ကရင်လူမျိုး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Karen
A Karen woman.jpg
ရိုးရာဝတ်စုံဝတ်ဆင်ထားသော ကရင်အမျိုးသမီးတစ်ဦး
လူဦးရေ စုစုပေါင်း
၅,၁၅၅,၀၀၀[၁]
အများစု နေထိုင်သည့် နေရာ
 မြန်မာ၃,၆၀၄,၀၀၀[၂]
 ထိုင်း၁,၀၀၀,၀၀၀[၃]
 အမေရိကန်၂၁၅,၀၀၀ (၂၀၁၈)[၄]
 ဩစတြေးလျ၁၁,၀၀၀+[၅]
 ကနေဒါ၄,၅၁၅[၆]–5,000[၇]
 အိန္ဒိယ (အက်ဒမန်ကျွန်းစု)၂,၅၀၀[၈]
 ဆွီဒင်၁,၅၀၀
အခြားနိုင်ငံများ၂၀၀,၀၀၀+
ဘာသာစကား
စကောကရင်ပိုးကရင်ကရင်နီနှင့် ပအိုဝ်းများအပါအဝင် ကရင်ဘာသာစကားများ
ကိုးကွယ်မှု
ထေရဝါဒ ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာ၊ ကရင်ရိုးရာကိုးကွယ်မှု
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
တရုတ်-တိဘက်နွယ် လူမျိုးများ
ကရင်ဒုံးယိမ်းအက
ကရင်လူမျိုး
ဦးဖိုးကျား ရေးသော ခေတ်မီ မြန်မာရာဇဝင်အကျဉ်းစာအုပ်မှ.....

ရာဇဝင်သမိုင်း[ပြင်ဆင်ရန်]

ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွားလူမျိုးတိုင်းသည် မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းသယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍ သမိုင်းဟူသည် ဖောက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။ ကျွန်ုပ်တို့ ကရင်တိုင်းရင်းသားတို့သည် ရှေးကပင် လူကြီးမိဘများ၏ ဆုံးမစကားကို တရိုတသေမှတ်သားလိုက်နာတတ်ပြီး နောင်လာနောင်သားများအား ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများကို ခိုင်ခိုင်လုံလုံ ထိန်းသိမ်းလာ နိုင်ခဲ့သည်။ ယင်းသမိုင်းအထောက်အထားများအနက် ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွား ဒေသသည် ကရင်လူမျိုးတို့ တစ်ချိန်က အခြေချနေထိုင်ခဲ့သော နေရာဒေသဖြစ်ကြောင်းကို အများကကြားဖူးပြီးဖြစ်သော်လည်း ယင်း ထီ့ဆဲ့မဲ့ယွား ဒေသသည် မည်သည့်တိုင်းပြည်ဒေသ တွင် ရှိသည်ကို မှန်းဆမရနိုင်သူ များလှသည်။ ထီ့ဆဲ့မဲ့ယွား ဟူသည် ရေစီးရာတွင် သဲတို့ မျောပါနေသော မြစ်ချောင်းဒေသ ဟု အဓိပ္ပာယ်ရသည်။ ယင်းဒေသကို မနုဿပထဝီဗေဒနှင့် သမိုင်းပညာရပ်များ စသည်တို့ဖြင့် သိပ္ပံနည်းကျ လေ့လာရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၅၀၀) လောက်က တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဌာန်ဖြစ်ပြီး၊ မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး မွေးမြူရေး အသင့်အတင့်လုပ်ကိုင်၍ အခြေချနေထိုင်ပြီး မိသားစု အိမ်ထောင်စုတို့ စုပေါင်းနေထိုင်ကြသည့် ဒေသဖြစ်သည်။ ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော် နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများတိမ်ကောမှုနှင့် မိုးရေလျှံမှုတို့ကြောင့် စိုက်ပျိုးခင်းများ လူနေအိမ်များပျက်ဆီးခဲ့ရပြီး တိုးပွားလာသော လူဦးရေအတွက် ထောက်ပံ့နိုင်သည့် အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် အုပ်စုခွဲပြီး တောင်ဘက်အရပ်များသို့ ရွှေ့ပြောင်းလာကြရာ ယနေ့အရှေ့တောင်အာရှဒေသအနှံ့ ပြန့်ကျဲနေထိုင်ကြသော ကရင်လူမျိုးစုများကို တွေ့ရခြင်းဖြစ်သည်။ မို့ထိတ် ဖထိတ် ခေါ် မိုးထိ ပါးထိ ကရင်ရှေးဦးလူမျိုးတို့သည် အရှေ့တောင်အာရှဒေသအနှံ့ အစုစုပျံ့နှံ့ နေထိုင်ကြသော်လည်း ထီဆေ့မေ့ယွားဒေသမှ ထွက်လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ပဲ အနည်းဆုံး အုပ်စုကြီး နှစ်စု ထွက်လာကြသည်မှာ ထင်ရှားပါသည်။ ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ် အကြားအမြင်ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများ ဦးဆောင်ပြုသော အုပ်စုဖြစ်ပြီး ကောင်းမွန်သောဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သော မိသားစုများကို ပြန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများကို နောင်ကာလတွင် ဖထိတ် သို့မဟုတ် ပါထိ ခေါ် ဖခင်အနွယ်ကရင်မျိုးနွယ်စုများဟု ခေါ်တွင်လာခဲ့သည်။ ကျန်ခဲ့သော မိသားစုများတွင် အတွေ့ကြုံပြည့်စုံသော မိခင်များ သို့မဟုတ် အမျိုးသမီးကြီးများက စီမံကွပ်ကဲ၍ ထိုဒေသမှ ထွက်ခွာသောကြသော မိသားစုများ သည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့် ထီ့ဆေ့မေ့ယွား ဒေသတွင် နေထိုင်လာခဲ့ရာ နှစ်ပေါင်းကြာမြင့်လာသောအခါ သဘာဝဘေးရန်များနှင့် နောက်ထပ်ရွှေ့ပြောင်းလာကြသော အခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော အုပ်စုနောက်သို့ ရှာဖွေလိုက်လာခဲ့ပြီး ယင်းတို့ကို ထီ့ဆေ့မေ့ယွားမှ မို့ထိတ် သို့မဟုတ် မိုးထိ ခေါ် မိခင်အနွယ်ဝင် ကရင်လူမျိုးများ ဖြစ်လာကြသည်ဟု သမိုင်းပညာရှင် အများစုက လက်ခံယုံကြည်ထားကြသည်။ ဖထိတ်ခေါ် စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း သံလွင်မြစ်ကြောင်းများကို အဓိကအသုံးပြုပြီး တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာ ယနေ့တိုင် ယိုးဒယားပြည်၊ မြန်မာပြည်၊ ကမ္ဘောဒီးယားပြည် နှင့် ဗီယက်နမ်ပြည်တောင်ပိုင်း၊ မလေးရှားပြည်မြောက်ပိုင်းဒေသများသို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို တွေ့နိုင်သည်။ မို့ထိတ် ခေါ် ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့် အသုံးပြုပြီး ဆင်းသက်လာခဲ့ကြရာ မြန်မာပြည်ဖြစ်ဝကျွန်းပေါ်ဒေသနှင့် ကရင်ပြည်နယ်ဒေသများတွင်လည်းကောင်း၊ ယိုးဒယားပြည်အနောက်ဘက်ခြမ်းဒေသများတွင် လည်းကောင်း ပျံ့နှံ့နေထိုင်သည်ကို တွေ့ရပေမည်။ ကရင်သက္ကရာဇ်ရေတွက်ခြင်း ဒုတိယအသုတ်ဖြစ်သော မို့ထိတ်ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ (၇၃၉) နှစ်လောက်တွင် ပြည်ထောင်စုထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍ ကျွန်ုပ်တို့ကရင်အမျိုးသား သက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်ဆိုလျှင် ၂၇၄၈-ခုနှစ်သို့ ရောက်လာခဲ့ပါပြီ။ သို့ဖြစ်၍ ယနေ့ ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော ဖခင်အနွယ်ဝင် စကောကရင် အုပ်စုနှင့် မိခင်အနွယ်ဝင် ပိုးကရင် အုပ်စုတို့မှာ တစ်ချိန်က ထီ့ဆေ့မေ့ယွား တွင် တစ်ရွာတည်း သို့မဟုတ် တစ်အိမ်ထောင်စုတည်းနေထိုင်ခဲ့ကြသော မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင်းညီအစ်ကိုများဖြစ်ကြောင်းကို ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်ကြောင်း ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေသည့် သမိုင်းအထောက်အထား များက ယနေ့အရှေ့တောင်အာရှဒေသရှိလူမျိုးစုများ၏သမိုင်းကို လေ့လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ ကရင်လူမျိုးစုများ၏ အတိတ်သမိုင်းကြောင်းကိုလည်း မှန်ကန်စွာ လေ့လာတွေ့ရှိနိုင်သည်။ ကရင်ဟု ခေါ်တွင်ခြင်းကရင်လူမျိုးစုများကို ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏ တင်ပြချက်အရ လူတို့၏ ဦးခေါင်းခွံအနေအထားနှင့် နှာခေါင်းအနေအထားအရလည်းကောင်း၊ စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း သတ်မှန်ခေါ်တွင်ခြင်းဖြစ်သော်လည်း ကရင်လူမျိုးစုများမှာ ထိုင်း တရုတ် အုပ်စုများကဲ့သို့ပင် မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။ အရှေ့တောင်အာရှရှိ လူမျိုးအတော်များများက ယန် ဟု ခေါ်ကြပြီး၊ ဗမာလူမျိုးများက ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသော အခေါ်ကို မည်သည့်အချိန်ကစပြီး ခေါ်ကြသည်ကို အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည် အင်းဝခေတ်မတိုင်မီ စတင်ခေါ်တွင် ခဲ့ဟန်ရှိသည်။ ဗမာလူမျိုးတို့၏ အယူအဆအရ ကရင်လူမျိုးများကို ရှမ်းလူမျိုး (၃၀) တွင် ထည့်သွင်း၍ မှတ်တမ်းတင်ခဲ့ရာ ကွေ့ရှမ်းလူမျိုးများကိုလည်းကောင်း ဂျွမ်းလူမျိုးများကိုလည်း ကောင်း၊ ကရင်လူမျိုးများဟု ဒေသတလျှောက် ခေါ်တွင်ကြခဲ့သည်ဟု သမိုင်းပညာရှင်အချို့ က ယူဆကြသည်။ စကားပြောရာတွင် အသံဝဲပုံ တစ်မျိုးတစ်ဖုံထူးခြားခြင်းတို့ ကြောင့် ပျူလူမျိုးများကို ပိုးကရင်ဖြစ်လာသည်ဆိုသော ယူဆချက်မှာ မမှန်နိုင်ပါ။

