မြန်မာရာဇဝင်ကျမ်းများ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ပြည်သူလူထုနှင့်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သက်ဆိုင် သည့် အဖြစ်အပျက် တို့ကိုသော်လာ်ကောင်း ပြည်သူလူထုအား အကျိုး သက်ရောက်စေသော၊ သို့မဟုတ် အကျိုးပျက်စေသော အဖြစ် အပျက်နှင့် ဆောင်ရွက်ချက်တို့ကိုသော်လည်ကောင်း၊ ပြည်သူလူထု၏ အတွေးအခေါ် အနေအထိုင်၊ ယဉ်ကျေးမှု စသည်တို့ကို ပြုပြင် ပြောင်းလဲစေသည့် တီထွင်မှုတို့သော်လည်ကောင်း ကျွန်ုပ်တို့ မကြာ ခဏ ကြားရ၊ သိရ၊ မြင်ရ၏။ ထိုအဖြစ်အပျက်နှင့် ဆောင်ရွက် ချက်တို့သည် နိုင်ငံတွင်းနှင့်သော်လည်ကောင်းနိုင်ငံနှင့်သော်လည်ကောင်း ဆက်သွယ်နေသည်ကိုလည်း တွေ့ရသည်။ ထိုသို့သော် အရေး အခင်းတို့သည် တစ်ခုနောက်တစ်ခု ဆက်၍ ဖြစ်ပျက်လျက် ရှိရာ သက်ဆိုင်ရာ နိုင်ငံသားတို့၏ ဖြစ်စဉ်များအဖြစ် တည်ရှိခဲ့ လေသည်။ ကာလကြာမြင့်လာသော် ထိုဖြစ်စဉ်တို့သည် သက်ဆိုင်ရာ နိုင်ငံသမိုင်း ဖြစ်လာလေသည်။ ရှေးအခါကတည်း က မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော ဖြစ်စဉ်များ ရှိလာခဲ့သည် သာမက၊ အချိန်ကာလအလျောက် မိမိတို့ အမြင်အတိုင်း မှတ်တမ်းတင်ခဲ့သူ များလည်း ရှိလေသည်။ ယင်းသို့အားဖြင့် မြန်မာရာဇဝင်ကျမ်းများ ပေါ်ထွက်လာခဲ့လေသည်။ ထိုရာဇဝင် ကျမ်းများမှာ တိုင်းသူပြည်သားတို့၏ ဖြစ်စဉ်ထက် အုပ်ချုပ် သည့်ဘုရင်တို့နှင့် ယင်းတို့၏အသိုင်းအဝိုင်းအကြောင်းကိုသာ အဓိကထား၍ ရေးခဲ့သောကျမ်းများ ဖြစ်ကြလေသည်။ မြန်မာရာဇဝင်ကျမ်းများသည် မင်းတို့၏ ဖြစ်စဉ်များကိုပင် ဖော်ပြထားသည်ဟု ဆိုရစေကာမူ၊ တရုတ်နိုင်ငံမှအပ အခြား အိမ်နီးနားချင်း နိုင်ငံတို့နှင့်စာလျှင် မှတ်တမ်းပြည့်စုံသော ကျမ်းများ ဖြစ်ပေသည်။ ထိုကြောင့် မြန်မာနိုင်ငံအောက်ပိုင်း တွင် ဝန်ရှင်တော်မင်းကြီးဖြစ်ခဲ့သူ ဆာ အာသာဖယ်ယာ၏ မြန်မာရာဇဝင်စာအုပ် (ခရစ် ၁၈၈၃ ခုနှစ်ထုတ်)နိဒါန်း၌ ထို အချိန်က ရှိခဲ့ပြီးဖြစ်သော