ပြည်သူ့ရဲဘော် အဖွဲ့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ပြည်သူ့ရဲဘော် အဖွဲ့ သည် ၁၉၄၅၊ ဒီဇင်ဘာ-၁ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်မှုနဲ့ စတင်ဖွဲ့စည်း ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ၇-၉-၁၉၄၅ နေ့ ဂန္ဒီ စာချုပ်အရ ဗမာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရတဲ့အခါ အကြောင်းအမျိုးမျိုး ကြောင့် ဗမာ့ တပ်မတော် မှာပါဝင်ခွင့်မရတော့တဲ့ ရဲဘော် ၂၅၀၀၀ ကျော်ကို ဆက်လက် စုစည်းထားနိုင်ရေး နဲ့ ဗမာပြည် လွတ်လပ်ရေး တိုက်ပွဲမှာ ဆက်လက်ပါဝင် လှုပ်ရှားနိုင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ကမကထပြု ပါဝင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

စတင်ဖွဲ့စည်းစ ဖွဲ့စည်းပုံမှာ

  1. ဗိုလ်ချုပ်အောင်ဆန်း - တပ်ဖွဲ့သေနာပတိ
  2. ဗိုလ်မှူးအောင် - ဒု-တပ်ဖွဲ့သေနာပတိ
  3. ဗိုလ်ထွန်းလင်း - အထွေထွေဌာနကြီးမှူး
  4. ဗိုလ်လရောင် - ကော်မတီဝင်
  5. ဗိုလ်ဖိုးကွန်း - ကော်မတီဝင်
  6. ဗိုလ်ဗတင် - ကော်မတီဝင်
  7. ဗိုလ်လှအေး - ကော်မတီဝင်
  8. ဗိုလ်တင်အုန်း - ကော်မတီဝင်
  9. ဗိုလ်သိန်းတန် - ကော်မတီဝင်
  10. ဗိုလ်အောင်မင်း - ကော်မတီဝင်
  11. ဗိုလ်ပု - ကော်မတီဝင်

တို့ ဖြစ်ကြပါတယ်။

တရားဝင် ထုတ်ပြန်ကြေညာခဲ့တဲ့ ရည်ရွယ်ချက် များကတော့

  1. ဗမာ့တပ်မတော်မှ ရဲဘော်ဟောင်းများအား ထိုက်သင့်သလို အထောက်ပံ့ပေးရန်။
  2. နိုင်ငံကာကွယ်ရေး အတွက် စစ်တပ်ကိုတိုးချဲ့သည့် အခါ၌ လည်းကောင်း၊ အရန်တပ်ဖွဲ့များဖွဲ့သည့် အခါ၌ လည်းကောင်း ကျန်းမာ သန်စွမ်းပြီး စစ်ပညာ ဝါသနာ ပါသည့် ရဲဘော်ဟောင်းများ ပါဝင်ခွင့်ရစေရန်။
  3. ရရှိပြီး စစ်ပညာများ မမေ့ပျောက်စေပဲ ထပ်မံလေ့ကျင့်စေ၍ ပြည်သူများကို တတ်နိုင်သမျှ စစ်ပညာ သင်ပေးရန်။
  4. အရပ်ကင်းများဖွဲ့ပြီး အစိုးရ အဖွဲ့အစည်း ပြည်သူတို့ နှင့် ပူးပေါင်း၍ သူခိုးဓားပြရန်နှိမ်နှင်းခြင်း စသည့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ လုပ်ရန်လို့ ဖော်ပြခဲ့ပါသည်။

ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို စစ်တပ်ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းခဲ့ပြီး စစ်ဝတ်စုံများ ဝတ်ဆင်စေကာ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ (နယ်ချဲ့အင်္ဂလိပ် လက်အောက် (၁၈-၅-၁၉၄၆ ထန်းတပင် အရေးအခင်း) ဖြစ်ပေါ်ခဲ့ရတာဟာ ထန်းတပင် ပြည်သူ့ရဲဘော်များ စစ်ဝတ်စုံဝတ် စစ်ရေးပြမှုကို တားဆီးပိတ်ပင် ဖမ်းဆီးရာက ပြည်သူ့ရဲဘော်များနဲ့လယ်သမားများပါ စီတန်းလှည့်လည်ဆန္ဒပြကြခြင်းကို အင်္ဂလိပ်အစိုးရက သေနတ်နဲ့ ပစ်ခတ် ဖြိုခွဲခဲ့တာကြောင့် ပေါ်ပေါက် ခဲ့ရခြင်း ဖြစ်သည်)။ ‘ပြည်သူ့ရဲဘော်’ ဟာ ဖဆပလ တပ်ပေါင်းစု အဖွဲ့ချုပ်ကြီးအတွင်း ဗမာပြည် ကွန်မြူနစ်ပါတီ၊ ဗမာပြည် ဆိုရှယ်လစ် ပါတီ တို့နည်းတူ အမာခံအင်အားစုတခုအဖြစ် ပါဝင်ခဲ့ပါတယ်။ အင်္ဂလိပ်နယ်ချဲ့အစိုးရ ကတော့ ‘ပြည်သူ့ရဲဘော်’ ကို ‘ဖဆပလ’ ရဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့အဖြစ် ရှုမြင်ခဲ့သည်။

