မန္တလေး နန်းတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မန္တလေး နန်းတော်
Mandalay-Palace-from-Watch-Tower.JPG
မန္တလေး နန်းတော် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မန္တလေး နန်းတော်
မြန်မာပြည်မြေပုံရှိနန်းတော်နေရာ
အခြားအမည်များမြနန်းစံကျော် ရွှေနန်းတော်
အထွေထွေ အချက်အလက်များ
အမျိုးအစားဘုရင်မင်းမြတ်စံမြန်းရာ ရွှေနန်းတော်
ဗိသုကာစတိုင်မြန်မာ့ဗိသုကာ
တည်နေရာမန္တလေးမြို့
နိုင်ငံ မြန်မာ
ကိုဩဒိနိတ်21°59′34.59″N 96°5′45.28″E / 21.9929417°N 96.0959111°E / 21.9929417; 96.0959111
တည်ဆောက်မှု စတင်၁၈၅၇
ပြီးစီး၁၈၅၉
ပိုင်ဆိုင်သူမြန်မာနိုင်ငံအစိုးရ

မန္တလေး နန်းတော် သည် မန္တလေးမြို့တွင် တည်ရှိပြီး ကုန်းဘောင်မင်းဆက် ၏ နောက်ဆုံးနန်းတော် ဖြစ်သည်။ မင်းတုန်းမင်းကြီးသည် မန္တလေး မြို့သစ်ကို တည်သောအခါ တပါတည်း နန်းတော်ကို ပါ ၁၈၅၇ နှင့် ၁၈၅၉ ခုနှစ် အတွင်း တည်ဆောက်ခဲ့သည်။ မန္တလေး နန်းတော် ၏ ပုံစံသည် ယခင်နန်းတော်ဟောင်းများ အတိုင်းဖြစ်ပြီး မြို့ရိုး နှင့် ကျုံးတို့က ဝန်းရံထားသည်။နန်းတော်သည် ဝင်းအလယ်ဗဟိုတွင် တည်ရှိပြီး အရှေ့ဖက်ကို မျက်နှာမူထားသည်။ နန်းဆောင် အားလုံးမှာ တစ်ထပ် သာဖြစ်ကြသည်။ နန်းဆောင်ပေါ်ရှိ ပြသာဒ်အဆင့် အရေအတွက် သည် အဆောင်ပိုင်ရှင်၏ အရေးပါမှုကို ပြသည်။

မန္တလေး နန်းတော် တွင် မင်းတုန်းမင်း နှင့် သီပေါမင်း တို့သာ စိုးစံတော်မူခဲ့သည်။ တတိယ အင်္ဂလိပ်−မြန်မာ စစ်ပွဲပြီးဆုံးသောအခါ၊ ဗြိတိသျှစစ်တပ် က နန်းတော်တွင်းဝင်ရောက်ပြီး ဘုရင့်မိသားစုကို ဖမ်းခေါ်ဆောင်သွားပြီး နန်းတော်ကိုလည်း သိမ်းပိုက်ထားခဲ့သည်။ ထို့နောက် ဗြိတိသျှတို့က နန်းတော်ကို ဒပ်ဖရင် ခံတပ် အဖြစ်ပြောင်းလဲခဲ့သည်။ ဗြိတိသျှတို့ အုပ်စိုးစဉ် ကာလတလျှောက်လုံး နန်းတော်သည် အမျိုးသားရေး အမှတ်အသား အဖြစ်တည်ရှိခဲ့သည်။ နန်းဆောင် တော်တော်များများ မှာ ဒုတိယ ကမ္ဘာစစ် အတွင်း မဟာမိတ်တို့၏ ဗုံးကြဲမှုဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရပြီး နန်းဆောင် အနည်းငယ်နှင့် နန်းမြင့်မျှော်စင်သာ ကျန်ခဲ့သည်။ ထို့နောက် ၁၉၉၀ လွန်နှစ်များတွင် ပြန်လည်တည်ဆောက်ခဲ့သည်။

ယနေ့အခါ မန္တလေး နန်းတော်သည် နိုင်ငံခြားသားများ လည်ပတ်ရာ အဓိကနေရာအဖြစ် တည်ရှိနေသည်။ရှေးမြန်မာမြို့တော်ဟောင်း၏ မြို့ရိုးဟောင်း၊ ၊ မြို့ရိုးပျက်များကို ယခုတိုင်တွေ့မြင်နိုင်ပေ သေးသည်။ လွန်ခဲ့သည့် အနှစ် ၁ဝဝ ကျော်က မင်းတုန်းမင်း တရားတည်ဆောက်ခဲ့သည့် မန္တလေးမြို့ရိုးကြီးသည် ဒုတိယ ကမ္ဘာ စစ်အတွင်းက အမြောက်ဒဏ်များကို မရှုမလှ ခံခဲ့ရသဖြင့် အချို့အ ပိုင်းများပျက်စီးခဲ့သော်လည်း ထင်ထင်ရှားရှားပင် တည်ရှိနေသေး သဖြင့် မြန်မာတို့၏ မြို့ရိုးအသွင်အပြင်ကို နမူနာဆောင်လျက်ရှိပေ သေးသည်။

မာတိကာ

အမည်[ပြင်ဆင်ရန်]

နန်းတော်၏ အမည်ကို မြနန်းစံကျော် ရွှေနန်းတော် ဟု တရားဝင်ထုတ်ပြန်သော အမိန့်တော်များတွင် တွေ့ရသည်။ ရွှေနန်းတော်ကြီး ဟု လည်းခေါ်သည်။နန်းမြို့ကိုမူ လေးကျွန်းအောင်မြေဟုသမုတ်တော်မူသည်။

သမိုင်း[ပြင်ဆင်ရန်]

နန်းတော်ရှေ့တွင် ဗြိတိသျှတပ်သားများအားတွေ့ရစဉ်
ကုန်းဘောင်ခေတ်နန်းတော်မြင်ကွင်းပန်းချီကား

မင်းတုန်းမင်းကြီးက ၁၈၅၇ ဖေဖော်ဝါရီ တွင် မြို့သစ်တည်သောအခါ နန်းတော်ကိုပါ တပါတည်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ [၁] မြို့သစ်တွင် အကွက်ပေါင်း ၁၄၄ ကွက်ပါဝင်သည်။ နန်းတော်ဝင်းတွင် ၁၆ ကွက်ပါဝင်သည်။ [၂] ၄၁၃ ဟက်တာ ရှိသော နန်းတော်ဝင်းကို လေးဖက်လေးတန်တွင် ၂ ကီလိုမီတာ အရှည်ရှိသော မြို့ရိုး နှင့် ရေကျုံး(အကျယ် ၆၄ မီတာ၊ အနက် ၄.၅မီတာ) တို့က ကာရံထားသည်။ မြို့ရိုး တစ်လျှောက် ၁၆၉ မီတာတိုင်းတွင် ရဲမက်များ ကင်းစောင့်နိုင်ရန် သူရဲခို များ ထည့်သွင်းတည်ဆောက်ထားသည်။ [၃] မြို့ရိုးတစ်ဖက်စီတွင် တံခါးသုံးပေါက်စီရှိကာ စုစုပေါင်း တံခါး၁၂ပေါက်ရှိသည်။ ထိုတံခါးများတွင် နာမည် ကိုယ်စီရှိသည်။ [၁] ပတ်လည်တွင် ကျုံးကို ကူးရန် တံတား ၅ စင်း ရှိသည်။ [၂]

၁၈၅၇ ဇွန် လတွင် စတင်တည်ဆောက်ခဲ့သည်။ ၁၈၅၂ တွင် ဖြစ်ပွားခဲ့သော ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲအပြီးတွင် နိုင်ငံအောက်ပိုင်း ကို သိမ်းပိုက်ခံထားရသော မြန်မာမင်းများသည် ကြီးမားထည်ဝါသော နန်းတော်ကြီးကို ဆောက်လုပ်ရန် အခြေအနေမပေးတော့ပေ။ အမရပူရ နန်းတော်ဟောင်းကို ဖျက်သိမ်း၍ မန္တလေးတောင်ခြေ ရှိ နန်းတော်သစ် သို့ ဆင်များဖြင့် ပြောင်းရွေ့ခဲ့သည်။ ၂၃ မေ ၁၈၅၉ တွင် နန်းတော်သစ် ဆောက်လုပ်ခြင်း အလုံးစုံ ပြီးစီးခဲ့သည်။ [၁] ဗြိတိသျှတို့ က ၁၈၈၇ ခုနှစ်တွင် ကျူးကျော် သိမ်းပိုက်ခဲ့ပြီးနောက် နန်းတွင်း လက်ရာ ပစ္စည်းများကို ဖျက်ဆီး၍ အချို့ကို ယူဆောင်သွားခဲ့သည်။ ၎င်းတို့ထဲမှ အချို့ကို လန်ဒန်ရှိ ဝိတိုရိယ နှင့် အဲလ်ဘတ် ပြတိုက် တွင် ယခုအခါ ပြသထားသည်။ [၄] ဖျက်ဆီးခံရမှုများတွင် နန်းတွင်းပိဋကတ်တိုက်လည်း ပါဝင်သည်။ ဗြိတိသျှိတို့က နန်းတော်ကို ဒပ်ဖရင် ခံတပ် အဖြစ် အသွင်ပြောင်းပြီး အသုံးပြုခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့က ထောက်ပံ့ရေး စခန်းအဖြစ် အသုံးပြုခဲ့ပြန်သည်။ ထို့နောက် မဟာမိတ်တို့ က ဗုံးကြဲခဲ့သောကြောင့် မီးလောင်ကျွမ်းခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ်လွန်များတွင် ပြန်လည်တည်ဆောက်သော အခါ ပုံစံတူကို ဆောက်လုပ်ခဲ့ပြီး အသုံးပြုသော ပစ္စည်းများ မတူတော့ပေ၊ ဥပမာ အမိုးကို သွပ်မိုးသုံးထားခြင်း။ နန်းဆောင် တစ်ခုကို သီပေါမင်း လက်ထက်က ဖျက်သိမ်းကာ ရွှေနန်းတော် ဘုန်းကြီးကျောင်း အဖြစ် ပြန်လည် တည်ဆောက် ခဲ့သည်။ ၎င်း သည်ပင် မူလသစ်သားနန်းတော်၏ တခုတည်းသော လက်ကျန် အဆောက်အဦး ဖြစ်သည်။

