မာတိကာသို့ ခုန်သွားရန်

မောင့်ဗက်တင်၊ လူဝီ

ဝီကီပီးဒီးယား မှ

မောင့်ဗက်တင်အော့(ဖ) ဗားမား (Lord Mountbatten of Burma) ဟု ဒုတိယကမ္ဘာစစ်ကြီးပြီးစကာလက ကမ္ဘာ့အရှေ့တောင်ပိုင်းတွင် ထင်ရှားခဲ့သော ဤဗြိတိသျှရေကြောင်းဗိုလ်ချုပ်ကြီးသည် လွတ်လပ်သော မြန်မာနိုင်ငံမှ အမြင့်ဆုံး သင်္ဂဟဘွဲ့ဖြစ်သည့် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။ ၎င်းသည် အင်္ဂလန်ဘုရင်မကြီး ဝိတိုရိယ၏ မြစ်တော်ဖြစ်သည်။ မိခင် ဝိတိုရိယမင်းသမီးမှာ ဘုရင်မကြီးဝိတိုရိယ၏ မြေးဖြစ်ပြီး ဖခင်မှာ ဗက်တင်ဗတ်မင်းသား လူဝီ အယ်လက်ဇန္ဒာ ဖြစ်သည်။ ၁၉၁၇ ခုနှစ်တွင် လူဝီ အယ်လက်ဇန္ဒာသည် ဗက်တင်ဗတ်မင်းသားအဖြစ်ကို စွန့်လွှတ်ကာ မောင့်ဗက်တင်ဟူသော အင်္ဂလိပ်ဆွေမျိုးအမည်ကို ခံယူခဲ့ပြီး မားကွစ်ဘွဲ့ခံ မီးလဖို့ဟေဗင်စား အဖြစ် သူကောင်းပြုခြင်းခံရသည်။

ငယ်ဘဝနှင့် စစ်မှုထမ်းဘဝအစ

[ပြင်ဆင်ရန်]

မောင့်ဗက်တင်ကို ၁၉၀၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ဗြိတိန်နိုင်ငံ၊ ဝင်ဆာမြို့၊ ဖရော့ဂမိုးအိမ်တော်၌ မွေးဖွားခဲ့သည်။ သူ၏ အမည်အပြည့်အစုံမှာ လူဝီ ဖရန်းစစ် အဲလဗတ် ဗစ်တာ နစ်ကလတ် မောင့်ဗက်တင် (Louis Francis Albert Victor Nicholas Mountbatten) ဖြစ်သည်။ ၁၉၁၇ ခုနှစ်မတိုင်မီက ဖခင်ဖြစ်သူက မောင့်ဗက်တင်အမည်ကို မခံယူသေးသဖြင့် ဗက်တင်ဗတ်မင်းသား လူဝီ ဖရန်းစစ် ဟု တွင်ခဲ့သည်။

ငယ်စဉ်က အော့စဗွန်းရေကြောင်းအတတ်သင်ကျောင်း၊ ဒါ့တမတ်ရေကြောင်းအတတ်သင်ကျောင်းနှင့် ခရိုက်ကောလိပ်ကျောင်းများတွင် ပညာသင်ကြားခဲ့ပြီး ၁၉၁၃ ခုနှစ်တွင် ရေတပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ ပထမကမ္ဘာစစ်ကြီးအတွင်းက လိုင်းယွန်းစစ်သင်္ဘောနှင့် ကွင်းအယ်လစ်ဇဗက်စစ်သင်္ဘောတို့တွင် အမှုထမ်းခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ရေတပ်ဗိုလ်အဆင့်သို့ တိုးတက်ခန့်ထားခြင်းခံရပြီး ၁၉၂၀ ပြည့်နှစ်တွင် ရေတပ်ဗိုလ်ကြီးအဆင့် ရရှိခဲ့သည်။ ထို့နောက် ရေတပ်ဆိုင်ရာတက္ကသိုလ်ကျောင်းများတွင် ပညာဆက်လက်သင်ကြားကာ ရေတပ်တွင် ရာထူးအမျိုးမျိုး၌ အမှုထမ်းခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် ရေတပ်ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခန့်ထားခြင်းခံရသည်။

ဒုတိယကမ္ဘာစစ်နှင့် အရှေ့တောင်အာရှစစ်သေနာပတိချုပ်

[ပြင်ဆင်ရန်]

ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားချိန်တွင် လူဝီမောင့်ဗက်တင်သည် အမှတ် ၅ ဖျက်သင်္ဘောတပ်ကို အုပ်ချုပ်လျက်ရှိသည်။ သူ၏ သင်္ဘော ကယ်လီ (Kelly) မှာ နှစ်ကြိမ်တိုင်တိုင် တော်ပီဒိုထိမှန်ခဲ့ပြီး ကရိကျွန်းအနီးတိုက်ပွဲတွင် ဒုတိယအကြိမ်ထိသောအခါ နစ်မြုပ်သွားခဲ့ရာ မောင့်ဗက်တင်ကို ပင်လယ်ထဲမှ ဆယ်ယူကယ်တင်ခဲ့ရသည်။ ၁၉၄၁ ခုနှစ်၌ စစ်သင်္ဘော အစ်လတ်စတြီးယတ်၏ ကပ္ပတိန်အဖြစ် ခန့်ထားခြင်းခံရသည်။ ကရိကျွန်းအနီးတိုက်ပွဲများတွင် ရဲဝံ့စွာတိုက်ခိုက်ခဲ့သောကြောင့် ထူးချွန်သော အမှုထမ်းကောင်းဘွဲ့တံဆိပ်ကို ရရှိခဲ့သည်။

၁၉၄၂ ခုနှစ်တွင် ကြည်း၊ လေ၊ ရေတပ်ပေါင်းစု စစ်ဆင်ရေးဆိုင်ရာ အကြီးအကဲအဖြစ် ခန့်ထားခြင်းခံရသည်။ ထိုအချိန်၌ မောင့်ဗက်တင်၏ ယာယီရာထူးအဆင့်အတန်းများမှာ ကြည်းတပ်တွင် ဗိုလ်ချုပ်ကြီး၊ ရေတပ်တွင် ရေတပ်ဗိုလ်ချုပ်ကြီးနှင့် လေတပ်တွင် လေတပ်ဗိုလ်ချုပ်ကြီးတို့ဖြစ်သည်။ သူသည် ဂျာမန်တို့သိမ်းပိုက်ထားသော ဥရောပတိုက်ကမ်းခြေသို့ လက်ရွေးစင် ကွန်မန်ဒိုတပ်များ စေလွှတ်တိုက်ခိုက်စေခဲ့ပြီး အာဖရိကတိုက်မြောက်ပိုင်းတွင် မဟာမိတ်တို့ တက်ရောက်နိုင်ရန် ဗြိတိသျှတို့၏ အစီအစဉ်များကို ကျနအောင် ပြုလုပ်ပေးခဲ့သည်။

၁၉၄၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် အာရှအရှေ့တောင်ပိုင်း မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိချုပ်အဖြစ် ခန့်ထားခြင်းခံရသည်။ သူ၏ စွမ်းဆောင်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဂျပန်များကို အောင်မြင်စွာ တိုက်ခိုက်နှင်ထုတ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် အာရှအရှေ့တောင်ပိုင်းရှိ ဂျပန်တပ်များ လက်နက်ချအပ်သည်ကို စင်ကာပူမြို့တွင် မောင့်ဗက်တင်က လက်ခံခဲ့သည်။

စစ်ပြီးခေတ် ရာထူးများ

[ပြင်ဆင်ရန်]

