ကရင် အမျိုးသား အစည်းအရုံး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကရင်အမျိုးသားအစည်းအရုံး
Karen National Union seal.PNG
ကရင်အမျိုးသားအစည်းအရုံး တံဆိပ်
အတိုကောက်KNU
ဖွဲ့စည်းခြင်းဖေဖော်ဝါရီ ၅၊ ၁၉၄၇ (၁၉၄၇-၀၂-၀၅)
အမျိုးအစားတိုင်းရင်းသားအဖွဲ့အစည်း
ဌာနချုပ်Law Khee Lar
တည်နေရာ
  • မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်း
ရုံးသုံးဘာသာစကား
ကရင်ဘာသာစကား
ဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီး ေစာမူတူးဆေးဖိုး
ဒုဥက္ကဋ္ဌ
ပဒိုစောကွယ်ထူးဝင်း
အထွေထွေအတွင်းရေးမှူး
ပဒိုစောတာဒိုမူး
တွဲဖက်အတွင်းရေးမှူး ၁
ပဒိုစောစတိဗ်
နှီးနွယ်အဖွဲ့အစည်းကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်
ဝက်ဘ်ဆိုဒ်knuhq.org
ကရင် အမျိုးသား အစည်းအရုံး အလံတော်
ကေအင်ယူ၏ ဖခင် စောဘဦးကြီး
မန်းဘဇံ

ကရင်အမျိုးသားအစည်းအရုံး ဆိုသည်မှာ ကေအင်ယူ Karen National Union (KNU) ဖြစ်သည်။ ထိုအစည်းအရုံး၏ လက်နက်ကိုင်တပ်မှာ ယခင်ကကေအင်ဒီအို Karen National Defense Organization (KNDO) ယခု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဖြစ်သည်။ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (ဒီကေဘီအေ) Democratic Karen Buddhist Army (DKBA) သည် ကေအင်ယူမှ ခွဲထွက်သွားသော လက်နက်ကိုင် အဖွဲအစည်းဖြစ်သည်။ (ဒီကေဘီအေ)သည် ခရစ်ယာန်ဘာသာဝင်များ ကြီးစိုးသည့် (ကေအင်ယူ) မှ ၁၉၉၅ တွင် ခွဲထွက်ခဲ့ပြီး အစိုးရတပ်များနှင့် ပူပေါင်းခဲ့ခြင်းဖြစ်သည်။ ကေအင်ယူမှ ခွဲထွက်သွားသော နောက်ဆုံး လက်နက်ကိုင် အဖွဲ့အစည်းမှာ ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သော ကေအင်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ ဖြစ်သည်။ လက်ရှိ KNU ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဖြစ်ပြီး ဒု ဥက္ကဋ္ဌ မှာ ပဒိုစောကွယ်ထူး၊ အထွေထွေအတွင်းရေးမှူးမှာ ပဒို စောတာဒိုမူးနှင့် တွဲဖက် အတွင်းရေးမှူး (၁) နှင့် (၂) အဖြစ် ပဒို စတိဗ် နှင့် စောလှထွန်း တို့ ဖြစ်သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံးအား မတရားအသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ကြေငြာခဲ့သည်။[၁]

မာတိကာ

ဒေါကလူ[ပြင်ဆင်ရန်]

လက်ရှိ ကေအင်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တာမလာဘော

ကရင်အမျိုးသားများ၏ ပထမဦးဆုံး ဖွဲ့စည်းခဲ့သည့် အမျိုးသားရေး အဖွဲ့အစည်းမှာဒေါကလူ ဖြစ်သည်။ ၁၈၈၁ ခုနှစ်တွင် ဒေါက်တာ တီးသံပြာက စတင် ဖွဲ့စည်းထူထောင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၃ ခုနှစ်တွင် ဒေါကလူမှ ခေါင်းဆောင်များနှင့် Karen Central Advisory Board (K.C.A.B) အား ဖွဲ့စည်းလိုက်၏။ ကရင့်ဗဟိုအကြံပေး အဖွဲ့တွင် ဒေါက်တာဆာစံစီဖိုးစောဘမောင်စောသာဒင်တို့ ပါဝင်ခဲ့ကြ၏။ ၁၉၄၅ တွင် (K.C.A.B) အား (K.C.O) Karen Central Organization ဟူ၍ အသွင်ပြောင်းလိုက်ကြ၏။ ထိုအဖွဲ့တွင် စောသာဒင်ဆရာသာထိုစောဘဦးကြီး ပါဝင်ကြ၏။ ၁၉၄၆ ခုနှစ်တွင် (K.C.O) ကိုယ်စားအဖွဲ့တဖွဲ့သည် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။ အဖွဲ့တွင် စောဘဦးကြီး၊ စောသာဒင်၊ ဆစ်ဒနီလူနီနှင့် စောဖိုးချစ် တို့ပါဝင်ပြီး၊ သီးခြား ကရင်ပြည်နယ် ရရှိရေးအတွက် ဗြိတိသျှနှင့် ဆွေးနွေးကြသည်။ စစ်ပြီးခေတ် ကရင်အမျိုးသားများ၏ အမျိုးသားရေး လှုပ်ရှားမှုများက အရှိန်အဟုန်နှင့်……။

ကေအင်ယူ[ပြင်ဆင်ရန်]

ကေအင်ယူတပ်ဖွဲ့ဝင်များ

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် KNU (Karen Nation Union) ကို ဖွဲ့စည်းခဲ့သည်။ ကေအင်ယူအား ဖွဲ့စည်းရာတွင် KNA ခေါ် ဒေါကလူ ကရင်အမျိုးသား အစည်းအရုံးဗုဒ္ဒဘာသာ ကရင်အမျိုးသားအဖွဲ့ချုပ် (BKNA) ၊ ကရင်ဗဟိုအဖွဲ့ (KCO) နှင့် ကရင်လူငယ်အဖွဲ့ (KYO) လေးဖွဲ့အား ပေါင်း၍ ဖွဲ့စည်းခဲ့သည့် ကရင်အဖွဲ့ချုပ်ကြီး ဖြစ်သည်။ ပထမဦးဆုံး KNU ၏ ဥက္ကဋ္ဌမှာ စောသာဒင် ဖြစ်သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ပဲခူးတွင် ကေအင်ယူ မှ ကြီးမှူးပြီး ကရင်အမျိုးသား ညီလာခံတစ်ရပ်အား ကျင်းပခဲ့သည်။ ညီလာခံက အောင်ဆန်း-အက်တလီ စာချုပ်အား ကန့်ကွက်ကြောင်း ဆုံးဖြတ်ကြ၏။ ပြီးလျှင် ကရင်လူဦးရေ အချိုးအစားနှင့်အညီ ကရင်အမတ်ဦးရေ သတ်မှတ်ပေးရန်၊ ကရင်အများစု နေထိုင်သည့်ဒေသများတွင် ကရင်အမျိုးသားများအတွက် သီးသန့် မဲဆန္ဒမြေ သတ်မှတ်ပေးရန်၊ ကရင်စစ်တပ် သီးသန့်ထားရှိခွင့်ပေးရန်၊ သီးခြား ကရင်ပြည်နယ် ထူထောင်ခွင့်ပေးရန် စသည့် တောင်းဆိုချက်များကို ညီလာခံက ချမှတ်ပြီး လန်ဒန်ရှိ ဒေါင်းနင်းလမ်း နေအိမ်သို့ ပေးပို့ခဲ့ကြ၏။ တောင်းဆိုချက်များကို မလိုက်လျောပါက ကေအင်ယူ အနေနှင့် ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ပြုလုပ်မည့် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲသို့ ဝင်ရောက်မည် မဟုတ်ကြောင်းနှင့် သပိတ်မှောက်မည် ဖြစ်ကြောင်းလည်း ဒေါင်းနင်းလမ်းသို့ တောင်းဆိုသည့်စာတွင် ပါရှိ၏။

ကရင်အမျိုးသားများ၏ အမျိုးသားရေး လှုပ်ရှားမှုများက ရှေ့သို့….. ရှေ့သို့ …. တိုး၍ …..။ တောင်းဆိုချက်များအား တဖက်က ဒေါင်းနင်းလမ်းသို့ ရာဇသံပို့ထားသကဲ့သို့ တဖက်တွင်လည်း ကရင်လူထုအား ချပြရှင်းပြကြသည်။

ထိုအချိန်က ထုတ်ဝေခဲ့သော သုဝဏ္ဍတိုင်း ဂျာနယ်တွင် ဒေါကလူ အဖွဲ့အစည်းကြီးအကြောင်းကို သိရှိနိုင်သည်။ဂျာနယ်က အမျိုးသား စည်းလုံးညီညွှတ်ရေး၊ မျိုးချစ်စိတ် ရှင်သန်နိုးကြားရေးတို့ ဖော်ပြ၏။ ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ကျင်းပ၏။ မဲဆန္ဒနယ်မြေ စုစုပေါင်း ၂၅၅ နေရာ သတ်မှတ်၏။ မဲဆန္ဒနယ်များအား လူမျိုးမရွေး အထွေထွေ မဲဆန္ဒနယ်မြေများအဖြစ် ၁၈၂ နေရာ သတ်မှတ်ပြီး ရှမ်းအမျိုးသားများအတွက် ၂၆ နေရာ၊ ကရင်အမျိုးသားများအတွက် ၂၄နေရာ၊ ကချင် ၇ နေရာ၊ ချင်း ၈ နေရာ၊ အင်္ဂလိပ်-မြန်မာ ကပြားများက ၄ နေရာ၊ ကရင်နီ ၂ နေရာနှင့် သံလွင်ခရိုင်အတွက် ၂ နေရာ ဟူ၍ သတ်မှတ်သည်။

တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲအား ကေအင်ယူ မှ မဝင်၊ သပိတ်မှောက်ကြ၏။ ၁၉၄၇ ဖေဖော်ဝါရီလ ၅ ရက်မှစ၍ ၇ ရက်နေ့အထိ ကျင်းပခဲ့သည့် ကေအင်ယူ ကရင့်အမျိုးသားညီလာခံမှ တောင်းဆိုထားခဲ့သော ကရင်လူဦးရေ အချိုးအစားနှင့်အညီ ကရင်အမတ်ဦးရေအား သတ်မှတ်ပေးရန်နှင့် ကရင်အများစု နေထိုင်သည့် ဒေသများတွင် ကရင်အမျိုးသားများအတွက် သီးသန့်မဲဆန္ဒနယ် သတ်မှတ်ပေးရန်ဟူ၍ တောင်းဆိုခဲ့ကြ၏။ တောင်းဆိုချက်အား ၁၉၄၇ ခုနှစ် မတ်လ (၃) ရက်နေ့နောက်ဆုံးထား၍ အကြောင်းပြန်ကြားပေးရန်လည်း ပါ၏။ ဒေါင်းနင်းလမ်းက မည်သို့မျှ အကြောင်း မပြန်ကြားခဲ့။ ဤအချက်ကြောင့် ကေအင်ယူ မှ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်း ဖြစ်၏။

ကေအင်ယူ အတွင်း၌လည်း…. ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးနှင့်ပတ်သက်၍ သဘောထားကွဲကြ၏။ မန်းဘခိုင်နှင့် စောစံဖိုးသင်က ရွေးကောက်ပွဲ ဝင်လိုကြ၏။ စောဘဦးကြီးနှင့် မန်းဘဇံက ရွေးကောက်ပွဲအား မဝင်လို။ နောက်ဆုံး ကေအင်ယူ အတွင်းမှ KYO ခွဲထွက်ခဲ့ပြီး ရွေးကောက်ပွဲ ဝင်ကြ၏။

ကေအင်ဒီအို[ပြင်ဆင်ရန်]

မကြာမီတွင် KNDO ဖွဲ့စည်းသည်။ ကရင့်အမျိုးသား ကာကွယ်ရေးတပ်မတော်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်၏။ KNDO ၏ စစ်ဦးစီးချုပ်မှာ မန်းဘဇံဖြစ်ပြီး စစ်ဆင်ရေးမှူးနှစ်ယောက် ရှိ၏။ စောဟန်တာသာမွှေးနှင့် စောစိုင်းကေ ဖြစ်သည်။ KNDO စတင်ဖွဲ့စည်းရာတွင် ကျေးနယ်၊ မြို့နယ်၊ ခရိုင်၊ ဗဟို ဟူ၍ အဆင့်ဆင့် ဖွဲ့စည်းခဲ့၏။ တစ်နိုင်ငံလုံး၌ ခရိုင်ပေါင်း ၂ဝ ထားရှိ၏။ ခရိုင်တာဝန်ခံများ ရွေးကောက်တင်မြှောက်ကြရ၏။ လက်နက်ကိုင်တပ်သား အင်အားက ၁ဝ,ဝဝဝ ကျော်ရှိ၏။

အင်းစိန်ခရိုင် တာဝန်ခံက `စကောမောလေး´ ဖြစ်သည်။ KNDO တပ်ဖွဲ့ဝင် ဖြစ်ပြီးသူတို့ကို သင်တန်းပေး၏။ နိုင်ငံရေးသင်တန်း ဖြစ်သည်။ သင်တန်းဆရာက ဗိုလ်ကြီး စကောလေးခို ဖြစ်သည်။ သင်တန်းတွင် ကိုလိုနီခေတ်အခြေအနေ၊ ဖက်ဆစ်ဂျပန်ခေတ်ကာလ၊ လွတ်လပ်ရေးကြိုးပမ်းမှုများနှင့် ကရင်လူမျိုးများ၏ အခြေအနေများ ရှင်းလင်းပို့ချ၏။

ကေအင်ယူ၏ တောင်းဆိုချက်များ[ပြင်ဆင်ရန်]

တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲတွင် ဖဆပလသည် ၉၅ ဒဿမ ၃ ရာခိုင်နှုန်းနှင့် အနိုင်ရခဲ့၏။ အနိုင်ရ ဖဆပလ လက်သို့ ဒေါင်းနင်းလမ်းအစိုးရက အာဏာအပ်သွားမည် ဖြစ်သည်။ နေ့ရက်များ သတ်မှတ်ကြ၏။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် ….။ ကရင်အမျိုးသားများ၏ နိုင်ငံရေးတောင်းဆိုမှုက တဆင့်တက်၍ လှုပ်ရှားလာခဲ့သည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အင်းစိန်၊ ပဲခူး၊ သာယာဝတီ၊ မအူပင်၊ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ ဖျာပုံ၊ ဟံသာဝတီ၊ တောင်ငူ၊ သထုံ၊ ကျိုက္ခမီနှင့် ကရင်နီနယ်များ၌ ကရင်လူထု ၄ သိန်းခွဲကျော် ဆန္ဒပြကြ၏။

``ကရင်ပြည် …. ချက်ချင်းပေး´´

``ကရင် တကျပ် …. ဗမာတကျပ် …. ချက်ချင်းပြ´´

``လူမျိုးရေး အဓိကရုဏ်း …. အလိုမရှိ´´

`` ပြည်တွင်းစစ် …. အလိုမရှိ´´

ကြွေးကြော်သံများက ကရင်အမျိုးသားများရှိသည့် နေရာတိုင်း၌ ဝေစီ၍နေ၏။ လမ်းမများတွင်မူ …. ဆန္ဒပြသူများက လှိုင်းလုံးကြီးများသဖွယ်….။KNU က ကြွေးကြော်၍ တောင်းဆိုသည်။ ဖဆပလ အစိုးရက မလိုက်လျော….။ အခြေအနေက ရွေးလမ်းမဲ့နေ၏။

စောဘဦးကြီး၏ သစ္စာလေးရပ်[ပြင်ဆင်ရန်]

  1. လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ။
  2. ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်။
  3. ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်။
  4. ကရင့်ကြမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်။

လက်နက်ကိုင်တော်လှန်ရေး၏ အစ[ပြင်ဆင်ရန်]

ကရင့်အမျိုးသားများ၏ လက်နက်ကိုင်တော်လှန်ရေး စ၏။ထိုစဉ်က …..သမိုင်း၊ ခဝဲခြံနှင့် အင်းစိန်တို့၌ လက်နက်ကိုင်တပ်များ ဖြန့်ထားမှု အခြေအနေကား….. အင်းစိန်မြို့နှင့် သမိုင်းလမ်းဆုံတွင် ဖဆပလအစိုးရ၏ လက်နက်ကိုင်တပ်သား ၂ဝဝဝ ခန့် ချထား၏။ ရည်ရွယ်ချက်က …. ထိုဒေသရှိ KNDO နှင့် ကရင်အမျိုးသား လက်နက်ကိုင် တပ်များထံမှ လက်နက်သိမ်းရန် ဖြစ်သည်။ ကြို့ကုန်းတွင် KNDO နှင့် ဗိုလ်ကြီး သာအေးကျော်၏ U.M.P တပ်ဖွဲ့အင်အား ၂ဝဝ ကျော်ခန့် ရှိသည်။ မင်္ဂလာဒုံတွင်မူ တပ်မတော် အမြောက်တပ်မှ ဗိုလ်မှူးအောင်စိန် ဦးစီးသည့် ကရင့်လက်နက်ကိုင်တပ်ခွဲ နှစ်ခွဲ ရှိ၏။ ပြီးလျှင် … ကရင်ရိုင်ဖယ်တပ်ရင်း ၂ မှ တပ်စုတစုသည်လည်း သမိုင်းတွင် ရောက်ရှိနေ၏။

ပထမဆုံးတိုက်ပွဲ[ပြင်ဆင်ရန်]

၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၆ နာရီမျှ ရှိမည်။ သမိုင်းလမ်းဆုံ၌ ဖဆပလအစိုးရ၏ လက်နက်ကိုင်တပ် စစ်ရဲတပ်ရင်း ၂၁ က သမိုင်းခဝဲခြံရှိ KNDO တပ်များကို တိုက်၏။ KNDO များကလည်း ပြန်၍ ခုခံ၏။ တိုက်ပွဲက ပြင်းထန်သည်။ ထိုသတင်းအား မင်္ဂလာဒုံရှိ ဗိုလ်မှူးအောင်စိန် ကြား၏။ သူနှင့်အတူ သူ ဦးစီးသည့် အမြောက်တပ် တစ်တပ်လုံး အင်းစိန်သို့ ချီတက်ခဲ့ပြီး KNDO များနှင့် ပူးပေါင်းလိုက်ကြ၏။

၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် KNDO တို့က အင်းစိန်ကို သိမ်းပိုက်ရရှိခဲ့၏။ ဤတွင် အင်းစိန်တိုက်ပွဲ စတော့၏။ မုန်တိုင်းက ဆင်လေပြီ။ ပြည်တွင်းစစ် သွေးမုန်တိုင်း….။

တောခိုကြပြီ[ပြင်ဆင်ရန်]

ဖဆပလအစိုးရက စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း အပါအဝင် ကရင်အမျိုးသား အရာရှိကြီးများအား ရာထူးမှ ရုပ်သိမ်းလိုက်ပြီးနောက်၊ ဗိုလ်ချုပ်နေဝင်းသည် စစ်ဦးစီးချုပ် ဖြစ်လာခဲ့၏။ ဦးစီးချုပ်အသစ်က ကရင်ရိုင်ဖယ် တပ်ရင်းများအား လက်နက်သိမ်း၏။ ကရင်အမျိုးသားများက အသိမ်းမခံ….။ ကရင်ရိုင်ဖယ် တပ်ရင်း (၁)၊ တပ်ရင်း (၂) တို့ တောခိုကြ၏။ ကရင့်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွင် ပါဝင်ပူးပေါင်းလိုက်ကြ၏။ ဗိုလ်ချုပ်နေဝင်းက သ.န.က (၅)ကို ရခိုင်မှ လေယာဉ်ဖြင့် ပြန်ခေါ်ပြီး အင်းစိန်စစ်မျက်နှာသို့ ပို့၏။

