မော်လမြိုင် ဆရာယော

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဆရာယောသည် မော်လမြိုင်မြို့တွင် အခြေစိုက်၍ မော်လမြိုင်မြို့၌ပင် ထင်ရှားခြင်း ဖြစ်သောကြောင့် "မော်လမြိုင် ဆရာယော" ဟု အမည်တွင်သည်။ ဇာတိမှာကား မော်လမြိုင်မြို့မှ မဟုတ်ဘဲ အထက်အညာသား ဖြစ်လေသည်။ အထက် အညာသား ရှေးအဘိုးကြီးများပီပီ ဆေးနီထိုး ထိုးကွင်း ဒူးကျနှင့် ပုဆိုးတောင်ရှည်၊ အင်္ကျီကြယ်သီး တစ်လုံးတပ်ကို အမြဲ ဝတ်လျက် ကွမ်းသီးဖက်ဆေးလိပ်ကို သောက်လေ့သောက်ထ ရှိသည်။ မူလ အသက်မွေးဝမ်းကျောင်းမှုမှာ မော်လမြိုင်မြို့တွင် ရုပ်သေးမင်းသားကြီး ကြိုးကိုင်အဖြစ် ထင်ပေါ်ကျော်ကြားသည်။[၁]

ခရစ်သက္ကရာဇ် ၁၈၇၉ ခုနှစ်တွင် မော်လမြိုင်မြို့ ရမ္မာပူရ စာပုံနှိပ်တိုက်မှ သထုံရာဇဝင်ပြဇာတ်ကို စောင်ရေတစ်ထောင်မျှ စက်တင်ပုံနှိပ် ရောင်းချရာ ထိုစဉ်က မြန်မာပြည်တစ်ပြည်လုံး ထင်ပေါ်ကျော်ကြားလျက်ရှိသော ဆတိုင်မွှတ် ဦးကူ ၏ လူဝံမောင်နှမ ပြဇာတ် ထက်ပင် ပိုလွန် ကျော်စောသွားခဲ့လေသည်။ ထိုကြောင့် ထိုနှစ်အတွင်းမှာပင် မော်လမြိုင်မြို့ တနင်္သာရီ စာပုံနှိပ်တိုက်တွင် ဦးဘဂွမ်းက ဒုတိယအကြိမ် ထပ်မံ ပုံနှိပ် ရောင်းချပြန်သေး၏။ သို့ရာတွင် မည်သည့် အကြောင်းကြောင့်မသိ၊ ထိုသို့ နှစ်ကြိမ်နှစ်ခါမျှ စက်တင် ပုံနှိပ်ရောင်းချပြီးသည့်နောက် ပြန်လည်ပုံနှိပ် ထုတ်ဝေသေးသည်ဟု မကြားမသိရတော့ချေ။[၂]

ဆရာယောသည် ထို သထုံရာဇဝင်ပြဇာတ် တစ်စောင်တည်းကိုသာ ရေးသားစီရင်ခဲ့သော်လည်း အယဉ်၊ အလွမ်း၊ အရွှန်း၊ အသောတို့ဖြင့် ပြွမ်းရော ပြည့်နှက်လျက် ရှိသောကြောင့် တစ်စောင်တည်းဖြင့်ပင် ပြဇာတ်ရေး ဆရာကြီးများ စာရင်းတွင် ထိပ်တန်းမှ ပါဝင်နိုင်ခဲ့သည်။ မိမိ၏ ပွဲဦးထွက် ပြဇာတ်ကို လူကြိုက်များမှန်း သိလျက်နှင့် အခြားပြဇာတ်များကို ဆက်လက်ရေးသားခြင်း မပြုသည်မှာ ဆရာယောသည် မိမိ၏ သဘင်သည် လက်စွမ်းကို သဘင်သည်အချင်းချင်း သိသာရုံလောက်မျှ ပြလိုက်ရသည်နှင့်ပင် ကျေနပ်နှစ်သိမ့် သွား၍ပေလော၊ သို့တည်းမဟုတ် ထိုပြဇာတ်ကို ရေးသားပြီးစီးသည်နှင့် မရှေးမနှောင်းတွင် ဆရာယောသည် မလွန်ဆန်နိုင်သော သင်္ခါရ သဘောတရားကြောင့် ဆက်လက် ရေးသားခြင်း ပြုနိုင်၍ပေလောဟု တွေးတောဖွယ်ရာပင် ဖြစ်ပေသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ဇေယျ၊ ဆရာယော ဆောင်ပါး၊ ရှုမဝမဂ္ဂဇင်း (အတွဲ ၂၊ အမှတ် ၉)
  2. မောင်မြသွင်၊ သိပ္ပံကျောင်းသား၏ "မြန်မာပြဇာတ်များ" ဆောင်းပါး၊ သူရိယသတင်းစာ (၁၈ ဧပြီလ ၁၉၃၂ ခု)
  3. ဗိုလ်မှူးဘသောင်း၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ၂၀၀၃ ခု၊ နှာ-၂၆၁