ပြည်သူ့ရဲဘော်အဖွဲ့အတွင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီကို လိုလားထောက်ခံသူတွေရော ဆိုရှယ်လစ် ပါတီကို လိုလားထောက်ခံသူတွေပါ ပါဝင်ခဲ့သလို ရဲဘော်ဟောင်းတွေရော နောက်မှဝင်ရောက်ပါဝင်လာသူ တွေပါရှိနေခဲ့ပြီး အရေးပါတဲ့အဖွဲ့အစည်းကြီးတရပ် ဖြစ်လာခဲ့ပါတယ်။ အဖွဲ့ဝင်အင်အားလည်း အင်မတန် များပြားခဲ့ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်မှုအောက်မှာ ‘ပြည်သူ့ရဲဘော်’ များဟာ နယ်ချဲ့ ဆန့်ကျင်ရေး လွတ်လပ်ရေးလှုပ်ရှားမှု လူထု တိုက်ပွဲတွေအတွင်း ပါဝင်ခဲ့ကြပါတယ်။

၁၉၄၆၊ စက်တင်ဘာ-၂၇ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဘုရင်ခံအမှုဆောင်ကောင်စီမှာ ဒု-ဥက္ကဋ္ဌ ဖြစ်လာပြီးတဲ့နောက် ပြည်သူ့ရဲဘော်အဖွဲ့ကြီး ဩဇာပိုတက်လာသလို ဖဆပလ အတွင်းရှိ ပြည်သူ့ရဲဘော်နဲ့ ဆိုရှယ်လစ်များရဲ့ ပဋိပက္ခဟာလည်း ပိုမိုကြီးမားလာခဲ့ပါသည်။ ၁၉၄၆၊ အောက်တိုဘာ-၁၀ ရက်နေ့မှာ ဖဆပလ အဖွဲ့ချုပ်ကြီး အတွင်းကနေ ဗမာပြည် ကွန်မြူနစ်ပါတီ ကို ထုတ်ပယ်ပစ်လိုက်တဲ့ကိစ္စနဲ့ စက်တင်ဘာအတွင်းကထုတ်ပြန်ခဲ့တဲ့ ပြည်သူ့ရဲဘော်တပ်ဖွဲ့ ရဲ့ အထွေထွေ ညွှန်ကြားချက် အမှတ် (၄) နဲ့ အမှတ် (၆) အပေါ် မကျေလည် လက်မခံနိုင်မှုများကြောင့် ပထမဆုံးအကြိမ် ပြည်သူ့ရဲဘော် အဖွဲ့ အတွင်း ပြိုကွဲမှုကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ (ညွှန်ကြားချက် အမှတ် ၄ နဲ့ အမှတ် ၆ ကတော့ ‘ပြည်သူ့ရဲဘော်တပ်ဖွဲ့ဟာ နိုင်ငံရေးပါတီများ က သီးခြား ဆောင်ရွက်သော လုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခြင်းမရှိစေရ’ ဆိုတဲ့ တားမြစ်ချက် ဖြစ်ပါသည်။)၁၉၄၆၊ အောက်တိုဘာ-၁၀ ရက်နေ့နောက်ပိုင်း ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်းတို့ ဦးစီးပြီး ပြည်သူ့ရဲဘော်က နေခွဲထွက်ပြီး ‘တပ်နီ’ အဖြစ် ထောင်ပါတယ်။ ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်းတို့နဲ့အတူ ဗိုလ်ပု၊ ဗိုလ်မျိုးမြင့်၊ ဗိုလ်အုံးကျော်၊ ဗိုလ်အောင်ကြီး (ဟင်္သာတ) တို့ ပါဝင်ကြပါတယ်။

