ပြည်ထောင်စုနေ့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်ကာ အထိန်းအမှတ်ပွဲများ ကျင်းပကြသည်။

သမိုင်း[ပြင်ဆင်ရန်]

မြန်မာ့သမိုင်း တစ်လျှောက်လုံး၌ အနော်ရထာဘုရင့်နောင်အလောင်းမင်းတရား ဤမင်းသုံးပါး လက်ထက်တွင်သာ မြန်မာတနိုင်ငံလုံး တပေါင်းတစည်းတည်း ရှိခဲ့ဖူသည်။ ဗြိတိသျှအစိုးရ လက်အောက်တွင်မူ တိုင်းရင်းသားများအား ခွဲခြားအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေး ပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီး မရှိပဲ သွေးကွဲမှုပင် ရှိခဲ့သည်။

ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရေးကို အနှစ် ၇၀ မျှကာလပတ်လုံး အမျိုးမျိုး အဖုံဖုံ ကြိုးပမ်းရာ၌ မြေပြန့်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည် မရှိပေ။ သို့သော် ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာတွင် တိုင်းရင်းသားအားလုံး ညီညွတ်ခဲ့သည်။ သွေးစည်းပူးပေါင်း၍ ဂျပန်ကို တွန်းထုတ်နိုင်ခဲ့သည်။

ဂျပန်တို့လက်အောက်မှ လွတ်မြောက်ပြီးနောက် လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း မြေပြန့်သား၊ တောင်တန်းသား မခွဲခြားပဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းမှုကို ရှာကြံခဲ့ကြသည်။ ဤသို့ဖြင့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် မြန်မာ့လွတ်လပ်ရေးကို မျှော်မှန်းနိုင်သည့်အခါသို့ပင် ဆိုက်ရောက်ခဲ့လေသည်။ သို့တိုင်အောင် ဗြိတိသျှနယ်ချဲ့တို့သည် တောင်တန်းသားများအား မိမိတို့လက်အောက်မှ မလွတ်စေလိုသေးပေ။ ထို့ကြောင့် တောင်တန်းသားများအား အမျိုးမျိုး နားလှည့်ခဲ့ကြသည်။

၁၉၄၆ ခုနှစ် ဇန္နဝါရီလအတွင်း ရွှေတိဂုံကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံကြီးက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံး လက်တွဲ၍ ဆောင်ရွက်ပြီးလျှင် အတူတကွ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အတိုင်း ဖြစ်မြောက်နိုင်ရန် မြန်မာခေါင်းဆောင်ကြီးများ ကြိုးပမ်းခဲ့ကြသည်။

ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း ဗဟိုချက်တွင်ရှိသော ပင်လုံမြို့ကလေးတွင် ရှမ်းစော်ဘွားများ ညီလာခံကို ၁၉၄၆ ခုနှစ် ဇန္နဝါရီလအတွင်းမှာပင် ကျင်းပခဲ့ရာ မြန်မာခေါင်းဆောင်ကြီးများဖြစ်သော သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြသည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဝါဒဖြန့်မှုကြောင့် တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအား ပြတ်ပြတ်သားသား ရှင်းလင်း ပြောဆိုခဲ့ကြသည်။

၁၉၄၇ ခုနှစ် ဇန္နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်တော်အဖွဲ့သည့် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက် အရေးဆိုကြရာ ပြည်မကြီးရော တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။ ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာ လွတ်လပ်ရေးပေးပြီးလျှင် တောင်တန်းဒေသများကို ဆက်လက်သိမ်းပိုက်ထားရန် အကြံအစည်ရှိခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ကမူ တောင်တန်းဒေသများ မပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေး ဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့်တပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ဗြိတိသျှအစိုးရတို့ ဗိလပ်၍ ဆွေးနွေးနေစဉ် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံ၍ တောင်တန်းသားများနှင့် မြေပြန့်သားများ အစေးမကပ်ကြသယောင် ဝါဒဖြန့်ကြသည်။ ထို့ကြောင့် မြန်မာ့ခေါင်းဆောင်ကြီးများသည် တောင်တန်းဒေသများသို့ သွားရောက်ကာ တိုင်းရင်းသား စည်းလုံးရေးကို ဟောပြောလှုံ့ဆော်ခဲ့ကြသည်။

ဘိလပ်တွင် ဆွေးနွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူပါက ပြည်မကြီးရော တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောတစ်ရပ် သက်ဝင်သော အောင်ဆန်း - အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဆိုက်ရောက်လာသည်။ ထို့နောက် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးကို ဆွေးနွေးကြသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညနေတွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး ၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်ဗိုလ်ခင်မောင်ကလေးမြို့မ-ဦးသန်းကြွယ်သခင်ဝတင်နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူပင်လုံညီလာခံတွင် တက်ရောက်ခဲ့ပြီး၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင်ဗိုလ်ချုပ်အောင်ဆန်း နှင့်တောင်တန်းဒေသ ကိုယ်စားလှယ် ၂၁ ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။[၁] [၂] ယင်းသို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို ‘‘ပြည်ထောင်စုနေ့’’ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။

ဗြိတိသျှအစိုးရသည်လည်း ပြည်မကြီးရော တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးရန် သဘောတူညီရလေသည်။ ဤသို့လျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်မြောက်ရေးကို ထိုနေ့တွင် အုတ်မြစ်ချခဲ့သဖြင့် ပြည်ထောင်စု တိုင်းရင်းသားတိုင်း မမေ့လျော့အပ်သော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်လာသည်။

အထိန်းအမှတ်ပွဲများကျင်းပ[ပြင်ဆင်ရန်]

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ‘‘ပြည်ထောင်စုနေ့’‘ဟူ၍ မြန်မာနိုင်ငံတော် အစိုးရက အသိအမှတ်ပြုပြီး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ ‘‘ပြည်ထောင်စုနေ့’’ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့သည်။ ၁၉၄၈ နှင့် ၄၉ ခုနှစ်များတွင် ‘‘ပြည်ထောင်စုနေ့’‘ သဘင်ကို ပင်လုံမြို့၌ ကျင်းပခဲ့ပြီးလျှင် ၁၉၅၀ ပြည့်နှစ်မှစ၍ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုနေ့သဘင်ကို ကျင်းပသည့်အခါ ကချင်၊ ရှမ်း၊ ကရင်၊ ချင်း၊ နာဂ၊ ကယား၊ ဆလုံစသော ပြည်နယ်အသီးသီးမှ ဧည့်သည်တော်များကို ဖိတ်ကြား တက်ရောက်စေသည်။ ထိုဧည့်သည်တော်များကလည်း မိမိတို့၏ ယဉ်ကျေးမှု အကများဖြင့် ပြန်လည်ဧည့်ခံကြသည်။

၁၉၅၄ ခုနှစ်မှစတင်၍ ထူးခြားချက်မှာ ပြည်ထောင်စု အလံတော်ကို အလှည့်ကျရာ ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနေ့သဘင် ကျင်းပချိန်အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူစေခြင်းပင်ဖြစ်သည်။ ထိုနှစ်တွင် တိုင်းရင်းသား လူမျိုးစုတို့ ပူးပေါင်းသွေးစည်းရာ ပင်လုံမြို့မှ ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနေ့အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူလာပြီးလျှင် နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ ပေးအပ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁၉၇၂ ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်းစဉ်စာမျက်နှာ ၁၃၈
  2. ၁၉၈၀မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း