သရက်ခရိုင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သရက်ခရိုင်
သရက်ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သရက်ခရိုင်
သရက်ခရိုင်
ကိုဩဒိနိတ်: 19°19′N 95°11′E / 19.317°N 95.183°E / 19.317; 95.183ကိုဩဒိနိတ်: 19°19′N 95°11′E / 19.317°N 95.183°E / 19.317; 95.183
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး
မြို့နယ်ပေါင်း
မြို့တော် သရက်မြို့
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6:30)

သရက်ခရိုင်သည် မကွေးတိုင်းတွင်ပါဝင်၍ အထက်မြန်မာနိုင်ငံ၏ တောင်ဘက်အကျဆုံး ခရိုင်ဖြစ်သည်။ ခရိုင်၏မြောက်ဘက်၌ မင်းဘူးခရိုင်နှင့်မကွေးခရိုင်၊ တောင်ဘက်၌ပြည်ခရိုင်၊ အရှေ့ဘက်၌ ရမည်းသင်း ခရိုင်နှင့်တောင်ငူခရိုင်၊ အနောက်ဘက်၌ သံတွဲခရိုင်တို့ဖြင့် ဝိုင်းရံလျက်ရှိသည်။

ထို့ပြင် အနောက်ဘက်တွင် ရခိုင်ရိုးမ၊ အရှေ့ဘက်တွင်ပဲခူးရိုးမတို့သည် သရက်ခရိုင်၏သဘာဝ နယ်နိမိတ် အပိုင်းအခြားကြီးများသဖွယ် တည်ရှိကြသည်။ ရခိုင်ရိုးမနှင့်ပဲခူးရိုးမတောင်စဉ်တောင်ရိုးတို့မှ အရှေ့ဘက်သို့လည်း ကောင်း၊ အနောက်ဘက်သို့လည်းကောင်း၊ တောင်စွယ် တောင်နှာမောင်းတို့ဖြာထွက်ကြရာ ယင်းတို့သည် ဧရာဝတီ မြစ်မကြီး၏ မြစ်လက်တက်များအတွက် ရေဝေကုန်းတန်းများ ဖြစ်ကြလေသည်။

ဧရာဝတီမြစ်သည် ခရိုင်၏အလယ်ကိုမိုင် ၉ဝ ခန့်ဖြတ်လျက် မြောက်မှတောင်သို့စီးဆင်းသွားသည်။ မြစ်၏ အကျယ်သည် ကမ္မမြို့နှင့်ပြည်မြို့အကြား စတုတ္ထမြစ်ကျဉ်းနေရာ၌ သုံးဖာလုံခန့်သာရှိ၍ ဆင်ပေါင်ဝဲမြို့နှင့် မျက်နှာ ချင်းဆိုင်နေရာတွင် သုံးမိုင်ခန့်ကျယ်ဝန်းသည်။ သရက်ခရိုင် အတွင်း ဧရာဝတီဖြစ်ထဲသို့စီးဝင်သော အရေးပါသည့်မြစ် ချောင်းတို့အနက် ပနိ၊ မင်းတုန်း (မထုန်း) နှင့် မတဲချောင်းတို့သည် အနောက်ဘက်မှစီးဝင်သည်။ အရှေ့ဘက်မှစီး ဝင်သော ချောင်းများအနက် ကြေးနီနှင့်ဗွက်ကြီးတို့သည် အရေးပါသော ချောင်းများဖြစ်ကြသည်။

သရက်ခရိုင်အတွင်း၌ ရခိုင်ရိုးမ၏အမြင့်သည် ပျမ်းမျှခြင်းအားဖြင့် ပေ ၄ဝဝဝ ခန့်သာရှိ၍ နှစ်နေရာတွင် သာ ပေ ၅့ဝဝဝ ကျော်မြင့်သည်။ ပဲခူးရိုးမသည် ပို၍နိမ့်ရာ တစ်နေရာ၌သာပေ ၂ဝဝဝ ကျော်ပြီးလျှင် မြောက်ဘက် သို့တစ်ဖြည်းဖြည်း နိမ့်ဆင်းသွားလေသည်။ ခရိုင်၏မြေမျက်နှာပြင်သည် တောင်ကုန်း တောင်ပူစာ များပြား၍ မြေပြန့်လွင်ပြင်နည်းပါးသည်။ သဲကျောက်၊ ထုံးကျောက်မြေမျိုးများပြား၍ နေရာများစွာတို့မှာ တောင်ယာ ပဲခင်း စိုက်ပျိုး၍မရနိုင်လောက်အောင် မြေဩဇာညံ့ဖျင်း လေသည်။

မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသနှင့် နီးစပ်သော်လည်း သရက်ခရိုင်သည် မိုးပါးရေရှားရပ်ဝန်း တွင် ပါဝင်၍ တစ်နှစ်လုံးမိုးရေချိန်ပျမ်းမျှခြင်း လက်မ ၃ဝ မှ ၅ဝ အထိသာရရှိလေသည်။ မကွေးတိုင်းရှိ အခြား ခရိုင်များထက်ပို၍ ရာသီဥတုအပြောင်း အလဲများသည်။ ဆောင်းဥတုအခါ၌ ဖာရင်ဟိုက် ၄၂ ဒီဂရီအထိ ကျဆင်း တတ်သော်လည်း နွေရာသီတွင်ဖာရင်ဟိုက် ၁ဝ၄ ဒီဂရီအထိ အပူချိန်တက်သည်။ ဧပြီလအခါလောက်တွင် မျက်စိ တစ်ဆုံးမျှော်ကြည့်လိုက်လျှင် မြက်ပင်စိမ်းစိမ်းကိုမျှတွေ့ရခဲလောက်အောင် ခြောက်သွေ့ နေသော်လည်း မေလဆန်း၌ မိုးတစ်ပြိုက်နှစ်ပြိုက်ရွာမိလျှင် တောင်ကုန်းမြေပြန့်မကျန်၊ နေချင်းညချင်း စိမ်းစိုလန်းဆန်း နေသည်ကို တွေ့မြင်နိုင် လေသည်။

သရက်ခရိုင်၏အစောပိုင်းသမိ်ုင်းကို ပြန်လည်ဆန်း စစ်ကြည့်လျှင် ထိုခရိုင်၏အောက်ပိုင်းသည်သရေခေတ္တရာ ပြည်ကြီးစည်ပင်ထွန်းကားစဉ်က ထိုနိုင်ငံ၏နယ်နိမိတ်အတွင်း၌ ပါဝင်ခဲ့သည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းရှိ ယခုခရိုင်၏အထက်ပိုင်းသည် သုနာပရန္တတိုင်း၌လည်းကောင်း၊ အရှေ့ဘက်ကမ်း၌ရှိသောခရိုင်၏ တစ်စိတ်တစ်ဒေသသည် တမ္ပဒီပတိုင်း၌လည်းကောင်းပါဝင်ခဲ့သည်ဟု အချို့သမိုင်း သုတေသီတို့က ဆိုပေသည်။

သရေခေတ္တရာမင်းဆက်၂ရ ဆက်မြောက်ဖြစ်သော သုပညာမင်းလက်ထက် ခရစ်နှစ်ရှစ်ရာစုခန့်တွင် သရေ ခေတ္တရာကိုမွန်လူမျိုး၊ ကမ်းယံလူမျိုးတို့ လာရောက် တိုက်ခိုက်သဖြင့် ထိုပြည်ကြီးပျက်လေသော် ထိုမင်း၏ တူတော်တစ်ပါးဖြစ်သည့် သမုတိရာဇ်သည် သရက်ခရိုင် အတွင်းသို့ ရှောင်တိမ်းလာရင်း မင်းတုန်းမြို့ကို တည်သည်ဟု ဆိုကြသည်။ ထိုမင်းသည် နောင်အခါ အရိမဒ္ဒနာဟု ခေါ်တွင်သော ပုဂံပြည်ကြီးကို စတင်တည်ထောင်ခဲ့သော မင်းဖြစ်သည်။ ထိုမင်း၏အဆက်အနွယ်တို့သည် နှစ်ပေါင်း ၁ဝဝဝ ကျော်မျှပုဂံတွင်အုပ်ချုပ်မင်းလုပ်ခဲ့ကြရာ သရက်ခရိုင် ဒေသသည် ပုဂံမင်းတို့၏နယ်ပယ်အတွင်း ပါဝင်ခဲ့၍ သရက်မြို့စားများကို ပုဂံမင်းတို့ကခန့်အပ်ခဲ့လေသည်။