၁၉၄၆ ခုနှစ်တွင် မြေထဲပင်လယ်ရေတပ်မှ အမှတ် ၂ ကရူဇာသင်္ဘောတပ်ကို အုပ်ချုပ်ရသည့် ရေတပ်ဗိုလ်ချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထိုနှစ်တွင်ပင် စစ်ကြီးအတွင်း ထူးချွန်စွာ အမှုထမ်းခဲ့သောကြောင့် ဗိုင်းကောင့်ဘွဲ့ဖြင့် ချီးမြှင့်သူကောင်းပြုခြင်းခံရပြီး ဗိုင်းကောင့်မောင့်ဗက်တင် အော့(ဖ)ဗားမားဟူသော ဘွဲ့ကို ခံယူရရှိခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဗိုင်းကောင့်ဝေဗယ်၏ နေရာတွင် အိန္ဒိယဘုရင်ခံချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ မောင့်ဗက်တင်သည် အိန္ဒိယနိုင်ငံ၏ နောက်ဆုံးဘုရင်ခံချုပ်အဖြစ် အမှုထမ်းကာ အိန္ဒိယနိုင်ငံရေးပါတီကြီးများနှင့် နောင်ရေးအတွက် အဆင်ပြေအောင် စေ့စပ်ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် အိန္ဒိယနှင့် ပါကစ္စတန်တို့အား ဒိုမီနီယန်နိုင်ငံများအဖြစ် အာဏာများ အသီးသီးလွှဲပြောင်းပေးပြီးသောအခါတွင် လူဝီမောင့်ဗက်တင်သည် အိန္ဒိယဒိုမီနီယန်နိုင်ငံသစ်၏ ပထမဆုံးဘုရင်ခံချုပ်အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ရသည်။ ထိုအချိန်တွင်ပင် ဆဋ္ဌမဂျော့ဘုရင်က မောင့်ဗက်တင်အား ဘုရင်ခံချုပ်အဖြစ် အမှုထမ်းကောင်းခဲ့သည့်အတွက် အားအဆင့်အတန်းဖြင့် သူကောင်းပြုခဲ့သည်။

ဗြိတိန်သို့ပြန်ခြင်းနှင့် နောက်ဆုံးတာဝန်များ

[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် ဆဋ္ဌမဂျော့ဘုရင်က အိန္ဒိယကွန်ဂရက်ပါတီခေါင်းဆောင်ကြီး ရာဂျာဂိုပါလာချာရီအား အိန္ဒိယဘုရင်ခံချုပ်အဖြစ် ခန့်ထားသဖြင့် ဇွန်လ ၂၁ ရက်နေ့တွင် တာဝန်ဝတ္တရားများ လွှဲပြောင်းပေးအပ်ခဲ့ပြီး မောင့်ဗက်တင်လည်း ဗြိတိန်သို့ ပြန်ခဲ့သည်။ ဇူလိုင်လ ၈ ရက်နေ့တွင် မောင့်ဗက်တင်သည် မြေထဲပင်လယ်တပ်ဖွဲ့တွင် ပထမကရူဇာ (တိုက်သင်္ဘော) တပ်ကို အုပ်ချုပ်ရန် ခန့်ထားခြင်းခံရသည်။

၁၉၅၀ ပြည့်နှစ်တွင် ဗြိတိသျှရေတပ်မတော်တွင် စတုတ္ထနာယကအဖြစ်လည်းကောင်း၊ ရိက္ခာထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဦးစီးချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ရသည်။ ထိုနောက် ၁၉၅၂ ခုနှစ်၌ မြေထဲပင်လယ်ဘက်တွင် စစ်သေနာပတိအဖြစ်လည်းကောင်း၊ ၁၉၅၃ ခုနှစ်တွင် မြေထဲပင်လယ်တွင်းရှိ မဟာမိတ်တပ်ပေါင်းစု၏ စစ်သေနာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် ပထမနာယကနှင့် ရေတပ်မတော်ဦးစီးချုပ်အဖြစ် တိုးမြှင့်ခန့်ထားခြင်းခံရသည်။ ထိုမှတစ်ဆင့် ၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှစ၍ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။

ဂုဏ်ထူးဆောင်ဘွဲ့များ

[ပြင်ဆင်ရန်]

မောင့်ဗက်တင်သည် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နိုင်ငံ၊ နယ်သာလန်နိုင်ငံ စသော နိုင်ငံများမှ ဘွဲ့တံဆိပ်ဂုဏ်ထူးများအပြင် များစွာသော တက္ကသိုလ်များမှ ဂုဏ်ထူးဆောင်ဘွဲ့များကို လက်ခံရရှိသူဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံကလည်း ၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၌ လွတ်လပ်ရေးနှစ်ပတ်လည် ဂုဏ်ထူးဘွဲ့ထူးများ ချီးမြှင့်ရာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အားမောင့်ဗက်တင်ကို အမြင့်ဆုံး သင်္ဂဟဘွဲ့ဖြစ်သော အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ဖြင့် ချီးမြှင့်ဂုဏ်ပြုခဲ့သည်။[]

ကြေကွဲဝမ်းနည်းခြင်း အထိမ်းအမှတ်

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)