ဘဝင်း
ဦးဘဝင်း | |
(၁၉၀၁-၁၉၄၇) | |
မွေးသက္ကရာဇ် | ၁၂၆၃-ခုနှစ် နယုန်လဆုတ် ၁၁-ရက် (အင်္ဂါနေ့) ၁၁ ဇွန် ၁၉၀၁ ခုနှစ် |
အမည်ရင်း | မောင်စံတင် |
မိဘအမည် | ဦးဖာ + ဒေါ်စု |
မွေးဖွားရာဒေသ | နတ်မောက်မြို့၊ မကွေးတိုင်း |
နိုင်ငံသား | မြန်မာနိုင်ငံ |
လူမျိုး | ဗမာလူမျိုး |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ပညာအရည်အချင်း | ဘီ၊အက်စ်စီ (သင်္ချာဂုဏ်ထူး) |
အလုပ်အကိုင် | ဝန်ကြီး၊ ကူးသန်းရောင်ဝယ်ရေး ဝန်ကြီးဌာန |
ကြင်ဖော် | ဒေါ်ခင်စော |
သားသမီး | မတင်လှဝင်း၊ မောင်စောဝင်း၊ မောင်အေးဝင်း၊ မခင်မြဝင်း၊ မောင်စိန်ဝင်း၊ မောင်ထွေးဝင်း |
ထင်ပေါ်ကျော်ကြားမှု | အာဇာနည် ကိုးဦး |
ထင်ရှားသည့်လက်ရာများ | |
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ | |
ကွယ်လွန်ရက် | ၁၉ ဇူလိုင် ၁၉၄၇ |
ကွယ်လွန်ရာဒေသ | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
လက်မှတ် | [[Image:|100px]] |
ကွန်ယက် |
ဘဝင်း၊ ဦး ( မြန်မာ ၁၂၆၃-၁၃ဝ၉ )
[ပြင်ဆင်ရန်]လူမသမာတို့ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးကြရရှာသော အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးအနက် ဦးဘဝင်းသည် တစ်ဦးအပါအဝင် ဖြစ်သည်။ ဦးဘဝင်းသည် ဘုရင်ခံ ဆာ ဟူးဘတ် ရန့်(စ်)၏ အမှုဆောင်ဝန်ကြီးအဖွဲ့တွင် ကူးသန်းရောင်းဝယ်ရေးကြီးအဖြစ် ထမ်းဆောင်နေစဉ် လုပ်ကြံခံရခြင်းဖြစ်သည်။
ဦးဘဝင်းသည် ဗိုလ်ချုပ်အောင်ဆန်း ၏ အစ်ကို အကြီးဆုံး ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၆၃-ခုနှစ် နယုန်လဆုတ် ၁၁-ရက်အင်္ဂါနေ့တွင် နတ်မောက်မြို့ အထက်တန်း အမိန့်တော်ရရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ မွေးဖွားသောမွေးချင်း ၉-ယောက်တို့အနက် အကြီးဆုံးသားဖြစ်သည်။ ဇာတာအမည် မောင်စံတင်ဖြစ်သည်။
ပညာရေး
[ပြင်ဆင်ရန်]ဦးဘဝင်းသည် ၅-နှစ်သားအရွယ်တွင် နတ်မောက်မြို့ဆရာကြီး ဦးဝကြီး ကျောင်းတွင်စတင်ပညာသင်ကြားရာ ၇-နှစ်သားအရွယ်တွင် ၃-တန်းအောင်ခဲ့သည်။ တဖန် ဆရာဦးသောဘိတကျောင်းသို့ ပြောင်းနေရာ ၁၂-နှစ်အရွယ်တွင် ၇-တန်း စာမေးပွဲကိုကောင်းစွာ အောင်မြင်ခဲ့သည်။ ထိုမှတဖန် တောင်တွင်းကြီးမြို့ ဆရာတော်ဦးသုန္ဒရကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားပြန်သည်။ ၁၆-နှစ်အရွယ်တွင် ၉-တန်းနှင့် ဆရာဖြစ်သင်စာမေးပွဲကို အောင်မြင်ပြီးနောက် ၁၇-နှစ်သားအရွယ်တွင် ရေနံချောင်းမြို့ ဆရာဦးဟံသာကျောင်းတွင် လက်ထောက်ဆရာအဖြစ်အမှုထမ်းသည်။ လက်ထောက်ဆရာအဖြစ်ထမ်းရွက်နေရင်း ဦးဘဝင်းသည် တတ်နိုင်သရွေ့ အင်္ဂလိပ်ဘာသာကိုလေ့လာသင်ယူရာ အင်္ဂလိပ်စာ အတော်အတန် တတ်မြောက်လာသောအခါ ဆရာအလုပ်မှထွက်ကာ ရေနံချောင်းမြို့ ဘီအိုစီဂိုဒေါင်တွင် စာရေးကလေး အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်၊ လခစားအဖြစ်ရသမျှဝင်ငွေဖြင့် အင်္ဂလိပ်စာအုပ်များဝယ်ဖက်ကာ ရေနံချောင်းမြို့ ဆရာဦးအေးမောင်ထံတွင် ညကျောင်းတက်ရောက်ခဲ့သည်။ ယင်းသို့ဖြင့်ကြိုးစားလာခဲ့ရာ အသက်၂၀-အရွယ်တွင် ၁၀-တန်းစာမေးပွဲကို အင်္ဂလိပ်ဘာသာဂုဏ်ထူးဖြင့်ဖြေဆိုအောင်မြင်ခဲ့ လေသည်၊ ၁၀-တန်းအောင်သည်နှင့် တပြိုင်နက် ဦးဘဝင်းသည် အလုပ်မှထွက်ကာ မန္တလေးတိုင်း|မန္တလေးဥပစာကောလိပ်သို့ မိဘများအထောက်အပံ့ဖြင့် သွားရောက်သင်ယူပြန်သည်၊ ဥပစာကောလိပ်တွင် သိပ္ပံတန်းကိုဂုဏ်ထူးဖြင့် အောင်မြင်သဖြင့် အစိုးရ စကောလားရှစ်ဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။ မန္တလေး ဥပစာကောလိပ်မှ ဥပစာတန်းအောင်မြင်သူများတွင် ပထမဆုရရှိခဲ့သည်။ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ်များတွင် ထူးချွန်စွာအောင်မြင်ခဲ့သည်။၁၉၂၉ ခုနှစ်တွင် ဘီ၊အက်စ်စီ သင်္ချာဂုဏ်ထူးဖြင့်အောင်မြင်လေသည်။ ဥပစာသိပ္ပံတန်းအောင်မြင် ပြီးနောက် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ ဆက်လက်သင်ယူရာ သိပ္ပံဂုဏ်ထူးတန်းကိုထူးချွန်စွာ ဖြေဆို အောင်မြင်ခဲ့သည်။