ပုဂံမင်းဆက်နောက်ဆုံးဖြစ်သော ကျော်စွာမင်း လက်ထက်တွင် သားတော်တစ်ပါးဖြစ်သူ မင်းရှင်စောကို သရက်မြို့စားအဖြစ်ခန့်ထားခဲ့၍ ထိုခေတ်ထိုအခါက သရက်ခရိုင်ဒေသသည် အတော်အတန်ဖွုံ့ဖြိုးစည် ပင်ခဲ့ဟန်တူ ပေသည်။ ပုဂံပျက်ပြီးနောက်တွင် တစ်နယ်တစ်စင်ထောင်၍ မင်းမူကြလေရာ သရက်ခရိုင်ဒေသသည်လည်း အစိတ်စိတ် ကွဲပြား၍ နီးစပ်ရာစိုးမိုးသူတို့က မိမိတို့နယ်ပယ်အတွင်း သွတ်သွင်းခဲ့ကြသည်။ ပုဂံပြည်ကြီးပျက်ပြီး နောက်ပိ်ုင်းတွင် သရက်ခရိုင်၏အမည်သည်လည်း တိမ်မြုပ်သွား၍ သရက်ခရိုင်၏ မြို့တစ်မြို့ဖြစ်သော မြေထဲမြို့၏ အမည်သာလျှင် ခံတပ်မြို့တစ်မြို့ အဖြစ်သမိုင်းမှတ်တမ်းများ၌ ရံဖန်ရံခါပါရှိလာသည်။ မြေထဲမြို့ရှိ ခံတပ်ကို သမုတိရာဇ် မင်းလက်ထက်ကပင် စတင် တည်ဆောက်ခဲ့၍ နောက်နှစ်ပေါင်း ၁၃ဝဝ ကျော်တွင် မင်းရဲကျော်စွာကထပ်မံပြုပြင် မွမ်းမံဆောက်လုပ်ခဲ့သည်ဟု ဆိုကြသည်။

ပထမ အင်္ဂလိပ်•မြန်မာစစ်အတွင်း ၁၈၂၅ ခုနှစ်၌ အင်္ဂလိပ်တို့က ပြည်မြို့ကိုရေကြောင်း၊ ကြည်းကြောင်း နှစ်ဘက်ညှပ်၍ တိုက်ခိုက်သိမ်းပိုက် ပြီးသည့်နောက်တွင် သရက်ခရိုင်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ညောင်ပင်ဆိပ် စခန်း၌ မြန်မာ•အင်္ဂလိပ်နှစ်ဘက် ကိုယ်စားလှယ်တို့ စစ်ပြေငြိမ်းရန် စကားဆိုကြသည်။ အင်္ဂလိပ်တို့ကမြိတ်၊ ထား ဝယ်၊ ရခိုင်မြို့များနှင့် စစ်စရိတ်ငွေတော် နျစ်ကုဋေ တောင်းဆိုသဖြင့်အရေးမပြီးပေ။