အင်းစိန်တိုက်ပွဲက ပြင်းထန်၏။ နေ့နေ့ညည သေနတ်သံ၊ ယမ်းပေါက်ကွဲသံတို့နှင့် ဆူဆူညံညံ….။ မီးခိုးလုံးကြီးများက ကောင်းကင်တွင် အလိမ့်လိမ့်….။

ကျိုက်ကလား….။ ခဝဲခြံ၊ စော်ဘွားကြီးကုန်း စစ်မျက်နှာ…။ ထိုမှ…စောဘင်ဆင်ခြံ….။ ကျမ်းစာသင်ကျောင်း….။ ဦးစက္ကိန်ကျောင်း….။ ပြီးလျှင်…. မင်းဓမ္မတောင်ကုန်း….။ နွားထိုးကုန်း….။ တရုတ်သချိုင်း….။ ပွိုင့် ၁၁၂ အိမ်နီကြီး တောင်ကုန်း…။ စစ်မျက်နှာတိုင်း၌ နှစ်ဖက် အကျအဆုံးများ၏။ ပေးဆပ်ကြရမှုများက အသွေး၊ အသား၊ အသက်များ….။ ဤသည်မှာ နှစ်(၆ဝ)ကျော် ကြာနေသည့် စစ်ပွဲကြီး ၏အစပထမ….။ ။

အရှုံး၏အစ[ပြင်ဆင်ရန်]

အင်းစိန်မှ သူတို့ ဆုတ်ခဲ့ကြ၏။ အင်းစိန်တိုက်ပွဲက သူတို့အတွက် ပထမဆုံးတိုက်ပွဲ….။ ပထမဆုံး အတွေ့အကြုံ…။ အင်းစိန်မှ ဆုတ်ခဲ့ပြီးနောက်…ကြာအင်းဇောင်းတွင် KNU ခေါင်းဆောင်များ အစည်းအဝေး ထိုင်ကြ၏။ တာဝန်ခွဲဝေကြ၏။ စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေတို့က အရှေ့တိုင်းနှင့် တောင်ငူခရိုင်သို့ သွားမည်။ မန်းဘဇံနှင့် စောဟန်တာသားမွှေးက ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်သို့ သွားကြရမည်။

ထိုစဉ်က… မန်းဘဇံသည် ကရင့်တော်လှန်ရေးကြီးအတွက် လမ်းစဉ်သစ်နှင့် လုပ်ငန်းစဉ်တို့အား ရှာဖွေနေစဉ်ကာလ ဖြစ်သည်။ အင်းစိန်မှ ဆုတ်ခဲ့ရပြီးနောက်တွင် ကရင့်တော်လှန်ရေးက တဖြည်းဖြည်း ဆုတ်လာသည်ဟု ဆိုရမည်။ CAS (K) ဟုခေါ်သည့် Civil Affair Service (Kawthoolei) အုပ်ချုပ်ရေးမျိုးနှင့် ဆက်၍ မဖြစ်နိုင်တော့….။ CAS (K) အုပ်ချုပ်ရေးက တဗိုလ်တမင်း ဆန်လာစေပြီး ညီညွှတ်မှုကို ထိခိုက်လာစေ၏။

တော်လှန်ရေး သဘောတရားများ[ပြင်ဆင်ရန်]

အရှေ့တိုင်းတွင် စောဘဦးကြီးက ကျဆုံးခဲ့ပြီ။ ခေါင်းဆောင်မှု၌ မန်းဘဇံနှင့် စောဟန်တာသာမွှေးသာ ရှိတော့၏။ ဤတွင် မန်းဘဇံနှင့် စောဟန်တာသားမွှေး တိုင်ပင်ကြရပြီ။ စဉ်းစားကြရပြီ။ ရှေ့အတွက် ….ဘယ်လိုလမ်းစဉ်နှင့် ဆက်မည်နည်း….။ လေ့လာကြ၏။ တရုတ်ပြည်သစ်၏ တော်လှန်ရေးကြီးကလည်း အောင်ပွဲခံထားသည်မှာ ပူပူနွေးနွေးပင် ရှိသေး၏။ `မော်စီတုန်း´၏ တရုတ်ပြည် တော်လှန်ရေးကို သူတို့ လေ့လာကြ၏။ စာစောင်များ ဖတ်ကြ၏။ သဘောတရားရေးများ လေ့လာကြ၏။ မော်စီတုန်း၏ အတွေးအခေါ်…. မက်စ်၊ လီနင်ဝါဒ ….တို့ကို ဖတ်ကြ၊ မှတ်ကြ၊ တွေးခေါ်ကြ၏။ ထိုထိုသော သဘောတရားများမှ ကရင့်လူအဖွဲ့အစည်းနှင့် ကိုက်ညီမည့် သဘောတရား ထုတ်ကြ၏။ ကရင့်တော်လှန်ရေးအတွက် လမ်းစဉ် ကြံဆကြ၏။

KPLA တပ်ရင်း (၁) ၏ တပ်ရင်းမှူးက ဗိုလ်ချုပ်မြမောင် ဖြစ်သည်။ တပ်ခွဲ (၁) တပ်ခွဲမှူးက ဗိုလ်တင်ဦး (ယခုကွယ်လွန်၊ KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ၊ ဖူးတာအဲ့) ဖြစ်သည်။ ခွဲနှစ်ခွဲမှူးက ဗိုလ်ကြီးစလွယ် ဖြစ်၏။

မြစ်ဝကျွန်းပေါ်တိုင်း[ပြင်ဆင်ရန်]

၁၉၆၉ ခုနှစ်…..ဆောင်းနှောင်းနွေဦး…..။


ထိုစဉ်က…. မြစ်ဝကျွန်းပေါ်တိုင်း တပ်မဟာ (၃) ၏ တပ်မဟာမှူးမှာ ဗိုလ်မှူးချုပ်ကျော်သောင်း ဖြစ်သည်။ သူ၏ တပ်မဟာတွင် …. တပ်ရင်း (၆)၊ တပ်ရင်း(၇) နှင့် KPLA တပ်ရင်း (၂) ရှိ၏။ တပ်မတော်က မြစ်ဝကျွန်းပေါ်တိုင်းအား ဝိုင်းပတ်ပိတ်ဆို့၍ ဖြတ်လေးဖြတ်၊ ဖြတ်၏။ လူထုနှင့် ကရင့်တော်လှန်ရေးသမားများအား အဆက်အသွယ်ပြတ်အောင် ဖြတ်၏။ လူထုမှာလည်း မသက်သာ….။ အထိနာ၏။ ထိုစဉ်က …. သူ၏ တပ်မဟာရုံးသည် မြောင်းမြမြို့နယ်အတွင်းရှိ သိလ္လာတွင် အခြေပြုထား၏။ ရန်သူ၏ စစ်ရေးအခြေအနေအရ … သိလ္လာဂွင်အား ပိတ်ဆို့၍ ပိုက်စိတ်တိုက် စစ်ဆင်ရေး ဆင်လိမ့်မည်။ ဤအတွက် ဗိုလ်မှူးချုပ်ကျော်သောင်းက …. ကေအင်ယူတပ်နှင့် KNUP ပါတီကော်မတီဝင်များအား ခေါ်၍ ဆွေးနွေး၏။ ဒေသခံတပ်မှူးအချို့က မထွက်ချင်….။ ပြောက်ကျားစစ်နှင့် ဒီဒေသအတွင်းမှာပင် နေပြီး ရန်သူအား ခုခံချင်ကြ၏။ တပ်ရင်းမှူးကိုလည်း သူပြော၏။ သို့နှင့်…. ဗိုလ်မှူးချုပ်ကျော်သောင်းကသူ၏ တပ်မဟာရုံး စစ်ကြောင်းအား အင်အားထပ်ဖြည့်ပြီး မြောင်းမြမြို့နယ် သိလ္လာမှ ဝါးခယ်မမြို့နယ်ဘက်သို့ ကူးကြ၏။ တပ်မတော်မှ ဝိုင်းပတ်၍ ပိတ်ထားသည်အား တိုက်ပြီး ဖောက်ထွက်ကြရခြင်း ဖြစ်သည်။ ရဲဘော် (၆)ယောက် ကျကျန်ရစ်ခဲ့၏။ အလောင်းပင် ပြန်၍မကောက်နိုင်ခဲ့….။

အရှေ့တိုင်း ပဲခူးရိုးမ[ပြင်ဆင်ရန်]

ထိုစဉ်က …. အရှေ့တိုင်း ပဲခူးရိုးမတွင် ဗိုလ်ချုပ်စောဘိုမြ၊ ဗိုလ်ချုပ်ရွှေဆိုင်း၊ ဗိုလ်မှူးကြီး ကစယ်ဒိုနှင့် ဖဒိုသာပြည့်က KNUP မှ ခွဲထွက်သွားကြပြီး၊ ကရင့်အမျိုးသား လက်နက်ကိုင် တိုက်ပွဲအား သီးခြားဆောင်ရွက်၍ နေကြ၏။ KNUP ခေါင်းဆောင်မှုအတွင်း၌လည်း KNUP အား အလုပ်သမားပါတီအဖြစ် တည်ထောင်လိုသည့် ဗိုလ်ချုပ် စောကျော်မြသန်း အစုနှင့် အမျိုးသားရေးပါတီအဖြစ်နှင့် ဒုတိယလမ်းစဉ်အတိုင်း ချီတက်လိုသည့် မန်းဘဇံ အစုအကြား သဘောတရားရေးအရ ငြင်းခုန်နေကြသည့် အချိန်ဖြစ်သည်။ ကရင့်အမျိုးသား အင်အားစုများအကြား ညီညွှတ်ရေးက ပြိုကွဲလျက်ရှိသည်။ ဘုံရန်သူအား စုပေါင်းတိုက်နိုင်သည့် ညီညွှတ်သည့် ကရင့်အမျိုးသား အင်အားစု တည်ဆောက်ရန်လို၏။ ဤအတွက် KNLC နှင့် KNUP တွေ့ဆုံဆွေးနွေးရန်လိုကြောင်း နှစ်ဖက် စလုံးမှ သဘောပေါက် နားလည်ကြ၏။