နန်းမြို့[ပြင်ဆင်ရန်]

စတုရန်း ၄ မျက်နှာ တာပေါင်း ၂၄ဝဝ ရှိသော မြို့ရိုးတစ်လျှောက်တွင် တံခါးကြီး ၁၂ ပေါက်၊ ထောင့်ပြကြီး ၄ လုံးနှင့် ပြငယ် ၃၂ ခုရှိသည့် အားလျော်စွာ ၄၈ ဌာနတို့၌ ပြာသာဒ် ဆောင်ပေါင်း ၄၈ ဆောင် ရှိသည်။

စလေဆရာ ဦးပုညကရတနာနဒီ မော်ကွန်းတွင်

"ဓာတုမဏ္ဍ၊ ပတ်လည်ချသား၊ ကွနးမပြာသာဒ်၊ ဒွါဒရသ်လည်း၊ မျဉ်းခတ်တသွန်၊ စတုကဏ်၌ ဗိမာန်လေးသွယ်၊ ဘဝဂ်ကယ်မျှ၊ တနယ်တနယ်၊ တလာပယ်မူ၊ ရွှေကြယ်ငွေကြယ်၊ မျက်စုံခြယ်လျက်၊ တိမ်စွယ်ထဲချောင်၊ ရဲရဲပြောင်သည်၊ ရှစ်ဆောင်ရှစ်ဆောင်၊ ရစ်မြှောင်ဝန်းလည်၊ ရွှန်းရွှန်းကြည်မျှ၊ ရောင်ခြည်တွဲ့တွဲ့၊ ယိုအံ့ကဲ့သို့၊ လေးဆယ့်ရှစ်တန်၊ ဝေဇယန်လည်း၊ ဘုန်းဝှန်သတိုး၊ ရှင့်တန်ခိုးကြောင့်၊ လိုစိုးမျက်မှောက်၊ မြေမှပေါက် ၏"

ဟု စပ်ဆိုခဲ့လေသည်။

မြို့ရိုး[ပြင်ဆင်ရန်]

နန်းမြို့ပုံစံ
ထောင့်ပြကြီး၄ခုမှတစ်ခု

မန္တလေးရွှေမြို့တော်ကြီးကို သာသနာနှစ် ၂၄ဝဝ ပြည့်မှီအောင် ၁၂၁၈ ခုနှစ်က စတင် တည်ဆောက်ခဲ့သည် ဆိုသော်လည်း၊ မြို့ရိုးနှင့်တစ်ကွ ခုနစ်ဌာန တို့ကိုမူကား ၁၂၂၁ ခုနှစ် ကဆုန်လမှ အုတ်မြစ်ချ၍ တည်လုပ်ရသည်။ အုတ်မြို့ရိုးသည် အုတ်မြစ်သံတောင် ၁ တောင်၊ အုတ်ရိုးထု ၁ တာ၊ အရပ် သံ ၁၅ တောင်၊ သူရဲခို အမြင့် သံ ၃ တောင်၊ နှစ်စု အုတ်မြို့ရိုး အမြင့် ၁၈ တောင်၊ အချင်းတစ်မျက်နှာ တာ ၆ဝဝ၊ ၄ မျက်နှာ တာ ၂၄ဝဝ ရှိ သည်။ ဤသို့ သာသနာတော် ၂၄ဝဝ အထိမ်းအမှတ်အဖြစ် မြို့တော်ကို လေးထောင့် စတုရန်းတည်၍ မြို့ရိုးအနား တစ်ဖက်လျှင် တာ ၆ဝဝ စီ အညီအမျှ ခွဲဝေထားသည်။ မြို့ရိုးလေးခု သည် စတုဂံ ပုံစံရှိကာ မြို့ရိုးတစ်လျှောက်တွင် တစ်ခုနှင့် တစ်ခု မီတာ ၁၇၀ ခန့်စီ ကွာဝေးသော ပြသာဒ် ၄၈ ခု ရှိသည်။ မြို့ရိုးအပြင်တွင် အကျယ် ၆၄မီတာ၊ အနက် ၄.၅ မီတာ ရှိသော ရေကျုံး က ဝန်းရံထားသည်။ မြို့ရိုးကို ရှေးမြန်မာ အုတ်များဖြင့် ဆောက်လုပ်ထားပြီး အခြေတွင် ၃မီတာ နှင့် ထိပ်တွင် ၁.၄၇မီတာ အကျယ်ရှိသည်။ အမြင့်မှာ သူရဲခို မပါ ၆.၈၆ မီတာ နှင့် သူရဲခို အပါ ၈.၂၃ မီတာ ရှိသည်။ ကာဆွဲပေါက်မှာ ၀.၈၄ မီတာ အကျယ်ရှိသည်။ ရဲမက်များ အရေးပေါ် တက်နိုင်ရန် နှင့် မြို့ရိုးကို အထောက်အပံ့ဖြစ်စေရန် အတွင်းဘက်တွင် မြေသားမှာ ခပ်ပြေပြေ စောင်းထားသည်။ ထိပ်တွင် သူရဲပြေးခေါ် လူလျှောက်ရန် ၁.၈၃ မီတာ အကျယ် လမ်းရှိသည်။ ၎င်းကို အုတ်စီထားပြီး မြို့ရိုးထိပ် တလျှောက် ရှိသည်။တံခါးပြအိုးတို့၏ မှီရာတည်ရာ အောက်အခြေခံမှာ ထု ၁ တာ၊ အမြင့် ရဲခိုပါ ၁၈ တောင်ရှိသော အုတ်မြို့ရိုးကြီးပင် ဖြစ်သည်။ အုတ်ရိုးသက်သက်ကို မြေနီသရွတ်ဖြင့် အကြမ်းစီစီပြီးမှ အတွင်းဖက် တွင် ဆင်ခြေလျှော မြေဖို့လုပ်ဆောင်ထားခြင်းဖြစ်သည်။ အုတ်မြို့ရိုး အထက်တွင် သူရဲခို ခေါ် အုတ်စိန်တောင်များ ပေါက် ထားပြီးလျှင် ယင်း၏ အတွင်းဖက်မြို့ရိုးထိပ်တလျောက်တွင် သူရဲပြေးခေါ် စင်္ကြံလမ်းတစ်ခု မြို့ရိုးကို ပတ်၍ ပြုလုပ် ထားသည်။ တပြနှင့် တပြ အကြား၌ သူရဲခိုပေါင်း ၇ဝ ကျော်ရှိ၏။ ပြထက် ရှိ ပြဆောင်ကို ပစ္စင်ဟု ခေါ်သည်။ စစ်မက် အရေးအရာ ရှိသောအခါ အမြောက်မတြပူ၊ စိန်၊ သစ်တုံး၊ ပွဲလျက်ရေ၊ ခဲရေ၊ သံရေတို့ဖြင့် ပစ်ဖောက် သွန်းလောင်းရာ ဌာနဖြစ်၍ ပစ္စင်ခေါ်ကြောင်း ဆိုသည်။

တံခါးများ[ပြင်ဆင်ရန်]

