့က တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဦးပုညွန့်ပေါင်းအစိုးရလက်ထက်တွင်လည်း ဒေါက်တာဘမော်လက်ထက်ကကဲ့သို့ပင် ကျွန်သက်ရှည်စေပြီးဆင်းရဲတွင်းနက်စေသော (၉၁) ဌာနအုပ်ချုပ်ရေးကို တိုက်ဖျက်ခဲ့ကြသည်။ ရွှေတိဂုံစေတီ အလယ်ပစ်စယာ ၌ ၁၉၃၉ခု၊ မတ်လ (၅)ရက်နေ့တွင် အုပ်ချုပ်ရေးသစ် တိုက်ဖျက်ရေးအစည်းအဝေး ပွဲကျင်းပကာ ဦးပုအစိုးရအဖွဲ့နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် (၉၁) ဌာနအုပ်ချုပ်ရေး၏ နှစ်နှစ်မြောက်နေ့ဖြစ်သော ၁၉၃၉ ၊ ဧပြီလ(၁)ရက်နေ့တွင် ရန်ကုန် ၌ အုပ်ချုပ်ရေးကန့်ကွက်သောအားဖြင့် စီတန်းလှည့်လည်ကာဆန်ဒပြကြသည်။ မန်တလေး၊ အမရပူရ၊ စစ်ကိုင်း၊ မုံရွာ၊ မိတ်ထီလာ၊ မြင်းခြံ၊ ရမည်းသင်း၊ ပြည်၊ လက်ပံတန်း၊ ပုသိမ်၊ ထားဝယ်၊ ဟသငာ်တ၊ သရက်၊ ဒေးဒရဲ၊ မြောင်းမြစသည့် မြို့အသီးသီး ၌ လည်း (၉၁) ဌာနအုပ်ချုပ်ရေး ကန့်ကွက်ပွဲများ ကျင်းပခဲ့ကြသည်။

မြန်မာထူထုက (၉၁) ဌာနအုပ်ချုပ်ရေးကို မည်မျှ ပင် ကန့်ကွက်စေကာမူ အဂင်လိပ်ကုန်သည်ကြီးများနှင့်တကွ ကုလားအမျိုးသား ဓနရှင်များက လွှတ်တော် အတွင်းအပြင်မှ ဦးပုညွန့်ပေါင်းအစိုးရကို အားပေးကြိုးကိုင်ခဲ့ကြသည်။ ဦးပုအစိုးရတက်၍ (၈)လခန့်အကြာတွင်မြန်မာနိုင်ငံအရပ်ရပ် ၌ ချုပ်ချယ်သည့် ပုဒ်မအမျိုးမျိုးထုတ်ပြန် ၌ သပိတ်တားအလုပ်သမား၊ သခင်များနှင့် အမျိုးသမီးများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ထောင်ဒဏ်အပြစ်ပေးခြင်းစသည့် ရက်စက်မှုများ ပြုမူခဲ့သည်။ ထို့ကြောင့်ပြည်သူလူထုက ဦးပုအစိုးရကို မသာချခြင်း၊ သံပုံးတီးထုတ်ခြင်း နည်းအမျိုးမျိုးဖြင့် ပြစ်တင်ရှုတ်ချဆူပူလှုပ်ရှားခြင်း စသည့်များဖြင့် တုံ့ပြန်ခဲ့သည်။ ထို့ပြင် ၁၉၃၉၊ မတ် (၁၈)ရက်နေ့တွင်ကျင်းပသော လွှတ်တော်အစည်းအဝေး ၌ ဦးပုညွန့်ပေါင်းအစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းမဲခွဲခဲ့သော်လည်း နိုင်ငံခြားအရင်းရှင်ကြီးများနှင့် ဦးစော၊ ဦးဘဖေ စသည့် ပုဂ်ဂိုလ်တို့၏ အားပေးမှုကြောင့် ဦးပုအစိုးရ ဆက်လက်တည်တံ့ခဲ့သည်။ သို့သော် အစိုးရသက်တမ်း တစ်နှစ်ကျော်ကာလအတွင်း အယုံအကြည်မရှိအဆိုကို သုံးကြိမ်တိုင်တိုင် ထပ်မံ တင်သွင်းခဲ့ရာ နောက်ဆုံး ၁၉၄၀ ပြည့်နှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင် ဦးပုအစိုးရ ပြုတ်ကျခဲ့လေသည်။ ထိုနှစ် စက်တင်ဘာလ (၉)ရက်နေ့တွင် ဘုရင်ခံဆာအာချီဘောကော့ကရိန်းက ဂဠုန်းဦးစောအား အစိုးရဖွဲ့စေခဲ့သည်။ ဂဠုန်ဦးစော ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ဦးစောက နန်းရင်းဝန်ရာထူးယူသည်။ ထို့ပြင် သစ်တော နှင့်ပညာရေးဌာနကို တာဝန်ယူခဲ့သည်။ ဦးဘသီက ဘဏ်ဍာရေး၊ ဦးအေးက ပြည်ထဲရေး၊ ဆာပေါ်ထွန်းက အခွန်တော်၊ သာယာဝတီ ဦးမောင်မောင်က သယ်ယူ ပို့ဆောင်ရေးနှင့် ကျန်းမာရေး၊ စောဖေသာက တရားရေး၊ ဦးဘသန်းကကူးသန်းရောင်းဝယ်ရေးနှင့် ဦးဘအုန်းက အလုပ်သမားဌာနများကို တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် မြန်မာပြည်သူတို့ မလိုလားသည့်(၉၁) ဌာနအုပ်ချုပ်ရေးမှာ ဆက်လက် တည်မြဲဆဲပင် ဖြစ်သည်။

ဦးစောအစိုးရလက်ထက်တွင် နိုင်ငံရေးသမားများကို ပိုမို ဖိနှိပ်စက်ခဲ့သည်။ ဦးစောသည် ဗမာ့ထွက်ရပ်ဂိုဏ်းကြီး၏ အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ဖိတ်ခေါ်ချက်ကို လက်မခံခဲ့ချေ။ ထို့ပြင် ဦားကေ မြန်မာနိုင်ငံရဟန်းပျိုအဖွဲ့ချုပ်မှ ကြီးမှူး၍ လုံးဝလွတ်လပ်ရေးအတွက် တစ်မျိုးသားလုံးပါဝင်ရန် တိုက်တွန်းချက်ကို မိမိတစ်ဦးတည်းအနေဖြင့် လွတ်လပ်ရေးတောင်းမည်ဟု အကြောင်းပြကာ ငြင်းပယ်ခဲ့သည်။ ထို့ပြင် ဦးစောအစိုးရလက်ထက်တွင် ဗြိတိသျှအစိုးရအလိုကျ စစ်ပြိုင်နိုင်ငံရေးအဖွဲ့မှ ပုဂ်ဂိုလ်များ ဖမ်းဆီးခဲ့သည်။ တို့ဗမာအစည်းအရုံးကြီး၏ ဂုဏ်သိက်ခာကျဆင်းပျက်စီးစေရန်လည်း အမျိုးမျိုး ကြိုးပမ်းခဲ့သည်။ ဤသို့သော မတရားမှုများကြောင့် တစ်နိုင်ငံလုံးဆူပူလှုပ်ရှားလာခဲ့သည်။