မန်းဘဇံနှင့် ဗိုလ်ချုပ်စောဘိုမြတို့ ` ခိုမူဒဲ´တွင် ပထမဦးစွာ တွေ့ဆုံကြ၏။ ညီညွှတ်ရေးအတွက် ဆွေးနွေးကြ၏။ သဘောတူညီချက်က မရသေး….။ ထပ်တွေ့ကြ၏။ `မူသယ်´ ၊ ` သွေးဘိုးထာ´၊ ` ပယ်ကောခီး´ ရွာများတွင် ဒုတိယအကြိမ် တွေ့ဆုံ၍ ဆွေးနွေးကြပြန်သည်။ ညီညွှတ်ရေးအတွက် လမ်းစက ပေါ်ပြီ။

နောက်ဆုံးအကြိမ်` ထိုဒိုပလော´ တွင် တွေ့ဆုံကြပြန်၏။ KNUP မှ မန်းဘဇံ၊ ဗိုလ်သန်းအောင် (KNU ဒု-ဥက္ကဋ္ဌ ကွယ်လွန်) ဗိုလ်မောင်မောင် (KNU တွဲဘက်အတွင်းရေးမှူး (၁) ကွယ်လွန်)၊ ပဒိုဘသင် (KNU ဥက္ကဋ္ဌ ကွယ်လွန်) ၊ ပဒိုဂေဒွဲနှင့် ပဒို ဘောယူဖော် တက်ရောက်ကြ၏။

ကရင့်အမျိုးသား အစည်းအရုံးဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

ကရင် အမျိုးသား အစည်းအရုံးအမှတ်တံဆိပ်
Karen National Union seal.PNG
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်လက်မောင်းတံဆိပ်
Karen77.jpg

ညီညွှတ်ရေးအတွက် သဘောတူညီချက်များ ဆုံးဖြတ်နိုင်ခဲ့ကြ၏။ ဗိုလ်ချုပ်စောဘိုမြက သူ ဦးဆောင်ဖွဲ့စည်းထားသည့် KNLC အား ဖျက်သိမ်းမည်။ မန်းဘဇံနှင့် ခေါင်းဆောင်များက KNUP မှ နုတ်ထွက်ကြမည်။ ပြီးလျှင် …. KNUF ဖွဲ့စည်းကြမည်။ KNUF ဟူသည်ကား…. ကရင့်အမျိုးသား ညီညွှတ်ရေးတပ်ဦး….။ လက်နက်ကိုင်တပ်ကိုမူ KNLA ဟူ၍သာ ဖွဲ့စည်းထားရှိသွားမည်။ မကြာမီ…. KNUF အား ဖျက်သိမ်းပြီး KNU ကရင့်အမျိုးသား အစည်းအရုံးဟူ၍ ပြောင်းလဲဖွဲ့စည်းလိုက်ကြ၏။

တပ်မတော်၏ထိုးစစ်ကြီးများ[ပြင်ဆင်ရန်]

တပ်မတော်၏ စစ်ရေးအရ ထိုးစစ်ကြီးများ ဆင်လာမှုက ဆက်တိုက်ပင်….။ ရွှေလင်းယုန် စစ်ဆင်ရေးမိုးဟိန်း စစ်ဆင်ရေးများ ချမှတ်ပြီး မြစ်ဝကျွန်းပေါ်အား ထိုးစစ်ဆင်၏။ ရွှေလင်းယုန်အဆင့် ၁.၂.၃.၄.၅.၆ ……။ မိုးဟိန်းအဆင့် ၁.၂.၃…..။ ရန်သူ၏ ဖြတ်လေးဖြတ်ကြောင့်လည်း သူတို့သည် လူထုနှင့် အဆက်မရ….။ နောက်ဆုံး …. ကေအင်ယူတို့ မြစ်ဝကျွန်းပေါ်တိုင်းမှ ဆုတ်ကြရန် ဆုံးဖြတ်ခဲ့ကြရသည်။ သူတို့အဖွဲ့တွင် ဗိုလ်ချုပ်မြမောင်လည်း ပါ၏။ အင်အားက ၁ဝဝ ကျော်မည်။ ရဲမေ ၃-၄ ယောက်လည်း ပါ၏။

မြစ်ဝကျွန်းပေါ်မှသည် …. ပဲခူးရိုးမသို့[ပြင်ဆင်ရန်]

လှိုင်မြစ်ကို ကူးကြ၏။ “ည” တွင် ကူးကြရခြင်း ဖြစ်သည်။ လှိုင်မြစ်ကို ကူးကြရပြီးနောက် တောလမ်းအတိုင်း ဆက်၍ ချီကြသည်။ နေထွက်လာပြီဆိုလျှင် … နားကြ၏၊ အိပ်ကြ၏။ တောထဲ၌ပုန်း၍ အိပ်ကြရခြင်း ဖြစ်သည်။ ခရီးက လူမြင်ခံ၍ မဖြစ် …..။ သတင်းလုံခြုံမှုအား မျက်လုံးအိမ်သဖွယ် ထိန်းသိမ်းထားကြရသည်။ ည ရောက်လျှင် ခရီးထွက်။ နေ့ဆိုလျှင် …. အနားယူအိပ်စက်ကြနှင့် …… ၃ ရက်ခန့်ချီခဲ့ရာ … “အမလွတ်” ရွာသို့ ရောက်သည်။ “အမလွတ်” ရွာတွင်ပင် သူတို့ နားကြ၏။ လူထုက ကောင်း၏။ သူတို့ကို ဝက်ပေါ်၍ ကျွေး၏။ ၃ ရက်လုံးလုံး ထမင်းမစားခဲ့ရ။ လမ်းတွင် အငတ်ငတ်အပြတ်ပြတ်နှင့် လာခဲ့ကြရသည်။ “အမလွတ်” ရွာတွင် သူတို့ ၂ ရက်မျှ နားကြ၏။ အမလွတ်ရွာက မျှော်၍ကြည့်လျှင် ပဲခူးရိုးမကြီးကို မြင်ရ၏။ ည …. ညတွင်မူ သာယာဝတီ၊ သုံးဆယ်ဘက်မှ မီးရောင်များ မြင်ရ၏။ နောက်တနေ့ ညတွင် သူတို့ “အမလွတ်” မှ ထွက်ကြ၏။ “အမလွတ်” ရွာမှ ထွက်ခဲ့ပြီးနောက် သူတို့ ပြည်-ရန်ကုန် ရထားလမ်းနှင့် ကားလမ်းကို ကူးကြ၏။ ရထားလမ်းနှင့် ကားလမ်းက မျဉ်းပြိုင် ….။ ကားလမ်းနှင့် ရထားလမ်းအား သူတို့ သတိထား၍ ကူးကြရ၏။ သူ့အဖွဲ့ကို အရင်ကူးစေ၏။ ပြီးလျှင် ….. ဗိုလ်မှူးမောင်ချစ်၊ ဗိုလ်မှူးမြရင်…..၊ ဗိုလ်မှူးမြသိန်း….၊ ဗိုလ်ချူပ်မြမောင်….။လမ်း၏ တဖက်တွင် ကိုင်းတောကြီး ရှိသည်။ ကိုင်းတောကြီးအတွင်း ကိုယ့်လူကိုယ် စစ်ကြရ၏။ လူစုံမှ သူတို့ ဆက်ထွက်ကြ၏။ ကိုင်းတောအတွင်းမှ သူတို့ တိုးထွက်ခဲ့ကြပြီးနောက် …. လယ်ကွင်းပြင်ကြီးအတွင်း ရောက်၏။ ကွင်းပြင်ကြီးက တမျှော်တခေါ် …. ကျယ်ပြန့်လှ၏။ ဤခရီး ဆုံးလျှင်မူ ….. အရှေ့တွင် ပဲခူးရိုးမ ….။

ပဲခူးရိုးမတွင် ဗိုလ်ချုပ်ကျော်သောင်းက ပဲခူးရိုးမတိုင်းစစ်ဆင်ရေးမှူး တာဝန်ယူရ၏။ တဖက်တွင်လည်း နိုင်ငံရေးသင်တန်းများ ဖွင့်လှစ်ပြီး နိုင်ငံရေးသင်တန်းများ ပို့ချရသည်။ ယခင် မြစ်ဝကျွန်းပေါ်တိုင်း တွင် ရှိစဉ်ကလည်း ဗိုလ်ချုပ်ကျော်သောင်းသည် နိုင်ငံရေးသင်တန်းများ ပို့ချပေးခဲ့ရ၏။ မြစ်ဝကျွန်းပေါ်တိုင်း ခရိုင်အမှတ် (၂) နှင့် အမှတ် (၃) တို့တွင် ပို့ချခဲ့၏။ ခရိုင်အမှတ် (၂) က မြောင်းမြခရိုင်ဖြစ်ပြီး၊ အမှတ် (၃) ခရိုင်က ဟံသာဝတီခရိုင် ဖြစ်၏။ နိုင်ငံရေးမှူးတာဝန်နှင့် နိုင်ငံရေးသင်တန်းများ ပို့ချရသည့် တာဝန်များ ရှိလာသည့်အတွက် ဗိုလ်ချုပ်ကျော်သောင်းသည် နိုင်ငံရေးစာပေများအား လေ့လာဆည်းပူးရ၏။ နိုင်ငံရေးတွင်မူ ဗိုလ်ချုပ်ကျော်သောင်း၏ လက်ဦးခေါင်းကိုင် ပုဂ္ဂိုလ်ကြီးက မန်းဘဇံဖြစ်၏။ သင်တန်းတွင် …. မန်းဘဇံ၏ ကရင်တော်လှန်ရေး သင်ကြားချက်…။ ကွန်မြူနစ်မူဝါဒ ကြေညာချက်စာတမ်း …. စသည့် ဘာသာရပ်များကိုလည်း ထည့်၍ သင်ကြားပို့ချ၏။ပဲခူးရိုးမတွင် နိုင်ငံရေးသင်တန်းများကို “တောင်ညိုစခန်း” တွင် ဖွင့်လှစ်၏။

