ဗုဒ္ဓဘာသာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်


ဗုဒ္ဓဘာသာသည် 'ကိုးကွယ်ရာဘာသာတရား' လည်းကောင်း၊ သင်ယူလိုက်နာကျင့်ကြံရာ 'ဓမ္မ' လည်းကောင်း ဖြစ်သည်။ ဗုဒ္ဓဟောကြားခဲ့သော အယူဝါဒများ ဖြစ်၍ 'ဗုဒ္ဓဝါဒ' ဟူ၍လည်းကောင်း၊ ဗုဒ္ဓ၏သင်ကြားမှုများဟု အဓိပ္ပါယ်ရသော 'ဗုဒ္ဓသာသနာ' ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ဗုဒ္ဓဘာသာတွင် ဂေါတမ ဗုဒ္ဓ၏ သင်ကြားဆုံးမမှုများကို အခြေခံသည့် များစွာသော ရိုးရာဓလေ့ထုံးတမ်းများ၊ ယုံကြည်မှုများနှင့် ကိုးကွယ်မှုဆိုင်ရာများ ခြုံငုံပါဝင်သည်။ 'ဂေါတမ ဗုဒ္ဓ' အမည်တွင် 'ဂေါတမ' သည်မျိုးရိုးအမည် ဖြစ်၍ 'ဗုဒ္ဓ'သည် 'ဉာဏ်အလင်းပွင့်သူ (သစ္စာ လေးပါးကို သိမြင်သူ)' ဟု အဓိပ္ပါယ်ရသည်။ ဗုဒ္ဓဘာသာ ထုံးတမ်းယုံကြည်မှုအရ ဗုဒ္ဓသည် ဘီစီ ၆ ရာစုမှ ဘီစီ ၄ ရာစုအတွင်း အိန္ဒိယ တိုက်ငယ်၏ မြောက်ပိုင်းရှိ မာဂဓတိုင်းပြည်တွင် နေထိုင်သွားသည်ဟု သိရသည်။ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓအား သစ္စာ လေးပါးကို ကိုယ်တိုင်ထိုးထွင်းသိမြင်သူ အဖြစ်လည်းကောင်း တန်းခိုးရှင်ဘုရား အဖြစ်လည်းကောင်း အဝိဇ္ဇာနှင့် တဏှာကို ပယ်သတ်ပြီး သံသရာဒုက္ခမှ လွတ်မြောက်ဖို့အတွက် လမ်းညွှန်ပြသပေးသည့် ဉာဏ်အလင်းပွင့်သူ ဆရာသခင် အဖြစ်လည်းကောင်း မှတ်ယူကြသည်။ ဗုဒ္ဓဘာသာဝင်များသည် သစ္စာ လေးပါးနှင့် ပဋိစ္စသမုပ္ပါဒ်ကို သိမြင်နားလည်ခြင်းအားဖြင့် ဤသို့ ဉာဏ်အလင်းပွင့်မှုကို ရရှိနိုင်သည်ဟု ယုံကြည်ကြသည်။

မာတိကာ

အသုံးအနှုန်း

၁၃၀၇-ခုနှစ် စတင်ပုံနှိပ်ခဲ့သော ဦးခင်အမည်ရှိ ပုဂ္ဂိုလ်ပြုစုသည့် ဗုဒ္ဓဘာသာဆိုတာဘာလဲ စာအုပ်၌ အငြိမ်းစားစာရေးပိုင်မင်း ဦးဘိုးစ ရေးသည့် စာအုပ်ဝေဖန်ချက် အခန်း၌ ဗုဒ္ဓဘာသာဟူသော စကားသည် ဘိုးတော်မင်းတရား လက်ထက်လောက်ကစ၍ လူတို့ဝေါဟာရ သုံးစွဲခဲ့သော စကားဖြစ်သည် ။ ၎င်းစကားကို မသုံးစွဲမီ ဗုဒ္ဓဘာသာတရားကို သမ္မာဒိဋ္ဌိ တရားဟု ခေါ်ဝေါ်သုံးစွဲကြ၏ ဟု တွေ့ရသည် ။

ဗုဒ္ဓဘာသာဟူသော အသုံအနှုန်းသည် ပိဋကတ်စာပေတို့၌၎င်း ရှေးသာသနာဝင် ရာဇဝင်တို့၌၎င်း မတွေ့ရချေ။ နိုင်ငံခြားသာသနာပြုတို့က ခေါ်ဝေါ်ကြသဖြင့် ဖြစ်ပေါ်လာသော စကားခွန်းဖြစ်ကြောင်း သိရသည် ။

ဗုဒ္ဓဘာသာဟူသော စကားခွန်းသည် ဘိုးတော်မင်းတရား လက်ထက်လောက်ကစ၍ ပေါ်ပေါက်လာသည်ဟု ဆိုရစေကာမူ လူသုံးများသည့် စကားအဖြစ်သို့ကား ထိုစဉ်က မရောက်ခဲ့ချေ ။ သက္ကရာဇ် ၁၂၄၇-ခုနှစ်မှ မြန်မာမင်းတို့ မရှိသည့်နောက် မြန်မာနိုင်ငံသို့ အင်္ဂလိပ်တို့ အုပ်စိုးသောအခါ ခရစ်ယာန် သာသနာပြုတို့ လွတ်လပ်စွာ သာသနာပြုနိုင်သည့် အချိန်မှစ၍ ဗုဒ္ဓဘာသာဟူသော စကားသည် ပိုမိုတွင်ကျယ်လာကြောင်း သိရလေသည်။

ကိုင်းခွဲ နှစ်ခု

ဗုဒ္ဓဘာသာတွင် အဓိကအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ(ထေရ်ကြီးဝါကြီးများမှတဆင့် ဆက်ခံသည့်ဝါဒ) နှင့် မဟာယာန ဗုဒ္ဓဘာသာ(ကြီးမားသည့်ယာဉ်) ဟူ၍ ကိုင်းခွဲ နှစ်ခုရှိသည်။ ထေရဝါဒ ဗုဒ္ဓဘာသာတွင် အဓိက ရည်မှန်းချက်ပန်းတိုင်မှာ မဂ္ဂင် ရှစ်ပါးကို ကျင့်ကြံခြင်းဖြင့် ဘဝသံသရာစက်ဝန်းက လွတ်မြောက်ပြီး အပြီးသတ်အေးငြိမ်းမှု နိဗ္ဗာန်ကို ရရှိရန်ဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာအား သီရိလင်္ကာနှင့် အရှေ့တောင်အာရှတွင် ကျယ်ပြန့်စွာ တွေ့ရှိရသည်။

မဟာယာန ဗုဒ္ဓဘာသာတွင် သန့်စင်မြေ ဗုဒ္ဓဘာသာဇင် ဗုဒ္ဓဘာသာနီချီးရန်း ဗုဒ္ဓဘာသာရှင်ဂုံ ဗုဒ္ဓဘာသာနှင့် တီအန်တိုင် ဗုဒ္ဓဘာသာစသည်တို့ ပါဝင်ပြီး အရှေ့အာရှ တစ်ဝှမ်းတွင် ပျံ့နှံ့ တည်ရှိသည်။ မဟာယာနတွင် နိဗ္ဗာန်အစား ဗောဓိသတ္တ အဖြစ်မှတဆင့် သံသရာစက်ဝန်းအတွင်းနေထိုင်ပြီး အခြားသူများ ဉာဏ်အလင်းပွင့်ဖို့ရာ ကူညီပေးမည့် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိရန် ဦးတည်သည်။

အိန္ဒိယမှ မဟာစိတ္တ၏ သင်ကြားမှုဖြစ်တဲ့ ဟိနယာန ဗုဒ္ဓဘာသာကို မဟာယာနရဲ့ အစိတ်အပိုင်းအဖြစ်လည်းကောင်း၊ တခါတရံ တတိယမြောက် ကိုင်းခွဲအဖြစ်လည်းကောင်း ရှုမြင်ကြသည်။ တိဗက် ဗုဒ္ဓဘာသာသည် ၈ ရာစုနှစ် အိန္ဒိယနိုင်ငံ ဟိနယာန ဗုဒ္ဓဘာသာ၏ သင်ကြားမှုများကို ဆက်ခံပြီး ဟိမဝန္တာဒေသပတ်ဝန်းကျင်နှင့် မွန်ဂိုလီးယားနိုင်ငံဒေသများတွင် ကျင့်သုံးကြသည်။

ဗုဒ္ဓဘာသာ ကိုင်းခွဲများသည် နိဗ္ဗာန်သို့သွားရာ လမ်းကြောင်းများ၊ ကျမ်းစာအမျိုးမျိုးနဲ့ ကျမ်းတို့၏ အရေးပါမှုများတွင် ကွဲပြားကြသည်။ အထူးသဖြင့် ၎င်းတို့၏ ကျင့်စဉ်များသည် ကွဲပြားကြသည်။ ဗုဒ္ဓဘာသာသည် ဖန်ဆင်းရှင် ဘုရားကို ငြင်းပယ်ပြီး မဟာဗြဟ္မာကဲ့သို့ တန်ခိုးရှင်များအား ဖန်ဆင်းရှင်အဖြစ် အထင်မှားခြင်းသာ ဖြစ်ကြောင်း ယူဆသည်။ ဗုဒ္ဓဘာသာသည် ၎င်းတို့အစား ရတနာသုံးပါးဖြစ်သည့် ဗုဒ္ဓ(ဘုရား)၊ ဓမ္မ(တရား)နှင့် သံဃ(ရဟန်းအဖွဲ့အစည်း)တို့ကို အခြေခံသည်။ အစဉ်အလာအရ ရတနာသုံးပါးကို ဆည်းကပ်ခြင်းသည် ဗုဒ္ဓဘာသာ လမ်းကြောင်းအတိုင်း ကျင့်ကြံနေထိုင်မည် ဖြစ်ကြောင်း ဝန်ခံကတိပြုခြင်းပင် ဖြစ်ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်ခြင်း မဖြစ်ခြင်းကို ခွဲခြားသည့် နည်းလမ်းလည်း ဖြစ်သည်။ ဗုဒ္ဓ၏ လမ်းစဉ်ကို လျှောက်လှမ်းစဉ်အတွင်း ကောင်းမှုပြုခြင်း၏တည်ရာ အကျင့်ဆယ်ပါး(ပုညကြိယဝတ္ထု ဆယ်ပါး) မှ အချို့ကိုဖြစ်စေ အားလုံးကို ဖြစ်စေ လိုက်နာကျင့်ကြံကြသည်။ တခါတရံတွင် ၎င်းဆယ်ပါးမှ သုံးပါးဖြစ်သည့် ဒါနသီလနှင့် ဘာဝနာတို့ကို အထူးလိုက်နာ ကျင့်သုံးရန် အားပေးသည်။ အခြားသော ကျင့်ကြံမှုများမှာ ဂါထာ၊ တရားစာ ရွတ်ဖတ်လေ့လာခြင်း၊ ပညာဉာဏ်အလင်းအတွက် ကျင့်ကြံခြင်း၊ သာမာန်လူနေမှုဘဝကို စွန့်ခွာ၍ ရဟန်းအဖြစ်ခံယူနေထိုင်ခြင်းနှင့် ကိုင်းခွဲများအလိုက် များစွာသော ကျင့်ကြံမှုနှင့် အလေ့အထများ ရှိသည်။

ဗုဒ္ဓဘာသာဝင် စုစုပေါင်း ၄၈၈ သန်းမှ ၅၃၅ သန်း ခန့်ရှိ၍ ကမ္ဘာ့အဓိကဘာသာကြီးများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

တောင်ကိုရီယား ဗုဒ္ဓဘာသာဘုရားကျောင်း
ဂေါတမဗုဒ္ဓ၊ ရှေးကျသော ဂန္ဓာရတိုင်း၊ ပါကစ္စတန်မြောက်ပိုင်း,CE ၁ ရာစုနှစ်, Musée Guimet ပြတိုက်, ပါရီမြို့
သကျမုနိမြတ်စွာဘုရားကြီး
Buddha altar, Myingyan, Myanmar.jpg