လူမျိုးစုများ[ပြင်ဆင်ရန်]

အောက်ပါတို့သည် မြန်မာနိုင်ငံ အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော ကရင်လူမျိုးစုကြီးတွင်ပါဝင်သော မျိုးနွယ်စု ၁၁ ခုဖြစ်သည်။[၉][၁၀][၁၁]

၁။ ကရင်လူမျိုး
၂။ ကရင်ဖြူလူမျိုး (ဂေဘားကရင်)
၃။ ပလေကီးလူမျိုး (ပလေချီး)
၄။ မွန်ကရင်လူမျိုး (စာဖြူ)
၅။ စကောကရင်လူမျိုး
၆။ တလှေပွာလူမျိုး (တလှေပွား)
၇။ ပကူးလူမျိုး
၈။ ဘွဲလူမျိုး
၉။ မောနေပွားလူမျိုး
၁၀။ မိုးပွလူမျိုး (မိုးပွား)
၁၁။ ပိုးကရင်လူမျိုး (ရှို)

ကရင်လူမျိုးတွင် စကောကရင် နှင့် ပိုးကရင် ဟူ၍ အဓိကလူမျိုးစုကြီး ၂ စုရှိသည်။ ထိုလူမျိုးစုကြီး ၂ စုမှာ ဓလေ့စရိုက် နှင့် အသုံးပြုသော ဘာသာစကားတွင် ကွဲပြားခြားနားမှုများရှိသည်။ ကရင်မျိုးနွယ်စုတွင် အဓိကမျိုးနွယ်စုဖြစ်သော ပိုးကရင်( အရှေ့ပိုး/အနောက်ပိုးကရင်)နှင့် စကောကရင်သာမက ပကူးကရင်, ဘွဲကရင်, ဂေခို ကရင်, ဂေဘား ကရင်, မောနေပွာကရင်, ကရင်ဖြူ, ထိုကလိဘောင်ကရင်, တလေပွာကရင်, ပလေချီးပလေကီးကရင် စသည့်မျိုးနွယ်စုများသည်လည်း ကရင်လူမျိုးစုအုပ်စုဝင်ထဲတွင်ပါဝင်သည်။

