ဂန့်ဂေါမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဂန့်ဂေါမြို့
မြန်မာနိုင်ငံရှိ မြို့များ
ဂန့်ဂေါမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဂန့်ဂေါမြို့
ဂန့်ဂေါမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 22°9′50″N 94°7′27″E / 22.16389°N 94.12417°E / 22.16389; 94.12417ကိုဩဒိနိတ်: 22°9′50″N 94°7′27″E / 22.16389°N 94.12417°E / 22.16389; 94.12417
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး
ခရိုင် ဂန့်ဂေါ
မြို့နယ်ရုံးစိုက်ရာမြို့ ဂန့်ဂေါမြို့
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ဂန့်ဂေါမြို့ သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်၊ နှင့် ဂန့်ဂေါမြို့နယ်တို့၏ ရုံးစိုက်ရာ မြို့ဖြစ်သည်။ ဂန့်ဂေါနယ်မှာ ပခုက္ကူခရိုင်၏ အနောက် မြောက်ဘက်နယ်ဖြစ်၍ အရှေ့ဘက်၌ပုံတောင်၊ အနောက်ဘက်၌ ချင်းတောင်တို့၏ စပ်ကြားတွင် တည်ရှိသော ကျဉ်းမြောင်းရှည်လျားသည့် မြေနိမ့်ဒေသကလေးမျှသာ ဖြစ်သည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၆၉၈ စတုရန်းမိုင်မျှ ဖြစ်လေသည်။ မြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၃,၃၉၃ ဦး [၁] ဖြစ်သည်။ မြို့နယ်အတွင်း၌ ယောလူမျိုးအများ နေထိုင်သည်။

ဂန့်ဂေါမြို့သည် မြစ်သာမြစ်၏ လက်ျာဖက်ကမ်းတွင် တည်ရှိသည်။ ထီးလင်းမြို့မှ ကလေးမြို့သို့သွားသော နွေရာသီ ကားလမ်းသည် ဂန့်ဂေါမြို့ကိုဖြတ်လျက် ရှိ၏။ စွယ်တော်ရှင် စေတီသည် ဂန့်ဂေါမြို့ရှိ တန်ခိုးကြီးစေတီတော် ဖြစ်သည်။ မြို့နယ်တစ်ခုလုံးသည် ရေအလို့ငှာ မြစ်သာမြစ်ကို အားကိုးရသည်။ ဂန့်ဂေါမြို့တွင် ပိုးထည်လုပ်ငန်း အတော်အတန် ထွန်းကားသည်။ လေကြောင်းခရီးလမ်း ဖွင့်လှစ်ထား၍ ပခုက္ကူ မှတစ်ဆင့် အပတ်စဉ် ရန်ကုန်နှင့် အဆက်အသွယ်ရှိသည်။ [၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဂန့်ဂေါမြို့ကို ၁၂၄၆ ခုနှစ်တွင် မစ္ဆဂီရိ ပုန်ကန်မှုကို သွားရောက်နှိမ်နင်းစဉ် အရေးနိမ့်ခဲ့ရသော နယ်နှင်ဒဏ်ခံ ဗိုလ်မှူးတပ်မှူးများက စတင်တည်ထောင်သည်ဟု ဆိုသည်။ တည်စက ကံ့ကော်အမည်ရှိ ကျေးရွာကလေး တရွာမျှသာ ဖြစ်၍၊ တစတစ တွင်ကျယ်လာပြီးနောက် ဂန့်ဂေါမြို့ဟူ၍ ဖြစ်လာသည်။

အစောပိုင်းကာလ ဂန့်ဂေါမြို့ဟောင်း ပျက်သုဉ်းပုံက ဒဏ္ဍာရီဆန်လှပြီး၊ ထန်းပင်လုံးခန့်ရှိသော ‌မြွေကြီး အန္တရာယ်နှင့် ကြုံတွေ့ခဲ့၍ ဖြစ်ကြောင်း၊ ၁၉၅၉ ခုက ဂန့်ဂေါမြောက်ကုန်းနှင့် မင်းရွာအနီးတွင် တွေ့ရသော ၁၈ ပေ အရိုးစုမှာ ယင်းမြွေကြီးများ၏ အရိုးများ ဖြစ်နိုင်ကြောင်း ဆိုကြသည်။