မြန်မာအမျိုးသားရာဇဝင်မှတ်တမ်း များ ပြည့်စုံပုံကို အမွှမ်းတင် ဖော်ပြ၍ ဟိန္ဒူဘုရင်တို့ အုပ်စိုး သော နိုင်ငံတို့၌ အလားတူ ရာဇဝင်ကျမ်းများ မတွေ့ရပုံ၊ ယိုးဒယားနိုင်ငံ၏ ရာဇဝင်မှတ်တမ်းတို့မှာ မြန်မာရာဇဝင် မှတ်တမ်းတို့ကဲ့သို့ ပြည့်စုံခြင်း မရှိပုံ၊ အဆက်ဆက် မှတ်တမ်းတင်ခြင်း မရှိပုံတို့ကိုလည်း နှိုင်းရှည့်ဖော်ပြထား လေသည်။


တစ်ဖန် ခရစ် ၁၈၈၃ ခုနှစ်ထက် စောလျက် မြန်မာရာဇဝင် ကို အများဆုံး လေ့လာခဲ့သူ ပါမောက္ခ လပ်စင် က မြန်မာ တို့၌ ရှည်လျားသော ရာဇဝင်မှတ်တမ်းများရှိ၏။ မိမိတို့အတွက် သာမက၊ ရခိုင်၊ ပဲခူး၊ ဇင်းမယ်၊ လဗန်နှင့်အခြားအိမ်နီးချင်း နိုင်ငံတို့၏ ရာဇဝင်များပါ ပါဝင်သည်။ ရေးသားသူတို့သည် မိမိတို့ ရာဇဝင်တွင် ဂုဏ်ယူဖွယ်၊ ချီးမွမ်းဖွယ်ကောင်းသော ဖြစ်စဉ်များကိုသာမက ဂုဏ်သိမ်ဖွယ် အပြစ်တင်ဖွယ်ကောင်း သော ဖြစ်စဉ်များဖော်ပြကြသဖြင့် ထိုရာဇဝင်ကျမ်းတို့မှာ အားလုံး ခြုံ၍ကြည့်ပါက မှန်ကန်သည်ဟု ချီးမွမ်းခြင်းကို ခံထိုက်ပေသည်ဟူ၍ ချီးကျူးထောမနာ ပြုထားကြောင်းကို လည်း ဆာအာသာဖယ်ယာ၏ မြန်မာ ရာဇဝင် နိဒါန်း၌ပင် ဖော်ပြထားလေသည်။



ထိုမှတ်ချက်တို့သည် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ မဖြစ်မီက ရေးသားချက်များဖြစ်သည့်အပြင်၊ ထိုကျမ်းပြုပုဂ္ဂိုလ် တို့သည် ရာဇဝင်ကျမ်းပေမူ၊ ပုရပိုက်မှုတို့ကို ပြည့်စုံစွာ ရရှိလေ့လာခဲ့ရသူများ ဖြစ်လေသည်။ ထိုကြောင့် အာရှတိုက် အရှေ့တောင်ပိုင်းတွင် မြန်မာတို့သည် မိမိတို့၏ ရာဇဝင်ကို အပြည့်အစုံဆုံး ရေးသားခဲ့သူများ ဖြစ်သည်ဟု ဆိုနိုင်လေသည်။ ယခုခေတ်တွင စတင် ပုံနှိပ်ပြီးဖြစ်သော မြန်မာရာဇဝင် ကျမ်းတို့အနက် ရှေးအကျဆုံးကျမ်းမှာ ရှင်မဟာသီလဝံသ စီရင်၍ မြန်မာသက္ကရာဇ် ၈၆၄ ခုနှစ်တွင် ပြီးစီးသော ရာဇဝင် ကျော် ဖြစ်သည်။ ရာဇဝင်ကျော် အလျင်က ပေါ်ပေါက်ခဲ့သော ရာဇဝင်ကျမ်း များ ရှိသေးကြောင်းကိုလည်း မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ်က