မြို့ရိုး တစ်ဘက်စီတွင် တစင်းနှင့် တစင်းသော်၎င်း၊ မြို့ရိုးထောင့်နှင့် သော်၎င်း၊ အကွာအဝေးတူ တံခါးသုံးရပ်စီ ရှိသည်။ တံခါးများမှာ ၄.၈မီတာ အကျယ် ရှိပြီး ထိပ်တွင် တံခါးပြာသာဒ်များ ရှိသည်။ ထိုတံခါး ၁၂ ရပ်တို့၏တံခါးရွက်များတွင် ထိုတံခါးတည်ရာ ရာသီခွင်အလိုက် ရာသီစောင့် အရုပ်များ၊ နက္ခတ်များ၊ တာရာပုံ များကို ရွှေမင်နှင့် ထင်ရှားတင့်တယ်ရှုချင်ဖွယ်ရှိအောင် ရေးခြယ်ထား၏။ တံခါး ၁၂ ရပ် အမည်တော်တို့ကိုလည်း တံခါးပေါက် တစ်ခုစီ၏ အဝင်အထွက် လက်ျာကျသော မီးကာ အုတ်တံတိုင်းကြီးများ အနီး၌ အုတ်ပလ္လင် ၃ ဆင့်ခံ၍ မော်ကွန်းတိုင်ဖြင့် စိုက်ထူ ဖော်ပြထားသည်။ မြို့တံခါးများ အဝင်တွင် တံခါးစောင့်များ နေထိုင်ရန် ဝဲယာ တိုက် တန်းများထားရှိပြီးလျှင် တံခါးစောင့်တို့ သေနတ်ကိုင်စွဲ၍ နေ့ညဉ့် စောင့်နေကာ၊ တံခါး အဝင်အထွက်တွင် ဓားလှံ သေနတ် စသော လက်နက်များပါမပါ၊ ယစ်မျိုးနှင့် အမဲသားများ သွင်းမ သွင်းကြည့်ရှုစစ်ဆေးရ၏။ နေဝင်ညဉ့် ၄ ချက် (ညနေ ၆ နာရီ) တီးသည့်အခါ အလယ် ဓာတ်တံခါးကြီး ၄ ခု ကို ပိတ်လိုက်ရာ၊ ဝင်ထွက်သွားလာသူတို့ တစ်ယောက်ဝင် မလွယ်တံခါးမှ ထွက်ဝင်ရသည်။ ညဉ့် ၁ ချက်တီး (ညဉ့် ၉ နာရီ)တွင် ထိုမလွယ်တံခါးများပါ ပိတ်လိုက်၍ နံနက် ၄ ချက်တီး(နံနက် ၆ နာရီ) ကျမှ မြို့တံခါးအားလုံး ပြန်ဖွင့်လိုက် သည်။ မြို့တံခါးပိတ်ထားချိန်တွင် အခွင့်အမိန့်မရဘဲ မည်သူမျှ ဝင်ခွင့်ထွက်ခွင့် မရပေ။ အလယ်ဗဟို တံခါးမကြီးများ တွင် ဓာတ်စည်တော်များ ဆွဲထားရာ၊ ပဟိုရ်ချက်နှင့်အညီ နေထွက် နေဝင်၊ တစ်နည်းအားဖြင့် တံခါးဖွင့်ချိန် ပိတ်ချိန်တို့ကို ပြည်သူတို့ အား အသိပေးသည့် အနေဖြင့် တီးရသည်။ မင်းမျိုးများသာ အသုံးပြုသော ဓာတ်တံခါး ခေါ် အလယ်ဗဟိုတံခါးများ တွင် ပြာသာဒ်များ မှာ ဘုံ ခုနှစ်ဆင့် ရှိပြီး ကျန်ပြာသာဒ်များမှာ ဘုံငါးဆင့်သာ ရှိသည်။ တံခါး ၁၂ ရပ်တွင် အဓိက အကျဆုံး တံခါးမှာ အရှေ့မြို့ရိုးရှိ ဗဟိုတံခါး ဖြစ်ပြီး မဟာပွဲတက်ဆောင်နှင့် မျက်နှာချင်းဆိုင် တွင်ရှိသည်။

ခံတပ် စီမံကိန်းကို မြို့ရိုးမျက်နှာစာ ကနေ ၇ မီတာ (၂၃ ပေ) နှင့် တံခါး၏ တစ်ဖက် တစ်ချက် ၁၀.၃၆ မီတာ (၃၄ပေ အကွာ)မှာပြုလုပ်ခဲ့သည်။ရိုးစင်းတဲ့ ပုံသွင်းမှုနဲ့ အင်္ဂတေ ပန်းပုများကြောင့် နန်းတော်ရဲ့ အပြင်ဘက်မှာ တမူထူးခြားနေသည်။ သို့ပေမယ့် တံခါးရဲ့ အတွင်းဘက်မျက်နှာပြင်မှာတော့ အချိန်ကြာမြင့်လာမှုများကြောင့် ပုံများ ပျောက်ကွယ်ကုန်ပြီ ဖြစ်သည်။ တံခါးများကို သစ်သားအထူများဖြင့် ပြုလုပ်ထားပြီး တံခါး နှစ်ရွက်ဖြစ်သည်။ထိုတံခါးများကို အင်္ဂလိပ်များ သိမ်းပိုက်မှုအပြီးမှ ဖြုတ်ခဲ့ကြသည်။

တံခါးအမည်များ(အရှေ့မြောက်ဘက်မှစ၍)

  • လွန်ကဲတံခါး
  • ဦးထိပ်တံခါး(အရှေ့တံခါးမကြီး)
  • သောင်းညွှန့်တံခါး
  • ကျွန်းလုံးယူတံခါး
  • ကျော်မိုးတံခါး(တောင်တံခါးမကြီး)
  • ရန်နည်တံခါး
  • ကြေးမုံတံခါး
  • စည်ရှင်တံခါး(အနောက်တံခါးမကြီး)
  • ထင်ရှားတံခါး
  • စည်သာတံခါး
  • လေးသိန်းတံခါး(မြောက်တံခါးမကြီး)
  • မန်းဦးတံခါး[၅]

မြို့တံခါး ၁၂ ရပ်တို့၌ တံခါးပေါက် နေရာများတွင် တံခါးတိုင်၏ မှီရာ အုတ်မြို့ရိုး တစ်ဖက်တစ်ချက်၌ အင်္ဂတေ တို့ဖြင့် အပြေအပြစ် ကိုင်ပြီးလျှင် ထုံးဖြူ ဖွေးဖွေးသုတ်၍ တံခါးအထက်မှ ဘုံ ၅ ဆင့် ဘုံ ၇ ဆင့် အသီးအသီး ရှိကြသော ယွန်းဆက်ပြေ တန်ဆောင်း ပြာသာဒ်တော်ကြီးများကို ရွှေဟင်္သပြဒါး တို့ဖြင့် မွမ်းမံ ခြယ်လှယ်ထားသည်။ တံခါးပေါက် တစ်ခုတစ်ခု၌ မြို့တံခါး တစ်ဖက်တစ်ချက် ကူးလိုသောအခါ လျှောက်သွားရန် ပြုလုပ်ထားသော ရင်လျှောက် ခေါ် နင်းကြမ်းပျဉ်ပြားများ၊ တံခါးရွက်ပြင်ဖက်က ရန်သူတို့ ရုတ်တရက် မဝင်သာအောင် တစ်ဖက်တစ်ချက် လျှိုထိုး သော 'ရင်တား' ခေါ် ရက်ဖောက် သစ်တုံးအဆင့်များနှင့် ထို ရင်တား တိုင်ကြီး တစ်ဖက်တစ်ချက်ကို ညှပ်ထားရန်၊ သို့မဟုတ် စွပ်ထားရန် ပြုလုပ်ထားသော တုရိုဏ်တိုင်ခေါ် တံခါးတိုင်များ၊ အလယ်ဗဟို တံခါးမကြီးများတွင် တံခါးအတွက် လက်ဝဲဖက်က မြို့စောင့်နတ်ကူ တစ်ခုကျစီ ပြု လုပ်ထား၍၊ အလားတူ မြို့ထောင့် ၄ ထောင့်တွင်လည်း နတ်ကူများ ရှိ၏။ တံခါးပေါက် မရှိသော ပြထက်များ၌ ၅ တိုင် စင်နှင့် ဘုံ ၅ ဆင့် ရှိသော ပြာသာဒ်ဆောင်များ ပေါက်ထားရာ၊ မြို့ ၄ မျက်နှာ ၌ ထိုကဲ့သို့သော ပြငယ် ၃၂ ရှိပြီး ပြာသာဒ်လည်း ၃၂ ဆူ ရှိ၏။ ထောင့်ပြကြီး ၄ လုံးတို့၌ကား မလွယ်တံခါးများမှ ယွန်းဆက်ပြေ တန်ဆောင်း ပြာသာဒ်မျိုး အတိုင်း ဘုံ ၅ ဆင့်နှင့် ပြုလုပ်ထားသည်။

မီးတား[ပြင်ဆင်ရန်]

တံခါးတိုင်း၏အရှေ့တွင်မြို့ရိုးကဲ့သို့အထက်က သူရဲခိုရှိသော ၃တာခန့်ရှိသည့်အင်္ဂတေအချောကိုင်၍ထုံးဖြူဖြူဖွေးဖွေးသုတ်ထားသောကို မီးတာ(သို့)မီးကာများကကာလျက်ရှိပေသည်။ထိုမီးတားများကိုထားရခြင်းကြောင့် စစ်ပွဲတွင်တစ်ဖက်မှပစ်သောအမြောက်၊ကျည်ဆန်များသည်မြို့တံခါးကိုကျရောက်ခြင်းမရှိပဲ ထိခိုက်မှုမှကာကွယ်ပေးလေသည်။ထိုမီးတားများဘေးတွင် တံခါးများ၏မော်ကွန်းတိုင်များရှိပေသည်။