၁၈၅၂ခုနှစ် ဒုတိယ အင်္ဂလိပ်•မြန်မာစစ်ပွဲအတွင်း ပြည်မြို့အနီးရသေ့မြို့၌ တိုက်ပွဲဖြစ်ပွားပြီးနောက် သရက် ခရိုင်တောင်ပိုင်းကို အင်္ဂလိပ်တို့ကသိမ်းပိ်ုက်ကြသည်။ နယ်နိမိတ်အပိုင်းအခြားကို မြေထဲမြို့အလံတိုင်၏မြောက်ဘက် ခြောက်မိုင်အထိသတ်မှတ်သည်။ ထိုနယ်မြေ အစိတ်အပိုင်းကို အင်္ဂလိပ်အစိုးရက ပြည်ခရိုင်နယ်ခွဲတစ်ခုအဖြစ် သတ်မှတ်ပြီးလျှင် ၁၈ဝဝ ပြည့်နှစ်တွင် ခရိုင်အဆင့်အတန်းသို့ တိုးမြှင့်လိုက်သည်။ ၁၈၅၄ ခုနှစ်တွင်တပ်မြို့တစ်ခုကို သရက်မြို့၌တည်ဆောက်၍ သရက်မြိုနှင့်မြေထဲမြို့တို့၌ ဗြိတိသျှတပ်များထားရှိခဲ့ရာ အထက် မြန်မာနိုင်ငံကို သိမ်းပိုက် ပြီးသည်အထိဖြစ်ပေသည်။ သရက်မြို့သည် မြန်မာနှင့်အင်္ဂလိပ် နယ်ခြားမြို့လည်း ဖြစ်နေ၍ သီပေါမင်းပါတော်မူသော တတိယ အင်္ဂလိပ်• မြန်မာစစ်ပွဲတွင် အထက်မြန်မာနိုင်ငံကိုတိုက်ခိုက်သိမ်းပိုက်ရာ၌ အင်္ဂလိပ်တို့သည် အခြေခံစစ်စခန်းကို သရက်မြို့၌ ထားရှိခဲ့လေသည်။ ထိုအချိန်အထိ သရက်ခရိုင်မြောက်ပိုင်းရှိ မင်းလှမြို့သည် မြန်မာပိုင်နက်အတွင်း၌ ရှိနေသေး သည်။

အထက်မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ရန် ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်တပ်များချီတက်လာသောအခါ မင်းလှမြို့ရှိခံတပ်မှနေ၍ မြန်မာတို့ကပိတ်ဆို့ခုခံသည်။ သို့သော် မြန်မာတပ်များသည် အားမတန်သဖြင့်အညံ့ခံကြ ရပြီးလျှင် မြစ်တစ်ဘက်ကမ်းရှိ ဂွေးချောင်းစခန်းကို အင်္ဂလိပ်တို့က ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးပစ်လေသည်။ မြန်မာမင်းပါတော်မူ၍ အင်္ဂလိပ်အစိုးရတက်စ စပ်ကူးမတ်ကူးကာလတွင် အခြေအနေမငြိမ်မသက် ဆူပူလှုပ် ရှားနေခဲ့သောဒေသများတွင် သရက်ခရိုင်လည်း အပါအဝင် ဖြစ်သည်။ နှစ်အတန်ငယ်ကြာမှသာလျှင် ခရိ်ုင်အတွင်း၌ အေးချမ်းငြိမ်သက်လာခဲ့လေသည်။

ဒုတိယကမ္ဘာစစ်ခေတ်အတွင်းက ၁၉၄၅ ခုနှစ် မတ်လ တော်လှန်ရေးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် သရက် ခရိုင်အတွင်းမှနေ၍ မြန်မာတစ်နိ်ု်င်ငံလုံး၏ ဂျပန်တော်လှန်ရေးကို ကြိုးကိုင်လှုပ်ရှားစေခဲ့သည်။ သရက်ခရိုင်အတွင်း ၌ ဂျပန်တို့နှင့် တိ်ုက်ပွဲပေါင်း ၁ဝဝ ကျော်မျှဖြစ်ပွားခဲ့လေသည်။ အင်္ဂလိပ်အစိုးရလက်ထက်ကအစပြု၍ သရက်ခရိုင်ကို ခရိုင်ခွဲနှစ်ခုခွဲခြားအုပ်ချုပ်ခဲ့ရာ သရက်ခရိုင်ခွဲနှင့် အောင်လံခရိုင်ခွဲ တို့ဖြစ်ကြသည်။ ယင်းတို့သည် ဧရာဝတီမြစ် အနောက် ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်းပေါ်တွင် အသီးသီးတည်ရှိ ကြသည်။ သရက်ခရိုင်ခွဲတွင်ကမ္မမြို့နယ်၊ မင်းတုန်းမြို့နယ် မင်းလှမြို့နယ် နှင့်သရက်မြို့နယ်တို့ပါဝင်သည်။

