သာယာဝတီခရိုင်
သာယာဝတီခရိုင် | |
---|---|
ပဲခူးတိုင်းအတွင်းတည်နေရာ | |
ပဲခူးတိုင်းအတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 18°03′N 95°44′E / 18.050°N 95.733°Eကိုဩဒိနိတ်: 18°03′N 95°44′E / 18.050°N 95.733°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ပဲခူး |
မြို့နယ်ပေါင်း | ၆ |
မြို့တော် | သာယာဝတီမြို့ |
လူဦးရေ (၂၀၁၄) | ၁,၀၆၁,၄၆၇ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
သာယာဝတီခရိုင်သည် မြန်မာနိုင်ငံအောက်ပိုင်း ပဲခူးတိုင်းဒေသကြီးတွင်ပါဝင်၍ ၂၇၈၂ စတုရန်း မိုင်ကျယ်ဝန်းသည်။ ခရိုင်၏နယ်နိမိတ်တို့မှာ မြောက်ဘက်၌ ပြည်ခရိုင်၊ အရှေ့ဘက်၌ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်၊ တောင်ဘက်၌ ရန်ကုန်တိုင်းရှိ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အနောက်ဘက်၌ ဧရာဝတီမြစ်ဖြစ်သည်။ ခရိုင်အတွင်း၌ ၂၀၁၄ ခုနှစ်ခန့်မှန်းစာရင်းအရ လူဦးရေ ၁,၀၆၁,၄၆၇ ယောက်[၁]ဖြစ်၍ အတော်အတန်လူဦးရေထူထပ်သောခရိုင်တစ်ခုဟု ဆိုရပေမည်။ ခရိုင်၏မြေမျက်နှာပြင်သည် မြေနုမြေပြန့်များပြားသည်။
မြို့နယ်နှင့် မြို့များ
[ပြင်ဆင်ရန်]သာယာဝတီခရိုင်တွင်းရှိ မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။[၂]
- သာယာဝတီမြို့နယ်
- လက်ပံတန်းမြို့နယ်
- မင်းလှမြို့နယ်
- မင်းလှမြို့ (အောက်မင်းလှမြို့)
- အုတ်ဖိုမြို့နယ်
- မိုးညိုမြို့နယ်
- ကြို့ပင်ကောက်မြို့နယ်
၂၀၂၂ခုနှစ် ဧပြီလ (၃၀)ရက်နေ့တွင် သာယာဝတီခရိုင်အတွင်းမှ နတ်တလင်းမြို့နယ်နှင့် ဇီးကုန်းမြို့နယ် တို့အား နတ်တလင်းခရိုင် အတွင်းသို့လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ပထဝီဝင်
[ပြင်ဆင်ရန်]အနောက်ဘက်နယ်နိမိတ်အနီး ဧရာဝတီမြစ်နှင့် နီးကပ်သော အပိုင်းသည် နုံးမြေ လတာပြင်ကြီးဖြစ်သည်။ ခရိုင်၏အရှေ့ဘက်တွင်ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်တို့ကို ပိုင်းခြားပေးသော ပဲခူးရိုးမသည် ထိုနေရာမှ အမြင့်ပေ ၂ဝဝဝ ခန့်သာရှိသည်။ တောင်ရိုးသည် ဧရာဝတီမြစ်ဝှမ်း နှင့်စစ်တောင်း မြစ်ဝှမ်းတို့ကိုလည်း ပိုင်းခြားထားသကဲ့သို့ရှိပြီးလျှင် တောင်စောင်းများ၌ သစ်တော များထူထပ်စွာဖုံးအုပ်နေသည်။