တံခါးပေါက်များကိုဖယ်လိုက်လျှင်မြို့ရိုးတစ်ဖက်လျှင်ပြသာဒ်ငယ် ၈ခုနှင့်စုစုပေါင်း ၃၂ခုရှိသည်။ထောင့်လေးထောင့်တွင် ထောင့်ပြကြီးဟုအမည်တွင်သော ပြသာဒ် ၄ခုရှိသည်။တံခါး၁၂ရပ်နှင့်ဆိုလျှင်မြို့ရိုးပတ်လည်တွင်ပြသာဒ်ပေါင်း၄၈ခုရှိသည်။[၁]

မီးတားနှင့်တံခါးတစ်ခုကို ၂၀၁၆ခုနှစ်ည၌တွေ့ရစဉ်
​သောင်းညွှန့်တံခါး၊ မီးတားနှင့် ​မော်ကွန်းတိုင်

ကျုံး[ပြင်ဆင်ရန်]

အရှေ့ဘက်တံတားမှနေ၍မန္တလေးတောင်နောက်ခံနှင့်ကျုံး
သီပေါကိုယ်တော်၏စီးတော်ရေယာဉ်ဖြစ်သော ပြည်ကြီးမွန်ဖောင်တော်

မြို့ရိုးမှနေ၍ ၁၈မီတာအကွာတွင် အကျယ် ၆၄မီတာ၊အနက် ၄.၅မီတာရှိသောကျုံးဖြင့် ပတ်ပတ်လည်ကာရံထားသည်။နန်းမြို့အတွင်းသို့ ရန်သူများအလွယ်တကူမဝင်နိုင်စေရန်တည်ဆောက်ထားခြင်းဖြစ်သည်။

အရှင်များလက်ထက်တော်က ကျုံးကိုဖြတ်သန်းတည်ဆောက်ထားသော တံတား၅စင်းရှိသည်။အရှေ့၊တောင်နှင့်မြောက်ရှိပင်မတံခါးများတွင် တံတား၁စင်းစီနှင့်အနောက်ဘက်ရှိကြေးမုံတံခါးနှင့်စည်ရှည်တံခါးတို့တွင်တံတား၁စင်းစီရှိသည်။ကြေးမုံတံခါးရှိတံတားမှာ နန်းတော်အတွင်းမှလူသေထုတ်ရာ အမင်္ဂလတံတားဖြစ်သည်။ [၁]

တံတား

အုတ်မြို့ရိုး ပတ်လည်တစ်လျှောက်တွင်ကား မြို့ဥပစာတာ ၂ဝ ခန့် မြေလွတ်ထားပြီးလျှင်၊ တာ ၂ဝ ကျယ်သော ရေကျုံး တော်ကြီးဖြင့် မြို့ ၄ မျက်နှာကို ထုတ်ချင်းခတ်ပတ်ထားသည်။ အင်းဝ၊ အမရပူရ မြို့ဟောင်းများနှင့် နှိုင်းယှဉ်လျှင် မန္တလေးမြို့တော် သည် ကျုံးလေးမျက်နှာဖြင့်ထုတ်ချင်းခတ် ပတ်မိသော မြို့တော်ဖြစ် လေသည်။ ကျုံးတော်တွင်းသို့ ရတနာနဒီ မြောင်းတော်မှ ရေများသယ်ယူ ဖြည့် တင်းထားကာ၊ ရေသစ်ရေဟောင်း မပြတ်လဲလှယ်ပေး၍ အမြဲတမ်း ကြည်လင် သန့်ရှင်းသည်။ မင်းဧကရာဇ်တို့ မြို့သိမ်း မင်္ဂလာ အခမ်းအနား ပြုလုပ်သော အခါ၌ ကျုံးတော်တွင်းမှာ ရေ သဘင် ပွဲတော်ကို တခမ်းတနား ပြုလုပ်သည်။ ကျုံးကူးတံတား များမှ အလယ်နင်းကြမ်းပျဉ်ကို ဖြုတ်ယူထားနိုင်၍၊ မြို့တော်ကို ရွှေလှေ ရွှေလောင်း ဖောင်တော်တို့ဖြင့် လှည့်ပတ်နိုင်သည်။ နေ့စဉ် ညဉ့်တစ်ချက်တီးတစ်ခါ၊ ၂ ချက်တီးတစ်ခါ၊ ၃ ချက်တီး တစ်ခါ တံခါးစောင့်များက နရီးဆရာတီး၍ ရေကင်းလှည့် ကြရသည်။ ကျုံးကူးတံတားမှာ အလယ်ဓာတ် တံခါးကြီးများတွင် သာ ထားရိုး ဖြစ်သော်လည်း၊ အနောက်မျက်နှာက မိတ်တံခါး ဖြစ်သော အာဠဝီ(ကြေးမုံ) တံတားတွင်လည်း တစ်ခုပို၍ ပြုလုပ်ထားသ ဖြင့် တံတား ၅ စင်းရှိသည်။ ၂ ဖက်ကမ်းထိပ်၌ ခပ်မော့မော့နှင့် လက်ရုံးတပ်ဆင်ထားသော အုတ်ခုံကြီးများ ပြုလုပ်ထားပြီးလျှင် ကျုံးလယ်တွင် တံတားနင်းကြမ်းအရှင်ဖြင့် ကူးဆက်ထားလေသည်။

နန်းမြို့တော်အတွင်း[ပြင်ဆင်ရန်]

ပဟိုရ်စင်

ပဟိုရ်စင်[ပြင်ဆင်ရန်]

နန်းမြို့အတွင်းသို့ အရှေ့ဘက်ဦးထိပ်တံခါးမှဝင်လာပါက သစ်တပ်ဝင်းတံခါး၏မြောက်ဘက်တွင် ပဟိုရ်စင်ရှိသည်။ပဟိုရ်စင်မှာ ပဟိုရ်စည်တော်ကြီးထားရှိရာစင်ဖြစ်သည်။ပဟိုရ်စည်တော်ကြီးမတီးခင်၌ ရွှေ နန်းတော်ရှိ ရေနာရီတော်ကိုအရင်ကြည့်ရသည်။ရေနာရီလုပ်ရန် ကြေးနီ၁၆ကျပ်သားကိုဖလားလုပ်ရသည်။စောက် ၇လက်သစ်နှင့် အဝ ၉လက်သစ်ရှိရသည်။ဖလား၏အောက်အလယ်တည့်တည့်တွင် ၁၀နှစ်အရွယ်မိန်းမပျို၏ဆံပင်၁၆မျှင်မျှဝင်သာရုံ အပေါက်ဖောက်ပြီး ရတနာရေအင်တုံတွင်ချလျက် တဖြည်းဖြည်းရေဝင်လျှင်နစ်လေ၏။တစ်ခါနစ်လျှင် တစ်ပဟိုရ်အချိန်ကျသည်။[၁]

စွယ်တော်စင်[ပြင်ဆင်ရန်]

စွယ်တော်စင်

ပဟိုရ်စင်၏တောင်ဘက်တွင်စွယ်တော်စင်ရှိသည်။မြန်မာမှုဗိသုကာများဖြင့်ဆောက်လုပ်ထားသောအုတ်တိုက်ဖြစ်ကာ ဘုရားရှင်၏စွယ်တော်နှင့်ဓာတ်တော်မွေတော်များကိန်းဝပ်နေသည်။ပုဂံခေတ်အနော်ရထာမင်းမြတ် သီဟိုဠ်ကျွန်းမှစွယ်တော်မြတ်ကို ရွှေစည်းခုံ၌ဌာပနာခြင်းမပြုမီ နန်းတော်ဦးတွင် စွယ်တော်စင်ဆောက်၍ကိုးကွယ်သည်ကိုနောက်မင်းဆက်များကထုံးမူ၍ နန်းတော်ဦးနေရာ၌ဘုရားရှင်၏စွယ်တော်နှင့်မွေတော်များကိုထား၍ကိုးကွယ်ကြသည်။

လွှတ်တော်[ပြင်ဆင်ရန်]

တံခါးနီမြို့ရိုးအပြင်ဘက် လက်ယာဘက်တွင် လှေကား၃ဖက်နှင့် လွှတ်တော်ရှိသည်။လွှတ်တော်ဇေတဝန်ဆောင်၌ မြေနန်းပြသာဒ်မှသီဟာသနပလ္လင်ကဲ့သို့ ရာဇပလ္လင်ရှိပေသည်။ဘုရင်သည်လွှတ်တော်သို့ရံဖန်ရံခါထွက်တော်မူသည်။အိမ်ရှေ့မင်းနှင့် ဝန်ကြီးများမှာ သီတင်းနေ့မှလွဲ၍ လွှတ်တော်တက်ရသည်။သာသနာရေး၊စစ်လက်နက်ဆိုင်ရာ၊နိုင်ငံခြားရေးရာ စသည့်အမှုများကိုလွှတ်တော်၌စီရင်ရသည်။ [၁]

တော်ဝင်ဂူဗိမာန်များ[ပြင်ဆင်ရန်]