နန်းရင်းဝန် ဦးစောသည် လုံးဝလွတ်မြောက်ရေးကို တောင်းဆိုမည်ဟု ကြေညာကာ ၁၉၄၁ခု၊ အောက်တိုဘာလတွင် လန်ဒန်သို့ ထွက်ခွာခဲ့သည်။ ဦးစောမရှိခိုက် ဆာပေါ်ထွန်းက တာဝန်ယူကာ (၉၁) ဌာန အုပ်ချုပ်ရေးကိုဆက်လက် လည်ပတ်ခဲ့သည်။ သို့သော် ၁၉၄၂ခု၊ ဇန်နဝါရီလဆန်းတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ဂျပန်တပ်များသည် မြိတ်၊ မော်လမြိုင်၊ စစ်တောင်းစသည့် မြို့များသို့ သိမ်းပိုက်သောအခါ ဗြိတိသျှဘုရင်ခံနှင့် အစိုးရအဖွဲ့ဝင်များသည် ၁၉၄၂ခု၊ မတ်လ (၁)ရက်နေ့ ရန်ကုန်မှ ထွက်ခွာခဲ့ရသည်။ဤနည်းဖြင့် (၉၁) ဌာနအုပ်ချုပ်ရေး ပျက်ပြားခဲ့တော့သည်။ (၉၁) ဌာနအုပ်ချုပ်ရေးကို ခြုံငုံလေ့လာသုံးသပ်လျှင် ဤအုပ်ချုပ်ရေးသည် နိုင်ငံရေးစိတ်ဓာတ် တက်ကြွနိုးကြားနေသော မြန်မာတိုင်းရင်းသားတို့သည် ဗြိတိသျှအစိုးအရက ဒုတိယအကြိမ် ဖြိုခွင်းဖျက်ဆီးသည့် နိုင်ငံရေးလက်နက်ကြီးပင် ဖြစ်သည်။ဗြိတိသျှအစိုးရက (၉၁) ဌာနအုပ်ချုပ်ရေးသည် မြန်မာပြည်သူများကို ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့် တိုးမြှင့်ပေးအပ်ခြင်းဖြစ်သည်ဟု လှည့်ဖြား ပြောကြားခဲ့သည်။ စင်စစ်သော်ကား ဤအုပ်ချုပ်ရေးသည် အသွင်သဏ်ဍာန်အဆောင်အယောင်အားဖြင့် ဒိုင်အာခီထက် ထည်ဝါခမ်းနားသော်လည်း အနှစ်သာရအားဖြင့်ကွာခြားမှုမရှိဘဲ နယ်ချဲ့ဗြိတိသျှတို့ မြန်မာနိုင်ငံကို ထာဝစဉ် သွေးစုပ်နိုင်ရန်ပရိယာယ်ဆင်ထားသော နိုင်ငံရေးလည့်ကွက်မျှသာ ဖြစ်သည်။ ထို့ကြောင့် တို့ဗမာအစည်းအရုံးကြီးက အလုပ်သမား လယ်သမားနှင့် ကျောက်သားထုကိုဦးဆောင်ကာ (၉၁) ဌာနအုပ်ချုပ်ရေးကို လွှတ်တော်အတွင်းအပြင်မှ တိုက်ဖျက်ခဲ့သည်။ ဤသို့ တိုက်ဖျက်စေကာမူနယ်ချဲ့အရင်းရှင်များနှင့် တိုင်းရင်းသား ကိုယ်ကျိုးရှာသမား တစ်စုတို့ အပေးအယူပြုကာ ဆက်လက် တည်မြဲခဲ့သည်။ မည်သို့ဆိုစေ တို့ဗမာသခင်များ ဦးဆောင်ကာ မြန်မာနိုင်ငံလုံးဝလွတ်လပ်သော ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံထူထောင်ရန်ဟူသော ဦးတည်ချက်ဖြင့် ဆက်လက်တိုက်ဖျက်ခဲ့ရာ ၁၉၄၂ ခု၊ မတ်လ (၁) ရက်နေ့တွင် (၉၁)ဌာနအုပ်ချုပ်ရေးလုံးဝ ချုပ်ငြိမ်းသွားခဲ့ရတော့လေသည်။

ကိုးကား[ပြင်ဆင်ရန်]

  • သခင်ခင်ဇော်၊ ဗမာ့လွတ်လပ်ရေးနှင့် အလုပ်သမားတိုက်ပွဲ၊ ရန်ကုန်၊ စပါယ်ပုံနှိပ်တိုက်၊ ၁၉၆၉၊ စာ၂၄၆