ဧရာဝတီမြစ်သည် တောင်ဘက်နှင့်အရှေ့တောင်ဘက်ယွန်းယွန်း စီးဆင်းလာရာ ခရိုင် ၏နယ်နိမိတ်အဖြစ် စီးဆင်းသော အစိတ်အပိုင်း၏အလျားသည် ၆၄ မိုင်ခန့်ရှည်သည်။ ထိုအစိတ်အပိုင်းသည် သာယာဝတီခရိုင်နှင့်ဟင်္သာတခရိုင်တို့ကို ပိုင်းခြားထားလေသည်။
ခရိုင်အတွင်းအခြား အရေးပါသောမြစ်တစ်မြစ်မှာ မြစ်မခဖြစ်သည်။ ထိုမြစ်သည် ပြည်ခရိုင် တောင်ပိုင်းရှိ အင်းမ ဟုခေါ်သော အင်းအိုင်တစ်ခုတွင် မြစ်ဖျားခံ၍တောင်ဘက်သို့ ၅၃ မိုင်ခန့်စီးဆင်းပြီးနောက်တွင် မြစ်ကျိုးရွာ၌ မှော်ဘီခရိုင် အတွင်းသို့စီးဝင်ရာ ထိုနေရာမှစ၍ လှိုင်မြစ်ဟု အမည်တွင်သည်။ ထို့နောက်တောင်ဘက်သို့ ဆက်လက် စီးဆင်းလာသောအခါ ရန်ကုန်မြစ်ဟုလည်း ခေါ်တွင်သည်။ မြစ်မခမြစ်သည် သာယာဝတီခရိုင်အတွင်းမှ သစ်များမျှော ချရန် အရေးပါသောမြစ်ဖြစ်လေသည်။
ခရိုင်အတွင်း၌ နေရာများစွာတို့တွင် ဂဝံကျောက်များ ထွက်ရှိသည်ကိုတွေ့ရသည်မှတစ်ပါး အခြား အဖိုးတန် မြေတွင်းသယံဇာတပစ္စည်းများမထွက်ချေ။
သာယာဝတီခရိုင်သည် သစ်တောထူထပ်သော ဒေသ ဖြစ်ခဲ့သော်လည်း ယခုအခါလူနေအိမ်ခြေတိုးချဲ့လာသဖြင့် လည်းကောင်း၊ စိုက်ပျိုးရေးကို တိုးချဲ့လုပ်ကိုင်လာကြသဖြင့် လည်းကောင်း၊ သစ်တောဧရိယာများ ယုတ်လျော့လာလေသည်။ ယခင်ကခရိုင်အတွင်း၌ ကြိုးဝိုင်းသစ်တောဧရိယာစတုရန်းမိုင် ရ၃၆ ရှိခဲ့၍ အပသစ်တော စတုရန်းမိုင် ၆၁၃ ရှိခဲ့သည်။ ပဲခူးရိုးမ၏အနောက်ဘက်တောင်စောင်းများတွင် ကျွန်းတောကြီးများရှိ၍ ထိုကျွန်းတောများမှ အမျိုးအစား ကောင်းသော ကျွန်းသစ်များရရှိသည်။ ကျွန်းတောဟုဆိုရသောလည်း ပျဉ်းကတိုး၊ ပျဉ်းမလင်းကျော်စသည့် အခြား သစ်မာတို့လည်း ရောနှောပေါက်ရောက်သည်။ ဝါးတောများ ကိုလည်းတွေ့ရသည်။ ဆိုခဲ့သောရိုးမတောင်များ၏အစွန် ဂဝံကျောက် မြေမျိုးတို့တွင် ပေါက်ရောက်သော အင်တိုင်းတောများ အတွင်း၌အင်၊ အင်ကြင်း၊ သစ်ယာစသည်တို့ပေါက်ရောက်သည်။ နုံးတင်မြေနုများမှ ပေါက်ရောက်သော မြေပြန့်သစ်တောများသည် မိုးရာသီအခါ၌ရေမြုပ်နေတတ်သည်။ ထိုတောမျိုး၌ ကျွန်းပင်များကိုတွေ့ရခဲ၍ တွေ့ရသည်တိုင်အောင် အမျိုးအစားညံ့သည်။ မြစ်မခမြစ်ကမ်းပေါ်ရှိစံရွေး ရွာတွင်ရန်ကုန် သို့မျှောချသည့်သစ်များကို တိုင်းတာပြီးမှ ဆက်လက်မျှောချရသည်။ ခရိုင်အတွင်း၌လည်း သစ်စက်များရှိသည်။ ခရိုင်၏ မြောက်ဘက် မိုးပါးသောဒေသရှိသစ်တောများမှ ရှားစေး အမြောက်အမြား ထွက်လေသည်။
ရာသီဥတု
[ပြင်ဆင်ရန်]ရာသီဥတုမှာ အပူဆုံးလများဖြစ်သော ဧပြီလနှင့်မေလများတွင်ဖာရင်ဟိုက် ၁ဝ၇ ဒီဂရီအထိ အပူချိန်တက်၍ ဆောင်းရာသီအခါဖာရင်ဟိုက် ၅ဝ ဒီဂရီခန့်အထိ အပူချိန်ကျဆင်းသော်လည်း နှစ်စဉ်မိုးရေချိန်ပျမ်းမျှခြင်း ၈၈လက်မမျှ ရှိသဖြင့် သာယာဝတီခရိုင်သည် ပူပြင်းခြောက်သွေ့သည်ဟု မဆိုနိုင်ပေ။ သို့သော် ခရိုင်၏မြောက်ဘက် ပိုင်းသို့ ရောက်လေလေ၊ မိုးရေချိန်နည်းပါးလာလေလေဖြစ်သည်။ ခရိုင်အတွင်းမိုးရေချိန် သင့်တင့်စွာရရှိ၍ မြေနိမ့် မြေပြန့်ပိုင်းသည်နုံးတင်မြေနုများ များပြားသဖြင့်မြေဩဇာ ကောင်းမွန်သောကြောင့် သာယာဝတီခရိုင်သည် စိုက်ပျိုးရေး ကောင်းမွန်သောခရိုင်တစ်ခုဖြစ်သည်။ ဆန်စပါးကိုအဓိက ထား၍ စိုက်ပျိုးလုပ်ကိုင်သည်။ ဆန်စပါး၏နောက် စိုက်ပျိုးလုပ်ကိုင်ကြသောကောက်ပဲသီးနှံတို့မှာပြောင်း၊ ပဲကြီး၊ ပဲကျား၊ ကုလားပဲစသောပဲအမျိုးမျိုး၊ နှမ်း၊ မြေပဲ၊ ဆေး၊ ငရုတ်၊ကြက်သွန်၊ ကြံငှက်ပျောနှင့် ဟင်းသီးဟင်းရွက်များ ဖြစ်ကြပေသည်။ ပဲအမျိုးမျိုးနှင့်ငရုတ် ကြက်သွန် ဆေးရွက်တို့ကို မြစ်ကမ်းဘေးလတာပြင်များ၌ စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးသစ်ဥနှင့်ကြံတို့ကိုကုန်းပိုင်း ပို၍မြင့်သောဒေသများ၌ ခြံဥယျာဉ်များဖြင့်စိုက်ပျိုး ကြသည်။ ပဲခူးရိုးမ ၏တောင်စောင်းခြေရင်းတွင် ရှမ်းလူမျိုးအချို့တို့သည် အချို့ကတောင်ယာများလုပ်ကိုင်၍ ဝါ၊ ပြောင်း၊ ပိန်းဥ၊ မြောက်ဥတို့ကိုစိုက်ပျိုးကြသည်။ ခရိုင်၏တောင်ဘက်သဲဆန်သောမြေမျိုးရှိသည့် အရပ်ဒေသများတွင် မြေပဲခင်းများကို တွေ့ရလေသည်။