ရှေးအကျဆုံးသော ဘာသာတရား

ဗုဒ္ဓဘာသာ သည် ကမ္ဘာပေါ်တွင် လူဦးရေ (သန်း ၆၉၀၀) ကျော် ရှိသည့် အနက် ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူဦးရေ (၄၈၇သန်း) အထိ ကိုးကွယ်ယုံကြည်သော ဘာသာတရား နှင့် အယူဝါဒဖြစ်သည်။ တရုတ်ပြည်သည် ကမ္ဘာ့ဗုဒ္ဓဘာသာလူဦးရေ အများဆုံးနိုင်ငံလည်းဖြစ်သည်။ တရုတ်ပြည်တွင် လူဦးရေ (သန်းပေါင်း ၁၄၀၀) ခန့်ရှိသည်။ [၁] တရုတ်ပြည်တွင် လူဦးရေ သန်းပေါင်း ၁၂၀၀ ကျော်အထိ မဟာယာန ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သည်။ [၂][၃] ထို့ကြောင့် မဟာယာန၊ ဇင်(Zen) နှင့် ထေရဝါရပေါင်းလျှင် ကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် သန်း ၂၀၀၀ နီးပါး ရှိပြီး ဒုတိယလူဦးရေအများဆုံး ကမ္ဘာ့ဘာသာနှင့် အကြီးထွား အမြန်ဆုံးသော ဘာသာတစ်ခုလည်း ဖြစ်သည်။[၄][၅][၆][၇] ဗုဒ္ဓဘာသာတွင် မဟာယာနနှင့် ထေရဝါဒ ဟူ၍ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းရှိသည်။ ဂျပန်၏ ဇင်ဗုဒ္ဓဘာသာ ( 禪 )ရှိသည်။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် ၄၈၈သန်း နီးပါး ရှိသည်။[၈] ဟိန္ဒူဘာသာဝင် သန်း ၁ဝ၀၀ ကျော် တို့ကလည်း ဂေါတမဗုဒ္ဓမြတ်စွာဘုရား ကို ကြည်ညို လေးစားကြသည်။[၉] ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူဘာသာတို့သည် “ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ” ဆိုသကဲ့သို့၊ တစ်ဘာသာ နှင့် တစ်ဘာသာ အမှီပြု လျက် ဆက်သွယ်ကာ တည်ရှိနေကြသည်။ ဂေါတမ ဗုဒ္ဓဘုရား သည် Vishnu ဘုရားဝင်စား အဖြစ် ဗုဒ္ဓဘာသာတို့က မယုံကြည်ကြပါ။ ဟိန္ဒူဘာသာ စသော အခြားသော ဘာသာအယူဝါဒများ၊ ဖန်ဆင်းရှင် ဘုရားသခင်(God) တည်ရှိမှုကို အယုံအကြည် မရှိသူ ဘာသာမဲ့ များကပင် ဂေါတမဗုဒ္ဓ ကို တနည်းမဟုတ်တနည်းဖြင့် ကြည်ညို လေးစားကြသည်။ ဂေါတမဗုဒ္ဓဘုရား သည် လူ့သမိုင်းတွင် ဩဇာအကြီးမားဆုံးသောအမြင့်မြတ်ဆုံးသော၊ ထိပ်ဆုံး အဓိကပုဂ္ဂိုလ်ဘုရားဖြစ်သည်။ [၁၀][၁၁] ဗုဒ္ဓဘာသာ၏ မေတ္တာ-ကရုဏာသီလ၊သမာဓိ၊ပညာသစ္စာလေးပါးမဂ္ဂင် ၈ ပါးအောင်ခြင်း ၈ ပါးကမ္မဋ္ဌာန်းဝိပဿနာပိဋကတ် သုံးပုံပါရမီဆယ်ပါးခွင့်လွှတ်ခြင်းနှင့် သည်းခံခြင်းသည် ကမ္ဘာပေါ်တွင်အလွန်ကျော်ကြားလှသည်။ ဗုဒ္ဓခေတ်ပညာရေးအဆင့်အတန်းနှင့် နည်းစနစ်သည် သမိုင်းကြောင်းကိုလိုက်ပြီး ပြည်သူများ၏ ယဉ်ကျေးမှုနှင့် ပြည်သူများ၏ လိုအပ်ချက်အရ ခံယူကျင့်သုံးလိုက်နာခဲ့ကြသည့် ပညာရေးဖြစ်သည်။ ဗုဒ္ဓဘာသာတွင်ကိုယ်ကျင့်တရားနှင့် စံ များရှိသည်။[၁၂][၁၃] ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားမိန့်ကြားချမှတ်ခဲ့သော မေတ္တာ ဝါဒ + မှန်ကန်သောယုံကြည်မှု + မှန်ကန်သောအသိတရား + မှန်ကန်သောတွေးခေါ်မြော်မြင် + အမှန်တရား + မှန်ကန်သောကျင့်စဉ်တို့သည် မှန်ကန်သောငြိမ်းချမ်းရေးဝါဒ အဖြစ်အကျော်ကြားဆုံး လူသိအများဆုံးဖြစ်သည်။[၁၄] လူသားတယောက် အနေဖြင့် စိတ်နှလုံးဖြူစင် ရိုးသားဖြောင့်မတ်သူ ဖြစ်လာစေရန် ဗုဒ္ဓမြတ်စွာဘုရား၏ တရားဓမ္မကို ကိုယ်တိုင် လေ့လာဆည်းပူးပြီး ဗုဒ္ဓမြတ်စွာဘုရား၏ တရားဓမ္မ အတိုင်း တသက်တာလုံး အချိန်မလပ် ကျင့်ကြံအားထုတ် သွားသင့်ပါသည်၊၊ လူသားတယောက် အနေဖြင့် တာဝန်တရပ် ဖြစ်သည့် စားဝတ်နေရေး အတွက် သမ္မာ အာဇီဝ တည်းဟူသော မှန်ကန်သော အသက်မွေးမှုပြုနိုင်ရန် ဝိဇ္ဇာပညာနှင့်ခေတ်မှီ သိပ္ပံပညာအတတ်ပညာရပ် တို့ကိုလည်း လေ့လာသင်ယူ ဖြည့်ဆည်းသင့်ပါသည်၊၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ(မိစ္ဆာ ဒိဋ္ဌိ)၊ သက္ကာယ ဒိဋ္ဌိ[၁၅][၁၆][၁၇]၊ ဝိစိကိစ္ဆာ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပကိလေသာ (၁၀)ပါး တို့ကိုရှောင်ကြဉ်ရပါမည်။

အမြင့်မြတ်ဆုံး သဗ္ဗေညုတ ဉာဏ်တော်ရှင်(ဘုရား)

"ဗုဒ္ဓ" အဓိပ္ပာယ်သည် "နိုးကြားလာသောတဦး" သို့မဟုတ် "ဉာဏ်အလင်းရသောတစ်ဦး" ဖြစ်သည်။ သိဒ္ဓတ္ထဂေါတမ ကို လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် ဘီစီ ၆၂၃ (ကဆုန်လပြည့်)တွင် မွေးဖွားခဲ့သည်ဟု လက်ခံကြသည်။ ဗုဒ္ဓ ဆိုသည်မှာ အမှန်တကယ်အားဖြင့် ဘုရားဖြစ်ပြီးမှရရှိလာသော ဘွဲ့အမည်ပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ လူဘဝမှမျိုးရိုး အမည်မှာ ဂေါတမဖြစ်၍ ကိုယ်ပိုင်အမည်မှာ သိဒ္ဓတ္ထ ကုမာရဖြစ်သည်။ အလုံးစုံသော လူနတ်တို့၏ အလိုခပ်သိမ်းကို ပြီးငြိမ်းစေတတ်သော အဓိပ္ပါယ်ရသည်။ သိဒ္ဓတ္ထမင်းသားသည် ထိုခေတ်က မျိုးရိုးအားဖြင့်(Shakya ) အဆင့်မြင့်အသိုင်း အဝိုင်းမှ ဆင်းသက်လာသူဖြစ်သည်။ ထိုအချိန်သည် ခရစ်တော်မပေါ်မှီ ဘီစီ ၆၂၃ တွင် ဖြစ်ပါသည်။ ဖခင်မှာ သာကိယမျိုးနွယ်စု၏အကြီးအကဲဖြစ်ကာ ထိုနေရာဒေသအား ကျမ်းစာများတွင်ကပိလဝတ် ( Kapilavastu) ဟုခေါ်သည်။ သုဒ္ဓေါဒနမင်းကြီး သည် ဂေါတမမြတ်စွာဘုရား၏ ဘခမည်းတော်ဖြစ်၏။ အဝန်းယူဇနာကိုးရာရှိသော မဇ္ဈိမဒေသတွင် သက္ကတိုင်း ကပိလဝတ်ပြည်ကြီးကို စိုးအုပ်ပိုင်သသောမင်းကြီး တစ်ပါးဖြစ်ပြီးလျှင် လူဝတ်ကြောင်ဘဝနှင့်ပင် ရဟန္တာ ဖြစ်၍ ပရိနိဗ္ဗာန်စံဝင်ခဲ့သောပုဂ္ဂိုလ်ထူးလည်းဖြစ်ပေသည်။ ကပိလဝတ် နှင့် အနီးအပါး၌ပင် အခြားသောမျိုးနွယ်စုအမြောက်အမြားနေထိုင်ကြသည်။ သိဒ္ဓတ္ထမင်းသား၏ မယ်တော် မဟာမာယာ သည်လည်း ကောလိယမျိုးနွယ်စု အကြီးအကဲတစ်ဦး၏ သမီးဖြစ်ပါသည်။ မယ်တော်မာယာ(သိရီမဟာမာယာဒေဝီ)သည် သိဒ္ဓတ္ထမင်းသားအား လုမ္ဗိနီဥယျာဉ်တော်အတွင်းရှိ အင်ကြင်းပင်တစ်ပင်အောက်တွင်ဖွားမြင်တော်မူခဲ့သည်။ ထိုလုမ္ဗိနီဥယျာဉ်တော်နေရာသည် ယခုခေတ် နီပေါနိုင်ငံ တွင်တည်ရှိသည်။[၁၈][၁၉]

ဘုရားလောင်း သိဒ္ဓတ္ထမင်းသား သည် ဖွားတော်မူပြီးနောက် အရှေ့အရပ်မှ မြောက်သို့ လှည့်တော်မူလျက် ခုနစ်ဖဝါးသွား၍ မတ်မတ်ရပ်တော်မူပြီးသော်-

  • အဂ္ဂေါဟမသ္မိလောကဿ
  • ဇေဋ္ဌောဟမသ္မိလောကဿ
  • သေဋ္ဌောဟမသ္မိလောကဿဟူသော သုံးခွန်းစကား ဆိုတော်မူသည်။[၂၀]

ဘုရားလောင်း သိဒ္ဓတ္ထမင်းသား(ဂေါတမဗုဒ္ဓ မြတ်စွာဘုရား) က "လောကသုံးပါး ရှိရှိသမျှ လူ-နတ်-ဗြဟ္မာအားလုံးတွင် ငါသည် အမြင့်မြတ်ဆုံး သဗ္ဗေညုတဉာဏ်တော်ရှင်(ဘုရား) စင်စစ်ဖြစ်သည် ငါသည် အဓိကထိပ်ဆုံးဖြစ်သည်"[၂၁][၂၂] ဟု မိန့်ဆိုတော်မူခဲ့သည်။ ဗုဒ္ဓ မြတ်စွာဘုရား၏ ဂုဏ်တော်(၉)ပါးတွင် သတ္ထာဒေဝ မနုဿာနံ -နတ်၊ လူ၊ ဗြဟ္မာ၊ သတ္တဝါအားလုံးတို့၏ ဆရာသခင်ဖြစ်သည်ဟု ဂုဏ်တော် ပါရှိခဲ့သည်။[၂၃][၂၄] နတ်-လူ- ဗြဟ္မာ- သတ္တဝါ အားလုံးတို့၏ အမြင့်မြတ်ဆုံးဆရာသခင်(ဘုရား) ဖြစ်သည်ဟု မိန့်ဆိုတော်မူခဲ့သည်။ [၂၅]

၂၉ နှစ်အရွယ် (ဘီစီ ၅၉၄) ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။ ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲလှစွာသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် ၆ နှစ်ပါတ်လုံးကျင့်တော်မူခဲ့သည်‌။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာ မည်သော သူ‌ဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ကြွသွားတော်မူလေသည်။ ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်ကာ ထက်ဝယ်ဖွယ်ခွေနေတော်မူစဉ်အာနာပါန ကျင့်လေသည်။ နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်) ကို အောင်မြင်တော်မူ၍ ရှေးက နေခဲ့ ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့တတ် သိတတ်သော ပုဗ္ဗေနိဝါသနုဿတိဉာဏ်ကိုညဉ့်ဦးယံ၌ရတော်မူလေသည်။

နတ်တို့၏မျက်စိနှင့်တူသော စုတေခါနီးသော သတ္တဝါ စသည်တို့ကို မြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ် ကိုသန်းခေါင်ယံ၌ရတော်မူလေသည်။ အာသဝေါတရားလေးပါးတို့၏ ကုန်ခြင်းကို ပြုတတ်သော အာသဝက္ခယဉာဏ်ကို မိုးသောက်ယံ၌ ရတော်မူ၍ သက်တော် ၃၅ နှစ်အရွယ် ဘီစီ ၅၈၈ မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်ဝယ် လောကသုံးပါးတွင် အတုမရှိသော အမြင့်မြတ်ဆုံးသော သဗ္ဗညုတဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။ သုံးလူ့သခင် သဗ္ဗညုဘုရားရှင်သည် ဘီစီ ၅၈၈ မှ ဘီစီ ၅၄၃ အထိ ၄၅ဝါကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား ဓမ္မစကြာ စသည့်တ‌ရားတို့ကို ဟောပြတော်မူကာ လူ၊ နတ်၊ ဗြဟ္မာ နှင့် သတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။ ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွါးကို မနားမနေဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုမြတ်စွာဘုရားရှင်သည် သက်တော် ၈၀ အရွယ်ရောက်သောအခါ ဘီစီ ၅၄၃ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် ဝင်စံတော်မူလေသည်။[၁၉][၂၆]