ပုံနှိပ်ထုတ်ဝေ၍ ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း) စီရင်အပ် သော မှန်နန်းရာဇဝင်တော်သစ် ပဌမအုပ် နိဒါန်း၌- ရှေးများမဆွ ရှိနှင့်ပြီးဖြစ်ကြသော ရာဇဝင်နှင့်ဆိုင်ရာ အနော်ရထာမင်းစောတိုင်အောင် ဖော်ပြအပ်သော စူဠဝင်ကျမ်း။ ကျန်စစ်သားမင်း၏ ဖွားရင်းသက္ကရာဇ် စသည်များကို ဖော်ပြသည့် ပုဂံမြို့ဖြစ် စေတီယဝံသ ကထာကျမ်း။ ပုဂံ ဇေယျသိင်္ခ နန်းတောင်းများမင်း၏ဆရာ ပေါင်လောင်ရှင်ကဿပ စီရင်သည့် ဗောဒိဝင်ဋီကာ။ ရှင်ဝဇီရ စီရင်သည့် ရာဇဝင်ပါဌ်။ ငှက်ပစ်တောင် ပထမရှင်ဂေါဓာဝရ စီရင်သည့် ရာဇဝံသပါဌ်။ ဗြာဟ္မဏပုဏ္ဏား စီရင်သည့် ပုဂံရာဇဝင်ဟောင်း။ အရှင်ဉာဏသည်းခံကြီး စီရင်သည့် တောင်ငူရာဇဝင်။ ရှင်မဟာသီလဝံသ စီရင်၍ သက္ကရာဇ် ၈၆၄ ခုတွင် ပြီးသော ရာဇဝင်ကျော်။ ပြည်မင်းတရား တောင်းပန်၍ မြောက်နန်းကျောင်း ဆရာတော်စီရင်သည့် မြောက်နန်းကျောင်း ရာဇဝင်။ ထို့အပြင် သမိုင်းတော်အကျယ်၊ သက္ကရာဇ်ပုံအင်းစောက်မှ စ၍ မြန်မာရာဇဝင် အစောင်စောင် ရှိ သည်တွင် ဟူ၍ ရှေးက ရှိခဲ့သော ရာဇဝင်ကျမ်းတို့၏ အမည်များကို ဖော်ပြထား လေသည်။ ထိုရှေးဟောင်းရာဇဝင်ကျမ်းတို့သည် အကြောင်းအမျိုးမျိုး တို့ကြောင့် တစ်စောင်နှင့်တစ်စောင် မညီညွတ်ဘဲ ကွဲလွဲနေသော ကြောင့် ညောင်ရမ်းမင်းဆက် တနင်္ဂနွေမင်းလက်ထက် မြန်မာ သက္ကရာဇ် ၁ဝ၇၆-၁ဝ၉၅ ခုတွင် စဉ့်ကိုင်ရွာနေ သူဌေးဒေဝ သေဋ္ဌနှင့်သူဌေးကတော် မဏိဩဃတို့၏သား ဦးကုလားသည် ရှိပြီးရာဇဝင် အသီးအသီးတို့ကို ပေါင်းစည်းပြီးလျှင် မဟာ ရာဇဝင်ကြီး၊ ရာဇဝင်လတ်နှင့် ရာဇဝင်ချုပ်တို့ကို ပြုစုစီရင်ခဲ့ လေသည်။


တစ်ဖန် ကုန်းဘောင်ခေတ်သို့ ရောက်သောအခါ ဘိုးတော်ဘုရားလက်ထက်တွင် တွင်းသင်းတိုက်ဝန်မင်းကြီး မဟာစည်သူသည် အနယ်နယ်အရပ်ရပ်မှ စုဆောင်းရရှိလာသော ကျောက်စာများနှင့် ညှိနှိုင်း၍ ရာဇဝင်သစ်ကျမ်း တစ်စောင်ကို စီရင်ပြုစု ခဲ့ပြန်လေသည်။