လူနေမှုနှင့် စီးပွားရေး
[ပြင်ဆင်ရန်]သာယာဝတီခရိုင်အတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများတွင် မြန်မာတို့သည်လူဦးရေ အများဆုံး ဖြစ်၍ ကရင်လူမျိုးတို့ကိုလည်း အတော်အသင့်များပြားစွာတွေ့ရသည်။ ထို့ပြင်ရှမ်းလူမျိုးများကိုလည်း ကွက်တိကွက် ကျားတွေ့ရသည်။ ပဲခူးမှော်ဘီခရိုင်များနှင့် နီးစပ်သော်လည်း မွန်လူမျိုး များကို မတွေ့ရချေ။ အခြားခရိုင်များနည်းတူ နိုင်ငံခြားသားတရုတ်၊ အိန္ဒိယစသောအမျိုးသားများလည်းရှိသည်။ ခရိုင်၏လူဦးရေ ၇၆% သည် လယ်ယာ စိုက်ပျိုးရေးဖြင့် အသက်မွေး ဝမ်းကျောင်းကြသည်။ အခြားလုပ်ငန်းများမှာ သစ်လုပ်ငန်းမှ လွဲလျှင် ရက်ကန်းရက်ခြင်း (အထူးသဖြင့်ဇီးကုန်းမြို့နယ်၌) နှီးချောဖျာရက်ခြင်း၊ ဝါးထရံရက်ခြင်းစသော အိမ်တွင်းမှုလုပ်ငန်းများကိုလုပ်ကိုင်ကြ လေသည်။
သာယာဝတီခရိုင်အတွင်း ဧရာဝတီမြစ်နှင့် မြစ်မခ မြစ်ဝှမ်းတစ်လျှောက်တွင် အင်းများရှိသည်။ ထို့ပြင် ကုန်းတွင်းကျသောဒေသများ၌လည်း အင်းများရှိ၍ အင်းလုပ်ငန်းသည် သာယာဝတီခရိုင်၏ အရေးပါသောလုပ်ငန်းတစ် ရပ်ဖြစ်သည်။ ဝင်ငွေကောင်းသောနာမည်ကြီးအင်းနှစ်အင်းမှာ တစ်ပင်ချောင်း နှင့်ကြာဖက်အင်းတို့ဖြစ်ကြသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၈ ရာစုနှစ်က သာယာဝတီဟုခေါ်တွင်သော ဒေသသည် ဧရာဝတီမြစ်နှင့်ပဲခူးရိုးမအကြားတွင်ရှိ၍ မင်းညီ မင်းသားတို့အပိုင်စားရသော ကံကျွေးနယ်တစ်နယ်ဖြစ်ကြောင်း သိရသည်။ ထိုနယ်သည် မြောက်ဘက်တူးမြောင်း ချောင်းမှသည် တောင်ဘက်သုံးဆယ်ချောင်းအထိမိုင် ၃ဝ ခန့်ရှည်၍ အကျယ်အားဖြင့်မိုင် ၉ဝ ခန့်ဟု အကြမ်းဖျင်း ခန့်မှန်းရသည်။ ယင်းဒေသကိုတိုက်နယ် ၂ဝ ပိုင်းခြားပြီးလျှင်ထိုတိုက်နယ်တို့သည် သာယာဝတီမြောက်ပိုင်းနယ်တွင် တစ်စု၊ သာယာဝတီ တောင်ပိုင်းနယ်တွင်တစ်စု ပါဝင်ကြသည်။ သာယာဝတီနယ် မြောက်ပိုင်းနှင့်တောင်ပိုင်းကို စစ်ကဲကြီးတဦးစီကအုပ်ချုပ်ရ၍ မြောက်ပိုင်း၏ ရုံးစိုက်မြို့သည် မင်းကြီးမြို့ဟု ခေါ်တွင်လျက် တောင်ပိုင်း ၏ရုံးစိုက်မြို့သည် မိုးညိုမြို့ဖြစ်သည်။
