ချားလ် ဘားနာဒ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရန်ကုန်မြို့ဒုတိယကမ္ဘာစစ် မဖြစ်မီက အလွန်ထင်ရှားခဲ့ သော ဗားနတ်ပိဋကတ်တိုက် ကို မတည်ဖွင့်လှစ်ခဲ့သူ ဆာ ချား အက်ဒွပ် ဗားနတ် သည် အင်္ဂလိပ်တို့ မြန်မာနိုင်ငံ အားလုံးကို သိမ်းပိုက်စဉ်က အင်္ဂလိပ် အစိုးရ၏ မဟာဝန်ရှင်တော်မင်းကြီး အဖြစ် အောက်မြန်မာနိုင်ငံ၌ အမှုထမ်းလျက် ရှိသည်။

ဘားနာဒ်ပိဋကတ်တိုက် ကို တည်ထောင်သူ ဆာချားဘားနာဒ်

ဗားနတ်ကို ၁၈၃၇ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ ဗရစ္စတိုမြို့၌ ဖွားမြင်သည်။ ဖခင် ဖြစ်သူမှာ ဆရာဝန် ဂျိမ်းဖိုဂိုဗားနတ်ဖြစ်သည်။ ၁၈၅၁ ခုနှစ်တွင် ရပ်ဂဗီ ကျောင်းသို့ ဝင်ရောက် ပညာသင်ကြား၍၊ ၁၈၅၅ ခုနှစ်တွင် စစ်တပ်သို့ ဗိုလ်လောင်းအဖြစ် ဝင်ရောက် အမှုထမ်းသည်။နောက်နှစ်တွင် ဟေလီဗာရီကောလိပ်၌ တက်ရောက် သင်ကြား ခွင့်ရသည်။ ယင်းကောလိပ်တွင် သင်္ချာ ဘာသာ၊ ပါးရှင်းဘာသာ နှင့် ဟိန္ဒူစတန္နီ ဘာသာတို့၌ ထူးချွန်သဖြင့် ဆုများရရှိကာ၊ ၁၈၅၇ ခုနှစ်တွင် အောင်စာရင်းထွက်သောအခါ ဘင်္ဂလားနယ် တစ်နယ်လုံးတွင် ပထမရရှိသည်။

၁၈၅၈ ခုနှစ်တွင် ပဋိညာဉ်ခံဝန်ထမ်းအဖွဲ့ဝင် ဖြစ်ပြီးနောက် ပန်ဂျပ်ပြည်နယ်တွင် ဦးလေးတော် ဆာဇွန်လောရင့် လက်အောက် ၌ ဝင်ရောက် အမှုထမ်းသည်။ ထိုနောက် အိန္ဒိယနိုင်ငံ စင်ထရယ် ပရော်ဗင့်ပြည်နယ်တွင် မဟာဝန်ရှင်တော်မင်းကြီးများ ဖြစ်သော ဆာ ရောဗတ်တင်ပယ်နှင့် ဆာ ဂျော့ကင်းဗဲ တို့ လက်အောက်တွင် အမှုထမ်းရာ ထင်ရှားလာသည်။ ၁၈၆၂ ခုနှစ်တွင် ရစ်ချတ်တော်နီ ၏ သမီးနှင့် ကလကတ္တားမြို့တွင် လက်ထပ်သည်။ ၁၈၇၅ ခုနှစ်တွင် စီအက်(စ)အိုင်ဘွဲ့ဖြင့် အိန္ဒိယအစိုးရက ချီးမြှင့်သည်။ ၁၈၈၇ ခုနှစ်တွင် ဆာရစ်ချတ်တင်ပယ် ခေါင်းဆောင် သည့် ငတ်မွတ် ခေါင်းပါးမှု ကယ်ဆယ်ရေး ကော်မရှင်တွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီးနောက် ဘင်္ဂလားပြည်နယ် အစိုးရ အတွင်းဝန်၊ ထိုနောက် အိန္ဒိယအစိုးရ ပြည်ထဲရေး ဌာန အတွင်းဝန် ဖြစ်လာသည်။ အိန္ဒိယနိုင်ငံ မြူနီစီပယ် အုပ်ချုပ်ရေး တိုးတက် ကောင်းမွန်လာခြင်းမှာလည်း ဆာ ချားဗားနတ် ၏ ကျေးဇူးနှင့် မကင်းချေ။