ငါးပါးသီလ

ဗုဒ္ဓဘာသာဝင်တို့၏ ငါးပါးသီလ ကိုယ်ကျင့်တရားသည် ဗုဒ္ဓမြတ်စွာ၏ ဆုံးမဩဝါဒဖြစ်၍ လူတို့ စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားငါးပါး ဖြစ်၏။ သီလ၏ အနက်ကို ကိုယ်၊ နှုတ်၊ စိတ်အမူအရာတို့ကို ငြိမ်သက်စွာ ထားခြင်းဟု၎င်း၊ ကုသိုလ်တရားတို့ကို ဆောင်ခြင်းဟု၎င်း ဝိသုဒ္ဓိမဂ် အဋ္ဌကထာတွင် ဖွင့်ဆိုလေသည်။ တစ်နည်းအားဖြင့် သီလသည် ဦးခေါင်းနှင့် တူသောအနက်၊ အေးမြချမ်းအေးခြင်းအနက်၊ အကုသိုလ်တို့ မဝင်လေအောင် ပိတ်ပင်တားမြစ်ခြင်းအနက်၊ ဒုစရိုက်အကျင့်ပျက်၏ အိပ်စက် ကြောင်းအနက်တို့၌ ထင်ပေသည်။ သီလ ၏အနက်မှာ အကျင့်၊ အလေ့ သဘောဟု ဖြစ်လေသည်။ ငါးပါးသီလမှာ-

၁။ ပါဏာတိပါတီဟောတိ ၂။ အဒိန္နာဒါယီဟောတိ ၃။ ကာမေသုမိစ္ဆာစာရီဟောတိ ၄။ မုသာဝါဒီဟောတိ ၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာယီဟောတိ

သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလ၏ အနက်သဘောကို သိရှိပါက ပါဠိလို၎င်း၊ မြန်မာလို၎င်း၊ အချိန်အခါမရွေး ငါးပါး သီလကို ခံယူဆောက်တည်နိုင်သည်။

ဗုဒ္ဓဂေါတမ ၏ ဘာသာတရားကို ဘဝနေထိုင်မှုလမ်းစဉ်တစ်ရပ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ `မကောင်းမှုဟူသမျှကို ရှောင်ကြဉ်ခြင်း၊ ကုသိုလ်ကောင်းမှုများကို ပွားများအားထုတ်ပြီး ဘဝကို ပျိုးထောင်မြှင့်တင်ခြင်းနှင့် ကိလေသာ အညစ်အကြေးမှ ကင်းဝေးစေလျက် မြင့်မြတ်ဖြူစင်စေသော စိတ်နှလုံးကို အစဉ်ထိန်းသိမ်းခြင်း´ (ဓမ္မပဒ၊ ၁၈၃) ဟူ၍ဖြစ်သည်။

ဘုရား၊ တရား၊ သံဃာယုံကြည်ကိုးကွယ်ခြင်း+ မေတ္တာ+ မိမိကိုယ်မိမိယုံကြည်ခြင်း+ အသိဉာဏ်+ လက်တွေ့ကျင့်စဉ်

ဗုဒ္ဓဘာသာ သာသနာသည် ဗုဒ္ဓမြတ်စွာဘုရား + ဗုဒ္ဓမြတ်စွာဘုရားဟောကြားသော “ပိဋကတ်ကျမ်းစာ”လာ အဆိုအမိန့်များ တရားတော်များ + ဗုဒ္ဓမြတ်စွာဘုရား၏ သားတော် ရဟန်းသံဃာတော်များကိုသာ ယုံကြည်ကိုးကွယ်လိုက်နာ၏။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါး ကိုသာ အသိအမှတ်ပြု ယုံကြည်ဆည်းကပ်ကိုးကွယ်၏။ ဗုဒ္ဓဘာသာ တခုတည်းကသာ ယုံကြည်ခြင်း တခုတည်းကို သာမက ဘုရား၊ တရား၊ သံဃာကို လုံးဝ မှီခိုအားထားကိုးကွယ်ယုံကြည်ခြင်း မိမိကိုယ်မိမိယုံကြည်ခြင်း+မေတ္တာ-ကရုဏာ+မိမိကိုယ်မိမိအားကိုးခြင်း+ အသိဉာဏ် + လက်တွေ့ကျင့်စဉ် လမ်းစဉ်ပေါ်တွင် အဓိက အခြေခံထားသည်။ ကံ ကံ၏အကျိုး နှင့် မိမိ တို့၏ ကာယကံ(ကိုယ်ဖြင့် ပြုလုပ်မှု) ၊ ဝစီကံ(နှုတ်ဖြင့် ပြောဆိုမှု) ၊ မနောကံ( စိတ်ဖြင့် ကြံစည်မှု) နှင့် မိမိ တို့၏ သီလ၊သမာဓိ၊ပညာ ကို အလေးအနက် ယုံကြည်သည်။[၂၇] ဗုဒ္ဓဘာသာသည် မဂ်ဖိုလ် နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။ ဗုဒ္ဓမြတ်စွာဘုရားသည် သူကိုယုံကြည်သူများကို၎င်း၊ မယုံကြည်သူများကို၎င်း မေတ္တာထားသော လူသတ္တဝါ တို့အား ဒုက္ခအပေါင်းမှကယ်တင်သော မေတ္တာဘုရား ဖြစ်သည်။ ဗုဒ္ဓဘာသာသည် မြန်မာ့ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ ဗုဒ္ဓဘာသာကို မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။ မြန်မာနိုင်ငံ တွင် ဘီစီ ၅၈၈ ကပင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ မြန်မာ့ဗုဒ္ဓသာသနာတော်အစ-တဖုဿနှင့် ဘလ္လိက ဟု လည်းေကာင်း၊ မြန်မာ့ဗုဒ္ဓသာသနာအစ- ရွှေတိဂုံ က ဟု လည်းကောင်း ဆိုကြသည်။ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင် ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင်ပထမဆုံးဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။ ထို ရွှေတိဂုံစေတီတော် သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌“ဗုဒ္ဓသာသနာအစ- ရွှေတိဂုံက”ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။ [၂၈]မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓ သာသနာတော်အစ- ရှင်အရဟံ က ဟုလည်းကောင်း၊ မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓ နိုင်ငံတော်ဘာသာ အစ- အနော်ရထာမင်း က ဟုလည်းကောင်း မှတ်သားနိုင်ပါသည်။ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာသမိုင်း နှင့် မြန်မာ့သမိုင်းတွင် အနော်ရထာမင်းမှာ အလွန်ဩဇာကြီးခဲ့သူဖြစ်သည်။ အနော်ရထာမင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံဗုဒ္ဓအယူဝါဒ ထွန်းကားစည်ပင်ကြောင်း ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ၏ဘုရင်တစ်ပါးဖြစ်သောအသောကမင်း (King Asoka) သည် ခရစ်တော် မပေါ်မှီ ဘီစီ၂၆၈ တွင် အိန္ဒိယထီးနန်းကို ဆက်ခံခဲ့သည့် ဧကရာဇ် မင်းတစ်ပါးဖြစ်သည်။ စစ်ကို စွန့်ပယ်ခဲ့သော အသောကမင်းသည်ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခဲ့သည်။ ဗုဒ္ဓသာသနာ ကိုလူအများသက်ဝင်ယုံကြည်လာစေရန် ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။ အသောကမင်းကြီးသည် ဗုဒ္ဓ၏ဓမ္မကို မိမိ၏ဘာသာရေး ဒဿနအဖြစ် လက်ခံခဲ့ပြီးနောက် အိန္ဒိယပြည်သူပြည်သားများအား မှန်ကန်သစ္စာရှိမှု၊ သနားကြင်နာမှု၊ အကြမ်းမဖက်မှု စသည့်တရားများဖြင့် အုပ်ချုပ်ခဲ့သည်။ အသောကမင်းကို အကြောင်းပြု၍ ဗုဒ္ဓအယူဝါဒ ထွန်းကားစည်ပင်ကြောင်းဗုဒ္ဓဘာသာသမိုင်း တွင်ဖော်ပြထားသည်။ သမိုင်းစာမျက်နှာများတွင် ထောင်ပေါင်းများစွာရှိနေသည့် ဘုရင်၊ ဧကရာဇ်၊ မင်းညီမင်းသား များ၏အမည်နာမများကြားတွင် အာသောက၏ အမည်နာမသည် တစ်စင်းတည်းသော ကြယ်တာရာအဖြစ် ထီးထီးကြီးပင် ဝင်းလက်တောက်ပနေသည်။ အသောကမင်းတရားကြီးနှင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် တို့က ကိုးတိုင်း ကိုးဌာန ပြည်နယ်တို့သို့ ဥပသမ္ပဒကံဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် သံဃာငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။ သီဟိုဠ် သို့ ညီတော်မဟိန္ဒ နှင့် နှမတော် သဃင်္မိတ္တာ အား စေလွှတ်၍ ဗုဒ္ဓဂါယာ ရှိ ဗောဓိပင်မှညောင်ကိုင်းတစ်ကိုင်းအား ယူဆောင်သွားစေသည်ဟု အဆိုရှိခဲ့သည်။ သီဟိုဠ်တွင် ဗုဒ္ဓသာသနာပြန့်ပွားလာပြီး ထိုမှတဆင့် မြန်မာနိုင်ငံ ရှိ မွန်လူမျိုး များ ထံသို့ ဗုဒ္ဓသာသနာ ရောက်ရှိလာသည်ဟု ဆိုကြသောကြောင့် အသောကမင်းကြီး၏ ကျေးဇူးသည် မြန်မာနိုင်ငံ အပေါ်လည်း မကင်းခဲ့(သက်ရောက်ပေသည်) ဟုဆိုနိုင်ပါသည်။

ဆရာတော် ဗောဓိဓမ္မသည် ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် အေဒီ (၅၀၀) တွင် တရုတ်ပြည် ရှောင်လင်ကျောင်းတော် သို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြဆရာတော်ဖြစ်သည်။ မဟာယာန ဇင်ဗုဒ္ဓဘာသာတွင် နာမည်ကျော်ကြား လူသိအများဆုံး ဆရာတော်ကြီးဖြစ်သည်။ [၂၉][၃၀][၃၁] ဗုဒ္ဓဘာသာတွင် မဟာယာနနှင့်ထေရဝါဒ ဟူ၍ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းရှိသည်။ မဟာယာနဂိုဏ်း သည် တရုတ်ထိုင်ဝမ်တိဘက်တောင်ကိုရီးယားမြောက်ကိုရီးယားမွန်ဂိုးလီးယားနိုင်ငံမလေးရှားနိုင်ငံစင်ကာပူဘူတန်နိုင်ငံဗီယက်နမ်နိုင်ငံ၊ နှင့် ဂျပန် စသော အရှေ့အာရှတခွင်တွင် ထွန်းကားပြန့်ပွားနေပြီး ၎င်းမှတဆင့် Pure Land၊ ချန်း/စီအန်/သီအန်/ဇန်၊ နီချီရန်၊ တိဘက်တန်၊ ရှင်ဂုန်နှင့် အခြားဂိုဏ်းများထပ်မံ ကွဲပြားသွားသည်။ မဟာယာနကို မြောက်ပိုင်းဗုဒ္ဓဘာသာဟု ခေါ်သည်။ ထေရဝါဒဂိုဏ်းသည် သီဟိုဠ် မှတဆင့် မြန်မာလာအိုထိုင်းကမ္ဘောဒီးယား စသော အရှေ့တောင်အာရှဒေသသို့ ပြန့်ပွားသွားခြင်းဖြစ်၍ တောင်ပိုင်းဗုဒ္ဓဘာသာဟုလည်း ခေါ်ဆိုသည်။ နီပေါနိုင်ငံ တွင်လည်း ဗုဒ္ဓဘာသာ ထွန်းကားသည်။ တိဘက်ဗုဒ္ဓဘာသာကို အချို့က မဟာယန၏ ဂိုဏ်းခွဲဟု သတ်မှတ်သော်လည်း အချို့ကမူ မူလဗုဒ္ဓဘာသာ၏ တတိယမြောက် ဂိုဏ်းကြီးအဖြစ် သတ်မှတ်ကြသည်။ ထို့ပြင် ဗုဒ္ဓဘာသာတွင် အခြားဂိုဏ်းခွဲငယ် အများအပြားရှိသေးသည်။ ဤသို့များရခြင်းသည် ဝါဒနှင့် ဒေသကွာဟချက်များကြောင့် ဖြစ်သည်။

ထေရဝါဒ နှင့် မဟာယာန

(၁) နှစ်ဖက်လုံးက သကျမုနိ ဗုဒ္ဓ မြတ်စွာကို အမြင့်မြတ်ဆုံးသောမြတ်စွာဘုရား အဖြစ်လက်ခံကြသည်။

(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အဝလက်ခံကြသည်။

(၃) မဂ္ဂင်ရှစ်ပါး[၃၂]လမ်းစဉ်သည် နှစ်ဖက်လုံး၏ တရားဖြစ်သည်။

(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်သည် နှစ်ဖက်လုံးတွင် အတူတူပဲဖြစ်သည်။