သာယာဝတီဟု ခေါ်တွင်ရခြင်းမှာ သာရဝန္တဟူသောပါဠိစကားမှ ဆင်းသက်လာ၍ ပေါများကြွယ်ဝခြင်း ဟူသော အနက်ကိုဆောင်သည်။ သာယာဝတီခရိုင်အတွင်း သစ်တော များပေါများခြင်း၊ ဆန်စပါးအထွက်များခြင်းတို့ ကြောင့် အခွန်အတုတ်အများပြားရရှိနိုင်ခြင်းကိုအကြောင်းပြု၍ မှည့်ခေါ်သည်ဟုဆိုကြသည်။ ရှေးကသာယာဝတီသည် ဟံသာဝတီ မွန်တိုင်းပြည်၏တစ်စိတ်တစ်ဒေသဖြစ်ခဲ့ရာ အလောင်းမင်းတရားကြီးလက်ထက်ခရစ်နှစ် ၁ရ၅၃ ခုတွင်မှ မြန်မာနိုင်ငံတွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်ပေသည်။
၁၉ ရာစုနှစ် အစပိုင်းလောက်တွင် ကုန်းဘောင် ဆက်မင်းတစ်ပါးဖြစ်၍ နောင်အခါသာယာဝတီမင်းဟူ၍ လည်းကောင်း၊ ရွှေဘိုမင်းဟူ၍လည်းကောင်း၊ ကုန်းဘောင်မင်း ဟူ၍လည်းကောင်း၊ ဘွဲ့နာမံဖြင့်ထင်ရှားသောမင်းသည် အိမ်နိမ့်စံ ဘဝတွင် သာယာဝတီနယ်ကိုအပိုင်စားခဲ့ရသဖြင့် သာယာဝတီ မင်းသားဟု ခေါ်ဝေါ်ကြသည်။ အထွတ်အထိပ်သို့ ရောက်လာသည့်နောက်တွင်လည်း ယင်းသည်ကိုအကြောင်းပြု၍ သာယာဝတီမင်းဟု ခေါ်တွင်ခဲ့ခြင်းဖြစ်လေ သည်။ ထိုမင်းသည်မင်းသားဘဝတွင် နောင်တော်ဘကြီး တော်မင်းတရားအား နန်းချရန်သာယာဝတီနယ်အတွင်းရှိ ယခုမြို့တွင်းဟုခေါ်ကြသောအရပ်တွင် လာရောက်နေထိုင်ကာ လူသူလက်နက်စုဆောင်း ခဲ့သည်ဟုဆိုလေသည်။ မြို့ တွင်း၌ မင်းသားလာရောက်စံမြန်းနေထိုင်ခဲ့ဘူးသဖြင့် ကျုံးနှင့်မြို့ရိုး အပျက်အစီးများကို တွေ့ကြရသည်။ မြို့တွင်းကို သာယာဝတီ ဟုလည်း ခေါ်ဝေါ်ကြရာနောင်အခါအင်္ဂလိပ်မင်းတို့လက်ထက်တွင် ခရိုင်ရုံးစိုက်မြို့၏အမည်ကိုရွေးချယ်သောအခါ ထိုအမည်ကို ယူခြင်းဖြစ်သည်ဟုလည်း အချို့ကဆိုကြသည်။
၁၈၅၂ ခုနှစ်တွင်မူ ထိုနယ်ကို သာရဝေါ၊ မြန်အောင်နယ်တို့နှင့်ပူးပေါင်းကာ သာရဝေါခရိုင်ဟုခေါ်တွင်၍ ဦးပိုအမည်ရှိသောမြို့ဝန်တစ်ဦးကအုပ်ချုပ်လေသည်။ ဒုတိယ အင်္ဂလိပ်•မြန်မာစစ်ပွဲအပြီးတွင်ပဲခူးတိုင်းကိုအင်္ဂလိပ်တို့ သိမ်းပိုက် လိုက်သောအခါ သာရဝေါခရိုင်သည်လည်း အင်္ဂလိပ်အစိုးရ လက်အောက်ခံဖြစ်လာလေသည်။