မြန်မာမင်းများလက်ထက်တွင် ဂန့်ဂေါ၌ မြို့သူကြီး ထားရှိ အုပ်ချုပ်သည်။ အစောဆုံးအမည်သိရသူ မြို့သူကြီးမှာ ဦးမင်းကောင်း ဖြစ်သည်။ ဂန့်ဂေါမြို့သူကြီး ဦးမင်းကောင်းသည် ၁၉၅၁ တွင် ရှမ်းပြည်နယ်သို့ စစ်ချီစဉ် လိုက်ပါ အမှုထမ်းသည်။ ကုန်းဘောင်ခေတ်ဦးကာလတွင် ဂန့်ဂေါမြို့သူကြီးအဖြစ် ဦးလွန်းကျော်က စီရင်ရကြောင်း သိရသည်။ ၎င်းသည် ဘိုးတော်ဘုရားလက်ထက် ၁၈၀၅ ခုတွင် မြို့သူကြီး ရာထူးဖြင့် အုပ်ချုပ်စီရင်နေဆဲ ဖြစ်သည်။ သူ့ရာထူးကို ဦးပေါ်ဦး ဆက်ခံဟန် တူသည်။ မြို့သူကြီး ဦးပေါ်ဦးသည် ဘကြီးတော် လက်ထက် ၁၈၂၁ တွင် မဏိပူရသို့ စစ်ချီစဉ် လိုက်ပါ စစ်မှုထမ်းသည်။ ကုန်းဘောင်ခေတ်တွင် ဂန့်ဂေါမြို့သူကြီး ရာထူး မှေးမှိန်သွားပုံ ပေါ်သည်။ သီပေါမင်းလက်ထက် ၁၈ ရက်၊ မေ ၁၈၈၃ တွင် နာခံတော် ဦးရွှေဂေါင်အား ‌ဂန့်ဂေါနယ်ကို ပေးအပ်သည်။ ဦးရွှေဂေါင်က သူ၏ ပိုင်နက်နယ်မြေကို မြေပုံရေးဆွဲ မှတ်တမ်းတင်ခဲ့ရာ ယခုအခါ ယင်းမြေပုံသည် ဂျာမနီဟမ်းဘတ်မြို့ ပြတိုက်၌ ရှိနေသည်ဟု သိရသည်။ မြေပုံမှာ ၁၉၀×၈၀ စင်တီမီတာ အရွယ် ရှိကာ ပိတ်ဖျင်ထက်၌ ဆေးရောင်စုံ ရေးဆွဲထားသည်။

ဂန့်ဂေါမြို့ကို မြန်မာပြည်၌ ပြောင်းပြန်စီးသော မြစ်သာမြစ်က အလည်တည့်တည့်မှ ဖြတ်သန်းသွားရာ ယခင်က အရှေ့ဂန့်ဂေါ၊ အနောက်ဂန့်ဂေါ စသည်ဖြင့် ခေါ်သည်။ နောက်တွင် မြစ်သာမြစ်ကို ကြိုးတံတားဖြင့် ဖြတ်ကာ အရှေ့အနောက် ပေါင်းစည်းခဲ့သည်။[၃]

အထင်ကရပုဂ္ဂိုလ်[ပြင်ဆင်ရန်]

  • စာပေဗိမာန်စာပေဆုရ ဦးကြာထွန်း
  • ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသ (လက်ပံရွာ)
  • ဒေါက်တာတင်သိန်း (ဘူမိဗေဒ)[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၇။ 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  3. ၃.၀ ၃.၁ တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၁၃၉။