၁၉၄၇၊ ဧပြီလ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲမှာ ‘ပြည်သူ့ရဲဘော်’ များလည်း ဝင်ရောက် ရွေးချယ်ခံ ခဲ့ကြပြီး တိုင်းပြုပြည်ပြု လွှတ်တော်အမတ်ဖြစ်လာကြသူတွေ အများအပြားရှိခဲ့ယုံမက ယာယီအစိုးရ အဖွဲ့မှာ ဝန်ကြီး ဖြစ်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးရပြီးနောက် ဗမာပြည် လွတ်လပ်ရေးကြေညာနိုင်ပြီးနောက် ဖဆပလ အတွင်းမှာ ဆိုရှယ်လစ် ပြည်သူ့ရဲဘော်အားပြိုင်မှု အထွတ်အထိပ်ရောက်လာခဲ့ပါတယ်။ ပြည်တွင်းစစ်ကြီး စတင်ခဲ့ရပြီးနောက် ၁၉၄၈၊ မေလမှာ လက်ဝဲညီညွတ်ရေးမူ ရုပ်လုံး ဖော်ကြတဲ့အခါ ‘နုမူ’ နဲ့ ‘ရဲဘော်မူ’ ဆိုပြီး မူ (၂) မူ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီမူ (၂) မူအပေါ် ရပ်တည်ဆုပ်ကိုင်မှုမတူကြရာက ပြည်သူ့ရဲဘော်တပ်ဖွဲ့ အတွင်း ရဲဘော်ဖြူ-ရဲဘော်ဝါ နှစ်ခြမ်းကွဲပါတယ်။ ရဲဘော်ဖြူဆိုတာက လက်မောင်းမှာ ဦးထုပ်မှာ အဖြူပတ် ထားတဲ့အတွက် ရဲဘော်ဖြူလို့ ခေါ်တာဖြစ်ပြီး၊ ရဲဘော်ဝါကတော့ လက်မောင်းမှာ ဦးထုပ်မှာ အဝါပတ်ထားပါတယ်။ ရဲဘော်ဖြူကို ဗိုလ်ဖိုးကွန်း၊ ဗိုလ်ထိန်ဝင်း၊ ဗိုလ်ထွန်းလင်း တို့ခေါင်းဆောင်ပြီး၊ ရဲဘော်ဝါကို ဗိုလ်မှူးအောင်ဗိုလ်စိန်မှန် တို့ ခေါင်းဆောင်ခဲ့ပါတယ်။ တပြည်လုံး ပြည်သူ့ရဲဘော် (၆) သောင်းကျော်မှာ (၆၅ရာခိုင်နှုန်း) ဟာ ရဲဘော်ဖြူတွေ ဖြစ်ခဲ့ပါတယ်။ ရဲဘော်ဖြူတွေရဲဥန ‘ရဲဘော်မူ’ ဟာ လက်ဝဲ ညီညွတ်ရေး လုပ်ဖို့ဆိုရင် အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ ကွန်မြူနစ်တွေပါ ပါဝင်ရမယ်။ ကွန်မြူနစ် တွေမပါပဲ လက်ဝဲညီညွတ်ရေး မအောင်မြင်နိုင်ဆိုတာပဲ ဖြစ်ပါတယ်။ ‘နုမူ’ က အဲဒီအချက်ကို ငြင်းပယ်ပါတယ်။ ဆိုရှယ်လစ် နဲ့ ရဲဘော်ဝါများက ‘နုမူ’ ဘက်က ရပ်တည်ခဲ့ကြပါတယ်။ ရဲဘော်ဖြူက အစိုးရအဖွဲ့အတွင်းက နုတ်ထွက်တဲ့ အချိန်မှာ ရဲဘော်ဝါများသာ အစိုးရအဖွဲ့နဲ့အတူ ရပ်တည်ကျန်ရစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဆိုရှယ်လစ် ဦးကျော်ငြိမ်းက ၁၉၄၈၊ ဇူလိုင်-၂၉ ရက်နေ့မှာ ရဲဘော်ဖြူတွေ ကို ဝင်ရောက် ဖမ်းဆီးပါတယ်။ ဗိုလ်ဖိုးကွန်း လွတ်မြောက်သွားသလို ဒု-ဥက္ကဋ္ဌ ဗိုလ်လရောင် နဲ့ ခေါင်းဆောင် တစ်ချို့လည်း တိမ်းရှောင် ပုန်းခိုကြရတဲ့ ဘဝရောက်ခဲ့ကြရပြီး ဇူလိုင်လထဲမှာပဲ ရဲဘော်ဖြူတွေ အစုလိုက် အပြုံလိုက် တောခိုကြရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုလက်နက်ကိုင်ရမှုနဲ့ စတင်ခဲ့ရတဲ့ ဗမာပြည် ပြည်တွင်းစစ်ကြီးဟာ ‘ပြည်သူ့ရဲဘော်’ တောခိုလက်နက်ကိုင်ရမှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပိုမို အရှိန် ရလာပါတော့တယ်။