(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးတွင် လက်မခံကြပါ။

(၆) အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့် သီလ၊ သမာဓိ၊ ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတဲ့ အတွက် ဗုဒ္ဓရှင်တော်၏ အဓိက တရားအနှစ်တွေသည် မကွဲပြားဘူးလို့ ဆိုရပါမည်။ အနတ္တ ကို နှစ်ဖက်လုံးတွင်လက်ခံပါသည်။ မဟာယနသည် အတ္တဝါဒ မဟုတ်ပါ။ အဓိက ကွဲပြားချက်က တရားတော်တွေ ပေါ်မှာ မဟုတ်ပါ။ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် ကျင့်သူအပေါ်မှာ ထားတဲ့ သဘောထား ဖြစ်သည်။ ထေရဝါဒက ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ကြပါ။ တချို့က ဆိုပြန်သည်။ ထေရဝါဒ ဆိုတာ ရဟန္တာ ဖြစ်ဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ကျင့်တဲ့ ဝါဒဖြစ်ပြီး ၊ မဟာယာန ကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ဝါဒလို့ ဆိုကြပြန်သည်။ ထေရဝါဒ တွင် ဗောဓိသတ္တ သည် လွတ်မြောက်ရာ လမ်းကို သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်ကြပါ။ မဟာယာန တွင် ကိုးကွယ်စရာ ဗောဓိသတ္တ တွေ များပါသည်။ ဘုရားလောင်း၊ ဘုရား၏ မိခင်၊ ဖခင်အစုံဖြစ်သည်။ မဟာယာနမှာ အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးပါ။ အရဟတ္တဖိုလ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားပြီး ပုထုဇဉ်ပြန်ဖြစ်သွားရသည် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရသည်။ ထေရဝါဒနှင့် မဟာယာန အယူအဆ လွဲနေသည်။ ဘုရားဟော မူရင်း ဝိနည်း + သုတ္တန် + အဘိဓမ္မာ[၃၃] များအတိုင်း (၁၀၀) ရာခိုင်နှုန်း လိုက်နာကျင့်ကြံပြီး နဲနဲမှ မပြင်တာက ထေရ ဝါဒ ဖြစ်သည်။ မူရင်းမှ ပြင်သည်က မဟာယာန ဝါဒ ဖြစ်သည်။ ထေရဝါဒက ဗုဒ္ဓမြတ်စွာဘုရားမိန့်ကြားချမှတ်ခဲ့သော မူရင်း ဝိနည်း+ သုတ္တန် + အဘိဓမ္မာများ ၊ သိက္ခာပုဒ်များ တရားတော်များကို နဲနဲမှ မပြင်ကြပါ။[၃၄]

သံသရာဝဋ်ဆင်းရဲမှလွတ်ကွင်း၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုရန် သတိပဌာန်လေးပါးနှင့် မဂ္ဂင်၈ပါး သည်သာ တစ်ကြောင်းတည်းသော လမ်းစဉ်

သံသရာ ဝဋ်ဆင်းရဲမှလွတ်ကွင်း၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုလိုသော ပုဂ္ဂိုလ်သည် သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးပါး၌ ကျင့်ကြံကြိုးကုတ် အားထုတ်ရာသည်။ ထို့ကြောင့် မြတ်စွာ ဘုရားရှင်သည် သီလ၊ သမာဓိ ပညာစ၊ ယဿဧတေသုဘာဝိတာ။ အတိက္ကမ္မမာရဓေယျံ၊ အာဓိစ္စောဝဝိရောစတိ။ ဟူ၍ ဣတိဝုတ်ပါဠိတော်၌ ဟောတော်မူသည်။ အဓိပ္ပါယ်ကား အကြင်သူသည် အဓိသီလသိက္ခာဟု ဆိုအပ်သောသီလကိုလည်းကောင်း ၊ အဓိစိတ္တသိက္ခာ ဟု ဆိုအပ်သော သမာဓိကိုလည်ကောင်း၊ အဓိပညာသိက္ခာဟု ဆိုအပ်သောပညာကိုလည်းကောင်း၊ ဤသုံးပါးသောတရား တို့ကို ဆုံးခန်းတိုင်အောင် ကောင်းစွာပွားများအပ်ကုန်၏။ ယင်းသို့ပွားများသောသူသည် မာရ်မင်း၏ နိုင်ငံကိုလွန်မြောက် ၍ နေမင်းကြီးကဲ့သို့ ထွန်းလင်းတင့်တယ်၏။ ထိုသီလ၊ သမာဓိ၊ ပညာသိက္ခာသုံးပါးတို့တွင် သီလဆိုသည်ကားလူတို့၌ ငါးပါး သီလ၊ အာဇီဝဋ္ဌမကသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတို့ပေတည်း။ ပကတိလူတို့အတွက် ငါးပါးသီလနှင့်အာဇီဝဋ္ဌမက သီလဟုဆိုအပ်သော နိစ္စ သီလသည် သီလမည်၏။ ရှစ်ပါးသီလနှင့် ဆယ်ပါးသီလသည် အမွှမ်းတင်သီလမျိုးဖြစ်သည်။ နိစ္စသီလမျိုးမဟုတ်၍ တတ်နိုင်လျှင် ဆောက်တည်အပ်၏။ ရဟန်းတို့၌ကား စတုပါရိသုဒ္ဓိသီလသည် သီလမည်၏။ ဤသီလသိက္ခာပုဒ်တို့ကို ဒွါရအားဖြင့်ခြုံလိုက်သည်ရှိသော် ကိုယ်ဖြင့်မလွန် ကျူးကောင်းသော အပြစ်ဒေါသဟူသမျှသည် ကာယ ဒုစရိုက်မည်၏။ နှုတ်ဖြင့်မလွန်ကျူးအပ်၊ မလွန် ကျူးကောင်းသော အပြစ်ဒေါသဟူသမျှသည်ဝစီဒုစရိုက်မည်၏။ စိတ်ဖြင့်မလွန်ကျူးအပ်၊ မလွန်ကျူးကောင်းသောအပြစ်ဒေါသ ဟူသမျှသည် မနောဒုစရိုက်မည်၏။ ထိုကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစ ရိုက်တို့ကို မလွန်ကျူး မပြုကျင့်ဘဲ ထိမ်းသိမ်းစောင့်ရှောက်သောအားဖြင့် ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက် ဟူသည့် သုစရိတသီလသုံးပါးနှင့် ပြည့်စုံသောသူသည် သီလနှင့်ပြည့်စုံသောသူမည်၏။ သီလ၊ သမာဓိ၊ ပညာသိက္ခာသုံးပါးတို့တွင် သမာဓိ ဟူသည် ပျံ့လွင့်နေသော စိတ်ကိုမပျံ့လွင့်စေဘဲ တစ်ခုတည်းသော အာရုံ၌ ကောင်းစွာတည်ငြိမ်အောင် ပြုလုပ်ခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူသည် ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ အကြံအစည်ဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော ကာယကံအမှု သမ္မာကမ္မန္တ အလုပ်မျိုးကိုသာ ပြုလုပ်မည် ဖြစ်ပါသည်။ ဩကာသဘုရားရှိခိုးသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ ဗုဒ္ဓမြတ်စွာဘုရား (သို့မဟုတ်) ဘုန်းတော်ကြီး များအား ဝတ်ပြုရာတွင် ပထမဆုံးသော ရွတ်ဆိုသော မြန်မာဘာသာဖြင့် ဘုရားရှိခိုး ဂါဌာဖြစ်သည်။ ဩကာသ ဘုရားရှိခိုး ရည်ရွယ်ချက်မှာ မိမိအမှား များအား ဝန်ချတောင်းပန်ခြင်း နှင့် နိဗ္ဗာန် သို့ ရောက်ရန်ဆုတောင်းခြင်းဖြစ်သည်။ သံသရာ ဝဋ်ဆင်းရဲမှလွတ်ကွင်း၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုလိုသော ပုဂ္ဂိုလ် သည် နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏။ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊ ဉာဏ်ထက်မြက်၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရပြီးသည့်နောက် မဂ်ဖိုလ် အဆင့်ဆင့်ကို လွယ်လွယ်ကူကူ ထွင်းဖောက်သိမြင်နိုင်ကာ လာကဒုက္ခအားလုံးမှ လွတ်မြောက်နိုင်၏။ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊ ဉာဏ်ကြီးထွား၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရ၏။[၃၅]

နိဗ္ဗာန်၏ ဂုဏ်ပုဒ်များမှာ -ကံ၊စိတ်၊ဥတု ၊ အာဟာရ တို့၏ ပြုပြင်စီရင် ခြင်းမှ လွတ်သော တရား ၊ အလုံးစုံငြိမ်းချမ်းခြင်း ၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု ၊ တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊ မွေး၊အို၊နာ၊သေ မရှိခြင်း ၊ စွန့်လွတ်ခြင်း ၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ဘဝ မရှိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှုမရှိခြင်း ၊သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ ဒုက္ခ နိရောဓ သစ္စာ ၊ သုညတ ၊ အမတ ၊ နိဗ္ဗာန် ၊ အသင်္ခတ ၊ အဘူတ ၊ သန္တိ ၊ ခေမ စသော ဝေါဟာရ အားလုံးကို ဘာသာပြန်လျှင် လွန်စွာ များပေလိမ့်မည် ။ ထို့ကြောင့်လည်း တိုတိုရှင်းရှင်းနှင့် ထိထိမိမိ အတိအကျ နားလည်အောင် ဖော်ပြနိုင်သော ဘာသာစကားမရှိ ဟု ဆိုကြရပေသည်။ နိဗ္ဗာန်ဆိုသည်မှာ အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ကြောင်း၊ အမှန်ရှိကြောင်း နှင့် နိဗ္ဗာန်ကို ရရှိရန် ပြည့်စုံသိရှိနားလည်ရန် သတိပဌာန်လေးပါး နှင့် မဂ္ဂင် ၈ ပါး သည်သာ တစ်ကြောင်းတည်းသော လမ်းစဉ် ဖြစ်သည်။

မဂ္ဂင် ဟူသည် ကိလေသာတို့ကို ပယ်သတ်ကြောင်း၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားစုဟု အဓိပ္ပာယ်ရရှိပါသည်။

အမှန်တရားနှင့် လက်တွေ့သဘာဝကျခြင်း

နိဗ္ဗာန်ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ လာသည်။ ငြိမ်းအေးသည် ဟု ဆိုလိုသည် ။ ထို့ကြောင့် လောဘ၊ဒေါသ၊မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည် ။ (ရတနသုတ်တွင် တွေ့နိုင်သည်။) တဖန် နိဗ္ဗာန ဟူသော ပုဒ်သည် ပါဠိဘာသာ နိ+ ဝါန =နိ နှင့် ဝါန ကို ပေါင်းထားခြင်းဖြစ်သည် ။ နိ - မရှိ၊ လွတ်မြောက်ခြင်း ၊ ထွက်ခွာခြင်း ။ ဝါန - တဏှာ ။ နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်သည်။

နိဗ္ဗာန် ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အစွန်းစွန် ဘာသာရေးရည်မှန်းချက်ဖြစ်ပေသည်။ ဗုဒ္ဓသည် နာဗာန (ပါဠိ- နိဗ္ဗာန်) အာနာပါန တရားရှုမှတ်ခြင်း လမ်းကြောင်းကို လျှောက်လမ်းမည့် သတ္တဝါများအတွက် တစ်ဦးတည်းသော လမ်းညွှန်ပေးသူနှင့် ဆရာသခင်ဖြစ်ပြီး ၎င်းတို့အား ဘာသာရေးဆိုင်ရာ နိုးကြားခြင်း ဗောဓိ ကိုရရှိရန်နှင့် အမှန်တရားနှင့် လက်တွေ့သဘာဝကျခြင်းကို ရှိသည့်အတိုင်း တွေ့မြင်ရန်အတွက် ညွှန်ပြပေးသည်။ ဗုဒ္ဓဘာသာ စံနစ်ဖြစ်သည့် ထိုးထွင်းသိမြင်စွမ်းသောဉာဏ်နှင့် တရားထိုင်ခြင်းကျင့်စဉ်သည် စိတ်ဖြင့်အာရုံခံ၍ ယုံကြည်ရန်ဖော်ပြခြင်း မပြုနိင်ပါ။ သို့သော်၊ စိတ်၏ စစ်မှန်သောသဘာဝကို နားလည်ခြင်းဖြင့်သာ ဖော်ပြနိုင်သည်။ ၎င်းအရာကို ဗုဒ္ဓ၏အဆုံးအမများဖြင့် လမ်းညွှန်ပြသထားသော ဘာသာရေးဆိုင်ရာ လမ်းကြောင်းကို လျှောက်လမ်းခြင်းဖြင့် ကိုယ်တိုင်ကိုယ်ကျ ရှာဖွေတွေ့ရှိနိုင်သည်။ တစ်နည်းတစ်ဖုံ ပြောရလျှင် ဗုဒ္ဓဘာသာတွင် တစ်ခုနောက်တစ်ခုလိုက်ပါနေသည့် စိတ်ကို ပြုစုပျိုးထောင်ခြင်း ၊ ကျင့်ဝတ်များကိုတိုးတက်ကောင်းမွန်အောင် စောင့်ထိန်းခြင်းနှင့် ဉာဏ်ပညာကြီးမားခြင်းတို့ သည် အမြင့်ဆုံးပန်းတိုင်ရောက်ရှိရန်အတွက် အလိုအပ်ဆုံးလည်းဖြစ်သည်။ လောဘ-ဒေါသ-မောဟအဝိဇ္ဇာအညံ့စားဗုဒ္ဓဘာသာဝင်တို့၏လက္ခဏာများအဂတိ လေးပါးဥပါဒါန်လေးပါးဒုစရိုက် ၁၀ ပါး၊ ...တို့ကိုရှောင်ကြဉ်ကြရပါမည်။ ဗုဒ္ဓဘာသာဝင်များသည် နိဗ္ဗာန်ကို ပိတ်ပင်ဖုံးကွယ်၍ ကန့်သတ်တတ်သော နိဝရဏတရားငါးပါးဒိဌိဖြစ်ကြောင်းရှစ်ပါး ကိုရှောင်ကြဉ်ရပါမည်။ အထက်တန်းစားဗုဒ္ဓဘာသာဝင်တို့၏လက္ခဏာများ သိရှိနားလည်ရပါမည်။