၁၉၀၃ခုနှစ်ကတွေ့ရသော မင်းတုန်းမင်းတြားကြီး၏ဂူဗိမာန်

ပဟိုရ်စင်၏မြောက်ဘက်အနီးတွင် မင်းမျိုးတို့၏ဂူဗိမာန်အစုအဝေးကိုတွေ့ရသည်။ထိုအထဲတွင်အရေးအပါဆုံးမှာ နတ်ပြည်စံမင်းတြားကြီး၏အုတ်ဂူဖြစ်သည်။မူလမှာ အုတ်ပြသာဒ်နှင့်ဖြစ်သော်လည်းနောက်ပိုင်းတွင်မှန်စီရွှေချခဲ့သည်။မင်းတုန်းမင်းတြားကြီး၏ မိဖုရားခေါင်ကြီး၂ပါးဖြစ်သည့် စင်္ကြာဒေဝီ၊ဆင်ဖြူမရှင်နှင့် မိဖုရား လောင်းရှည်မိဖုရား တို့၏အုတ်ဂူများလည်းတည်ရှိသည်။ [၁]

ဒင်္ဂါးသွန်းစက်ရုံ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒင်္ဂါးသွန်းစက်ရုံ

ဒင်္ဂါးသွန်းစက်ရုံမှာ ဂူဗိမာန်များ၏မြောက်ဘက်တွင်ရှိသည်။မြန်မာပြည်၏ ပထမဆုံးဒေါင်းဒင်္ဂါးပြားများ ကို ၁၈၆၅ခုနှစ်တွင်စတင်သွန်းလုပ်ခဲ့သည်။ဗြိတိသျှများသိမ်းပိုက်ပြီးနောက်မုန့်ဖုတ်ရုံအဖြစ်ပြောင်းခဲ့သည်။ဒုတိယကမ္ဘာစစ်ကြောင့်ပျက်စီးမှုမရှိသည့် အဆောက်အဦးများမှအပါအဝင်ဖြစ်သည်။

ဒင်္ဂါးသွန်းစက်ရုံ

ရွှေနန်းတော်အတွင်း[ပြင်ဆင်ရန်]

ရွှေနန်းတော်ကြီးကို အရှေ့ပိုင်းမင်းဆောင်တော်၊အနောက်ပိုင်းမင်းဆောင်တော်၊အနောက်ပိုင်း မိဖုရားဆောင်တော်ဟူ၍ ၃ပိုင်းခွဲထားသည်။အရှေ့ပိုင်းမင်းဆောင်တော်တွင် ၃၂၊အနောက်ပိုင်းမင်းဆောင်တော်တွင် ၄၊အနောက်ပိုင်း မိဖုရားဆောင်တော် ၇၈ စုစုပေါင်း ၁၁၄ဆောင်ရှိသည်။နန်းဆောင်များကို၂မီတာအမြင့်ရှိအုတ်ခုံပေါ်တွင်တည်ဆောက်ထားသည်။

မြေနန်းပြသာဒ်တော်[ပြင်ဆင်ရန်]

ဦးထိပ်တံခါးမှလာလျှင် ရွှေနန်းတော်သို့အရောက်တွင်တွေ့ရသည်မှာ မြေနန်းပြသာဒ်တော်ဖြစ်သည်။ဘုံ ၇ဆင့်ဖြင့်ရွှေနန်းတော်၏ အဦးအထိပ်၌တည်ရှိသည်။ပြသာဒ်တော်ကြီးရှေ့တည့်တည့်တွင် မြေနန်းစမုတ်ဦး၊ဘေးဝဲယာတွင် လက်ဝဲမြေနန်းဆောင်၊လက်ယာမြေနန်းဆောင်တို့ရှိသည်။မြေနန်းတော်စမုတ်ဦးရှေ့တွင် မင်းတက်လှေကားတစ်ခုရှိသည်။ထိုလှေကားမှာ ဘုရင်တစ်ဦးသာအဆင်းအတက်လုပ်သည်။ထိုမြေနန်းပြသာဒ်ကြီး၌ ယမနေသားဖြင့် ခြင်္သေ့ရုပ်ခံ သီဟာသနရာဇပလ္လင်ရှိသည်။အကြီးအကျယ်မင်းခမ်းရှိသောအခါ၊ဝါဝင်ဝါကျွတ်၊အတာနှစ်ကူး စသည့်အချိန်များ၌မင်းမိဖုရားနှစ်ပါးထွက်တော်မူ၍ကန်တော့ခံလေ့ရှိသည်။တစ်နှစ်လျှင်၅ကြိမ်ကန်တော့ခံသည်ဟုအဆိုရှိသည်။ထိုရှေ့တွင် အိမ်ရှေ့မင်းထိုင်ရန် ချိုင့်တော်ကိုပလ္လင်၏ အရှေ့ဝဲဘက်တွင်ထားရသည်။ထို့နောက်တွင်မူးမတ်များရာထူးအလိုက်ထိုင်ကြပေသည်။အိမ်ရှေ့မင်း၏ချိုင့်တော်မှတစ်ပါး နေရာအကွက်ပေါင်း၆၄၀ရှိလေသည်။ပလ္လင်တော်၏ဝဲယာတွင် မင်းခမ်းတော်များခင်း၍ထီးဖြူ၈စင်းဖွင့်ရသည်။

အလယ်တွင်ဘုံ၇ဆင့်၊အရှေ့တွင်မြေနန်းစမုတ်ဦး၊ဝဲယာတွင်မြေနန်းဆောင်များဖြင့် မြေနန်းပြသာဒ်တော်ကြီးကို ၁၉၀၃ခုနှစ်ကတွေ့ရစဉ်

အရှေ့ဇေတဝန်ဆောင်[ပြင်ဆင်ရန်]

East Zaytawun Building of Mandalay Building.jpg မြေနန်းပြသာဒ်မှစနုကူးလျက်အနောက်ဘက်တွင်အရှေ့ဇေတဝန်ဆောင်ရှိလေသည်။ထိုဇေတဝန်ဆောင်တွင်ရွှေတိုက်မှဘိုးဘေးမင်းတို့၏ရွှေရုပ်တုများကို ပူဇော်ခံ၍ကန်တော့လေရှိသည်။ထိုအဆောင်တွင် ဟသာ်ရုပ်ခံ ဟံသာသနရာဇပလ္လင်ရှိသည်။နိုင်ငံခြားသံများကိုတွေ့ရန်၊ဆရာတော်များပင့်ဖိတ်၍ တရားနာလေ့ရှိသည်။ထိုအဆောင်မှစနုကူး၍တောင်ဘက်တွင်လေသာဆောင်၊မြောက်ဖက်တွင်ဗြဲတိုက်ရှိသည်။

ဗောင်းတော်ဆောင်[ပြင်ဆင်ရန်]

Baungdaw Building of Mandalay Palace.jpg အရှေ့ဇေတဝန်ဆောင်မှအနောက်သို့စနုကူးလျှင် ဘုရင်မင်းမြတ်၏သရဖူတော်၊ဗောင်းတော်၊မကိုဋ်တော် စသည်တို့ထားရာအဆောင်ဖြစ်သည်။

မှန်နန်းဆောင်[ပြင်ဆင်ရန်]

Mandalay Hluttaw.JPG ဗောင်းတော်ဆောင်၏အနောက်ဘက်စနုကူး၍ဆောက်ထားသောအဆောင်မှာ ဘုရင်မင်းမြတ်စံမြန်းရာမှန်နန်းဆောင်ပင်ဖြစ်သည်။ကွန်း၅ဆင့်၊စမြင်ခံ၅ထပ်နှင့် ရွှေနီဖလံ၊ဖန်မှန်တို့ဖြင့်စီခြယ်ထားကာ နန်းတော်အတွင်းအလှပဆုံးအဆောင်ဟုပင်ဆိုနိုင်သည်။အလယ်တွင်တောင်မြောက်မာရဘင်ကန့်ကာ မာရဘင်အပြင်၌မနောရဟထီးဖြူစိုက်ဆောက်အပ်သော ကရဝေးသားဖြင့်ထုသည့် ပိတုန်းရုပ်ခံ ဘမာရာသနပလ္လင်ရှိသည်။မှန်နန်းဆောင်သို့မှူးမတ်တို့သည်အမြဲမခစားရ။အမိန့်တော်ရမှခစားရသည်။ထိုအဆောင်အရှေ့ဘက်ရှိစနုသည် ညီလာခံစနုဖြစ်သည်။သံတမန်အငယ်များနှင့်ရပ်ဝေးစော်ဘွားများကိုထိုနေရာ၌လက်ခံတွေ့ဆုံသည်။ဗြဲတိုက်တော်မှသံတော်ဆင့်တို့မှာထိုနေရာမှသံတော်ဆင့်ရ၍မင်းတရားမှာမှန်နန်းဆောက်မှနားခံတော်မူသည်။ဘဝရှင်မင်းတုန်းမင်းတြားကြီးသည်ထိုအဆောင်၌နေ့ညမပြတ်စံမြန်းသည်။

ဗြဲတိုက်ဆောင်[ပြင်ဆင်ရန်]