အင်္ဂလိပ်အစိုးရသည် ၁၈၅၄ ခုနှစ်တွင် သာရဝေါ ခရိုင်ကဧရာဝတီမြစ်အရှေ့ဘက်ကမ်း တစ်လျှောက်ကို သာယာဝတီခရိုင်အဖြစ် သတ်မှတ်ပိုင်းခြား၍ ခွဲထုတ်လိုက်ပြီးလျှင် ရေခင်းတွင် ရုံးစိုက်မြို့ထားရန်စီစဉ်သည်။ သို့သော် ရေခင်းသည် မိုးရွာသည့်အခါခြေခင်းလက်ခင်းမသာယာသဖြင့် နှစ်မိုင်ခန့် ကုန်းတွင်းဘက်ကျသော မင်းကြီးရွာတွင် အစိုးရရုံး၊ ထောင်စသည့် အဆောက်အအုံများကိုဆောက်လုပ်ရသည်။ သို့သော် နယ်အခြေအနေ မငြိမ်မသက်ရှိနေ သဖြင့် အုပ်ချုပ်ရေးလွယ်ကူစေရန် ၁၈၆၁ ခုနှစ်တွင် သာယာဝတီခရိုင်ကိုဟင်္သာတခရိုင်နှင့် ပူးပေါင်းလိုက်ပြီးလျှင် ဟင်္သာတတွင် လည်းကောင်း၊ မြန်အောင်တွင် လည်းကောင်း ခရိုင်ရုံးစိုက်ခဲ့သည်။ နယ်အခြေအနေ အတော်အတန် ငြိမ်သက်လာသောအခါ ၁၈၇၃ ခုနှစ်တွင် သာယာဝတီကိုသီးသန့်ခရိုင်အဖြစ် ဟင်္သာတခရိုင်မှ ခွဲထုတ် ပြန်လေသည်။
သာယာဝတီခရိုင်၏ နယ်နိမိတ် အပိုင်းအခြားသည် လည်းကောင်း၊ ခရိုင်၏မြို့နယ်များတွင်လည်းကောင်း၊ အမျိုးမျိုးအပြောင်းအလဲရှိခဲ့သည်။ သီးသန့်ခရိုင်ဖြစ်လာသောအခါ ရုံးစိုက်မြို့အဖြစ်ထားရန် မြို့ကိုရွေးချယ်ကြသည်။ မီးရထား လမ်းမြို့များဖြစ်သောသုံးဆယ် လက်ပံတန်း စသည်တို့ကိုလည်း အုပ်ချုပ်ရေးအတွက် အချက်အချာမကျဟူ၍ အာဏာပိုင်များကသဘောမကျချေ။ ၁၈၇၈ ခုနှစ်တွင်မှ ယခု သာယာဝတီမြို့ တည်ထားသောနေရာကို ရွေးချယ်သတ်မှတ်ကြ သည်။ ထိုနေရာကိုအုပ်ချုပ်ရေးလွယ်ကူမှုအတွက် ရုံးစိုက် မြို့တည်ရန်ရွေးချယ်ခဲ့သော်လည်း ယင်းနေရာမှ တောင်ဘက် နှစ်မိုင်အကွာတွင်ရှိသော သုံးဆယ်မြို့သည် အရောင်းအဝယ် အချက်အချာကျသဖြင့် အိမ်ခြေ ပိုမိုများပြား၍ စည်ကား လေသည်။
ခရိုင်အတွင်း၌ ကြို့ပင်ကောက်၊ လက်ပံတန်း၊ သုံးဆယ်၊ နတ္တလင်း၊ ဇီးကုန်းနှင့်မင်းလှမြို့များ တွင်မြူနီ စီပယ် အဖွဲ့များရှိသည်။ သာယာဝတီခရိုင် ဒေသန္တရကောင်စီအဖွဲ့ကို ၁၉၂၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ခရိုင်၏ထွက်ကုန်များဖြစ်သောဆန်စပါး၊ သစ်၊ ဝါး၊ ငရုတ်၊ ကြက်သွန်စသည်တို့ကို ရန်ကုန်မြို့သို့အများ ဆုံးတင် ပို့ကြလေသည်။
သယ်ယူပို့ဆောင်ရေး