အောင်လံခရိုင်ခွဲတွင် အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့ ပါ ဝင်သည်။ ခရိုင်တွင်း၌ပါဝင်သောကျေးရွာ ပေါင်းမှာ ၄၉၉ ရွာဖြစ်သည်။ ခရိုင်အတွင်း၌ မြူနီစီပယ်အဖွဲ့ရှိသော မြို့နှစ်မြို့ရှိသည်။ သရက်မြူနီစီပယ်အဖွဲ့ကို ၁၈၈ရ ခုနှစ်၌ တည်ထောင်၍ အောင်လံမြူနီစီပယ်အဖွဲ့ကို ၁၉ဝဝ ပြည့်နှစ်၌တည်ထောင်ခဲ့သည်။ သရက်ခရိုင်သည် မကွေးတိုင်း အတွင်း၌ တည်ရှိသော်လည်း တရားစီရင်ဆုံးဖြတ်ရေး၌ ပြည်မြို့စက်ရှင်တရားသူကြီး၏ လက်အောက်ခံ ဖြစ်သည်။ အကြောင်းမူ သရက်ခရိုင်အတွင်း၌ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဘက်၌ အောက်မြန်မာနိုင်ငံဥပဒေကို ကျင့်သုံးဆောင် ရွက်သောကြောင့် ဖြစ်ပေသည်။

သရက်ခရိုင်၏ လူဦးရေသည် ၁၉ရ၁ ခုနှစ် ခန့်မှန်းခြေစာရင်းအရ ၄ရဝဝဝဝ ယောက်ဖြစ်၍ တိုင်းရင်း သားတို့အနက် ဗမာအများဆုံးဖြစ်ပြီးလျှင် ချင်းအမျိုးသား အနည်းငယ်ရှိသည်။ နိုင်ငံခြားသား တရုတ်နှင့်အိန္ဒိယ အမျိုးသားများလည်း အနည်းအကျဉ်းရှိသည်။ ခရိုင်အတွင်းရှိ လူဦးရေ ၈ဝ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးလုပ်ကိုင်ကြ လေသည်။

သရက်ခရိုင်သည် မြေဩဇာကောင်းသော အရပ်ဒေသ နည်းပါးသည်။ ခရိုင်၏အကျယ်အဝန်း ၄၉၂၉ စတုရန်းမိုင် ရှိသည့်အနက် စိုက်ပျိုးလုပ်ကိ်ုင်သောဧရိယာမှာ ၁၉ဝရ ့ဝ၈ ခုနှစ်တွင် ၂၄၅ စတုရန်းမိုင်မျှသာရှိ၍ ၁၉၅၆•၅ရ ခုနှစ်တွင် ၃၂၉ စတုရန်းမိုင်ရှိသည်။ ဆန်စပါးကို ခရိုင်အတွင်း သုံးအတွက်သာစိုက်ပျိုးကြ၍ ရောင်း ဝယ်ဖောက်ကားရေးအတွက် စိုက်ပျိုးလုပ်ကိုင်ကြသော ကောက်ပဲသီးနှံများတွင် ဝါဂွမ်းနှင့် နှမ်းသည် အဓိကဖြစ် သည်။ ထိုနောက် ပြောင်း၊ မြေပဲ၊ဆေး၊ ပဲကြီး၊ ကြက်သွန်နှင့်ငရုတ်စသော ကုန်ခြောက်သီးနှံများကို စိုက်ပျိုးလုပ်ကိ်ုင်ကြသည်။

သရက်ခရိုင်မှထွက်သော ဝါဂွမ်းသည် အရှေ့တောင် အာရှနိ်ုင်ငံများထွက် ဝါဂွမ်းများနည်းတူ ကောင်းမွန်၍ ကျော်ကြားသည်။ ရှေးကတရုတ်ကုန်သည်ကြီးများအနုတ်အသိမ်း များသည်။ ထွက်ရှိသောဝါ ဂွမ်းများအနက်အချို့ကို ကျေးရွာအချို့တွင် ချည်ငင်၍အထည်ရက်လုပ်သည်မှလွဲလျှင် ရွာထောင်ရှိခြည်မျှင်စက်သို့ပို့၍ ခြည်မျှင်ထုတ်လုပ်သည်။ ခြည်မျှင်ထုတ်လုပ်ပြီးနောက်တွင် ဝါစေ့မှဆီထုတ်ယူ၍ ရန်ကုန်သို့ တင်ပို့သည်။ ထိုဝါစေ့ဆီဖြင့် အဝတ်လျှော် ဆပ်ပြာကြမ်းများကို ပြုလုပ်ရလေသည်။