ထိုနောက် တစ်ဖန် ဘကြီးတော်ဘုရား လက်ထက်သို့ရောက် သောအခါ လောကမာရ်အောင် စေတီတော် ဒါယကာ တနင်္ဂနွေမင်းလက်ထက် စဉ့်ကိုင်သဌေးသား ငကုလားရေးသည့် ရာဇဝင်ကြီးဟောင်းသည် ကျမ်းဂန် ပါဠိ၊ စာတမ်း၊ စာဟောင်း၊ ကျောက်စာ၊ ရတု၊ ရကန်၊ ဧချင်း၊ မော်ကွန်း၊ သမိုင်းများနှင့် မညီမညွတ်သည်ကို သက္ကရာဇ် ၁၁၉၁ ခု၊ နယုန်လဆန်း ၁ ရက်နေ့က စ၍ ရဟန်းပညာရှိ၊ လူပညာရှိ၊ ပုဏ္ဏားပညာရှိ တို့ကို စည်းဝေးစေပြီးလျှင်၊ ဘဝရှင်မင်းတရားကြီးကိုယ်တော် တိုင် မှန်းနန်းတော်ဦး နန်မ စနုဆောင်တော်တွင် ကျမ်းဂန်ပါဠိ အထွက်အရှိ၊ ကျောက်စာ စာတမ်းစာဟောင်း၊ ရတု၊ ရကန်၊ ဧချင်း၊ မော်ကွန်း၊ သမိုင်းများနှင့် ညီညွတ်သုတ်သင်စီရင်တော် မူသည်။ မှန်းနန်းတော် မဟာရာဇဝင်တော် ထုပ်ရေ ငါး၊ တွဲရေ သုံးဆဲ့ ရှစ်တွဲများကို စီကုံးရေးသား၍၊ သုံးနှစ်ကျော် လေးနှစ် လောက်မှ ပြီးသောဟူ၏။ ဟူ၍ သက္ကရာဇ် ၁၂၂၉ ခုနှစ် တော်သလင်း လဆန်း ၅ ရက်နေ့ကစ၍ မင်းတုန်းမင်း အမိန့် အရ ပညာရှိများ ဆက်လက်ပြုစုသည့် ဒုတိယမဟာရာဇဝင် တော် စတုတ္ထတွဲတွင် ဖော်ပြထားသည်ကို တွေ့ရလေသည်။ ဘကြီးတော် ဘုရားသည် ထိုမှန်းနန်း မဟာရာဇဝင်တော် ကြီးကို ပြုစုရန်အတွက် ပညာရှိတို့ ပါဝင်သော အဖွဲ့အစည်းကို ဖွဲ့စည်းပေးတော်မူ၍ အသီးအသီး တာဝန်ချမှတ်ခဲ့လေသည်။ ရာဇဝင်ကျမ်းပြုစုသည့် အဖွဲ့တွင် (၁) မုံရွေးဇေတဝန်ဆရာ တော် (၂)သော်ကပင်ဆရာတော် (၃)ချည်ပါတောင်ရွာ မြောက် ရွာစား မင်း တိုင်ပင် အမတ်ကြီးမဟာဓမ္မသင်္ကြံ၊ (၄) မြင်းစု ဝန်ကြီး ဦးရောက်၊ (၅) သံတော်ဆင့်ဦးချိန်၊ (၆) စာရေးတော် ကြီး ဦးဖျော်၊ (၇) ဘိသိက်တော်ဆက် ပုဏ္ဏား ဇယဒေဝ၊ (၈) ဘိသိက်တော်ဆက်ပုဏ္ဏား ကုမုန္ဒြ (၉) ဗြဲတိုက်သံဆင့်မောင်ရွဲ၊ (၁ဝ)စာရေးမောင်လူကြီး၊ (၁၁)စာရေးမောင်အောင်သာ၊ (၁၂) အတွင်းဝန် ဆောမြို့စား မင်းကြီး သီရိ မဟာနန္ဒသင်္ကြံ၊ (၁၃) စဉ့်ကူးမြို့စား အတွင်းဝန်၊ အသည်ဝန်တို့ဖြစ်ကြသော ရဟန်း ပညာရှိ၊ မှူးမတ်ပညာရှိ၊ ပုဏ္ဏားပညာရှိတို့ ပါဝင်ကြလေ သည်။