သစ္စာ ၄ ပါး

သစ္စာ (၄) ပါးရှိသည်။

၁။ ဒုက္ခသစ္စာ

၂။ သမုဒ္ဓယသစ္စာ

၃။ နိရောဓသစ္စာ

၄။ မဂ္ဂသစ္စာ

နိဗ္ဗာန်သို့ ရောက်ကြောင်း မဂ္ဂင် ၈ ပါး

မဂ္ဂင် ဟူသည် ကိလေသာတို့ကို ပယ်သတ်ကြောင်း၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားစုဟု အဓိပ္ပာယ်ရရှိပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံပါအတိုင်း (၈) ပါးရှိသည်။

၁။ သမ္မာဒိဋ္ဌိ = မှန်သောအယူအမြင်
၂။ သမ္မာသင်္ကပ္ပ = မှန်သောအကြံ
၃။ သမ္မာဝါစာ = မှန်သောစကား
၄။ သမ္မာကမ္မန္တ = မှန်သောအမှုအလုပ်
၅။ သမ္မာအာဇီဝ = မှန်သောအသက်မွေးဝမ်းကျောင်းမှု
၆။ သမ္မာဝါယာမ = မှန်သောအားထုတ်မှု
၇။ သမ္မာသတိ = မှန်သော အောက်မေ့ နှလုံးသွင်းမှု
၈။ သမ္မာသမာဓိ = မှန်သော တည်ကြည် စူးစိုက်မှု
[၃၆][၃၇] မဂ္ဂင် (၈) ပါးတွင် သမ္မာဝါစာ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝ (၃) ပါးသည် သီလတရားစု ဖြစ်ပါသည်။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ (၃) ပါးသည် သမာဓိတရားစု ဖြစ်ပါသည်။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ (၂) ပါးသည် ပညာတရားစု ဖြစ်ပါသည်။

ကမ္ဘာ့ ဒီမိုကရေစီ ပထမအစ၊ ဗုဒ္ဓက

ဗုဒ္ဓမြတ်စွာဘုရားတရားတော်များသည် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကပင် လွတ်လပ်စွာ ပြောဆို ဝေဖန်ဆန်းစစ်ခွင့် ရှိသောကြောင့် ဒီမိုကရေစီပထမအစ၊ ဗုဒ္ဓကဟု ဆိုအပ်လှပေသည်။ ဒီမိုကရေစီ ဟု ဆိုရလောက်အောင်ပင် ဒီမိုကရေစီစံနှုန်း အနှစ်သာရကိုညွှန်ပြသော လမ်းညွှန်တော်မူချက်တစ်ရပ်ကို ဗုဒ္ဓမြတ်စွာဘုရားက လွန်ခဲ့သော နှစ်ပေါင်း(၂၆၀၀)ကျော်ကတည်းက လမ်းညွှန်တော်မူခဲ့ပေသည်။ ဒီမိုကရေစီ၏အစ၊ ပထမ ဟု အများက သက်မှတ်ထားသော ဂရိ နိုင်ငံတွင်ထိုစဉ်က ဒီမိုကရေစီ မပေါ်ထွန်းသေးပါ၊ ဆိုကရေးတီး (ဘီစီ ၄၆၉-၃၉၉)၊ မဟာအလက်ဇန္ဒား (ဘီစီ ၃၅၆-ဘီစီ၃၂၃)၊ ပလေတို(ဘီစီ ၄၂၈-၃၄၈) နှင့် အရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂) တို့ မမွေးသေးပါ။ ဗုဒ္ဓမြတ်စွာဘုရားသည် ကျင့်ကြံအားထုတ်ခဲ့သဖြင့် ဘီစီ ၅၈၈ ခုတွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်ချိန်တွင် တရုတ်အတွေးအခေါ်ပညာရှင် ဒဿနဆရာကြီး ကွန်ဖြူးရှပ် (ဘီစီ ၅၅၁⁠-၄၇၉) မမွေးသေးပါ။ သာသနာ(၂၆၀၀) ခရီးစဉ် သမိုင်းတလျှောက် ၌ ဗုဒ္ဓသာသနာတော်သည် မှိန်ခဲ့တခါ သာ ချီတလှည့် ဖြစ်ခဲ့ရ၏။ ခေတ်အဆက်ဆက် အတွင်း ရန်သူ အပြင်ရန်သူတို့၏ တိုက်ခိုက်ထိုးနှက်ချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ အဖျက်အဆီးများဖယ်ရှား ၍ အတားအဆီးများ ကိုဖြတ်ကျော်ခဲ့ရသည်။ သာသနာ ပြင်ပ အညတိတ္တိယတို့သည် ရံခါပြင်ပမှဝါဒချင်းယှဉ်ပြိုင် တိုက် ခိုက်ခဲ့ကြ ၍ ရံခါသာသနာ အတွင်း ဝင်ကာ ပူသတ်ခဲ့ကြသည်။ ဗုဒ္ဓသာ သနာတော်သည် ရံခါ သာသနာ့ဒါယကာ ဘုရင်မင်းမြတ်တို့၏ ချီးမြှောက် ထောက်ပံမှူ ခံရ၍ ရံခါဆန်ကျင်ဘက် ဘုရင်တို့၏ ဖိနှိပ်ညှဉ်းပန်း မှူခံခဲရသည်။ ရံခါ လျစ်လျူရှူခြင်း ခံခဲ့ရ၍ ရံခါပြည်နှင်ဒဏ် ခတ်ခြင်းကိုခံခဲ့ရသည်။ တခေတ် တခါက ဗုဒ္ဓဘာသာ ကိုးကွယ်ပါ မှ ခေတ်မီသည် ဟုယူစခဲ့ကြရာမှ တဖန် တခေတ်ပြောင်းလာသောအခါ ဗုဒ္ဓဘာသာကို ခေတ်နောက်ကျ သည်ဟု ယူဆလာကြပြန်သည်။ ဘုရင် မင်းမြတ် တို့၏ ဘွဲ့တံဆိတ် နာမ ကိုပါဠိ ဘာသာ ဖြင့် ခံယူကြ၍ စကားပြောရာ၌ ပင်ပါဠိ စကားလုံး များများ ညှပ်ပြောနိုင်မှ ဂုဏ်ရှိသည်ဟု ယူဆခဲ့ကြရာမှ တဖန်အခြားခေတ်တခု၌ ပါဠိဝေါဟာရ ကို တတ်နိုင်သမျှ ရှောင်ကွင်းဖယ်ထုတ်ရန် ကြိုးပမ်းကြပြန်သည်။ ဗုဒ္ဓမြတ်စွာ၏ သာသနာတော် သည် တခေတ်တခါက အနောက်သို့လားသော် ဂန္ဓာရ တိုင်း ခေါ် ပါကစ်စတန်ပြည်၊ အာဖဂန်နစ္စတန်ပြည်၊ ခိုတန်ခေါ်တာကစ်စတန်ပြည်နှင့် ယောနကာလောက ခေါ်သောတူရကီ၊ ဂရိ နိုင်ငံ များအထိပြန့်နှံထွန်းကားခဲ့သည်။ ဂင်္ဂါမြစ် မှ ဗော်ဂါမြစ် သို့တိုင်အောင် သာသနာ ရောင်ဝါထွန်းကားခဲ့ပေသည်။ မြောက်သို့လားသော် ဆစ်ကင်းပြည်၊ ဘူတန်ပြည်၊ တိဗက်ပြည်၊ မွန်ဂိုးလီးယားနိုင်ငံ၊ တရုတ်ပြည်၊ ဆိုဗီရက်ရုရှားနိုင်ငံ ဆိုက်ဗေရီး ယား အထိ ပြန့်နှံ ခဲ့၍ ယခုတိုင်ဆက်လက်တည်ရှိ နေဆဲဖြစ်သည်။ အရှေ့ သို့ လား သော် သု၀ဏဒီပခေါ် (အင်ဒိုနီးရှား)နှင့် သု၀ဏ္ဏဘုမ္မိ ခေါ် မြန်မာနိုင်ငံ၊ ထိုင်း၊ လာအို ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်အထိ ပြန်နှံ့၍ ယခုထိ အချိုနိုင်ငံများ ၌ သာသနာတည်ရှိနေလေသည် ။[၃၈]

ဗုဒ္ဓသာသနာအစ ရွှေတိဂုံက

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာတို့သည် လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေတွင် ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်သည် ဟု အသိအမှတ်ပြု ပြဋ္ဌာန်းပါရှိသည်။ ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံတွင် ဘီစီ ၅၈၈ ကပင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ မြန်မာနိုင်ငံ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာဗုဒ္ဓဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံတည်သူများ ဖြစ်ခဲ့၏။ မြန်မာ့ဗုဒ္ဓသာသနာအစ ရွှေတိဂုံက ဖြစ်သည်။ ထို ရွှေတိဂုံစေတီတော် သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌“ဗုဒ္ဓသာသနာအစ- ရွှေတိဂုံက”ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။ ကမ္ဘာ့ဗုဒ္ဓသာသနာစေတီတော်အစ-မြန်မာက ဖြစ်သတည်း။ [၂၈]

ဗုဒ္ဓဘာသာသည် ဘီစီ ၅၈၈တွင် စတင်ပေါ်ထွန်းခဲ့သည်။ သမိုင်းပညာရှင်များသည် ဗုဒ္ဓမြတ်စွာဘုရား၏ မွေးဖွားချိန်အား ဘီစီ ၆၂၃ သက်တမ်းသတ်မှတ်ကြသည်။ ဗုဒ္ဓသည် မဟာလူသားတစ်ဦး ဖြစ်ခဲ့သည်။ ဗုဒ္ဓသည် ကျင့်ကြံအားထုတ်ခဲ့သဖြင့် ဘီစီ ၅၈၈ တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။[၃၀][၃၉] ယနေ့ကမ္ဘာတွင် သာသနာသက္ကရာဇ်ကို ဗုဒ္ဓပရိနိဗ္ဗာန် စံလွန်တော်မူသည့် ဘီစီ ၅၄၃ မှစပြီး ရေတွက်သောကြောင့် ဥပမာ-ခရစ်နှစ် ၂၀၁၂ တွင်၂၅၅၅ ဗုဒ္ဓသာသနာနှစ် ဖြစ်နေသည်။ ထိုသို့ တွက်ချက်နည်းမှာ မမှန်ကန်ကြောင်းနှင့် ဗုဒ္ဓသာသနာနှစ်ကို မှန်ကန်စွာ တွက်ချက်လိုပါက မြတ်စွာဘုရားက ဗုဒ္ဓဝါဒကို စတင်တည်ထောင်ခဲ့သော ဘီစီ ၅၈၈ မှစပြီး ရေတွက်ရမည်ဖြစ်ကြောင်း သီတဂူဆရာတော် ဦးဉာဏိဿရချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသနှင့် မြို့မ မြင့်ကြွယ် တို့က မှတ်ချက်ပြုခဲ့သည်။ ဥပမာ-ခရစ်နှစ် (၂၀၁၂ )တွင် (၂၆၀၀) ဗုဒ္ဓသာသနာနှစ်ဖြစ်ရပါမည် ဖြစ်သည်။[၄၀][၄၁] ထို့ကြောင့် ဗုဒ္ဓဘာသာသာသနာ သက်တမ်းမှန် သည်ရွှေတိဂုံစေတီတော် ၏ သက်တမ်းနှင့် အတူတူဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ ဗုဒ္ဓဘာသာ သာသနာသက်တမ်း တွက်ချက်ပုံကို မြို့မ-မြင့်ကြွယ် ရေးသားခဲ့သော "မြန်မာ့ယဉ်ကျေးမှု အထူးမှတ်သားဖွယ်နှင့် လူငယ်ရေးရာ မှတ်စုများစာအုပ်" တွင် မြင်တွေ့နိုင်ပါသည်။ [၂၉][၄၂] ဗုဒ္ဓဘာသာ၏ အခြေခံအုတ်မြစ်မှာ ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာမြတ်သုံးပါးတို့ကို ယုံကြည်ကိုးကွယ်ဆည်းကပ်ခြင်းဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အားလုံးသည် တိပိဋက ("ပိဋကတ်သုံးပုံ") ကို ဘုရားဟောတရားဓမ္မအဖြစ် (၁၀၀) ရာခိုင်နှုန်း လိုက်နာကျင့်ကြံကြပြီး မဟာယာန ဗုဒ္ဓဘာသာဝင်များသည် ထေဝါရဒဗုဒ္ဓဘာသာမှ လက်မခံသော မဟာယာနသုတ်ခေါ် ကျမ်းစာများကို လိုက်နာကျင့်ကြံသည်။