မြေပဲကို ၁၉ဝ၅•ဝ၆ ခုနှစ်များတွင် စတင်စမ်းသပ် စိုက်ပျိုးခဲ့ရာအောင်မြင်သဖြင့် တိုးချဲ့စိုက်ပျိုးခဲ့သည်။ ပဲကြီး ငရုပ်၊ ကြက်သွန်တို့ကို ဧရာဝတီမြစ်အတွင်း မြေနုကျွန်းပေါ် ကိုင်းခင်းများ၌လည်းကောင်း၊ ချောင်းရိုးကမ်းဘေးကိုင်းခင်း များ၌လည်းကောင်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ ခရိုင်၏မြောက်ဘက်ပိုင်းသည် ခြောက်သွေ့သဖြင့် အင်တိုင်းတောများပေါက်ရောက်သည်၊ တောင်ဘက်သို့ ဆင်းလာလျှင် ရိုးမတောင်များနှင့်နီးကပ်လာသော ဒေသများတွင် သစ်တောများထူထပ်လာသည်။ အရှေ့ဘက်ရှိ ပဲခူး ရိုးမတောင်၏တောင်စောင်းများတွင်ကျွန်းတောများရှိသည်။ သို့သော် သစ်မျှောချောင်းကောင်းကောင်းမရှိသဖြင့် အဖိုး တန်ကျွန်းသစ်များ တန်ဖိုးလျော့ရသည်။ အနောက်ဘက်ရှိ ရခိုင်ရိုးမသည်မြင့်မားသဖြင့် သစ်ပျော့မျိုးများ ထွက်ရှိသော အမြဲစိမ်းတောနှင့်ဝါးတောများ ပေါက်ရောက်၍ မြောက်ဘက် ပိ်ုင်းတွင် ညောင်ကြက်ပေါင်ပင်များပေါက်ရောက်သည်။ ခရိုင် ၏မျက်နှာပြင်သည်များသောအားဖြင့် မြေနိမ့်ဖြစ်၍ လယ်ယာ စိုက်ပျိုးရေးကို တောင်ယာစံနစ်ဖြင့် နေရာရွှေ့ပြောင်းစိုက်ပျိုး ခြင်းကိုပြုလုပ်ခဲ့ကြသောကြောင့် သစ်ပင်ကြီးများပြုန်းတီး၍ သစ်တောများဆုတ်ယုတ်ခဲ့ရပြီးလျှင်အပေါက်မြန်သော သစ်ပျော့ မျိုးနှင့်မြင်ဝါးများကိုတွေ့ရှိရသည်။

သရက်ခရိုင်သစ်တောများမှကျွန်းသစ်အပြင် ပျဉ်းကတိုး၊ အင်၊ ပိတောက်စသောသစ်မာများအတော်အသင့် ထွက်၍ရှားစေး လည်းထိုသစ်တောများမှရရှိသည်။ ယခင်ကတစ်ခရိုင်လုံး၏ သစ်တော ဧရိယာသည် ၃၃၄၁ စတုရန်း မိုင်ဖြစ်ခဲ့သော်လည်း ကြီုးဝိုင်းသစ်တောဧရိယာ ၆၄၁ စတုရန်းမိုင်နှင့်အပ သစ်တော ဧရိယာစတုရန်းမိုင် ၂ရဝဝ ဖြစ်သည်။ ကျွန်းတောဧရိယာသည် ၄၄၅ စတုရန်းမိုင်ရှိသည်။ တောင်ယာလုပ်ငန်း ကြောင့်လည်းကောင်း၊ စည်းကမ်း မဲ့ခုတ်ခဲ့ကြ၍လည်းကောင်း၊ ယခုအခါခရိုင်၏သစ်တောဧရိယာများစွာဆုတ်ယုတ်ခဲ့လေသည်။ သရက်မြို့နှင့်အနောက်ဘက် ကိုးမိုင်အကွာရှိ ပိတောက်နှင့်မင်းလှမြို့ အနောက်တောင်ဘက် ၂၅ မိုင်ကွာရှိ ရေနံရွာတို့တွင် ရေနံတွေ့ရှိရသည်။ သို့သော်တွင်းနက်ကြီးများ တူး၍များများစားစား တူးဖေါ်လုပ်ကိုင်ခြင်းမရှိချေ။ မိုးနတ်ကုန်း နှင့်ပြရည်ရွာတို့တွင် မူပေ ၈ဝဝဝ ထောင်ကျော် နက်သောတွင်း ကြီးများ တူး၍စမ်းသပ်လျက်ရှိပေသည်။