ထိုပညာရှင်အဖွဲ့ ရေးသားသော ရာဇဝင်ကျမ်းတွင်း အလောင်းမင်းတရားကြီး နန်းတက်သည်အထိ ဖြစ်သောအပိုင်း ကို မဟာရာဇဝင်တော်ကြီး၊ သို့မဟုတ် မှန်နန်းမဟာ ရာဇဝင်တော်ကြီးဟုခေါ်၍၊ ကုန်းဘောင်ခေတ်အပိုင်းကို ဒုတိယ မဟာရာဇဝင်တော်ကြီးဟု ခေါ်လေသည်။ ထို ပဌမအဖွဲ့ ပြုစုသော မှန်နန်း မဟာရာဇဝင်တော်ကြီးမှာ ဘိုးတော်ဘုရား နတ်ရွာစံပြီးနောက် နှစ်နှစ် (မြန်မာ ၁၁၈၃ ခုနှစ်၊ ခရစ် ၁၈၂၁ ခု) အထိ ရောက်ခဲ့လေသည်။ ကျန်ရှိသော အပိုင်းကိုမူကား မင်းတုန်းမင်းတရားလက်ထက် ၁၂၂၉ ခုနှစ် (ခရစ် ၁၈၆၇ ခုနှစ်)သို့ ရောက်မှ ဆက်လက် ရေးသားခဲ့လေသည်။ ထိုရာဇဝင်ကျမ်းပြု ဒုတိယအဖွဲ့တွင် ပါဝင်သော ပညာရှိ လူပုဂ္ဂိုလ်တို့မှာ (၁) ကန္နီအတွင်းဝန် မင်းကြီးမဟာမင်းခေါင်သင်္ခယာ၊ (၂) အရှင် နန်းမတော်ဖုရား ဝန် မိုင်းခိုင်းမြို့စား၊ ပိဋကတ်တော်အုပ် မဟာသီရိဇေယသူ၊ (၃) အိမ်ရှေ့အတွင်းဝန် မဟာမင်းလှသင်္ခယာ၊ (၄) စာရေးကြီး မင်းလှဇေယသူ၊ (၅)စာရေးတော်ခေါင်း နေမျိုးစည်သူရာဇာတို့ ဖြစ်လေသည်။


ဒုတိယမဟာရာဇဝင်ကြီးကို မှန်နန်းတော်ရှေ့ ဇေတဝန် ဆောင်တွင် ရဟန်းပညာရှိ၊ ပုဏ္ဏားပညာရှိ၊ မှူးမတ်ပညာရှိ တို့နှင့် ညှိနှိုင်းတိုင်ပင်ပြီးလျှင် အသင့်ယုတ္တိရှိရာ ကျောက်စာ၊ စာတမ်း၊ စာဟောင်း၊ မော်ကွန်း၊ အမိန့်တော် နေ့စဉ်မှတ်တမ်း တို့နှင့်အညီ ဆက်လက် ရေးသားခဲ့လေသည်။ ထိုဒုတိယ အမဟာရာဇဝင်ကြီးတွင် သက္ကရာဇ် ၁၁၈၃ ခုနှစ် နတ်တော်လ မဇ္ဈိမဒေသ မဟာဗောဒိပင်၊ အထူးထူးသော အတင်တော်၊ အလှူတော်များနှင့်တကွ စေလွှတ်တင်လှူသည့် အခန်းကစ၍၊ သက္ကရာဇ် ၁၂၁၆ ခုနှစ် (ခရစ် ၁၈၅၄ ခု) ဥကင် တော်ဖွင့် အခန်းတိုင် ပဌမထုပ်တွဲရေ ၇။ ဒုတိယထုပ် တွဲရေ ၃။ ၂ စု တွဲရေ ၁ဝ။ အင်္ဂါ ၂၆ အင်္ဂါကျော် ရှိသည်ဟု ပိဋကတ်သမိုင်း စာတမ်း၌ ဖော်ပြထားလေသည်။ ဤသို့အားဖြင့် မင်းတုန်းမင်းတရားလက်ထက် သက္ကရာဇ် ၁၂၁၆ ခုနှစ်အထိသာ ပြီးလေရာ၊ မင်းရဲသီဟ ဘွဲ့ခံ မြင်းမှူး မင်းသားကြီး၏သား၊ အငြိမ်းရိက္ခာတော်ရ ဝန်ထောက်၊ ကျက် သရေဆောင် ရွှေစလွယ်ရမင်း၊ အမှုထမ်းကောင်း