စကောကရင်လူမျိုးများသည် ယောက်ျားလေးများ၏ အမည်ရှေ့တွင် 'စော' တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် 'နော်' တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ ပိုးကရင်လူမျိုးအနက် အရှေ့ပိုးကရင်များ၏ အမည်ရှေ့တွင် အမျိုးသားဆိုပါက "စော" ထည့်၍ အမျိုးသမီး အမည်ရှေ့တွင် "နန်း" တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ အနောက်ပိုးကရင်များ၏ အမည်ရှေ့တွင်မူ အသက်အလိုက်အမျိုးသားဆိုပါက "စ" နှင့် "မန်း" ထည့်၍ ခေါ်ပြီး အမျိုးသမီး အမည်ရှေ့တွင် "နမ့်" တပ်၍ ခေါ်‌လေ့ရှိကြသည်။

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

"ကရင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံ "

ကရင်လူမျိုးတို့၏ သမိုင်းဝင်နှစ်သစ်ကူးနေ့အကြောင်းကို ရေးသားဖော်ပြရာတွင် "ဒေါကလု"ခေါ် ကရင်အမျိုးသားအစည်းအရုံး(Karen National Assoiation)အကြောင်းမပါ မပြီးသလောက် အရေးကြီးလှပေသည်။ "ဒေါကလု"သည် မြန်မာနိုင်ငံရေး အစည်းအရုံးများ မပေါ်ပေါက်မီ ၁၈၈၁ ခုနှစ်ကစ၍ ဒေါက်တာတီသံပြာ၊ ဦးလူနီ(ဆစ်ဒနီလူနီ၏ဖခင်)၊ ဒေါက်တာမြတ်စံ၊ ဦးစံလုံးနှင့် အခြားသော ကရင်အမျိုးသားခေါင်းဆောင်ကြီးမျ ားက တည်ထောင်ခဲ့သော အစည်းအရုံးကြီးဖြစ်သည်။ အိန္ဒိယကွန်ကရက်(India Congress)သည် "ဒေါကလု"အသင်းကြီးရှိပြီး နှစ်နှစ်အကြာ ၁၈၈၃ ခုနှစ်၌ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဒေါက်တာတီသံပြာ(M.A.D.D.)သည် "ဒေါကလု"၏ ပထမဦးဆုံး ဥက္ကဋ္ဌဖြစ်၍ စောဘမောင်(Bar-at-Law)သည် အင်္ဂလိပ်မျ ား မြန်မာပြည်မှ ဆုတ်ခွာသွားသည်အထိ နောက်ဆုံး ဥက္ကဋ္ဌတစ်ဦး ဖြစ်၏။ ကရင်အမျိုးသား အခွင့်အရေးဟူသမျှ တို့သည် "ဒေါကလု"၏ ကြိုးပမ်းဆောင်ရွက်မှုချည်းသာ ဖြစ်ခဲ့လေသည်။

ကရင်အမျိုးသား ခေါင်းဆောင်ကြီးမျ ားသည် ကရင်တစ်မျိုးသားလုံး၏ သမိုင်းဝင်နေ့ ရရှိရန်အတွက် ပထမတွင် ကရင်အမျိးသားနေ့(Karen National Day)ကို တင်သွင်းတောင်းဆိုချက်ကို အင်္ဂလိပ်အစိုးရက လက်ခံခွင့်ပြုခြင်းမရှိဘဲ အဆိုပါနေ့အစား အခြားနေ့တစ်နေ့ကို ဆက်လက်ထပ်မံတင်သွင်းပါရန် ပြန်လည်အဆိုပြုခဲ့သည်။ ကရင်အမျိုးသား ခေါင်းဆောင်ကြီးမျ ားက သမိုင်းဝင်နေ့အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြရာတွင် "ကရင်နှစ်သစ်ကူးနေ့" (Karen New year Day)ကို တောင်းဆိုတင်သွင်းရန် သဘောတူညီခဲ့ကြသည်။