ဗြဲတိုက်မှာမွန်စကား ပတိုက်ဗြဲဖြစ်၍မြန်မာလို လူပျိုတော်ဆောင်ဖြစ်သည်။ဟံသာဝတီဆင်ဖြူများရှင်လက်ထက်တွင်မွန်တလိုင်းလူပျိုတော်များကိုထိုအဆောင်တွင်စံစားစေ၍ ဗြဲတိုက်ဟုခေါ်သည်။နောက်တွင်အမှန်တကယ်မစံစားသော်လည်းအစဉ်အလာအရဆက်လက်ခေါ်ကြသည်။ထိုအဆောင်တွင် ဆင်ရုပ်ခံ ဂဇာသနရာဇပလ္လင်ရှိသည်။တိုင်းပြည်ရေးရာကို ဘုရင်ကိုယ်တော်တိုင်ထွက်၍ဆွေးနွေးသကဲ့သို့ မှူးမတ်များသာလျှင်လည်းဆွေးနွေးသည်။ဗြဲတိုက်အတွင်းဝန်တို့မှာလွှတ်တော်ဝန်ကြီးများလောက်ရာထူးမကြီးသော်လည်းဘုရင်မင်းမြတ်နှင့်နီးကပ်သောဌာနဖြစ်၍ လွှတ်တော်ထက် အရေးပါသည်။ဗြဲတိုက်မှာဘုရင်ကိုတိုက်ရိုက်တင်လျောက်နိုင်ပြီးလွှတ်တော်မှာဗြဲတိုက်မှတစ်ဆင့်လျောက်ရသည်။

လေသာဆောင်[ပြင်ဆင်ရန်]

The Promenade Building of Mandalay Palace.jpg လေသာဆောင်မှာလေညင်းခံရာအဆောင်ဖြစ်သည်။သာသနာရေးရာကိစ္စများအတွက်ရံဖန်ရံခါတွင် ဆရာတော်များပင့်၍ဆွေးနွေးတတ်သည်။ တောင်ပိန္နဲသားဖြင့် ခရုသင်းခံကာပြုလုပ်သော သင်္ခါသနရာဇပလ္လင်ရှိသည်။

လက်ဖက်ရည်တော်ဆောင်[ပြင်ဆင်ရန်]

လက်ဖက်ရည်တော်ဆောင်မှာမှန်နန်းဆောင်၏ ဝဲဘက်တွင်ရှိသည်။ရှေးမင်းအဆက်ဆက်ကိုင်စွဲသောလက်နက်များကို မပျောက်ပျက်မတိမ်ကောစေရန် ကမ္မည်းအက္ခရာနှင့်ရေး၍သိမ်းထားသည်။

ရွှေတိုက်တော်[ပြင်ဆင်ရန်]

Treasury Building of Mandalay Palace.jpg ဗောင်းတော်ဆောင်၏တောင်ဘက်တွင်ရှိသည်။ရွှေသားအတိမင်းရုပ်တုများ၊နန်းစဉ်ရတနာများ၊မင်းဘဏ္ဍာတော်များထိန်းသိမ်းရာနေရာဖြစ်သည်။အထက်ရွှေတိုက်နှင့်အောက်ရွှေတိုက်ဟူ၍ရှိရာ သာမညပစ္စည်းများကို အောက်ရွှေတိုက်၌သိမ်းသည်။

ပန်းခုံ​တော်အုတ်တိုက်[ပြင်ဆင်ရန်]

ဘုရင်မင်းမြတ်တို့စိတ်ကြည်နူး​စေရန်အထူးထူး​သောပန်းများတို့စိုက်ပျိုးထား​သောပန်းဥယျာဉ်​တော်တစ်ခုပြုလုပ်ထား​လေသည်။၎င်းဥယျာဉ်အနီးတွင်ပြုလုပ်ထား​သောအုတ်တိုက်ကို ပန်းခုံ​တော်အုတ်တိုက်ဟု​ခေါ်သည်။ရံဖန်ရံခါတွင်ဘုရင်မင်းမြတ်ထွက်​တော်မူသည်။မှူးမတ်များမှာ ညီလာခံကွဲပြီး ဘုရင်မင်းမြတ်ချမှတ်​သောအမိန့်​တော်များကိုမည်သို့​ဆောင်ရွက်သင့်​ကြောင်းကို ထို​နေရာတွင်တိုင်ပင်​ဆွေး​နွေးကြသည်။

​တောင်စမုတ်​ဆောင်[ပြင်ဆင်ရန်]

Taung Samote of Mandalay Palace.jpg ရွှေနန်း​တော်၏​တောင်ဖက်တွင် ​အ​ရှေ့အ​နောက်လျားမဟုတ်ဘဲ ​တောင်​မြောက်လျား၍​နေ​ကျော်​ဆောက်လုပ်ထား​သောအ​ဆောင်ဖြစ်သည်။​မြေနန်းစမုတ်၊​တောင်စမုတ်၊​မြောက်စမုတ် ဟူ၍စမုတ်၃ခုရှိသည်။ပဥ္စင်း​တော်၊ကထိန်​တော်၊ဝါကျွတ်အလှူ​တော် စသည်တို့တွင်​တောင်စမုတ်​ဆောင်သို့ထွက်၍​ရေစက်ချ​တော်မူသည်။​တောင်စမုတ်​ဆောင်မှာ စံမြန်းရာမှန်နန်း​ဆောင်မှ ​တောင်ဖက်တည့်တည့်တွင်ရှိသည်။​တောင်ဘက်​​လှေကားမှာမင်းတက်​​လှေကားဖြစ်သည်။မင်းမြတ်တို့​တောင်ဥယျာဉ်သို့ထွက်တိုင်း ထို​လှေကားကိုအသုံးပြုသည်။အလယ်တွင်မာရဘင်ကန့်ပြီး ​ရေသဖန်းသားဖြင့်ပြုလုပ်ပြီး သားရဲရုပ်ခံ​သော မိဂါသနရာဇပလ္လင်ရှိသည်။မင်းတို့သည် ၁၂ရာသီမင်းပွဲသဘင်လှူဒါန်း​သောအခါထို​နေရာတွင်​ရေစက်ချသည်။

​မြောက်စမုတ်​ဆောင်[ပြင်ဆင်ရန်]

ရွှေနန်း​တော်၏​မြောက်ဘက်တွင် ​မြောက်ဘက်သို့စမုတ်ထား၍​နေ​ကျော်ကာ​ဆောက်လုပ်ထား​သောအ​ဆောင်ကို ​မြောက်စမုတ်​ဆောင်ဟု​ခေါ်သည်။စံ​တော်မူရာ မှန်နန်း​ဆောင်၏​မြောက်ဘက်၊​တောင်စမုတ်​ဆောင်၏​မြောက်ဘက်တန်းတန်းတွင်ရှိသည်။အလယ်တွင် မာရဘင်ကန့်ကာ ဥ​ဒေါင်းရုပ်ခံကာ​ပေါက်သားဖြင့်ပြုအပ်​သော မယုရာသနရာဇပလ္လင်ရှိသည်။ထိုအ​ဆောင်တွင် မြို့စား၊​စော်ဘွားများမှဆက်သ​သော ဆင်၊မြင်းများ၊အထူးအဆန်း အကြီးအကျယ်ဖြစ်​သောပတ္တမြားများကိုသိမ်းယူ​တော်မူရာတွင်အသုံးပြုသည်။

​တောင်ထားဝယ်​ဆောင်နှင့်​မြောက်ထားဝယ်​ဆောင်[ပြင်ဆင်ရန်]

​တောင်ထားဝယ်​ဆောင်မှာ​ရွှေတိုက်​တော်၏အ​​ရှေ့ဘက်တွင်တည်ရှိ၍​မြောက်ထားဝယ်​ဆောင်မှာလက်ဖက်ရည်​တော်​ဆောင်၏အ​ရှေ့ဘက်တွင်တည်ရှိသည်။ ဟံသာဝတီဆင်ဖြူများရှင်လက်ထက်က ထားဝယ်မြို့သား ​သေနတ်ကိုင်အစုအမှုထမ်းများကို​နေရာချထားရာအ​ဆောင်ဖြစ်သည်။​နေရာ​ဒေသကိုအစွဲပြု၍​ခေါ်​သောအ​ဆောင်ဖြစ်သည်။တစ်နည်းတွင်ဒဝယ်ဆိုသည်မှာ ​နွေးသည်ကို​ခေါ်သည်။​ရေ​နွေး​တော်တည်ရာအ​ဆောင်ဟုလည်းမှတ်သားရသည်။ဘုရင်၏လုံ​ရေးအတွက် ​သေနတ်ကိုင်၍​စောင့်​ရှောက်ရ​သောလုံခြုံရေးအဖွဲ့​နေရာဖြစ်သည်။အလျား ​၄၀​ပေ၆လက်မ၊အနံ၂၅​ပေ၊အမြင့်၃၄​ပေရှိသည်။

နန်းမြင့်[ပြင်ဆင်ရန်]