တံဆိပ်ရ မင်းဘွဲ့များကိုရရှိသူ ဦးမောင်မောင်တင်သည် အင်္ဂလိပ်အစိုးရ မင်းတို့ လက်ထက် အမှုထမ်းရွက်နေစဉ် ၁၂၆၇ ခုနှစ်ကစ၍ စုဆောင်းရှာဖွေ ဆက်လက်ရေးသားခဲ့၍၊ ၁၂၈၄ ခုနှစ်တွင် အငြိမ်းစားနေထိုင်စဉ် ချဲ့ထွင် ပြင်ဆင် ရေးသားအောင်မြင် သဖြင့် သီပေါမင်း နတ်ရွာစံသည်အထိ ပြီးမြောက်လေသည်။ ပိဋကတ်သမိုင်း စာတမ်း၊ ရာဇဝင် စာရင်းတွင် ငါးဆူ ဒါယကာမင်း အမှားပုံ၊ ဟံသာဝတီမင်း အမှားပုံ၊ စလင်း မင်းသားကြီး မောင်အိုနှင့် အကြီးတော် မောင်ရေးတို့ စီရင်သော ရာဇဝံသ ဒီပက၊ စက္ကိန္ဒာဘိ သိရိ သဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိ ရာဇဂုရု ညောင်ကန်ဆရာတော် ဦးပုတ် စီရင်သော မဇ္ဈိမဒေသ သီဟဠဒီပ မြန်မာ ရာဇဝင်ချုပ်၊ ဟံသာဝတီ ဆင်ဖြူများရှင် လက်ထက်၊ ဝန်ကြီး ဗညားဒလ စီရင်သော ဟံသာဝတီ ဆင်ဖြူများရှင် အရေးပုံ၊ အလောင်းမင်း တရားကြီးလက်ထက် သံတော်ဆင့် လက်ဝဲနော်ရထာ စီရင် သော အလောင်း မင်းတရားကြီး အရေးပုံ၊ အလုံမြို့အထက် တိုက် မောင်းထောင်ရွာဇာတိ၊ တွင်းသင်းတိုက်ဝန်မင်းကြီး မဟာစည်သူ စီရင်သော အလောင်းမင်းတရားကြီး အရေးပုံ၊ အမည်မသိဆရာ စီရင်သော ဓမ္မစေတီအတ္ထုပ္ပတ္တိ စာတမ်း၊ မဟာပညာကျော် လျှောက်ထုံးနှင့်ရာဇဝင်ချုပ်၊ ဒုတိယကြေးနီ ကျောင်းနေ ကျော်အောင်စံထား ဆရာတော် စီရင်သော ဝံသဒီပနီ၊ ညောင်ကန်ဆရာတော် ကဝိန္ဒဘိ သိရိသဒ္ဓမ္မ ရာဇဓိရာဇဂုရု စီရင်သော ဝံသမာလာကျမ်း၊ မုံရွေးဆရာတော် စီရင်သော သာသနဝံသ ဒီပနီကျမ်းနှင့် ရာဇဝင်သံပေါက်၊ ပိဋကတ် တိုက်စိုး၊ ချောင်းဦးဆယ်ရွာစား ရမ္မသိရိကျော်ထင် စီရင်သော သာသနဝံသကျမ်း၊ တရားသူကြီး မြင်းခုံတိုင်မြို့စား၊ မင်းကြီး အတုလ မဟာဓမ္မိက ရာဇစီရင်သော ရာဇဝင် သံပေါက်၊ အတွင်းဝန် နေမျိုးသီဟသူစီရင်သော အမရပူရ မြို့သမိုင်း၊ ရဟန်းတော် ရှင်စန္ဒလင်္ကာ စီရင်သော မဏိရတနာပုံ အစရှိသော ရာဇဝင်ကျမ်းပေါင်း ၄ဝ စာရင်းကို ဖော်ပြထားလေသည်။