အပရိဟာနိယတရား သရုပ်ခုနစ်ပါး

ဗုဒ္ဓ၏အပရိဟာနိယသုတ်တော်မြတ်ကြီးကို လေ့လာကြည့်လျှင် အတိတ် နှစ်(၂၆၀၀)ကျော်ကတည်းက ဟောကြားလမ်းညွှန် ပြသတော်မူခဲ့သော ဗုဒ္ဓမြတ်စွာ၏ဉာဏ်တော်အမြော်အမြင်ကြီးမားပုံကို လေ့လာသုံးသပ် တွေ့ရှိနိုင်ပါသည်။ ဗုဒ္ဓ၏လမ်းညွှန်တော်မူချက် အပရိဟာနိယတရား သရုပ်ခုနစ်ပါး အနှစ်ချုပ်သည်ကား-

  • ၁။ အမြဲမပြတ် ကြိမ်ဖန်များစွာ မပြတ်မလပ် စည်းဝေးဆွေးနွေးကြခြင်း။
  • ၂။ အညီအညွတ် ဆွေးနွေးစည်းဝေး ညှိနှိုင်းတိုင်ပင်ကြပြီး၊ အညီအညွတ် ဆုံးဖြတ်လုပ်ဆောင် ဆောင်ရွက်ကြခြင်း။
  • ၃။ ရှိပြီး၊ ပြဌာန်းပြီး ကောင်းမွန်သင့်လျော်၍၊ လက်ရှိလူနေမှုဘဝတို့နှင့် အံဝင်ခွင်ကျ ကိုက်ညီသော အစဉ်အလာကောင်း ဓမ္မသတ်ကျင့်ထုံး ဥပဒေများ၊ ဖြတ်ထုံးကျင့်ထုံး စီရင်ထုံးစီရင်နည်းလမ်းများကို ဖျက်သိမ်း ပယ်ဖျက်ခြင်းခြင်းမပြုဘဲ ဆက်လက်ပြဌာန်း ကျင့်သုံးကာ၊ ရှိပြီးဥပဒေများအနက်မှ ဆက်လက်ပြဌာန်း ကျင့်သုံးရန် မသင့်လျော်၊ မကောင်းမွန် မကိုက်ညီတော့သည့် တရားဥပဒေများကို အများဆန္ဒ၊ အများစည်းဝေးဆုံးဖြတ်ချက်တို့ဖြင့် ဖျက်သိမ်းရုပ်ပယ်ခြင်း။
  • ၄။ ဂုဏ်ဝါပညာကြီးသူ၊ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးကြီးမားသူများကို မြေတောင်မြှောက် ဂုဏ်ပြုပူဇော်၍၊ အကြံပြုချက် အကြံပြုစကားများကို ကြားနာခံယူခြင်း။
  • ၅။ ပြည်သူပြည်သားတို့၏ သားငယ်သမီးငယ်၊ ပိုင်ရာပစ္စည်းတို့ကို အကြောင်းမဲ့ အနိုင်အထက်ပြု ထိပါးသိမ်းပိုက် စော်ကားမှုမရှိစေရေး ပြည်သူ့အစိုးရက အာမခံ ကျင့်သုံးလိုက်နာ စောင့်ထိန်းခြင်း။
  • ၆။ နိုင်ငံ လူမျိုး ရိုးရာအစဉ်အလာ၊ ပြည်သူတို့၏ယုံကြည်မှုကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိစေခြင်း။
  • ၇။ ဘာသာ၊ သာသနာ ယုံကြည်မှုပေါင်းစုံတို့၏ ဘာသာရေးခေါင်းဆောင်၊ ဘာသာသာသနာ့ ဝန်ထမ်းများကို လွတ်လပ်လုံခြုံမှုရှိစေခြင်းတို့ဟူ၍ ဖြစ်သည်။

ဤသည်ကား ဗုဒ္ဓမြတ်စွာဘုရား ၏ ဒီမိုကရေစီလမ်းစဉ်ကြီးပင်ဖြစ်တော့သည်။ ထို့ပြင် ဗုဒ္ဓ သည် အတိတ်ဘဝ ဇာတ်နိပါတ်တော်ကို ဟောကြားတော်မူလျက်၊ ကမ္ဘာဦးက မဟာသမ္မတမင်းဘဝအကြောင်း ပြန်ပြောင်းဟောပြတော်မူကာ ကမ္ဘာဦးလူသားတို့ ဘုရားလောင်းတော် ဂုဏ်သိက္ခာပညာရှိ ပညာရှင်သူတော်ကောင်းတစ်ယောက်ကို အများသဘောတူ ဆန္ဒညီညီ စုဝေးစုံညီ၍ မင်းအဖြစ် တင်မြှောက်ခဲ့ကြပုံကို လှစ်ဟထောက်ပြတော်မူပြီး၊ အများဆန္ဒတို့ကို ကိုယ်စားပြုသော အများဝန်ဆောင်ပုဂ္ဂိုလ်များကို အများဆန္ဒအရသာ တာဝန်ပေး ရွေးကောက်တင်မြှောက်သင့်ကြပုံကိုလည်း သွယ်ဝိုက်လှစ်ဟ လမ်းညွှန်တော်မူခဲ့လေသည်။

ထို့ကြောင့် ရှေးမြန်မာဘုရင်များ အဆက်ဆက် နန်းတက်ကြချိန်တွင် အဘိသိက်ရေစင်သွန်းလောင်းသည့်အခမ်းအနားတွင် သွန်းလောင်းသူများက အရှင်မင်းမြတ်အား တင်မြှောက်ကြပါသည်ဟူသော ကျမ်းသစ္စာစကားဆိုခြင်းအစဉ်အလာတစ်ရပ်ကိုထည့်သွင်းခဲ့ကြခြင်း ဖြစ်ပေသည်။

အကယ်၍ မြန်မာတို့သာ ဗုဒ္ဓ၏အမြော်အမြင်တော်၊ ဆန္ဒတော်များကို တွေးခေါ်မြော်မြင် သုံးသပ်၍၊ ဗုဒ္ဓအလိုတော်ကျ၊ ဗုဒ္ဓ ဆန္ဒတော်ကျ၊ လမ်းညွှန်တော်မူချက်အရ အပြည့်အဝ ဦးစွာကျင့်သုံး၊ စွန့်ဦးတီထွင်နိုင်ခဲ့ကြမည်ဆိုလျှင် ဂရိတို့၏'ဒီမိုကရေစီ'ဟူသော စကားလုံး စကားရပ်မပေါ်မီပင် မြန်မာတို့၏ ဗုဒ္ဓစာပေ စကားလုံး'အပရိဟာနိယ'ကို ကမ္ဘာတွင် တွင်ကျယ်စွာအသုံးပြုကြပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓ ၏ အပရိဟာနိယလမ်းစဉ် အမှန်တရားတို့သည် သက်တမ်းရှည် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံတော်နှင့် ယခင်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သည့် စနစ်တစ်ခုပင်ဖြစ်သည်ကိုမူ ငြင်းပယ်၍ရလိမ့်မည်မဟုတ်ချေ။ (မြတ်ဗုဒ္ဓ၏အပရိဟာနိယဒီမိုကရေစီ၊ ယောအတွင်းဝန်ဦးဘိုးလှိုင်ရာဇဓမ္မသင်္ဂဟကျမ်းနှင့် ဗုဒ္ဓ၏အပရိဟာနိယသုတ္တန်တို့လည်း ကြည့်။)

ကမ္ဘာ့ ဝိဇ္ဇာနှင့် သိပ္ပံပညာ တို့၏ ရှေ့ဆောင်ပထမဆရာ

ပဋိစ္စသမုပ္ပါဒ် သည် ဗုဒ္ဓမြတ်စွာဘုရား ၏ အကြောင်း-အကျိုးသဘောတရား လမ်းညွှန်တရားတော် ဖြစ်ပါသည်။ [၄၃][၄၄] ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်၊ အတွေးအခေါ်ပညာရှင် နယူတန် ၏ နိယာမ တွေ့ရှိချက်များသည် ဂေါတမ မြတ်စွာဘုရား၏ ကံ ကံ၏အကျိုး အဆုံးအမ အမှန်တရားတော် နောက် နှစ်ပေါင်း (၂၄ဝဝ) နောက်ကျပြီးမှ နယူတန် သည် ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ ဆရာကြီးအဲလ်ဘတ် အိုင်းစတိုင်း ၏ ရီလေတီဗတီ သီအိုရီ (Relativity Theory) နိယာမ တွေ့ရှိချက်များသည် ဂေါတမ မြတ်စွာဘုရား၏ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးသဘောတရားများ၊ ဟေတုပစ္စယော- အာရမ္မဏပစ္စယော- အဓိပတိပစ္စယော- အနန္တရပစ္စယော- သမနန္တရပစ္စယော- သဟဇာတပစ္စယော- အညမညပစ္စယော စသော ပဋ္ဌာန်း ၂၄-ကျမ်း နှင့် ကံ- ကံ၏အကျိုး အဆုံးအမ အမှန်တရားတော်၏ နောက် နှစ်ပေါင်း (၂၄ဝဝ) နောက်ကျပြီးမှ အိုင်းစတိုင်း သည် (၂၄ ပစ္စည်း ပဋ္ဌာန်း (ပဋ္ဌာန)) ၏ အခြေခံ Theory of relativity and E = mc² ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။

ဗုဒ္ဓဘာသာတွင် အကြောင်းအရာတစ်ခုကိုလေ့လာ ကျင့်ကြံရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။ ဗုဒ္ဓတရားတော်များသည် အကြောင်းအကျိုး ဆက်စပ်မှုရှိခြင်း၊ ယုတ္တိနည်းကျ လက်တွေ့ကျခြင်း၊ စနစ်တကျ ဖွဲ့စည်းမှု ရှိခြင်း၊ မှန်သည်-မှားသည်၊ လုပ်သင့်သည်-မလုပ်သင့်သည်၊ အကျိုးရှိသည်-အကျိုးမဲ့သည် တို့ကို မိမိတို့ကိုယ်တိုင် ဝေဖန်စမ်းစစ် ခွင့်ရှိခြင်း၊ အချိန်မရွေး၊ နေရာမရွေး၊ လူမျိုး ဘာသာမရွေး လက်တွေ့ကျင့်ကြံပြီး အေးချမ်းမှုကို ကိုယ်တိုင်သိရှိနိုင်ခြင်း၊ အမြဲထာဝရ မှန်ကန်ခြင်း စသော အရည်အချင်းများ ပြည့်စုံသောကြောင့် ဗုဒ္ဓဘာသာသည် ဝိဇ္ဇာပညာသိပ္ပံပညာကို ဦးဆောင်သည့်- အမှန်တရားနှင့် လက်တွေ့သဘာဝကျ သည့် ဘာသာလည်း ဖြစ်သည်။ ဓမ္မစကြာတရားတော် တွင် အစွန်းနှစ်ပါးရှောင်ခြင်း- အစွန်းရောက်မှုကို ရှောင်ခြင်း နှင့် မဇ္ဈိမာ ပဋိပဒါ အလယ်အလတ်အမှန်လမ်းစဉ်ကသာ မှန်ကန်ကြောင်း ဗုဒ္ဓမြတ်စွာဘုရားကဟောကြားတော်မူခဲ့ပေသည်။

ကိုယ်တိုင်ကျင့်လျှင် ကိုယ်တိုင်သိနိုင်သော အခါမလပ် အကျိုးပေးသောကမ္ဘာ့ဦးဆောင်တရားဂုဏ်တော်

ဗုဒ္ဓဘာသာ၏ တရားတော် တရားဂုဏ်တော် ၆-ပါး[၄၅] တို့သည် ကမ္ဘာပေါ်တွင်လက်တွေ့သဘာဝကျ အလွန်ကျော်ကြားလှသည်။ မှန်ကန်ကျော်ကြားလှသည်။ တရားဂုဏ်တော် ၂-၃-၄ သည် လက်တွေ့သဘာဝကျသည့်သိပ္ပံနည်းကျ တရားဂုဏ်တော်များ ဖြစ်ကြောင်း ကမ္ဘာ့သိပ္ပံပညာရှင်တို့မှတ်ချက် ပြုကြသည်။

၂။ သန္ဒိဌိက ဂုဏ်တော် ကိုယ်တိုင်ကျင့်လျှင် ကိုယ်တိုင်သိနိုင်သော တရားဖြစ်ခြင်းဂုဏ်။