  • သခင်ဘမောင်၊ ဝံသာနုအရေးတော်ပုံသမိုင်း ရန်ကုန်၊ တသတ်သာစာပေ ၁၉၇၅၊ စာ ၃၃၀
  • ဦးထွန်းသန်း၊ နိုင်ငံရေးရှင်းတမ်း ရန်ကုန်။ မြန်မာပြည် စာအုပ်ဖြန့်ချိရေး၊ ၁၉၃၉၊ စာ ၂၂၈-၂၃၂ တောင်တန်းဒေသခေါ် ခြွင်းချန်သောဒေသများမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်များ ဖြစ်သည်။
  • (က) တို့ဗမာအစည်းအရုံးသမိုင်း (ပတွဲ) စာ ၁၉၄၊ ၁၉၅
    • (ခ) ဒေါက်တာမောင်မောင် ၊ မြန်မာနိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း
  • တို့ဗမာအစည်းအရုံးသမိုင်း (ပတွဲ) စာ- ၁၉၅
  • မြန်မာ့အလင်းသတင်းစာ (၅-၃-၁၉၃၇)
  • ဦးထွန်းသန်း၊ နိုင်ငံရေးရှင်းတမ်း၊ စာ-၂၃၆
  • တက္ကသိုလ်ပညာပဒေသာစာစောင် တွဲ(၁၄)၊ ပိုင်း(၄)
  • ဝံသာနုအရေးတော်ပုံသမိုင်း စာ ၃၃၀၊ ၃၃၃
  • သူရိယသတင်းစာ (၁၃-၃-၁၉၃၇)
  • နိုင်ငံရေးရှင်းတမ်း ၊ စာ-၂၃၈
  • သူရိယသတင်းစာ (၂၉-၃-၁၉၃၇)
  • သူရိယသတင်းစာ (၁-၄-၁၉၃၇)
  • သူရိယသတင်းစာ (၃-၄-၁၉၃၇)
  • တို့ဗမာအစည်းအရုံးသမိုင်း (ပတွဲ) စာ ၂၃၁
  • သူရိယသတင်းစာ (၂၁-၈-၁၉၃၇)
  • မြန်မာနိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၊ စာ ၁၀၈၊ ၁၀၉
  • သူရိယသတင်းစာ(၈-၃-၁၉၃၈)
  • သူရိယသတင်းစာ( ၅-၄-၁၉၃၈)
  • သူရိယသတင်းစာ(၁၀-၁-၁၉၃၉)
  • တို့ဗမာအစည်းအရုံးသမိုင်း (ဒုတွဲ) စာ ၃၈၂၊ ၃၈၆
  • သခင်ချစ်မောင် ၊ သာယာဝတီစီရင်စု တို့ဗမာအစည်းအရုံးသမိုင်း(မူကြမ်း) ရန်ကုန်၊ (ပုံနှိပ်မပါ)၊ ၁၉၆၇၊ စာ ၂၅
  • မန္တလေးသူရိယသတင်းစာ (၂၁-၂-၁၉၃၉)
  • တို့ဗမာအစည်းအရုံးသမိုင်း (ဒုတွဲ) စာ ၄၀၇၊ ၄၀၈
  • မန္တလေးသူရိယသတင်းစာ (၂၁-၂-၁၉၃၉)
  • ဗန္ဓုလသတင်းစာ (၁-၃-၁၉၃၉)
  • ဒေါ်မြင့်မြင့်သန်း " (၉၁)ဌာနအုပ်ချုပ်ရေး" တက္ကသိုလ် ပညာပဒေသာစာစောင် တွဲ (၁၅)၊ ပိုင်း(၅)။ (၁၉၁ဂခု ၊ စက်တင်ဘာလ ) စာ ၅၂၊ ၅၃

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးစိန်မြင့်(လုပ်သားများကောလိပ်)၏ မြန်မာနိုင်ငံ သမိုင်းအဘိဓာန်