ထိုအချိန်၌ ကရင်အမျိုးသားတို့သည် နှစ်သစ်ကူးနှင့်ပတ်သက်၍ ကျင်းပခဲ့ကြသောနေ့၊ ရက်၊ လမျ ားသည် ဒေသတစ်ခုနှင့်တစ်ခု တူညီမှုမရှိခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ တောင်ပေါ်ဒေသတွင် နေထိုင်သော ကရင်အမျိုးသားအချို့သည် တောင်ယာလုပ်ငန်း ပြီးဆုံးလျှင် ရိုးရာအရိုးကောက်ပွဲမျ ား ကျင်းပပြုလုပ်ကြ၏။ ၎င်းနောက်တွင် ဆက်လက်၍ နှစ်သစ်ကူးပွဲကို ကျင်းပကြသည်။ ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးတို့မှာ မြန်မာဗုဒ္ဓဘာသာဝင်မျ ားကဲ့သို့ပင် သင်္ကြန် ကျပြီးနောက် နှစ်ဆန်းတစ်ရက်နေ့ကို နှစ်သစ်ကူးအဖြစ်လည်းကောင်း၊ လဲကယ်ဘာသာဝင် ကရင်တို့မှာမူ သီတင်းကျွတ်လအတွင်း စနေနေ့ တစ်ရက်ရက်တွင်လည်းကောင်း၊ ခရစ်ယာန်ဘာသာဝင် ကရင်မျ ားက ကမ္ဘာ့နှစ်ဆန်းတစ်ရက်ဖြစ်သော ဇန်နဝါရီလ တစ်ရက်နေ့တွင်လည်းကောင်း၊ မေတ္တာဗြဟ္မစိုရ်အသင်းဝင်ကရင်မျ ားနှင့် ယိုးဒယားနိုင်ငံရှိ အချို့သောကရင်မျ ားသည် နှစ်သစ်ကူးနေ့ကို တပို့တွဲလဆန်း တစ်ရက်နေ့တွင်လည်းကောင်း၊ မြန်မာနိုင်ငံ မြေပြန့်ဒေသမျ ားတွင် နေထိုင်ကြသော ကရင်မျ ားနှင့် ယိုးဒယားနိုင်ငံဘက်မှ နေထိုင်သော ကရင်အချို့တို့သည်လည်း ပြာသိုလဆန်း တစ်ရက်နေ့တွင်လည်းကောင်း အသီးအသီး နှစ်သစ်ကူးပွဲတော်ကို ကျင်းပကြသည်။

ထို့ကြောင့်ပင် သမိုင်းဝင်နေ့တစ်နေ့ ရရှိရန် ကရင်နှစ်သစ်ကူးနေ့အဖြစ် တင်သွင်းရာ၌ ပထမဦးစွာ အောက်လွတ်တော်မှ စတင်တင်သွင်းရမည်ဖြစ်၍ ကရင်အမတ် ၁၅ ဦး၏ ဒုတိယဥက္ကဋ္ဌဖြစ်သော စောဂျွန်ဆင်ဒီဖိုးမင်းသည် နေ့ရက်သတ်မှတ်ရေးအတွက် တာဝန်ယူရ၏။ ထိုအခါ စောဂျွန်ဆင်ဒီဖိုးမင်းသည် တောင်ငူမြို့ရှိ ကရင်သက်ကြီး ဝါရင့်သူအချို့ကို ခေါ်ယူဆွေးနွေးခဲ့ပြီး သရာမိုးလိုအား ဆက်လက်တာဝန် လွှဲအပ်ခဲ့ကြသည်။ သရာမိုးလိုသည် ကရင်အမျိုးသားတို့၏ ခုနှစ် သက္ကရာဇ်သည် နှစ်ပေါင်းမည်မျှရှိကြောင်းနှင့် ကရင်အမျိုးသားတို့၏ နှစ်သစ်ကူးနေ့သည် မည်သည့်နေ့၊ လတွင် ဖြစ်ကြောင်းဟူသော အချက်နှစ်ချက်အပေါ် မူတည်၍ ရှာဖွေသုတေသန လုပ်ခဲ့ပြီးနောက် ပြန်လည်တင်ပြခဲ့သည်။