အထူးစစ်ဆင်ရေးဌာနချုပ်[ပြင်ဆင်ရန်]

၁၉၇၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်း က “အထူးစစ်ဆင်ရေးဌာနချုပ်” တစ်ခုကို ဖွဲ့၏။ “ဗဟိုရိုးမ စစ်ဆင်ရေးဌာနချုပ်” ဟုလည်း ခေါ်သည်။ ပဲခူးရိုးမရှိ KNUP ၊ BCP (ဗကပ) နှင့် မဒညတ တို့ကို စစ်ဆင်ရေးကြီး ဆင်နွှဲရန်အတွက် ဖြစ်သည်။ ဗိုလ်မှူးကြီးခင်အုန်း ….. ဗိုလ်မှူးကြီးသန်းတင်ကို ဌာနချုပ်မှူးများအဖြစ် တာဝန်ပေး၏။ စစ်ဆင်ရေးဌာနချုပ်က ပဲခူးရိုးမ စစ်ဆင်ရေးအား “အောင်စိုးမိုး စစ်ဆင်ရေး” နှင့် စတင်၏။

ပဲခူးရိုးမ တောင်ပေါ်တွင် ရွာပေါင်း (၃ဝ)မျှ ရှိ၏။ ဖြူးချောင်းဖျားတွင် တောင်ပေါ်ရွာ (၇)ရွာ၊ ရဲနွယ်ချောင်းဖျားတွင်က တောင်ပေါ်ရွာ (၁၄)ရွာ၊ ပဲခူးချောင်းဖျားတွင် တောင်ပေါ်ရွာ (၉)ရွာ ရှိကြ၏။ ထိုရွာများကို တောင်ပေါ်မှ မြေပြန့်သို့ အတင်းအဓမ္မ ရွာလုံးကျွတ် ပြောင်းရွှေ့စေ၏။ တောင်ခြေရှိ ရွာများမှ လူထုကိုလည်း တောင်ပေါ်သို့ တက်ခွင့်မပြု….။ တင်းတင်းကျပ်ကျပ် တားမြစ်၏။ ပဲခူးရိုးမကြီးက သီးသန့် ကန့်သတ်နယ်မြေဖြစ်၍ နေသည်။ ဤတွင် …. “အောင်စိုးမိုး” စစ်ဆင်ရေး စတင်၏။ ပဲခူးရိုးမခုခံစစ်၌ အမျိုးသမီး ရဲမေများသည်လည်း ရွတ်ရွတ်ချွံချွံ …. ရဲရဲဝံ့ဝံ့နှင့် တိုက်ပွဲဝင်ကြ၏။ KNUP မှ နမ့်ကျင်ရွှေ (ယခုကွယ်လွန်၊ ပဒိုမန်းရှာ၏ ဇနီး) BCP မှ (ဒေါ်) ညို (သခင်ချစ်သမီး)၊ (ဒေါ်)ခင်စိုးဝင်းနှင့် နန်းတင်ရွှေမှာ နာမည်ကြီး အမျိုးသမီး တိုက်ခိုက်ရေးမှူးများ ဖြစ်သည်။

ရှိုးလူ ကွန်ဂရက်[ပြင်ဆင်ရန်]

၁၉၇၄ ခုနှစ်တွင် မန်းဘဇံ ဦးဆောင်ပြီး “ရှိုးလူ” ကွန်ဂရက်ကို ကျင်းပခဲ့၏။ “ရှိုးလူ” ကွန်ကရက်မှ ညီညွှတ်ရေး သဘောထားများ ချမှတ်နိုင်ခဲ့ကြသည်။ ပဲခူးရိုးမနှင့် မြစ်ဝကျွန်းပေါ်တိုင်းတွင် အခြေပြုရှိနေကြသည့် ဗိုလ်ချုပ်ကော်ထူး (ဗိုလ်ချုပ်ကျော်မြသန်း) ခေါင်းဆောင်သည့် KNUP နှင့် KNU ပေါင်းစည်းရေးအတွက် ဆုံးဖြတ်ခဲ့ကြသည်။ တပ်မတော်သည် “အောင်စိုးမိုး” စစ်ဆင်ရေးကို အရှိန်မြှင့်၍ တိုက်၏။ ၁၉၇၅ ခုနှစ် မေလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် BCP(ဗကပ) ဥက္ကဋ္ဌ သခင်ဇင်နှင့် အထွေထွေအတွင်းရေးမှူး သခင်ချစ်တို့ တိုက်ပွဲအတွင်း သူရဲကောင်း ပီသစွာနှင့် ကျဆုံးခဲ့၏။ ကျောက်တံခါးမြို့နယ်အတွင်းရှိ “ဖွတ်ကျား” ချောင်းအနီး တိုက်ပွဲတွင် ဖြစ်သည်။ ဖွတ်ကျားချောင်းက ရဲနွယ်ချောင်းအတွင်း စီးဝင်သည့် ချောင်းလက်တက်တစ်ခု ….။

ပဲခူးရိုးမမှ ဆုတ်ခွာခြင်း[ပြင်ဆင်ရန်]

၁၉၇၅ ခုနှစ်၊ အောက်တိုဘာလတွင် သူတို့ ပဲခူးရိုးမမှ ဆုတ်ခဲ့ကြရ၏။ ဗိုလ်ချုပ်ကျော်သောင်းနှင့်အတူ ဗိုလ်ချုပ်မြမောင်လည်း ပါ၏။ အခြား KNUP မှ ခေါင်းဆောင်များလည်း ပါသည်။ သူတို့သည် …. ပဲခူးရိုးမမှ ဖာပွန်ခရိုင်ဘက်သို့ ဆုတ်လာကြသည်။ ၁၉၇၃ ခုနှစ်ကတည်းမှ တရုတ်ပြည်သို့သွားသည့် ဆရာကြီး စကောလယ်တောတို့၏ မြောက်ပိုင်းချီ အဖွဲ့သည်လည်း ပြန်ရောက်လာကြပြီး ဖာပွန်ခရိုင် “ ဒူးဒါးဂေး” ရွာတွင် ပဲခူးရိုးမမှ ဆုတ်လာကြသည့် သူတို့အဖွဲ့နှင့် ဆုံကြ၏။ KNUP ခေါင်းဆောင်များ၊ “ဒူးဒါးဂေး” ရွာတွင်ပင် ပါတီကွန်ဂရက်ကို ကျင်းပရန် စီစဉ်ကြသည်။ ဤကွန်ဂရက်က KNUP ၏ ဆဋ္ဌမမြောက် ကွန်ဂရက်ဖြစ်သည်။ ပြီးလျှင် …. KNUP ၏ နောက်ဆုံးသော ကွန်ဂရက်လည်း ဖြစ်သည်။ ဤကွန်ဂရက်တွင် အမျိုးသား စည်းလုံးညီညွှတ်ရေးအတွက် KNUP ကို ဖျက်သိမ်းပြီး၊ KNU အတွင်း၌ တပေါင်းတစည်းတည်း ပူးပေါင်း၍ ကရင့်အမျိုးသားရေးကို လုပ်ဆောင်ကြရန် ဆွေးနွေးကြ၏။ KNUP ဖျက်သိမ်းရေးကို သဘောမတူသူတို့ အချို့ရှိ၏။ သို့သော် …. ကွန်ဂရက်တွင်မူ အများစုက ဆန္ဒပြုသဖြင့် ဆုံးဖြတ်လိုက်ကြ၏။

`ဒူးဒါးဂေး´ ကွန်ဂရက်ပြီးသည့်နောက် ….. ဗိုလ်ချုပ်မြမောင်နှင့်အတူ ဗိုလ်ချုပ်ကျော်သောင်းသည် `မာနယ်ပလော´ သို့ တက်ခဲ့၏။ `မာနယ်ပလော´ မှသည် ကရင့်တော်လှန်ရေးခရီး … ဆက်၍ ချီမည်။ မာနယ်ပလောသို့ ရောက်ပြီးနောက် ….. ရှေ့တန်းခံကတုတ်တခုဖြစ်သည့် `ဝမ်းခခံတပ်´ တွင် ဗိုလ်ချုပ်ကျော်သောင်းသည် KNLA အထူးတပ်ရင်း(၁ဝ၁)၏ အကြံပေးအရာရှိအဖြစ်ဖြင့် ရဲဘော်များနှင့်အတူနေ၍ ခုခံစစ် ဆင်နွှဲ၏။ တဖက်တွင်မူ KNU ၏ ဗဟိုကော်မတီဝင်တစ်ဦးအဖြစ်နှင့် နိုင်ငံရေးစည်းရုံးရေး တာဝန်များ ထမ်းဆောင်သည်။ ၁၉၉၁ ခုနှစ်တွင် KNU ၏ (၁ဝ)ကြိမ်မြောက် ကွန်ဂရက်ကို `မာနယ်ပလော´တွင် ပြုလုပ်၏။ ကွန်ဂရက်မှ ကရင့်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO) ၏ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကျော်သောင်းကို တာဝန်ပေးသည်။ ဗိုလ်ချုပ်ကျော်သောင်းဦးစီးကွပ်ကဲရသည့် KNDO တပ်ရင်းများက KNU ၏ ခရိုင်တိုင်းတွင် တပ်ရင်း တရင်းစီ ရှိကြ၏။