၃။ အကာလိက ဂုဏ်တော် အခါမလပ် အကျိုးပေးခြင်း၊ တရားဖြစ်ခြင်းဂုဏ်။ မဂ်ရလျှင် ဖိုလ်ချက်ချင်း ဖြစ်ခြင်းဂုဏ်။

၄။ ဧဟိပဿိက ဂုဏ်တော် 'လာပါ၊ ကျင့်စမ်းပါ'ဟု ရဲရဲဝံဝံ ဖိတ်ခေါ်ထိုက်ခြင်း၊ အစမ်းသပ်ခံနိုင်ခြင်းဂုဏ်။

ဂေါတမဗုဒ္ဓ ဟောကြားတော်မူခဲ့သော မင်္ဂလာတရား ၃၈-ပါးအာနာပါန တရားရှုမှတ်ခြင်း ၊ ဝိပဿနာ ကျင့်စဉ်၊ စာရိတ္တကျင့်ဝတ်၊ မြတ်သောအကျင့်သီလ၊ မေတ္တာမေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းဗောဇ္ဈင် ၇ ပါးသတိပဌာန် (၄) ပါး၊ ချစ်ခင်ကြင်နာခြင်း၊ သစ္စာလေးပါးမဂ္ဂင် ၈ ပါးခွင့်လွှတ်ခြင်း နှင့် သည်းခံခြင်းသည် ကမ္ဘာ့အမှန်တရားဦးဆောင်ပညာအဖြစ် ယနေ့ထက်တိုင်ကျော်ကြားလှသည်။ ဗုဒ္ဓဘုရားဟောကျမ်းဂန်များစွာမှ လောကီရေးရာများနှင့် ပတ်သက်သည့် အဆိုအမိန့်များကို ထုတ်နှုတ်၍ ထည့်သွင်းပြုစုထားသော လောကနီတိ ကျမ်းသည်ရှေးလူကြီးတွေ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်း ပုံပြင်တွေကနေ ကောင်းနိုးရာရာတွေကို စုစည်းထားတဲ့ လူမှုဆိုင်ရာ လောကနီတိကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး၊ အရွယ်သုံးပါး လိုက်နာဖွယ် ကောင်းလှပါသည်။ လောကနီတိသည် လောကအကြောင်းနှင့် စပ်လျဉ်း၍ ကြီးပွားတိုးတက်စေရန် ညွှန်ကြားသော လမ်းညွှန်ကျမ်းဖြစ်သည်။ စင်စစ် ဤကျမ်းသည် လောက၌ လူသားတို့၏ အနှစ်လည်းမည်၏။ မိဘလည်းမည်၏။ ဆရာလည်းမည်၏။ အဆွေခင်ပွန်း လည်းမည်၏။ ထိုကြောင့် ဤ နီတိကျမ်းကို သင်ကြားတတ်မြောက်သော ယောက်ျားသည် အကြားအမြင်များသော၊ မြင့်မြတ် သော ပညာတတ်ယောက်ျား ဖြစ်၏။ [၁၉][၄၆][၄၇][၄၈][၄၉][၅၀][၅၁]

ကမ္ဘာပေါ်တွင် မြင့်မြတ်ကြည်ညိုဖွယ်ဘုရားသားတော်ရဟန်းသံဃာတော်များသည်မြန်မာနိုင်ငံတွင်အများဆုံးရှိသည်

သံဃဂုဏ်တော်ကိုးပါးရှိ၏။

  1. အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုကောင်းစွာကျင့်ခြင်း၊
  2. အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုဖြောင့်မတ်စွာကျင့်ခြင်း၊
  3. အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုသင့်လျော်စွာကျင့်ခြင်း၊
  4. အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုရိုသေစွာကျင့်ခြင်း၊
  5. ဧည့်သည်အတွက်ထားသောအလှူဝတ္ထုကို ခံယူထိုက်ခြင်း၊
  6. လက်ဆောင်အတွက်ထားသောအလှူဝတ္ထုကို ခံယူထိုက်ခြင်း၊
  7. တမလွန်ကျိုးအတွက်ပြုအပ်သောမြတ်သော အလှူဝတ္ထုကို ခံယူထိုက်ခြင်း၊
  8. လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့လက်အုပ်ချီမိုး ရှိခိုးခြင်းကိုခံယူထိုက်ခြင်း၊
  9. အတုမရှိမြတ်သောကောင်းမှု၏စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်ခြင်း

ဟူ၍သံဃဂုဏ်တော်ကိုးပါးရှိလေသည်။ [၅၂]

ဗုဒ္ဓဘုရား၏ သားတော် ရဟန်း သံဃာ တို့၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် နှင့် ဗုဒ္ဓဘာသာရဟန်းများသင်ကြားလေ့ကျင့်ရသောသိက္ခာပုဒ်များ သည်လည်း အလွန်မြင့်မြတ်ပြည့်စုံသည်။ ကြည်ညိုဖွယ်ထင်ရှားသည်။ ရဟန်းသံဃာ ဟူသည် - တရားကို ကောင်းစွာကျင့်ခြင်း ၊ မှန်စွာကျင့်ခြင်း ၊ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊ ကောင်းမှုပြုခြင်းသည် ကောင်း၏၊ မညှင်းဆဲခြင်းသည်ကောင်း၏၊ သတ္တဝါတို့ကို သနားခြင်းသည် ကောင်း၏ ဟု နှလုံးသွင်း ကျင့်နေသူ ဖြစ်သည်။ ယင်းနှစ်မျိုးတို့တွင်

  • သောတာပတ္တိမဂ်ပုဂ္ဂိုလ်၊
  • သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်တစုံ၊
  • သကဒါ ဂါမိမဂ်ပုဂ္ဂိုလ်၊
  • သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်တစ်စုံ၊
  • အနာဂါမိမဂ်ပုဂ္ဂိုလ်၊
  • အနာဂါမိဖိုလ်ပုဂ္ဂိုလ်တစ်စုံ၊
  • အရဟတ္တ မဂ်ပုဂ္ဂိုလ်၊
  • အရဟတ္တဖိုလ်ပုဂ္ဂိုလ်တစ်စုံ၊

ဤသို့အစုံအားဖြင့်လေးစုံ၊ အရေအတွက်အားဖြင့်ရှစ်ပါး သောအရိ ယာပုဂ္ဂိုလ်အပေါင်းအစုကား ဒက္ခိနေယျသံဃာဖြစ်သည်။

အရိယသံဃာ၏အနွယ်အဆက်ဖြစ်၍ဉာတ်တစ်ကြိမ်၊ ကမ္မဝါသုံးကြိမ်၊ ဉာတ္တိစတုတ္ထကံဖြင့်ရဟန်း ဖြစ်၍နေကြသော ရဟန်းအပေါင်းအစုကားသမ္မုတိသံဃာဖြစ်သည်။ ယင်းသမ္မုတိသံဃာသည်လည်း ဝိနည်းဒေသနာတော် အရ ပြုလုပ်ဆောင်ရွက်ရသောသောဝိနည်းကံ၏အစွမ်းအားဖြင့်

  1. စတုဝဂ်သံဃာ=လေးပါးစုသံဃာ၊
  2. ပဉ္စဝဂ် သံဃာ=ငါးပါးစုသံဃာ၊
  3. ဒသဝဂ်သံဃာ=ဆယ်ပါးစုသံဃာ၊
  4. ဝီသတိဝဂ် သံဃာ=နှစ်ဆယ်စုသံဃာ၊
  5. တိရေက ဝီသတိဝဂ်သံဃာ =နှစ်ဆယ်ထက်ပိုလွန်သော အများစုသံဃာဟူ၍ငါးပါးရှိသည်။

ဤလေးပါးစုစသော သံဃာ သည်မိမိတို့နှင့်သက်ဆိုင်ရာဝိနည်းကံများကိုပြု လုပ်ဆောင်ရွက်ရသည်။

ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကိုလေ့လာကျင့်ကြံရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။ ဗုဒ္ဓ ၏အဆုံးအမများနှင့် ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ ဘာသာ အမှန်တရားနှင့် လက်တွေ့သဘာဝကျ သည့် ဘာသာ လည်း ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် လူ့ကျင့် ဝတ်တရားနှင့် တိုင်းပြည်အုပ်ချုပ်မှုသဘောတရားများ ၊ တပည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား၊ နာယကဂုဏ် ၆-ပါး စသည်တို့ရှိရာ ဆရာဝတ် တွင် အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟုပါရှိသည်။ (၃၈) ဖြာသောမင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပ အတတ်ပညာတို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာ တစ်ပါးဟုအဆိုရှိပါသည်။ "

သိပ္ပံပညာရှင်တို့၏တွေ့ရှိချက်နှင့် သာသနာပြင်ပ တရားတို့သည် အတိုင်းအတာ တစ်ခု၊ အခြေအနေ အချိန်အခါ နေရာဒေသ တစ်ခု၊ လူအုပ်စုတစ်စု အတွက် သာ မှန်ကန်သည့် အမှန်တရား သမုတိသစ္စာမျှသာ ဖြစ်ကြောင်း၊ အမြဲထာဝရ မှန်ကန်သည့် အမှန်တရား ပရမတ္တ သစ္စာ တရားမှာ မြတ်ဗုဒ္ဓ၏ တရားတော် (သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ ) ၌ သာ တွေ့နိုင်ကြောင်း၊ ဝိဇ္ဇာ၊ သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်များ အပါအဝင် အယူဝါဒဆိုင်ရာ အမှန်တရား အားလုံးတို့၏ ရှေ့ပြေး ပထမ အမှန်ဆုံးတရား ဖြစ်သည်" ဟု သီတဂူဆရာတော် ဦးဉာဏိဿရချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသဦးရွှေအောင်နန္ဒာသိန်းဇံဒေါက်တာ မင်းတင်မွန်ဓမ္မာစရိယ ဦးဌေးလှိုင်Egerton C. Baptist နှင့် မြို့မ-မြင့်ကြွယ် တို့က မှတ်ချက် ပြုကြသည်။[၅၃][၅၄][၅၅][၅၆][၅၇][၅၈] ဗုဒ္ဓတရားတော်များသည် သဘာဝနည်းကျအားဖြင့်လည်းကောင်း၊ ကြောင်းကျိုးဆက်စပ်ဗေဒအရလည်းကောင်း၊ သိပ္ပံနည်းကျအားဖြင့်လည်းကောင်း၊ ဆေးပညာဗေဒအရလည်းကောင်း မှန်ကန်လှပေသည်။ မိခင်ဝမ်းတွင်း သားသန္ဓေတည်ပုံကို လွန်ခဲ့သော နှစ်ပေါင်း(၂၆၀ဝ)ကျော်ကတည်းက ဗုဒ္ဓမြတ်စွာဘုရားက မိုက်ခရိုစကုပ်(Microscope) မပါ၊ အာထရာဆောင်း(Ultrasound) မပါ၊ ဓါတ်မှန်မပါ ဉာဏ်တော်ဖြင့် ထိုးထွင်းသိမြင်တော်မူ၍ ရှင်းပြတော်မူနိုင်ခဲ့ပေသည်။

ထို့ပြင် ယနေ့ခေတ် သိပ္ပံဗေဒ ကျန်းမာရေးသုတေသနများအရ သိရှိလာကြရသော စိတ်သည် ဦးနှောက်တွင် ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ၊ နှလုံးသား၏အချိုင့်လေးတွင် ဖြစ်ပေါ်ကြောင်းကို ဗုဒ္ဓဘုရား က ဟောပြတော်မူသဖြင့် ဝါရင့်ဗုဒ္ဓဘာသာ မြန်မာများ သိရှိခဲ့ကြသည်မှာလည်း ကြာပြီဖြစ်သည်။ ခန္ဓာဗေဒ ၏ ဖြစ်စဉ်ပျက်စဉ်အကြောင်းကိုလည်း ဗုဒ္ဓဘာသာဝင်များ မြန်မာများက ယနေ့ခေတ် ဆဲလ်များအစားထိုးဖြစ်တည်မှုအကြောင်း သိပ္ပံပညာ က မသိရသေးခင်ကပင် သိရှိခဲ့ကြပြီးဖြစ်သည်။ ခန္ဓာဗေဒကိုလည်း ဗုဒ္ဓမြတ်စွာဘုရားက တရားတော်များ၌ ဟောကြားတော်မူခဲ့ပြီးဖြစ်သည်။ ဗုဒ္ဓက ယနေ့ခေတ် သိပ္ပံပညာရှင်တို့ အဏုမြူ အက်တမ် အကြောင်း မလေ့လာမီကပင် ပရမာအဏုမြူစသည်ဖြင့် ဟောပြတော်မူခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓဘုရား၏ တရားတော်များသည် သိပ္ပံနည်းကျ၊ ကြောင်းကျိုးဆက်စပ်ဗေဒ၊ ခန္ဓာဗေဒ၊ ဆေးပညာဗေဒစသည်တို့ဖြင့် ကိုက်ညီမှန်ကန်နေလျက်ရှိပြီး၊ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သမျှ တရားတော်များကို ဝိဇ္ဇာ-သိပ္ပံပညာက ယနေ့ထက်တိုင် လိုက်မမီနိုင်သေးသော အနေအထားများ ရှိနေသေးသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သမျှ တရားတော်များမှာသဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက်ပြောင်းလဲမှုတို့၏အကြောင်း-အကျိုးအမှန်တို့ကို နည်းစံနစ်ကျနစွာလေ့လာအသုံးချနိုင်သောလက်တွေ့သဘာဝကျ သည့်အမှန်တရားပညာအဖြစ်ယနေ့ထက်တိုင် ကမ္ဘာ့ ဝိဇ္ဇာနှင့်သိပ္ပံပညာတို့၏ ရှေ့ဆောင် ဦးဆောင်အနေအထားတွင်ရှိသည်။