အရှေ့တိုင်းသမိုင်းသုတေသီကြီးနှစ်ဦးဖြစ်သော ဂျီ၊အိပ်ခ်ျ၊လုစ်(G.H.Luce)နှင့် ဂျီ၊အီး၊ဟာဗီ(G.E.Harvey)တို့၏ မှတ်တမ်းပြုချက်မျ ားအရ လည်းကောင်း၊ အမျိုးသားပညာဝန် ဦးဖိုးကျ ားရေးသားသော မြန်မာရာဇဝင်အရ လည်းကောင်း၊ ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ ရှေးဦးစွာ ဝင်ရောက်လာခဲ့ကြသည်မှာ ဘီ၊ စီ၊ ၇၃၉ ခုနှစ်ကဖြစ်ကြောင်း သိရှိရပေသည်။ သို့ဖြစ်၍ သရာမိုးလိုက ကရင်သက္ကရာဇ်ကို ကရင်လူမျိုးတို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြသည့် ထိုခုနှစ်မှအစပြု၍ ရေတွက်ရန် အဆိုပြုခဲ့၏။ ယင်းအဆိုပြုချက်ကို အေ၊ဒီ၊ ၁၉၃၆ ခုနှစ်တွင် တင်သွင်းခဲ့ရာ၊ ကရင်လူမျိုးမျ ား မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့ကြသည့် ဘီ၊စီ၊ ၇၃၉ ခုနှစ်မှစ၍ ရေတွက်သော် နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျေ ာ်ရှိခဲ့ပြီ ဖြစ်သည်။

တောင်ငူမြို့ရှိ သက်ကြီးဝါကြီးသူမျ ား၏ သဘောတူညီ သတ်မှတ်လိုက်သည့် နေ့ရက်(သလေ လဆန်း ၁ ရက်)ကို ဥပဒေပြုအောက်လွတ်တော်တွင် တင်သွင်းသည့်အဆို (Bill) ကို စောဂျွန်ဆင်ဒီဖိုးမင်း လက်မှတ်ရေးထိုးကာ အောက်လွတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့၏။ ၁၉၃၇ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဥပဒေပြုအောက်လွတ်တော် အစည်းအဝေး မှတ်တမ်းတင်ချက်အရ (Presented)ဟူ၍ မှတ်တမ်းတင်ထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အထက်လွတ်တော်မှ ဆရာစံဘော်က ဆက်လက်ဦးဆောင်၍ ဝန်ကြီးစောဖေသာနှင့် ညှိနှိုင်းပြီး ဒေါက်တာဘမော် အစိုးရအဖွဲ့သို့တင်ပြ၍ အစိုးရအဖွဲ့၏ သဘောတူညီချက်အရ (Cabinet Executive Power)ဖြင့် ဘုရင်ခံထံသို့ တင်ပြနိုင်၍ ဘုရင်ခံ၏ သဘောတူညီချက်ကြောင့် အစိုးရရုံးမျ ားနှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်း အက်ဥပဒေ(Negotiable Instrument act.) အစိုးရအသိအမှတ်ပြု ရုံးပိတ်ရက်အဖြစ် ရရှိခဲ့သည်။

အစိုးရ၏ ပထမဦးဆုံး အသိအမှတ်ပြု ရုံးပိတ်ရက်မှာ ၁၉၃၈ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်(၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်)နေ့ဖြစ်ပြီး၊ ၎င်းနေ့တွင် ဝတ်လုံတော်ရ ဆစ်ဒနီလူနီက အသံလွှင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ပေါ်ထွက်လာသည့်"သာ့ပွာဖိုးလင်းတေး"ပြုစုရေးဆွဲသည့် ကရင်အမျိုးသားပြက္ခဒိန်အရ တစ်နှစ်ပြည့်မြောက်၍ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျ ရောက်သည့် ကရင်နှစ်သစ်ကူးပွဲတော်တွင် ကရင်အမျိုးသား ခေါင်းဆောင်ကြီး ၅ ဦး ဖြစ်ကြသော စောစံစီဖိုး၊ မန်းရွှေဘ၊ မန်းလှဖေ၊ စောဆစ်ဒနီလူနီနှင့် စောဖေသာတို့က ဩဝါဒသဝဏ်လွှာ ပေးပို့ခဲ့သည်။