ကျရှုံးခြင်း[ပြင်ဆင်ရန်]

၁၉၉၅ ခုနှစ်တွင် `ဝမ်းခစခန်း´ ကျ၏။ ဝမ်းခကျပြီးသည့်နောက် သူသည် ဒူးပလာယာခရိုင်သို့ ပြောင်းရွှေ့ခဲ့၏။ KNDO ၏ စစ်ဦးစီးချုပ်တာဝန်များအား တက်ကြွထက်သန်စွာ ထမ်းဆောင်ဆဲ….။ စခန်းသစ်နှင့် ဒူးပလာယာခရိုင်၏ အခြေခံစခန်းများ ကျခဲ့ရပြီးသည့်နောက်တွင်မူ ဗိုလ်ချုပ်ကျော်သောင်းသည် နို့ဖိုးဒုက္ခသည်စခန်းရှိ နေအိမ်တွင် မိသားစုနှင့် အနေများလာ၏။၂ဝဝ၄ ခုနှစ်တွင် ဗိုလ်ချုပ်ကျော်သောင်းသည် KNDO စစ်ဦးစီးချုပ်တာဝန်မှ အနားယူလိုက်ရ၏။ ပြီးလျှင် ….. KNDO စစ်ဦးစီးချုပ်နေရာကို သူ၏ ဒု-စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ် မန်းကျော်ဖေသို့ လွှဲပေးခဲ့၏။ ထိုသို့ဖြင့် KNDO စစ်ဦးစီးချုပ်သစ်မှာ ဗိုလ်မှူးချုပ် မန်းကျော်ဖေဖြစ်လာသည်။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ၁၉၉၅ ခုနှစ်တွင် ၎င်း၏ မာနယ်ပလော ဌာနချုပ် ကို လက်လွှတ်ရပြီး နောက်ပိုင်း တဖြည်းဖြည်း အင်အား လျော့နည်းလာသည်။ ပြီးခဲ့သည့် နှစ်များအတွင်း KNU ခေါင်းဆောင် ဗိုလ်ချုပ်စောဘိုမြ ကွယ်လွန်ခြင်း၊ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ ထိုင်းနိုင်ငံတွင် လုပ်ကြံခံရခြင်းတို့နှင့်အတူ KNU၏ ထိန်းချုပ် နယ်မြေ အများအပြား ဆုံးရှုံးခြင်း၊ အောက်ခြေတပ်တချို့ စစ်အစိုးရနှင့် သွားရောက် ပူးပေါင်းခြင်းတို့ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ KNU သည် ပြည်ပရောက် အတိုက်အခံများနှင့် ရင်းနှီးမှုအရှိဆုံးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။ကရင်အမျိုးသားအစည်းအရုံး KNU သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် မြန်မာအစိုးရ အဆက်ဆက်ကို လက်နက်ကိုင်တော်လှန်နေသည်မှာ ရာစုနှစ်တစ်ဝက်ခန့် ရှိပြီဖြစ်သည်။ တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် လူပေါင်း ၁ သိန်းကျော် နေထိုင်လျက်ရှိပြီး အများစုမှာ ကရင်လူမျိုးများ ဖြစ်ကြသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)[ပြင်ဆင်ရန်]

ဗိုလ်မှူးချုပ်ဂျော်နီ

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၏ လက်အောက်ခံတပ်များမှာ-

  1. တပ်မဟာ (၇) ဘားအံခရိုင် ဒေသ(တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီ)ဘားအံခရိုင် အတွင်းရှိ တပ်မဟာ ၇ နယ်မြေများသည် KNLA ၏ အရေးအပါ ဆုံးသော နယ်မြေများ ဖြစ်သည်။ ဗိုလ်မှူးချုပ် ဂျော်နီသည် ၂ဝဝရ ဇန်နဝါရီလမှ စတင်ပြီး တပ်မဟာမှူး အဖြစ် တာဝန်ပေး ခံခဲ့ရသည်။
  1. တပ်မဟာ (၄)
  2. တပ်မဟာ (၅)
  3. တပ်မဟာ (၆)
  4. တပ်ရင်း (၁၆)

အထူးတပ်ရင်းများ[ပြင်ဆင်ရန်]

  1. ဗဟိုအထူးတပ်ရင်း၂ဝ၁၏တပ်ရင်းမှူးမှာဒု ဗိုလ်မှူးကြီး ဘူးဖော
  2. ဗဟိုအထူးတပ်ရင်း၂ဝ၂

KNU ခေါင်းဆောင်သစ်များ[ပြင်ဆင်ရန်]

KNU ကို မြန်မာစစ်အစိုးရက ၂၀၀၆ ခုနှစ်အစောပိုင်းတွင် ထိုးစစ်ဆင်ခဲ့ရာ ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကရင် ရွာသား ၃၀၀၀၀ ခန့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၁၉၄၉ ခုနှစ် မှ စတင်၍ လက်ရှိအချိန်အထိ KNU သည် မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။KNU သည် နှစ်ပေါင်း (၅၀)ကျော်သည်အထိ လက်နက်ကိုင်တော်လှန်နေသော အဖွဲ့ဖြစ်ပြီး လက်နက်နှင့် ငြိမ်းချမ်းရေးကို လဲလှယ်ခဲ့ခြင်းမရှိချေ။၁၉၉၅ ခုနှစ် ဇန်နဝါရီလတွင်မူ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)သည် KNU အဖွဲ့မှ ခွဲထွက်ခဲ့ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။၂၀၀၄ ခုနှစ်တွင် KNU ဥက္ကဋ္ဌ စောဘိုမြသည်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်သို့ သွားရောက်ခဲ့သေးသည်။၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက KNU မှ ဗိုလ်ချုပ်ထိန်မောင်သည် တပ်သား ၃၀၀ ခန့်နှင့်အတူ KNU တပ်မဟာ ၇ မှခွဲထွက်ကာ မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့ပြီး ယင်းခွဲထွက်အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။ ထိုအချိန်မှစတင်၍ KNU အဖွဲ့က စစ်အစိုးရနှင့် အဆက်အသွယ်ကို ရပ်ဆိုင်း လိုက်ကြောင်း သိရသည်။

ထိုကဲ့သို့ KNU မှ ခွဲထွက်သည့်အဖွဲ့ များပြားလာပြီးနောက်ပိုင်း အဖွဲ့အတွင်းတွင် လုပ်ကြံမှုများ ပိုမိုများပြားလာကာ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာသည်လည်း ၂ဝဝဂ ခု ဖေဖော်ဝါရီလ ၁၄ရက်နေ့က နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ကြောင့် ကွယ်လွန်သွားခဲ့ရသည်။တချိန်တည်းတွင်ပင် မြန်မာပြည်တွင်း၌ နိုင်ငံရေးနည်းနှင့်အဖြေရှာရမည့် နိုင်ငံရေးပဋိပက္ခများ ရှိနေကြောင်း၊ သို့သော် KNU အနေနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် လက်နက်ကိုင် တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း KNU ဒု ဥက္ကဋ္ဌ အသစ် စောဒေးဗစ်တာကပေါ က ပြောသည်။

ထို့အပြင် စစ်အစိုးရနှင့် စေ့စပ်ဆွေးနွေးရေးကို လက်ခံကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးနှင့် ကရင်ပြည်နယ်အတွင်းရှိ မြန်မာအစိုးရ စစ်တပ်များကို ပြန်လည် ရုပ်သိမ်းပေးရေး စသည့်အချက်များအပါအဝင် တိကျသေချာသော စည်းကမ်းသတ်မှတ်ချက်များ အောက်တွင် အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်နိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“အမှန်တကယ်သာ မြန်မာစစ်အစိုးရက စေ့စပ်ဆွေးနွေးရေးလုပ်မယ်ဆိုရင် ကျနော်တို့ဘက်က စားပွဲဝိုင်းမှာ တွေ့ဆုံဖို့ အဆင်သင့်ပါပဲ”ဟုလည်း ဒေးဗစ်တာကပေါ က ပြောသည်။


အစိုးရကို ဆန့်ကျင်နေသော သက်တမ်းအရှည်ကြာဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်သစ်များအပေါ် ဝေဖန်သုံးသပ်မှုများရှိနေသည်။ KNU ၏ ပထမဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးအပါအဝင် ဗဟိုအလုပ်အမှု ဆောင် အသစ်များကို အောက်တိုဘာ ၁၈ ရက်နေ့ ၂၀၀၈ ခုနှစ်က ကျင်းပပြီးစီးခဲ့သည့် ၁၄ ကြိမ်မြောက် ကွန်ဂရက်တွင် ရွေးချယ်ခဲ့သည်။

ယင်း ကွန်ဂရက်မှ ရွေးချယ်လိုက်သည့် ဗဟိုအလုပ်အမှုဆောင်များကို ကရင်တိုင်းရင်းသား တစ်ချို့နှင့် လေ့လာသူ များက ကြိုဆိုလက်ခံကြသော်လည်း တခြားသော KNU ခေါင်းဆောင်ပိုင်းသည် အသက်အရွယ် အလွန်ကြီးရင့်နေပြီး တက်ကြွမှု မရှိဟု ဝေဖန်ပြောဆိုမှုများရှိသည်။အသက် (၈၈)နှစ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ်ကြီး တာမလာဘောအား KNU ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခဲ့ပြီး ၎င်း၏ သမီးဖြစ်သူ နော်စီဖိုးရာစိန်ကို အထွေထွေအတွင်းရေးမှူးအဖြစ် ယခု ကွန်ဂရက်က ရွေးချယ်ခဲ့သည်။