၁၈၈၀ ပြည့်နှစ်တွင် ဆာချားဗားနတ်သည် အောက်မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်း ခံရသည်။ ၁၈၈၃ ခုနှစ်တွင် ရန်ကုန်မြို့၌ အခလွှတ်စာကြည့် တိုက်တစ်ခု မတည်ဖွင့်လှစ်ပေးရာ၊ သူ့အား ဂုဏ်ပြုသောအားဖြင့် ဗားနတ်ပိဋကတ်တိုက်ဟု မှည့်ခေါ်သည်။အထက် မြန်မာနိုင်ငံ ကို ဗြိတိသျှတို့ သိမ်းပိုက်လိုက်သောအခါ ဆာချားဗားနတ် ကိုပင် အထက်အောက်မြန်မာနိုင်ငံဆိုင်ရာ မဟာဝန်ရှင်တော် မင်းကြီး အဖြစ် ခန့်အပ်သည်။ ယင်းသို့သော မငြိမ်မသက်ချိန် မျိုးတွင် အုပ်ချုပ်ရေးအပြောင်းအလဲကို တာဝန်ယူထမ်းဆောင်ရသော ဆာ ချားဗားနတ် ၏ လုပ်ငန်းမှာ အတော်ပင် ကြီးလေးလှသည်။ သို့ရာတွင် ဆာချားဗားနတ်၏ ထူးခြားလှသောစွမ်းရည်ကြောင့် အစစအရာရာ အဆင်ပြေ အောင်မြင်ခဲ့သည်။

သူ၏အကြောင်းကို လုပ်ဖော်တစ်ဦး ဖြစ်သူ ဆာဟားဗတ်သာကယ်ဝှိုက်က သူ၏ 'မြန်မာနိုင်ငံ၌ ပဋိညာဉ်ခံ ဝန်ထမ်းတစ်ဦး'ဟူသော စာအုပ်၌ ဆာချားဗားနတ် သည် ပြည်သူလူထုအပေါ် လေးစားကြင်နာတတ်သူ ဖြစ်သည်။ ကိန်းကြီးခန်းကြီး လုပ်ရမည်ကို အလွန် စက်ဆုပ်သူလည်း ဖြစ်သည်။ ကျရောက်လာသော တာဝန်နှင့် ဝတ္တရားကို ဦးလည် မသုံ စွမ်းအားရှိသမျှ ဆောင်ရွက်တတ်သည်။သူကိုယ်တိုင်လည်း စည်းကမ်း လိုက်နာ တတ်၍ လူတိုင်းအားလည်း ထိုအတိုင်း ဖြစ်စေချင်သည်။ အိန္ဒိယအင်ပိုင်ယာကြီးဖြစ်အောင် ပြုစုပျိုး ထောင်ခဲ့သူအများ ရှိသည့်အနက် စာရိတ္တနှင့် ဉာဏ်ရည်တွင် သူတကာထက် ထူးချွန်သူဖြစ်သည်။ မှတ်ဉာဏ် အထူးကောင်း ၍ လုပ်ငန်းဆောင်ရွက်ရာ၌ ယှဉ်မမှီအောင် လျင်မြန်လှသည် ဟု ရေးသား ထားလေသည်။

၁၈⁠၈၅ခုနှစ် နိုဝင်ဘာလတွင် ဗြိတိသျှတို့အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ဆာ ချားလ်ဗားနတ်သည် မန္တလေးနေပြည်တော်သို့အရောက် အုပ်ချုပ်ရေးကို စီမံခန့်ခွဲပြီးလျှင် ၁၈⁠၈၆-ခုနှစ်ဦးတွင် ရန်ကုန်မြို့သို့ ပြန်လာသည်။ ထိုနှစ်တွင် K.C.S ဘွဲ့ဖြင့် သူကောင်းပြုခြင်းခံရသည်။ ထိုနှစ်မတ်လတွင် မန္တလေးသို့ပြန်သွားကာ ဆာအက်ဒွပ်ဆလေဒင် ဦးစီး၍ လွှတ်တော်ဖြင့် အုပ်ချုပ်သောစနစ်ကို ဖျက်သိမ်းကာ မဟာဝန်ရှင်မင်းကြီးကိုယ်တိုင် တိုက်ရိုက်အုပ်ချုပ်သော စနစ်ကို ရေးဆွဲပြီးလျှင် မစ္စတာဟော့ကင်းဆင်အား အထူးဝန်ရှင်တော်မင်းကြီးခန့်အပ်၍ အောက်မြန်မာနိုင်ငံကို တာဝန်လွှဲအပ်ပေးကာ မိမိကိုယ်တိုင်မှု အထက်မြန်မာနိုင်ငံကို အာရုံစိုက် အုပ်ချုပ်သည်။ ပြည်နယ်အသစ်ကိုလက်ခံအုပ်ချုပ်ရသော ဆားချားလ်ဗားနတ်သည် တစ်ဦးတည်း ရေအိုးသုံးလုံးရွက်ထားရသကဲ့သို့ တာဝန်ကြီးလှသည်။ ရာဇဝတ်မှုရေးရာများကိစ္စ၊ ဆူပူထကြွမှုကိစ္စ၊ အဖိုးတန် သစ်တောများနှင့်စပ်ဆိုင်သည့် စီးပွားရေးကိစ္စများအတွက် တစ်ဦးတည်းဒိုင်ခံ အုပ်ချုပ်စီမံခဲ့ရသည်။