ကျောင်းဆရာဘဝ
[ပြင်ဆင်ရန်]ထို့နောက် ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် အထက်တန်းပြဆရာ အဖြစ်ဝင်ရောက်အမှုထမ်းသည်။ ယင်းသို့အမှုထမ်းနေစဉ် သက္ကရာဇ် ၁၂၉၇-ခုနှစ်တွင် တောင်တွင်းကြီးမြို့ မြေပိုင်ရှင်ဦးအံ့၊ ဒေါ်ရွှေမေတို့ သမီးကြီး ဒေါ်ခင်စောနှင့် အိမ်ထောင်ပြုသည်။ ခရစ်နှစ် ၁၉၄၁-မှ ၁၉၄၂-ခုထိ (ရေနံချောင်း အမျိုးသားကျောင်းမှထွက်) ဖြူးမြို့ ကေအီးအမ် အမျိုးသားကျောင်း တွင်ကျောင်းအုပ်ကြီး အဖြစ်ဆောင်ရွက်သည်။ မြန်မာနိုင်ငံသို့ ဂျပန်များဝင်လာချိန် ၁၉၄၂-ခုကုန်ခန့်တွင် ဦးဘဝင်းသည်ဇာတိ နတ်မောက်မြို့ သို့ပြန်ကာ မိခင်အိုကြီးအား စောင့်ရှောက်နေထိုင်သည်။
နိုင်ငံရေးဆောင်ရွက်မှု
[ပြင်ဆင်ရန်]ဘီအိုင်အေခေတ် အုပ်ချုပ်ရေးအဖွဲ့တွင် ဦးဘဝင်းသည် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရာ တမြို့နယ်လုံး၏ ကြည်ညိုလေးစား ခြင်းကိုခံရသည်။ ဂျပန်ပြေးပြီး အင်္ဂလိပ်ပြန်ဝင်လာသောအခါ ရေနံချောင်းသို့ပြောင်းရွှေ့ နိုင်ငံရေးဆောင်ရွက်သည်။ ရေနံချောင်းနယ်လုံးဆိုင်ရာ ဖဆပလ အဖွဲ့တွင် ဥက္ကဋ္ဌကြီးအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဦးဘဝင်းကား ဖဆပလ ဥက္ကဋ္ဌအဖြစ် တောရောမြို့ပါ ကြည်ညိုလေးစားခြင်း ခံရသူဖြစ်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို ၁၉၄၇-ဧပြီလတွင်ကျင်းပ သောအခါ ဦးဘဝင်းသည် မကွေးအနောက်မြောက်ပိုင်း အမတ်အဖြစ် ပြိုင်ဘက်မရှိ ရွှေးချယ်တင်မြှောက်ခြင်းခံရသည်၊ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အစိုးရအဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် တိုင်းပြုပြည်ပြုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီတွင်လည်း ပါဝင်ခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အမှုဆောင်ဝန်ကြီးအဖွဲ့တွင် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးအဖြစ် ထမ်းဆောင်နေစဉ် ၁၉၄၇-ဇူလိုင်လ ၁၉-ရက်နေ့တွင် နံနက် ၁၀ နာရီ ၃၇ မိနစ် လုပ်ကြံခြင်းခံရလေသည်။ ဦးဘဝင်းသည် ရိုးသား အေးဆေးသူဖြစ်သည်။ ဝါကြွားခြင်းကိုမုန်းတီး တဖက်သားကို အားနာတတ်သည်။ ဇွဲအလွန်ရှိပြီး လုံ့လဝီရိယ နှင့်ပြည့်စုံသည်။ ဉာဏ်အလွန်ထက် တပည့်များအပေါ် စေတနာကောင်းလှသဖြင့် တပည့်များသာမက ယင်းတို့ မိဘများကပါလေးစား ကြည်ညိုကြသည်။ သားသမီး ၆ ယောက် ကျန်ခဲ့ရာ အကြီးဆုံးမှာ ၁၁ နှစ်အရွယ်ရှိပြီးလျှင် အငယ်ဆုံးမှာ ၁ဝ လသာ ရှိသေးသည်။ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်စော နှင့် သမီး မတင်လှဝင်း၊ သားမောင်စောဝင်း၊ မောင်အေးဝင်း၊သမီး ခင်မြဝင်း၊သားမောင်စိန်ဝင်း၊ မောင်ထွေးဝင်းတို့ကျန်ရစ်သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
- - ၁၉၈၉ခုနှစ်၊(၄၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစောင်၊ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရပြန်ကြားရေးဝန်ကြီးဌာန၊ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာနမှထုတ်ဝေသည်။