အရွေးချယ်ခံရသည့် တခြားသော ဗဟိုအလုပ်အမှုဆောင်များမှာ စောဒေးဗစ်တာကပေါ ဒု ဥက္ကဋ္ဌ၊ ဗိုလ်မှူး စောလှငွေနှင့် စောဒေါလေမှူး တို့ကို တွဲဖက်အတွင်းရေးမှူး(၁)နှင့်(၂) အဖြစ် ခန့်အပ်လိုက်ပြီး ဗဟိုအလုပ် အမှု ဆောင် ကော်မတီဝင်များ အဖြစ် ဗိုလ်ချုပ် မူတူးစေးဖိုး၊ စောဒေးဗစ်ထော၊ စောရော်ဂျာခင်၊ ဖဒိုအားတိုး၊ ဖဒို ဟေးဆာ၊ စောလားစေး တို့ကို ရွေးချယ်ခဲ့ ကြသည်။

နော်စီဖိုးရာစိန်သည် လွန်ခဲ့သော ဖေဖော်ဝါရီ ၁၄ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော နိုင်ငံရေးအတွေ့အကြုံရင့် သည့် ယခင် KNU အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ၏ နေရာတွင် ပထမဆုံးအကြိမ် ခန့်အပ်ခြင်းခံရသည့် အမျိုးသမီး ခေါင်းဆောင် တစ်ဦးဖြစ်သည်။နော်စီဖိုးရာစိန်သည် လက်ရှိတွင် မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသားများအပေါ် အထူးသဖြင့် အမျိုးသမီးများ အပေါ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသောအဖွဲ့တစ်ခုဖြစ်သည့် ကရင်အမျိုးသမီးအစည်းအရုံးအဖွဲ့ (KWO)တွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် နေသူ ဖြစ်သည်။ အမျိုးသမီးများ၏ အခွင့်အရေးကို တိုက်ပွဲဝင်ခဲ့သည့်အတွက် နော်စီဖိုးရာစိန်သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် (Perdita Huston Human Rights Award) ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။နိုင်ငံတကာအမျိုးသမီးအဖွဲ့အစည်းကလည်း ၂၀၀၆ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နော်စီဖိုးရာစိန်ကို အဆို တင်သွင်း ခဲ့သေးသည်။

ယခု ဥက္ကဋ္ဌဖြစ်လာသော နော်စီဖိုးရာစိန်၏ ဖခင် ဗိုလ်ချုပ်တာမလာဘောသည် ယခင်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၏ စစ်ဦးစီးချုပ်ဟောင်း တစ်ဦးဖြစ်ပြီး ကွယ်လွန်သွားသည့် ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ရင်းနှီးသော လုပ်ဖော်ကိုင်ဖက် တစ်ဦးလည်းဖြစ်သည်။


နောက်ဆုံးလက်ရှိအခြေအနေ(၁၈.ဝ၆.၂ဝဝ၉)[ပြင်ဆင်ရန်]

အစိုးရတပ်နှင့် သူတို့၏ ပြိုင်ဘက် ပြောက်ကျား တပ်များအကြား အလွန်ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ ၎င်းတို့၏ အမာခံစခန်းများကို စွန့်ခွာနေရပြီ ဖြစ်သည်။ကရင်အမျိုးသားအစည်းအရုံး - KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA သည် ယခုအခါ မြန်မာနိုင်ငံအရှေ့ပိုင်းရှိ သူတို့၏ အခြေခံစခန်းများကို အသက်ပေါင်းများစွာ စတေး၍ ခုခံကာကွယ်နေသည်ထက် ပြောက်ကျားနည်းဗျူဟာသို့ ပြောင်းလဲတိုက်ပွဲဝင်သွားမည်ဟု KNLA တပ်မှူး ဂျော်နီက ကြာသပတေးနေ့က ပြောသည်။

ကျနော်တို့ရဲ့ တပ်မဟာ ၇ အခြေခံစခန်းကနေ ဆုတ်ခွာရလို့ ကျနော်တို့ ရှုံးသွားတာ မဟုတ်ပါဘူး။ ဒါ နည်းဗျူဟာအရ ပြန်လည်နေရာယူ တပ်စွဲတာ ဖြစ်ပါတယ်။ ကျနော်တို့က ကိုယ့်ကရင်အချင်းချင်း ဒီစစ်ပွဲမှာ မသတ်ချင်ပါဘူး ဟု သူက ပြောသည်။

သို့သော် လေ့လာသုံးသပ်သူ အများအပြားကမူ ယင်းသည် မြန်မာအစိုးရကို လွတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နှစ်ပေါင်း ၆၀ မျှ တိုက်ပွဲဝင်လာခဲ့သော KNLA အတွက် နိဂုံး၏ နိဒါန်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြသည်။မည်သို့ပင်ဖြစ်စေ KNU နှင့် KNLA ခေါင်းဆောင်များကမူ တိုက်ပွဲ အဆုံးသတ်သွားရန် အဝေးကြီး လိုသေးကြောင်း ပြောကြသည်။

ကျနော်တို့ နောက်ဆုံး ခါးသီးတဲ့ အဆုံးသတ်ထိ တိုက်ပွဲဝင်သွားမယ်။ ကျနော်တို့မှာ တခြား ရွေးချယ်စရာလမ်း မရှိဘူး။ ဆက်တိုက်ရမှာပဲ။ နယ်မြေအစိတ်အပိုင်းတိုင်းကို ဆက်ထိန်းသွားမယ် ဟု KNU ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်သာကပေါက ပြောသည်။

ဘာတွေ အန္တရာယ်ကျရောက်တော့မယ်ဆိုတာ ကျနော်တို့ သိတယ်။ ကျနော်တို့သာ ဆက်မခုခံရင် မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ကျူးလွန်မယ်၊ ကျနော်တို့ နယ်မြေတွေကို သိမ်းမယ်၊ ကျနော်တို့သယံဇာတတွေကို ထိန်းချုပ်ထားမယ် ဟု သူက ဆက်ပြောသည်။ မြန်မာစစ်တပ်က ကရင်လက်နက်ကိုင်များအပေါ် တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်လာသည့်အတွက် တိုင်းရင်းသား ကရင်ရွာသူရွာသား ထောင်ပေါင်းများစွာသည် လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။

မြန်မာစစ်တပ်က ထိုင်းနယ်စပ်အနီး စိန်ပြောင်းများဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်း၊ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေခြင်းတို့ကြောင့် တိုင်းရင်းသား ကရင်ကျေးရွာသား (၄၀၀၀)ကျော်သည် သူတို့၏ လုံခြုံမှုအတွက် ထွက်ပြေးလာခဲ့ကြရသည်ဟု ဒေသတွင်းရှိ အကူအညီပေးရေး လုပ်သားများ၏ အပြောအရ သိရသည်။လွန်ခဲ့သော နှစ်ပတ်က မြန်မာစစ်တပ်နှင့် အစိုးရအား ထောက်ခံသော တပ်ဖွဲ့ဖြစ်သည့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် - DKBA တို့သည် KNLA ကို အပြီးသတ်ဖျက်ဆီးရန် နောက်ဆုံး ကြိုးပမ်းသည့်အနေဖြင့် ထိုင်းနယ်စပ်တနေရာတွင် အဓိက ထိုးစစ်ဆင်တိုက်ခိုက်မှုကြီးတရပ် ပြုလုပ်ခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မြန်မာစစ်တပ်သည် KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော KNLA ကို ထိုးစစ်အရှိန်မြှင့် ပြုလုပ်ခဲ့ရာ ယင်း၏ အားအကောင်းဆုံး တပ်ဖွဲ့ဖြစ်သော တပ်မဟာ ၇ ကို အဓိကထား တိုက်ခိုက်ခဲ့သည်။ဤသို့ ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်လာသည်ကို တပ်မဟာ ၇ သည် ရက်သတ္တပတ်ပေါင်းများစွာ ပြန်၍ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် ယခုအခါ မဟာဗျူဟာဆက်ဆံရေးမှာ ပြောင်းလဲသွားရတော့မလို ဖြစ်နေသည်။ ကျနော်တို့ ကျနော်တို့နယ်မြေကို ထိန်းမထားနိုင်တော့ဘူးဆိုရင် ခွာပေးရမှာပဲ။ မလိုအပ်ဘဲ ကျနော်တို့ရဲဘော်တွေ အသေမခံနိုင်ဘူး ဟု သာကပေါက အလေးပေးပြောကြားသည်။

ယခုရက်သတ္တပတ်ကုန်တွင် ကရင်ပြည်နယ်မြို့တော် ဘားအံမှ နောက်ထပ် အင်အား ၃၀၀ ကို DKBA တပ်ဖွဲ့များက ခေါ်ယူ အင်အား ဖြည့်တင်းထားသည်။ ယခုလောလောဆယ် မြန်မာစစ်တပ်နှင့် တွဲတိုက်နေသော DKBA တပ်ဖွဲ့အင်အားမှာ ၆၀၀ ရှိသည်ဟု မြန်မာနိုင်ငံတွင်းရှိ ကရင် သတင်းရပ်ကွက်များက ပြောသည်။KNLA ကို အခြေပြုတ်သွားအောင် နှစ်ဖက်ညှပ်တိုက်ဖို့ သူတို့ ရည်ရွယ်တာ ဟု အမည်မဖော်လိုသူ ထိုင်းစစ်ထောက်လှမ်းရေး အရာရှိတဦးက ပြောသည်။ ဒီတိုက်ပွဲထဲမှာ ဝင်တိုက်နေတာ မြန်မာစစ်တပ်က တပ်ရင်း ၆ ရင်း ရှိတယ်။ အင်အား ၂၀၀၀ လောက်က တဝက်စီခွဲပြီး တပ်မဟာ ၇ နယ်မြေရဲ့ မြောက်ဘက်စွန်းနဲ့ တောင်ဘက်စွန်းကနေ တိုက်နေတာ ဟု သူက ဆိုသည်။