မင်းတုန်းမြို့နယ်ရိုးမသစ်တောကြိုးဝိုင်း၏ မြောက်ဘက် အချို့ဒေသများတွင်ကရိုမိုက် ခေါ်သတ္တု တစ်မျိုးကို တွေ့ရှိရသည်။ သို့သော်ရောင်းဝယ်ဖောက်ကား လောက်အောင် ထွက်ရှိဟန်မတူချေ။ ခရိုင်အတွင်းအချို့ဒေသများတွင် ဆားတွင်းများကို တွေ့ရသည်။ ထိုပြင်ပန်ချောင်းဝမှမြောက်ဘက်မိ်ု်င်အနည်း ငယ်အထက်ကျသောနတ်မီးနှင့်နတ်မီးတောက်အမည်ရှိရွာနှစ်ရွာတွ င်ရေနံဓာတ်ငွေ့များထွက်သည်။ ယင်းဓာတ်ငွေ့များ ထွက်နေသည်ကိုအကြောင်းပြု၍ ထိုရွာများ၏အမည်တွင်ခဲ့ဟန် တူပေသည်။ ရှမ်းတပ်ကြီးသစ်တောကြိုးဝိုင်း၏အရှေ့ နယ်နိမိတ်ဖြစ်သော ကုန်းတန်းတစ်ခုတွင် ရွှံ့မီးတောင် တစ်ခုရှိလေသည်။

သရက်မြို့၏ အောက်ဘက် ယုန်တောင်ဟုခေါ်သော ထုံးကျောက်တောင်ကုန်းတန်းတွင် ကျောက်မီးသွေးကိုတွေ့ ရသည်။ တွေ့ရသော ၁၈၅၅ ခုနှစ်က မီးသင်္ဘောများတွင် အသုံးပြုနိုင်မည်ဟုထင်မြင်ခဲ့ကြသော်လည်း ထိုမျှလောက် အမျိုးအစားမကောင်းသည်ကို နောင်အခါတွေ့ရှိလာကြရသည်။ ၁၈၉၉ ခုနှစ်တွင် မင်းတုန်းမြို့နယ်အတွင်း၌လည်း ကျောက်မီးသွေးအညံ့စားကိုတွေ့ကြရသည်။ ၁၉၁ဝ ပြည့်နှစ်တွင်ထိုမြို့နယ်အတွင်း ကျောက်မီးသွေးရှာဖွေတူးဖေါ်ရေး များဆောင်ရွက်ခဲ့ကြသေးသည်။

သရက်ခရိုင်၏ အရှေ့ဘက်ကမ်း သဲဆန်သော မြေများတွင် သံရိုင်းများတွေ့ရသည်။ မြန်မာမင်းများလက်ထက် အခါကထိုသံရိုင်းများကို အမြားအပြားတူးဖော် အသုံးပြု ခဲ့ကြောင်းကို ရွှေပန်းတော၊ ကျွန်းကလေး၊ ရေပေါ်နှင့်ကျောက် ဆောင်စမ်းစသောရွာများ၌ သံရည်ကျိုဖိုကြီးများနှင့်ချော်ခဲများကို တွေ့ရှိရခြင်းဖြင့်သိရှိရပေသည်။ သို့သော် နောက် ပိုင်းတွင် ထိုသံရည်ကျိုလုပ်ငန်းကိုလုပ်ကိုင်ခြင်းမပြုကြတော့ချေ။ သရက်ခရိုင်၏ ကျော်ကြားသော လက်မှုလုပ်ငန်း တစ်ရပ်မှာ ငွေထည်လုပ်ငန်းဖြစ်သည်။ သရက်ခရိုင်မှငွေပန်း ထိမ်များသည် ကြွရွသော ရုပ်လုံးများပေါ်၌ လက်ရာပြောင်မြောက်သဖြင့်ကျော်ကြားကြပေသည်။ ထို့ပြင်ကုလားထိုင်စားပွဲများ၊ လမ်းလျှောက် လက်ကိုင် တုတ်များ၊ ကက်ဖဲများ၊ နှီးချောဖျာများ လုပ်ကိုင်ခြင်း သည်လည်း သရက်ခရိုင်၏အိမ်တွင်းမှုလုပ်ငန်းများဖြစ်ပေသည်။ မြန်မာနိ်ုင်ငံ၏ ဘိလတ်မြေစက်ကြီးများသည် သရက်မြို့တွင် ရှိလေသည်။

