ဆတိုင်မွှတ် ဦးကူး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဆတိုင်မွှတ် ဦးကူးဟု အမည်တွင်ရသည့် အကြောင်းအရင်းမှာ ငယ်စဉ်အခါက နေထိုင်ကြီးပြင်းခဲ့ရာ ဟံသာဝတီ စီရင်စုအပိုင်း ကွမ်းခြံကုန်းမြို့နယ် မုတ်ကျွန်းတိုက် မွန်အခေါ် "စတိုင်မွှတ်"၊ ယခုအခေါ် "ဆတိုင်မွှတ်" ရွာကို အစွဲပြု၍ "ဆတိုင်မွှတ် ဦးကူး" ဟု ထင်ရှားလာရခြင်း ဖြစ်သည်။ ဇာတိအားဖြင့်ကား အထက်အညာသား ဖြစ်၍ နေရပ် အတိအကျကိုကား မသိရပေသည်။ မြန်မာသက္ကရာဇ် ၁၁၈၉ ခုနှစ်၊ တန်ခူးလဆုတ် ၄ ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်ခဲ့ပြီး သက္ကရာဇ် ၁၂၅၇ ခုနှစ်၊ တန်ခူးလဆုတ် ၁၀ ရက်၊ အသက် ၆၈ နှစ်ကျော်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။

ဦးကူးသည် ရှေးဦးစွာ ရဟန်းခံနောက် လူထွက်ခဲ့သည်။ ထိုနောက် မိမိ လေ့လာရင်းစွဲဖြစ်သော စာပေဗဟုသုတကို အခြေပြု၍ အထုံဝါသနာအလျောက် ရုုပ်သေးဆရာ မင်းသားကြီး ရုပ်ကိုင်အဖြစ် အသက်မွေးမြူခဲ့သည်။ သူ၏ အရည်အချင်းကြောင့် ပညာသည်ကြီးတို့၏ အချီးအမွမ်းကို ခံရကာ ဆရာ "ဆတိုင်မွှတ်" ဦးကူး ဟူ၍လည်းကောင်း၊ "ဆတိုင်မွှတ် ဆရာ" ဟူ၍လည်းကောင်း၊ "ဆရာ ဆတိုင်မွှတ်" ဟူ၍လည်းကောင်း၊ "ဆတိုင်မွှတ် ဦးကူး" ဟူ၍လည်းကောင်း၊ "ဦးကူး" ဟူ၍လည်းကောင်း အမည်အမျိုးမျိုးဖြင့် တစ်စတစ်စ ကျော်ကြားလာခဲ့သည်။

အသက် ၄၃ နှစ်အရွယ်တွင် သဘင်ရုပ်စုံဘက်မှ ထွက်၍ ရန်ကုန်မြို့သို့ ရွှေ့ပြောင်းနေထိုင်ပြီး "မြန်မာသံတော်ဆင့် သတင်းစာတိုက်" နှင့် "ရတနာပုံ သတင်းစာတိုက်" တို့၌ မြန်မာဆရာအဖြစ် လုပ်ကိုင်ခဲ့ပြန်သည်။ ထိုသို့ လုပ်ကိုင်နေစဉ်အတွင်း ဇာတ်လမ်းဇာတ်ကွက်များ ဆင်ကာ တီးကွက်များနှင့် ဇာတ်စာအုပ်များကို ရေးသား စီးကုံးခဲ့သည်။ ထိုအခါတွင်မူ မင်းသားကြီးကိုင်အဖြစ် ကျော်ကြားခဲ့ရာမှ ပြဇာတ်ရေးဆရာကြီးအဖြစ် တိုးတက် ကျော်ကြားလာတော့သည်။ စင်စစ် မြန်မာစာပေလောကတွင် ဇာတ်ကွက်၊ ဇာတ်လမ်း၊ တေးသီချင်း အစုံအလင်ဖြင့် ရေးသားထုတ်ဝေသမျှသော ပြဇာတ်စာအုပ်တို့တွင် ဦးကူး၏ ဇာတ်စာအုပ်မှာ အစောဆုံး ဖြစ်သည်။[၁]

ဦးကူး ရေးခဲ့သော ပြဇာတ်များအနက် အကျော်ကြားဆုံး၊ စာဖတ်ပရိသတ် အနှစ်သက်ဆုံးသော ပြဇာတ်မှာ ပထမဦးဆုံး ရေးသားခဲ့သော လူဝံမောင်နှမ ပြဇာတ် ဖြစ်သည်။ ထိုပြဇာတ်ကို ခရစ် သက္ကရာဇ် ၁၈၇၅ ခုနှစ်တွင် ရန်ကုန်မြို့ ရတနာပုံ စာပုံနှိပ်တိုက် မှ ပထမဆုံးအကြိမ် စက်တင်ပုံနှိပ် ဖြန့်ဝေခဲ့သည်။ လူအများ အထူးကြိုက်နှစ်သက်ကြသောကြောင့် တစ်ကြိမ်ပုံနှိပ်လျှင် အုပ်ရေ သုံးထောင်ကျ ပုံနှိပ်ရာ ပဉ္စမအကြိမ်အထိ အုပ်ရေ စုစုပေါင်း ၁၅၀၀၀ အထိ ပုံနှိပ်ထုတ်ဝေခဲ့ရလေသည်။[၂]

ထို "လူဝံမောင်နှမ ပြဇာတ်" အပြင် ရေးသားခဲ့သော တခြားပြဇာတ် ၉ စောင်နှင့် ကျမ်းတစ်ကျမ်းတို့မှာ အောက်ပါအတိိုင်း ဖြစ်သည်။[၃]

  1. ပဋာစာရီပြဇာတ်
  2. မယ်ဒွေး ငွေဗျိုင်းဖြစ် ပြဇာတ်
  3. ဥက္ကလာပရာဇဝင် ပြဇာတ်
  4. ဗုဒ္ဓဝင်ပြဇာတ်
  5. ဝေဿန္တရာပြဇာတ်
  6. ဘူရိဒတ်ပြဇာတ်
  7. ပုံတော်ရာမပြဇာတ်
  8. ကာကဝလ္လိယပြဇာတ်
  9. မဟောသဓပြဇာတ်
  10. ခန္ဓာပူရကျမ်း

ကိုးကား[ပြင်ဆင်ရန်]

  1. ဗိုလ်မှူးဘသောင်း၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ၂၀၀၃ ခု၊ နှာ-၂၄၈
  2. မောင်မြသွင်၊ သိပ္ပံကျောင်းသား၏ "မြန်မာပြဇာတ်များ" ဆောင်ပါး၊ သူရိယသတင်းစာ (၁၈ ဧပြီလ ၁၉၃၂ ခု)
  3. မြန်မာစာညွန့်ပေါင်းကျမ်း စတုတ္ထတွဲ၊ နှာ-၈၇၊ ၁၁၁-၁၁၃