ဒါပေမဲ့ အင်အား ၉၀၀ ရှိတဲ့ DKBA တပ်ဖွဲ့က ဒီတိုက်ပွဲမှာ အခံရဆုံးပဲ။ သူတို့က ရှေ့ကနေ ဦးဆောင်တိုက်ရတာ။ ဗမာစစ်တပ်က တဖက်တချက်က ထောက်ပို့ အကူအညီပဲ ပေးတာ ဟု သူက ဆက်ပြောသည်။

တပ်မဟာ ၇ သည် KNLA ၏ အင်အားအကြီးမားဆုံးနှင့် လေ့ကျင့်မှု အကောင်းဆုံးတပ် ဖြစ်သည်။ ပို၍ အရေးပါသည်မှာ KNLA တောင်ပိုင်းနှင့် မြောက်ပိုင်းတပ်ဖွဲ့များအကြား ရှည်လျား၍ မဟာဗျူဟာကျသော နယ်မြေကို ထိန်းထားသည့် တပ်ဖြစ်နေခြင်း ဖြစ်သည်။

ယခု သူတို့ဆုတ်ခွာသွားရလျှင် အခြား ကရင်အမာခံနယ်မြေ နှစ်ခုမှာ တသီးတခြားစီ အဖြတ်ခံထားလိုက်ရမည်ဖြစ်ပြီး အလွယ်တကူ အဝိုင်းခံရမည့် အန္တရာယ်ရှိနေသည်ဟု ဒေသတွင်းရှိ စစ်ရေးလေ့လာသူများက ပြောသည်။KNU သည် လွတ်လပ်ရေးအတွက် မြန်မာနိုင်ငံအရှေ့ဘက် တောင်ကုန်းများပေါ်တွင် တိုက်ခိုက်နေသော အဖွဲ့ဖြစ်ပြီး ကမ္ဘာ့သက်တမ်းအရှည်ဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုရသေးသည့် လက်တဆုပ်စာမျှသာ ကျန်သော လက်နက်ကိုင်တပ်ဖွဲ့များအနက် တခုဖြစ်သည်။

စစ်အစိုးရက DKBA ရဲ့ အကူအညီနဲ့ နယ်စပ်တလျှောက်ကို KNU လက်ထဲကနေ လုယူပြီး ထိန်းချုပ်နိုင်တော့မှာက သံသယ ဖြစ်စရာ မရှိပါဘူး ဟု မြန်မာ့စစ်ရေးကျွမ်းကျင်သူ ဦးဝင်းမင်းက ပြောသည်။ဤသို့ KNLA ကို တိုက်ခိုက်သည့် စစ်ရေးလှုပ်ရှားမှုအသစ်များ ဖြစ်ပေါ်လာရခြင်းသည် စစ်အစိုးရက နောက်နှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲများကြောင့်နှင့် နယ်စပ်တလျှောက် ထားရှိမည့် နယ်ခြားစောင့်တပ်ဖွဲ့များကြောင့် ဖြစ်သည်။ အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့များကို စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် တိုင်းရင်းသား အပစ်ရပ်အဖွဲ့များကို လက်နက်ဖြုတ်ပြီး ဖွဲ့စည်းမည် ဖြစ်သည်။

သို့သော် စစ်အစိုးရ၏ အစီအစဉ်ကို တိုင်းရင်းသားအဖွဲ့ အများစုက ပယ်ချထားကြပြီး၊ DKBA ကမူ ထိုသို့ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရန် မူအားဖြင့် သဘောတူထားပြီးဖြစ်သည်။ KNLA လှုပ်ရှားနယ်မြေဖြစ်သော ထိုင်းနယ်စပ်တလျှောက် တပ်စခန်း ၁၀၀ အနက် ၃၀ ခန့်ကို မြန်မာစစ်တပ်က DKBA သို့ လွှဲမပေးမီ လွန်ခဲ့သော လအနည်းငယ်အတွင်း ပိတ်ပစ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းဖြင့် မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေသော ဖရီးဘားမားရိန်းဂျားအဖွဲ့က ပြောသည်။

သူတို့က KNU ကို အပြတ်ရှင်းပစ်ချင်တာ။ ဘာလို့လဲဆိုတော့ ကျနော်တို့က ကရင်တွေအားလုံး ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ပြောတာကိုး ဟု သာကပေါက ခန့်မှန်းပြောဆိုသည်။ သူတို့ မလိုချင်ဆုံးက တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံး ကျနော်တို့ ခေါင်းဆောင်မှုနောက်ကို ပါသွားမှာကိုပဲ ဟု သူက ဆိုသည်။

နောက် ရက်အနည်းငယ်အတွင်း မြန်မာစစ်တပ်က သူတို့၏ စစ်ဆင်ရေးကို အရှိန်မြှင့် ပြုလုပ်လာနိုင်သဖြင့် မြန်မာနိုင်ငံ နယ်စပ်တလျှောက်ရှိ ကျေးရွာသားများမှာ နောက်ထပ်စစ်ပွဲများ ဖြစ်လာမှာကိုနှင့် အမြောက်ကျည်များ ကျလာမည့်အရေး ပူပန်နေကြရသည်။တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျှင် ကရင်ဒုက္ခသည်များ လုံခြုံရာထိုင်းဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံလာရမည်မှာ သေချာပေါက်ပင် ဖြစ်သည်။ ယခုထိ စစ်ဆင်ရေးနယ်မြေအတွင်းရှိ ကျေးရွာပေါင်း ၇ ရွာမှ ဒုက္ခသည်များ ထွက်ပြေး ခိုလှုံလာခဲ့ပြီး ဖြစ်သည်။ သို့သော် လက်ရှိ တိုက်ခိုက်မှုများအတွင်း ကျရောက်၍ ဘေးအန္တရာယ် ရှိနေသော ကျေးရွာပေါင်းမှာ ၄၀ ကျော် ရှိသည်။တိုက်ပွဲတွေသာ ဆက်ဖြစ်ရင် အနည်းဆုံး ရွာသား ၈၀၀၀ ကျော် နယ်စပ်ဖြတ်ပြီး ပြေးလာရဦးမှာပဲ။ ဒါမှမဟုတ်ရင် စစ်သားတွေလက်ထဲမှာ သေမှာပဲ ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

KNU တပ်မဟာ (၇) ဌာနချုပ် သိမ်းပိုက်ခံရ[ပြင်ဆင်ရန်]

စစ်အစိုးရ တပ်ဖွဲ့နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၏ အဓိက တပ်စခန်းဖြစ်သော တပ်မဟာ(၇) ဌာနချုပ်ကို ဇွန်လ ၂၁ ရက်နေ့က သိမ်းပိုက်လိုက် ကြောင်း သိရသည်။အဆိုပါ ပူးပေါင်းတပ်များက ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ KNLA တပ်မဟာ (၇) ဌာနချုပ် ကို ပြီးခဲ့သည့် ဇွန်လ ၁၇ ၊ ၁၈ ရက်များကတည်းက စတင်၍ ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက် နေခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု KNU တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေ ကပြောသည်။

ယခုအခါ KNLA တပ်မဟာ (၇) တွင် တပ်စခန်း တခုတည်းသာ ကျန်ရှိတော့ကြောင်းနှင့် KNLA တပ်များအနေနှင့် ပြောက်ကျား စစ်ဆင်ရေး နည်းကို ကျင့်သုံးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။ ဇွန်လ ၁၉ ရက်နေ့က တပ်မဟာ (၇) ဌာနချုပ်ကို စတင်တိုက်ခိုက်သည့် တိုက်ပွဲတွင် DKBA ဘက်က ၇ ဦးခန့် ကျဆုံးမှုရှိခဲ့သည်ဟုလည်း ဗိုလ်မှူး စောလှငွေ က ဆိုသည်။ထို့အပြင် KNLA တပ်ရင်း ၂၁ ၊ ၂၂ နှင့် ၁၀၁ တပ်စခန်းများ ကျဆုံးခဲ့ရပြီး တပ်ရင်း ၂၀၂ ၏ တပ်စခန်း တချို့ကို ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။ယင်း KNLA တပ်မဟာ (၇) ကျဆုံးခြင်းအတွက် ထိုင်းမြန်မာ နယ်စပ်မြို့ မဲဆောက်တွင် အခြေစိုက်ထားသော မြန်မာအတိုက်အခံအဖွဲ့များ၏ ရပ်တည်ရေးကို ထိခိုက်နိုင်သည်ဟုလည်း ဗိုလ်မှူး စောလှငွေ က ပြောပြသည်။

ကိုးကား[ပြင်ဆင်ရန်]

  • ခိုင်မာကျော်ဇော စုစည်းတင်ပြသည့် ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ
  • သနူထူဂျာနယ်များ
  • နိုင်ငံသစ်စာစောင်များ
  • ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
  • မြတ်ထန်၏ တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန်
  • ဗိုလ်မှူးကြီးဟောင်းတင်မောင်၏ မုန်တိုင်းလွန်သော်
  • ဇင် - ချစ် နောက်ဆုံးနေ့
  • စောဘိုမြ၏ ဗိုလ်ချုပ်မြ
  • ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး
  • တင်မောင်သန်း၏ သခင့်နိုင်ငံတော်
  • သရာသာထို၏ ကရင်နှင့်နိုင်ငံရေးပြဿနာ
  • NDD သုတေသနနှင့် မှတ်တမ်းတင်ဌာနမှ ထုတ်ဝေသည့် မြန်မာပြည် ရွေးကောက်ပွဲများနှင့် ပြည်သူတို့၏ နိုင်ငံရေးအရပါဝင်မှု