ခေတ်အပြောင်းအလဲ၊ ယဉ်ကျေးမှုအပြောင်းအလဲ ရှိလာ သည်နှင့်အမျှ ရာဇဝင်ဆိုင်ရာ အယူအဆတို့သည်လည်း ပြောင်းလဲခဲ့လေသည်။ ရှေးအခါက ဘုရင်ကြီးစိုးခဲ့၍ ရာဇဝင်မှာ မင်းတို့၏ အကြောင်းကို မူတည် ရေးရသောကြောင့် ရာဇဝံသ အမည်ပေးခဲ့ကြလေသည်။ ယခုခေတ်၌ မူကား ဘုရင်များ၊ နိုင်ငံကို အုပ်စိုးသူများ အကြောင်းထက် နိုင်ငံတွင်းနေ လူစု၏ အကြောင်းကို အဓိကထား၍ ရေးသားဖော်ထုတ်ရန် လိုလားလာ ကြလေသည်။ သို့ဖြစ်၍ ရာဇဝင်ဟူသော ဝေါဟာရအစား နိုင်ငံသမိုင်း၊ လူ့သမိုင်း စသည်ဖြင့် လွှဲပြောင်း ခေါ်လာကြ ခြင်း ဖြစ်လေသည်။ မြန်မာနိုင်ငံသည် လွတ်လပ်သော ပြည်ထောင်စု ခေတ်သို့ ရောက်လာသောအခါ၌ ခေတ်အလျောက် အမှန်ကန်ဆုံးနှင့် အပြည့်စုံဆုံးဖြစ်သော ပြည်ထောင်စု နိုင်ငံသမိုင်းကို ကျယ်ပြန့် ပြည့်စုံစွာ ရေးသားရန် လိုအပ်သဖြင့် နိုင်ငံတော်အစိုးရသည် ၁၉၅၅ ခုနှစ် ဇန္နဝါရီလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံသမိုင်း ကော်မရှင်အဖွဲ့ကို ဖွဲ့စည်းခဲ့လေသည်။


ကွယ်လွန်သူ ပညာမင်းကြီး စည်သူ ဦးကောင်းကိုလည်း ထိုသမိုင်းကော်မရှင ်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်လေသည်။ ထိုနောက် ယူနီဗာစီတီကောလိပ် ကျောင်း အုပ်ဟောင်း ဦးဖေမောင်တင်နှင့်ပါမောက္ခ ဒေါက်တာကျော်သက် တို့က ဥက္ကဋ္ဌ အဖြစ် ဆက်လက် ဆောင်ရွက်လျက် ရှိလေ သည်။


မြန်မာနိုင်ငံ သမိုင်းကော်မရှင် အဖွဲ့ ဆောင်ရွက်ရမည့် တာဝန်မှာ ရှိပြီးရာဇဝင်၏ အဆက်ကို ဆက်လက် ရေးသားရန် မဟုတ်ချေ။ လူတို့ အသိဉာဏ်မှီလောက်သည့် ကာလမှ ယနေ့ တိုင်ဖြစ်သော မြန်မာနိုင်ငံ၏ သမိုင်းအစစ်အမှန်ကို ရေးသားရန် ဖြစ်လေသည်။ တာဝန်မှာ ကျယ်ပြန့်သဖြင့် လုပ်ငန်းစေ့စပ် သေချာစွာ ပြီးမြောက်နိုင်ရေးအတွက် ဆပ်ကော်မရှင် ခေါ် ကော်မရှင်အဖွဲ့ခွဲမျာကို ဖွဲ့စည်းပြီးလျှင် အပြင်မှ ပညာရှင် တို့ကို မေတ္တာရပ်ခံ၍ ကော်မရှင် အဖွဲ့ခွဲများတွင် ပူးပေါင်း ကူညီဆောင်ရွက်မှုကို ရယူလျက် ရှိနေလေသည်။ ထိုကော်မရှင်အဖွဲ့ခွဲများကို သမိုင်းခေတ်အလိုက် ခွဲခြား