မဂဒူး မင်းဆက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အေဒီ (၁၁) ရာစုတွင် သုဝဏ္ဏဘူမိ ခေါ် သထုံမြို့ကို ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးက တိုက်ခိုက်ပြီးသည့်နောက်တွင် အောက်မြန်မာနိုင်ငံရှိ မွန်တို့မှာ တစ်ထီးတစ်နန်း နေထိုင်နိုင်သည့် အဆင့်မှ လျောကျခဲ့ရသည်။ ထို့အတူပြင် ယနေ့ ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာလည်း မြောက်ဖက်မှ အလုံးအရင်း ဆင်းသက်လာကြသည့် ရှမ်း-ထိုင်း(တိုင်)အနွယ်တို့၏ နယ်ချဲ့မှုကို ခံရပြီး အေဒီ (၁၂) ရာစုအတွင်းတွင် အပြီးတိုင် ပြိုလဲရပြန်သည်။ ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘဝရောက်နေရာမှ ပုဂံအင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူးကိုအစွဲပြုကာ ၎င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟု၎င်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟု၎င်း ခေါ်ဝေါ်ကြသည်။ မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိ မင်းပြုကြသည်။ ပထမ မင်း (၇) ဆက်တိုင်မူလဖြစ်သည့် မုတ္တမမြို့တွင်သာ အစဉ်အဆက် မင်းပြုကာ ထီးနန်းစိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ဥလို၊အဲဗြပန်ု နှင့် ဗြတ်ထဗ ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမမှ ဒုန်ဝန်း(ယခု ဝန်မြို့)သို့ ပြောင်းရွှေ့စိုးစံရသည်။ သို့သော် ဝန်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှုံးပြန်သဖြင့် ဟံသာဝတီ(ပဲခူးမြို့)သို့ ပြောင်းရွှေ့ရပြန်သည်။ ထို ဆင်ဖြူရှင် ဗညားဦးနောက် နန်းတက်သည့် ဗညားနွဲ့ (ခေါ်) ရာဇာဓိရာဇ် လက်ထက်တွင် မဂဒူးမင်းဆက်၏ အထွန်းတောက်ဆုံး အချိန်ဖြစ်သကဲ့သို့ မွန်တို့အင်အား ကြီးမားလာခဲ့သည်။ ရာဇာဓိရာဇ်သည် ထိုစဉ်က အင်းဝတွင် ထီးနန်းစိုးစံကြသည့် မင်းကြီးစွာ၊ ၎င်း၏သားတော်များ ဖြစ်သည့် ဆင်ဖြူရှင် နှင့် မင်းခေါင်(ငယ်အမည် မင်းဆွေ)တို့နှင့် စစ်ပြိုင်ပြုကာ ရာဇဝင်တွင် ထင်ရှားလှသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကြီးကို တိုက်ခိုက်ခဲ့ကြသည်။ ၁၈ ဆက်မြှောက်ဖြစ်သည့် သုရှင်တကာရွတ်ပိမင်း လက်ထက်အရောက်တွင်မူ တောင်ငူမှ အင်အားကြီးမားလာသည့် တပင်ရွှေထီး၏အင်အားကိုမခံနိုင်ပဲ ကျဆုံးကာ မွန်တို့၏ မဂဒူးမင်းဆက်လည်း ပျက်သုဉ်းသွားခဲ့ရသည်။

မဂဒူးမင်းဆက် ၁၈ ဆက်[ပြင်ဆင်ရန်]

  1. ဝါရီရူး(ခေါ်)မဂဒူး(ခေါ်)ဗညားဝါရူး ၁၂၈၇-၁၂၉၆)
  2. ခွန်လော(ခေါ်)မဂဒါ(ခေါ်)စောရမ်းပရကွတ်(၁၂၉၆-၁၃၁၀)
  3. စောသင်မောင်(ခေါ်)စောအော(၁၃၁၀-၁၃၂၄)
  4. စောဇိတ်(ခေါ်)ဗညားရံဒယ်(၁၃၂၄-၁၃၃၁)
  5. ဇိတ်ပွန်(၇ ရက်)
  6. စောအဲကံကောင်း(၄၉ ရက်)
  7. ဗညားအဲလော(၁၃၃၁-၁၃၄၈)
  8. ဗညားဦး(ခေါ်)ဆင်ဖြူရှင်ဗညားဦး(၁၃၄၈-၁၃၈၃)
  9. ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁)
  10. ဗညားဓမ္မရာဇာ(ခေါ်)ဗညားကျန်းမင်း(၁၄၂၃-၁၄၂၆)
  11. ပထမဗညားရံ(၁၄၂၆-၁၄၄၆)
  12. ဗညားဗရူး(၁၄၄၆-၁၄၅၀)
  13. ဗညားကျန်းထော(၁၄၅၀-၁၄၅၃)
  14. လိပ်မွတ်ထော(၇ လ)
  15. ရှင်စောပု(ခေါ်)ဗညားထောဝ်(ခေါ်)ဝိဟာရဒေဝီ(၁၄၅၃-၁၄၇၂)
  16. ဓမ္မစေတီ(၁၄၇၂-၁၄၉၂)
  17. ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆)
  18. သုရှင်တကာရွတ်ပိ(၁၅၂၆-၁၅၃၉)
  • ထို့ပြင် မဂဒူးမင်းဆက်ဟု ဟူဆလျှင်လည်းရနိုင်သည့် မင်းနှစ်ပါးရှိသေးသည်။ ၎င်းတို့မှာ ဟံသာဝတီကို သိမ်းပိုက်ထားသည့် တောင်ငူဘုရင် တပင်ရွှေထီး အားလုပ်ကြံပြီး နန်းတက်သည့် သမိန်စက္ကဝေါ ဘွဲ့ခံ သမိန်စောထွတ် နှင့် ဒုတိယဗညားရံ မင်း၏သား အိမ်နှိမ့်စံဘဝမှ တပင်ရွှေထီးအားပုန်ကန်ပြီး သမိန်စောထွတ် ကိုပါ လုပ်ကြံ နန်းတက်သည့် သမိန်ထောရာမ တို့ဖြစ်သည်။သမိန်ထောရာမ မှာ ဘုရင့်နောင် တိုက်သဖြင့် ရှုံးကာပြေးရပြီး နောင်တွင် အရှင်မိသဖြင့် ကွပ်မျက်ခံရသည်။