[ပြင်ဆင်ရန်]ကူးသန်းသွားလာရေးအတွက်ခရိုင်အတွင်း၌ ကုန်းလမ်း ရေလမ်းနှစ်မျိုး လုံးကိုပင်အသုံးပြု ကြသည်။ ရေလမ်းတွင်မြစ်မခမြစ်သည်အသုံးဝင်ဆုံးဖြစ်သည်။ မီးရထားလမ်းများ မဖွင့်မီကဆန်စပါးစသောခရိုင်မှ ထွက်ကုန် ပစ္စည်းများ ရန်ကုန်သို့ သယ်ယူပို့ဆောင်ရေးအတွက် ထိုမြစ် ကြောင်းကိုပင်အသုံးပြုကြရသည်။ မီးရထား လမ်းဖွင့်ပြီး နောက်တွင် ရန်ကုန်နှင့်ဆက်သွယ်ရေးအတွက် ထိုမြစ်ကြောင်းကို အသုံးနည်းသွားသော်လည်း လက်ပံတန်းမြို့ဈေး သို့ပို့ ဆောင်သည့် ကုန်စိမ်းနှင့်သားငါးများကို ထိုမြစ်ကြောင်းဖြင့် ပို့ဆောင်ကြလေသည်။ တောင်ညို၊ ဘီးလင်း ကတင်း ချောင်းတို့ကိုမူ သစ်မျှောချောင်းများအဖြစ်အသုံးပြုကြသည်။ ဧရာဝတီမြစ်သည် ခရိုင်၏အနောက်ဘက်နယ်နိမိတ်ဖြစ်ပေရာ ထိုမြစ်ကြောင်းအတွင်း ကူးသန်းသွားလာနေကြသော ပ၊ရ၊သ၊ဖ သင်္ဘောများလည်းရှိလေသည်။
ခရိုင်အတွင်း ကုန်းလမ်းခရီးအတွက် မီးရထားလမ်း ကိုလည်းကောင်း၊ မော်တော်ကားလမ်းကိုသော်လည်းကောင်း အသုံးပြုနိုင်ကြလေသည်။ ခရိုင်၏အနောက်ဘက်ပိုင်းတွင် မြစ်မခမြစ်၏ လတာပြင်ကြီးသည်မိုးရာသီ အခါ အကျယ် ကိုးမိုင်ခန့်ရေမြုပ်နေတတ်သဖြင့် ထိုဘက်ပိုင်းတွင်မူ ကုန်းလမ်း ခရီးလမ်းပန်းအဆက်အသွယ် နည်းလေသည်။ ရန်ကုန်•ပြည်မီးရထားလမ်းသည် ခရိုင်တစ်ခုလုံးကို ဖြတ်သန်းသွားသည်။ ၁၈၇၇ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သော ထိုမီးရထားလမ်းသည်သာယာဝတီခရိုင်အတွင်း၌ ယင်းထက် နှစ်အနည်းငယ်စော၍ ပြီးစီးသောရန်ကုန်• ပြည်မော် တော်ကား လမ်းမကြီးနှင့် ယှဉ်ပြိုင်လျက်ရှိ၏။ ခရိုင်အတွင်း ၆၁ မိုင်မျှဖြတ်သန်းသွားရာ ထိုမျှသောခရီးအကွာအဝေး အတွင်း ဘူတာရုံ ၁၃ ရုံရှိ၏။ ဇီးကုန်း၊ ကြို့ပင်ကောက်၊ မင်းလှ၊ လက်ပံတန်း သုံးဆယ်မြို့တည်းဟူသော မြို့နယ် ရုံးစိုက်မြို့များသည် အရောင်းအဝယ်စည်ကားသော မီးရထား လမ်းမြို့များဖြစ်ကြလေသည်။
