နွားထိုးကြီးမြို့
နွားထိုးကြီးမြို့ | |
---|---|
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 21°25′00″N 95°39′00″E / 21.41667°N 95.65000°Eကိုဩဒိနိတ်: 21°25′00″N 95°39′00″E / 21.41667°N 95.65000°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေးတိုင်းဒေသကြီး |
မြို့နယ် | နွားထိုးကြီးမြို့နယ် |
ဧရိယာ | |
• စုစုပေါင်း | ၄၈၁.၂ စတုရန်းမိုင် (၁၂၄၆.၃ စတုရန်းကီလိုမီတာ) |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အတွင်းတည်ရှိသော နွားထိုးကြီးမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။
သမိုင်းအကျဉ်း
[ပြင်ဆင်ရန်]သက္ကရာဇ်(၇၆၃)ခုနှစ်၊ အင်းဝပထမ မင်းကြီးစွာဆော်ကဲ လက်ထက်တွင် “နွားဓိုရ်” ရွာ အဖြစ်တည်ရှိကြောင်း၊ ရှင်ပင်သာဒွန်းဦးဘုရားမော်ကွန်းကျောက်စာအရ “နွားဓိုရ်” ဟူသည် နွား=နွား+ဓိုရ်=ဓူဝ=အလေ့အကျင့်၊ နွားများကို ထိန်းကျောင်းလေ့ကျင့်သော ရွာဟု ခေါ်ဝေါ်ကြောင်း သုတေသီများကဆိုသည်။ တချို့မှလည်း နွားများဖြင့် အသက်မွေး၍ တိုးတက်ကြီးပွား သောကြောင့် နွားတိုးဟု သမုတ်ကြသည်။ ကာလရွေ့လျားလာပြီး နွားဓိုရ် - နွားတိုး မှ နွားထိုးကြီးဟု ခေါ်ဝေါ် သုံးစွဲခြင်းဖြစ်နိုင်ကြောင်း ကောဇာသက္ကရာဇ် ၁၂၆၇ ခုနှစ်၊ ရှင်ပင်သာထွန်းဦးမြတ်စွာဘုရားခေါင်းလောင်းစာအရ ယူဆရသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၃၁-၈-၁၉၇၂ ရက်စွဲပါစာအမှတ်၊ ၁၀၃/၄၉ စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၄)အုပ်စုနှင့် ကျေးရွာ ပေါင်း(၁၈၆)ရွာ ပါဝင်၍ဖွဲ့စည်းထားသော မြို့နယ်ဖြစ်သည်။
တည်နေရာ
[ပြင်ဆင်ရန်]မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ နှင့် မိုင်(၂၀) အကွာအဝေးတွင်တည်ရှိပြီး မြောက်လတ္တီတွဒ် (၂၁)ဒီဂရီ (၁၇)မိနစ် (၃၄)စက္ကန့် နှင့် (၂၁)ဒီဂရီ (၃၈)မိနစ် (၄၂)စက္ကန့် အတွင်း၊ အရှေ့လောင်ဂျီတွဒ် (၉၅)ဒီဂရီ (၂၇)မိနစ် (၅၄)စက္ကန့် နှင့် (၉၅)ဒီဂရီ (၅၈)မိနစ် (၃၂)စက္ကန့် အတွင်းတည်ရှိသည်။ မြေပုံအညွှန်း (L 085995) ဖြစ်သည်။
အကျယ်အဝန်း
[ပြင်ဆင်ရန်]အရှေ့နှင့်အနောက် (၃၀)မိုင် (၃)ဖာလုံ၊ တောင်နှင့်မြောက် (၂၂)မိုင် (၂)ဖာလုံ ကျယ်ဝန်းပြီး ဧရိယာ စတုရန်းမိုင် (၄၈၁၂၀) ကျယ်ဝန်းပါသည်။ ဧကအားဖြင့် (၃၀၇၉၆၈) ဧက ကျယ်ဝန်းသည်။
နယ်နိမိတ်
[ပြင်ဆင်ရန်]အနောက်ဘက်တွင် မြင်းခြံမြို့နယ်၊ မြောက်ဘက်တွင် ငါန်းဇွန်မြို့နယ်၊ တံတားဦးမြို့နယ်၊ မြစ်သားမြို့နယ် နှင့် တောင်ဘက်တွင် ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် တောင်သာမြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။
မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]မြေမျက်နှာသွင်ပြင် ညီညာပြန့်ပြူးမှုမရှိဘဲ ကုန်းမြင့်ချိုင့်ဝှမ်းနှင့် ဆင်ခြေလျောများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် လှိုင်းတွန့်သဏ္ဌာန်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အနိမ့်ဆုံး(၄၃၇)ပေနှင့် အမြင့်ဆုံး(၁၃၀၆)ပေ ဖြစ်ပြီး မြို့တည်နေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် (၇၅၅)ပေ အမြင့်တွင် တည်ရှိသည်။
ရာသီဥတု
[ပြင်ဆင်ရန်]မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသဖြစ်ပြီး အပူပိုင်းဇုံတွင် ကျရောက်သဖြင့် တစ်နှစ်ပတ်လုံး ပူပြင်းခြောက်သွေ့သော ရာသီဥတုဖြစ်သည်။ မြို့နယ်၏ အမြင့်ဆုံးအပူချိန် (၄၁)ဒီဂရီစင်တီဂရိတ်နှင့် အနမ့်ဆုံးအပူချိန် (၃၆.၁) ဒီဂရီစင်တီဂရိတ်အတွင်းရှိပြီး မိုးရွာရက်ပေါင်း (၃၂)ရက်မှ (၅၅)ရက်နှင့် မိုးရေချိန် (၂၁)လက်မမှ (၄၃)လက်မအထိ ရွာသွန်းသည်။
သစ်တောသစ်ပင်ပေါက်ရောက်မှု
[ပြင်ဆင်ရန်]အပူပိုင်းဒေသဖြစ်သဖြင့် ဆူးနှင့် အစေးပါသော (ရှား၊ သန်း၊ ဒဟတ်၊ ထနောင်း၊ တမာ၊ ဇီး၊ ကုက္ကို၊ မကျည်း၊ ကန္တာရ၊ နဘူး၊ ဆူးရစ်)အပင်များ ပေါက်ရောက်သည်။
ရှားပါးသတ္တဝါနှင့် ထူးခြားသတ္တဝါများ
[ပြင်ဆင်ရန်]ရှားပါးသတ္တဝါနှင့် ထူးခြားသတ္တဝါများအဖြစ် မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် အောက်ပါတောရိုင်းသတ္တဝါများ ရှိသည်။
ထင်ရှားသော စေတီပုထိုးများ
[ပြင်ဆင်ရန်]နွားထိုးကြီးမြို့ ရှင်ပင်သာထွန်းဦးမြတ်စွာဘုရား၊ ပုဂံခေတ် ရှင်အရဟံ သိမ်သမုဒ်ခဲ့သည့် ရှင်အရဟံသိမ်များအနက်မှ မကျီးကန်သိမ်၊ တပါယ်သိမ်၊ မလည်သိမ်၊ တစိုးဒါန်းတိုင် ဘုန်းတော်ကြီးကျောင်းတို့ ရှိသည်။
အထွေအထွေ
[ပြင်ဆင်ရန်]မြင်းခြံ-မန္တလေး ကားလမ်းမနှင့် ပုဂံ-မြို့သာ-မန္တလေး မီးရထားလမ်းပေါ်တွင် တည်ရှိပြီး မြင်းခြံမြို့မှ အရှေ့ဘက် ၁၉ မိုင်ကွာဝေးသည်။ အဓိက စိုက်ပျိုးသီးနှံများမှာ ဝါဂွမ်း၊ ထန်းနှင့် ပဲအမျိုးမျိုးဖြစ်သည်။ ယခုအခါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နွားထိုးကြီးမြို့၏ အရှေ့ဘက် ပြင်စည်ကျေးရွာအနီးမှ ဖြတ်သန်းဖောက်လုပ်ထားသည်။ ခရိုင်ချင်းဆက်လမ်းမှ တစ်ဆင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက်ရောက်ရှိနိုင်သည်။ နွားထိုးကြီးမြို့၏ အထင်ရှားဆုံးသော တန်ခိုးကြီးဘုရားဖြစ်သော ရှင်ပင်သာထွန်းဦးဘုရား ၏ ဘုရားပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၁) ရက်နေ့မှ တန်ပို့တွဲလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ပျူတပ်မြို့ (၉)မြို့ အနက်မှ ဝတီးမြို့ဟောင်း(စတီးဟုလည်း ခေါ်ကြသည်။)သည် နွားထိုးကြီးမြို့၏ အရှေ့တောင်ဘက် တွင် တည်ရှိသည်။ ယခုအခါ ရှေးဟောင်းသုတေသန ဌာနမှ မြို့ဟောင်းကို ပြန်လည် တူးဖော်လျက်ရှိသည်။ အဆိုပါဒေသမှ ပျူခေတ် ရှေးဟောင်းပျူပုတီး/ချင်းပုတီး များ တူးဖော် တွေ့ရှိရသည်။ ယခုအခါ ဒေသခံပြည်သူများမှ ဆက်လက်ထုတ်လုက်လျက်ရှိကြသည်ကို တွေ့ရှိရသည်။