ဂေါတမ မြတ်ဗုဒ္ဓ ၏ ဗုဒ္ဓဝင်

  1. ဂေါတမ ဘုရားအလောင်းတော်သည်ဤ ဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည် ရှိသော် လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့လေသည်။
  2. သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ မိမိတစ်ကိုယ်တည်း နိဗ္ဗာန်ချမ်းသာကို ရယူနိုင်သော်လည်း ဩဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါးကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနားကြင်နာတော်မှုလှသဖြင့် ယူတော်မမူခဲ့ပေ။
  3. သုမေဓာရှင်ရသေ့ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝများစွာတို့၌ -
    1. ရွှေ၊ ငွေ၊ ဆင်၊ မြင်း အစရှိသည်တို့ကို လှူခြင်း ဒါနပါရမီ၊
    2. ခြေ၊ လက်၊ နား၊ နှခေါင်းအစရှိသည်တို့ကိုလှူခြင်းဒါနဥပပါရမီ
    3. မိမိအသက်ကို လှူခြင်းဒါနပရမတ္တပါရမီ အစရှိသော ပါမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
  4. ထို့ပြင် အလွန်စွန့်နိုင်ခဲ့စွာသော -
    1. ပဒေသရာဇ်၊ ဧကရာဇ်‌၊ စကြာမင်းတို့၏ စည်းစိမ်ရတနာကို စွန့်ခြင်း ဓနပရိစ္စဂ၊
    2. သားသမီးကို စွန့်ခြင်း ပုတ္တပရိစ္စာဂ၊
    3. မယားကို စွန့်ခြင်း ဘရိယပရိစ္စာဂ၊
    4. ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့်အင်္ဂါကြီးငယ်ကို စွန့်ခြင်း အင်္ဂပရိစ္စာဂ၊
    5. မိမိအသက်ကို စွန့်ခြင်း ဇီဝိတပရိစ္စာဂ - ဟုဆိုအပ်သော စွန့်ခြင်းကြီးငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
  5. ဤသို့ ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုတိသာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်၊ နတ်သားဖြစ်စဉ် စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က "ဘုရာဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ" ဟု ဘုရားအလောင်းတော်ကိုတောင်းပန်ကြလေသည်။
  6. သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည် -
    1. ကာလ - ဘုရားဖြစ်ရာ အချိန်ကာလ၊
    2. ဒီပ - ဘုရားဖြစ်ရာ ကျွန်းအရပ်၊
    3. ဒေသ - ဘုရားဖြစ်ရာ အရပ်ဒေသ၊
    4. ကုလ - ဘုရားဖြစ်ရာ အမျိုးအနွယ်၊
    5. မာတုအာယုပရိစ္ဆေဒ - ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား - ဟူသော ကြည့်ခြင်းကြီးငါးပါးတို့ကို ကြည့်ရှုတော်မူလေသည်။
  7. ယင်းသို့ ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇ ခု၊ဝါဆိုလပြည့် ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေဝီမိဘုရားကြီး မယ်တော်မာယာ(သိရီမဟာမာယာဒေဝီ) ဝမ်း၌ ပဋိသနန္ဓေတည်နေလေသည်။
  8. ဘုရားအလောင်းတော်သည် ဘီစီ ၆၂၃ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြောနေ့ဝယ် ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှုးသန့်စင် ဖွားမြင်တော်မူလေသည်။
  9. ဘုရားအလောင်းတော်သည် ၁၆ နှစ်အရွယ် ရောက်သောအခါ ယသောဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကိုခံစားလေသည်။
  10. ၂၉ နှစ်အရွယ် ရောက်သောအခါသူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။
  11. ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲလှစွာသော ဒုက္ကရစရိယာ အကျင့်ကို ရဟန်းအဖြစ်နှင့် ၆ နှစ်ပါတ်လုံးကျင့်တော်မူခဲ့သည်‌။
  12. ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူ‌ဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ကြွသွားတော်မူလေသည်။
  13. ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့် လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့သည် မြက်ရိပ်အသွင်သဏ္ဌန်ဖြင့် မတည်ကြကုန်။)
  14. ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်‌၌ ထက်ဝယ်ဖွယ်ခွေနေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်) ကို အောင်မြင်တော်မူ၍ ညဉ့်ဦးယံ၌ ရှေးက နေခဲ့(ဖြစ်ခဲ့)ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့တတ် သိတတ်သော "ပုဗ္ဗေနိဝါသနုဿတိဉာဏ်"ကိုရတော်မူလေသည်။ သန်းခေါင်ယံ၌နတ်တို့၏မျက်စိနှင့်တူသော စုတေခါနီးသော သတ္တဝါ စသည်တို့ကို မြင်တတ်သော "ဒိဗ္ဗစက္ခုဉာဏ်"ကိုရတော်မူလေသည်။ မိုးသောက်ယံ၌ အာသဝေါတရားလေးပါးတို့၏ ကုန်ခြင်းကို ပြုတတ်သော "အာသဝက္ခယဉာဏ်"ကိုရတော်မူ၍ သက်တော် ၃၅ နှစ်အရွယ် (ဘီစီ ၅၈၈) မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်ဝယ် လောကသုံးပါးတွင် အတူမရှိ၊ အတုမရှိသော သဗ္ဗညုတ ဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။
  15. သုံးလူ့သခင်သဗ္ဗညု ဘုရားရှင်သည် ၄၅ ဝါကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား ဓမ္မစကြာ စသည့်တ‌ရားတို့ကို ဟောပြတော်မူကာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။
  16. ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွါးကို မနားမနေဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုမြတ်စွာဘုရားရှင်သည် သက်တော် ၈၀ အရွယ်ရောက်သောအခါ (ဘီစီ ၅၄၃) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော်မူလေသည်။

ဗောဓိ

မဇ္ဇိမပဋိပဒါ (အလယ်လမ်း)

ရတနာသုံးပါး

ရတနာသုံးပါးသည် ဗုဒ္ဓဓမ္မ နှင့် သံဃာ [၅၉] ဖြစ်ကြသည်။

သံဃာ

ပရိက္ခရာ

သီလ

သမာဓိ

ပညာ

ဗုဒ္ဓဘာသာနှင့် ပညာရေး

ဗုဒ္ဓဘာသာကျမ်းစာများ

တိပိဋက

ဗုဒ္ဓဘာသာကျမ်းစာအများစုသည် ပါဠိသို့မဟုတ် သင်္သကရိုက်ဘာသာအသုံးပြုသည်။

ဂေါတမဗုဒ္ဓ ဇာတ်တော်များ

ဗုဒ္ဓဘာသာအထိမ်းအမှတ်များ

ကြာပန်း

မဟာယာန ဗုဒ္ဓဘာသာဂိုဏ်း၏ မင်္ဂလာအထိမ်းအမှတ် ၈ မျိုးသည်

  • ခရုသင်း
  • ဓမ္မစကြာ
  • Endless Knot
  • ရွှေငါး
  • ကြာပန်း
  • ရတနာပန်းအိုး
  • ထီးတော်
  • အောင်လံ

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

  1. http://www.worldpopulationstatistics.com/china-population-2013/
  2. http://www.foreignercn.com/index.php?option=com_content&view=article&id=2929:buddhism-in-china&catid=1:history-and-culture&Itemid=114
  3. http://www.thedhamma.com/buddhists_in_the_world.htm
  4. http://www.lankaweb.com/news/items/2013/05/30/china-a-nation-with-a-distinct-buddhist-character/
  5. http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha
  6. http://festivals.iloveindia.com/buddha-purnima/
  7. http://www.chinabusinessinterpreter.com/Dasiy/16.aspx
  8. http://bhikkhu.webs.com/buddhismintheworld.htm
  9. http://www.koausa.org/Gods/God3.html
  10. http://www.svetmysli.net/sma.exe?pg=104
  11. http://www.divinebrahmanda.com/2010/05/gautama-buddha-avatar-ninth-avatar-of.html
  12. http://www.youtube.com/user/melvin476
  13. http://www.loveshack.org/forums/mind-body-soul/spirituality-religious-beliefs/101472-my-religion-loving-kindness-dalai-lama
  14. https://www.facebook.com/Pending969?hc_location=stream
  15. http://dhammabank.com/index.php?TID=B&SID=1&page_id=0000001&catid=%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8&author_id=00001&Start=60&file_id=216
  16. http://www.burmeseclassic.com/tayar_player.php?id=1713&FMfile=KyarNiKan/ZNiLa110_01.xml
  17. http://www.burmeseclassic.com/tayar_player.php?id=1713&FMfile=KyarNiKan/ZNiLa110_02.xml
  18. http://whc.unesco.org/en/list/666
  19. ၁၉.၀ ၁၉.၁ ၁၉.၂ http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=40228&penname=DOCTRINE+OF+SUPREME+BUDDHA
  20. http://buddhasutra.com/files/mahapadana_sutta.htm
  21. http://bci.org/prophecy-fulfilled/buddhasa.htm
  22. http://www.sacred-texts.com/bud/lob/lob26.htm
  23. http://www.buddhanet.net/e-learning/buddhism/disciples06.htm
  24. http://sandarthuriya.wordpress.com/2010/05/27/%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%81%80%E1%80%84%E1%80%B9%E1%80%A1%E1%80%80%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8-2/
  25. http://www.thisismyanmar.com/nibbana/buddha9.htm
  26. https://archive.is/20130617061846/impermanences.blogspot.com/2011/07/blog-post.html
  27. ဗုဒ္ဓဒေသနာတော်ဝေါဟာရ အဘိဓာန်
  28. ၂၈.၀ ၂၈.၁ ရွှေတိဂုံသမိုင်းသစ် (အရှင်အာဒိစ္စရံသီ)
  29. ၂၉.၀ ၂၉.၁ http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha
  30. ၃၀.၀ ၃၀.၁ http://festivals.iloveindia.com/buddha-purnima/
  31. http://www.chinabusinessinterpreter.com/Dasiy/16.aspx
  32. http://www.globalone.tv/profiles/blogs/the-noble-eightfold-path
  33. http://www.budsas.org/ebud/whatbudbeliev/62.htm
  34. http://www.urbandharma.org/udharma3/theramaya.html
  35. လယ်တီဆရာတော် ကမ္မဋ္ဌာန်းကျမ်း။ စာ-၁၉၃။
  36. http://www.londonbuddhistvihara.org/fund_topics/eightfold.htm
  37. http://dhammaweb.blogsome.com/2007/12/15/sila-samadhi-panna/
  38. http://mminuae.org/?p=897
  39. http://www.thisismyanmar.com/nibbana/lhistory.htm
  40. http://english.sina.com/world/p/2012/0307/446893.html
  41. http://blogs.wsj.com/scene/2012/02/22/photos-myanmars-shwedagon-pagoda-turns-2600/tab/slideshow/
  42. http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=23631&penname=About+Shwedagon+Pagoda
  43. http://parami10.com/MM/Dhamma/1682/1469
  44. http://martikar.pikay.org/2012/10/blog-post_9511.html
  45. http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:266945
  46. http://buddhist-meditation-techniques.com/loving-kindness-meditation/
  47. http://dhammamedicine.net/2010/12/01/supreme-buddh/
  48. http://buddhismworld.ning.com/forum/topics/6371237:Topic:19067
  49. http://www.youtube.com/watch?v=Db8M590rcqg
  50. http://www.youtube.com/watch?v=9rOeHASlhHA
  51. http://www.youtube.com/watch?v=C_EfHuMa7_c
  52. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  53. http://thetruelordbuddha.blogspot.com/
  54. https://docs.google.com/file/d/0Bwl_hA7bJaAeYWY2OGFkMWYtYjU 1MC00MWZkLWEyOGEtM2 YzOGFmYWQxY2Vi/edit?pli=1
  55. http://www.sitagu.org/resources/files/Suzan_Hart_&_Sayadaw.pdf
  56. http://www.dhammadownload.com/Dr-MehmTinMon-eBookInEnglish.htm
  57. https://docs.google.com/file/d/0Bwl_hA7bJaAeYWY2OGFkMWYtYjU1MC00MWZkLWEyOGEtM2YzOGFmYWQxY2Vi/edit?pli=1
  58. http://www.chanmyay.org
  59. http://www.accesstoinsight.org/lib/thai/lee/duties.html

ပြင်ပလင့်ခ်များ