လမ်းပန်းဆက်သွယ်ရေးတွင်ဧရာဝတီမြစ်သည် သရက်ခရိ်ုင်ကို ဖြတ်သန်းသွားသဖြင့် ရေလမ်းခရီးကို အဓိ်ကထားး၍အသုံးပြုကြသည်။ ခရိုင်အတွင်းရှိမြို့များဖြစ်ကြ သော သရက်၊ အောင်လံ၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ ကမ္မမြို့တို့သည် လည်းဧရာဝတီ မြစ်ကမ်းမြို့များဖြစ်ကြသည်။ ပြည်တွင်းရေ ကြောင်း သယ်ယူပို့ဆောင်ရေး သင်္ဘောများအားဖြင့် သရက် ခရိုင်သည် အထက်အောက်မြန်မာနိ်ုင်ငံ နှစ်ရပ်နှင့် ဆက်သွယ်နိုင် သည်။ မိုးရာသီအခါမင်းတုန်း (မထုန်း) ချောင်းအားဖြင့် မင်းတုန်းမြို့နှင့်ကမ္မမြို့တို့ကိုဆက်သွယ်နိုင်သေးသည်။ ခရိုင် အတွင်း၌ မီးရထားလမ်းမရှိချေ။

ကုန်းလမ်းအားဖြင့် အောင်လံနှင့်ပြည် ၄၄မိုင်ကို ဆက်သွယ်ထားသော ကျောက်ခင်းလမ်းရှိ၍ ထိုလမ်းသည် များသောအားဖြင့် ဧရာဝတီမြစ်ကြောင်းနှင့်ယှဉ်ပြိုင်လျက် ရှိသည်။ အောင်လံသို့ရောက်ပြီး နောက်တွင်ထိုလမ်းကြောင်း သည် ဧရာဝတီမြစ်ကြောင်းမှဖဲကြဉ်ကာ အတွင်းဘက်သို့လှည့်၍ တောင်တွင်းကြီးမြို့အထိ ၅ရ မိုင်ရောက်ရှိသွားလေသည်။

ခရိုင်အတွင်းရှိ အခြားကျောက်ခင်းလမ်းများမှာ ၁။သရက်မြို့မှ မင်းတုန်းမြို့ (၄၂မိုင်) သို့၎င်း၊ ၂။သရက်မြို့မှ ထုံးတောင် (၂မိုင်) သို့၎င်း၊ ၃။ရွာထောင်မှ သမ္ဘူလ (၂၄မိုင်) သို့၎င်း၊ ၄။ညောင်ပင်ဆိပ်မှဒရန်ဒဗို (၂မိုင်) သို့၎င်း၊ ၅။ ကျောက်ပန်းတောင်းမှရွှေပန်းတော (၁၂) မိုင်သို့၎င်း၊ ဆက်သွယ်ထားသောလမ်း များဖြစ်ကြလေသည်။

သရက်ခရိုင်အတွင်းထင်ရှားသောစေတီများမှာ သရက်မြို့ ပေါ်ရှိရွှေသက်လွတ်စေတီ၊ ထိုမြို့မှမိုင်အနည်းငယ် မြောက်ဘက် ကျသောအရပ်ရှိ ရွှေအံတော်စေတီနှင့်ကမ္မမြို့နယ်အတွင်းရှိ ရွှေမြင်တင်၊ သို့မဟုတ် ရွှေဆုတောင်းပြည့် စေတီတော်တို့ ဖြစ်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)