Mandalay-Palace-Watch-Tower.JPG ရွှေနန်းတော်၏တောင်ဖက်အခြမ်းတွင်တည်ရှိသည်။ရွှေနန်းတော်စတင်ဆောက်ချိန်တွင်တောင်မြောက်တစ်ဖက်စီတွင် နန်းမြင့်၊ပန်းခုံ၊ပန်းခြံ တစ်ခုစီရှိသည်။ ၂၄မီတာအမြင့်ရှိသောဤနန်းမြင့်မှာမူလကမပါရှိပဲ သားတော်သီပေါမင်းလက်ထက်တော်မှ မဟာမုနိဘုရားကြီးဆီမီးစောင်းတန်း၊ပန်းတံခွန်၊ပန်းထီးအလှူတော်များအတွက် အလျင်မီကြည်ညိုနိုင်ရန်နေ့ညမပြတ်ဆောက်လုပ်ခဲ့သည်။

အ​နောက်ပိုင်းမင်း​ဆောင်​တော်[ပြင်ဆင်ရန်]

အ​နောက်ပိုင်းမင်း​ဆောင်​တော်၄ခုမှာ

  • အ​နောက်ပွဲတက်​ဇေတဝန်​ဆောင်​တော်
  • အ​နောက်စမုတ်
  • ​တောင်ဘက်ဝဲ​ဆောင်
  • ​မြောက်ဘက်ဝဲ​ဆောင် တို့ဖြသ်သည်။

အ​နောက်စမုတ်​ဆောင်[ပြင်ဆင်ရန်]

အ​နောက်စမုတ်​ဆောင်မှာ နန်း​တော်၏အ​နောက်ဖက်တွင်အ​နောက်ဖက်ကိုမျက်နှမူ၍ လည်​ပေါ်ယွန်း ၃ဆင့်နှင့်​ဆောက်လုပ်ထားသည်။

အနောက်ပွဲတက်ဇေတဝန်ဆောင်တော်[ပြင်ဆင်ရန်]

အနောက်စမုတ်ဆောင်နှင့် စနုကူးလျက် အရှေ့ဘက်တွင် ပွဲတက်ဆောင်ရှိသည်။ ၃ထပ်ဇေတဝန်ဆောက်လုပ်ထားသည်။ ထိုအဆောင်တွင် အလယ်က မာရဘင်ကန့်၍ သရက်သားဖြင့်ပြုသော ပဒုမ္မာကြာပွင့်ခံ ပဒုမာသနရာဇပလ္လင်ရှိသည်။ ဝါဝင်ဝါကျွတ် နှစ်သစ်ကူးများတွင် မိဖုရား၊ မင်းသမီး၊ ကတော်၊ မယားစသော မင်းမိန်းမတို့ပူဇော်သောအခါ မင်းမိဖုရားထွက်တော်မူ၍ ကန်တော့ခံရာနေရာဖြစ်သည်။ထို့အပြင် မြင်းမိုရ်ပွဲ၊ တန်ဆောင်မုန်းလပြည့်၊ အဖိတ်နေ့ည၊ ကထိန်လျာမသိုးသင်္ကန်း ရက်သောအခါ၊မဟာပိန္နဲပွဲအခါများတွင် ဤအဆောင်တွင် ထွက်တော်မူ၍ရှုစားသည်။

ယခုအခါတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြတိုက်အဖြစ်ဖွင့်လှစ်ထားသည်။

​တောင်ဘက်ဝဲ​ဆောင်နှင့်​မြောက်ဘက်ဝဲ​ဆောင်[ပြင်ဆင်ရန်]

အ​နောက်စမုတ်​​ဆောင်ကို အ​ရှေ့​မြေနန်းစမုတ်ဦးကဲ့သို့ပင် ဝဲယာတွင် ​တောင်ဘက်ဝဲ​ဆောင်နှင့်​မြောက်ဘက်ဝဲ​ဆောင်တို့ဖြင့်​ဆောက်လုပ်ထားသည်။

အ​နောက်ပိုင်းမိဖုရား​ဆောင်များ[ပြင်ဆင်ရန်]

အ​နောက်ပိုင်းမိဖုရား​ဆောင်များသည် စံ​တော်မူရာ​မှန်နန်း​ဆောင်၏အ​နောက်မှစ၍​တောင်​မြောက်တန်းလျက်၆တန်းရှိ​လေသည်။

ပြန်လည်တည်​ဆောက်ခြင်း[ပြင်ဆင်ရန်]

၁၉၄၅ခုနှစ် မတ်လ၁၇ရက်​နေ့တွင် ဂျပန်တို့ မန္တ​လေးမြို့ကို ဗုံးကျဲချရာမှ နန်း​တော်ကြီးနှင့်အတူ မြို့ရိုးများပါ မီး​လောင်ပျက်စီးခဲ့ရသည်။မြို့ရိုးပတ်လည် ပြသာဒ်အကြီး၊အ​သေး ၄၈ခုတွင် အ​ကောင်း၁၃ခုသာကျန်ရှိခဲ့သည်။ပြာပုံအတိဖြစ်ခဲ့ရ​သော နန်း​ဆောင်​တော်တို့​နေရာတွင် အုတ်ခုံများသာ ကျန်ရှိခဲ့သည်။အမျိုးသား​ရေးစိတ်ဓာတ်များ ရှင်သန်ထက်မြက်​ရေးအတွက် ၁၉၈၉ခုနှစ် စက်တင်ဘာမှစတင်ကာ ပြန်လည်တည်​ဆောက်ခဲ့သည်။ထုထည်ကြီးမားလှ​​သော ​မြေနန်းပြသာ​ဒ်​တော်ကြီးနှင့် နန်း​ဆောင်များကို ငါးနှစ်စီမံကိန်းဖြင့် စီမံကိန်းနှစ်အလိုက် တည်​ဆောက်ခဲ့ကြသည်နန်း​တော်ကြီးပြန်လည်တည်​ဆောက်​ရေးအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မန္တ​လေးတိုင်း၊စစ်ကိုင်းတိုင်းနှင့် မ​ကွေးတိုင်းတို့မှ တာဝန်များခွဲ​ဝေ တည်​ဆောက်ခဲ့ကြသည်။နန်း​တော်အ​ဆောင်များ တည်​ဆောက်​ရေးအဖွဲ့နာယကအဖြစ် မန္တ​လေးတိုင်း ငြိမ်ဝပ်ပိပြားမှု တည်​ဆောက်​ရေးအဖွဲ့ဥက္ကဋ္ဌ ထိုစဉ်ကဗိုလ်မူးကြီး ထွန်းကြည်၊ ဥက္ကဋ္ဌအဖြစ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး​အောင်ခင်တို့မှ တာဝန်ယူခဲ့သည်။မန္တ​လေးမြို့ခံ မြန်မာ့ဗိသုကာပညာရှင် ဆရာကြီးဦးဝင်း​မောင်၊ တိုင်း၃တိုင်းမှ ပြည်သူ့​ဆောက်လုပ်​ရေးအင်ဂျင်နီယာများ၊ ပန်းပုပညာရှင်များ ပါဝင်၍ တည်​ဆောက်ခဲ့ကြသည်။ဆရာကြီးဦးဝင်း​မောင်က ကျမ်းကိုးကျမ်းကားများကိုရှာ​ဖွေ၍ ပုံစံထုတ်ခဲ့သည်။ပြန်လည်တည်​ဆောက်ရာတွင် စာ​ပေပညာရှင်များ၏ အကြံဉာဏ်ကိုလည်း ယူခဲ့ကြရာ မြန်မာ့သမိုင်းအဖွဲ့ဝင် ဦး​မောင်​မောင်တင်လည်း ပါဝင်ခဲ့သည်။နန်း​တော်​ဆောင်များကို ​ရှေးမူအတိုင်း ပီပြင်စွာပြန်လည်တည်​ဆောက်ခြင်းဖြစ်၍ အချိန်ကြာမြင့်စွာ ယူခဲ့ရသည်။

၁၉၈၉-၁၉၉၀ ပထမနှစ်စီမံချက်အရ နန်း​ဆောင်၃​ဆောင်၊ဒုတိယနှစ်စီမံချက်အရ နန်း​ဆောင်၁၉​ဆောင်၊ တတိယနှစ်စီမံချက်အရ နန်း​ဆောင်၉​ဆောင်၊ စတုတ္ထနှစ်စီမံချက်အရ နန်း​ဆောင် ၅​ဆောင်နှင့် ပဉ္စမနှစ်စီမံချက်အရ နန်း​ဆောင်၁၁​ဆောင်တို့ကို တည်​ဆောက်ပြီးစီးခဲ့သည်။မန္တ​လေးတိုင်းမှ ​မြေနန်းပြသာဒ်​တော်၊အ​ရှေ့စမုတ်၊ လက်ဝဲပွဲတက်​ဆောင်တို့ကိုလည်း​ကောင်း၊ စစ်ကိုင်းတိုင်းမှ ​ဇေတ​ဝန်​ဆောင်၊​ဗောင်း​တော်​ဆောင်နှင့် နန်းကြမ်းပြင်တို့ကိုလည်း​ကောင်း၊ မ​ကွေးတိုင်းမှ နန်းမြင့်နှင့် ​တောင်စမုတ်၊ ​မြောက်စမုတ်တို့ကိုလည်း​ကောင်း တာဝန်ယူ၍ ​ဆောက်လုပ်ခဲ့သည်။

