ရေနံချောင်းမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရေနံချောင်းမြို့
မြန်မာနိုင်ငံရှိ မြို့များ
ရေနံချောင်းမြို့ဝင်ဆိုင်းဘုတ်
ရေနံချောင်းမြို့ဝင်ဆိုင်းဘုတ်
ရေနံချောင်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရေနံချောင်းမြို့
ရေနံချောင်းမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°27′N 94°52′E / 20.450°N 94.867°E / 20.450; 94.867
နိုင်ငံအမည်  မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင် မကွေး
မြို့နယ် ရေနံချောင်းမြို့နယ်
လတ္တီကျု (၂၀)ဒီဂရီ၊ (၂၇)မိနစ်
လောင်ဂျီကျု (၉၄)ဒီဂရီ၊ (၅၂)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ ရေနံချောင်းမြို့
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ရေနံချောင်းမြို့သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးမကွေးခရိုင်ရေနံချောင်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည့်အပြင် စစ်ပြီးခေတ်၌ မကွေးတိုင်းမင်းကြီးနှင့် မကွေးခရိုင်ဝန်တို့ ယာယီရုံး စိုက်ရာမြို့လည်း ဖြစ်ခဲ့သည်။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိ၍ မကွေးမြို့အထက် ၂၉ မိုင်ခန့် ကွာဝေးသည်။ ရှေးအခါက ဆိပ်သာကွန်းထောက်မြို့၊ ထိုမှတစ်ဖန် ရေနံ့သာမြို့ဟု တွင်ခဲ့၍ ထိုနောက်တွင် ရေနံချောင်းမြို့ဟု ခေါ်တွင်သည်ဟု ဆိုလေသည်။ ရေနံချောင်းမြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၄၅,၁၂၀ ဦး[၁] ဖြစ်သည်။ မြို့သည် မညီညာသော ကုန်းမြင့်ပေါ်တွင် တည်ရှိသောကြောင့် မြို့ထဲရှိလမ်းများမှာ အတက်အဆင်း အလွန်များလေသည်။

ရေနံချောင်းမြို့သည် မြန်မာနိုင်ငံ၌ ရေနံ အများဆုံးထွက်သော မြို့ဖြစ်၍ ရေနံလုပ်ငန်းများ ရှိသောကြောင့် မကွေးခရိုင်တွင် အစည်ကားဆုံးမြို့ ဖြစ်လေသည်။ ရေနံတွင်းများကို မြို့နှင့် သုံးမိုင်ခန့်ဝေးသော တွင်းကုန်းနှင့် ဘေးမဲ့အရပ်တို့တွင် အများဆုံးတွေ့ရသည်။ နိုင်ငံတော်အစိုးရက ရေနံချောင်း ရေနံမြေဟု စတုရန်းမိုင် ၈ဝ ခန့်ရှိသော မြေကွက်ကို သတ်မှတ်ထားသော်လည်း ရေနံမြေအစစ်မှာ စတုရန်းမိုင် သုံးမိုင်ခန့်သာ ရှိသည်။ ရေနံအများဆုံးထွက်သော ဧရိယာမှာကား ၁ ၁/၄ စတုရန်းမိုင်ခန့်သာ ရှိလေသည်။ ရေနံလုပ်ငန်းကို ကာလရှည်ကြာစွာ ဘီအိုစီကုမ္ပဏီ အမှူးပြုသော နိုင်ငံခြားအရင်းရှင် ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ်ကာ လုပ်ကိုင်လာခဲ့ရာ ၁၉၅၄ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် ဘီအိုစီကုမ္ပဏီတို့ ဖက်စပ်လုပ်ငန်းကြီးတစ်ရပ်အဖြစ် လုပ်ကိုင်လာခဲ့သည်။ သို့သော် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည် ရေနံလုပ်ငန်းဆိုင်ရာ နိုင်ငံခြားကုမ္ပဏီများ၏ ပိုင်ဆိုင်ခွင့်အရပ်ရပ်ကို တရားနည်းလမ်းအရ ဆွေးနွေးညှိနှိုင်းကာ ဝယ်ယူခဲ့သဖြင့် ထိုကုမ္ပဏီများသည် ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ အစပြု၍ မြန်မာတိုင်းရင်း သားများလက်သို့ လုံးလုံးလျားလျား ပြန်လည်ရောက်ခဲ့လေသည်။

ရေနံများကို ယခင်က ရေနံချောင်းမှ ရန်ကုန်တစ်ဖက်ကမ်းရှိ သန်လျင်မြို့သို့ ဓာတ်ဆီချက်လုပ်ရန် ပိုက်လုံးကြီးများ ဖြင့် ပို့ပေးခဲ့လေသည်။ သို့သော် ယခုအခါ တွဲသမ္ဗန်ကြီးများ တွင် ထည့်၍ တွန်းသင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရလေသည်။ ရေနံချောင်းမြို့သည် သင်္ဘောဆိပ်ကမ်းမြို့ ဖြစ်သည့် အပြင် မကွေး၊ ချောက်မြို့များနှင့်လည်း မော်တော်ကားလမ်းများဖြင့် ဆက်သွယ်ထားလေသည်။

ရေနံထွက်ရာ ဗဟိုဌာနဖြစ်သည့်အားလျော်စွာ ရေနံ လုပ်ငန်းဆိုင်ရာ အဆောက်အအုံကြီးများ၊ အစိုးရရုံးများ၊ ကျောင်းများ၊ ဆေးရုံ စသည်တို့ ရှိလေသည်။

ရေနံချောင်းမြို့ပေါ်တွင် ထင်ရှားသော ဘုရားစေတီများမှာ စနေနံဘုရား၊ ရွှေဘုံသာစေတီနှင့် ပင်းစက္ကလံပြစေတီ (ပင်းဘုရား)တို့ ဖြစ်လေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၆. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)