၁၉၄၉ ခုနှစ်-နှစ်ဆန်းမှာ ကရင်လက်နက်ကိုင်လှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့ပြီး ‘ရန်ကုန်အစိုးရ’ လို့ ခေါ်ဝေါ် ရတဲ့အထိ ဖဆပလ အစိုးရ မျက်ဖြူဆိုက်ရချိန် မှာ ဗမာပြည်ကွန်မြူနစ်ပါတီု္ဒ္က၊ု္ဒီဥ တို့လို တောခို ရဲဘော်ဖြူ များဟာလည်း ဩဇာအာဏာ ဖြန့်ကြက်ထားနိုင်တဲ့ နယ်မြေဒေသ နဲ့ မြို့ ပေါင်းများစွာ သိမ်းပိုက်ထား နိုင်ခဲ့တဲ့ အခြေအနေရှိခဲ့ပါတယ်။ အဲဒီကာလမှာ ဒေသတချို့က ရဲဘော်ဖြူ (ပြည်သူ့ရဲဘော်)များဟာ အစိုးရနဲ့ ပြန်လည်ပူးပေါင်းပြီး ကရင်ကို တိုက်ခိုက် ခဲ့ကြပါတယ်။ ရဲဘော်ဖြူအများစုကြီးကတော့ ဖဆ-ဆိုရှယ် အစိုးရ ကိုပဲ ဦးတည်ဆန့်ကျင်တိုက်ခိုက်ခဲ့ကြပြီး လက်ဝဲဝါဒီ များ အဖြစ် ခံယူကြွေးကြော်ခဲ့ကြပါတယ်။ အစိုးကိုဆန့်ကျင်တိုက်ခိုက်ပြီး လက်နက်ကိုင်လှုပ်ရှားခဲ့ကြစဉ် ကာလ တလျောက် အတွင်း နာမည် ထင်ရှားလူသိများခဲ့တဲ့ ရဲဘော်ဖြူ (ပြည်သူ့ရဲဘော်) ခေါင်းဆောင်များကတော့ ဗိုလ်ဖိုးကွန်း၊ ဗိုလ်ထွန်းလင်း၊ ဗိုလ်ထိန်ဝင်း၊ ဗိုလ်ညွန့်မောင်၊ ဗိုလ်အောင်နိုင်၊ ဗိုလ်အုံးတင်၊ ဗိုလ်အောင်ညွန့် စတဲ့ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။

၁၉၅၈ ခုနှစ်မှာ သန့်ရှင်း ဖဆပလ အစိုးရရဲ့ (၁) လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်၊ (၂) ပါတီကို တရားဝင် ရပ်တည်ခွင့် ပေးမည်ဆိုတဲ့ ကြေညာချက်အောက်၊ ဦးနုရဲ့ အာဃာတ မထားရေး သင်ပုန်းချေရေး မိန့်ခွန်းအောက်၊ ဒီမိုကရေစီနဲ့ လက်နက် လဲလှယ်ရေး အယူအဆ မှိုင်းလုံးများအောက်မှာ ပြည်သူ့ရဲဘော် (ရဲဘော်ဖြူ)များ အစုအလိုက်အပြုံလိုက် လက်နက်စွန့် ခဲ့ကြပါတယ်။ ဥပဒေတွင်း အဖွဲ့အစည်းအဖြစ် ရပ်တည်လှုပ်ရှားလာခဲ့ကြပါတယ်။

၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်ကြီးနေဝင်းစစ်အစိုးရ အာဏာသိမ်းတက်ရောက်လာခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်၊ အမျိုးသား စည်းလုံး ညီညွတ်မှုကို ကာကွယ်သည့် ဥပဒေ ဆိုတာနဲ့ မြေပေါ်ရှိ နိုင်ငံရေး ပါတီအဖွဲ့အစည်း မှန်သမျှကို ဖျက်သိမ်းပစ်တဲ့အခါ ပြည်သူ့ရဲဘော် အဖွဲ့ကြီးလည်း နိဌိတံသွားခဲ့ရပါတယ်။

၁၉၈၈-ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အကျိုးဆက်နိုင်ငံရေးပါတီတွေ ပြန်လည်ဖွဲ့စည်းတည်ရှိခွင့်ရလာတဲ့ အချိန်မှာ တော့ ‘ပြည်သူ့ရဲဘော်အဖွဲ့’ လည်း တကျော့ပြန် ဖွဲ့စည်းပေါ်ထွက်လာတာတွေ့ရပါတယ်။ ပြည်သူ့ရဲဘော် ခေါင်းဆောင် ဟောင်း ဗိုလ်အောင်နိုင်ကဦးစီးပြီး ဖွဲ့စည်းပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။

ကိုးကား[ပြင်ဆင်ရန်]

  • ဝင်းတင့်ထွန်း (၂၀၁၀၊ဩဂုတ်). ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း, ပထမ အကြိမ်. နေ့သစ်အင်အားစု၊ ဂျပန်။