သတ်မှတ်ထားရာ၊ အစောဆုံးကာလမှ ခရစ် ၁၃ဝ၁ ခုနှစ်ထိ (ကျောက်ခေတ်မှ ပုဂံခေတ် ကုန်သည်အထိ) ကာလကို ကော်မရှင်အဖွဲ့ခွဲ (က) အတွက်၎င်း၊ ၁၃ဝ၁ ခုနှစ်မှ ၁၇၅၂ ခုနှစ် ကုန်းဘောင်ခေတ်စသည်အထိ ကာလကို ကော်မရှင် အဖွဲ့ခွဲ (ခ) အတွက်၎င်း၊ ၁၇၅၂ ခုနှစ်မှ မြန်မာနိုင်ငံ ဗြိတိသျှ ပဌမနယ်ချဲ့စစ်အထိဖြစ်သော ၁၈၂၄ ခုနှစ်အထိကို ကော်မရှင် အဖွဲ့ခွဲ (ဂ) အတွက်၎င်း၊ ဗြိတိသျှတို့ ကြီးစိုးသောခေတ်ကို ကော်မရှင်အဖွဲ့ခွဲ (ဃ)အတွက်၎င်း အသီးအသီး ခွဲခြား သတ်မှတ်ထားလေသည်။


တဖန် ကော်မရှင်အဖွဲ့ခွဲ (က)ကို အရှေ့တိုင်းနှင့် မြန်မာ နိုင်ငံသမိုင်း အထူးပါမောက္ခ ဒေါက်တာ ဂျီ၊ အိပ်ချ်၊ လုစက ၎င်း၊ ကော်မရှင်အဖွဲ့ခွဲ (ခ)ကို ဇေယကျော်ထင် ဗိုလ်မှူးဘရှင် က၎င်း၊ ကော်မရှင်အဖွဲ့ခွဲ (ဂ)ကို အရှေ့တိုင်းနှင့် မြန်မာနိုင်ငံ သမိုင်းဌာန ပါမောက္ခ ဒေါက်တာ ကျော်သက်က၎င်း၊ ကော်မရှင်အဖွဲ့ခွဲ (ဃ)ကို နိုင်ငံသမိုင်းဌာန ပါမောက္ခဦးဘညွန့် က၎င်း၊ ကော်မရှင်အဖွဲ့ခွဲ (င)ကို အင်္ဂလိပ်စာဌာန ပါမောက္ခ သီရိပျံချီ ဦးမျိုးမင်းက၎င်း သမိုင်းဆိုင်ရာအထောက်အထား စုဆောင်းမှုနှင့် သုတေသန ပြုမှုတို့ကို ဆောင်ရွက်လျက် ရှိကြ လေသည်။ ကော်မရှင်အဖွဲ့ခွဲ (င)သည် မော်ကွန်းထိန်းတာဝန်ကို လည်း ယူရသည်။


နိုင်ငံသမိုင်း ကော်မရှင်အဖွဲ့သည် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ရှေးအကျဆုံးကာလမှ ယခုတိုင် ရေးထိုး၊ ရေးသား ထုတ်ဝေ လျက်ရှိသည့် ရနိုင်သမျှသော ကျောက်စာ၊ စာအုပ်စာတမ်း၊ မှတ်တမ်း၊ ဓာတ်ပုံ၊ ပန်းချီကား စသည်တို့ကို စုဆောင်း၍ သုတေသန လုပ်ငန်းအတွက် အားကိုးနိုင်သည့် ပိဋကတ်တိုက် နှင့် မော်ကွန်းတိုက်ကို စတင် တည်မိခဲ့လေပြီ။ နိုင်ငံတွင်းနှင့် နိုင်ငံမှ ပညာရှင်အပေါင်းတို့က ယုံကြည်စိတ်ချစွာ အထောက် အထားပြုနိုင်မည့် မြန်မာနိုင်ငံသမိုင်းကျမ်းကြီး ထွက်ပေါ်ရေး အတွက်ကိုလည်း အခြေချမိပြီ ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)