(သဝဏ်လွှာ ပေးပို့သည့်နေ့စွဲမှာ"သာ့ပွားဖိုးလင်းတေး"၏ ပြက္ခဒိန်အရ ၁၉၃၈ ခုနှစ်တွင် နှစ်ကြိမ် ကျရောက်နေခြင်းကြောင့် ရက်အမှန်(၂၁-၁၂-၃၈)အစား(၂၁-၁၂-၃၉)ဟူ၍ ဖြစ်နေကြောင်း သတိပြုအပ်၏)။ မည်သို့ပင်ဆိုစေ ယနေ့ကရင်အမျိုးသားထု တစ်ရပ်လုံးက သရာမိုးလို၏ ရှာဖွေချမှတ်ပေးခဲ့သည့် ကရင်နှစ်သစ်ကူးနေ့ဖြစ်သော "သလေး"လဆန်း ၁ ရက်ဟု အတည်ပြုထားသော ပြာသိုလဆန်း ၁ ရက်၊(သို့မဟုတ်)"ထိုင်ခေါက်ဖူး"လဆန်း ၁ ရက်ကိုသာ ဆက်လက်အတည်ပြု လက်ခံနေကြကြောင်း တွေ့ရှိရသည်။

မန်းလင်းမြတ်ကျော် ရေးသားပြုစုသော "ကရင့်ရိုးရာ သုတပဒေသာ"စာအုပ်မှ ထုတ်နှုတ်မျှဝေသည်။

  1. SKC

ကရင်အမျိုးသားနေ့[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ်ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် KNU ကရင်အမျိုးသားအစည်းအရုံးက ဖဆပလ အစိုးရထံ ကရင်ပြည်ပြန်ပေးဖို့ရန် စာရေးတောင်းဆိုခဲ့သည်။ စာကို တလအတွင်း (၁၉၄၈) ခုနှစ်၊ မတ်လ (၃) ရက်နေ့နောက်ဆုံးထားပြီး ဖဆပလ အစိုးရမှ KNU ထံ အကြောင်းပြန်ရန်၊ ပြန်စာမရရှိပါက (သို့မဟုတ်) ကရင်ပြည်ပြန်ပေးဖို့ရန် ငြင်းဆိုပါက ကရင်အမျိုးသားများ ခြေတလှမ်း တက်လှမ်းမည်ဟု ပါရှိသည်။ ကရင်ပြည်တောင်းဆိုစာ ပိုမိုလေးနက်စေရန် ဖေဖော်ဝါရီလ (၁၁) ရက်နေ့၌ မြန်မာတပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင်ပြည်လိုလားကြောင်း မြို့ပေါ်တက်၍ ကရင်လူထူဆန္ဒပြပွဲ ကျင်ပရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်ဆုံးဖြတ်ချက်အတိုင်း (၁၉၄၈) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မြန်မာပြည်တပြည်လုံးရှိ ကရင်အမျိုးသားများမြို့ ပေါ်တက်၍ ကရင်ပြည်လိုလားကြောင်း ကရင်လူထူဆန္ဒပြပွဲ ကျင်းပလေသည်။ အောက်မြန်မာပြည် ကရင်အများစု ရှိရာ ဒေသများတွင်သာမက မြောက်ဘက်မြစ်ကြီးနားမှ တောင်ဘက် မြိတ်မြို့ အထိ၊ ရှမ်းပြည်နယ်တွင် နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် တပြည်လုံးတွင် ဆန္ဒပြကြသည်။ ရန်သူ ဖဆပလ မှလည်း ခြိမ်းခြောက်နှောက်ယှက်တားမြစ်ခြင်းကို အမျိုးမျိုးပြုလုပ်ခဲ့သည်။ သို့သော် နှောက်ယှက်တားမြစ်ခြင်း အမျိုးမျိုးကြားမှ ကရင်တမျိုးသားလုံး (၂) ရက်၊ (၃) ရက် ခရီးများချီတက်၍ ဆန္ဒပြရာ ကရင်အမျိုးသား၊ အမျိုးသမီးပေါင်း (၄) သိန်းကျော် အသံတိတ် ဆန္ဒပြ၍ ထိုနေ့ရက်အထိ မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ခဲ့သည်။ ကရင်အမျိုးသားများသည် ကြွေးကြော်သံ (၄) ချက်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။