ခရိုင်၏အနောက်ဘက်ပိုင်းတွင် တစ်ခုတည်းသော ကုန်းလမ်းခရီးအဆက်အသွယ်မှာ လက်ပံတန်းမှ သာရဝေါ သို့ခွဲထွက်သောမီးရထားလမ်းခွဲဖြစ်သည်။ သာရဝေါမှ ကူးတို့နှင့်ကူးလျှင် တစ်ဘက်ကမ်းရှိ ဟင်္သာတသို့ရောက်၍ ဟင်္သာတ•ပုသိမ်မီးရထားလမ်းနှင့် ဆက်နိုင်လေသည်။ ခရိုင်အတွင်း ဖြတ်သန်းသွားသော ရန်ကုန်•ပြည်ကားလမ်းမကြီးမှ ခရိုင်အတွင်းလမ်းခွဲများရှိသည်။ ယင်းတို့ မှာသုံးဆယ်မှ စံရွေးသို့ငါးမိုင်၊ ကျွန်းကလေးမှ မြားချောင်းသို့ ကိုးမိုင်၊ ကျွန်းကလေးမှ လက်ပံတန်းသို့ နှစ်မိုင်၊ ကျွန်းကလေးမှ ပေါက်တောသို့ ၁၂ မိုင်နှင့်မင်းလှသို့ ၁၉ မိုင်၊ ရှမ်းတောမှ ပေါက်တောသို့ ကိုးမိုင်၊ ဂုန်ညင်းတန်းမှ အိုးသည်ကုန်းသို့ ၂မိုင်၊ အုတ်ဖိုမှ တိမ်မြုပ်သို့ ၆မိုင်၊ ကြို့ပင် ကောက်မှမြို့တွင်းသို့ ၇ မိုင်နှင့် ဇီးကုန်းသို့ ၁၄ မိုင်၊ ဇီးကုန်းမှ တာပွန်သို့ ၁၂ မိုင်နှင့် ကန်ကြီးသို့ ၇ မိုင်၊ နတ္တလင်းမှ ကုန်းသာသို့ ၇ မိုင်အသီးသီး ဖြစ်ကြလေသည်။
သာယာဝတီခရိုင်အတွင်း၌ ကိုလိုနီခေတ်အဆောက်အဦးများကိုတွေ့နိုင်သော်လည်း တန်ခိုးကြီးဘုရားစေတီများ၊ ရာဇဝင်သမိုင်းနှင့်စပ်လျဉ်းသော စေတီပုထိုးနှင့် ရှေးဟောင်း အဆောက်အအုံများ ကြီးကြီးကျယ်ကျယ် ထင်ထင်ရှားရှား မရှိချေ။ ၁၉၃ဝ ပြည့်နှစ်ဒီဇင်္ဘာလတွင် တနိုင်ငံလုံးတွင်ထိခိုက်လျက်ရှိသော စီးပွားရေးကြပ်တည်းမှုကို အကြောင်းပြု၍ သာယာဝတီခရိုင်မှ ဆရာစံခေါင်းဆောင်သော တောင်သူလယ်သမားများသည် ဗြိတိသျှအစိုးရအား တော်လှန်ပုန်ကန်ခဲ့သည်။ ထိုတောင်သူလယ်သမားအရေးတော်ပုံသည် ဖျာပုံခရိုင်ဒေးဒရဲမြို့နယ်၊ အင်းစိန်ခရိုင် ထန်းတစ်ပင်မြို့နယ်တို့သို့လည်းကူးစက်ခဲ့၍ ဗြိတိသျှအစိုးရသည် နှစ်နှစ်ခန့်နှိမ်နင်းခဲ့ရသည်။ ထိုတောင် သူလယ်သမား အရေးတော်ပုံကြောင့် သာယာဝတီခရိုင်သည် နာမည်သတင်းကြီးခဲ့လေသည်။ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၇၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 25, 2015 တွင် ပြန်စစ်ပြီး
- ↑ မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲရေးဌာန။ 1 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2015 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)