ဆားချားလ်ဗားနတ်သည် မြန်မာနိုင်ငံရှိ ဘုန်းကြီးကျောင်းများမှ ပညာသင်ကြားပေးရေးစနစ်ကို အထူးနှစ်သက်သဖြင့် အသိအမှတ်ပြု ထောက်ပံ့ခဲ့သည်။ သာသနာပိုင် ဆရာဘုရားကိုပင် ဝင်ရောက်တွေ့ဆုံ၍ အောင်မြန်မာနိုင်ငံသို့ပင့်ကာ သာသနာပြန့်ပွားအောင်ပြုစေသည်။ သာသနာပိုင်နှင့်တကွ အခြားထင်ရှားသော ဆရာတော်နှစ်ပါးကိုပင် ဆွမ်းဆန်တော်စရိတ် ထောက်ပံ့ခဲ့သည်။ အုပ်ချုပ်ရေးအောင်မြင်ရန် ကူးသန်းသွားလာလွယ်ကူဖို့ အရေးကြီးသည်ကိုသိသော ဆားချားလ်ဗားနတ်သည် ရန်ကုန်မှ တောင်ငူသို့ မီးရထားလမ်းဖောက်လုပ်ရာ ၁၈⁠၈၅-ခုနှစ်တွင် အသုံးပြုနိုင်ခဲ့သည်။ တောင်ငူမှ မန္တလေးသို့ မီးရထားလမ်းဖောက်လုပ်ရန်ကြိုးစားခဲ့ရာ ဆားချားလ်ဗားနတ် အင်္ဂလန်ပြန်သွားပြီးနောက် နှစ်⁠နှစ်ကြာတွင် ဖွင့်လှစ်နိုင်ခဲ့လေသည်။


မြန်မာနိုင်ငံ အုပ်ချုပ်ရေးတွင် အရေးပါသော မြို့အုပ်များ ရွေးချယ်ခန့်ထားရာ၌ ယခင်က ဝန်ရှင်တော်မင်းကြီးနှင့် အထက်တန်းအရာရှိများ ထောက်ခံသူများကို လက်သင့်ရာ ဆွဲခန့်သော်လည်း ဗားနတ်လက်ထက်တွင် မြို့အုပ်များကို အပြိုင်စာမေးပွဲဝင်စေပြီးနောက် ထောက်ခံစာများနှင့် ပူးတွဲစဉ်းစား၍ ရွေးချယ်သည်။ ၁၈⁠၈၅-ခုနှစ် ဆားချားလ်ဗားနတ်သည် အိန္ဒိယနိုင်ငံသို့ပြန်၍ အိန္ဒိယအတွင်းဝန်ရုံးတွင် အခွန်တော်ဌာနအတွင်းဝန်အဖြစ် (၁၃)နှစ်တိုင်တိုင် ထမ်းဆောင်သည်။ ထို့နောက် ဆားချားလ်ဗားနတ်သည် အငြိမ်းစားဘဝဖြင့် ၁၉၀၁-ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့တွင် အသက် (၆၃)နှစ်အရွယ်၌ အင်္ဂလန်ပြည် ရှာမီနစ်မြို့တွင် ကွယ်လွန်သည်။ [၁]

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၇)၊ စာ ၄၁၇၊ ၄၁၈