မြေနန်းပြသာဒ်​တော်နှင့် နန်း​တော်အ​ဆောင်များတည်​ဆောက်​ရေးအတွက် ပန္နက်တင် အခမ်းအနားကို ၁၂.၁၁.၁၉၈၉ခုနှစ် နံနက်၁၀နာရီတွင် နန်း​တော်အုတ်ခုံ​ပေါ်၌ ကျင်းပခဲ့သည်။​အုတ်မြစ်ချပွဲကို ၈.၁၂.၂၀၀၉တွင် ပြုလုပ်ပြီး စတင်​ဆောက်လုပ်ခဲ့သည်။မြေနန်းပြသာဒ်​တော်မှာ ဘုံ၇ဆင့်ဖြင့် အမြင့်၂၀၄​ပေ၊အလျား၆၄​ပေ၊တိုင်လုံး​ပေါင်း ၃၆လုံးပါရှိပြီး ၁၉၉၁ခုနှစ်တွင် ပြီးစီးခဲ့သည်။ပြန်လည်တည်​ဆောက်​ရေးလုပ်ငန်းများအတွက် စုစု​ပေါင်း ခန့်မှန်းကုန်ကျ​ငွေမှာ ကျပ်တစ်ဆယ့်​လေးကု​ဋေ တစ်သန်း ​လေးသိန်း​ကျော်ဖြစ်သည်။[၆]

​ဝေဖန်မှု[ပြင်ဆင်ရန်]

နန်း​တော်ကို ​ရှေးမူမပျက် ပြန်လည်တည်​ဆောက်ခဲ့​သော်လည်း ​ရေရှည်တည်တံ့ရန်အတွက် ​ခေတ်​ပေါ်ပစ္စည်းများ အသုံးပြုခဲ့သည်။နန်း​​ဆောင်များအတွင်း အ​ဆောင်အ​ယောင်များ မရှိခြင်းမှာလည်း ရုပ်ပျက်ဖွယ်ဖြစ်သည်။ဥပမာ-မှန်နန်း​ဆောင်ရှိ ဘုရင်စက်​တော်​ခေါ်ရာအခန်းတွင် သလွန်တစ်ခုသာချထားခြင်းဖြင့် ​ရှေးမြန်မာဘုရင်များ၏ ပုံရိပ်မှာ နိုင်ငံခြားသားများအမြင်တွင် နိမ့်ကျ​စေသည်။နန်း​ဆောင်များစွာ၏ အုတ်ခုံများပျက်စီး​နေခြင်း၊ နန်း​ဆောင်များအတွင်း တိရစ္ဆာန်များ၏ အညစ်အ​ကြေးများဖြင့် ညစ်ညမ်း​နေခြင်း၊နန်း​တော်အတွင်း မြက်ရိုင်းများ​ပေါက်​နေခြင်းတို့မှာ နန်း​တော်အား ​ခေတ်အဆက်ဆက်မှ ယ​နေ့တိုင် ထိန်းသိမ်းမှုမရှိပုံများကို ​တွေ့နိုင်သည်။နန်း​တော်ပြန်လည်တည်​ဆောက်ခြင်း၏ ရည်ရွယ်ချက်များဖြစ်​သော အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မား​ရေး၊မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်​ရေးတို့ကို မ​ရောက်​စေဘဲ နိုင်ငံခြားခရီးသွားများ​ရှေ့တွင် မြန်မာဘုရင်များ၏ ပုံရိပ်ကိုကျ​စေ​သော ရှက်ဖွယ်ရာ နန်း​တော်တစ်ခုအသွင်​ဖော်​ဆောင်​နေသည်။

စစ်တပ်[ပြင်ဆင်ရန်]

၁၈၈၅ခုနှစ်တွင် အင်္ဂလိပ်တို့​အောက်သို့ ကျ​ရောက်စဉ်မှစ၍ ယ​နေ့အထိ နှစ်​ပေါင်း၁၃၀​ကျော်တိုင် နန်းမြို့ရိုးအတွင်း စစ်တပ်များ တပ်စွဲခဲ့ကြသည်။၁၈၈၅ခုနှစ် နိုဝင်ဘာ၂၉ရက်​နေ့မှစကာ အင်္ဂလိပ်တပ်များ တပ်စွဲခဲ့ကြသည်။လွတ်လပ်​ရေးရပြီးချိန်တွင်လည်း မြန်မာ့တပ်မ​တော်မှ ဆက်လက်တပ်စွဲခဲ့သည်။နန်းမြို့ရိုးအတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်စွဲကာ သင်တန်း​ကျောင်းများ၊တပ်မြို့စည်ပင်၊ တပ်နယ်ရုပ်ရှင်ရုံ၊ ဝန်ထမ်းအိမ်ယာများ စသည်ဖြင့် မြို့လယ်ရှိ သီးခြားတပ်မြို့​လေးသဖွယ် အသွင်​ဖော်ထားသည်။နန်း​တော်နှင့်အနီးတစ်ဝိုက်သာ လည်ပတ်ခွင့်ရှိပြီး ကျန်​နေရာများမှာ ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ထားသည်။လုံခြုံ​ရေးအ​ကြောင်းပြချက်ဖြင့် ကျန်ရှိ​နေသည့် တံခါး​လေး​ပေါက်မှ ဦးထိပ်တံခါး၊​ကြေးမုံတံခါး၊​လေးသိန်းတံခါးတို့မှသာ အစစ်​ဆေးခံကာ ဝင်ခွင့်ရပြီး ​ကျော်မိုးတံခါးမှမူ သာမန်ပြည်သူများ ဖြတ်သန်းခွင့်မရှိ​ပေ။ကျုံးအ​နောက်​တောင်​ထောင့်ရှိ မန်းသီတာဥယျာဉ်ကိုလည်း ဖျက်သိမ်းခြင်း၊ ​ရေပြင်​ပေါ်ရှိ ဗိုလ်ချုပ်​ကြေးရုပ်အား ​ဖယ်ရှားခြင်း၊ နန်းမြို့အတွင်းမှ ဖြတ်သန်းသွား​သော မန္တ​လေး-မတ္တရာမီးရထားလမ်းအား ဖျက်သိမ်းခြင်းတို့ကို ၁၉၈၈​နောက်ပိုင်းတွင် လုံခြုံ​ရေးအရပြုလုပ်ခဲ့သည်။၂၀၁၆ခုနှစ်တွင် မြို့​တော်စည်ပင်မှ ​တောင်ဘက်ကျုံး အတွင်းလမ်းတစ်လျှောက် မန်းသီတာဥယျာဉ် ပြန်လည်တည်​ဆောက်ရန် လုပ်​ဆောင်ရာတွင်လည်း လုံခြုံ​ရေးအ​ကြောင်းပြချက်ဖြင့်ပင် မိမိတို့မှ​ဆောက်​ပေးမည်ဖြစ်​ကြောင်း ကန့်ကွက်ကာ ​ကျော်မိုးတံခါးအနီးတွင် ပန်းခြံငယ်​လေးတစ်ခုသာ တည်​ဆောက်​ပေးခဲ့သည်။[၇] [၈]

ပြန်လည်တည်​ဆောက်ထား​သော မန်းသီတာဥယျာဉ်ငယ်

ပြခန်း[ပြင်ဆင်ရန်]

အခြားကြည့်ရန်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ Mandalay Palace (PDF)။ Directorate of Archaeological Survey, Burma (1963)။ 2006-08-22 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Kyaw Thein (1996). The Management of Secondary Cities in Southeast Asia. Case Study: Mandalay. UN-Habitat. ISBN 9211313139, 9789211313130။ 
  3. Vincent Clarence Scott O'Connor (1907). Mandalay and Other Cities of the Past in Burma. Hutchinson & Co., 6–9။ 
  4. Bird, George W. (1897). Wanderings in Burma. London: F. J. Bright & Son, 254။ 
  5. http://www.tabbookcentre.com/Stock/Details/50828
  6. နတ်မောက် ထွန်းရှိန် (၁၉၉၄ ဇွန်). ယနေ့မန္တလေး 
  7. အောင်ကိုဦး (၂၀ ဒီဇင်ဘာ ၂၀၁၇)။ မန်းသီတာဥယျာဉ် တပ်မတော်မှ ပြန်လည်တည်ဆောက်မည်မဇ္ဈိမ သတင်းဌာန
  8. ဆူးငှက် (၂၁ ဇွန် ၂၀၁၄)။ သက်တမ်း နှစ်ပေါင်း ၁၃၀ တိုင်လုပြီဧရာဝတီ သတင်းဌာန

ပြင်ပလင့်များ[ပြင်ဆင်ရန်]

Wikimedia Commons ရှိ မန္တလေး နန်းတော် နှင့်ပတ်သက်သော မီဒီယာများ

တမ်းပလိတ်:Royal palaces in Burma

ကိုဩဒိနိတ်: 21°59′34.59″N 96°5′45.28″E / 21.9929417°N 96.0959111°E / 21.9929417; 96.0959111