ကရင်အမျိုးသားအလံတော်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကရင်အမျိုးသားအလံတော်
ကရင်အမျိုးသားအလံတော်

၁၉၃၆ ခုနှစ် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရလက်ထက်တွင် ကရင်အမျိုးသားအမျိုးသား အဖွဲ့ချုပ်ကြီး၏ ဆုံးဖြတ်ချက်အရ လွှတ်တော်အတွင်းရှိ ကရင်အမတ်များသည်

  1. ကရင်နှစ်သစ်ကူးနေ့(ကရင်အမျိုးသားနေ့)
  2. ကရင်အမျိုးသားသီချင်း
  3. ကရင်အမျိုးသားအလံတော် စသည်တို့ကို တောင်းဆိုခဲ့ကြသည်၊၊

ဤတောင်းဆိုချက်များရရှိသောအခါ ကရင်အမျိုးသားအဖွဲ့ချုပ်ကြီးသည် ကရင်ခေါင်းဆောင်များနှင့် ကရင်အမျိုးသားများထံ “ ကရင်အမျိုးသားအလံ” ပုံစံများရေးစွဲ၍ တင်ပို့ကြရန် မေတ္တာရပ်ခံခဲ့သည်။ ရောက်ရှိလာသော ကရင်အလံပုံစံ တစ်ရာအနက်မှ မန်းဘခင်(ဝန်ကြီးဟောင်း) ရေးဆွဲသောအလံပုံစံကို အတည်ပြု ရွေးချယ်ခဲ့သည်။ အနီရောင်၊ အဖြူရောင်၊ အပြာရောင် သုံးရောင်ခြယ်ပေါ်တွင် တက်သစ်စနေဝန်းနှင့် ဖားစည်ပါရှိသော အလံသည် ကရင်အမျိုးသားအလံပင် ဖြစ်သည်။

ကရင်အမျိုးသားများသည် ကရင်အမျိုးသားအလံတော်ကို လူထုအစည်းအဝေးပွဲများနှင့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားများတွင် ပြည်ထောင်စုအလံတော်နှင့် ယှဉ်တွဲ၍ စိုက်ထူကြသည်။

ကရင်အမျိုးသားသီချင်း[ပြင်ဆင်ရန်]

ကရင်အမျိုးသားသီချင်းကို စောစံဘ နှင့် စောသာအေးကြီးတို့က ရေးသားတင်ပြရာ ကရင်အမျိုးသားအဖွဲ့ချုပ်မှ အတည်ပြုလက်ခံသဖြင့် ကရင်အမျိုးသားသီချင်းဟူ၍ ပေါ်ပေါက်လာ၏။ သီချင်းကို ကရင်အမျိုးသားဆိုင်ရာအခမ်းအနားများ၊ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစံပွဲ အခမ်းအနားများတွင် အဖွင့်သီချင်းနှင့် အမျိုးသားအလံတော်အလေးပြုရန် အမြတ်တနိုး တန်ဘိုးထား သီဆိုလေ့ရှိသည်။


ထင်ရှားသော ကရင်လူမျိုးများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. People Cluster - Karen။ Joshua Project။
  2. Largest Ethnic Groups In Myanmar။ Reunion Technology။
  3. Karen people။ 4 February 2021 တွင် ပြန်စစ်ပြီး။
  4. Jobs and housing lure karen refugees to spread across minnesota
  5. Burmese Community Profile။ 30 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2021 တွင် ပြန်စစ်ပြီး။
  6. Census Profile, 2016 Census၊ Statistics Canada၊ 8 February 2017
  7. Karen refugees find freedom, hope in Windsor
  8. "The Karen – A Lesser Known Community of the Andaman Islands (India)" . 
  9. တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးနှင့်ပတ်သက်၍ မည်သည့်အစိုးရလက်ထက်တွင် စာရင်းပြုစုပြီး ရရှိလာခဲ့သည်နှင့် စပ်လျဉ်းသည့်မေးခွန်း။ 3 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 February 2020 တွင် ပြန်စစ်ပြီး။
  10. Gamanii။ "135: Counting Races in Burma"၊ 25 September 2012။ 26 August 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 9 May 2014။ 
  11. Composition of the Different Ethnic Groups။ 10 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 February 2020 တွင် ပြန်စစ်ပြီး။